Showing posts with label မိမိအကြိုက်. Show all posts
Showing posts with label မိမိအကြိုက်. Show all posts

Wednesday, July 30, 2008

အထက်မြက်ဆုံး လက်နက်

29-08-2008


John Calvin Coolidge သည် ၁၉၂၃ ခုနှစ်တွင် အမေရိကန် သမတ္တ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်။ သူ၏ အတွင်းရေးမှူးမလေးမှာ အလွန်လှပသည် သို့သော် အလုပ်လုပ်ရာတွင် အမြဲမှားယွင်းနေသည်ကို သူ သတိပြုခဲ့မိသည်။ နံနက်ခင်းတခုတွင် အတွင်းရေးမှူးမလေးကို တွေ့သောအခါ Coolidgeက “ဒီနေ့ဝတ်စုံနဲ့ ခင်ဗျားအရမ်းလှတယ်။ ငယ်ရွယ်တဲ့ ခင်ဗျားနဲ့လဲ လိုက်ဖက်တယ်” ထိုသို့ ချီးမွမ်းသံ ကြားသောအခါ သူမ၀မ်းသာသွားသည်။ Coolidge ကဆက်၍ “ဒါပေမယ့် ဂုဏ်ယူမနေနဲ့ဦး ရုံးကိစ္စတွေလုပ်တဲ့ အချိန်မှာလဲ ခင်ဗျားလို လှပသေသပ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်”

ထိုနေ့မှစ၍ သူမသည် အမှားအယွင်းနည်းလာသည်။ Coolidge၏ မိတ်ဆွေတစ်ဦးက သိသောအခါ “ခင်ဗျားနည်း တော်တော်ကောင်းတယ်။ ဘယ်လိုလုပ်စဉ်းစားမိသလဲ” ဟု သိလိုစွာမေးခဲ့သည်။ Coolidgeက “ဒါကတော့ လွယ်ပါတယ်။ ဆံသဆိုင်မှာ ဆံပင်ညုပ်ဆရာက လူတွေကို ပါးသိုင်းမွေးမရိတ်ပေးခင် ဆပ်ပြာရည် အရင်လိမ်းပေးပြီးမှ ရိတ်တာ ခင်ဗျား တွေ့ဖူးတယ်မဟုတ်လား။ ဘာကြောင့်လဲ သိလား။ အရိတ်ခံရတဲ့လူ မနာအောင်လို့ပေါ့”

Coolidgeလဲ ဆပ်ပြာရည်လိမ်းနည်းဖြင့် ကိုယ်ရည်ရွယ်ချက်ကို ရောက်အောင်လုပ်နိုင်ခဲ့သည်။ တခါက နယူးယောက်ရှိ ဟိုတယ် တခု၏ ခန်းမကြီးကို Coolidge ငှားရမ်းခဲ့သည်။ ထိုခန်းမတွင် တစ်လသာ သင်တန်းပေးရန်ဖြစ်သည်။ သို့နှင့် လက်မှတ်များ လက်ကမ်းစာစောင် ကြော်ညာများ ဝေအပြီးတွင် ခန်းမ ငှားခကို ယခင်ငှားခထက် (၃)ဆပိုပေးရမည်ဟု ဟိုတယ်မှ အကြောင်းကြားစာကို ရရှိခဲ့သည်။ Coolidge က ထိုဈေးကို မပေးချင်ခဲ့ပေ။ (၂)ရက် ကြာသော် ဟိုတယ်၏ မန်နေဂျာအား တိုက်ရိုက်သွားရောက် တွေ့ဆုံခဲ့သည်။

“ခင်ဗျားရဲ့ အကြောင်းကြားစာကို ရတယ်။ ကျွန်တော် တော်တော် အံ့သြသွားတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ကျွန်တော် အဆိုးမဆိုပါဘူး။ ခင်ဗျားနေရာမှာ ကျွန်တော်ဆိုရင်လဲ ဒီလိုပဲ လုပ်ဖြစ်မှာပဲ။ ခင်ဗျားဟာ မန်နေဂျာပါ။ ဟိုတယ်ရဲ့ အကျိုးကို ခင်ဗျားလိုလားတယ်။ နို့မဟုတ်ရင် ခင်ဗျားကို အလုပ်ထုတ်ပစ် နိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ခင်ဗျားတို့အတွက် အကျိုးဖြစ်ထွန်းတာနဲ့ အကျိုးမဲ့တာကို ကျွန်တော် ရေးခဲ့ပါရစေ” ထိုသို့ပြောပြီး စာရွက်တရွက်ကို ပေါ်တွင် အကျိုးနှင့် အပြစ်ကို ခွဲပြီး ရေးလိုက်သည်။ “အကျိုး”၏အောက်တွင် အောက်ပါအတိုင်း ချရေးလိုက်သည်။

(၁) ခန်းမကြီးကို ဒီတိုင်းအလွတ်ထားမယ် ဒါမှမဟုတ် တခြားအတွက် အသုံးပြုမယ်။
(၂) အစည်းအဝေး လုပ်မဲ့သူ၊ ပါတီ လုပ်မဲ့သူတွေကို ဌားရမ်းမယ်။ အဲဒီငွေက ကျွန်တော့်တစ်လ ငှားခ ထက်ပိုရမယ်။
(၃)တစ်လလုံးလုံး ကျွန်တော်တို့ သုံးနေတဲ့အတွက် ခင်ဗျားတို့ အတွက် ဆုံးရှုံးနစ်နာမှု ပိုများမယ်။

ထိုနောက် အပြစ်၏ အောက်တွင်
(၁) ခင်ဗျားတို့ တောင်းသလောက် ကျွန်တော်မတတ်နိုင်တော့ ကျွန်တော်နေရာပြောင်းမယ်။ ဒီဝင်ငွေကို ခင်ဗျားတို့ ဆုံးရှုံးမယ်။
(၂) ကျွန်တော်ရဲ့ သင်တန်းကို ပညာတတ် လူတန်းစားတွေ လာကြမယ်။ အဲဒီတော့ ဟိုတယ်ကို ကြော်ငြာတဲ့ အခွင့်အရေးကို ခင်ဗျားတို့ဆုံးရှုံးမယ်။
(၃)ခင်ဗျားတို့ ငွေ၁သောင်းအကုန်ခံပြီး သတင်းစာမှာ ကြော်ငြာတယ်။ ဒါတောင်ကျွန်တော့် သင်တန်းသားတွေလောက် လာရောက်လည်ပတ်တဲ့လူ ရှိမှာမဟုတ်ဘူး။ ဒါတွေဟာ ခင်ဗျားတို့အတွက် တန်ဖိုးမရှိဘူးလား။ သေချာစဉ်းစားပြီး ကျွန်တော့်ကို အမြန်ဆုံး အကြောင်းပြန်ပါ။

ပြောပြောဆိုဆို စာရွက်ကို မန်နေဂျာအားပေးပြီး လှည့်ထွက်လာခဲ့သည်။ နောက်တရက်တွင် ဟိုတယ်မှ အကြောင်းကြားစာကို လက်ခံရရှိခဲ့ပြန်သည်။ ဌားရမ်းခမှာ (၃)ဆ မဟုတ်တော့ဘဲ။ ယခင်ဈေး၏၅၀% သာတိုးခဲ့သည်။

လောကတွင် လူအမျိုးမျိုး စိတ်အဖုံဖုံ၊ အရာဝတ္ထုများသည်လည်း အရောင်စုံ ပုံစံစုံသည်။ လူတစ်ယောက်သည် အခြားတစ်ယောက်နှင့် ဘယ်တော့မှ ပဋိပက္ခ မဖြစ်ချင်ဆိုသည်မှာ မဖြစ်နိုင်။ ဖြေရှင်းပုံမှာလဲ လူနှင့်လိုက်ပြီး ကွဲပြားသည်။ တစ်ချို့လူမှာ ကိုယ့်ဆုံးဖြတ်ချက် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တစ်ဖက်လူ၏ သဘောဟု ဆိုကာ နောက်ဆုတ် အလျှော့ပေးတတ်သည်။ ထိုသို့သောလူမှာ သီးသန့် ကိုယ်ပိုင်လက္ခဏမရှိ အလုပ်လုပ်ရာတွင် အောင်မြင်ဖို့ ခက်တတ်သည်။ တစ်ချို့လူမှာ မိမိပြောချင်တာကိုပြောမည်၊ လုပ်ချင်တာကို လုပ်မည် နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက် အကျိုးယုတ်စေမည်။ တချို့လူမှာ Calvin Coolidge ကဲ့သို့ “ဆပ်ပြာရည်” နည်းကို အသုံးပြုပြီး ကိုယ့်အတွက်လည်း မဆုတ်ယုတ်အောင် တစ်ခြားလူအတွက်လည်း မနစ်နာအောင် အကျိုးရှိမည့် နည်းကို အသုံးပြုကြသည်။

လောကတွင် အထက်မြက်ဆုံး လက်နက်မှာ ဓား၊ သေနတ်မဟုတ်။ တခြားလူက ကိုယ့်အပေါ် နားလည်မှုနှင့် နှစ်သက် ကျေနပ်မှုသာ ဖြစ်သည်။ ဤနည်းမှာ တခြားလူအပေါ် မိမိ၏ မကျေနပ်မှုများကို ဆပ်ပြာရည် သုတ်လိမ်းပေးပြီး နှစ်ဦးနှစ်ဖက် ကျေနပ်မှုများ ရယူကာ တိုးတက်ကြီးပွားစေသော အကောင်းဆုံး အဆီအနှစ်ပင်ဖြစ်သည်။

Biography of John Calvin Coolidge
မှုရင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

ရေးသားသူ....... နိုင်းနိုင်းစနေ

Thursday, July 17, 2008

သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်ခါကို လ၀ါဆို




၁၇. ၀၇. ၂၀၀၈ နေ့သည် ၀ါဆိုလပြည့်နေ့ဖြစ်ပါသည်။
ဝါဆိုလပြည့်နေသည် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။
ဘုရားအလောင်းတော်မြတ် သန္ဓေယူသောနေ့၊ ဘုရားအလောင်းတော် တောထွက်တော်မူသည့်နေ့၊
ဓမ္မစကြာတရားဦး ဟောကြားတော်မူသည့်နေ့တို့မှာ ၀ါဆိုလပြည့်နေ့ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ထိုကြောင့် ရှေးမြန်မာကြီးတို့က သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်ခါကို လ၀ါဆို။ ဟူ၍မှတ်တမ်း
တင်ခဲ့ကြခြင်းဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ဗုဒ္ဓဘာသာနွယ်ဝင်မြန်မာလူမျိုးတို့မှာ ဥပုသ်သီလဆောက်
တည်ခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ အလှုအတန်းပြုလုပ်ခြင်း၊ ၀ါဆိုသင်္ကန်း ၀ါဆိုပန်းကပ်လှူ
ပူဇော်ခြင်း စသောကုသိုလ်ကောင်းမူများကိုပြုလုပ်လေ့ရှိကြပါသည်။
မြတ် စွာဘုရားရှင်၏ ဖြစ်တော်စဉ်များနှင့် ဆက်စပ် မူရှိသည့်ဝါဆိုလပြည့်နေ့တွင် မြန်မာပြည်သူ ပြည်သားများအားလုံး ရောက်ရာအရပ် ကနေ အကုသိုလ်အမူများကို ရှောင်ရှားနိုင်ကြပြီး။ ကုသိုလ်ကောင်းမူများကို
တိုးပွားအောင်အားထုတ်နိုင်ကြပါစေ၊စိတ်ကောင်းမွေးနိုင်ကြပြီး အမျိုး ဘာသာ သာသနာတော်အကျိုး
ကိုဆထက်ထမ်းပိုး ရွက်ဆောင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ၀ါဆိုလပြည့်နေ့၌ သီလဆောက်တည်ခြင်း ဒါနပြုလုပ်ခြင်း တရားဘာဝနာပွားများအားထုတ်၍ ကုသိုလ်ယူခြင်း စသောကောင်းမူများကိုပြုလုပ်ကြရန် ပန်ကြားအပ်ပါသည်။

လယ်တီဆရာတော်ကြီး ရေးစပ်တော်မူခဲ့သော ကဗျာစုများ…..

သန္ဓေယူသောနေ့
သုံးလူရှင်ပင်၊ ကျွန်ထိပ်တင်၊ သောင်းခွင်းစကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂို၊ ရွန်းရွန်းစိုသည့်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ၀ယ်၊
ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်၊နတ်လူငြိမ်းဖို့ကိန်းပါကို။

တောထွက်သောနေ့
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနှနယ်၌၊ သုံးသွယ်ရွေ္ဌနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွေ္ဌစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊
တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။ ။

ဓမ္မစကြာ တရားဦးဟောသောနေ့
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွေ္ဌဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂွီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊
ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်ရွမ်းတယ်ကို။

Tuesday, June 17, 2008

ကော်ဖီ အသုံးဝင်ပုံ



ကော်ဖီကို လူတိုင်းနီးပါး ကြိုက်ကြမယ်၊ သောက်ကြမယ် ထင်တယ်။ ကော်ဖီခါးခါးကို လူ့ဘ၀ ဒါမှမဟုတ် အချစ်နဲ့ နှိုင်းယှဉ်ပြီး လူတွေက ကဗျာတွေ စပ်ကြတယ်။ ၀တ္ထုတွေ ရေးကြတယ်။ အလှော်ခံ၊ အမှုန့်ကြိတ်ခံရပြီး ရေနွေးပူပူ လောင်းထည့်လိုက်မှ သင်းကြိုင်တဲ့ ရနံ့ထွက်လာတဲ့ ကော်ဖီကို လူ့ဘ၀အတွက် သင်္ခန်းစာအဖြင့် ဥပမာပေးကြတယ်။ အခုလည်း ဖတ်ဖူးတဲ့ ကော်ဖီနဲ့ ကော်ဖီမှုန့်ရဲ့ အသုံးဝင်ပုံတစ်ချို့ကို မျှဝေလိုက်ပါတယ်။

(၁) အာရုံစုစည်းမှု မရှိတဲ့အခါ ကော်ဖီတစ်ခွက်ကို သောက်လိုက်ရင် ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေနိုင်တဲ့အပြင် ကော်ဖီနံ့ကို ရှုရှိုက်ခြင်းဖြင့် လီမွန်၃ဆရှိတဲ့ ဗီတာမင်စီကို ရနိုင်တယ်။

(၂) ကြက်သွန်ဖြူ စားပြီး ပါးစပ်မှာ စွဲကျန်ခဲ့တဲ့ အနံ့ကို ကော်ဖီသောက်ခြင်းဖြင့် ပျောက်စေနိုင်တယ်။

(၃) ကော်ဖီသောက်ခြင်းဖြင့် စိတ်ဖိအားတွေကို လျှော့ကျစေနိုင်သလို စိတ်ကိုလည်း လန်းဆန်းတက်ကြွစေတယ်။ ၀မ်းချုပ်နေသူများ မနက်စောစော ကော်ဖီသောက်ရင် ၅ မိနစ်မှ ၁၀မိနစ်အတွင်း ၀မ်းသွားပါတယ်။

(၄) ကော်ဖီစေ့က မြေကြီးထဲက ရေငွေ့ကို အလွယ်တကူ စုပ်ယူနိုင်တာကြောင့် ၀ယ်လာတဲ့ ကော်ဖီစေ့တွေကို ကြမ်းပြင်ပေါ်မှာ ချမထားဘဲ လေလုံတဲ့ ပုလင်းထဲ ထည့်သိမ်းထားတာ အကောင်းဆုံးပါ။ သိမ်းရာမှာလည်း ပုလင်းကို မကြာခဏ လှုပ်ပေးရပါမယ်။

(၅) စစ်ပြီးသား ကော်ဖီမှုန့်ကို ဆေးလိပ်ပြာခွက်မှာ ထည့်ပေးရင် အနံ့အသက် ပျောက်ကင်းစေနိုင်သလို မီးလည်း ငြိမ်းလွယ်တယ်။

(၆) ကော်ဖီမှုန့်ကို ရေခဲသေတ္တာထဲမှာ ထည့်ထားပေးရင် အနံ့ဆိုးများကို ပျောက်ကင်းစေနိုင်သလို ဖိနပ်စင်မှာလည်း ထည့်ထားပေးလို့ရတယ်။

(၇) အသုံးကြာတဲ့ အိုးတွေ ဆီနံ့စွဲနေခဲ့ရင် ကော်ဖီမှုန့်အစို (သို့မဟုတ် လက်ဖက်ခြောက်) ကို အိုးထဲထည့်ပြီး ခြောက်တဲ့အထိ လှော်ပေးရင် အနံ့အသက် ပျောက်ကင်းစေနိုင်ပါတယ်။

ရေးသားသူ....... နိုင်းနိုင်းစနေ


Monday, June 16, 2008

သို့. . . . မှ

.အော်...မိန်းမ ဆိုတာကို ကျွန်မ တင်ပြီးနောက် မန္တလေးက သူငယ်ချင်း အဲမိုက သူ ခံစားထားသမျှလေးကို အခုလို ရေးပို့လာခဲ့ပါတယ်။ ဘယ်ကတည်းကအခဲ မကျေထားသလဲတော့ မသိပါဘူး....သဘောကျလို့ မျှဝေလိုက်ပါတယ်။ဖတ်ကြည့်ပြီး အားပေးလိုက်ကြပါဦးလို့...ဟား..ဟား....ကျေးဇူးပါ အဲမို......(ခဲနဲ့ ၀ိုင်းပေါက်နေအုန်းမယ် ဟီး)တစုံတခု မှားယွင်းခဲ့သော် တင်မိသော ကျွန်မနှင့် ရေးမိသော အဲမို သာလျှင်အပြစ်ရှိပါကြောင်း....

လောကကြီးရဲ့ အဆိပ်ရှိသမျှတွေ ထဲမှာက္ကတ္တိယ မိန်းမတွေသာ အဆိပ်အပြင်းဆုံးလို့ ၊၀ါးလုံးရှည်ကြီးနဲ့ လာမနှိပ်နဲ့ ။အခု ကျွန်မရှင်းပြမဲ့ ဝေါဟာရတွေကက္ကတ္တိယတို့ လုံခြုံ အောင် ၊မျက်စိစုံ မှိတ်ပြီး ရှင်းပြရုံလေးတင် မဟုတ်ဘူး။မိန်းမတွေကို .. သုံးစားမရအောင်နီတိထဲမှာတောင်...“ခပ်သိမ်းသောမြစ်တို့ သည်ကောက်ကွေ့၏၊”“မိန်းမတို့သည်လည်း ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုမြဲတည်း”“မိန်းမတို့သည် အစားစားရာ၌ ယောက်ကျားတို့ထက် ၂ ဆသာ၏”“ကာမဂုဏ် အာရုံ၌ မက်မောရာ၌ ယောက်ျကားတို့ထက် ၈ ဆသာ၏”

မေတ္တာမဲ့တဲ့ ကတုံးကြီးနဲ့ ဦးပုညကြီးကလေ“ယောက်ကျားတွေ မရုန်းသာအောင်၊တဏှာဖြင့် ချုပ်တည်း၊ တွေ့ တိုင်းမရှောင်လူကို ထောင်သည့် မညောင်စီး” တဲ့။ရွှေဒုံး ဘီအောင်က ဆို“မိန်းမဆိုသည် ဆောင်းလေပမာ တည်၊အတွင်းသဘောမတည် ပြောင်းလဲတတ်သည်။”ခုခေတ်...Repper တွေကတောင်“ဂရုမစိုက်ဘူး လုံးဝကို ကြောက်သွားတယ်၊မိန်းမဆို ပိုက်ဆံရှိမှ ကားလှလှရှိမှ HandPhoneမှ တဲ့။

မိန်းမတွေများ သိမ်ဖျင်းသေးနုတ်ချက်ရုပ်ဝထ္ထုတွေကိုသာ မက်တဲ့ဗလာ စက်တွေကျနေတာဘဲ။မေတ္တာမဲ့ နှိပ်ကွပ်ရက် လိုက်တာ၊မိန်းမ တစ်ယောက်ရဲ့  ရပ်တည်ချက်ကဖိနပ်ကိစ္စ၊ စကပ်ကိစ္စ၊ ဟိုဒင်းဟိုဝါ ကိစ္စလောက်လေးနဲ့၊လူဘ၀ ချောက်ကမ်းပါး မှာတစ်ထောက်နား ရုံလေးတွေးတယ်ထင်နေရော့ သလား။နဲနဲလေးလောက် စဉ်းစားပေးစမ်းပါ၊မိန်းမတစ်ယောက်ရယ်လို့ ဖြစ်လာကတည်းက၊ကာယဒုက္ခ၊ စိတ္တဒုက္ခ ပေါင်းများနဲ့ရှင်တို့လို ပုရိဿကြီးတွေထက်အဘက်ဘက်က ဖရိုဖရဲ ဖြစ်အောင်နှိပ်စက်တတ်တာ ၊ အခွင့်အရေး မရတာ၊ရှင်တို့လဲ သိသင့်သလောက် သိသားနဲ့ ။ရှင်တို့တစ်တွေ အဆံမပါ ပစ်ခွင်းတဲ့မိန်းမတွေ မုန်းတဲ့ ၊ ရ စရာမရှိတဲ့အသေရေဖျက် ဒုံးကျည်လက်နက်ကိုကျွန်မကလေ ..အပြုံးအရယ်(ရီ)တောင် မပျက်ပါဘူး၊နှလုံးရည်သက်သက်နဲ့ပါးပါးလေးပါလို့နေကို ပြဦးမယ်။

မိန်းမတစ်ယောက်ရဲ့ အနှစ်သာရဟာကိုယ်ကျင့်တရားသာ အဓိကပါ။သစ္စာသည်သာ ထာဝရပါ။ဝင်္ကနဒီမြစ် ကျွန်မတို့ဆီ မစီးဆင်းစေရဘူး၊ဦးပုည အပါအ၀င်မေတ္တာမဲ့ အလကာင်္တွေလဲကျွန်မတို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ နှလုံးသားကိုအိုးမည်းသုတ်လို့မရဘူး၊စာနာမှု ၊ နားလည်မှုတွေနဲ့ ဖြည့်တင်းလို့မေတ္တာ သက်သက်နဲ့ အမှောင့် ပရောဂကင်း၊အချစ်ကို အချစ်လို့ ရှင်းရှင်းလင်း ၊၀န်ခံရဲ ရင်း ...သစ္စာနဲ့ ချစ်တတ်ခြင်း ပြိုင်မယ်ကဲ ရှင်ကြီး စိန်ခေါ်ရဲလို့လား ။
ဝန်ခံချက်။ ။ဆရာကြီး မောင်ခိုင်မာ၏ “၀င်္ကနဒီမြစ်” နှင့် ဆရာမကြီး ဒေါ်ခင်နှင်းယု၏ “လောကကြီးက ဒိုင်နိုဆော ကျွန်မက ပုရွက်ဆိတ်တစ်ကောင်”တို့ကို ခံစားပြီး ၊ ရေးထားခြင်း မျှသာဖြစ်ပါသည်။မှတ်ချက်။ ။လောကကြီးမှာ ယောက်ျားရော မိန်းမပါ ကောင်းတဲ့မိန်းမ၊ ဆိုးတဲ့မိန်းမဆိုပြီး၊ ဆိုးတဲ့ယောက်ျား ကောင်းတဲ့ယောက်ျားများရယ်လို့ သူ့ ၀ါသနာသူရှိပါတယ်။ မကောင်းတဲ့မိန်းမများနှင့် သင်ခန်းစာရပြီး လောကြီးမှာ ရှိသမျှမိန်းမတွေကို မျက်မှန်အမည်းကြီး တပ်ကြည့့််နေသော ပုရိဿ အစစ်တို့အားအနည်းငယ်မျှ ကိုယ်ချင်းစာတရားလေး ရှိသွားရင်ကို ၊ ဤကဗျာ ရေးရ ကျိုးနပ်ပါပေသည်ဟု....

အဲမို(အိုင်တီ မန္တလေးတက္ကသိုလ် )
ရေးသားသူ....... နိုင်းနိုင်းစနေ

Sunday, June 15, 2008

သူတို့ စကား

တခါက သေးငယ်သော ပန်းကလေးတပွင့်သည် သစ်ပင်ကြီး တပင်အောက်ရှိ အရိပ်၌ မှီခိုပြီး ပေါက်နေသည်။ သစ်ပင်ကြီးက သူ့အား မိုးဒဏ် လေဒဏ် ကာကွယ် ပေးထားသည်ဟု ဆိုပြီး ပန်းကလေးမှာ ပျော်ရွှင်နေခဲ့သည်။ တနေ့တွင် လူတစု ရောက်ရှိလာပြီး သစ်ပင်အား ခုတ်ယူသွားခဲ့သည်။ ပန်းကလေးမှာ ၀မ်းနည်းပြီး ငိုကြွေးလေသည်။ “ ဘယ်လိုလုပ်မလဲ င့ါကို အမြဲ အကာအကွယ်ပေးတဲ့ သစ်ပင်ကြီးမရှိတော့ဘူး။ လေတွေ မိုးတွေက ငါ့ကိုလဲပြိုအောင် တိုက်ကြတော့မယ်”

သူ၏ငိုသံကိုကြားသော အနီးရှိ သစ်ပင်တပင်က.....
“အဲဒီလို မတွေးနဲ့လေ။ သစ်ပင်ရဲ့ အရိပ်မရှိတော့ နေရောင်ခြည်က ခင်ဗျားကို စောင့်ရှောက်လိမ့်မယ်။ နှင်းစက်တွေက ခင်ဗျားကို ရေဓာတ်တွေပေးလိမ့်မယ်။ ခင်ဗျားရဲ့ သေးငယ်တဲ့ ခန္စာကိုယ်ဟာ သူတို့ရဲ့ အကူအညီနဲ့ သန်မာလာလိမ့်မယ်။ ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ပန်းတွေဝေပြီး နေရောင်ခြည်အောက်မှာ ခင်ဗျားဟာ ပိုလှနေလိမ့်မယ်။ လူတွေတွေ့ရင် ဒီပန်းကလေးဟာ လှလိုက်တာလို့ ချီးကျူးကြလိမ့်မယ်”

တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ (. . . .)

0 comments

Thursday, June 5, 2008

ဆင်းရဲခြင်းဆိုတာ

06-06-2008

တစ်ခါက သူဌေးကြီးတစ်ဦး ရှိလေသည်။ တစ်နေ့တွင် သူသည် သားကိုခေါ်ပြီး ရွာတစ်ရွာသို့ အလည်အပတ် သွားကြသည်။ အလည်အပတ် သွားရခြင်း၏ ရည်ရွယ်ချက်မှာ “ဆင်းရဲခြင်း” ဆိုသည်ကို သားအား သိစေချင်သောကြောင့်၊ ဆင်းရဲသားများ၏ ဘ၀ကို ပြသချင်သောကြောင့်ဖြစ်သည်။ သူတို့သည် လယ်သမား မိသားစု၏ နေအိမ်တွင် နှစ်ရက်ကြာ တည်းခိုခဲ့ကြသည်။လယ်သမား၏ ကလေးများသည် အိမ်မွေး တိရစ္ဆာန်များအား ထိန်းကျောင်းရသည်။ လယ်ထဲတွင် ကူညီမည့် ခွေးများအား လေ့ကျင့်ပေးရသည်။ ညနေ အလုပ်နားချိန်တွင် အိမ်ဘေးရှိချောင်း၌ ရေချိုးကြသည်။ ငွေကြေး ချွေတာသောအနေဖြင့် ညအခါ လရောက်အောက်တွင် အိမ်ရှေ့မျက်နှာစာရှိ ဥယျာဉ်၌ မိသားစုများ ၀ိုင်းဖွဲ့ပြီး စကားစမြည် ပြောကြသည်။

ရွာမှ ပြန်လာပြီးနောက် သူဌေးက “သား... ဒီတခေါက်ခရီးထွက်တာ ဘယ်လိုနေလဲ” ဟုမေးလေသည်။“ကောင်းပါတယ် ဖေဖေ”“ဆင်းရဲသားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ပြီမဟုတ်လား”“မြင်ပါတယ်” ခေါင်းငြိမ့်ပြီး သားကပြန်ဖြေသည်။
“ဘာတွေမြင်ခဲ့လဲ ဖေဖေ့ကို ပြောပါဦး”“သားတို့ အိမ်က သူတို့ထက် ပိုဆင်းရဲတယ် ဆိုတာကို သားမြင်လိုက်တယ် ဖေဖေ... သားတို့မှာ အိမ်မွေးခွေး တစ်ကောင်ပဲရှိတယ်။ သူတို့မှာ ခွေး(၄)ကောင်ရှိတယ်။ အဲဒီခွေးတွေဟာ ကလေးတွေရဲ့ အမိန့်ကိုတောင် နာခံကြတယ်။ စကားလဲ နားထောင်တယ်။
”“နောက်ပြီး သားတို့ခြံမှာ ရေကူးကန် တစ်ကန်ပဲရှိတယ်။ သူတို့မှာ အဆုံးမရှိတဲ့ ချောင်းတစ်ချောင်းလုံးရှိတယ်။ သူငယ်ချင်းတွေနဲ့ တစ်နေ့ကုန် ရေကစားနေလို့ရတယ်။ ဒီရေကူးကန်မှာကျတော့ သားတစ်ယောက်ပဲရှိတယ်” သားက ဆက်ပြောသည်။
“နောက် သားတို့ ခြံအ၀င်ဝမှာပဲ လမ်းမီးတွေရှိတယ်။ သူတို့မှာ ကောင်ကင်းတစ်ပြင်လုံး မရေမတွက်နိုင်တဲ့ ကြယ်ကလေးတွေ ရှိတယ်။ ညရောက်ရင် မိသားစုတွေ ၀ိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး စကားတွေပြောကြတယ်။ ဒါပေမဲ့ ဒီအိမ်မှာ သားနဲ့ စကားပြောမဲ့သူ မရှိဘူး။ သားတို့အိမ်ရဲ့ အကျယ်အ၀န်းဟာ ဟိုနံရံအထိပဲ ရှိတယ်။ သူတို့မှာ တစ်မျှော်တစ်ခေါ်ကျယ်တဲ့ ခြံဝန်းရှိတယ်။” သား၏ စကားအဆုံးတွင် သူဌေးကြီးမှာ နုတ်ဆိတ်လျှက် ရှိနေသည်။

အကြင်နာ မေတ္တာတွေရှိမယ်၊ သူငယ်ချင်း ရှိမယ်၊ မိသားစုရှိမယ်။ ကျန်းမာခြင်းရှိမယ်။ ဟာသဥာဏ်ရွှင်မယ်။ ဘာမဆို အကောင်းမြင်တတ်အောင် ကြိုးစားမယ်ဆိုရင် ဘ၀မှာ သင်ဟာ အချမ်းသာဆုံးပါ။

ရေးသားသူ....... နိုင်းနိုင်းစနေ

ကျေးဇူးစကား တစ်ခွန်းတော့ပြောပါ

06-06-2008

တစ်ခါက တရားနဲ့ကျင့်ကြံနေထိုင်တဲ့ သူတော်စင်တစ်ဦးရှိခဲ့တယ်။ တစ်နေ့မှာ အိမ်တစ်အိမ်က မိန်းမငယ်လေးတစ်ယောက် လင်ကောင်မပေါ်ဘဲ ကိုယ်ဝန်ရှိခဲ့တယ်။ မိဘတွေက စိတ်တိုဒေါသထွက်ပြီး တရားခံကို လိုက်စစ်မေးတော့ မိန်းမငယ်က ကြံရာမရတဲ့အဆုံးမှာ သူတော်စင်ကို လက်ညှိုးထိုး ပုံချလိုက်တယ်။ မိဘတွေက သူတော်စင်ကို အပြစ်ဖို့ ရန်ရှာခဲ့ပေမယ့် သူတော်စင်က နှုတ်ဆိတ်ပြုံးနေခဲ့တယ်။

သူတော်စင်ရဲ့ မစင်ကြယ်တဲ့စိတ်ကြောင့် ဖြစ်လာရတယ်ဆိုပြီး မွေးလာတဲ့ကလေးကို မိဘတွေက သူတော်စင်ကို ပေးလိုက်တယ်။ သူတော်စင်က ဘာမှပြန်မပြောဘဲ ကလေးကို လက်ခံမွေးစားလိုက်တယ်။တစ်နှစ်ကြာတော့ မိန်းမငယ်လေးက သည်းမခံနိုင်တဲ့အဆုံး ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အမှန်ကို မိဘတွေဆီ ရင်ဖွင့်လိုက်တယ်။ ကလေးက သူတော်စင်နဲ့ ဘာမှမပတ်သက်ခဲ့ပါဘူး။ မိဘတွေက အားနာနာနဲ့ ကလေးကို ပြန်ခေါ်တဲ့အချိန်မှာလည်း သူတော်စင်ဟာ ဘာမှဖြေရှင်းမနေဘဲ ပြုံးလို့သာနေခဲ့တယ်။

အဲဒီနောက် မဟုတ်မမှန်တဲ့ သတင်းတွေကြောင့် နာမည်ပျက်နစ်နာသွားတဲ့ သူတော်စင်ရဲ့ဂုဏ်သတင်းဟာ ပိုမိုမွှေးပျံ့လာပြီး လူတွေပိုရိုသေ လေးစားလာခဲ့ကြတယ်။မဟုတ်မမှန်သတင်းရဲ့ စီးကြောင်းက အသိဥာဏ်ရှိသူထံရောက်ရင် အဆုံးသတ်စမြဲပဲ။ ဒါကြောင့် သူတစ်ပါးရဲ့ အထင်မမြင် လွဲမှားတဲ့စကားကို ယူပြီး ကိုယ့်ကိုယ် စိတ်အနှောင့်အယှက် မပေးပါနဲ့။ အထင်မမြင် လွဲမှားမှုကို ဘာသာစကားနဲ့ ဖြေရှင်းလို့ ရနိုင်သလို ဘာသာစကားနဲ့ ဖြေရှင်းလို့ မရတဲ့လွဲမှားမှုကိုလည်း အပြုအမှု၊ အလုပ်နဲ့ သက်သေပြနိုင်ပါတယ်။ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ကို ထိုးနှက်တွန်းချခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ကိုယ့်ကို ကဲ့ရဲ့လှောင်ပြောင်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။သူ့ကြောင့် ကိုယ်ပိုရင့်ကျက်ခဲ့လို့ပါပဲ။ကိုယ့်ကို မဟုတ်မမှန် သတင်းလွှင့်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ ပြုံးပြနှုတ်ဆက်လိုက်ပါ။သူ့ကြောင့် ကိုယ်စာနာတတ်ခဲ့လို့ပါပဲ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ရေးသားသူ....... နိုင်းနိုင်းစနေ at 10:14:00 PM 3 comments

Wednesday, June 4, 2008

Don't worry..... be happy

04-06-2008
.
တစ်ခါက လူတစ်ဦးသည် တောထဲတွင် လှည့်လည်နေရင်း ဆာလောင်နေသော ခြင်္သေ့တစ်ကောင်နှင့် တိုးသည်။ ခြင်္သေ့မှာ ဟိန်းဟောက်ပြီး သူ့ကို ခုန်အုပ်လေသည်။ ထိုလူမှာရှိသမျှ ခွန်အားဖြင့် အသက်ဘေးမှ လွတ်မြောက်အောင် ပြေးလေတော့သည်။ ပြေးရင်းလွှားရင်း ချောက်ကမ်းပါး တစ်ခုသို့ ရောက်လာခဲ့သည်။ သူသည် ချောက်ကမ်းပါးထိပ်တွင် ရပ်ပြီး “ခြင်္သေ့ဖမ်းမိပြီး အရှင်လတ်လတ် အစားခံရမဲ့အတူ ချောက်ထဲခုန်ချလိုက်တာ ပိုကောင်းမယ်။ မတော်တဆ အသက်ရှင်နိုင်သေးတယ်”ထိုသို့တွေးမိပြီး ချောက်ထဲသို့ ခုန်ချလိုက်လေသည်။ ကံကောင်း ထောက်မစွာ ချောက်ကမ်းပါးဘေးတွင် ပေါက်နေသော သစ်ပင် တစ်ပင်ပေါ်တွင် ခံနေခဲ့သည်။ ထိုသစ်ပင်ပေါ်တွင် ချိုမြိန်သော အသီးများဖြင့် ပြည့်နှက်နေခဲ့သည်။ထိုအချိန်တွင် ချောက်အောက်မှ ဟိန်းဟောက်သံ ကြားသောကြောင့် ကြည့်လိုက်ရာ သူကျအလာကို စောင့်နေသော ကျားတစ်ကောင်ကို တွေ့လိုက်ပြန်သည်။ “ခြင်္သေ့နဲ့ကျား ကြမ်းတမ်းတဲ့ အကောင်တွေဖြစ်တယ်။ အပေါ်ပဲတက်တက် အောက်ပဲဆင်းဆင်း အစားခံရမယ့်အတူ အပင်ပေါ်မှာ ခဏနားနေလိုက်တာ ကောင်းမယ်” ဟုတွေးလိုက်မိသည်။ နားရန်ဆုံးဖြတ်လိုက်စဉ် အသံတစ်သံကို ကြားလိုက်မိပြန်သည်။ အသံ လာရာဆီသို့ ကြည့်လိုက်ရာ ကြွက်ဖြူကြွက်မဲ နှစ်ကောင်မှာ သူရှိနေသော သစ်ကိုင်းအား ကိုက်ဖြတ်နေသည်ကို တွေ့လိုက်မိသည်။ သူ တုန်လှုပ်သွားမိပြီး “ ကျားကိုက်ပြီး သေမယ့်အတူတူ သစ်ကိုင်းကျိုးကျပြီး သေတာက ကောင်းဦးမယ်”ဟု တွေးလိုက်မိပြန်သည်။ ထို့နောက် သစ်ကိုင်းပေါ်တွင် နားနေပြီး ဆာလောင်လာသောကြောင့် သစ်သီးများကို ခူးစားလေတော့သည်။ ဗိုက်ပြည့်သောအခါ “ သေရမဲ့ အတူတူ မသေခင် တစ်ရေး အိပ်လိုက်ဦးမယ်” ဟုတွေးပြီး သစ်ကိုင်းကို မှီပြီး အိပ်နေခဲ့သည်။သူ နိုးလာသော အချိန်တွင် သစ်ကိုင်းကို ကိုက်ဖြတ်နေသော ကြွက်နှစ်ကောင်ကို မတွေ့တော့။ ထိုအတူ ခြင်္သေ့နှင့် ကျားကိုလည်း မတွေ့တော့ပေ။ အကြောင်းမှာ သူအိပ်ပျော်နေသော အချိန်တွင် ဆာလောင်သော ခြင်္သေ့က အစာကို မစောင့်နိုင်သဖြင့် ချောက်ထဲသို့ လိုက်ခုန်ချခဲ့သည်။ ချောက်အောက်ရှိ ကျားနှင့်တိုးပြီး အချင်းချင်း ကိုက်ဖြတ်ကာ အသီးသီးဒဏ်ရာရပြီး ထွက်ပြေး ကုန်ကြသောကြောင့်ဖြစ်သည်။ ခြင်္သေ့နှင့်ကျား ဟိန်းသံကြားသောကြောင့် ကြွက်နှစ်ကောင်မှာလည်း လန့်ပြီး ထွက်ပြေးခဲ့ကြသည်။ ထိုအခါမှ သူသည်သစ်ပင် ပေါ်မှ ဆင်းပြီး သတိနှင့် ကမ်းပါးထိပ်သို့ တက်ရောက်ခဲ့သဖြင့် အသက်ဘေးမှ လွှတ်မြောက်ခဲ့ရသည်။ကျွန်တော်တို့ မွေးဖွား ကြီးပြင်းလာသည့် အချိန်မှာ စ၍ ပင်ပန်း ဆင်းရဲခြင်းသည် ဆာလောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျွန်တော်တို့အား လိုက်နေခဲ့သည်။ သေဆုံးခြင်းသည် ရက်စက်သော ကျားတစ်ကောင်ကဲ့သို့ ချောက်အောက်တွင် ကျွန်တော်တို့အား စောင့်နေခဲ့သည်။ နေ့နှင့်ည ပြောင်းလဲနေသော အချိန်များသည် ကြွက်ဖြူနှင့် ကြွက်မဲကဲ့သို့ ကျွန်တော်တို့ ခဏသာ ရပ်တည်နေသော (ဘ၀) သစ်ပင်ကို ကိုက်ဖြတ်နေကြသည်။ တစ်နေ့နေ့တွင် ကျွန်တော်တို့သည် ခြင်္သေ့နှင့်ကျား၏ အစားကို ခံရမည်ဖြစ်သည်။ ထိုသို့ အစားမခံရခင် သစ်ပင်ပေါ်ရှိ ချိုမြိန်သော အသီးများကို စားသုံးရင်း အပင်ပေါ်မှ နေ၍ လှပသော ရှုခင်းများကို ခံစားနေမည် ဆိုလျှင် စိတ်သည် ရိုးရှင်းပြီး စိုးရိမ်ပူပန်မှုများ ကင်းရှင်းနေလိမ့်မည်။သင်၏ အချိန် တစ်မိနစ် တစ်စက္ကန့်ကို ကောင်းသောအတွေး၊ လှပသောအရာများနှင့် ခံစားခဲ့ဖူးပါ သလား။ သူငယ်ချင်း မိတ်ဆွေ၊ ချစ်သူရည်းစား၊ အိမ်သူအိမ်သားများနှင့် ဘာမှမဟုတ်သော ပြဿနာ သေးသေးမွှားမွှားဖြင့် သင့်ကိုယ်အား ဒေါသငွေ့များ ဖုံးလွှမ်းစေပါသလား။ ပြူတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။ သို့မဟုတ်လျှင် ကြည်လင်သော ကောင်းကင်ပေါ်တွင် ဟိုဒီ ပြေးလွှားကစားနေသော တိမ်ဖြူလေးများဖြင့် လှပသော နေ့ရက်တစ်ရက်ကို သင့် လက်လွှတ်သွားပါလိမ့်မည်။
ရေးသားသူ....... နိုင်းနိုင်းစနေ

Tuesday, June 3, 2008

ယခုပင်လျှင် မသေခင်က

ဤရုပ်ဆွေးမိုး၊ ခန္ဓာကိုယ်ကား
အိုတရွေ့ရွေ့၊ မီးနှယ်မွှေ့၏
အငွေ့မထင်၊ ခိုးမမြင်လည်း
ရုပ်သွင်ဖောက်ပြား၊ ရေသားကြုံလှီ
သွေးဆီမတိုး၊ ဆံဖြူညှိုး၍
ဆိုးခဲ့အရွယ်၊ မတင့်တယ်ပြီ
အမယ်တို့ကိုယ်၊ ငါ၏ကိုယ်ပင်
ပျိုအိုနုရင်၊ မဟူသင့်ဘူး
သေမင့်အစာ၊ မှန်ကြာစွာ၏
သေချာမှတ်ပိုက်၊ နားတင်စိုက်တည့်
လူနှိုက်ကြီးဘိ၊ သားအမိမျှ
မချိကယ်ရေး၊ ကိုယ်လွတ်ပြေးသည့်
မီးဘေးရေဘေး၊ ပြည်ပျက်ဘေးလည်း
ဆယ်ရေးတရေး၊ ကယ်နိုင်သေး၏
အိုဘေးနာဘေး၊ သေခြင်းဘေးဟု
ဤဘေးသုံးပါး၊ လွန်ကြီးမားကား
သားနှင့်အမိ၊ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင်၊ ရင်ခွင်တင်လျက်
သက်သက်ရေးပိုင်၊ မကယ်နိုင်ဘူး
လက်မှိုင်ချကာ၊ နေရစွာရှင့်
နေ့မှာနေ့ချုပ်၊ ညဥ့်ရုပ်ညဥ့်ပျောက်
မိုးသောက်နေ၀င်၊ မပါကျင်တည့်။

(မန်လည်ဆရာတော်ကြီး ရေးသားသော ကဗျာကို ဖော်ပြပါသည်)

Saturday, May 31, 2008

ဘ၀၏ ထူးခြားသော ရိုက်ချက်



မကြာသေးမီက ဂျာမဏီနိုင်ငံရှိ တီဗွီ အသံလွှင့်ငှာန တခုတွင် “၁၀စက္ကန့် လျှပ်တစ်ပြက်ရိုက်ချက်” ဟုသော ပြိုင်ပွဲ တစ်ရပ်ကို ဆုကြေးငွေ ကြီးကြီးပေးပြီး ပြုလုပ်ခဲ့သည်။ ထိုပြိုင်ပွဲကို သတင်းဆရာများ ပါဝင် ယှဉ်ပြိုင်ကြပြီး လူအများ၏ စိတ်ဝင်စားမှုကို ခံရသော အစီအစဉ်ဖြစ်ခဲ့သည်။ ပြိုင်ပွဲဝင်များထဲတွင် “လဲချ”ဟု အမည်ရှိသော ရိုက်ချက်က အကောင်းဆုံး ပထမဆုကို ရခဲ့သည်။ထိုဆုရ ရိုက်ချက်ကို ရိုက်သောသူမှာ လုပ်ငန်းခွင်ဝင်စ တက်သစ်စ လူငယ်တစ်ဦးဖြစ်သည်။ လူအများက ထိုဆုရရိုက်ချက်ကို ကြည့်လို၊ ဝေဖန်လို၍ စောင့်စားခဲ့ကြသည်။ သို့သော် ကြည့်ပြီး ၁၀စက္ကန့် နောက်ပိုင်းတွင် လူတိုင်း၏ မျက်ဝန်းတွင် မျက်ရည်များ တွဲခိုခဲ့ရသည်။

၁၀စက္ကန့်သာ ကြာသော ရိုက်ချက်ကို ကြည့်ပြီး ဂျာမဏီနိုင်ငံသည် ၁၀ မိနစ်မျှ တိတ်ဆိတ် သွားခဲ့သည်ဟုလဲ ဆိုနိုင်သည်။ထိုရိုက်ကွင်းမှာ မီးရထား ဘူတာရုံ တစ်ခုတွင်ဖြစ်သည်။ ရထားသံလမ်းခွဲ လုပ်သားတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်နေသော အချိန်တွင်ဖြစ်သည်။ ဘူတာရုံသို့ ဖြေးဖြေးချင်း ခုတ်မောင်းလာ ရထားအား လမ်းခွဲပေးရန်ဖြစ်သည်။ ထိုအချိန်တွင် ဆန့်ကျင်ဖက်မှ ရထား တစ်စီးလည်း ဘူတာရုံသို့ ဦးတည် လာနေသည်။ အကယ်၍ သူသည် သံလမ်းကို အချိန်မီမခွဲခဲ့သော် ရထားနှစ်စီးမှာ မျက်နှာချင်းဆိုင် တိုက်ကြတော့မည် ဖြစ်သည်။ထိုခဏ၌ သူသည် ဘေးဘီကို တစ်ချက် လှည့်ကြည့်မိရာ ရထားသံလမ်းဘေးတွင် ဆော့ကစားနေသော သားကို တွေ့လိုက်မိသည်။ဘူတာသို့ စ၀င်လာသော ရထားသည် ထိုသံလမ်းပေါ်တွင် ဖြစ်သည်။ သားကို ပြေးကယ်ရမည်လော.... သံလမ်းကို ခွဲရမည်လော... သူ့အတွက် ရွေးချယ်ဖို့ အချိန်မှာ အနည်းငယ်သာရှိသည်။လျှပ်တစ်ပြက်အတွင်း သူသည် သားအား “လဲချ” ဟု အသံကုန် အော်လိုက်ပြီး တစ်ပြိုက်နက် သံလမ်းခွဲ ခလုတ်ကို ဆွဲချလိုက်လေသည်။

မျက်စိ တစ်မှိတ်အတွင်း ရထားမှာ အခြားလမ်းကြောင်းပေါ်သို့ လမ်းခွဲ သွားခဲ့သည်။ ဆန့်ကျင်ဖက်မှ ရထားလည်း ဥသြဆွဲပြီး ဘူတာကို ကျော်ဖြတ်သွားခဲ့သည်။ ရထားပေါ်ရှိ ခရီးသည်များက ထိုအဖြစ်အပျက်ကို မသိကြပေ။ သူတို့အသက်သည် သေမင်းဘေးမှ သီသီလေး လွတ်သွားခဲ့သည်ကိုလဲ မသိခဲ့ကြပေ။ အသက်တစ်ချောင်းက အရှိန်ပြင်းပြင်းနှင့် ခုတ်မောင်းသွားသော ရထား သံလမ်းဘေးတွင် ထိခိုက်ဒဏ်ရာ မရှိဘဲ လဲလျောင်း အနေအထားဖြင့် ကျန်ရစ်ခဲ့သည်။ထိုမြင်ကွင်းကို ဘေးမှဖြတ်သွားသော သတင်းထောက်လူငယ်က ရိုက်ယူလိုက်ခြင်းဖြစ်သည်။

ထိုသံလမ်းတွင် အမှုထမ်းသောသူမှာ အလွန်ထက်မြက်သောသူ တစ်ဦးဖြစ်မည်ဟု လူအများက ခန့်မှန်းကြသည်။ သို့သော် ထိုသူမှာ သာမန် လူတစ်ဦးမျှသာဖြစ်သည်။ သူ၏အရည်အချင်းမှာ အလုပ်အပေါ် သစ္စာရှိမှု၊ တာဝန်ကျေပွန်မှု၊ အချိန်တိကျမှု ပင်ဖြစ်သည်။ လူအများ မထင်ခဲ့သောအရာမှာ သူ၏သားသည် ဦးနှောက်မပြည့်သောသူ ဖြစ်သည်။သတင်းထောက် လူငယ်အား သူသည် ဤကဲ့သို့ ပြောပြခဲ့သည်။ သားကို သူအမြဲပြောဆို ဆုံးမသော စကားမှာ “ သားကြီးလာရင် သားလုပ်နိုင်မယ့် အလုပ်ဟာ အလွန်နည်းတယ်။ ဒါပေမဲ့ ထူးခြားတာ တစ်ခုတော့ သားလုပ် နိုင်ရမယ်” ဟုဖြစ်သည်။ အဖေ့စကားကို ဦးနှောက်မပြည့်သောသားက နားမလည်ခဲ့ပေ။ သို့သော် အသက်ဘေးနှင့် နီးကပ်လာသော အချိန်တွင် သူသည် “လဲချ” နိုင်ခဲ့သည်။ ထို “လဲချ” ဟုသော စကားမှာ အဖေနှင့်အတူ စစ်တိုက်တမ်းကစားသည့် အချိန်တွင် သူနားလည်သည့် တစ်ခွန်းတည်းသော စကားဖြစ်ပြီး ထူးခြားအောင်လည်း လုပ်နိုင်ခဲ့သော အပြုအမှုဖြစ်သည်။
ဘယ်လောက်ပဲ တုံးအနေပါစေ...ဘယ်လောက်ပဲ သာမနဖြစ်နေပါစေ... ထူးခြားတဲ့ လုပ်ရပ် တစ်ခုကတော့ လူတိုင်းမှာ ရှိသင့်ပါတယ်။ တရုတ် လဲချ

ရေးသားသူ....... နိုင်းနိုင်းစနေ at 10:36:00 PM

Friday, May 30, 2008

ပြုံးနေတဲ့ လမင်း


တစ်ခါက ဆင်းရဲသားမိသားစု တစ်စုရှိတယ်။ ဆင်းရဲလို့ စားစရာမရှိတော့ ညလူခြေတိတ်တဲ့အချိန်မှာ လူများခြံထဲဝင်ပြီး အသီးအရွက်တွေ သွားခိုးစားရတယ်။ ဒီလိုနဲ့တစ်ညမှာ ဖခင်ဖြစ်သူက ၇နှစ်အရွယ် သားငယ်ကိုခေါ်ပြီး စားစရာခိုးဖို့ ထွက်လာခဲ့တယ်။ ခြံတစ်ခြံမှာ စားစရာတွေခိုးနေတုန်း သားက အသံတိုးတိုးလေးနဲ့ “အဖေ.. အဖေ့ကို လူကြည့်နေတယ်” လို့ ပြောလိုက်တယ်။

သူခိုးလူမိတဲ့ အဖေက ပျာပျာသလဲ “ဘယ်မှာလဲ.. ဘယ်မှာလဲ” လို့မေးလိုက်တော့ သားက ကောင်းကင်ကို မော့်ပြီး “ဟိုမှာလေ.. အဖေ့ကို လမင်းကြီးက ကြည့်နေတယ်” လို့ ပြောလိုက်တယ်။ သားစကားကို ကြားတော့ အဖေက တစ်ချက်မှိုင်တွေသွားတယ်။ ပြီးတော့ လက်ထဲက ခိုးထားတာတွေချပြီး သားလက်ကိုဆွဲလို့ စိတ်ပျက်ဝမ်းနည်းစွာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်း တစ်လျှောက်မှာလည်း “သူတစ်ပါးရဲ့ ပစ္စည်းကိုခိုးတယ်ဆိုတာ အပြစ်ကြီးတစ်ခုပဲ။ မြတ်စွာဘုရား ဒါမှမဟုတ် နတ်မင်းကြီးက သတိပေးချင်လို့ ကလေးပါးစပ် ငှားပြီး ငါ့ကို အမြင်မှန်ရအောင် အသိပေးလိုက်တာဖြစ်မယ်။ အမှန်ဖက်ကို ပြောင်းလဲနိုင်အောင် ပြုပြင်ခွင့် ပေးလိုက်တာဖြစ်မယ်” လို့ တွေးမိလိုက်တယ်။

ခြံပိုင်ရှင်က စိုက်ပျိုးထားတဲ့ အသီးအရွက်တွေ မကြာခဏပျောက်လို့ ဒီတစ်ညတော့ သူခိုးကို အရဖမ်းမယ်ဆိုပြီး စောင့်နေခဲ့တယ်။ လူရိပ်ကိုတွေ့လို့ ထွက်ဖမ်းမယ် ပြင်နေတုန်းမှာ ကလေးပြောတဲ့ စကားကိုကြားလိုက်မိတယ်။ ကလေးရဲ့စကားကြောင့် ခြံပိုင်ရှင်လည်း တွေဝေသွားမိတယ်။ ပတ်ဝန်းကျင်တစ်ခွင်လုံးကို လွှမ်းခြုံထားတဲ့ လရောင်ကြောင့် သူခိုးရဲ့မျက်နှာကို မြင်လိုက်ရတယ်။ ကျပ်တည်းတဲ့ မိသားစုကလာတဲ့ တစ်ရွာတည်းသားတွေပါလား..? သားလက်ကိုဆွဲပြီး လေးကန်စွာ ထွက်သွားတဲ့ သူခိုးကိုကြည့်ပြီး ကောင်းကင်က လမင်းကို သူမော့်ကြည့်လိုက်မိတယ်။
“ငါ့ကိုလည်း လမင်းကြည့်နေခဲ့ပါလား.. ”

အဲဒီည ခြံပိုင်ရှင် အိပ်မပျော်ခဲ့ဘူး။ နောက်တစ်နေ့မနက် လင်းတာနဲ့ သူခိုးသားအဖကို သွားရှာခဲ့တယ်။ “ဦးxxx ရေ.. ကျွန်တော့်ခြံမှာ သူရင်းငှားလိုနေလို့ ခြံမှာ လာကူနိုင်မလား.. လခအပြင် အသီးအနှံပိုတွေလည်း ခင်ဗျားတို့ စားဖို့ယူနိုင်ပါတယ်” ကိုယ့်လုပ်အားနဲ့ မိသားစုဝမ်းဝမယ့်အလုပ်ကို သူချက်ချင်း ခေါင်းညိတ်လိုက်တယ်။ အဲဒီညမှာ သားနဲ့အတူ အိမ်ရှေ့မှာထိုင်ပြီး လမင်းကို ငေးကြည့်ခဲ့ကြတယ်။ သားက “အဖေ... လမင်းပြုံးနေပြီ” လို့ ပြောလိုက်တယ်။

အဲဒီအချိန်မှာပဲ ခြံပိုင်ရှင်ကလည်း လမင်းကို ငေးကြည့်ပြီး မိန်းမဖြစ်သူကို “အရင်က ငါ့ကို လမင်းကြည့်နေတယ်လို့ တစ်ခါမှ မခံစားမိခဲ့ဖူးဘူး။ အခုမှပဲ ခံစားမိတယ်။ လမင်းက တစ်ခြားလူကို ကြည့်နေသလို ငါတို့ကိုလည်း ကြည့်နေခဲ့တယ်။ တစ်ခြားလူ ဘာလုပ်သလဲဆိုတာ ကြည့်နေသလို ငါတို့ ဘယ်လို တုန့်ပြန်လဲဆိုတာလည်း ကြည့်နေခဲ့တယ်။ ကြည့်စမ်း.. ခုမှ လမင်းကို သေချာကြည့်မိတယ်.. လမင်းပြုံးနေတယ် မိန်းမရေ...” လို့ ပြန်ပြောလိုက်တယ်။

ဒုက္ခရောက်သူကို စာနာမယ်၊ ကူညီမယ်ဆိုရင် အကောင်းနဲ့အဆိုး၊ ရန်သူနဲ့မိတ်ဆွေရဲ့ ခြားနားခြင်းက မျက်စိတစ်မှိတ်လေး အတွင်းမှာပါပဲ။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

သူတော်စင်တို့၏ စိတ်ဓာတ်


“သဒ္ဓါဓာတ်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေအတွက် လှူချင်စရာပစ္စည်းတွေဟာ အမြဲပိုနေ တက်တယ်၊ လောဘဓာတ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေအတွက် ယူချင်စရာပစ္စည်းတွေဟာ အမြဲလိုနေတက်တယ်” ( အရှင်ဇ၀န )

သူတော်စင်ဟူသည် မိမိကိုယ်ကျိုးထက် အများအကျိုး၊ သာသနာအကျိုးကို အားမာန်အပြည့်နှင့် ဆောင်ရွက်မှု့၊ မိမိ၏ စိတ်သဏ္ဍာန်တွင်လည်း သီလ၊ သမာဓိ၊ ပညာ တည်းဟူသော သိက္ခာပုဒ်တို့၏ ပြည့်စုံသော သူကိုခေါ်ဆိုထိုက်ပါသည်။ “သူတော်ကောင်းမှန် ကောင်းမှုကံပြုရန်လွယ်ပေသည်”ဆိုသည့် အလျှောက် သူတော်ကောင်းတို့သည် အများအကျိုးအတွက်ဆောင်ရွက်ရန်သာ အမြဲကြံစည် နေကြပါတယ်။ အခြေခံအားဖြင့် သဒ္ဓါ၊ သီလ အစရှိသော သူတော်ကောင်းတရား များကို မဖောက်မပြန်စောင့်ထိန်းနေပါလိမ့်မည်။ ထို့ကြောင့် သဒ္ဓါ(ယုံကြည်မှု) တရားသည် အလွန်အရေးကြီးပါတယ်။ မိမိကိုယ် ကို ယုံကြည်မှု မရှိသောသူသည် မည်သည့်အကြောင့်းနှင့်မျှ အောင်မြင်မှုရနိုင်မည်မဟုတ်ပါ။ ထို့အတူ ထေရ၀ါဒသာ သနာပြုမည်ဆိုရင် “သဒ္ဓါတရားကို အဖော်ပြု၍ ပညာကိုဆရာတင်”ရပါမည်။ သဒ္ဓါနှင့်ပညာသည် အတွဲညီနေရပါမည်။ ပညာမရှိပါက အလွဲယုံကြည်မှုများဖြစ် လာပါတယ်။ “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာကတော့လောကစကား” မျှသာဖြစ်ပါတယ်။ “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ပင်ဖြစ်ပါသည်။ ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀ ရရန်အလွန်ပင်ခက်ခဲလှပါတယ်။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော် ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါတယ်။ “သူတော်ကောင်းကို ကြည်ညိုတက်မှ သူတော်ကောင်းဖြစ်ပါမယ်”။ ဤနေရာ၌လယ်တီ ဆရာတော်ဘု ရားကြီး၏ အတုယူဖွယ် အကျင့်ကိုပြောပြလိုပါတယ်။ လယ်တီဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟောအလုပ်များဖြင့် မနားမနေ သာသနာပြုတော် မူခဲ့ပါတယ်။ (စာဖတ်သူများသိနှင့် ပြီးဖြစ်ပါလိမ့်မည်)။ သာသနာတော်အတွက် အလုပ်တွေ လုပ် နေတဲ့ အချိန်မှာဘဲ ဆရာတော်ကြီးက ကျောင်းတိုက်အတွင်းမှာ စာသင်နေတဲ့ စာသင်သား သံဃာတော် များသုံးရန်အတွက် ချိုရေ၊ သောက်ရေ၊ ကုဋီ(အိမ်သာ) သုံးရေများကိုညပိုင်မှာရေးခပ်၍ ဖြည့်ထားလေ့ရှိပါတယ်။ သံဃာတော်များက ဆရာတော်ကြီး ရေတွေထမ်းဖြည့်နေတာကို မသိပါဘူး။ တစ်ညမှ ကိုယ်တော်တပါး က အပေါ့ အပါးထသွားမှ ဆရာတော်ကြီး ရေထမ်းဖြည့်နေတာကို တွေ့ပါတယ်။ ထို့အပြင် မုံရွာမြို့ပေါ်က ဘုန်ကြီးကျောင်း(၂၀)မှာ သောက်ရေအခက်အခဲ ဖြစ်တာ ကြောင့် ဆရာတော်ကြီးကိုယ်တိုင် သောက်ရေအိုးထမ်းပြီး တစ်ကျောင်းကို တစ်အိုး နေ့စဉ်လှူခဲ့ပါတယ်။ ထိုသို့ သံဃာတော်များသုံးရန်ရေထမ်းမှု၊ ဘုန်းကြီးကျောင်း များကို သောက်ရေထမ်းလှူတာဟာ တစ်ရက်၊ နှစ်ရက်၊ တစ်နှစ်၊ မဟုတ်ပါဘူး။ အနှစ်(၂၀)လုံး တစ်ရက်မျှမပျက်ဘဲရေးထမ်းလှူခဲ့ပါတယ်။ ဆရာတော်များက လယ် တီဆရာတော်ကြီးအား “သက်တော်၊ ၀ါ တော်ကြီးပြီဖြစ်လို့ တပည့်တော်တို့ကို ရေ ထမ်းပြီးမလှူပါနဲ့တော့ အရှင်ဘုရား” ဟုလျှောက်ပါတယ်။ ထိုအခါ ဆရာတော်ကြီး“အရှင်ဘုရားတို့…တပည့်တော်က ခန္ဓာကိုယ်ကို အငှား နွားလိုသဘောထားတာပါ၊ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန်အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ တပည့်တော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့သေမင်း ဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ တပည့်တော်သည် ဒီခန္ဓာ ကြီးကိုတန်အောင်ခိုင်းရပါလိမ့်မည်၊ တပည့်တော်သည် ဘ၀အဆက်ဆက်က သား ကျွန်၊ မယားကျွန် အဖြစ်နဲ့သေခဲ့တာ များပါပြီဘုရား၊ ဒီဘ၀မှာတော့ ဘုရားကျွန်၊ တရားကျွန်၊ သံဃာကျွန်၊ သာသနာ့ကျွန် အဖြစ်နဲ့သေပါရစေ” ဟုပြန်လည်မိန့် ကြားကာ အနှစ်(၂၀) လုံးလှူဒါန်းတော်မူခဲ့ပါတယ်။ ထိုသို့ရေလှူခဲ့သော အကျိုး သည် ယခုဘ၀မှာပင်ရရှိပါတယ်။ ဟသာင်္တမြို့မှာ မိုးခေါင်သောအခါ ဆရာတော် ကြီးကို တရားဟောဖိတ်ပါတယ်။ ဆရာတော်ကြီး ဟသာင်္တ မြေပေါ် ခြေတစ်လှမ်းချ လိုက်တာနှင့် မိုးရွာချပါတော့တယ်။ စစ်ကိုင်းမြို့ ၀က်ချပ်မင်းကျောင်းဆရာတော်ကြီးသည်လည်း လယ်တီဆရာ တော်ကြီးကဲ့သို့ပင် သာသနာအကျိုးဆောင်ရွတ်တော်မူခဲ့ပါသည်။ ဆရာတော်ကြီး ဧရာဝတီ မြစ်ထဲရေချိုးပြီး ပြန်လာသောအခါ ဆောင်းတွင်းဖြစ်ပါက မြစ်ထဲကမျော ပါလာတဲ့ သစ်ကိုင်း များ၊ ထင်များကို သံဃာတော်တွေ မီးလှုံဖို့ ယူလာပါတယ်။ နွေအခါဖြစ်ပါက သဲတွေကို ထုပ်ပြီး ထမ်းလာပါတယ်။ သံဃာတော်တွေ သဲနုနု လေးပေါ်မှာ ခြေနင်း၍ကောင်းပါစေဟူ၍ကျောင်းဝန်း အတွင်းသဲတွေဖြန့်ဖြူးပေးပါ တယ်။ ဆရာတော် ကြီးကျောင်းမှာ ရဟန်းတပါး ၀မ်းရောဂါဖြစ်သောအခါ ဘေးမှ မပြုစုရဲပါဘူး။ ဆရာတော်ကြီးက ငါပြုစုမယ် ဟုဆိုကာပြုစုသော်လည်း ထိုရဟန်း မှာ သေဆုံးခဲ့ပါတယ်။ ထိုအခါ ဆရာတော်ကြီးက တခြားသံဃာတွေပြောရင် အ အိပ်ပျက်၊ စာပေ၊ တရား အလုပ်ပျက် ဖြစ်မယ်၊ အဲဒီတော့ ငါတစ် ယောက်ဘဲ အလုပ်ပျက်ခံမည်ဟုဆိုကာ ပျံလွန်တော်မူသွားသော ရဟန်းကို သူပခုံးမှာ ထမ်းပြီး သင်္ချိုင်းသွား သဂြိုလ်ခဲ့ပါတယ်။ သူတော်စင်တို့၏ စိတ်ဓာတ် မည်မျှမြင့်မြတ် ပါသ လဲဆိုတာ သိရှိနိုင်ပါတယ်။ သူများမလုပ် ချင်တဲ့ကုသိုလ်လုပ်မှ သူများမရတဲ့ကောင်း ကျိုးကိုရတက်ပါတယ်။ လူတွေဟာ များသောအားဖြင့် သူများမရနိုင်တဲ့ ကောင်း ကျိုးချမ်း သာကို ကျလိုချင်ကြပါတယ်၊ ဒါပေမဲ့ သူများမလုပ်ချင်တဲ့ ဝေယာဝစ္စကု သိုလ်အလုပ်ကျတော့ မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ မာနကိလေသာ ကြောင့် ဖြစ်ပါတယ်။ ငါက ရာထူးရှိတယ်၊ ငါက ပိုက်ဆံရှိတယ်၊ ငါက နာမည်ကျော် ဒီအလုပ် ငါမလုပ်သင့်ဘူး ဆိုပြီး မာနစိတ်တွေ မထားသင့်ပါဘူး။ မိမိသည် ကိုယ်ကျိုး မဖက် ဘဲ အများအကျိုးအတွက် ဆောင်ရွက်နေတာဟာ မာနကိလေသာ ကိုသတ်နေတာ ပါဘဲ။ မိမိ တို့ရဲ့ရှိနှင့်ပြီးသော သဒ္ဓါတရားကို ပိုမိုကောင်းမွန်လာအောင်ကျင့်ကြံ အားထုတ်ဖို့လိုပါတယ်။ ဘ၀အဆက်ဆက်က လောဘရဲ့ ကျေးကျွန်ဖြစ်လာခဲ့တာ ကြပါပြီ။ လောဘရဲ့ ကျေးကျွန်ဖြစ်နေသ၍ သံသရာက မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာ တော့ လောဘကိုကိုယ့်ရဲ့ကျေးကျွန်ဖြစ်အောင် ကြိုးစားရပါမယ်။ မိမိတို့ရဲ့ကောင်းမွန်တဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင်ထိန်းသိမ်းထားကြရပါ မယ်။ စာဖတ်သူတို့ရဲ့ရင်ထဲက သဒ္ဓါပန်းတွေကို မညှိုးနွမ်းပါစေနဲ့လို့ တိုက်တွန်းပါရ စေ။ ယခုအချိန်မှာ လိုအပ်နေသော အရာများစွာရှိပါတယ်။ မုန်တိုင်းဒဏ်ကို ခံလိုက် ရသော နေရာများကို အဖွဲ့အစည်းလိုက်၊ နေရာဒေသ အလိုက်စုဆောင်း လှူဒါန်း နေတာဟာ အင်မတန် မွန်မြတ်လှတဲ့ ပရဟိတ လုပ်ငန်းဘဲဖြစ်ပါတယ်။ ထိုသို့ လှူဒါန်းရာတွင်လည်း အထက်တွင်ရေးသားခဲ့သော သူတော်ကောင်းတို့ရဲ့ စိတ် ဓာတ်ကို အတုယူစေချင်ပါတယ်။ မိမိတို့လှူဒါန်းသော ငွေကြေး၊ ပစ္စည်းတွေသည် စင်ကြယ်ပါတယ်။ စေတနာအပြည့်ရှိကြပါတယ်။ ကောင်းမှုလုပ်တဲ့အခါ အကုသိုလ် မ၀င်ရအောင် သတိတရားရှိကြပါစေ။ မိမိတို့လှူလိုက်တာကို အလှူခံပုဂ္ဂိုလ် ထံရောက်စေချင်တာ မလှူခင်စေတနာပါ။ ထိုစေတနာသည် ပင်ကုသိုလ်ဖြစ်နေပါ ပြီ။ လှူပြီးသော မိမိရဲ့အလှူဒါန ကိုလည်းမမေ့သင့်ပါဘူး။ မိမိအလှူ အပေါ်မှာ လိုချင်တမ်းမတ်မှု (တဏှာ)နှင့်ယှဉ်သောစိတ် နဲ့မဟုတ်ဘဲ မေတ္တာ၊ စေတနာနဲ့ ယှဉ်သောစိတ်ဖြင့်ပြန်လည် သတိရနေကြပါ။ ထိုစေတနာသည် လှူပြီးနောက် ဖြစ်သော စေတနာဖြစ်ပါသည်။ ထိုစေတနာသည် လည်းကုသိုလ်စိတ်ပင်ဖြစ်ပါ တယ်။ လှူဒါန်းမှုပြု ကြရာတွင်လည်း နှလုံးသွင်းမှန်ဖို့အရေးကြီးပါတယ်။ မိမိသည် ဘာ့ကြောင့် လှူရသလဲဆို သောရည်မှန်းချက်လည်းရှိရပါမယ်။ မိမိသည် မွေးဖွား ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍လှူဒါန်းသင့်ပါတယ်။ မိမိတို့မရ ဘူးသေး သည်မှာ နိဗ္ဗာန်ချမ်းသာ သာ ကျန်ရှိပါတော့တယ်။ ထို့ကြောင့် မိမိတို့ လှူဒါန်းမှု သည်လည်း ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) ကိုသိ၍ ထိုဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရည်မှန်း၍ လှူဒါန်းကြစေချင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်လုပ်သော ကုသိုလ်သာ လူအများလုပ်ချင်ကြပါတယ်။ မရှိ၊ နွမ်းပါး သူတို့ကိုပေးကမ်းသော ကုသိုလ်အလုပ် ကိုလုပ်သောသူကနဲပါတယ်။ တကယ့် သူတော်ကောင်းတို့သည် မိမိအကျိုး၊ မိမိရဲ့ ဂုဏ်သိက္ခာကို မငဲ့ဘဲ အများအကျိုးကိုသာဆောင်ရွက်ကြသည်ကို အတုယူသင့်ပါ တယ်။
စားဖတ်သူများလည်း သူတော်ကောင်းတရားများ ကျင့်ကြံပွားများ၍ သူတော် ကောင်းတို့သွားရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။
“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…”
စာရေးသူ- အောင်ဆွေဦး

Wednesday, May 28, 2008

ဘဝ မီးပွိုင့်

29-05-2008


ကလေးဘဝကနေ ကြီးလာတဲ့အထိ ကံကြမ္မာဆိုးကြီးက မိုက်ကယ်အပါးမှာ အရိပ်လိုလိုက်နေခဲ့တယ်။ မိုက်ကယ် ၄နှစ်အရွယ်မှာ မတော်တဆ ယာဉ်တိုက်မှုကြောင့် မိဘနှစ်ပါးဆုံးခဲ့ရတယ်။ သူ့ကိုခေါ်ယူ စောင့်ရှောက်တဲ့ ဦးလေးကလည်း သူ့အပေါ် မကောင်းရှာဘူး။ ဒါကြောင့် တစ်ခြားကလေးတွေထက် မိုက်ကယ် ပိုသိတတ်နားလည်ခဲ့တယ်။ ပိုကြိုးစားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရအောင် သူသင်ယူခဲ့တယ်။

သူကျောင်းပြီးတဲ့နှစ်မှာပဲ သူတို့နိုင်ငံတစ်နိုင်ငံလုံး စီးပွားရေးကပ်ဆိုက်ခဲ့တယ်။ အလုပ်တစ်ခုကို ပင်ပင်ပန်းပန်း ရှာခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ မိုက်ကယ်စိတ်ပျက် အားငယ်နေချိန်မှာ မိုက်ကယ်အပေါ် ကောင်းတဲ့လူဆိုလို့ ဆံပင်ဖွေးဖွေးဖြူနေတဲ့ အသက်၆ဝကျော် အိမ်ရှင်အဘွားကြီးပဲ ရှိခဲ့တယ်။ အဘွားအိုဟာ မိုက်ကယ် အိမ်ပြန်လာတိုင်း ခေါ်ပြောနှုတ်ဆက်တတ်တဲ့အပြင် သော့ကိုယ်စီရှိရက်နဲ့ မိုက်ကယ်အတွက် တံခါးထဖွင့်ပေးတတ်တယ်။

မိုက်ကယ် စိတ်မချမ်းမသာဖြစ်တိုင်း အဘွားအိုက “ကိစ္စက ထင်သလိုမဆိုးနိုင်ပါဘူး။ အရာအားလုံး ကောင်းသွားမှာပါ” လို့ အမြဲနှစ်သိမ့်တတ်တယ်။ အဘွားအိုနှစ်သိမ့်တာတွေကို မိုက်ကယ်ခံစားမိပေမယ့် အခြေအနေဆိုးတဲ့ ကိုယ့်အဖြစ်ကို အဘွားအို သိနိုင်မှာ မဟုတ်ဘူးလို့ မိုက်ကယ်တွေးမိတယ်။ နေ့တိုင်း အဘွားအိုလို ဘာမှမလုပ်ဘဲ လမ်းမဘက်က ယာဉ်သွားယာဉ်လာတွေကို ထိုင်ငေးနေရရင် ကောင်းမယ်လို့လည်း တွေးမိပြန်တယ်။ ဆူညံလှုပ်ရှားနေတဲ့ လူတွေကို ထိုင်ငေးရရင် ပျော်စရာကောင်းမယ်လို့ မိုက်ကယ်ထင်ခဲ့တယ်။

တစ်နေ့မှာ လမ်းဘက်ကို အာရုံစိုက်ပြီး ကြည့်နေတဲ့ အဘွားအိုကို မိုက်ကယ်တွေ့တော့ “သူဘာတွေ ကြည့်နေပါလိမ့်? သူ့အတွေးထဲမှာ ဘာတွေထည့်ထားပါလိမ့်? ယာဉ်သွားယာဉ်လာကလွဲလို့ ဘာထူးခြားချက်မှ မရှိတဲ့လမ်းကို ဘာဖြစ်လို့ ကြည့်နေပါလိမ့်” လို့ တွေးမိပြီး အဘွားအိုကို မေးလိုက်တယ်။

“အဘွား.. လမ်းမဘက်ကို နေ့တိုင်း အဘွားဘာတွေကြည့်နေတာလဲ? ဘာအဓိပ္ပါယ်တွေ ရှိလို့လဲ”

“အဓိပ္ပါယ်ရှိတာပေါ့ လူလေး.. ဟောဟို မီးပွိုင့်က နေ့တိုင်း လူတွေဖြတ်သန်းကြတဲ့ မရေမတွက်နိုင်တဲ့ ဘဝခရီးစဉ်တွေကို ရေးမှတ်ခဲ့တယ်လေ”

“ဒါပေမယ့် မီးပွိုင့်ပဲလေ.. ဘာများ ကြည့်စရာရှိလို့လဲ”

“အဘွားပြောတာကို လူလေး သဘောမပေါက်သေးဘူး။ လူ့ဘဝဟာလည်း မီးပွိုင့်တစ်ခုလိုပါပဲ။ နီလိုက်၊ ဝါလိုက်၊ စိမ်းလိုက်နဲ့။ နီတဲ့အချိန်ဆိုရင် လှုပ်လို့မရတော့ဘူး။ လှုပ်လိုက်တာနဲ့ မတော်တဆမှုတွေ ဖြစ်တော့တာပဲ။ စိမ်းတဲ့အခါကျတော့လည်း ဘာအတားအဆီးမှ မရှိဘူးဘဲ အဆင်ပြေနေရော”

“အဝေးကနေကြည့်ရင် စိမ်းနေတဲ့မီးက အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားတစ်စီး အနီးနား ရောက်လာရင် ရုတ်တရက် နီသွားနိုင်တယ်။ အဝေးက ကြည့်ရင် မီးနီပဲ ဒါပေမယ့် အနီးနားရောက်လာရင် စိမ်းသွားနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးနီမိနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးစိမ်းနဲ့တိုးနိုင်တယ်။ မီးနီပဲမိမိ၊ မီးစိမ်းပဲတိုးတိုး လူတွေက အဲဒီနေရာကို ကျော်ဖြတ်ပြီး ကိုယ်လိုရာကို ခရီးဆက်ကြတာချည်းပဲ မဟုတ်လား..? ဒီလိုပြောင်းနေတဲ့ မီးစိမ်း၊ မီးနီတွေရှိလို့ လူတွေဟာ ဘဝရဲ့ခြေလှမ်း အနှေးအမြန်ကို လိုက်ညှိကြတယ်။ ဒါမှ အရောင်စုံတဲ့ ဘဝရဲ့ အရသာကို ခံစားလို့ရမှာ... မီးနီတစ်ခါမိရုံနဲ့ ဘာဖြစ်လို့ စိတ်မချမ်းမသာဖြစ်ရမလဲ? မီးစိမ်းတစ်ခါကြုံရုံနဲ့ ဘာဖြစ်လို့ စိတ်လှုပ်ရှားပျော်ရွှင်ရမလဲ?

အဘွားအိုရဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ စကားကို မိုက်ကယ်တဖြေးဖြေး သဘောပေါက် နားလည်လာခဲ့တယ်။ အခုချိန်မှာ သူ့ဘဝဟာ မီးနီမိနေတဲ့အချိန်၊ မီးစိမ်းမယ့်အချိန်လည်း ရှိနိုင်သေးတယ်လို့ တွေးပြီး အသစ်တစ်ဖန် ပြန်ကြိုးစားခဲ့တယ်။

မိုက်ကယ် အသက် ၄ဝမှာ အမေရိကားက နာမည်ကြီး ကွန်ပြူတာ ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။ သူ့ရဲ့ ဟားဗတ်တက္ကသိုလ် ဟောပြောပွဲမှာ မိုးခြိမ်းသံအလား လက်ခုပ်သံကြားက အိမ်ရှင်အဘွားကြီးရဲ့ စကားတွေကို သူမမေ့ခဲ့ဘူး။ “ကျွန်တော့်ဘဝ မီးစိမ်းနဲ့ ကြုံခဲ့ပါတယ်” လို့ သူ ညင်ညင်သာသာပြောခဲ့တယ်။

အောင်မြင်ချိန်မှာ ဘဝလမ်းမှာ မီးနီရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ့။

ရှုံးနိမ့်ချိန်မှာ ဘဝလမ်းရဲ့ရှေ့မှာ မီးစိမ်းရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ့




နိုင်းနိုင်း စနေ ဘလော့မှ ကူးယူဖေါ်ပြသည်၊