Tuesday, May 27, 2008

နာဂစ်အရေးနှင့် မွေးနေ့အတွေး



မေလ (၃) ရက် စနေနေ့တွင် မြန်မာပြည်သူတို့အတွက် မကြုံဘူးသည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို ဘီလျံပေါင်းများစွာ ထိုက်တန်သည့် စည်းစိမ်ဥစ္စာများ ရေထဲမျောပါသွားခဲ့ရ၏၊ နှလုံးသားရှိသူ သူတော်စင်တိုင်း ထိုသတင်းဆိုးကြောင့် ထိခိုက်ကြေကွဲစွာ ခံစားရ၏၊ မှန်၏၊ ကရုဏာဟူသည် သူတပါးဒုက္ခရောက်ချိန်၌ ထိခိုက်ကြေကွဲစွာ ခံစားရခြင်းပင်ဖြစ်၏၊ ကရုဏာခေါင်းပါးသည့် လူသားကြီးတို့အတွက်မူ အနည်းငယ်မျှ တုန်လှုပ်မှုရှိလိမ့်မည်မဟုတ်၊

ဒုက္ခရောက်သည့် မြန်မာပြည်သူ/သားများအတွက် ဆရာတော်သံဃာတော်များ ဦးဆောင်၍လည်းကောင်း၊ လူကြီးလူကောင်းများ တက်ကြွစွာ လှုပ်ရှား၍တဖုံ ပြည်တွင်းပြည်ပရှိ အလှုရှင်တို့၏ အကူအညီကိုရယူကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြ၏၊ ထိုအချိန်အခါမျိုး၌ ဒုက္ခကို ခါးစည်းခံနေရသော မြန်မာပြည်သူတို့အတွက် အုတ်တချပ် သဲတပွင့်ပမာ အကူအညီမပေးဘဲ နေကြလျင် မိမိတို့သမိုင်းတကွက်မှာ အမဲစက်ထင်ကျန်ရစ်ပေလိမ့်မည်၊ တဘက်မှာလည်း လူသားတို့၏ အသက်အိုးအိမ်စည်စိမ်ချမ်းသာ-ဆိုတာ ဒါပါဘဲဟု နာဂစ်က ပြသခဲ့၏၊

(၂၇-၅-၁၉၇၈) ဖွား မိမိအတွက် ဒီနေ့ဟာ မွေးနေ့အဖြစ် ရောက်ရှိလာ၏၊ အညတရ တယောက်အတွက် ခမ်းနားကြီးကျယ်သော မွေးနေ့ပွဲ မလုပ်နိုင်သလို လုပ်နိုင်ခဲ့လျင်လည်း လုပ်ဖြစ်လိမ့်မည် မထင်ပေ၊ အတွေ့အကြုံရင့်ကျက်၍ ဉာဏ်အမျှော်အမြင်ရှိသူတို့က ထိုမွေးနေ့ပွဲကိုပင် “ သေပွဲဟူ၍လည်းကောင်း “ ၊ “ အိုပွဲမိတ်ဆက်ဟူ၍လည်းကောင်း “ မိန့်ဆိုကြ၏၊ မှန်၏၊ မွေးနေ့ဟူသည် လူသားတယောက်အတွက် အသက်တနှစ် ကြီးခြင်းမျှထက် ဘာမှမပိုနှိင်ချေ၊ သို့သော် လူသားတယောက်အတွက် ကိုယ်ဖြတ်သန်းရမည့် သက်တမ်းတလျှောက် အချိန်ကာလအားလျော်စွာ မိမိဘဝ ဆွေမျိုး ဝန်းကျင် လူသားကောင်းကျိုးကို ဘယ်အတိုင်းအတာထိ လုပ်ဆောင်နိုင်ခဲ့ပြီလဲဆိုတာကို ပြန်လည်စဉ်းစားသင့်၏၊ ထိုကဲ့သို့ မလုပ်ဆောင်သူအတွက်မူ ကိုယ့်အသက်အမှန်ကို ပြောရမည်ကိုပင် ရှက်ရွံ့ကြ၏၊ လူခင်လျင် အသက်မမေးနှင့်ဟု ဆိုကြပြန်၏၊ သေခြင်းဆိုသည်ကို သူတို့မကြားလိုကြ၊ သို့သော် လူသားတို့၏ အသက်မှာ ရပ်တန့်မနေဘဲ သေခြင်းတရားဆီ အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနေသည်ကတော့အမှန်ပင်။
အသက်ရှင်ခွင့်ရသမျှ အချိန်တိုလေးအတွင်းမှာ တတ်နိုင်သမျှ စိတ်ကောင်းထားပြီး မိမိအကျိုးအတွက် ကြိုးစားသင့်သလို လူသားကောင်းကျိုးပြုအလုပ်များကို တတ်နိုင်သလောက် လုပ်ဆောင်သင့်သည်မှာ သေချာလှ၏၊ အဘယ်ကြောင့်ဆိုသော် နှစ်ပတ်လည်မွေးနေ့မင်္ဂလာကို လူသားအများစု အကြိမ်တရာ ကြုံခွင့်မရမီ ဘဝတခုကို အဆုံးသတ်ရမည်ဖြစ်သောကြောင့်ပင်။
နာဂစ်မုန်တိုင်းက မိမိတို့လူသားအားလုံးကို
အသက်မှန်သမျှ အချိန်မရွေး ပျောက်ကွယ်နိုင်ခြင်း၊
လူသားတို့၏ အတ္တမာနအားလုံးကို သယ်ဆောင်သွားခြင်း၊
လူဟုပင်ဆိုသော်လည်း လူသားအမြင် လူသားစိတ်ဓာတ် ရှိသူများ ရှိသလို ထိုအမြင် ထိုစိတ်ဓာတ်မရှိသူများ ရှိနေကြခြင်း တို့ကို ပြသခဲ့၏၊ မှန်၏၊ ဤမွေးနေ့မင်္ဂလာမှစ၍ ရှင်သန်ခွင့်ရသမျှ အချိန်လေးမှာ သမိုင်းတကွက်အတွက် အမည်းစက်များ မကျန်ရစ်ရအောင် ကြိုးစားရလိမ့်မည်ဟု ထင်မြင်ခံစားမိပါသည်။
- Happy birthday to you-ဆိုတာထက် May all be free from all sufferings- ကရုဏာမေတ္တာပို့လျက် လက်တွေ့ကူညီကြခြင်းသည်သာ မိမိမွေးနေ့အတွက် အကောင်းဆုံးသော လက်ဆောင်ပေးကြခြင်း-ဟု ခံယူလိုပါ၏။

0 comments: