စိတ်ဝင်စားစာ ကောင်းမှန်းလဲ သိပါရဲ့။. မိမိတို့တက္ကသိုလ် Lecture တွေမှာ ဆိဂီရိယတောင်က ကမ္ဘာကျော် Painting တွေအကြောင်း သင်ယူရတယ်. သီရိလင်္ကာရောက်ဖူးသူတချို့ကတော့ ဆိဂီရိယတောင်ရဲ့ လွမ်းမောဖွယ်တွေကို ပြန်ရေးကြတယ်. သမိုင်းမှတ်တမ်းတွေမှာလဲ ဆိဂီရိယတောင်အကြောင်း မှတ်တမ်းတင်တာကို ဖတ်ခဲ့ဖူးတယ်။
ဆိဂီရိယဆိုတာ သီရိလင်္ကာနိုင်ငံရဲ့ UNESCO World Heritage (၇)ခုထဲမှာ တစ်ခုအပါအ၀င်ပါ၊ ပေါလောနရုဝ(၁၉၈၂)၊ ဆိဂီရိယတောင်(၁၉၈၂) Golden temple (ဒမ္ဘူလ-၁၉၉၁) ဂေါမြို့ဟောင်း(၁၉၈၈) အနုရာဓ ပူရ(၁၉၈၂) ကန္ဒမြို့(၁၉၈၈) ဆင်ဟာရဇ သစ်တောကြိုးဝိုင်း(၁၉၈၈) .ဒါတွေကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများအဖြစ် သတ်မှတ်ပေးခဲ့တယ်။ကမ္ဘာ့အံ့ဖွယ်ရှစ်ခုထဲမှာလဲ တစ်ခုအပါအ၀င်ဖြစ်တယ်။
ဒီလောက်မြင့်မားတဲ့ တောင်ထိပ်မှာ ဘယ်သူက နန်းတော်ကို တည်ဆောက်ခဲ့တာလဲ ဘာရည်ရွယ်ချက်နဲ့တည်ဆောက်ထားတာလဲ ဆိုတာကလဲ စိတ်ဝင်စားစရာ ကောင်းလှပါဘိတော့၊
ဆိဂီရိယဟာ ကျောက်တောင် အစစ်ပါ၊ ဒီတောင်ကို အေဒီ ၄၇၃-မှာ တည်ဆောက်ခဲ့တယ်။.
ကသျှပဆိုသူက ခမည်းတော်ဖြစ်သူ အနုရာဓပူရမြို့မှာ နန်းတက်နေချိန် ခမည်းတော်ကို ဖမ်းဆီးထောင်ချပြီး သတ်ပစ်လိုက်တယ်၊ နောင်တော်ကြီးဖြစ်သူ မောဂ္ဂလာနလဲ အိန္ဒိယတောင်ပိုင်းကို ထွက်ပြေးခဲ့ရတယ်၊
အဖေကိုသတ်ပြီး ထီးနန်းလုယူထားသူ ကသျှပတစ်ယောက် မြို့တော်အနုရာဓပူရမှာ ဆက်မနေတော့ဘဲ ဆိဂီရိယတောင်ကို အသေးစိတ် ခံတပ်မြို့အဖြစ်ပြင်ဆင်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့တယ်။
ကသျှပရဲ့ နန်းတော်ရာကို ဆိဂီရိယတောင်ထိပ်ပေါ်မှာ အခိုင်အခန့်တည်ဆောက်စေခဲ့တယ်။ တိုက်ပွဲတွေဖြစ်ပေါ်လာရင် အသာစီးရဖို့ မဟာဗျူဟာမြောက် မြင့်မားတဲ့တောင်ပေါ်မှာ တည်ဆောင်စေခဲ့တာ ဖြစ်တယ်။ ကျောက်တောင်ကြီးရဲ့ ပတ်ဝန်းကျင်မှာလဲ ကြီးမားတဲ့ ဥယျာဉ်ကြီးကို ထည့်သွင်းတည်ဆောက်စေခဲ့တယ်။ဥယျာဉ်ကြီးရဲ့ ပတ်ချာလည်မှာ ရေကန်ပေါင်းများစွာကိုလဲ ထည့်သွင်းတည်ဆောက်စေခဲ့တာကို တွေ့ရတယ်။
ဆိဂီရိယတောင်ပေါ်က နန်းတော်ရာဟောင်း


အဖေကိုသတ်ပြီး ထီးနန်းလုယူထားသူ တစ်ယောက်ရဲ့ အစီအမံတွေ ဘယ်လောက်ကောင်းကောင်း အေဒီ ၄၉၅မှာ အိန္ဒိယတောင်ပိုင်းကို ထွက်ပြေးသွားတဲ့ နောင်တော် မောဂ္ဂလာန်စစ်တပ်က ကသျှပဘုရင်ရဲ့ ထီးနန်းကို ပြန်လည်ဖြုတ်ချပစ်ခဲ့တယ်၊ ကသျှပကိုယ်တိုင်လဲ သူကိုယ်တိုင် သေကြောင်းကြံစီသွားခဲ့တယ်၊ သံဝေဂယူစရာ ကောင်းလှတယ်၊
မိမိတို့အဖွဲ့လည်း ပင်လယ်ရေမျက်နှာပြင်ထက် ၃၇၇ မီတာ မြင့်တဲ့ ကျောက်တောင်ကြီးပေါ်ကို ဖြေးဖြေးချင်းတက်ကြတယ်၊ တချို့အတက် သံလှေခါးတွေက ခပ်လှုပ်လှုပ်ဖြစ်နေလို့ ဘုရားတပြီး သွားရတယ်၊ တချို့နေရာတွေမှာ ကြောင်လိမ်လှေခါးတွေနဲ့ တက်ရတယ်၊ အောက်ကို ငုံ့ကြည့်တော့ အသည်းယားစရာ ။ အမြင့်ကနေကြည့်ရတဲ့ ရှုခင်းတွေကတော့ တကယ့်ကို သာယာလှပနေတယ်၊ ကသျှပဘုရင်ကတော့ သဘာဝအလှအပကို ကြည့်ဖို့ထက် ရန်သူတွေကို အပေါ်စီးကမြင်နိုင်ဖို့ ရည်ရွယ်ခဲ့ဟန်တူတယ်၊ တောင်ကြီးပတ်ချာလှည့်မှာပဲ အဆင်းလမ်းတွေက အမျိုးမျိုး။
လိုက်လာသူသူငယ်တချို့ တောင်ပေါ်ထိ မတက်တော့ဘူးဆိုပြီး ပြန်ဆင်းသွားကြတယ်၊ မိမိတို့လဲ အားတင်းပြီး တောင်လယ်ရောက်အောင် တက်လာကြတယ်၊ တောင်အလယ်လောက်မှာ ကမ္ဘာကျော် ခြင်္သေ့လက်သည်း ကျောက်ထွင်းရုပ်ထုတွေကို တွေ့ရတယ်၊ကမ္ဘာ့လှည့် ခရီးသည်တွေ ဓာတ်ပုံရိုက်သူက ရိုက်၊ အနားယူသူက ယူနေတာကို တွေ့ရတယ်၊ နိုင်ငံခြားသား အချို့က ဓာတ်ပုံတွဲရိုက်ချင်တယ်ဆိုလို့ ဆိုက်တွေ ဂိုက်တွေပေးဖြစ်လိုက်သေးတယ်၊
ဆိဂီရိယတောင်အလယ်က ကမ္ဘာကျော် ခြင်္သေ့လက်သည်း

ဆိဂီရိယတောင် အဝေးမြင်ကွင်း
ဆိဂီရိယဟာ ပင်လယ်ရေမျက်နှာပြင်ထက် ၃၇၇ မီတာ မြင့်တယ်။အနုပညာလက်ရာတွေနဲ့ ခန်းနားထည်ဝါတယ်၊တောင်ပတ်ဝန်းကျင်မှာ ဥယျာဉ်တွေ ရေကန်တွေနဲ့အပြည့်၊
ဒီလို သံလှေခါး အကွေ့အကောက်တွေနဲ့ တက်ရတယ်
ဆိဂီရိယကျောက်တောင်ဆိဂီရိယကျောက်နံရံက ကမ္ဘာကျော် ပန်းချီကား



ဆိဂီရိယကနေ ပြန်ဆင်းလာတော့ ပဒေသရာဇ်ခေတ်ရဲ့ ရက်စက်မှုတွေအကြောင်း စဉ်းစားနေမိတယ်၊ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်ဟာ အလိုရမက်ပြင်းထန်သူများရဲ့ စေစားမှုအောက်မှာ အဓိပ္ပာယ်တွေ အမျိုးမျိုး ဖွင့်ဆိုနေခဲ့တယ်၊ ပဒေသရာဇ်ခေတ် မရှိတော့ပေမယ့် ပဒေသရာဇ်ကို ပြန်လည်ပုံဖော်သူများအကြောင်းကိုလဲ ဆိဂီရိယက လက်တို့ပြောပြလိုက်ရဲ့၊
တောင်ပေါ်တက်လို့ ပင်ပန်းပေမယ့် ရသစုံဖော်ကျူးပေးတဲ့ ဆိဂီရိယက လွမ်းမောဖွယ်ရာဖြစ်လို့ ကျန်ရစ်ခဲ့တယ်၊ မပြန်ချင်သေးပေမယ့် သဘာဝအလှသွေးကြွယ်နေတဲ့ ဆိဂီရိယတောင်ကို နှုတ်ဆက်ပြီး လာရာလမ်းကို ပြည်လှည့်ခဲ့ကြတယ်၊ ဘ၀မှာ ပြင်မရတဲ့ အမှားတွေ မလုပ်မိဖို့နဲ့ ကိုယ်လုပ်တဲ့အလုပ်ဟာ မျိုးဆက်သစ်တွေရဲ့ အားကျအတုယူစရာ ဖြစ်ဖို့လိုအပ်တဲ့ဆိုတဲ့ အတွေးတွေ ခပ်ရေးရေးပေါ်နေခဲ့တယ်၊ ခရီးအတူသွား သူငယ်ချင်းများရဲ့ အတွေးတွေလဲ ရောင်စုံဖူးပွင့်နေကြမယ်ဆိုတာ အလိုလိုနားလည်လိုက်ပါတယ်၊
ဆိဂီရိယရေ.. နောက်မှ ပြန်ဆုံကြပါမယ်၊ ။
No comments:
Post a Comment