Friday, July 11, 2008

ဝါဆို၊ဝါကပ်

11-07-2008


ဝါဆို-ဆိုတာ မြန်မာ့ပြက္ခဒိန်အရ လေးလမြောက်လကို ဝါဆိုလလို့ခေါ်တာပါ၊ ဘုရားဟောတဲ့ပါဠိတော်များမှာတော့ ၀ဿ(vassa)လို့ဆိုတယ်။ ပါဠိ- အင်္ဂလိပ် အဘိဓာန်က ၀ဿ(vassa) ကို rainy season လို့ဖွင့်ထားတယ်- မြန်မာ- အိန္ဒိယ ရာသီဥတုအရ ၀ဿ-၀ါဆိုလအချိန်ဟာမိုးရာသီမိုးဥတုလို့အဓိပ္ပါယ်ရတာပေါ့။အဲဒီဝဿ (vassa)၀ါဆိုလအတွင်းမှာ အကြောင်းကိစ္စအထူးမရှိဘဲ ဟိုသွားဒီသွား မသွားကြရပါဘူး။ ဒါဟာ ဘုရားရှင် ချမှတ်ခဲ့တဲ့ စည်းကမ်းRule ပါပဲ။


ဒီလို မိုးကာလ ၀ဿ (vassa )ကာလမှာ ဘယ်မှ မကြွပဲ စာသင်စာချ (ပရိယတ်) တရားထိုင် တရားပြ (ပဋိပတ်) အလုပ်ကို လုပ်နေကြတာကိုပဲ ၀ါဆိုတယ် ၀ါကပ်တယ်လို့ ခေါ်ရတာပါ မိုးခိုတယ်လို့လဲ သုံးနှုန်း ကြပါတယ်။ အဲဒီ ၀ါဆို ၀ါကပ် ရတဲ့ story background လေးကတော့ ……


ဘုရားရှင်က ၀ါဆိုရမယ် ဆိုတဲ့ စည်းကမ်း မချမှတ်ခင်က ရဟန်းတော်များဟာ နွေ မိုး ဆောင်း ခရီး ဒေသစာရီ ကြွချီ ကြတယ် ၊ အရင်တုန်းကတော့ ဒီနေ့ခေတ်လို လေယာဉ်ပျံ သင်္ဘော မော်တော်ကားတွေ မရှိသေးတော့ ခြေလျင်ကြွရတာပေါ့ ၊ ခြေလျင်ကြွတဲ့အခါ စပါးခင်းတွေ ပဲခင်းတွေကိုဖြတ်ပြီး ကြွကြရတာကိုး- အဲဒါတွေကို လူဒကာ ဒကာမတွေမြင်တော့ ‘ အင်း တိတ္ထိတွေတောင် ၀ါတွင်းကာလမှာ ဘယ်မှမသွားဘူး ငှက်ကလေးတွေလဲ အသိုက်ထဲမှာပဲ နေကြတာ ၊ မြင့်မြတ်တဲ့ ဒီရဟန်းတော်တွေက ၀ါတွင်းကာလ လျှောက်သွားနေကြတယ် အသက်ရှိတဲ့သစ်ပင်တွေကို သတ်ဖြတ် ညှင်းဆဲနေကြတယ်’ လို့ ကဲ့ရဲ့ကြတာပေါ့။


အဲဒီလူတွေရဲ့ကဲ့ရဲ့သံကို ဘုရားရှင်က ကြားတော့ သံဃာ့ အစည်းဝေးတစ်ခုခေါ်ပြီး မိုးတွင်းကာလ ၀ါဆိုလပြည့်ကျော်(်၁) ရက်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါဆိုဝါကပ်ရမယ် ဆိုတဲ့ စည်းကမ်း ကို ချမှတ်ခဲ့တာပေါ့။ ဒီနေရာမှာ ပုရိမ၀ါနဲ့ ပစ္ဆိမ၀ါ ဆိုတာကိုပြောပြချင်သေးတယ်။ မြန်မာလို ပထမ၀ါ ဒုတိယ၀ါ လို့ ခေါ်တာပေါ့ ။ ရဟန်းတစ်ပါးဟာ ၀ါဆိုလပြည့်ကျော် (၁) ရက်နေ့ မှာဝါဆိုရင် သီတင်းကျွတ်လပြည့်နေ့ဆိုရင် (၃) လ ပြည့် ပြီပေါ့ ။ ဒါကို ပထမ၀ါဆိုတယ်လို့ ခေါ်တယ် ။ တကယ်လို့ ၀ါဆိုလပြည်ကျော်(၁) ရက်နေ့မှာ အကြောင်းမညီညွတ်လို့ ၀ါမဆိုဖြစ်ဘူးဆိုရင် ၀ါခေါင်လပြည့်ကျော် (၁) ရက်နေ့မှာ ၀ါဆိုရပါတယ်။ ၀ါခေါင်လပြည့်ကျော် (၁) ရက်နေ့ ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ (၃)လကို ဒုတိယ၀ါ ပစ္ဆိမ၀ါ လို့ ခေါ်တာပေါ့။


ခုနက ပြောတဲ့ story background ကို ကြည့်ရင် လူတွေက ကဲ့ရဲ့တယ် သစ်ပင်လေးတွေမှာ အသက်ရှိတယ်လို့ယူဆတယ် ဆိုတာကို တွေ့ရမှာပါ၊ လောကအယူအဆ အရ ဘယ်အချိန်မှာခရီးသွားသွား ခရီးသွားတာကို အပြစ်လို့ မယူဆပါဘူး၊ ဒါပေမယ့် ဘုရားရှင်က အဲဒီလူတွေကဲ့ရဲ့တာကိုအကြောင်းပြုပြီး ၀ါဆိုဖို့ စည်းကမ်းသတ်မှတ်ခဲ့ တယ် ။ ဘုရားရှင် ရည်ရွယ်တော်မူတာက ဒီလိုလူတွေရဲ့ စိတ်ထဲမှာသာသနာကို ကြည်ညိုတတ်တဲ့ စိတ်တွေပေါ်လာအောင်လို့ ၀ါဆိုရမယ်ဆိုတဲ့ ဒီစည်းကမ်းကို ချမှတ်တာပါ။ ဗုဒ္ဓအဘိဓမ္မာအလိုအရ သစ်ပင်မှာ အသက်မရှိပါဘူး ဒါပေမဲ့ ဘုရားရှင်က လူတွေကဲ့ရဲ့တဲ့စကားတွေကို ဆန့်ကျင်ဘက်ပြုတော်မမူပါဘူး ။


ဒီလို ဘုရားရှင်ရဲ့ လုပ်ထုံး လုပ်နည်းတွေကို ကြည့်ရင် ဘုရားရှင်ဟာ လူသားတွေရဲ့ ကောင်းကျိုးအတွက် တချို့စည်းကမ်းတွေကို ချမှတ်ခဲ့တာတွေ့ရမှာပါ။ ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေကလဲ အကျိုးမရှိတဲ့ အရာတွေမှာ ငြင်းခုံမနေသင့်သလို အကျိုးရှိတယ် လုပ်သင့်တယ်လို့ ယူဆရတဲ့ အရာတွေမှာ မိမိပတ်ဝန်းကျင် ဆွေမျိုး ဘာသာ သာသနာကောင်းစားဖို့ လုပ်ဆောင်သင့်ကြတယ်လို့ ယူဆမိပါတယ်။


( ၀ါဆိုသင်္ကန်း အကြောင်း ဆက်လက်တင်ပြပါမည်)

0 comments: