Saturday, July 6, 2013

ဒုလ္လဘရဟန်းဝတ်လျှင် အထူးဆင်ခြင်

ဒုလ္လဘရဟန်းဝတ်လျှင် အထူးဆင်ခြင် “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ်ရက်တို့၌ ဒုလ္လဘရဟန်းဝတ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။

 အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့် ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်းအဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။ ဒုလ္လဘရဟန်း- ရခဲလှသည့်ရဟန်းအဖြစ်သည် ဒုလ္လဘငါးပါးတွင် တစ်ခုအပါအ၀င်ဖြစ်ပါ၏။

ဒုလ္လဘငါးပါးတို့မှာ- (၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ= ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊ (၂) မနုဿတဘာဝ ဒုလ္လဘ= လူအဖြစ်ကိုရခဲခြင်း၊ (၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ= သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊၊ (၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ= ရဟန်းအဖြစ်၊ ရဟန်းဘ၀ကိုရခဲခြင်း၊ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ= သူတော်ကောင်းတရား (မှန်ကန်သောတရား)တို့ကို ကြားနာရခြင်း ကို အလွန်ရခဲခြင်းတို့ ဖြစ်ကြပေသည်။ ထိုသို့ငါးပါးရှိရာတွင် သာသနာတော်၏ အနှစ်သာရ ဘ၀ဖြစ်သော ရဟန်းအဖြစ်နှင့် အချိန်ကိုကုန်လွန်စေကာ အသုံးချကြသည့်အတွက် လွန်စွာမှ အကျိုးရှိလှပါပေသည်။

ဤသို့ သဒ္ဓါတရားရှိပြီး မြင့်မြတ်သောရဟန်းဘ၀အဖြစ်နှင့် အချိန်ကို လွန်စွာအကျိုးရှိစေရန် အသုံးချသည်ကမှန်၏။ သို့သော်လည်း ရဟန်းအဖြစ်နှင့် မည်သို့မည်ပုံ ဖြည့်ကျင့်မှ ပို၍အကျိုး ရှိလှသည်၊ မှန်ကန်လှသည်ကို ၀ိနည်းတော်တို့အား သင်ကြားတတ်မြောက်ထားသော ရဟန်း တော်များလောက် သိမထားသော်လည်း သိထားသင့်သည့်ဝိနည်းတော်(စည်းကမ်း)များနှင့် လိုက်နာသင့်သည့်အချက်တို့ကို ဒုလ္လဘရဟန်းမ၀တ်ခင် ကြိုတင်သိထားသင့်၏။
 ထို့ကြောင့် ဤဓမ္မဆောင်းပါးဖြင့် သံသရာ၌ တင်ခဲ့ဖူးသော ကျေးဇူးတရားများကို ကျေးဇူးဆပ်ရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ရဟန်းဝတ်ရန် ကျောင်းသို့ ချဉ်းကပ်စဉ်ကပင် နှလုံးသွင်းသင့်သည်မှာ သံသရာဒုက္ခဘေးမှ လျင်မြန်စွာလွတ်ကင်းရန်အတွက် လူဝတ်ကိုစွန့်၊ ရဟန်းအ၀တ် သင်္ကန်းဖြင့် တရားအားထုတ် ရန် လာခဲ့သည်ဟု ဦးစွာနှလုံးသွင်းသင့်၏။ သံသရာဘေးမှ လျင်မြန်စွာလွတ်ကင်းရန်ဟု ဆိုရခြင်းမှာ ရဟန်းတော်အဖြစ်သည် အကျဉ်းအားဖြင့် (၂၂၇)ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော်သော သီလတော်မြတ်တို့ကို စနစ်ကျမှန်ကန်စွာ မပျောက်၊ မကျား၊ မကျိုးရ အောင် အားထုတ်တတ်ပါလျှင် သီလသိက္ခာ၏အစွမ်းအာနိသင်ကြောင့် တရားအားထုတ်ရာ၌ သမာဓိ၊ ပညာ(မဂ်၊ ဖိုလ်)တရားတို့ လျင်မြန်စွာရောက်ရှိနိုင်သောကြောင့်ဖြစ်၏။

 လူစိတ်ကိုဖျောက်၊ ရဟန်းတော်စိတ်ဖြင့် မအပ်စပ်သည့် လက်စွပ်၊ ဆွဲကြိုး၊ လက်ပတ်နာရီ တို့ကို ချွတ်ထားခဲ့ကာ ၀တ္ထုငွေတို့ကိုလည်း ရဟန်းအဖြစ်သို့ ရောက်ခါနီးမှအစပြု၍ မထိမကိုင်၊ လူ့အလုပ်တွေ နှလုံးမသွင်း၊ ရဟန်းအလုပ်သာ မှန်စွာဆင်ခြင်ရတော့မည်ဟု ဆုံးဖြတ်ထားရ မည်။ လက်ကိုင်ဖုံးများကိုလည်း ယူဆောင်မလာသင့်ပေ။ အိမ်အလုပ်များ ကျောင်းအထိ ပါမလာအောင် ထားနိုင်ခဲ့ရပါမည်။

လူဝတ်အဖြစ်၌ သူဌေးသူကြွယ်၊ ရာထူးဂုဏ်ထည်၊ ခေတ်ပညာတွေ လွန်စွာတင့်တယ်ခဲ့သည့်အဖြစ်တို့ကို နှလုံးမသွင်း ရိုးရှင်းရှင်း စိတ်ရင်းဖြင့်သာ မာနကို ခ၀ါချ၍ “မိမိကို ရဟန်းအဖြစ်တင်ပေးမည့် ကျောင်းရှိ သံဃာတော်တို့၏ ဆုံးမ သွန်သင်မှုအောက်တွင်သာနေမည်”ဟု ဆုံးဖြတ်ထားသင့်ပေသည်။ စဦးဆုံးကြုံတွေ့ရမည့် တရားအားထုတ်ရန် ကမ္မဋ္ဌာန်းမှာ ခေါင်းစရိတ်ချိန်၌ (အရေလျှင် ငါးခု မြောက်ရှိသောအဖို့အစု)တို့ကို ဆင်ခြင်ရမည့် တစပဉ္စကကမ္မဋ္ဌာန်းပင်ဖြစ်ပါသည်။

 ဆင်ခြင်ပုံ မှာ- “အတ္ထိ ဣသ္မိံ ကာယေ ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော။” (ဣသ္မိံ ကာယေ- ဤကိုယ်ကာယ တလံမျှ၌၊ ကေသာ- ဆံပင်၊ လောမာ- အမွေး၊ နခါ- ခြေသည်း လက်သည်း၊ ဒန္တာ- သွား၊ တစော- အရေတို့သာလျှင်၊ အတ္ထိ သန္တိ- ရှိကြကုန်၏။) “ငါ၏ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေတို့သာ ရှိချေသည်။” ဟူ၍ ဉာဏ်ဖြင့် သေချာဆင်ခြင်ရှုမှတ်ရပေမည်။

 ဆင်ခြင်ပုံကမ္မဋ္ဌာန်းတိုသောကြောင့် ပေါ့ပျက် ပျက် သဘောမထားဘဲ အလေးအနက်ထား ဆင်ခြင်ပွါးများရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုရမူ- ဘုရားရှင်လက်ထက်က ပါရမီတရားတို့ ဖြည့်ကျင့်ထားခဲ့ကြသောပုဂ္ဂိုလ်တို့သည် ထို ကမ္မဋ္ဌာန်းဖြင့်ပင် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီ။ မိမိလည်း မည်မျှပါရမီ ဖြည့်ကျင့်ခဲ့ သည်ကို မသိနိုင်သောကြောင့် ခေါင်းရိတ်နေစဉ်၌ အလေးအနက်ထားဆင်ခြင်သင့်ပေသည်။ ပြီးနောက် သိမ်ထဲ၌ ရဟန်းအဖြစ်သို့ သိက္ခာတော်မတင်ခင် သိမ်ဝင်သံဃာတော်များ၏ စစ်ဆေးမေးမြန်းမည့် မေးခွန်းတို့ကို မှန်ကန်စွာ ဖြေဆိုရမည်ဖြစ်သည်။ မေးပုံနှင့် ဖြေကြားပုံ တို့မှာ- (၁) ကုဋ္ဌံ, ဂဏ္ဍော, ကိလာသော, သောသော, အပမာရော တေ- သင်ပဉ္စင်းလောင်းအား၊ ဧ၀ရူပါ- ဤသို့သဘောရှိကုန်သော- (ကုဋ္ဌံ- သဖန်း၊ နီဖြူ၊ လူချင်းမတူအောင်၊ အနုအကွက်၊ သမင်ရက်မျိုး၊ အနာဆိုးတို့သည် လည်းကောင်း၊ ဂဏ္ဍော- သားရေစိုစို၊ ပြည်ယိုယိုမျိုး၊ အနာဆိုးတို့သည်လည်းကောင်း၊ ကိလာသော- တင်းတိပ် ပွေးညှင်း၊ ခရုသင်းနှင့်၊ ဆင်ညှင်းကြီးမျိုး၊ အနာဆိုတို့သည် လည်းကောင်း၊ သောသော- ရှူနာရှိုက်နာ၊ ကြက်ညှာ ချောင်းဆိုး၊ အနာမျိုးသည်လည်းကောင်း၊ အပမာရော- ခွေးရူးဝက်ရူး၊ ဘီလူးဖမ်းစား၊ မြေဘုတ်များကြောင့်၊ စကားသွပ်ပေါ၊ သတိလျော့ ၍၊ မေ့လျော့တတ်သော အနာမျိုးသည်လည်းကောင်း) သန္တိနုခေါ- ရှိကုန်သလော။ (သင့်၌ ကူးစက်တတ်သောရောဂါ၊ ထိုသို့သောအနာဆိုးများ ရှိပါသလား?) (နတ္ထိ ဘန္တေ- မရှိပါဘုရား) (၂) မနုဿာ အတ္ထ မနုေဿာ- လူသားစင်စစ် ဧကန်ဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။ (သင်သည် လူသားစင်စစ် ဧကန်ဖြစ်ပါသလား?) (အာမဘန္တေ- လူသားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား) (၃) ပုရိသာ အတ္ထ ပုရိေဿာ- နပုလ်းပဏ္ဍုပ်၊ မဟုတ်ဣတ္ထိ၊ မျိုးဇာတိနှင့်၊ ပုရိသစစ်၊ ယောက်ျားဖြစ်သည်၊ အသိ- ဖြစ်ပါ၏လော။ (သင်သည် ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသလား?) (အာမဘန္တေ- ယောက်ျားစင်စစ် ဧကန်ဖြစ်ပါသည်ဘုရား) (၄) ဘုဇိသာ အတ္ထ ဘုဇိေဿာ- သူ့ကျွန်သူ့ကျေး၊ ခင်းမှုရေးကြောင့်၊ ထွက်ပြေးကြဉ်ဖဲ၊ ခေါ်ငင်ဆဲတွင်၊ ရှောင် လွှဲမဖြစ်၊ တော်လှန်စစ်သည်၊ အသိ- ဖြစ်ပါ၏လော။ (သင်သည် သူ့ကျွန်အဖြစ်မှ လွတ်ပါသလား?) (အာမဘန္တေ- သူ့ကျွန်အဖြစ်မှ လွတ်ပါသည်ဘုရား) (၅) အဏဏ အတ္ထ အဏဏော- ယခုအခါ၊ သူ့ဥစ္စာကို၊ များစွာယူချေး၊ ကြေအောင်ပေး၍၊ မြီကျွေးမတင်၊ သန့် ရှင်းစင်သည်၊ အသိ- ဖြစ်ပါ၏လော။ (သင့်သည်

သူတစ်ပါးတို့ထံမှ ငွေကြေးဥစ္စာ ချေှးငှါးထားပြီး ကျေအောင် ပြန်ဆပ်ပြီးပြီလား?) (အာမဘန္တေ- သူ့ကျွေးမတင် ကြွေးသန့်ရှင်း ကင်းစင်ပါသည်ဘုရား) (၆) နတ္ထ ရာဇာဘဋာ ရာဇာဘဋော- မင်းပါးစိုးခွင်၊ ချဉ်းကပ်ဝင်၍၊ အစဉ်လှုပ်ရှား၊ မင်းခစားသည်၊ န အသိ- မဖြစ်ဘဲ ရှိပါ၏လော။ (သင်သည် မင်းခစားအဖြစ်မှ လွတ်မြောက်ပါသလား?) (အာမဘန္တေ- မင်းခစားဘ၀မှ လွတ်မြောက်ပါသည်ဘုရား။) မှတ်ချက်။ အရပ်သားအစိုးရ၀န်ထမ်း၊ လခစားများဖြစ်ပါက ခွင့်ယူရပါမည်။ ခွင့်ရက်ရရှိမှ ရဟန်းပြုသင့်သည်။ စစ်မှုထမ်းများဖြစ်ပါက ဒုလ္လဘရဟန်းဝတ်ရန်ဟူသော အကြောင်း အရာဖြင့် ခွင့်တင်ပြီး ခွင့်ပြုချက်ကျထားပြီး ဖြစ်ရပါမည်။ (၇) အနုညာတာ အတ္ထ မာတာပိတူဟိ နာဂ- မဂ်ဖိုလ်နီးကြောင်း ပဉ္စင်းလောင်း၊ တေ- သင်ပဉ္စင်းလောင်း၏၊ မာတာပိတူဟိ- သင်၏ ကျေးဇူးဂုဏ်ရှင်၊ မိခင်ဖခင်တို့က၊ အနုညာတော- ရဟန်းပြုရန် အနူးအညွတ် ခွင့်ပြုလွှတ်သည်၊ အသိ- ဖြစ်ပါ၏လော။ (သင့်အား မိဘများက ရဟန်ပြုရန် ခွင့်ပြုကြပါသလား?) (အာမဘန္တေ- မိဘနှစ်ပါက ရဟန်းပြုရန် ခွင့်ပြုကြပါသည်ဘုရား) (၈) ပရိပုဏ္ဏ၀ီသတိဝဿာ အတ္ထ ပရိပုဏ္ဏ၀ီသတိဝေဿာ- သန္ဓေကလလ၊ ရေတည်စက၊ စ၍ချင့်တွက်၊ ဤသည့်ရက်တွင်၊ အသက်တိတိ၊ နှစ်ဆယ်ပြည့်သည်၊ အသိ- ဖြစ်ပါ၏လော။


 (သင့်ကို မိခင်က မမွေးဖွားခင် ကိုယ်ဝန်ဆောင်ထားခဲ့သောကာလနှင့် မွေးဖွားပြီး လက်ရှိအချိန် အထိကာလ နှစ်ခုပေါင်း သင့်၌ အသက်နှစ်ဆယ် ပြည့်ပါသလား?) (အာမဘန္တေ- အသက် ၂၀ ၊ ပြည့်ပါသည်ဘုရား) (၉) ပရိပုဏ္ဏံ ဝေါ ပတ္တစီဝရံ တေ- သင့်အား၊ ပတ္တစီဝရံ- သပိတ်သင်္ကန်းသည်၊ ပုဏ္ဏံ- ပြည့်စုံပါပြီလော။ (အာမဘန္တေ- ပြည့်စုံပါပြီဘုရား) (၁၀) ကိံနာမာ အတ္ထ ကိန္နာမောသိ- ဟူသော ပါဌ်ဖြင့်
မိမိ၏အမည်ကို မေးလျှင်- [အဟံ ဘန္တေ နာဂေါ နာမ- (ဘန္တေ- အရှင်ဘုရား၊ အဟံ- တပည့်တော်သည်၊ နာဂေါ နာမ- နာဂအမည်ရှိပါသည်ဘုရား)] (တပည့်တော်၏အမည်သည် “နာဂ”အမည် ရှိပါသည်ဘုရား) ကောနာမောတေ ဥပဇ္ဈာယော- ဟူသော ပါဌ်ဖြင့် မိမိ၏ ဥပဇ္ဈာယ်ဆရာတော်ကို မေးလျှင်- [ဥပဇ္ဈာယော မေ ဘန္တေ အာယသ္မာ တိဿတ္ထေရောနာမ (ဘန္တေ- အရှင်ဘုရား၊ မေ- တပည့် တော်၏၊ ဥပဇ္ဈာယော- ဥပဇ္ဈာယ်ဆရာသည်၊ အာယသ္မာ တိဿတ္ထေရောနာမ- အရှင်တိဿ မထေရ်အမည်ရှိပါသည်ဘုရား)] (တပည့်တော်၏ဆရာ့အမည်သည်အရှင်တဿမထေရ်အမည် ရှိပါသည်ဘုရား) ဤသည်မှာ သိမ်တွင်း၌ မေးပုံနှင့် ဖြေကြားပုံများဖြစ်၏။ ထိုသို့ မေးသောအခါများတွင် ဖြေ ကြားရမည်မှာလည်း ဖြေကြားပုံအတိုင်းသာဖြစ်၏။ မှန်သည်မှားသည်အရေးမကြီး ဤအတိုင်း ဖြေကြားရမည်ဆိုသောကြောင့် မိမိ၌ပြည့်စုံထားရမည့်အချက်တို့ကို မပြည့်စုံပါဘဲ လိမ်ညာဖြေ ကြားလျှင် အစတည်းက မုသာဝါဒကံနှင့် စမိနေသလိုဖြစ်နေပေမည်။ “အစကောင်းမှ အနှောင်းသေချာ”ဆိုသလို အစတည်းက သန့်ရှင်းကောင်းမွန် နေရန် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။ ရဟန်းသိက္ခာတော်တင်ပေးမည့် ဆရာတော်များအနေဖြင့်လည်း ရဟန်းဝတ်ရန်လာကြသူများ ကို သင်ပေးပါလိမ့်မည်။


 သို့သော် တချို့ကျောင်းများ၌ ဒုလ္လဘရဟန်းဝတ်ရန်လာကြသူများ အလွန်များလှသောကြောင့် သေချာကျ န သင်ချိန်မရ၍ မိမိတို့အနေဖြင့် ကြိုတင်သိရှိထားလျှင် ပို၍ကောင်းသည်။ သိက္ခာတော် တင်ပေးကြမည့် ရဟန်းတော်များသည် အနည်းဆုံး ငါးပါး ရှိ ထားကြပြီး မိမိတို့ကို ရဟန်းခံ အစီအစဉ်အတိုင်း လုပ်ဆောင်သွားကြပါလိမ့်မည်။ ထိုသို့ စီစဉ်တကျ လုပ်ဆောင်တိုင်း၌ လေးနက်စွာ ဆင်ခြင်နေသင့်သည်မှာ ရဟန်းမဖြစ်သေးခင်၌ “ငါသည် မြင့်မြတ်သောရဟန်းဘောင်သို့ မကြာခင်ရောက်ရတော့မည်၊ လူဘောင် လူ့အလုပ် စွန့်ရတော့မည်။”၊ ရဟန်းအဖြစ်ရောက်သွားသောအခါ၌လည်း “ငါသည် မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ခဲ့ချေပြီ။ လူတွေကဲ့သို့ မနေအပ်တော့။”ဟူ၍ ၀မ်းမြောက်ပီတိ ဖြစ်နေ ရပါမည်။ ရဟန်းအဖြစ်သို့တင်ရန် ပထမ ကိုရင်အဖြစ်တင်၊ ပြီးနောက် ရဟန်းအဖြစ် သိက္ခာတော်များ တင်ခြင်း အစဉ်တကျလုပ်ဆောင်ရာတွင် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရ မည်ဖြစ်၏။ အာဖျားလျှာဖျားလေးဖြင့် ရွတ်ဆို၍မသင့်ပေ။

ဆရာတော်များ၏ ကမ္မ၀ါစာ ရွတ်ဆို တော်မူခြင်းကိုလည်း လေးနက်စွာနာကြားရပါမည်။ ရွတ်ဆိုသောပါဠိအဓိပ္ပါယ်တို့ကို နား မလည်သော်လည်း ဘုရားရှင်ဆုံးမထားခဲ့သော ၀ိနည်း(စည်းကမ်း)များအတိုင်း မိမိကို ရဟန်း အဖြစ် သိက္ခာတော်များ တင်ပေးနေကြသည်ဟူ၍ နှလုံးသွင့်ဆင်ခြင်သင့်၏။ အဓိပ္ပါယ်တို့ကို သိရှိက ပိုကောင်း၏။ ကမ္မ၀ါစာရွတ်ဆိုကြသော ရဟန်းတော်များ၏ ဌာန်ကရိုဏ်းကျနစွာ ရွတ်ဆိုသံများကို ကြားရပါမည်။ ပထမတစ်ခေါက်ဖြင့် ဌာန်းကရိုဏ်မကျသော စာလုံးများ ပါခဲ့ခြင်းမဖြစ်ရအောင် ကမ္မ၀ါစာကို နှစ်ခေါက် ရွတ်ဆိုကြသည်။ အမြဲတမ်းဝတ်မည့် ရဟန်း လောင်းဖြစ်လျှင် သုံးခေါက်ရွတ်ဆိုကြ၏။ သိမ်မှအထွက် သိမ်ဆွမ်းလောင်းလှူကြသော ဒကာဒကာမများလည်း တွေ့ကြုံရတတ်ပေ သည်။ ထိုအခါတွင်လည်း သာယာတပ်မက်ခြင်းမဖြစ်စေရန် နှလုံးသွင်းသင့်၏။ သိမ်ဆင်း ဆွမ်းလောင်းနေကြသော ဒကာဒကာမတို့ကို မေတ္တာပို့ပေးနေရမည်။ “မိမိကိုခင်လို့ ကျွေးသည်”ဟူ၍ နှလုံးမသွင်းသင့်။

ဒကာဒကာမတို့သည် သံဃာတော်အရှင်သူမြတ်တို့ကို ကြည်ညိုကြသောကြောင့် သာသနာတော်စည်ပင်ကြောင်း “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” စသည့် ရှင်လေးပါးမှ ဆွမ်းအလှူဒါနဖြင့် ကုသိုလ်ယူလိုသောကြောင့်၊ လယ်ယာမြေကောင်း ဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ထံ၌ ကုသိုလ်မျိုးစေ့များ လာရောက်စိုက်ပျိုးနေကြ သည်ဟုဆင်ခြင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေရန် ရဟန်းကျင့်ဝတ်ဖြင့် ပြည့်စုံစွာရှိနေရ ပေမည်။ “ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး”စသည့် ပစ္စည်းလေးပါး မသုံးဆောင်ခင်တို့၌လည်း နှလုံးသွင်း ဆင်ခြင်ရန် ကမ္မဋ္ဌာန်းများရှိပါသည်။ ၎င်းကမ္မဋ္ဌာန်းတို့ကိုလည်း အလေးအနက်ထား ဆင်ခြင် ပွါးများရပါမည်။ သီရိလင်္ကာ၌ သံဃရက္ခိတမထေရ်ကြီး၏ ကျောင်းတွင် ခုနစ်နှစ်သား ကိုရင်လေး ဆွမ်းစားရန်ပြင်နေချိန်တွင် ပန်းကန်သံများကို ကြားနေရသော သံဃရက္ခိတ မထေရ်ကြီးက ကိုရင်လေးကို သတိပေးစကား ပြောကြားလိုက်သည်မှာ “လျှာအပူလောင်မယ်၊ သတိထားစား”ဟူ၍ဖြစ်၏။ ကိုရင်လေးလည်း သတိဝင်ပြီး ဆွမ်း၌ဆင်ခြင်ရမည့် ကမ္မဋ္ဌာန်းကို ဆွမ်းမစားခင် ဆင်ခြင်ရာတွင် ခန္ဓာဉာဏ်ရောက် တရားပေါက်၍ ကိလေသာကုန်ခန်းကာ ရဟန္တာဖြစ်ခဲ့သည်မှာ ဆွမ်းမစားခင် ဆွမ်း၌ဆင်ခြင်ရမည့်ကမ္မဋ္ဌာန်းကို လေးနက်စွာဆင်ခြင်ခဲ့ သောကြောင့်ဖြစ်၏။

ထို့ကြောင့် “ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး” ပစ္စည်းလေးပါး မသုံးဆောင် ခင်တိုင်း၌ ရဟန်းတော်များအနေဖြင့် အလှူရှင်များကို မေတ္တာပို့ခြင်း၊ မသုံးဆောင်ခင် ဆင်ခြင် ပွါးများရသည့်ကမ္မဋ္ဌာန်းတို့ကို မပျက်မကွက် ဆင်ခြင်နှလုံးသွင်းကြရပေသည်။ ပစ္စည်းလေးပါးဆင်ခြင်ပုံတို့ကို ပါဠိတော်ဖြင့် ဆင်ခြင်ရန် အခက်အခဲရှိကလည်း မြန်မာလို ဆင်ခြင်နိုင်ပေသည်။ ဆင်ခြင်ပွါးများရာ၌ အနက်အဓိပ္ပါယ်ကို သိရှိနားလည်ထားရန်သာ လိုရင်းဖြစ်ပါသည်။ ထိုဆင်ခြင်ပုံများကို သေချာကျက်မှတ်ထားသင့်၏။ သင်္ကန်း၌ဆင်ခြင်ပုံ ပါဠိ။ “ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဟိရိကောပိနပ္ပဋိစ္ဆာဒနတ္ထံ။” (မြန်မာ။ “ကင်းမြွေလွှဲသုန်၊ ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း သုံးဆောင်ပါ သတည်း။”) ကျောင်း၌ဆင်ခြင်ပုံ ပါဠိ။ “ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဍံသ မကသ ၀ါတာတပ သရီသပ္ပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေ၀ ဥတုပရိဿယ ပိနောဒနပ္ပဋိသလ္လာနာရာမတ္ထံ။” (မြန်မာ။ “ချမ်းပူ ကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကြမ်း၊ မသန့်ကင်းစင်၊ စိတ်ကြည်လင် ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။” ဆွမ်း၌ဆင်ခြင်ပုံ ပါဠိ။ “ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေ၀ါမိ၊ နေ၀ ဒ၀ါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ၀ိဘူသနာယ၊ ယာဝဒေ၀ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ၊ ၀ိဟိံသူပရတိယာ ဗြမစရိယာ နုဂ္ဂဟာယ၊ ဣတိ ပုရာနဉ္စဝေဒနံ ပဋိဟင်္ခါမိ၊ န၀ဉ္စ ဝေဒနံ န ဥပါဒေဿာမိ၊ ယတြာ စ မေ ဘ၀ိဿတိ၊ အန၀ဇ္ဇာတာ စ ဖာသုဝိဟာရော စ။” (မြန်မာ။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာ ဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင် ဟု၊ သုံးဆောင်မှီဝဲပါသတည်း။”

 ဆေးပစ္စည်း၌ဆင်ခြင်ပုံ ပါဠိ။ “ပဋိသင်္ခါ ယောနိသော ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ ပဋိသေ၀ါမိ၊ ယာဝဒေ၀ ဥပ္ပာန္နာနံ ဝေယျာဗျာဓိကာနံ၊ ဝေဒနာနံ ပဋိဃာတာယ၊ အဗျာပဇ္ဇာ ပရမတ္တာယ။” (မြန်မာ။ “ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်ရှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာရွှင်လန်း၊ ကျင့်ဖြည့်စွမ်းနိုင်ဖို့ ရည်မှန်း သုံးဆောင်ပါသ တည်း။” အခြားအသုံးအဆောင်တို့၌ဆင်ခြင်ပုံ “ဖိနပ်ဆီမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊ အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုတ်ဆူးငြောင့်၊ မနှောင့်ဘေးကျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊ အားအင်ပြည့်မာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။” ထိုပစ္စည်းလေးပါးတို့မှာ ရဟန်းတော်များအတွက် “ရှင်လေးပါး”တို့ဖြစ်ကြပြီး “သေလေးပါး”မှာ ပါရာဇိကလေးပါးတို့ဖြစ်ကြ၏။ ပါရာဇိကအာပတ်သင့်မိသွားလျှင် အာပတ်ဖြေလို့မရသော ကြောင့် ရဟန်းမဟုတ်တော့ပေ။ ထို့ကြောင့် “သေလေးပါး” ဟုခေါ်ခြင်းဖြစ်၏။

 ပါရာဇိက အာပတ်များ ကျူးလွန်မိသွားလျှင် သင်္ကန်းဆင်မြန်းထားသော်လည်း ရဟန်းအဖြစ်၊ ရဟန်းဘ၀ မဟုတ်တော့ပေ။ ထို့ကြောင့် ရဟန်းတော်များအတွက် လုံးဝ သိရှိနားလည်းထားရမည့် အာပတ်များ ဖြစ်ကြပေသည်။ ပါရာဇိကလေးပါးတို့မှာ- (၁) မေထုန ပါရာဇိက- မေထုန်ဟူသော မမြတ်သောအကျင့်ကိုကျင့်ခြင်း။ (တစ်နည်းနည်းဖြင့် မေထုန်မှီဝဲလျှင် ပါရာဇိကကျ၏။) (၂) အဒိန္နဒါန ပါရာဇိက- သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ (တစ်မတ်တန်၊ တစ်မတ်အထက် ထိုက်တန်သောပစ္စည်းကိုယူလျှင် ပါရာဇိကကျ၏။) (၃) မနုဿဝိဂ္ဂဟ ပါရာဇိက- လူစင်စစ် အသက်ကိုသေစေလိုသောစိတ်ဖြင့်သတ်ခြင်း။ (ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။) (၄) ဥတ္တရိမနုဿဓမ္မ ပါရာဇိက- မရသေးသောဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ဟောပြော ခြင်းတို့ဖြစ်ကြ၏။ အခြား သတိထားရမည် အာပတ်များမှာ လိမ်ညာပြောခြင်း၊ အချင်းချင်း ကွဲပြားရန်၊ ချစ်ခင်မှု ပျက်ပြားရန်ပြောဆိုမိခြင်း၊ တစ်မိုးတစ်ရံတည်းသော ကျောင်း၊ အိမ်တို့၌ မာတုဂါမ (အမျိုးသမီး) ရှိနေလျက်အိပ်ခြင်း (မှတ်ချက်။ ဒုလ္လဘ၀တ်ပြီး အိမ်ပြန်အိပ်တတ်ကြရာ မိမိ၏ အမိ၊ အစ်မ၊ ညီမကအစ မာတုဂါမရှိတဲ့ အိမ်၊ ကျောင်းတို့၌

မအိပ်ကောင်း)၊ မြေကြီးကိုတူးဆွ ခြင်း၊ မြက်ခုတ်၊ ပေါင်းရှင်း၊ မြေတူး၊ မြေဖို့ပြုလုပ်ခြင်း၊ သစ်ပင်ကို ချိုးဖဲ့ဖျက်ဆီးခြင်း၊ ပြစ်မှုကျူး လွန်သောကြောင့် စစ်ဆေးမေးမြန်သည့်အခါ အလွဲအချော် မတော်တာပြောခြင်း၊ မဖြေဘဲနေ ခြင်း၊ သံဃိက (အများပိုင်) ပစ္စည်းများကို မသိမ်းဆည်းခြင်း၊ မပန်ကြားဘဲ တခြားနေရာသို့ သွားခြင်း၊ ပိုးရှိသောရေကိုသောက်သုံးမိခြင်း၊ နေ့လွဲညစာစားခြင်း၊ အကပ်မခံဘဲ သုံးဆောင် ခြင်း၊ အချင်းချင်း ကလိထိုးကစားခြင်း၊ မာတုဂါမနှင့် တိုင်ပင်ပြီး တစ်ခရီးတည်း အတူသွားခြင်း၊ ဆရာသမား၊ ကျောင်းရှိ ထင်ရှားသည့်ရဟန်းတစ်ပါးပါးကို မပန်ကြားဘဲ မွန်းလွဲပိုင်း၊ ညပိုင်း တို့မှာ ရွာထဲ၊ မြို့ထဲသွားခြင်း စသည်တို့ကို ကျူးလွန်မိလျှင် ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် သတိထားဆင်ခြင်သင့်လှပေသည်။ ရဟန်းတော်တို့၏ အာပတ်သင့်ခြင်းအကြောင်းခြောက်ပါးဖြစ်သည့် (၁) အလဇ္ဇိတာ- အရှက် မရှိခြင်း၊ (၂) အညာဏတာ- သိက္ခာပုဒ်ကိုမသိခြင်း၊ (၃) ကုက္ကုစ္စပကတတာ- ယုံမှားသံသယ ရှိခြင်း၊ (၄) အကပ္ပိယေ ကပ္ပိယသညိတာ- မအပ်သည်ကို အပ်သည်ဟုအမှတ်ရှိခြင်း၊ (၅) ကပ္ပိ ယေ အကပ္ပိယသညိတာ- အပ်သည်ကို မအပ်ဟု အမှတ်ရှိခြင်း၊ (၆) သတိသမ္မောသတာ- သတိတွေဝေခြင်း စသည်တို့ကြောင့် တစ်နည်းနည်းဖြင့် အာပတ်များ ကျူးလွန်မိတတ်ကြပေ သည်။

ယခုခေတ်ဆိုလျှင် ရဟန်းတော်များ ခရီးသွားရာ၌ ခရီးစရိတ်အဖြစ် ငွေသားများကို ကိုင်ကြရပေသည်။ ရဟန်းတော်များအနေဖြင့် တချို့အာပတ်များကို အာပတ်သင့်မှန်းသိထား သော်လည်း မဖြစ်သာသောအခြေအနေများကြောင့် ကျူးလွန်ချင်သောစိတ်မရှိဘဲ ကျူးလွန် နေမိခြင်းဖြစ်ကြ၏။ ထိုသို့ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်သောသီလတော်မြတ်များ ကို သတိထားကာ စောင့်ရှောက်ကြပါသော်လည်း ဖော်ပြပါအကြောင်းခြောက်ပါးထဲမှ တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ကြသောကြောင့် ပါရာဇိကအာပတ်လေးပါးမှတစ်ပါး အခြား အာပတ်များကို ဖြေရန်နည်းလမ်းများဖြင့် အာပတ်ဖြေကြရသည်၊ ဒေသနာကြားကြရပေသည်။ ဒုလ္လဘရဟန်းဝတ်ကြသော အမျိုသားကောင်းတို့အနေဖြင့်လည်း မြတ်သောကုသိုလ်ကောင်းမှု တို့ကို ဖြည့်ဆည်းကြရာတွင် အနည်းငယ်သောပြစ်မှုများကို တစ်ရက်တစ်ရက် ကျူးလွန် မိတတ်ကြရာ သိမ်အတွင်း သံဃာတော်များ ဘုရားဝတ်တက်ချိန်တို့၌ ဒေသနာကြား (အာပတ် ဖြေ)တတ်ရမည်။ ထို့ကြောင့် ဒေသနာကြားပုံကို အရကျက်မှတ်ရန်လိုအပ်ပါသည်။

 သီတင်းငယ်က သီတင်းကြီးထံ ပြောကြားပုံ ငယ်။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။ (အရှင်ဘုရား၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါသည်ဘုရား) ကြီး။ သာဓု အာဟုသော သာဓု သာဓု။ (ကောင်းပေစွငါ့ရှင်၊ ကောင်းပါပေစွ) ငယ်။ အဟံ ဘန္တေ သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။ (အရှင်ဘုရား၊ အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို တပည့်တော် သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို အရှင်ဘုရားထံ၌ ပြောကြားပါသည်ဘုရား) ကြီး။ ပဿသိ အာဝုသော တာ အာပတ္တိယော။ (ထိုအာပတ်တို့ကို ရှု၏လော ငါ့ရှင်) ငယ်။ အာမ ဘန္တေ ပဿာမိ။ (မှန်ပါ၊ ရှုပါသည်ဘုရား) ကြီး။ အာယတိံ အာဝုသော သံဝရေယျာသိ။

 (နောင်အခါ [အာပါမသင့်အောင်] စောင့်စည်းပါငါ့ရှင်) ငယ်။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။ (ကောင်းပါပြီအရှင်ဘုရား၊ နောင်အခါ ကောင်းစွာစောင့်စည်းပါမည် အရှင်ဘုရား) ကြီး။ သာဓု အာဝုသော သာဓု သာဓု။ (ကောင်းပေစွ ငါ့ရှင်၊ ကောင်းပါပေစွ) သီတင်းကြီးက သီတင်းငယ်ထံ ပြောကြားပုံ ကြီး။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။ (ငါ့ရှင်၊ အလုံးစုံသော အာပတ်တို့ကို ထင်ရှားဖော်ပြပါ၏) ငယ်။ သာဓု ဘန္တေ သာဓု သာဓု။ (ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ) ကြီး။

 အဟံ အာဝုသော သဗ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလာ မတိဒေသေမိ။ (ငါ့ရှင်၊ ငါသည် အကြောင်းအမျိုးမျိုးနှင့်ဆိုင်သော များစွာသော အာပတ်အလုံးစုံတို့ကို သင့်ရောက်မိပါပြီ။ ထိုအာပတ်တို့ကို ငါ့ရှင်ထံ၌ ပြောကြားပါသည်) ငယ်။ ပဿထ ဘန္တေ တာ အာပတ္တိယော။ (ထိုအာပတ်တို့ကို ရှုပါ၏လော အရှင်ဘုရား) ကြီး။ အာမ အာဝုသော ပဿာမိ။ (ရှုပါသည် ငါ့ရှင်) ငယ်။ အာယတိံ ဘန္တေ သံဝရေယျာထ။ (နောင်အခါ [အာပတ်မသင့်အောင်] စောင့်စည်းပါ အရှင်ဘုရား) ကြီး။

သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။ (ကောင်းပါပြီငါ့ရှင်၊ နောင်ခါမှာ ကောင်းစွာစောင့်စည်းပါမည်) ငယ်။ သာဓု ဘန္တေ သာဓု သာဓု။ (ကောင်းပါပေစွ အရှင်ဘုရား၊ ကောင်းပါပေစွ) ပါဠိလို အရကျက်ထားသင့်ပါသည်။ မြန်မာလို ဒေသနာကြားကလည်း ရပါသည်။

သို့သော် ကျောင်းရှိသံဃာတော်များအနေဖြင့် ပါဠိလိုသာ ဒေသနာကြားလေ့ရှိကြသဖြင့် အနက်သိထား ပြီး ပါဠိလိုဒေသနာကြားနိုင်ရန် ဒုလ္လဘရဟန်းမ၀တ်ခင် အရကျက်ထားသင့်၏။ အာပတ်ဖြေ ကြားပြီးမှ တရားအားထုတ်လျှင် ပို၍ သင့်တော်ကောင်းမွန်သည်။ အာပတ်သင့်ထားသော ရဟန်းတော်တစ်ပါးအနေဖြင့် သင့်ထားပြီးသောအာပတ်ရှိလျက်နှင့် တရားအားထုတ်က မည်မျှ ပင် ကြိုးစားအားထုတ်ပါသော် တရားမရနိုင်ပေ။ ထို့ကြောင့် တရားအားထုတ်ခါနီးတိုင်း သံသယကင်းစင်ပြီး စိတ်ကြည်လင်ကာ သမာဓိတရား လျင်စွာဖြစ်နိုင်ရန်အတွက် အာပတ်ဖြေ ကြားပြီးမှ တရားအားထုတ်ပါလေ။ ဒုလ္လဘ၀တ်စဉ်အချိန်ကာလ ရက်ပိုင်းလေးမှာ ရဟန်းတော်စိတ်ဖြင့် အမြဲနေသင့်၏။

ရပ် အကြောင်း၊ ရွာအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်းများ မပြောမိစေရန် အထူးပင် သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူဝတ်ဘ၀ဖြင့်နေစဉ်က အချင်းချင်းတွေ့ လိုက်သည်နှင့် စကားစမြီများ လက်စုံကျကာ ဟိုအကြောင်း သည်အကြောင်း ရောက်တတ်ရာ ရာ ပြောတတ်ကြသည့်အကျင့်ဆိုးများ ပါလာတတ်ကြရာ အချင်းချင်းတွေ့လိုက်သည်နှင့် ရဟန်းစိတ်ပျောက် လူစိတ်ရောက်ကာ ပြောမိတတ်ကြ၏။ လူ့ဘ၀တုန်းက စကားပြောရင်း ပုဆိုးကို ပေါင်အထိ မြှောက်တတ်သည့်အကျင့်များလည်းရှိခဲ့ကြရာ သင်္ကန်းကိုလည်း ပုဆိုးအမှတ်ဖြင့် ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် အထူးပင်ဆင်ခြင်သင့်လှ၏။

သင်္ကန်းကို အဟရတ္တဓဇ- အဟတ္တဖိုလ်၏အောင်လံဟု ခေါ်ဆိုသောကြောင့် အထူးပင် အလေးအနက် ထားသင့်ပေသည်။ နေကထိုင်မပါဘဲ ကြမ်းပြင်မှာထိုင်ခြင်းမျိုးလည်း မပြုလုပ်ရပေ။ လူ့ဝတ်တုန်းက ညထမင်းကို ဖွယ်ဖွယ်ရာရာချက်၍ အဓိကထား စားကြသည်ဖြစ်ရာ ဒုလ္လဘ ၀တ်စဉ်၌ ညအချိန်ဗိုက်ဆာသဖြင့် ချဉ်းသုတ်လေးစားချင်၊ ပေါင်မုန့်လေးဝါးချင်၊ ကော်ဖီလေး သောက်ချင်ဖြစ်လာကာ မနေနိုင်မထိုင်နိုင်ဖြစ်လာတတ်ကြ၏။

စာရေးသူ ဆရာတော်ဦးဇ၀န ၏ မှော်ဘီမြို့နယ်ရှိ သုဒ္ဓ၀ိပဿနာကျောင်းတွင် ဒုလ္လဘ၀တ်ခဲ့စဉ်က တွေ့ခဲ့ရသည့် ဒုလ္လဘ ရဟန်းတစ်ပါးကြီးဆိုလျှင် “ဗိုက်ဆာလို့လည်း ဘေးနားမှာ ၀ယ်စားစရာ ဆိုင်မရှိ၊ လူသူနဲ့လည်း ဝေးလှလိုက်တာ၊ တခြားကျောင်းပြောင်းချင်တယ်”ဟူ၍ အတူလာခဲ့ကြသော မိတ်ဆွေ ဒုလ္လဘ များထံ လာရောက်ညည်းညူရှာလေ၏။

မိတ်ဆွေရဟန်းများက ဖျောင်းဖျောင်းဖျဖျ ပြောဆို ပေးပြီး နှစ်သိမ့်ရရှာလေသည်။ ကျောင်းသို့ တရားစာအုပ်များယူဆောင်လာသင့်၏။ စိတ်များတည်ငြိမ်မှုဖြစ်စေရန် တရား စာအုပ်များကို ဖတ်နေသင့်သည်။ မိမိမေးလိုသော တရားနဲ့ပတ်သက်သည့် မေးခွန်းများကို လည်း ကျောင်းရှိသံဃာတော်များထံ မေးလျှောက်သင့်၏။

မိမိအား ဆုံးမစကားများ ဟောကြား ပါကလည်း အလေးအနက်ထား နာကြားရမည်။ ရဟန်းတော်တို့စည်းကမ်း၌ အသက်ကြီးခြင်း၊ ခေတ်ပညာတတ်မြောက်ခြင်းတို့နှင့် အထက်အောက် သတ်မှတ်သည်မဟုတ်ပေ။ သိက္ခာတော် အကြီးအငယ်အလိုက် နေရာထိုင်ခင်း ထိုင်တာကအစ ၀ါစဉ်အလိုက်ထိုင်ကြရ၏။ အချင်းချင်း စကားပြောရာတွင်လည်း “တင့်ပါ့ဘုရား၊ အရှင်ဘုရား”စသည်ဖြင့် ပြုမှုနေထိုင်ကြပြီး အရိယာ သင်္ကန်းဆင်မြန်းထားကြသူများပီပီ ယဉ်ကျေးသိမ်မွေ့လှ၏။ တစ်ဦးနှင့်တစ်ဦး အလေးအနက် ထားကြ၏။

ဘုရားသားတော်များ ပီသကြသူများဖြစ်ကြ၏။ ရဟန်းတော်၏သိက္ခာတော်များကို ချရန်အတွက်လည်း သိထားရမည့်အချက်များရှိပါသည်။ ပထမရဟန်းဘ၀မှ ကိုရင်ဘ၀သို့တစ်ဆင့်၊ ပြီးမှ လူ့ဘောင်သို့ ချရ၏။ သိက္ခာတော်များ ချပေး စဉ်တွင် အသိသက်သေ သံဃာတော်တစ်ပါးနှင့် သိက္ခာတော်များချပေးသည့် သံဃာတော် တစ်ပါး အနည်းဆုံး နှစ်ပါးရှိရပါမည်။ သိက္ခာချပြီးမှ လူ့ဝတ်လဲရမည်ဖြစ်ပါသည်။ လွန်စွာ အရေးကြီးသောအချက်ဖြစ်၏။

မိမိအနေဖြင့် အလောတကြီး အိမ်ပြန်ချင်လွန်းသောကြောင့် “လူဝတ်လဲတာ ဘာကြာတာမှတ်လို့” ဆိုပြီး ကိုယ့်ဘာသာ သင်္ကန်းချွတ်၊ အ၀တ်လဲ အိမ်ပြန် ပါက ရဟန်းသိက္ခာတော်များက ကျမသွားခြင်းကြောင့် လူ့ဘောင်တွင်နေစဉ် လူအ၀တ်အစား များဖြင့် ပါရာဇိကအာပတ်များသင့်ကာ လက်ရှိဘ၀၌ မဂ်ဖိုလ်လည်းဆုံးရှုံး၊ နောင်သံသရာတွင် လည်း ဆင်းရဲဒုက္ခ ပင်လယ်ဝေရမည့် အဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ထို့ကြောင့် ရဟန်း သိက္ခာတော်များကို စနစ်တကျချပြီးမှ လူ့ဝတ်လဲ၊ ငါးပါးသီလခံယူဆောက်တည်ကာ ရဟန်း ၀တ်ခဲ့စဉ်က အသိတရားများကို အစဉ်အမြဲသိရှိနားလည်ကာ နိဗ္ဗာန်မရောက်မချင်း နိဗ္ဗာန်သို့သွား အားလုံးသောသံသရာ့ခရီးသွားတို့သည် ဆက်လက်သွားရန် ကျန်သေးသည် ဟူသောအသိဖြင့် ခရီးနှင်ကြရပေဦးမည်။ ဤမျှဖြင့် ဒုလ္လဘရဟန်းခံရန် ရည်သန်ထားကြသူများအတွက် ပြင်ဆင်ရန်အချက်များ အတော် အသင့် ပြည့်စုံလောက်ပြီဟု ယူဆမိပါသည်။

 လိုတာများလည်း ရှိပါဦးမည်။ လိုအပ်သည်များ ကိုလည်း ဖြည့်စွက်ပြင်ဆင်ထားကြပြီး သာသနာတော်တွင်းကာလမှာသာ ဖြည့်ကျင့်တော်မူ နိုင်သည့် ပါရမီကုသိုလ်ထူးများကို စနစ်ကျမှန်ကန်စွာ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။ ဓမ္မမိတ်ဆွေအားလုံး၊ သတ္တ၀ါအနန္တအားလုံး ဘေးရန်ကြောင့်ကြ၊ ဆင်းရဲကင်းပြီး၊ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကာ အစွဲမကျန် ပြည်နိဗ္ဗာန်သို့ အရောက်ချီနိုင်ကြပါစေ။ (ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု) စာရေးသူ - ထွန်းထွန်းလှိုင် ၊ အချိန် - 4:18 PM Ordination (ဒုလ္လဘရဟန်းဝတ်လျှင် အထူးဆင်ခြင်) by Htun Htun Hlaing (ထွန်းထွန်းလှိုင် )

Sunday, January 1, 2012

ထိရှသည့် နှစ်သစ်နှင့် သီတဂူ

၂၀၁၂ခု၊ဇန္နဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာ့ပြက္ခဒိန်အရ ၁၃၇၃ခု၊ပြာသိုလ်လဆန်း ၈ ရက် ဥပုသ်နေ့.. မိမိအတွက်လတ်ဆတ်သစ်လွင်နေတဲ့ နှစ်သစ်ရဲ့ နေ့သစ်၊ ထူးခြားတဲ့နေ့သစ်၊ ကုသိုလ်များဖြင့် ပြည့်ဝခဲ့သည့်နေ့သစ်ဟု ဆိုနိုင်မည်ထင်သည်၊

၂၀၁၀ခု ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မိမိနေထိုင်ရာ မီနီဆိုးတားပြည်နယ် သီတဂူဓမ္မဝိဟာရကျောင်းမှ တက္ကဆတ်ပြည်နယ် သီတဂူဗုဒ္ဓဝိဟာရကျောင်းသို့ ဝေဟင်ခရီးမှ လေယဉ်စီးပြီး ရောက်လာခဲ့သည်၊ Newyearကာလ ဈေးနှုန်းများကို ရှောင်လိုသဖြင့် လေယဉ်ခရီးကို one stop ဖြတ်ခဲ့ရာ ခြောက်နာရီကျော်ကြာအောင် စီးပြီးမှ တက္ကဆတ်သို့ရောက်လာ၏ ။

အကြောင်းမူ…သီတဂူအဓိပတိဆရာတော်ဘုရားထံ မိမိရဲ့ Report ကို ဆက်ကပ်အစီရင်ခံရင်း ဆရာတော့်နှုတ်တော်မှ မိန့်ဟသည့် လမ်းညွှန်ဆုံးမမှုကို ခံယူရန် ရောက်လာခဲ့ခြင်းဖြစ်သည်၊ တက္ကဆတ်သည် မိမိနှင့် မစိမ်းလှ၊ လေးကြိမ်ခန့် ဤနေရာသို့ ရောက်ဖူး၏ ၊ တက္ကဆတ်ဆောင်းသည် မီနီဆိုးတားဆောင်းလောက် မကြမ်းလှ၊ ညင်သာနူးညံ့သည့် အအေးဓာတ်တို့ကိုသာ ထိထိရှရှလေး ဖြန့်ကျက်နေသည်၊နေချင်စဖွယ်အကောင်းဆုံး အချိန်ဟု ဆိုနိုင်လောက်၏၊

ထို့ထက်ထူးခြားနေသည်က.. သီတဂူဗုဒ္ဓဝိဟာရမှာ ဒေါက်တာဩသဓသာရ(ဘော်လ်တီမိုး)၊ဒေါက်တာအရိယ(သီတဂူဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော်)၊ဒေါက်တာ စန္ဒာသီရိ(ဖလော်ရီဒါ)၊အရှင်ဝိသုတ(ဟာဝိုင်ယီ) တို့လဲ ဆရာတော်ကြီးထံ ရောက်နှင့်နေကြ၏၊ ဆရာတပည့်များ စုံညီစွာတွေ့ရသည်မှာ ဝမ်းသာဖွယ် ကြည်နူးဖွယ်ဖြစ်၏ ။နှစ်သစ်ရဲ့ မင်္ဂလာမြင်ကွင်း သို့မဟုတ် လာခြင်းကောင်းသော နှစ်သစ် နေ့သစ်ဟု ဆိုနိုင်ပါ၏ ။

ထို့ထက်ပို၍ .သီတဂူအဓိပတိဆရာတော်ဘုရား၏ လမ်းညွှန်ပြ ဆုံးမစကားတွေကို နာကြားခွင့်ရခြင်းကမိမိတို့အတွက် ၂၀၁၂ နှစ်မှာ အထူးခြားဆုံး ထိရှသည့် အေးမြသည့် လက်ဆောင်မွန်များဖြစ်နေခဲ့၏၊နှစ်သစ်ရဲ့ ထူးခြားသည့်အတွေ့အကြုံများဟုလဲ ဆိုနိုင်လောက်ပါသည်၊
တက္ကဆတ်ပြည်နယ်ရှိ သီတဂူဗုဒ္ဓဝိဟာရကျောင်းသည် ၁၆ဧကခန့်ကျယ်ဝန်း၏၊

တက္ကဆတ်လေယဉ်ကွင်းမှ နာရီဝက်ခန့်မောင်းလျှင် ရောက်နိုင်သည့်နေရာဖြစ်၏၊ ဆိတ်ငြိမ်အေးချမ်း၏၊ သမင်ငယ်လေးများ ယုံလေးများ ဤကျောင်းအတွင်းမှာ သွားလာ စားသောက်နေသည်ကို တွေ့မြင်နိုင်၏၊ လူနေအိမ်များနှင့် မနီးမဝေးတွင် တည်ရှိသဖြင့် မဝေးလွန်း မနီးလွန်းဆိုသည့် ကျောင်းအင်္ဂါရပ်နှင့် ပြည့်စုံသည့် နေရာဟု သတိပြုမိ၏

မြန်မာ့ယဉ်ကျေးမှုဗဟိုဋ္ဌာနဖြစ်စေရမည်..ဆိုသည့် သီတဂူအဓိပတိဆရာတော်ကြီးရဲ့ ရည်မှန်းချက်အတိုင်း -ကျောင်းပေါက်ဝသို့ ရောက်ရှိလျှင်ပင် ပေ ၇၀ခန့်ရှိ တည်ဆောက်ဆဲ ရွှေစည်းခုံစေတီတော်ကို ဖူးမြင်ရ၏၊ ခရီးဝေးမှ ရောက်လာသူတို့၏ ရင်ကို အအေးဓာတ်ပေး၍ ကမ်းလင့်ကြိုဆိုနေခြင်းပင်၊ ရွှေစည်းခုံသည် ထေရဝါဒ သာသနာပြုသမိုင်းမှတ်တိုင်၊ ရွှေစည်းခုံသည် ပုဂံနှလုံးသွေးမှ စီးဆင်းသည့် ဗိသုကာပုံစံ၊ ရွှေစည်းခုံသည် ပင်းယ အင်းဝ ကုန်းဘောင် ခေတ်အဆက်ဆက်ကိုကျော်လွှားကာ ပုံစံတစ်ခုတည်းဖြင့် ရပ်တည်လာခဲ့ခြင်း စသည့် ထူးခြားသည့် ဂုဏ်ရည်များကြောင့် ရွှေစည်းခုံသည် အမေရိကန်မြေဝယ် ပထမဆုံး တည်ထားခဲ့သည့် တဆူတည်း တနေရာတည်းတွင်ရှိသော စေတီတော်မြတ်လည်း ဖြစ်ပါ၏ ။ နောင်တချိန်တွင် တက္ကဆတ်ပြည်နယ်၏ Land mark ဖြစ်လာမည်မှာ သေချာလှ၏ ။ ရဲရင့်သူတို့၏ သစ္စာနှလုံးသားပိုင်ရှင်တို့သည် ကမ္ဘာမြေကြီးအတွက် သမိုင်းခြေရာ ချန်ထားခဲ့မြဲပင် မဟုတ်ပါလော ၊

စေတီတော်ကြီး၏ တောက်ဖက်တွင် သီတဂူဓမ္မမိဗာန်တော်ကြီးကိုတွေ့မြင်ရ၏ ၊ ထူးခြားလှ ခန်းငြားလှ၏ ၊ ကျန်စစ်သား၊အလောင်းစည်သူ၊ နရပတိစည်သူမင်းတို့၏ ပုဂံခေတ် အစောပိုင်းလက်ရာ ပန်းချီ ပန်းပု ပန်းတည်း ပန်းတိမ် ပန်းပွတ် ပန်းရံ ပန်းတမော့လက်ရာများဖြင့် အထွဋ်တပ် ပြင်ဆင်ထားခြင်းဖြစ်၍ မြန်မာ့ယဉ်ကျေးမှုနဲ့ ပန်းဆယ်မျိုးအကြောင်းကို လေ့လာလိုသူတို့အတွက် တနေရာတည်းတွင်ပင် လေ့လာနိုင်ပါ၏၊ တမ္ပဝတီ ဦးဝင်းမောင် ဦးစီး၍ မွမ်းမံခြယ်သနေခြင်းလည်း ဖြစ်၏၊ ဓမ္မာရုံကြီးဘေးတွင် သီတဂူဆရာတော်၏ စံကျောင်းတော်ကိုတွေ့မြင်နိုင်ပြီး စံကျောင်းတော်၏ အရှေ့ဖက်တွင် စာကြည့်တိုက်တည်ဆောက်ထား၏။

စံကျောင်းတော်၏ တောင်ဖက်တွင် သံဃာတော်များ သီတင်းသုံးရန်ကျောင်းဆောင်ငယ်လေးများကို ဆောက်လုပ်ထား၏ ၊ တရားဘာဝနာ ကျင့်ကြံပွားများလိုသူများအတွက်လည်း ကမ္မဋ္ဌာန်းကျောင်းဆောင် COTTAGE ပေါင်း ၂၀ ကျော်ကိုလည်း ဆောက်လုပ်ထား၏ ၊ ၂၀၁၂ခု မေလပိုင်း၊ ၁၃၇၄ခု နယုန်လပြည့်နေတွင် ရေစက်ချပွဲ စည်ကားစွာ ကျင်းပနိုင်တော့မည် ဖြစ်၏ ။

သီတဂူဆရာတော်၏ သာသနာပြုလုပ်ငန်းဟု ဆိုခြင်းအတွက် တိုင်းပြည်အတွက် သာသနာအတွက်ထားရှိသည့် သီတဂူ၏ မွန်မြတ်သန့်စင်သည့် စိတ်ဓာတ်များကို တွေ့မြင်နိုင်ပေသည်၊ သန့်စင်မွန်မြတ်သည့် စိတ်ဓာတ်ဟူသည် သူတော်စင်တို့နှလုံးသားမှ ရှင်သန်ပေါက်ဖွားလေ့ရှိသဖြင့် နှစ်သစ်မင်္ဂလာအစ နေ့သစ်သည် သူတော်စင်တို့နှလုံးသွေးဖြင့် စ..တင်စီးဆင်းသင့်လှသည်၊

သူတော်စင် စိတ်ဓာတ်ထွန်းကားအောင် ကြိုးစားသင့်လှသည်၊ ထူးခြားခြင်းဟူသည် တဘဝစာဖြင့် တိုင်းတာ၍ မရစကောင်း၊ တဦးတယောက်ဖြင့် မတိုင်းတာအပ်၊ လူသားအားလုံး သတ္တဝါအားလုံးအတွက် နေ့မနား ညမနား ကြိုးစားလုပ်ဆောင်နေကြသည့် သူတော်စင်တို့နှလုံးသား၊ သူတော်စင်စိတ်ဓာတ်၊ သူတော်စင်အမူအရာတို့ ကူးစက်ခါ တတ်နိုင်သမျှ ဥာဏ်မှီသလောက် ကြိုးစား၍ စတင်ခြင်းသည်သာ အနှစ်သားပါသော အဓိပ္ပါယ်ပြည့်ဝသော နှစ်သစ်၏ နေ့သစ်၊ ထူးခြားသည့်နှစ်သစ်၊ သန့်ရှင်းလတ်ဆတ်သည့် နေ့သစ်ဟု ဆိုနိုင်မည်ထင်ပါသည်၊

တက္ကဆတ်ဆောင်းသည် မိမိတို့နှလုံးသားကို ဗဟိုရ်ပြု၍ ညင်သာစွာ တိုက်ခတ်နေလေသည်၊ မပိုမကဲသော လေနုအေးက မိမိတို့အတွက် ထိထိရှရှလေး ဖြစ်စေခဲ့သည်ကတော့ အမှန်ပင်။ ။

Friday, May 27, 2011

အလင်းထွန်းတောက်..ခရီးရောက်စေ

အလင်းထွန်းတောက်..ခရီးရောက်စေ


*တစ်ခါက

စိတ္တလ တောင်ခြေ က

မှောင်နေတဲ့ ကျောက်ဂူအတွင်း

အလင်း ဖြင့် ခရီး နှင်-----

မြေပြင်မိုးအောက်

ဖောက်ထွင်း ဖြတ်သန်းခဲ့ဘူးတယ်..။

*မကြာရ…

ဋ္ဌာန ဆိုတာပြန်ရင်း….

ပန်းတစ်ခင်း ကို လည်း စိုက်ပျိုး

ကောင်းကျိုး တွေလည်း ဝေဖြန့်

ရနံ့ တွေလည်း ဝေ ခဲ့တယ်..။

မေတ္တာ တွေလည်း ချွေခဲ့တယ်..။

*ဘဝါ ဘဝ

ချခဲ့ဘူးသော ရေစက်…

ပန္နက်ခဲ့ဘူးသော သစ္စာ …..

တော်ရာလည်းဖြစ်….ပျော်ရာဖြစ်စေ….။

သင့်ရာလည်း ဖြစ်….စေတနာ သစ်စေ…။

အရှေ့ မှ အနောက် ..လမ်းကိုဖေါက်စေ….။

ဝေနေယျ တွေ အထွေထွေ ရဲ့

အားကိုးရာအစစ် အမှန်ဖြစ်စေ..။

ဗဟိဒ္ဓ သာသနာ…အကာအနှစ်…စိစစ်နိုင်စေ..။

ဝမ်းစာဖြည့်ဆည်း ..ရွယ်တိုင်းပြီးပေါ့……

အဇ္ဈတ္တ ခရီး…..မှာ….

ပြီးပြီးမြောက်မြောက်......ဖောက်ထွက် နိုင်စွမ်း ရှိပါစေ..။

ပေါက်ပေါက်ရောက်ရောက်..............လွတ်မြောက် နိုင်စွမ်း ရှိပါစေ…။

*၂၇.၅.၂၀၁၁* တွင်ကျရောက်သော *ဘုန်းဘုန်း အရှင်တိက္ခဉာဏာလင်္ကာရ* ၏ ၃၃နှစ်ပြည့်မွေးနေ့ နှင့် သိက္ခာထပ်မင်္ဂလာ ကို ဤကဗျာ ဖြင့် ပူဇော် လိုက်ပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

Tuesday, May 17, 2011

၂၆၀၀+ ၂၅၅၅ နှင့် ကုလသမဂ္ဂ

မေလ ၁၆ ရက်၊ ၂၀၁၁ ခု တနင်္လာနေ့..၁၃၇၃ခု ကဆုန်လပြည့် နေ့

ဗုဒ္ဓနေ့ပွဲတော်ကို အင်တာနေရှင်နယ် နာမည်အနေနဲ့ Commemorating the International Day of Vesak 2600 Years of Buddhism လို့ နာမည်ပေးထားတယ်၊ ထူးခြားတဲ့ မေလရဲ့လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုရတဲ့ ရက်မြတ်မင်္ဂလာဖြစ်တာမို့ ဗုဒ္ဓနေ့ကျင်းပဖို့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေက ဆုံးဖြတ် သဘောတူခဲ့ကြတယ်. ဒီနေ့တော့ ဗုဒ္ဓနေ့ကျင်းပမယ့် မေလ ၁၆ ရက်ကို ရောက်လာခဲ့ပါပြီ ။

ဒီနေ့မနက် နယူးရောက်ရဲ့ ရာသီဥတုကလဲ မြူခိုးတွေဝေပြီး မိုးဖွဲလေးတွေကျနေတယ်၊ ကုလသမဂ္ဂမှာကျင်းပမယ့် ဗုဒ္ဓနေ့ပွဲတော်ကို အအေးဓာတ်ပေးပြီး ကြိုဆိုနေရော့သလားလို့ တွေးမိတယ် ၊မနက်ပိုင်း ၅ နာရီမှာ နယူးရောက်က လောကချမ်းသာကျောင်းမှာ စုရပ်အဖြစ်ထားရှိတဲ့ သံဃာတွေကို အာရုံဆွမ်းကယ်တယ်၊ ဆွမ်းစားပြီးတာနဲ့ Dag Hammarakjold Park ကို မော်တားကားများနဲ့ ကြွကြပါတယ် ။ မြန်မာသံဃာတော် ၃၁ ပါးကြွရောက်တယ် ၊

မိမိတို့ စုရပ်ဖြစ်တဲ့ 42 Avenue ကိုေ၇ာက်ရှိချိန်မှာတော့ နိုင်ငံတကာက သံဃာတွေ စုံသလောက်ဖြစ်နေပါပြီ ၊ နယူးရောက်ရဲ့ ၄၂ လမ်းမများပေါ်မှာ သင်္ကန်းရောင်တွေ ဖုန်းလွှမ်းနေခဲ့တယ် ၊ လိမ်မော်ရောင် အ၀ါေ၇ာင် အညိုေ၇ာင် စတဲ့ကာလာစုံသင်္ကန်းတွေဟာ ဆေးရောင်စုံ စီခြယ်ထားတဲ့ပန်းချီကားတွေလိုဖြစ်နေတယ်။ ဓမ္မညီအကို ဘုရားသားတော် သံဃာတော်များရဲ့ မျက်နှာများမှာလဲ အပြုံးကိုယ်စီဝေလို့ ။ မိုးလေး တဖြောက်ဖြောက်ကျနေတဲ့ကြားကပဲ မမောနိုင် မပန်းနိုင် ဆွမ်းလောင်းလှူဖို့ ပြင်ဆင်နေကြတဲ့ အမေရိကန်ရောက် နိုင်ငံတကာ လူမျိုးတွေရဲ့ တက်တက်ကြွကြွလှုပ်ရှားမှုတွေက သူတို့ရဲ့ အတွင်းစိတ်ကိုဖော်ပြနေကြတယ် ။ မြင်ကွင်းအားလုံး ကြည်လင်နေတယ် ၊ မြင်ကွင်းအားလုံး ငြိမ်းချမ်းနေတယ်..မြင်ကွင်းတွေ ညီမျှနေတယ်..

မနက် ၇ နာရီမှာ နိုင်ငံတကာမှ သံဃာတော်များဟာ ၄၂ လမ်းမှ ၄၇ လမ်းအထိ ညီညာစွာ စီတန်းလို့ ခြေလျင်ကြွရောက်ကြတယ်၊ မိုးလေးကတဖွဲဖွဲကျ လေနုအေးက ဖြေးဖြေးညှင်းညှင်းတိုက်ခတ်နေတဲ့ သာယာတဲ့မနက်ခင်းဟာ သံဃာတော် ၁၅၀ ရဲ့ ငြိမ်သက်တဲ့ ခြေလှမ်းများနဲ့ လှချင်တိုင်း လှနေခဲ့တယ် ၊

မြန်မာနိုင်ငံမှ သီတဂူဆရာတော် နိုင်ငံတော် သံဃမဟာနာယကချောက်ဆရာတော၊် အဝေရာ၇ာမရန်ကင်း ဆ၇ာတော်နဲ့ မြောက်ဦးဆ၇ာတော်တို့ ရှေ့ကနေဦးဆောင်ပြီး ဆွမ်းခံကြွကြတယ်..သံဃာညီညွတ်ေ၇းအတွက် သံဃာတော်များနှင့်အတူ မိုးထဲလေထဲမှာ အတူကြွေ၇ာက်တော်မူကြတာ သာသနာပြုဖို့ အားသစ်လောင်းနေတဲ့ သံဃာတော်များအတွက် အတုယူ အားကျစရာဖြစ်နေခဲ့တယ်။

. Dan Hammarskjold ပန်းခြံဝကိုေ၇ာက်တာနဲ့ နိုင်ငံတကာက ဗုဒ္ဓဘာသာဝင်မိသားစုများက ဆွမ်း ဆွမ်းဟင်းနဲ့ လှူဖွယ်ပစ္စည်းမျိုးစုံလောင်းလှူကြတယ် ဆွမ်းလောင်းချိန် တနာရီခန့်ကြာမြင့်တယ် ၊ လာရောက်လောင်းလှူသူများကလဲ ၃၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ် ။ ဆွမ်းလောင်းပြီးတာနဲ့ Dan Hammarskjold ပန်းခြံရဲ့ အနီးနားမှာ စီစဉ်ထားတဲ့ ဟိုတယ်မှာ အာ၇ုံဆွမ်းဆက်ကပ်ပါတယ် ၊ အာရုံဆွမ်းစား အပြီးမှာတော့ ကုလသမဂ္ဂ၇ုံးချုပ်ကို ကြွရောက်ကြပြီး နံနက် ၉ နာ၇ီတိတိမှာ သီရိလင်္ကာသံအမတ်ကြီးရဲ့ အခမ်းအနားဖွင့်ပွဲ အထိမ်းအမှတ်မိန့်ခွန်းပြောကြားပြီး အခန်းအနားကို ဖွင့်လှစ်ပါတယ်..

အဲဒီနောက်မှာတော့ ကြွရောက်လာကြတဲ့ သံဃာတော်များက ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းဖို့အတွက် မေတ္တာဖြန့်ချီပါတယ်..
ပရိတ်တရားရွတ်အပြီးမှာ ကုလသမဂ္ဂအတွင်းရေးချုပ် ဘန်ကီမွန်းက မိန့်ခွန်းပြောပါတယ်. သူ့အမေဟာ ဗုဒ္ဓဘာသာဝင်တဦးပါ..သူငယ်စဉ်က အမေနဲ့အတူနေပြီး ဗုဒ္ဓဘာသာထုံတမ်း စဉ်လာတွေလုပ်ခဲ့ရတဲ့အကြောင်း ကမ္ဘာကြီး အကြမ်းဖက်မှုတွေလျော့ကျသွားအောင် ဗုဒ္ဓရဲ့တရားတော်များနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောသွားပါတယ်..

သဘာပတိ သီရိလင်္ကာသံအမတ်ကြီးကတော့ အစီအစဉ်တွေဆက်ပြီး ကြေငြာနေတယ်..ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မိန့်ခွန်းပြောအပြီးမှာ ဘင်္ဂလားဒေ၇ှ်၊ ကမ္ဘောဒီးယား အိန္ဒိယ ဂျပန် လာအို နီပေါ ပါကစ္စတန် ဖီလပိုင် ကိုရီးယား ထိုင်း ဗီယက်နာမ် သီရိလင်္ကာ မွန်ဂိုလီးယားနဲ့ နောက်ဆုံး Speaker အဖြစ် မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီးက မိန့်ခွန်းပြောပါတယ်..ထူးခြားတာက နိုင်ငံအားလုံးရဲ့ သံအမတ်ကြီးတွေကြားမှာ မွန်ဂိုလီးယားနဲ့ မြန်မာ Speaker တွေက ဘုန်းတော်ကြီးတွေ ဖြစ်နေကြခြင်းပါပဲ ။

သီတဂူဆရာတော်ကြီးက ပါရမီဆယ်ပါးဖြည့်ကျင့်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မီးမောင်းထိုးပြသွားပါတယ်… သီတဂူဆရာတော်ကြီးမိန့်ခွန်းအပြီးမှာတော့ အစည်းအဝေးကို ခေတ္တရပ်နားပါတယ်. မြန်မာနိုင်ငံဖွား သံဃာတော်များကိုတော့ ကုလသမဂ္ဂအဆောက်အဦးအတွင်းမှာ ၇ှိတဲ့ ဟိုတယ် စားသောက်ဆိုင်မှာ နေ့ဆွမ်းဆက်ကပ်ပါတယ်.. သံအမတ်ကြီးအပါအ၀င် ကုလရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများ ကုသိုလ်ရှင်များက စုပေါင်းဆွမ်းဆက်ကပ်ကြပါတယ်

နေ့ဆွမ်းအပြီးမှာ ခေတ္တအနားယူကြပြီး ကုလသမဂ္ဂအဆောက်အဦးတွင်းမှာ ချိတ်ဆွဲထားတဲ့ မြန်မာ့အာဇာနည် ကုသသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဓာတ်ပုံချိတ်ဆွဲထားရာ ခန်းမကိုလေ့လာကြပြီး စာအုပ်ဆိုင် လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေကို လေ့လာကြပါတယ်.. ညနေ ၃ နာရီမှာ ကုလသမဂ္ဂဋ္ဌာနချုပ်ရဲ့ ကမ္ဘာ့အစည်းအဝေးများ ကျင်းပရာ General Assembly Hall မှာ အခမ်းအနား ဒုတိယပိုင်းကို ပြန်လည်စတင်ပါတယ်..

Interfaith Dialogue မှာ Peace,Harmony and Co-Existence ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွေးနွေးကြပါတယ်.. သဘာပတိက သတ်မှတ်ချိန်ထက် မကျော်လွန်ဖို့ ပြောတာကိုလဲ သတိထားလိုက်မိပါတယ်.. တစ်ယောက်ကို ဆယ်မိနစ် ဆယ်ငါးမိနစ် ပြောခွင့်ပေးပါတယ်..

မနက်ပိုင်း မိန့်ခွန်းပြောတဲ့အစီအစဉ်မှာတော့ သီတဂူဆရာတော်ကြီးက ပရိသတ်အားပေးမှုအများဆုံးရခဲ့တယ်.ဆရာတော်ကြီး မိန့်ခွန်းနေစဉ်မှာ သတင်းသမားတွေ ဗီဒီယို ကင်မရာသမားတွေ ၂၀ ကျော်လောက် ၀ိုင်းအုံသွားခဲ့တယ်.. နေ့လည်ပိုင်း ဆွေးနွေးပွဲမှာတော့ သီတဂူဆရာတော်ကြီးထက် သီရိလင်္ကာက ဒေါက်တာဂုဏရတန.က ပရိသတ်ရဲ့ အားပေးမှုကို ပိုရခဲ့တယ်..

ဗုဒ္ဓဘာသာရှုဒေါင့်ကနေ ဒေါက်တာဂုဏရတန.က ကမ္ဘာကြီး ငြိမ်းချမ်းရေးဖြစ်ချင်တယ်ဆို၇င် ကိုယ့်ကိုယ်ကိုယ် အရင်ငြိမ်းချမ်းအောင် လုပ်ကြရမယ်၊ ငြိမ်းချမ်းရေးဆိုတာ ကိုယ့်နှလုံးသားက လာတာပါ။ ကိုယ့်မှာရှိတဲ့ ငြိမ်းချမ်းမှုကို ပေးလို့မရဘူး..ကိုယ်ငြိမ်းချမ်းချင်ရင် ကိုယ်ပဲကြိုးစားရမှာ စသည်ဖြင့် ပုံပြင်လေးတွေညှပ်ပြီး ပြောသွားပါတယ်..ပရိသတ်တွေ သဘောအကျဆုံး ဆရာတော်ကြီးဖြစ်ခဲ့တယ် ၊

ခရစ်ယာန်ရှုဒေါင့်ကနေ Professor Paul Knitter ,Colombia University က..
ကမ္ဘာကြီးငြိမ်းချမ်းဖို့ ဗုဒ္ဓအဆုံးအမရော ဂျီးဆက် အဆုံးအမရော လိုအပ်ပါတယ်..ကျွန်တော်ကိုယ်တိုင် ဗုဒ္ဓဘာသာကိုလေ့လာတယ် လေ့ကျင့်တယ် တရားထိုင်တယ်.. ငြိမ်းချမ်းချင်ရင် တရားထိုင်လို့ ဗုဒ္ဓဘာသာက ပြောမယ် ၊ ခရစ်ယာန်ကတော့ ငြိမ်းချမ်းချင်ရင် တရားမထိုင်နဲ့ လူ့အသိုင်းအ၀ိုင်းထဲမှာ ပေးကမ်းပြီး မျှတအောင်နေလို့ ပြောမယ်.. တကယ်တော့ဗျာ ဗုဒ္ဓအဆုံးအမရော ဂျီးဆက်အဆုံးအမရော နှစ်ခုလုံးပြည့်စုံရင် ပိုကောင်းမယ်ဗျ.. သူ့လဲ ပရိသတ်ရဲ့ အားပေးမှုကို ရခဲ့တယ်..

ဟိန္ဒရှုဒေါင့်မှ Professor Sudharshan Seneviratne က… ဗုဒ္ဓက ကရုဏာ ပညာ နှစ်မျိုးနဲ့ ကမ္ဘာကြီးငြိမ်းချမ်းအောင် ဟောပြောသလို ဟိန္ဒူ teaching များကလဲ အဟိံသ..မညှင်းဆဲနဲ့ ကရုဏာထားရမယ်လို့ ပြောပါတယ်.. ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ သိပ်မကွာပါဘူး.. ကျွန်တော်တို့အတူတူပူပေါင်းပြီး ငြိမ်းချမ်းရေးဆောင်ရွက်မယ်လို့ အေးအေးဆေးဆေး ပြောသွားတယ်..ညနေ ခြောက်နာရီကျော်ကျော်မှာ ဆွေးနွေးပွဲကို ရုပ်သိမ်းကြပြီး ဗုဒ္ဓနဲ့ဆက်စပ်တဲ့ပြပွဲ Exhibition of Buddhist Art, Artifacts and Photos ကို စတင်ပြသပါတယ်.

ရင်ထဲမှာ တကယ့်ကိုကြည်နူးစရာများပါ ၊ နိုင်ငံတကာ အသုံးပြုနေတဲ့ ကုလသမဂ္ဂခန်းမကြီးထဲမှာ ဗုဒ္ဓ ဆိုတဲ့ စကားသံတွေပြန့်လွှင့်နေခဲ့တာ ဘယ်လောက်များ ဂုဏ်ယူစရာ ကောင်းပါသလဲ.. အလွန်စည်ကားတဲ့ နယူးရောက်လမ်းမကြီးများပေါ်မှာ ဗုဒ္ဓဘာသာတို့ရဲ့ ငြိမ်းချမ်းတဲ့ နှလုံးသားတွေကို ဖွင့်ပြခွင့်ရတာ ဘယ်လောက်ကျေနပ်စရာ ကောင်းပါသလဲ…. ကမ္ဘာ့အကြီးအကဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် တက်ရောက်အားပေးတာ ဘယ်လောက် ကျေနပ်စရာ ကောင်းပါသလဲ.. ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အောင်ပွဲ.. ငြိမ်းချမ်းရေးတံခါးခေါက်သံ..လူ့သားတို့ နှလုံးသားထဲကို သစ္စာရေစင်တွေ သွန်းဖြန်းဖို့ တပ်လှပ်သံ လို့ပြောရင်..

ဗုဒ္ဓသဗ္ဗညုတ ဥာဏ်ကိုရတာ နှစ်ပေါင်း ၂၆၀၀ ကြာမြင့်ပေမယ့် ဗုဒ္ဓရဲ့ Teaching တွေကို သန်းပေါင်းများစွာသော လူသားထုကြီးက လှိုက်လှိုက်လှဲလှဲ ကျင့်သုံးနေတာဟာ သစ္စာဖြစ်လို့..မှန်ကန်လို့..တကယ့် noble truth ဖြစ်လို့ဆိုတာ အငြင်းမပွားနိုင်ပါဘူးလေ..ဟုတ်ပါတယ် ဗုဒ္ဓပရိနိဗ္ဗာန်စံတဲ့ နှစ်ပေါင်း ၂၅၅၅ နှစ်၇ှိပေမယ့် သူဖွဲ့စည်းထားတဲ့ သံဃာအဖွဲ့အစည်းဟာ မျက်မှောက်ကမ္ဘာမှာ သက်တမ်းအရှည်ဆုံးအဖြစ် ရပ်တည်နေတာကို ယနေ့တိုင်တွေ့မြင်နိုင်လိမ့်မယ်.. ၂၆၀၀ ကြာပြီဖြစ်ပေမယ့် မဟောင်းနွမ်းတဲ့ ဗုဒ္ဓ teaching.. ၂၅၅၅ နှစ်ရှိတဲ့ သက်တမ်းရှည် သံဃာ့အဖွဲ့အစည်းက ၂၁ ရာစုမှာ အထင်ရှားဆုံး အဆောက်အဦး ကမ္ဘာသူ ကမ္ဘာသားတို့ရဲ့ ဦးညွတ်ရာ ကုလသမဂ္ဂမှာ ဗုဒ္ဓကို ဦးထိပ်ပန်ဆင်ပြီး ဗုဒ္ဓနေ့ဆိုတာကို ဒီနေ့ပဲ အောင်အောင်မြင်မြင်ကျင်းပခဲ့ပြီ မဟုတ်ပါလား..

အရှင်တိက္ခဥာဏာလင်္ကာရ(ယော)

Monday, April 11, 2011

သားသမီးများ သတိထား.

ရှုမငြီးသည့်၊ သားသားမီးမီး
တွတ်တီးတွတ်တာ၊ ပြောချင်ရာပြော
သဘောကျခဲ့၊ အိုချည့်ဖမိ
သတိအားနည်း၊ ပြောပြီးထပ်ခါ
နေရာတကာ၊ ၀င်ပါသည်ဟု
ငြူစူသမှု၊ ပြုလားပြုသည့်
သားသမီးများ၊ သတိထား...
သင်လည်း တစ်နေ့ အိုဦးမည်...။


အမည်မသိ စာဆို..

Thursday, March 31, 2011

ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၃)

အရှေ့လောကဓာတ်မှ နေရောင်ခြည်နုနု ထွက်ပြူလာပြီး မကြာမှီပင် မြတ်စွာဘုရားရှင် သာဝတ္ထိမြို့တွင်းရှိ အနာထပိဏ်သူဋ္ဌေးကြီး၏ အိမ်သို့ ဆွမ်းစားကြွတော်မူလေသည် ၊ သူဋ္ဌေးကြီးအနာထပိဏ်၏ နေ့စဉ်ပြုနေကြ ဆွမ်းဒါနအလှူဒါနပွဲပေတည်း။

ဘုရားရှင်အိမ်ထဲသို့ ရောက်လျှင် အသံတွေဆူညံစွာ ပြောဆိုနေကြသည်ကို သတိပြုမိတော်မူသည် ။
သို့ဖြစ်၍.. ဒကာကြီး အိမ်မှာလဲ ဆူညံလို့ပါလား ဘာတွေဖြစ်နေတာလဲ ဟု နှုတ်မြွက်မေးတော်လေသော်…မှန်လှပါဘုရား သားအတွက် သုဇာတာလို့ခေါ်တဲ့ ချွေးမလေး တပည့်တော်တို့အိမ်ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်… ချွေးမလေးက အချိုးမပြေပါဘုရား ၊ယောက်ခမတွေကို မလေးစား မရိုသေပါ.လင်ယောင်္ကျားကိုလဲ မထီမဲ့မြင်ပြု လွန်းလှပါသည်၊ ..ဘုရားရှင်ကိုလဲ ရိုသေရမှန်း ပူဇော်ရမှန်း မသိရှာတဲ့ချွေးမလေးပါဘုရား .ဒါကြောင့် တပည့်တော်တို့က၀ိုင်းပြီး သူမကို ပြောဆိုဆုံးမနေတာမို့ အသံတွေဆူညံနေခြင်းဖြစ်ပါတယ်..လို့ သူဋ္ဌေးကြီးက ခြေတော်ဦးတိုက် ပြန်လည်လျှောက်ထား လေသည်။

သုဇာတာ ဒီကိုလာခဲ့ဦး ..မှန်လှပါဘုရားဟု ပြန်လည်လျှောက်တင်ကာ ဘုရားရှင်နှင့် မနီးမဝေးတွင် ထိုင်နေ လေသည်၊ မြတ်စွာဘုရားရှင်က သုဇာတာ လောကမှာ မယား (၇) မျိုးရှိပါတယ်ဟု အစချီကာ ဇနီးမယားတို့၏ ဓလေ့ စရိုက်တို့ကို ရွှေဥာဏ်တော်ဖြင့် သုံးသပ်ဝေဖန် ဆုံးမတော်မူသည်။ သုဇာတာကိုအကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သော်လည်း အမျိုးသမီးအားလုံးကို ရည်ညွှန်း၍ဟောတော်မူကြောင်းထင်ရှားလှ၏

၁။ အမျိုးသမီးဖြစ်သူ ဇနီးမယားသည် အမြဲစိတ်ဆိုး စိတ်ကောက်၊ အိမ်စီးပွား မိသားစုစီးပွားကို မထိန်းသိမ်း မရှာဖွေ၊ အိမ်ထောင်ရေးဖောက်ပြန်၊ ကိုယ့်အမျိုးသားကို အထင်သေး၊ ကိုယ့်အမျိုးသားဖြစ်သူကို ထိခိုက်နစ်နာအောင် နာကြင်အောင် လုပ်လေ့ရှိသူ အမျိုးသမီးကို လူသတ်သမားနှင့်တူသည့် ဇနီးမယားလို့ ခေါ်ထိုက်တယ် သုဇာတာ…

၂။ ချစ်လှစွာသော မိမိအမျိုးသားရှာဖွေထားသည့် ပစ္စည်းများကို အပြင်ကို ခိုးခိုးပြီး ထုတ်တယ်၊ လင်ယောင်္ကျားမသိအောင် ဖြုန်းတီးပစ်တယ်ဆိုရင် ဒီလိုဇနီးမယားမျိုးကို သူခိုးမနှင့်တူတဲ့ မယားလို့ ခေါ်ဆိုရမယ် သုဇာတာ..

၃။ အလုပ်အကိုင်မရှိ၊ ပျင်းရိနေမယ်၊ အစားကြီးမယ်၊ စိတ်ကြမ်း ကိုယ်ကြမ်းသလို နှုတ်ကလည်း ကြမ်းတမ်းမယ်၊ အမျိုးသားကို အနိုင်ယူတတ်တဲ့ ဇနီးမယားကိုတော့ အရှင်သခင်မနဲ့တူတဲ့ မယားလိှု့ခေါ်တယ် သုဇာတာ..

၎။ မိသားစု စီးပွားကိုစောင့်ရှောက်တယ်၊ အမေက သားကို ဂရုစိုက်သလို ကိုယ့်ခင်ပွန်းကို ဂရုစိုက်တယ်။ ခင်ပွန်းရှာထားတဲ့ ပစ္စည်းတွေကို မကုန်သင့်တာမကုန်အောင် ခြွေတာသုံးစွဲတတ်တဲ့ ဇနီးမယားကိုတော့ အမေနဲ့တူတဲ့ မယားလို့ ခေါ်တယ်..

၅။ အမကြီး အမငယ်တွေက မောင်ကို လေးစားရိုသေဆက်ဆံသလို ခင်ပွန်းပေါ်မှာ ရိုသေလေးစားမယ်၊ ရှက်သင့်တဲ့နေရာမှာ ရှက်စိတ်ရှိမယ်၊ ခင်ပွန်းရဲ့ အလိုဆန္ဒကို လိုက်လျောတတ်မယ်..ဒီလို အမျိုးသမီးမျိုးကိုတော့ အမညီမနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ…

၆။ အချိန်အကြာကြီးခွဲခွါနေတဲ့ မိတ်ဆွေနှစ်ယောက် ပြန်လည်တွေ့ဆုံခွင့်ရတဲ့အခါမှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သလို ကိုယ့်ခင်ပွန်းကိုမြင်တဲ့အခါတိုင်း ၀မ်းမြောက်ဝမ်းသာဖြစ်မယ် သဘောကျမယ်၊ စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့ အမျိုးမှာဖြစ်မယ်၊ ကိုယ့်ကျင့်တရားကို အမြဲထိန်းသိမ်းတယ်၊ ခင်ပွန်းအပေါ်မှာ ရိုရိုသေသေ ပြုမူပြောဆိုဆက်ဆံတတ်တဲ့ အမျိုးသမီးကိုတော့ မိတ်ဆွေနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ..

၇။ မိမိခင်ပွန်းကို မိမိကို ရိုက်နှက်သော်လည်း စိတ်မဆိုး၊ အမြဲသည်းခံပြီး ဆက်ဆံတတ်၊ ခင်ပွန်းအလိုသို့ လိုက်တတ်တဲ့ အမျိုးသမီးကိုတော့ ကျွန်မနဲ့တူတဲ့ ဇနီးမယားလို့ခေါ်တယ် သုဇာတာ.. ဟု လမ်းညွှန်ပြတော်မူလျှက်..သုဇာတာ.. ဇနီးမယား

ဒီ ဇနီးမယား ၇ ယောက်ထဲမှာ လူသတ်မ သူခိုးမ အရှင်သခင်မနဲ့ တူတဲ့ ဇနီးမယား သုံးမျိုးကတော့ ကိုယ့်ကျင့်တရားလဲ မကောင်း ၊ အမြဲစိတ်တိုဒေါသထွက်၊ ခင်ပွန်းကိုရိုသေခြင်းမရှိလို့ နောက်ဘ၀မှာ ငရဲကိုရောက်နိုင်တယ်၊

အမေ. အမညီမ ..မိတ်ဆွေ..ကျွန်မနဲ့တူတဲ့ ဇနီးမယားလေးယောက်ကတော့ ကိုယ်ကျင့်တရားလဲကောင်း သည်းညည်းခံလဲခံတတ် အတွက် နောက်ဘ၀မှာ နတ်ပြည်ကို ရောက်ရမယ် သုဇာတာ… ဟု အနှစ်ချုပ် မိန့်တော်မူလေသည်။

သုဇာတာ..ဒီ ဇနီးမယား (၇) မျိုးထဲမှာ သုဇာတာက ဘယ်ဇနီးမယားမျိုးပါလဲ ဟု အမေးတော်ရှိလေသော်.. ယနေ့မှစ၍ တပည့်တော်မ သုဇာတာဟာ ကျွန်မနဲ့တူတဲ့ ဇနီးမယားမျိုးဖြစ်အောင် နေထိုင်ပါတော့မည်ဟု ပြန်လည်လျှောက်ထားလေသည်။
အံ၊ဒု၊ဘရိယာသုတ္တံ၊၄၆၇) အမျိုးသမီးများအတွက် ဇနီးမယား အမျိုးအစားများကို ခွဲခြားပြတော်မူရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ့်ကျင့်တရားကောင်းသူ(သီလလုံခြုံသူ) ။ အိမ်ထောင်ရှင်မပီသစွာ သည်းသည်းခံတတ်သူမေတ္တာနှလုံးသားဖြင့် လောကကိုစောင့်ရှောက်တတ်သူ ဖြစ်တော်မူလိုခြင်းကြောင့် ဖြစ်ပါ၏ ။

အိမ်ထောင်တစ်စု ပြိုကွဲရခြင်းအကြောင်းမှာ ကိုယ်ကျင့်တရားဖောက်ဖျက်မှုများသည် အဓိကအကြောင်းမှ ပါဝင်နေသည်ကို အငြင်းပွားဖွယ်မရှိချေ၊ ဇနီးမယားဖြစ်သူ အမျိုးသမီးများ ကိုယ်ကျင့်တရားကောင်းအောင် စောင့်ရှောက်ရမည်ဖြစ်သလို လင်ယောင်္ကျားများဖက်မှလည်း ကိုယ်ကျင့်တရားကောင်းအောင် အားထုတ်ရမည်သာ ဖြစ်၏ ၊
ထို့ကြောင့် သာယာလှပသည့် အိမ်ထောင်ရေး၊ ငြိမ်းချမ်းသည့် မိသားစုများဖြစ်စေချင်တော်မူသည့်အတွက် ဗုဒ္ဓဘာသာဝင်တို့အတွက် အခြေခံစည်းမျဉ်းကို ချတော်မူသည့်အခါ ကာမေသုမိစ္ဆာစာရာ ဟု ထည့်သွင်းတော်မူခဲ့သည်၊ အိမ်ထောင်ရေး ဖောက်ပြန်မှုရှိလျှင် သာယာသည့်အိမ်ထောင်ရေး အဘယ်မှာဖြစ်နိုင်တော့မည်နည်း..

သာယာသည့်အိမ်ထောင်ရေးမဖြစ်လျှင် အဘယ်မှာ ကောင်းမှုတရား ကြိုးစားအားထုတ်နိုင်မည်နည်း၊ ကောင်းမှုတရား မပြုလုပ်နိုင်သူမှာ အဘယ်မှာ ဓမ္မ၏ အရသာကို တွေ့ထိခံစားခွင့်ရှိတော့မည်နည်း….. သာယာသည့်အိမ်ထောင်ရေးရှိမှ ကုသိုလ်အားလုံး ပေါင်းစုရုံးပြီး ဓမ္မရသကို ခံစားနိုင်မည်ဖြစဟုဗုဒ္ဓ၏ ရွှေဥာဏ်တော်ဖြင့် သုံးသပ်မြင်တော်မူခဲ့သည်။ လေးစားထိုက် ချီးကျူးထိုက် ပူဇော်ထိုက်သည့် ရွှေဥာဏ်တော်ကြီးပေတကား ။ ၊ဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်ခွင့်ရခြင်းသည် ကံကောင်းလှပေစွ ။

ဆက်လက်ဖော်ပြပါမည်..

အရှင်တိက္ခဥာဏာလင်္ကာရ (ယော)

Monday, March 28, 2011

ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၂)

မြတ်စွာဘုရားသည် တရားတော်ကိုဟောကြားသည့်အခါ ရဟန်းတော်များနှင့် အမျိုးသားဒကာများအတွက် ဟောကြားတော်မူသလို အခါအခွင့်သင့်ရင် အမျိုးသမီးများအတွက်လဲ ဟောကြားတော်မူခဲ့သည်သာ ဖြစ်၏ ၊ တခါတရံ အကြောင်းအကျိုးပြ၍ တခါတရံအပြစ်ပြ၍ဟောတော်မူခဲ့၏ ၊ အမျိုးသားများကို ထူးချွန်သည့်(ဧတဒဂ္ဂ)ဘွဲ့များ အပ်နှင်းသလို အမျိုးသမီးများကိုလည်း ထူးချွန်သည့်ဘွဲ့များကို အမျိုးသားများနည်းတူ အပ်နှင်းတော်မူခဲ့သည်၊

ဂေါတမဘုရားရှင်၏ သာသနာတော်ဝယ် အမျိုးသမီးထုများထဲမှ ထူးချွန်သည့် အမျိုးသမီးများကို ထူးချွန်သည့် အကြောင်းအရာအလိုက် ဆုများအပ်နှင်း၍ အသိအမှတ်ပြုတော်မူခဲ့သည်၊

အဦးဆုံး အရင်ဆုံး သရဏဂုံတည်သူဘွဲ့ ကို သုဇာတာသူဋ္ဌေးသမီး ၊
သာသနာတော်အတွက် အလှူဒါန်းဆုံးဘွဲ့ကို ၀ိသာခါကျောင်းအမကြီး ၊
အကြားအမြင်ဗဟုသုတများသူ ဘွဲ့ကို ခုဇ္ဇုတ္တရာကျွန်မ၊
မေတ္တာဖြင့်နေလေ့ရှိသူဘွဲ့ကို သာမာဝတီ မိဖုရား၊
ဈာန်ဝင်စားပြီးနေလေ့ရှိသူဘွဲ့ကို ဥတ္တရာ နန္ဒမာတာ နှင့်
မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီးဆုကို သုပ္ပ၀ါသာ အမျိုးသမီး..

တို့အား အသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍ ထူးချွန်သည့်အမျိုးသမီးများဖြစ်ကြောင်း သံဃာအလယ် ပရိသတ်အလယ်တွင် ဘုရားကိုယ်တိုင် အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်၊ ၎င်းအမျိုးသမီးများ၏ နောက်ခံသမိုင်းကြောင်းနှင့် ဂေါတမဘုရားလက်ထက် အကြောင်းအရာများမှာလဲ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်၊ လေးစားထိုက်ပါပေစွ ၊ဂုဏ်ယူထိုက်ပါပေစွ၊

လူမိုက်တသောင်းကဲ့ရဲ့ ခံရခြင်းထက် သူတော်ကောင်းတစ်ယောက် ကဲ့ရဲ့ခံရမှာကိုကြောက်ရမည်ဟု ရှေးထုံးရှိခဲ့လေသည်။ မှန်ပါ၏..သူတော်ကောင်းတို့ကဲ့ရဲ့ခံရခြင်းသည် မိမိအတွက် အလွန်ရှက်ဖွယ်ပင် ဖြစ်လေသည်၊ ငြိမ်းချမ်းဖြူစင်သည့် သူတော်ကောင်းတို့ နှလုံးသားမှ ထွက်ကျလာသည့် စကားလုံးများသည် အမှန်တရားဖြစ်၍ အလွန်ဂုဏ်ယူဖွယ်လည်းဖြစ်လေသည်၊

ဘုရားရှင်ကိုယ်တော်မြတ်က သူ၏ လက်ယာ လက်ဝဲ အလွန်အားထားရသည့် တပည့်ကြီးများဖြစ်ကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ကိုပင်…..ချစ်သားတို့ ! သာရိပုတ္တရာသည် သင်တို့ရဲ့ မွေးမိခင်နှင့်တူသည်၊ မောဂ္ဂလာန်သည် သင်တို့ရဲ့ ကျွေးမိခင်နှင့်တူလှသည် ဟု အမျိုးသမီးဖြစ်သည့် မိခင်များကို အလေးထားကာ တပည့်ကြီးများအား ဂုဏ်ပြုတော်မူခဲ့သည်၊
( သေယျထာပိ ဘိက္ခဝေ ဇနေတာ ဧ၀ံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ ဧ၀ံ မောဂ္ဂလာနော-သစ္စ၀ိဘင်္ဂသုတ္တ၊မ၊၃၊၂၉၃)၊

သတ္တ၀ါများအပေါ်ဝယ် မေတ္တာထားခြင်းနှင့်ပတ်သက်၍လည်း .. တဦးတည်းသောသားကို မွေးထားသည့် မိခင်သည် ချစ်လှစွာသောသားကို အသက်နှင့်ရင်းပြီး စောင့်ရှောက်ကာကွယ်၍ မေတ္တာထားသလို သတ္တ၀ါအားလုံးတို့ပေါ်မှာ ဤကဲ့သို့သောစိတ်မွေး၍ မေတ္တာထားရမည်ဟု မိန့်မှာတော်မူခဲ့သည်.. အမျိုးသမီးဖြစ်သည့် မိခင်တစ်ယောက်၏ နှလုံးသားကို ဂုဏ်ပြုစကား ဆိုခြင်းဟုလည်း သတ်မှတ်နိုင်မည်ဖြစ်ပါ၏ ။ ကမ္ဘာလောကကြီး ငြိမ်းချမ်းဖို့ အမျိုးသမီးတို့၏ မေတ္တာစိတ်ဓာတ်မျိုး များများ ထားတော်မူစေချင်၏ ။ လူသားတိုင်းအပေါ် အမေလို အမျိုးသမီး၏ မေတ္တာမျိုးထားနိုင်လျှင် လောကကြီး သာယာလှပနေပေလိမ့်မည်၊ အမေသည် သားသမီးတိုင်းကို လွန်စွာကြင်နာယုယ လှသည်၊ သားသမီးတိုင်း၏ ကောင်းကျိုးကို အမြဲပင်လိုလားလေသည်၊ မိခင်မေတ္တာများ များများထားသင့်လှပါ၏

မြတ်စွာဘုရားရှင်၏ တရားတို့သည် သံသရာမှလွတ်မြောက်ကြောင်းကိုချည်း မီးမောင်းထိုးဟောပြခဲ့သည် မဟုတ်၊ လက်ရှိလူနေမှုဘ၀ကို မီးမောင်းထိုးပြသည့် တရားများ, လောကအရေး ရှုငဲ့သည့်တရားများကိုလည်း ဟောတော်မူခဲ့သည်သာဖြစ်၏ ၊ တခါက မြတ်စွာဘုရားရှင်သည် မဓုရာမြို့မှ ဝေရဉ္ဇာမြို့သို့ ခြေလျဉ်ခရီးကြွတော်မူစဉ် သစ်ပင်ရင်းအောက်၌ ခေတ္တနားနေခိုက် လာရောက်ဖူးမြော်ကြသည့် အိမ်ထောင်သည် အမျိုးသား အမျိုးသမီးများအား ဘ၀လမ်းညွှန် တရားဒေသနာများ ဟောပြောလမ်းညွှန်တော်မူခဲ့သည်၊

အိမ်ထောင်ရှင်တို့ ! လောကမှာ အိမ်ထောင်လေးမျိုး (စုံတွဲလေးမျိုး) ရှိတယ်၊

အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပျက်စီးပြီး ပေါင်းသင်းနေတဲ့ အိမ်ထောင် ။- (သေသူခြင်းပေါင်းသင်းတဲ့အိမ်ထောင်)
အမျိုးသားက ကိုယ်ကျင့်တရား မကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသမီးနဲ့ပေါင်းသင်းနေတဲ့အိမ်ထောင်၊ -(အမျိုးသားကသေသူ ၊ အမျိုးသမီးက နတ်သမီး)
အမျိုးသမီးက ကိုယ့်ကျင့်တရားမကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသားနဲ့ ပေါင်းသင်းနေတဲ့အိမ်ထောင်၊ - (အမျိုးသားက နတ်သား၊ အမျိုးသမီးက သေသူ)
အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပြည့်စုံတဲ့ အိမ်ထောင်..(အမျိုးသားရော အမျိုးသမီးရော နတ်သား နတ်သမီးစုံတွဲ)ဆိုပြီး အိမ်ထောင်လေးမျိုး(စုံတွဲလေးမျိုး) အကြောင်းကို အကျယ်တ၀င့် ဟောပြတော်မူလေသည်၊ ခရီးသွားရင်း ဟောသည့်တရားများလည်းဖြစ်ပါ၏ ၊အလွန်ကျေးဇူးကြီးမားလှပေစွ ။

ဒီနေရမှာ မြတ်စွာဘုရားက.. အမျိုးသား/ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်နဲ့လဲကောင်းတာမလုပ်၊ နှုတ်နဲ့လဲ အကောင်းမပြော စိတ်နဲ့လဲ တလွဲတွေး သူတော်ကောင်းတွေကိုမြင်ရင် စိတ်တို ဆဲရေးနေတယ်ဆိုရင် ဒီ အမျိုးသား/အမျိုးသမီး ဟာ သေသူနဲ့ အတူတူပါလို့ သတ်မှတ်တော်မူပါတယ်၊

ကိုယ်နဲ့လဲ ကောင်းတာကိုလုပ် ၊နှုတ်နဲ့လဲ ချိုသာနူးညံသိမ်မွေ့ အကျိုးရှိတဲ့စကားကိုပြောတတ်၊ အတွေးလဲကောင်း ၊ သူတော်ကောင်းတွေကိုမြင်ရင် လေးစားချစ်ခင်တတ် တဲ့ အမျိုးသား/အမျိုးသမီးတွေကိုတော့ နတ်သား နတ်သမီးနဲ့ တူသူ လူတော်လူကောင်းဖြစ်ပြီး မသေခင်က နတ်ပြည်ရောက်နေသူတွေလို့ မိန့်မြွက်တော်မူခဲ့သည်၊ (အံ၊စတုက္က၊) အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတိုင်း မှတ်သားထိုက်ပါပေစွ..အတုယူလိုက်နာသင့်ပါပေစွ..

ဘုရားရှင်အဆူဆူတို့၏ သာသနာဝယ် ရဟန်းပရိသတ် ရဟန်းမပရိသတ် အမျိုးသားပရိသတ် အမျိုးသမီးပရိသတ်-ဟု ပရိသတ်လေးမျိုး အစုံရှိရမည်ဖြစ်ရာ အမျိုးသမီးများသည်လည်း သာသနာအတွက် အလေးထားအပ် တန်ဖိုးထားအပ်သည့် မိန်းမမြတ်များပင်ဖြစ်၏ ။ ဤအကြောင်းအရာကို မြင်တော်မူသည့်မြတ်စွာဘုရားက သာယာသည့်အိမ်ထောင်ရေးဖြစ်စေဖို့ တရားတော်အထွေထွေကို ဆုံးမလမ်းညွှန်တော်မူခြင်းဖြစ်လေသည်။ ဗုဒ္ဓဘာသာဝယ် အမျိုးသမီးများအခွင့်အရေးကို အထူးအလေးပေးတော်မူသည့် သာဓကများဟုလည်း ဆိုနိုင်ပါ၏ ။

အရှင်တိက္ခဥာဏာလင်္ကာရ(ယော)
ဆက်ပါအုံးမည်

Friday, March 25, 2011

ဗုဒ္ဓဘာသာ နှင့် အမျိုးသမီး (၁)

ဗုဒ္ဓဘာသာသည် အမျိုးသမီးထုကို အစဉ်အမြဲ အလေးပေးခဲ့၏ ၊ အမေဖြစ်သည့် အမျိုးသမီးကို ပြုစုလုပ်ကျွေးဖို့ လေးစားဖို့ တန်ဖိုးထားဖို့ ညွှန်ကြားတော်မူခဲ့၏ ၊ အမရာ ကိန္နရီ မဒီ သမ္ဘူလတို့၏ အကြောင်းကိုဖော်ထုတ်ကာ အရည်အသွေးပြည့် သစ္စာမေတ္တာရှိသည့် စံနမူနာပြ အမျိုးသမီးများဖြစ်ကြောင်းကို တခန်းတနားပင် ပြန်လည်ဟောပြတော်မူခဲ့လေသည်။

အချို့နေရာ အချို့တရားတော်များ၌ အမျိုးသမီး မကောင်းကြောင်းဟောပြောခဲ့ရခြင်းမှာ အမျိုးသားဖြစ်သည့် ရဟန်းတော်များ၏စိတ်ကို ပြောင်းလဲပေးခဲ့ခြင်းသာ ဖြစ်၏ ၊ အမျိုးသမီးများ ဘုရားပေါ်မတက်ကောင်း၊ သိမ်ထဲမ၀င်ကောင်းစသည့် လွဲမှားသည့် အယူအဆတချို့ ဘယ်ကနေ ဘယ်သို့ပေါ်လာသည်ဟု မသိပါချေ၊ အမှန်တကယ်မှာ ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်ကပင် အမျိုးသမီးများ ဘုရားရှေ့တော်မှောက်သွားရောက် ဖူးမြော်ခွင့်ရခဲ့သည်သာ၊

အမျိုးသားများနှင့် တန်းတူ အမျိုးသမီးများကိုလဲ ရဟန်းမ(ဘိက္ခုနီ)ပြုခွင့် ပေးတော်မူခဲ့၏ ၊ အမျိုးသားများနည်းတူ တန်းတူအခွင့်အရေး ပေးတော်မူခဲ့ခြင်းပင် ဖြစ်၏ ၊
တချိန်က အရှင်အာနန္ဒာကိုယ်တိုင် မြတ်စွာဘုရားကို မေးလျှောက်ခဲ့ဖူး၏.. မြတ်စွာဘုရား.. အမျိုးသမီးများလဲ တရားကျင့်ရင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဖြစ်နိုင်ပါသလားဘုရားလို့ လျှောက်ထားတော့..

အာနန္ဒာ..သူတို့လဲ(အမျိုးသမီးများလဲ) အမျိုးသားများနည်းတူ တရားထူးတရားမြတ်များရနိုင်ပါကြောင်း ပြန်လည်မိန့်ကြားခဲ့လေသည်၊ ဤမိန့်ကြားချက်ကိုထောက်ဆ၍ အမျိုးသမီးလည်း သူတို့၏ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် အမျိုးသားများနှင့်တန်းတူပင်ဖြစ်ကြောင်း နားလည်အပ်ပေသည်၊

အမျိုးသမီးများအရေး အလေးထားတော်မူသည့်အတွက် ရဟန်းတော်များကို ဆုံးမရာ၌ပင် ယောက္ခမအိမ်ကို ရောက်ကာစ အမျိုးသမီးစိတ်ဓာတ်မျိုးဖြင့် နေရမည်ဖြစ်ကြောင်း ဥပမာပြ ဆုံးမတောမူခဲ့လေသည်၊( အဓုနာဂတ ၀ဓုနာသမယေန စေတသာ ၀ိဟရိဿာမ)။ အံ၊၁၊၃၉၀၊

မြတ်စွာဘုရားရှင်က အမျိုးသမီးထုကို.. ယောက္ခမယောင်္ကျား/မိန်းမနှင့် လင်ယောင်္ကျား၏ ဆွေမျိုးများကိုလဲ လေးစားစွာ ဆက်ဆံသင့်ကြောင်း အကြံပေးတော်မူခဲ့သည်၊ (အံ၊သံ၊ပါ) အမျိုးသမီးထုအပေါ်ထားရှိသည့် မြတ်ဗုဒ္ဓ၏ မဟာကရုဏာတော်ပေတည်း။

သင်္ဂါလောဝါဒသုတ္တန်တွင်

၁၊ အိမ်မှုကိစ္စနိုင်နင်းရမည်
၂၊ လင်ယောင်္ကျားရှာဖွေထားသည့် ပစ္စည်းများကို သိမ်းဆည်းတတ်ရမည်၊
၃၊မိမိယောင်္ကျားမှတပါး အခြားအမျိုးသားတို့နှင့် အိမ်ထောင်ရေး မဖောက်ပြန်ရ၊
၎။နှစ်ဖက်ဆွေမျိုးတို့ကို မျှမျှတတ ပေးကမ်းရမည်၊
၅။ လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် ပျင်းရိခြင်းမရှိ ကျွမ်းကျင်မှုရှိရမည်..ဟု အမျိုးသမီးများ၏ လင်ယောကျာင်္းအပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများကို လမ်းညွှန်မိန့်ဆိုတော်မူခဲ့သည်၊

သာယာသော အိမ်ထောင်ရေးသည်သာ လောကအတွင်းနေစဉ်နှင့် လောကမှလွတ်မြောက်ရာကျင့်စဉ်များကို ကျင့်ကြံရာတွင် ရာနှုံးများစွာ အထောက်အကူပြုနိုင်ကြောင်း မီးမောင်းထိုးပြခြင်းဟုလည်း နားလည်အပ်သည်၊ နူးညံ့သိမ်မွေ့သည့် နှလုံးသားပိုင်ရှင် အမျိုးသမီးများ လိမ်မာရေးခြားရှိမှ စာရိတ္တမဏ္ဍိုင်တည့်မတ်မှ လောကကြီး သာယာမည့်အရေးကို မြင်တော်မူ၍ လမ်းညွှန်ချက်များကို ဟောကြားတော်မူခြင်းလည်း ဖြစ်သည်၊

သံယုတ္တနိကာယ်နှင့် ကုဏ္ဍလကေသီဇာတ်တော်တို့တွင် အမျိုးသမီးများသည် အမျိုးသားများထက် တင်္ခဏုပ္ပတ္တိဥာဏ် (ရုတ်တရက်အခြေအနေတွင် လျှပ်တပြက်သုံးသည့် ဥာဏ်) သာလွန်ကြောင်း ဟောပြတော်မူခဲ့သည်၊

(ဆက်လက်ဖော်ပြမည်)
(ဘုရားရှင် ဟောတော်မူည့် တရားများထဲတွင် အမျိုးသမီးနှင့်ဆက်စပ်ဟောသည့် အကြောင်းအရာများကို လေ့လာရေးသားပါမည်။ )

အရှင်တိက္ခဥာဏာလင်္ကာရ(ယော)

Wednesday, March 23, 2011

သာသနာပြန့်ပွားရေးအတွက် သာသနာ့တာဝန်များ

သာသနာဟူသည်.. ဘုရားရှင်၏ အဆုံးအမဟု အဓိပ္ပါယ်ရသည်၊ ဘုရားရှင်၏ အဆုံးအမသည် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန် ၊ ပရိယတ် ဟု ဆယ်မျိုးရှိ၏၊ အများသိနေကြ ပရိယတ္တိသာသနာ ၊ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့ပေတည်း။
၎င်းသာသနာသုံးရပ်ကိုပင် စတုသစ္စ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ ဒေသနာတော်အရ သစ္စလေးပါးမှလွတ်သော တရားမရှိဟု မိန့်တော်မူသည့်အတွက် သစ္စာလေးပါးထဲသို့ ထည့်သွင်းနိုင်၏၊ ၎င်းသစ္စာလေးပါးကိုလဲ သတိ တလုံးတည်းဖြင့် အနှစ်ချုပ်၍ ရနိုင်သည်သာဖြစ်ပါ၏ ။

ဤသာသနာတော်ဝယ် မကြည်ညိုသေးသူတို့ ကြည်ညိုလာဖို့ ကြည်ညိုပြီးသူတို့ တိုး၍ကြည်ညိုဖို့ စည်းကမ်းသတ်မှတ်ခြင်း၊ လိုအပ်သည့် ကာလ ဒေသ ပုဂ္ဂလကိုကြည့်၍ တရားတော်များ ဟောကြားခြင်းတို့ ပြုရလေသည်၊
ထိုထက်တဆင့်တက်၍ ပါဠိတော် အဋ္ဌကထာ ဋီကာ အာစရိယ၀ါဒ အစုံလေ့လာမှတ်သားခြင်းပေတည်း၊

ကာလာမသုတ်တော်ဝယ် မြတ်စွာဘုရားက မာ ပိဋကသမ္ပဒါနေန.. ပိဋကတ်ကျမ်းဂန်နဲ့ ကိုက်ညီပါပြီဆိုပြီး အသေမမှတ်ယူဖို့ အမိန့်တော်ရှိလေသည်၊ ဥပမာဆိုရပါမူ.. လူများအပြစ်ကို အမြဲကြည့်ရှုနေခြင်းသည် အကုသိုလ်ဖြစ်၏ အာသဝေါတရား တိုးပွား၏ (ဓံဋ္ဌ၊)ဟု ဟောတော်မူရာ၌…. လူတိုင်းကို ဆိုလိုသည်မဟုတ်ချေ၊ မိဘက သားသမီးအပြစ်ကိုကြည့်ရပေလိမ့်မည်၊ ဆရာက တပည့်အပြစ်ကိုထောက်ပြ၍ ဆုံးမရပေလိမ့်မည်၊ သို့ဖြစ်၍လဲ ဘုရားရှင်ကိုယ်တော်တိုင် ကိုယ့်ကိုဆုံးမသူကို ရွှေအိုးညွှန်ပြသူ(ဓံဋ္ဌ) နိဓီနံဝ ပ၀တ္တာရံ ယံ ပေဿ ၀ဇ္ဇဒဿိနံ အစချီ၍ ဟောတော်မူရပြန်၏ . ဆိုလိုသည်မှာ အသိမကြွယ် နုနယ်သည့် စာပေပေတံဖြင့် အများသူငါကို မတိုင်းတာအပ်၊ နှိုင်းချိန်လေ့လာ၍ သုံးသပ်ဆုံးမအပ်သည်သာဖြစ်၏ ။

သို့ဖြစ်၍ ဘုရားဟောကြားသည့် ပိဋကတ်သုံးပုံ မကွယ်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သာသနာတည်ကြောင်းအလုပ်ကို လုပ်နေသည်ဟု မှတ်သားအပ်၏ ။
မှန်ပါ၏ သုတ် ဝိနည်း အဘိဓမ္မာ ပရိယတ္တိဓမ္မများပျောက်ကွယ် လျှင်ကား နေဝင်သကဲ့သို့ တစ်လောကလုံး အမှောင်ဖုံးကွယ်လိမ့်မည်ဟု (အံ-ဋ္ဌ-၁၇၂) ၌မိန့်ကြားတော် မူခဲ့လေသည်။ သာသနာတော် တည် တံ့ပြန့်ပွားဖို့ရန် ပရိယတ္တိဓမ္မကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါသည်။ မှန်၏ သက်တော်ရှည် ဘုရားရှင်တို့၏ သာသနာသည် မျက်မှောက်သာဝက တစ်ဆက်လောက်သာတည်တံ့ပြီး ဆက်လက် မတည်တံ့သည်မှာ ပရိယတ္တိဓမ္မမရှိခြင်းကြောင့်သာ ဖြစ်ပါသည်။

ဘုရားရှင်၏ သုတ္တန်ဒေသနာများ၌ သာသနာကွယ်ခြင်း တည်ခြင်းအကြောင်းများကို အလျဉ်းသင့်သလို ဟောတော်မူခဲ့၏ ၊ အသိများသည့် သာသနာကွယ်ကြောင်းမှာ အဂုင်္တ္တိုရ်လာ သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းများတို့ တရားမနာ စာပေမသင် နှုတ်တွင်မဆောင် သိအောင်မမှတ် ဓမ္မာနုဓမ္မ ပဋိပတ်ကွာ ဤငါးဖြာတည်း၊

နောက်လာထို့ပြင် စာသင်ပယ်လျော ကျယ်မဟောကျ၊ ကျယ်မချနှင့်၊ ကျယ်စွာမအံ၊ မကြံမစည် ဤငါးလီတည်း၊
ဝါ တနည်းမှာ အက္ခရာပုဒ် ပါဌ် လေ့ကျက်သင်ကျ စာချသူရှား လာဘ်များအောင်ကြံ ခိုက်ရန်ဖြစ်ပွား ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း.. ဆိုတဲ့ အင်္ဂုတ္တရနိကာယ်လာ သုတ္တန်ကို အသိများလှပေ၏ ။

ဓမ္မပဒတွင်မူ အယသာဝ မလံ သမုဋ္ဌိတံ.အစချီကာ သံကို သံဖျက် သံချေးတက်သကဲ့သို့ သာသနာတော်ကိုလဲ သာသနာတော်အတွင်းက ရဟန်းတော်များကသာ ဖျက်သည်..ဟု မိန့်တော်မူ၏.. သတိထားဖွယ်ကောင်းလေစွ..
ဤနေရာ၌ ရဟန်းတော်များရော လူဝတ်ကြောင် ဒကာ ဒကာမများပါ သက်ဆိုင်သည့် သာသနာကွယ်ကြောင်း တည်ကြောင်းများကို မျှဝေလိုပါ၏ ။

၁။ ဘုရားရှင်ကို မရိုသေခြင်း၊
၂။ တရားတော်ကို မရိုသေခြင်း၊
၃။ သံဃာတော်ကို မရိုသေခြင်း၊
၎။ မိမိအကျင့်သိက္ခာကို မရိုသေခြင်း၊
၅။အချင်းချင်း ရိုသေလေးစားမှု မရှိခြင်း၊ ဒီသဘောတရားငါးမျိုး သာသနာတော်မှာဖြစ်လာရင် သာသနာမတည်နိုင်ဘူး၊ သာသနာကွယ်တော့မယ်လို့ မိန့်တော်မူပါတယ်။

ဗြောင်းပြန်အနေအားဖြင့် သာသနာနှင့်တာဝန်ဟုလည်း ဆိုထိုက်လှ၏ ။ သာသနာတည်ဖို့အတွက် သာသနာ မကွယ်ဖို့အတွက် ဒီတာဝန်တွေလုပ်ဆောင်ရမည်ဟု မှတ်သားနိုင်၏ ။
ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်ပွားခြင်း၊တရားတော်များဖြန့်ဝေခြင်း၊ ထိန်းသိမ်းခြင်း၊ပြန့်ပွားအောင်ဆောင်ရွက်ခြင်း၊ ရေးသားခြင်း၊ ပို့ချခြင်း၊ မိမိကိုယ်ကျင့်သိက္ခာကို တန်ဖိုးထား လေးစားခြင်း၊ အချင်းချင်း ညီညွတ်အောင်ပြောဆိုခြင်း၊ ရိုသေခြင်း။ နှိမ့်ချဆက်ဆံခြင်းများသည် သာသနာတော်တည်ခြင်း၏ အကြောင်း သူရော ငါပါ လုပ်ရမည့် တာဝန်ဟု နားလည်မှတ်သားအပ်၏၊ ဤကား ကိမိလသုတ္တန်အလို ဆိုခြင်းပေတည်း။

အနှစ်ချုပ်ဆိုရလျှင်

သူတစ်ပါးအပြစ်ကို မမေးဘဲ ပြောလေ့ရှိသူ
မေးလျှင်တော့ အတောမသတ် တရစပ် ပြောတတ်သူ
မိမိအပြစ်ကို မေးသော်လည်း ဖုံးဖိထားသူ
မမေးဘဲနေသော် မိမိအပြစ်ကို လုံးဝဖုံးထားတတ်သူ.သည် သူတော်ကောင်းမဟုတ် သူတော်ကောင်း စိတ်ဓာတ်ရှိသူမဟုတ်ဟု ဘုရားရှင် မိန့်တော်မူသည့်အတွက် ငါလုပ်သင့်တာလုပ်မိရဲ့လား၊ မလုပ်သင့်တာတွေလုပ်မိနေလားလို့ မိမိကိုယ်ကို ဆင်ခြင်ရင်း သူတော်ကောင်းနှလုံးသားဖြင့် ဘုရားသာသနာကို တတ်နိုင်သမျှ ဥာဏ်မှီသမျှ စောင့်ရှောက်ကြပါစို့။ မြတ်စွာဘုရားရှင်၏ တရားတော်ဒေသနာတော်တို့သည် ကျယ်ဝန်းနက်ရှိုင်းလှစွာ၏ ၊

Tuesday, March 8, 2011

နားကြားပျင်းကပ်တယ်.. (သို့) ပုဂ္ဂိုလ်အနေအထားကို ဓမ္မဖြင့် တိုင်းတာခြင်း..

မြန်မာစကားမှာတော့ ကိုယ်မကြားချင်တဲ့အရာ ကိုယ်သဘောမကျတဲ့အရာ ကိုယ်လက်မခံနိုင်တဲ့အရာတွေမှာ.. လာပြောမနေနဲ့ နားကြားပျင်းကပ်တယ်..လို့ ပြောဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ဒီလိုသဘောတရားတွေကို စောစီးစွာဖော်ထုတ်ဟောပြတော် မူခဲ့တယ်၊ ပုဂ္ဂိုလ်တစ်ဦးက အခြားပုဂ္ဂိုလ်တစ်ဦး(မိတ်ဆွေဖြစ်စေ၊ဆရာဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ)ကို ဒီလိုစကားတွေ ပြောတဲ့အခါ သူတို့က နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ သင့်ရဲ့အကောင်းဆုံးပြောပြတဲ့ စကားကို သူတို့က လက်ခံကြမှာ မဟုတ်ပါဘူး..တဲ့..

၁၊ သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်၊
(ကိုယ်ပြောတဲ့စကားကို အကောင်းမထင်ဘူး)။

ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့သူက ဘုရားအကြောင်း တရားအကြောင်း သံဃာအကြောင်းကို ပြောပြတဲ့အခါ သဒ္ဓါတရားမရှိသူတွေက ဒီလိုစကားမျိုးကို နားထောင်ချင်မှာ မဟုတ်ပါဘူး၊ ဘာတွေလာ ပြောနေ တာလဲ..ကြောင်သူတွေ ကြွက်သူခိုးပါကွာ.. ပြောတော့ ဘုရား ဘုရားနဲ့ လက်တွေ့မှာတော့ ကိုးယို့ ကားယားလုပ်တဲ့သူပါ..လို့ ပြန်ပြောပါလိမ့်မယ်။

တကယ်လို့ ပြန်မပြောဘူးဆိုရင်တောင် မကြိုက်တဲ့အမူအရာပြလိမ့်မယ်၊ တရားခွေလေးဖွင့်လိုက်ရင် အကုန်လစ်ပြေးကုန်ပါတယ်။ လစ်မပြေးလဲ အိပ်ငိုက်ကုန်ပါတယ်.. ဒီသင်္ကေတ ဒီသဘောတရားတွေဟာ သဒ္ဓါတရားမရှိတဲ့အတွက် သဒ္ဓါတရားနဲ့ဆက်စပ်တဲ့ ကောင်းတဲ့အလုပ်တွေပေါ်မှာ စိတ်ဝင်စားမှု မပြသခြင်းပဲဖြစ်ပါတယ်။

ဘုရားရှိခိုးတာ ဘုရားစာရွတ်တာ တရားနာယူတာ.. တရားစကားပြောတာ တရားဆွေးနွေးတာ သံဃာတော်များကိုဖူးမြော်တာ..သံဃာတော်တို့ရဲ့ စကားကို မှတ်သားနာယူတာဟာ သဒ္ဓါတရား ရှိသူများရဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးကို လေ့လာလိုက်စားတဲ့အတွက် စိတ်ချမ်းသာတာ ပီတိဖြစ်ရတာ ဘ၀နေနည်း ရတာ.စတဲ့သဘောတရားတွေကို သဒ္ဓါတရား မရှိတဲ့သူက မသိပါဘူး။

မသိတော့ ဘုရားသံ တရားသံ သံဃာသံ ဘုန်းကြီးသံကြားရင် နားကြားပျင်းကပ်နေတော့တာပါ။ သဒ္ဓါတရားရှိသူကျတော့ ဒီလိုအသံတွေကို ထပ်ခါထပ်ခါ ကြားချင်နေပါတယ်.. ဒါကြောင့် ဗုဒ္ဓရှင်တော်က ဟေ့..သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တာတွေ သွားမပြောနဲ့၊ သွားပြောလဲ နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ (အသဒ္ဓဿ သဒ္ဓါကထာ ဒုက္ကထာ)။

၂။ ကိုယ့်ကျင့်တရား မကောင်းတဲ့သူကို ကိုယ့်ကျင့်တရား(သီလ)နဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။

ဟုတ်ပါတယ် ကိုယ်ကျင့်တရားမကောင်းတဲ့သူဟာ ဘယ်သူက ကိုယ်ကျင့်တရား သိပ်ကောင်းတာ.ဘယ်သူက လိမ်မာတာ ဘယ်သူကတော့ အနေအထိုင် အပြောအဆိုရိုးသားတာ..စတဲ့ စကားတွေကို နားမထောင်ချင်ပေဘူး။ ကိုယ့်ကျင့်တရားမကောင်းသူရဲ့ စိတ်ထဲမှာ သူလိုပဲ ကိုယ်ကျင့်တရား မကောင်းသူ ကိုယ်ကျင့်တရား အားနည်းသူတွေကို သဘောကျနေတော့တာပါ၊ ကိုယ့်ကျင့်တရား မကောင်းသူတွေရဲ့ အပြုအမူ အပြောအဆိုတွေကို သဘောကျနေတတ်ပါတယ်။

ဘုရားကျောင်းကန်သွားပြီး ဥပုသ်စောင့်ဖို့ သီလယူဖို့ပြောဆိုတိုက်တွန်းတဲ့အခါ ပြောဆိုတိုက်တွန်းသူကို မုန်းပစ်တတ်ပါတယ်။ သူ့ကိုမြင်ရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတတ်တယ်။
အတင်းအဖျင်းပြောတဲ့စကားဝိုင်း တနေကုန်ပြောလို့ ဘာတစ်ခုမှ အကျိုးမဖြစ်တဲ့ စကားဝိုင်းမှာဆိုရင်တော့ ထိပ်ဆုံးကနေ တက်တက်ကြွကြွကြီး ပါဝင်တတ်ပါတယ်။ဒါဟာ သီလမရှိသူ ကိုယ့်ကျင့်တရားမကောင်းသူတွေရဲ့ ပြယုဂ်တစ်ခုပါ ၊

ကိုယ့်စိတ်ဓာတ်ရဲ့ အနေအထားကို ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက သက်သေပြတယ် မဟုတ်လား၊ ဒါကြောင့် မြတ်စွာဘုရားက သီလမရှိသူ(ကိုယ်ကျင့်တရားမကောင်းသူ)ကို သီလ(ကိုယ်ကျင့်တရားနဲ့ ဆက်စပ်တဲ့စကား) သွားပြောရင် နားကြားပျင်းကပ်မယ်..လို့ ဟောပြတော်မူတာပါ၊( (ဒုဿီလဿ သီလကထာ ဒုက္ကထာ)။


၃။ အကြားအမြင်နည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား ပြောကြားရင် နားကြားပျင်းကပ်မယ်..တဲ့..

ဗဟုသုတလေ့လာလိုက်စားမှု နည်းတော့ ဘာမှမသိ၊ ဘာ ဗဟုသုတမှမရှိ၊ အိမ်ရယ် အလုပ်ရယ် ထမင်းစားတာရယ် တီဗီကြည့်တာရယ်လေးခုလောက်ပဲ စိတ်ဝင်စားတော့တာပါ၊ ကျန်တဲ့ ဗဟုသုတပိုင်းဆိုင်ရာ စကားရပ်တွေ စာအုပ်စာပေအကြောင်းတွေကိုပြောတဲ့အခါ..ဒါတွေက ထမင်းစားရတာ မဟုတ်ပါဘူးဗျာ.. စိတ်မ၀င်စားပါဘူး လို့ ပြန်ပြောတတ်ပါတယ်. ကမ္ဘာကြီးရဲ့ အိုဇိုးလွှာ ပါးတာ ထူတာထက် ထမင်းစားရဖို့သာအဓိကပါဗျာ.လို့လဲ ထိထိခိုက်ခိုက် စကားလုံးတွေကို ခြွေချတတ်ပါသေးတယ်. ဗဟုသုတ လေ့လာလိုက်စားသူကတော့ ဗဟုသုတ ဖြစ်စေမယ့် စကားမျိုးတွေကို နှစ်သက်သဘောကျတတ်သလို အလျဉ်းသင့်သလို ပါဝင်ဆွေးနွေးလေ့တတ်ပါတယ်.. မြတ်စွာဘုရားရှင်က ကြိုတင်မြင်တော်မူ သိတော်မူပါတယ်.. အကြားအမြင် ဗဟုသုတနည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့..နားကြားပျင်းကပ်လိမ့်မယ်တဲ့.။.(အပ္ပဿုတဿ သုတကထာ ဒုက္ကထာ)။

၎။ နှမြောတဲ့သူ ကပ်စေးနဲတဲ့သူကို စွန့်လွှတ်ဖို့ ပေးကပ်ဖို့ လှူဖို့သွားမပြောနဲ့၊ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။

ကိုယ်လက်ထဲမှာရှိတဲ့ ပစ္စည်းကို လူများတွေကို မျှဝေပေးနိုင်တဲ့ စိတ်ဓာတ်မျိုးဟာ စိတ်ဓာတ်အဆင့်မြင့်သူတွေသာ လုပ်နိုင်တဲ့အလုပ်ပါ၊ ဗုဒ္ဓဘာသာရယ် ခရစ်ယာန်ရယ် အစ္စလာမ်ရယ် မဟုတ်ဘဲ၊ ဘယ်ဘာသာဝင်မဆို ကိုယ့်ရှိတဲ့ပစ္စည်းကို ကိုယ့်အတွက် မိသားစုအတွက် ပတ်ဝန်းကျင်အတွက် နိုင်ငံနဲ့လူမျိုးအတွက် မျှဝေပေးနိုင်သူမှ လူကောင်းလို့ ပြောရမယ်၊ အဆင့်မြင့်တဲ့သူလို့ ဆိုရပါမယ်၊ နှမြောတဲ့သူကတော့ ပေးရမယ်ဆိုတဲ့စကား လှူရမယ်ဆိုတဲ့စကားမျိုးကို မကြားလိုပါဘူး၊ ဘယ်သူတွေ ဘယ်နေရမှာ ဘယ်လောက်လှူနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ ၀န်လေးတတ်တယ်၊ လှူတာနဲ့ဆက်စပ်တဲ့စကား မကြားလိုဘူး၊

ဒါကြောင်း မြတ်စွာဘုရားက နှမြောတဲ့သူကို လှူတာနဲ့ဆက်စပ်တဲ့စကားသွားပြောရင် နားကြားပြင်းကပ်လိမ့်မယ်.လို့ ဟောတော်မူတာဖြစ်ပါတယ်၊( မစ္ဆရိယဿ စာဂကထာ ဒုက္ကထာ)၊

၅။ ပညာမရှိတဲ့သူကို ပညာနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်.တဲ့..

ဒီနေရာမှာ ပညာဆိုတာက ၀ိပဿနာပညာကို ဆိုလိုပါတယ်၊ ရုပ်တရား နာမ်တရားတွေအကြောင်းပြောရင် အိပ်ချင်တယ်. နားမထောင်ချင်ဘူး စိတ်မ၀င်စာဘူး၊ တရားထိုင်တယ်ဆိုတာ အလုပ်မရှိတဲ့သူတွေလုပ်တဲ့ အလုပ်လို့ သူကယူဆတယ်၊ တရားထိုင်သူတွေကိုတောင် သူက သနားသယောင်ယောင် ပြောပြစ်လိုက်သေးတယ်..တကယ်တော့ တရားထိုင်တဲ့အတွက် ဘ၀စိတ်ချမ်းချမ်း သာသာနေရပုံ. ဆင်းရဲဒုက္ခကနေ လွတ်မြောက်နိုင်ပုံတွေကို မသိရှာတော့ သူက တရားထိုင်သူတွေကို သနားသလိုလို ပြောနေတတ်ပြန်တယ်..ဒါကြောင့် ဗုဒ္ဓက ပညာမရှိတဲ့သူတွေကို ပညာနဲ့ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်လို့ ဟောတော်မူခဲ့တာပါ၊
မိမိစရိုက်နဲ့ ဆန်ကျင်ဖက်ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို သတိထားပြီး မိမိပတ်ဝန်းကျင်မှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ အရေးကြီးပါတယ်။

အဂုင်္တ္တရနိကာယ၊ ဒုက္ကထာ သုတ္တံကို ပြန်လည်ပူဇော်ပါသည်။ အရှင်တိက္ခဥာဏာလင်္ကာရ

(သိလိုရေးဖြင့် မေးလျှောက်ထားသူ မဆုရည်(စင်္ကာပူ)သို့ )