အသွင်သဏ္ဍာန်ဆိုတာ အစိုင်အခဲလေ
အတွေးပညာမှာ ကိုင်တွယ်ခြင်းဆိုတာမရှိ
သိကြောင်းဓမ္မဟာ သိခြင်းတရားရဲ့မိတ်ဆွေ၊
အမှန်တရားဆိုတာ...
ထိတွေ့လို့မရတဲ့ အကောင်အထည် တစ်ခု
ကိုယ်တွယ်လို့မရတဲ့ ဒြပ်တစ်ခု။
ငါ လို့သုံးစွဲလို့ မရလောက်အောင်
သူ ယောင်္ကျား မိန်းမ စသည်နဲ့
သုံးစွဲလို့မရလောက်အောင်
အမှန်တရားကပြေးလွှားနေတယ်။
ဖမ်းနှောင်ထောက်ပြလို့မရ
သက်ရှိတွေထဲက ဗဟိုဥာဏ်သမားတွေသာသိတဲ့
သက်မဲ့အမှန်တရား၊
အာရုံငါးပါးနဲ့ ထိတွေ့လို့မရတဲ့
အာရုံငါးပါးထဲက ပြေးလွှားမှု ဖြစ်စဉ်ဟာ
အမှန်တရားပေါ့ ၊
တည်ငြိမ်နေတဲ့ အရာအားလုံးပြေးလွှားနေတယ်
ပြေးလွှားနေတဲ့ အရာအားလုံးမတည်ငြိမ်
မတည်ငြိမ်တာကို လိုက်သိနေမှ
ပြေးလွှားမှုကိုသိမယ်။
ပြေးလွှားနေတာကို ပြေးမကြည့်ပါနဲ့
ရောက်တဲ့နေရာက ဥာဏ်စိုက်ပြီးကြည့်ပါ
တည်ငြမ်မှုကို ဆုပ်ကိုင်ထားပါ
တည်ငြိမ်လာရင် …
တည်ငြိမ်လာရင် …။
ဖမ်းကိုင်လို့မရတဲ့ ပြေးလွှားမှုဖြစ်စဉ်ကိုတွေ့မယ်
ပြေးလွှားမှုဖြစ်စဉ်မှ ပြေးလွှားနေမယ်
ဆဋ္ဌမ အာရုံက တည်ငြိမ်နေမယ်
အဲဒီအချိန်မှာ
အမှန်တရားက
ပြုံး ရပ် ပျောက်သွားလိမ့်မယ် ။
သေချင်းတရားသည် ရှင်သန်ခြင်းရဲ့အစ
ရှင်သန်ခြင်းသည် သေချင်းတရားရဲ့ တံခါးဝ
အမည်နာမ တံခါးဝမှာ ထိုင်ပါ
အကောင်အထည် မရှိသူများ မမြင်နိုင်သူများ
ဝင်သွားထွက်လာ ရှိနေမည် ။
အကောင်မရှိခြင်းမုဒ်ဝမှာ
ဒြပ်မဲ့အကောင်များကို ခွစီးလိုက်ပါသွားပါ ၊
ဌာနမရှိတဲ့နေရာကို
ဌာနလို့သတ်မှတ်ထားပါ ။
မတ်တပ်ရပ်သူလဲ ပြေးလွှားနေတယ်
ပြေးလွှားနေသူလဲ ပြေးလွှားနေတယ်
ထိုင်နေသူလဲ ပြေးလွှားနေတယ်
မင်းလဲပြေးလွှားနေတယ်
ငါလဲပြေးလွှားနေတယ်
သက်ရှိသက်မဲ့ အကုန်လုံးပြေးလွှားနေတယ်
ပြေးလွှားနေတာကိုသိရင်
ရပ်တန့်သွားလိမ့်မယ်။
ဘယ်နေရာမှာ ရပ်မှာလဲ မမေးပါနဲ့ …
ရပ်တန့်စရာမရှိတဲ့နေရာမှာ
ရပ်တန့်သွားလိမ့်မယ်။
မိုးဇော်ကို
Yawcommunity အတွက် ကဗျာရေးသားပေးပို့သည့် ညီငယ် မိုးဇော်ကို အား အထူးကျေးဇူးတင်ပါသည်၊
No comments:
Post a Comment