Monday, June 23, 2008

လူသားနှင့်မာန

23-06-2008

မာနဆိုတာကို လူတိုင်းသိကြပြီး ဖြစ်ပါတယ်၊ မာနဆိုတဲ့စကားလုံးက တကယ်တော့ ပါဠိစကားလုံးပါ၊ ထောင်လွားခြင်း မြောက်ကြွမြောက်ကြွရှိခြင်းလို့ အဓိပ္ပါယ်ရပါတယ်၊ ကိုယ့်ဟာကို အထင်ကြီးလွန်းခြင်း လူများကို အထင်သေးတတ်ခြင်းဟာလဲ မာနရဲ့သဘောတရား တခုပါဘဲ၊ လောကကြီးအတွင်းမှာ လူသားရယ်လို့ဖြစ်ခွင့်ရတဲ့ မိမိတို့အားလုံးမှာ မာနတွေကိုယ်စီပါလာကြတယ်၊ လူတချို့ပြောတာကို ကြားဖူးပါ့ တယ်၊“ မာနဆိုတာ မာ-ပြီးရင် န,သွားရမှာပါတဲ့ “၊ ဘယ်လိုဘဲဖြစ်ဖြစ် လူသားတိုင်းမှာ မာနတော့ရှိနေကြတာပါဘဲ၊

ရားထူး ပစ္စည်းဥစ္စာတွေ သူများထက် သာနေတဲ့သူတွေက “ ငါက ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ၊ သူတို့က ငါနဲ့ တူသလား တန်သလား “ ဆိုပြီး မာနကြီးတတ်ကြသလို ရာထူးတွေ ပစ္စည်းဥစ္စာတွေ လူများနဲ့ တန်းတူရှိကြတဲ့သူတွေက “ ကိုယ်လဲ ကိုယ့်ထမင်းကိုစား ကိုယ့်ငွေကို ရှာတာ ဘယ်သူ့မှ အရေးစိုက်စရာမလိုဘူး စတဲ့မာနတွေ ထားတတ်ကြတယ်၊

စီးပွားရေး ပညာရေး လူမှုရေး သူများတွေထက် နိမ့်ကျတဲ့ လူတွေမှာလဲ မာနဆိုတာတော့ ရှိနေကြတာဘဲလေ၊ “ သူတို့က ငါ့ထက်သာရင်ရော ဘာအရေးစိုက်ရမှာလဲ ကိုယ့်ရှိမှ ကိုယ်စားရတာ ဘယ်သူ့မှ ခခယယ လုပ်စရာမလိုပါဘူး “ ဆိုတာမျိုးပေါ့၊ ဒီလိုဆိုတော့ လူသားအားလုံးမှာ မာနတွေ ကိုယ်စီရှိနေကြတာပါ၊ တချို့က- ကိုယ်ကအရမ်းမာနကြီးတတ်တာဆိုပြီး ကိုယ့်ဟာကို ဂုဏ်ယူပြောတတ်ကြပါသေးတယ်၊

ဘုရားဟောတဲ့ စာပေကျမ်းဂန်တွေမှာ မာနဖြစ်ခြင်းရဲ့ အကြောင်းတွေကို ပြတဲ့အခါမှာ-

၁။ ကိုယ့်ရဲ့ အမျိုးဂုဏ်ကို အကြောင်းပြုပြီး မာနဖြစ်တယ်၊
၂။ ပစ္စည်းဥစ္စာ ငွေကြေးကို အကြောင်းပြုပြီး မာနဖြစ်တယ်၊
၃။ ပညာကို အကြောင်းပြုပြီး မာနဖြစ်တယ်- လို့ဆိုပါတယ်။
တဘက်မှာလဲ ထားသင့်တဲ့ မာနဆိုတာကို ဖော်ပြထားပါသေးတယ်၊ ပါဠိလိုတော့ ယာထာဝမာန-လို့ခေါ်တာပေါ့၊ “ သူတောင် ဒီအလုပ်လုပ်နိုင်သေးတာ ငါက ဘာလို့မလုပ်နိုင်ရမှာလဲ၊ သူတောင် ဒီစာမေးပွဲအောင်သေးတာ ငါက ဘာလို့မအောင်ရမှာလဲ၊ သူတောင် ဒီငွေရှာနိုင်သေးတာ ငါလဲ ရှာနိုင်ရမှာပေါ့၊ သူလဲလူသားအကျိုးပြုလုပ်နိုင်သေးတာ ငါလဲလုပ်နိုင်ရမှာပေါ့၊”- ဆိုတဲ့မာနကို ယာထာဝမာန- ထားသင့်တဲ့ မာနလို့ဆိုပါတယ်၊

ပတ်ဝန်းကျင်နဲ့ နေတဲ့အခါ ကိုယ့်ရဲ့အတ္တမာနကို ရှေ့တန်းတင်ပြီး ပြောဆိုလုပ်ကိုင်တာထက် ကိုယ်ချင်းစာတရားထားပြီး ပြောဆိုလုပ်ကိုင်တာက စိတ်ချမ်းသာမှုကို ဖြစ်စေပါလိမ့်မယ်၊ လူသားနဲ့မာန မာနနဲ့လူသား ရောထွေးယှက်တင်နေတဲ့ ဒီလောကကြီးမှာ လူပီသတဲ့ လူသားအသိစိတ်ရှိတဲ့ လူကိုလူလို့ မြင်တတ်တဲ့ သူများကတော့ ထားသင့်တဲ့မာနထက် ပိုတဲ့ မာနတွေကို လျော့ချဖို့ ကြိုးစားသင့်သလို ကိုယ့်မာနကို ရှေ့တန်းမတင်မိအောင်လဲ ကြိုးစားရလိမ့်မယ်၊ မာနအချင်းချင်း မထိခိုက်မိအောင် ကိုယ့်မာနတွေကို အပြင်မှာ ခဏထားပြီး လူသားကောင်းကျိုး လောကကောင်းကျိုးကို ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်၊

ဦးဇင်း

0 comments: