27.12.2008
လက်ရှိရောက်ဆဲ အချိန် လုပ်နေဆဲ အဖြစ်အပျက် ကာလတခုကို ပစ္စုပ္ပန် (သို့မဟုတ် ) Present လို့ သတ်မှတ်ပြောဆိုကြပါတယ်၊ အချိန်တိုင်းဟာ အရေးကြီးနေတာမှန်ပေမယ့် အချိန်အားလုံးဟာ ပစ္စုပ္ပန်ကို ဖြစ်သန်းခဲ့ရ / ဖြတ်သန်းကြရမှာချည်းပါ၊
အောင်လက်မှတ် တခုရဖို့ စာမေးပွဲတခုကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၂၃ ရက်အထိ ဖြေဆိုခဲ့ရပါတယ်၊ စာမေးပွဲအတွင်း စာဖတ်ဖို့ အရေးကြီးနေတဲ့ အချိန်တွင်းမှာ စိတ်တွေက ပစ္စုပ္ပန် တည့်တည့်အပေါ်မှာ အချိန်ပြည့်မထားနိုင်ခဲ့ပါဘူး၊ စာမေးပွဲ ပြီးရင် လုပ်ရမယ့် အစီအစဉ်တွေပေါ်မှာ ပြေးလွှားနေခဲ့တယ်၊ တကယ်လည်း စာမေးပွဲပြီးရော ကိုယ်တွေးထားခဲ့တာတွေ အတော်များများ ဘာမှ အကောင်အထည် မပေါ်ခဲ့ဘူး၊ တကယ့်တော့ ထူးချွှန်အောင်မြင်လိုသူတိုင်းဟာ ကိုယ့်ရဲ့စိတ်ကို လုပ်ဆဲ အလုပ် ရောက်ဆဲအာရုံတခု အပေါ်မှာ နှစ်မြုပ်လုပ်ဆောင်နိုင်ရမှာပါ၊
လူအများစု ဖြစ်လေ့ရှိတာက ပစ္စုပ္ပန်အချိန်ကို ပီပီပြင်ပြင် အသုံးမချနိုင်ကြတာပါ တကယ်သာ ပစ္စုပ္ပန်အချိန်ကို ပီပီပြင်ပြင် အသုံးချနိုင်မယ်ဆိုရင် ဒီလိုဟာ စီးပွားရေးဖြစ်ဖြစ် ပညာရေးဘဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် အဆင်ပြေသူ အောင်မြင်သူ ဖြစ်လာမှာ မလွဲပါဘူး၊
အချိန်ဟာ လူတွေကို တကယ့်ကို ၀ါးမြိုစားသောက်နေပါတယ်၊ ကိုယ်အသုံးချသည်ဖြစ်စေ အသုံးမချသည် ဖြစ်စေ အချိန်ကတော့ ကုန်ဆုံးနေမှာပါ ၊ ဒီလိုဆိုတော့ မိမိတို့တတွေဟာ အဲဒီအချိန်တွေကို အကျိုးရှိရှိ အသုံးချသင့်တယ်လို့ထင်ပါတယ် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ ရောက်ဆဲကာလ ရောက်ဆဲအချိန်ကို မိမိရရ ဖမ်းဆုပ်နိုင်အောင် ကြိုးစားရပါလိမ့်မယ်၊
ဗုဒ္ဓရဲ့ တရားတော်တွေမှာ လူမိုက်(ဗာလ) ဆိုတာကို မရောက်လာသေးတဲ့ ကိစ္စကို ကြိုတင်တွေးတော ပူပန်နေသူ ရောက်လာတဲ့ တာဝန်ကိစ္စတွေကို လက်တွေ့မဆောင်ရွက်သူကို လူမိုက် (ဗာလ)လို့ခေါ်ကြောင်း မိန့်ဆိုချက်ရှိပါတယ်၊
အတွေးတခုဟာ လူသားတယောက်အတွက် လိုအပ်တာမှန်ပေမယ့် လုပ်သင့်တာကိုတွေးပြီး ချက်ချင်းလုပ်နိုင်ပါမှ ဘ၀ဟာ အဓိပ္ပါယ်ပိုပြီးရှိလာမှာပါ၊ အတွေးပေါ် အတွေးဆင့် အိပ်မက်အပေါ် အိပ်မက်တွေချည်းဆက်နေလို့ကတော့ စိတ်ချမ်းသာမှုကို ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး ဒါကြောင့် အတွေးအာရုံမှာချည်း နစ်မြောမနေဘဲ လက်ရှိရောက်ဆဲ အချိန်ကို အကျိုးရှိရှိ အသုံးချရင်း ဘ၀အတွက် အဆင်ပြေအောင် ကြိုးစားကြပါစို့၊ လက်ရှိပစ္စုပ္ပန်အချိန်ကို ပီပီပြင်ပြင် အသုံးချရင်း ၂၀၀၉ ခုနှစ်သစ်ကို ကြိုဆိုကြပါစို့၊
No comments:
Post a Comment