Monday, June 2, 2008

ဘဝရဲ့ကွက်လပ်လေးများ

ငယ်ငယ်ကနေ အခုအချိန်ထိ စာမေးပွဲတွေမျိုးစုံအောင်ဖြေခဲ့ဖူးတယ်၊ ကျရှုံးမှု အောင်မြင်မှုတွေနဲ့အတူပေါ့၊ စာမေးပွဲဖြေတဲ့အခါ question မေးပြီး အောက်တကြောင်းမှာ ကွက်လပ်လေးတွေထားပေးတယ်၊ သင့်တော်ရာကို ဖြည့်ပါဆိုတဲ့သဘောပေါ့၊ တခါတရံ ရှေ့မှာ စကားလုံးတလုံးထားပြီး ပြည့်စုံတဲ့ ဝါကျဖြစ်အောင် ရေးခိုင်းတဲ့အခါမှာလဲ ကွက်လပ်လေးတွေကို ပေးထားတယ်၊ မှန်ရာကို ပြည့်စုံအောင် ရေးခဲ့ပါဆိုတဲ့ သင်္ကေတပေါ့၊ တကယ်တော့ စာမေးပွဲက အဲဒီကွက်လပ်လေးတွေဟာ များများစားစားကြီး စာဖွဲ့လောက်တာတော့ မဟုတ်ပါဘူး၊ အောင်လက်မှတ်တခု ရဖို့ဘဲဆိုပါတော့။

စာရေးသူတို့ဟာ ဘဝတခုကို ရလာခဲ့တယ်၊ လောကသတ်မှတ်ချက်အရ လူ့ဘဝလို့ဘဲ ဆိုကြပါစို့၊ ရလာတဲ့ဘဝက ပြီးပြည့်စုံတဲ့ ဘဝတခုကို ရလာခဲ့တာမဟုတ်ပါဘူး၊ ကွက်လပ်ပေါင်းများစွာရှိတဲ့ ဘဝကိုရလာခဲ့တာပါ၊ ပြည့်စုံမယ့် အချိန်ကိုရောက်နိုး ရောက်နိုးနဲ့ ဖြည့်လာခဲ့ရတဲ့ ကွက်လပ်တွေလဲ မနည်းတော့ဘူး၊ ဒီလိုလာဖြည့်လာခဲ့ရတာတောင် ဘဝစာစစ်ဆရာကြီးက ကြက်ခြေခက်တွေ အခုထိ ပေးနေတုန်းပါဘဲ၊ မမှန်သေးဘူး လိုသေးတယ်၊ မပြည့်စုံသေးဘူး ထပ်ဖြည့်အုံးဆိုတဲ့ သဘောနဲ့ပေါ့၊

အလုပ်လုပ်နေသူ တယောက်အတွက် လက်ရှိရနေတဲ့ လစာထက် မြင့်မားတဲ့ လစာကို မျှော်မှန်းနေတာဟာ ဘဝရဲ့ ကွက်လပ်တခုပါဘဲ၊ ပညာသင်နေသူတယောက်အတွက် လက်ရှိရထားတဲ့ ဘွဲ့ထက် အဆင့်မြင့်တဲ့ ဘွဲ့တွေကို လိုချင်နေတာဟာလဲ ဘဝရဲ့ ကွက်လပ်ဘဲလို့ ဆိုရမှာပါ၊ ချစ်သူနဲ့အတူ နေချင်တာ နောက်ဆုံးပေါ် ကားတွေကို လိုချင်တာ နောက်ဆုံးပေါ်ပစ္စည်းတွေကို သုံးချင်တာတွေဟာလဲ ဘဝရဲ့ကွက်လပ်တွေပါဘဲ၊ ဒီလိုဘဝရဲ့ဟာကွက် လိုအပ်ချက်ကွက်လပ်တွေကို ဖြည်ဆည်းဖို့ကြိုးစားရတာလဲ ဖက်ဖက်ကို မောလို့ပဲါ၊ ဒါပေမဲ့ မှန်ကန်တဲ့ အဖြေတော့ ဖြစ်မလာခဲ့ဘူး၊

ဘဝရဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းရင်း လက်ရှိအနေအထားထက် ပိုပြီး ကွက်လပ်ပြခဲ့ကြသူတွေကို တွေ့ဖူးပါတယ်၊ ကိုယ့်ချစ်သူအတွက် ကိုယ်တသက်လုံး ယုံကြည်ကိုးကွယ်လာတဲ့ ဘာသာရေးကို လက်လွှတ်ခဲ့ကြတာတွေ ကိုယ့်ကျေးဇူးရှင်မိဘတွေကို ပြန်ပြီးစော်ကားကြတာတွေ ကိုယ့်အပေါ် အမြဲကောင်းနေတဲ့ သူငယ်ချင်းတွေအပေါ်မှာ သစ္စာပျက် မေတ္တာဖျက်ခဲ့ကြတာတွေဟာ ဘဝရဲ့ကွက်လပ်တွေကို ဖြည့်ရင်း ကွက်လပ်တွေကို ပိုပြခဲ့ကြသူတွေပါ၊

တခါတရံ မှားမှန်းသိရက်နဲ့ ရှေ့တိုးလုပ်မိတယ်၊ မြင်လျက်နဲ့ မမြင်ချင်ဟန်ဆောင်ပြီး မျက်စိမှိတ် လုပ်ပစ်တယ်၊ ဘာဘဲကြည့်ကြည့် မကောင်းဘက်ကနေ အမြဲကြည့်တယ်၊ ထားသင့်တဲ့ မာနထက်ပိုတဲ့ မာနတွေထားပြီး ဘဝင်မြင့်တယ်၊ စိတ်ပျက်အားငယ်လွယ်တယ်၊ ယုံကြည်မှုနည်းတယ်၊ လောကကြီးကို အကောင်းမထင်မိဘူး၊ လောကကြီးက မမျှတဘူးလို့ ထင်တယ်၊ တခါတရံကိုယ့်ကိုတောင် မကျေနပ်ချင်ဘူး- စတဲ့ သဘောတရားတွေဟာ ဘဝရဲ့စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တွေပါဘဲ၊

ဒီလို ဘဝရဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တွေကို မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးစားပြီး ဖြည့်ဆည်းရင် ပြည့်သလောက်တော့ ပြည့်လာမှာပါ၊ ဒါပေမဲ့ လူဆိုတာ ကိုယ့်အခြေအနေကို နားလည်ရမယ်၊ ကျေနပ်နိုင်ရမယ်လို့ထင်ပါတယ်၊ ကိုယ့်အခြေနေမှန်ကို မမြင်ချင်ယောင်ဆောင်သူ မေ့နေသူတွေဟာ ဘဝမှာ ကွက်လပ်တွေ တိုးတိုးပြီး ပြနေကြအုံးမှာပါ၊ လူတယောက်မှာ ကြိုးစားခွင့် မျှော်လင့်ခွင့် ယုံကြည်ခွင့် အပြည့်အဝရှိတယ်၊ ဒါပေမဲ့ ကိုယ့်အခြေအနေမှန်ကိုတော့ နားလည်ရလိမ့်မယ်၊

စိုင်ကော်လို့ချုံပေါ်ရောက်သူတွေကို တွေ့ဘူးမှာပါ၊ ကိုယ့်ရဲ့အခြေအနေမှန်နဲ့ ရထားတဲ့နေရာ ယူထားတဲ့ရာထူးက အံဝင်ဂွင်ကျ မဖြစ်တော့ ဒီလူအတွက်သာ ဘဝရဲ့ကွက်လပ်ပြတာမဟုတ်ဘူး၊ ဆက်စပ်ပတ်သက်သူတွေ အားလုံးပါ ကြီးမားတဲ့ ဘဝကွက်လပ်ကို ပြနေကြတယ်လေ၊ ဒါကြောင့် လူဆိုတာ ကိုယ့်အခြေအနေမှန်ကို သိသင့်တာပေါ့၊ ရရှိပြီးတဲ့ ဘဝတခုအတွက် ကွက်လပ်လေးတွေကို ဖြည့်နေကြရအုံးမှာဘဲ၊ ပျော်ရွှင်ကျေနပ်တဲ့ စိတ်များနဲ့ အတူပေါ့၊

ကိုယ့်ရဲ့အခြေအနေမှန်ကို သိရှိခြင်း ၊
ပတ်ဝန်းကျင်အပေါ် အပြန်အလှန်နားလည်မှုရှိခြင်း၊
အကောင်းမြင်ဝါဒရှိခြင်း၊
မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊
အားငယ်စိတ်ကို တတ်နိုင်သလောက် ဖယ်ရှားခြင်း၊
မလိုလားအပ်တဲ့မာနများကို လျော့ချထားနိုင်ခြင်း
- တို့ဟာ ဘဝရဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းတဲ့နေရာမှာ တကယ့်ကို သတိထားသင့်တဲ့ အချက်တွေဘဲလို့ ထင်ပါတယ်။

ဘဝရဲ့ကွက်လပ်လေးများကို ပျော်ရွှင်ကျေနပ်စွာ ဖြည့်ဆည်းနိုင်ကြပါစေ။

ဦးဇင်း ဦးတိက္ခ

0 comments: