အတွေးအခေါ် အကြံအစီဆိုတာ လူသားတစ်ယောက်အတွက် အရေးကြီးတယ်လို့ ယုံကြည် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတွေးကောင်းက အပြောကောင်း အလုပ်ကောင်းကို ဖြစ်စေလို့ပါပဲ။ လက်တွေ့မဆန်တဲ့ အတွေးထဲမှာနစ်မျောပြီး ဘာမှ အကောင်အထည်မဖေါ်တဲ့ အတွေးမျိုးကိုလည်း လက်မခံချင်ပါဘူး။ အတွေးကောင်းဆိုတာကို ဘာပေတံနဲ့တိုင်းတာမလဲလို့ မေးလာရင်တော့ ဒါဟာ တော်တော်အဖြေရခက်မယ့် Question တစ်ခုပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ အတွေးကို အကောင်အထည်ဖေါ်တဲ့အခါ အပြစ်မရှိဘူး၊ ကောင်းတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတယ် ဆိုရင်တော့ ဒါဟာ အတွေးကောင်းလို့ ဆိုရမှာပါ။ လူသားတိုင်းဟာ အတွေးနဲ့ ကင်းလို့ မရပါဘူး။
ပြဿနာတစ်ခု(သို့) အလုပ်တစ်ခုကို တစ်ယောက်ထည်းတွေးပြီး ဖြေရှင်းမရရင် သူငယ်ချင်းတွေ မိသားစု ၀င်တွေ အတွေးအကူအညီကို ရယူပြီး ဖြေရှင်းဆောင်ရွက်ကြရတာပါ။ ဒီနေ့ ကမ္ဘာမှာတော့ ခေါင်းတစ်ခုရဲ့ အတွေးတစ်ခုနဲ့ လုံလောက်မှုမရှိတော့လို့ Society, Community, United Nation, Organization, ဆိုပြီး ခေါင်းပေါင်းစုံ စုစည်းပြီး အတွေးကောင်းတွေကို ရွေးချယ် အကောင်အထည်ဖေါ်ဆောင်ရွက်နေကြပါပြီ။ ဒါက တွေးပြီးဆောင်ရွက်လို့ရတဲ့ ကိစ္စကိုပြောရတာပါ။ ဗုဒ္ဓရဲ့တရားတော်တွေမှာတော့ နေရာတိုင်း အကြောင်းအရာတိုင်းမတွေးဖို့ ဟောပြထားပါတယ်။
(၁) ဘုရားရှင်ရဲ့ သဗ္ဗညုတ ညာဏ်အရာ
(၂) ဈာန် အဘိညာဉ်ကိစ္စ
(၃) ကံတရားရဲ့ အကျိုးပေးမှု
(၄) လောကကြီးအကြောင်း- အဲဒီလေးမျိုးကိုတော့မတွေးနဲ့ ၊ တွေးလွန်းရင် စိတ်တွေ ပြန့်လွင့် ပြီး ရူးသွားနိင်တယ်လို့ ဟောပြထားပါတယ်။ ဆိုကြပါစို့-
မြတ်စွာဘုရားက သဗ္ဗညုတ ညာဏ်တော်ကိုရတယ်။ သဗ္ဗညုတဆိုတာ အကုန်လုံးကို သိနိုင်တဲံ ညာဏ်ကို ဆိုလိုတာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေ လက်ခံတဲ့ သံသရာရဲ့ အစ (သို့) သံသရာ ဆိုတဲ့အရာရဲ့ ဘယ်တုံးက စတယ်ဆိုတာ မိန့်ဆိုချက် အတိအကျ မရှိပါဘူး။(အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော) တချို့အတွေးသမားတွေ ပြောနေကြတာ သဗ္ဗညုတညာဏ်ဟာ အကုန်လုံးကို သိတယ်ဆိုရင် သံသရာရဲ့ အစကိုလည်း သိရမှာပေါ့။ အဲဒီလူတွေကို ပြန်မေးချင်ပါတယ်။ ကြက်ဥ တစ်လုံးရဲ့အစကို သိသလားလို့။ ပြီးတော့ မြတ်စွာဘုရားရဲ့ တန်ခိုးတော်အရာတွေဟာလည်း မြတ်စွာဘုရားရှင်ကို လက်တွေ့ မသိတဲ့သူတွေအတွက် ဘယ်လောက် တွေးတွေး တွေးလို့မရနိုင်ပါဘူး။ hypothesis နည်းနဲ့တော့ သိလို့ ရနိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မဆန်လွန်းတဲ့ hypothesis နည်းဟာလည်း အမြဲတမ်းသုံးနေလို့ မရပါဘူး။ အဲဒီနည်းတွေချည်း သုံးနေရင်တော့လည်း အမှန်တရားဆိုတာ အလှမ်းကွာနေဦးမှာပါ။
လောယာဉ်ပျံ မမြင်ဘူးတဲ့လူတစ်ယောက်အတွက် တန်နှစ်ဆယ်ကျော်ရှိတဲ့ သံထည်ကြီး ကောင်းကင်ကို ပျံတက်သွားတယ်လို့ပြောရင် လက်ခံနိုင်မှာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ သဗ္ဗညုတ ညာဏ်အရာ ဟာလည်း တန်နှစ်ဆယ်ကျော် ရှိတဲ့ သံထည်ကြီး ကောင်းကင်ကို ပျံတက်တာ ရောပေါ်မှာ ပေါ်နေတာကို မမြင်ဘူးတဲ့ သူတွေရဲ့ အတွေးမျိုးနဲ့တော့ ဘယ်လောက်တွေးတွေး မရနိုင်ပါဘူး။
ဈာန် အဘိညာဏ်တွေ ကံတရားရဲ့ အကျိုးပေးမှုတွေဟာလည်း အရမ်းကို ဆန်းကြယ်ပါတယ်။ ဈာန်ရရင် ဘာ့ကြောင့် ကောင်းကင်ကို ပျံနိုင်တာလဲ၊ ဘာကြောင် မြေကို ရှိုးနိုင်တာလဲ၊ လို့ တွေးနေရင် စိတ်ပျံ့လွင့်တာထက် ပိုတဲ့ အကျိုးတော့ မရနိုင်ပါဘူး။ လက်တွေ့ ကျင့်ကြံအားထုတ်မှသာ သိနိုင်တဲ့ အရာမို့ပါ။ နောက်တစ်ခုက လောကကြီးအကြောင်းကိုလည်း မတွေးပါနဲ့တဲ့။ အုံးသီးထိပ်က အပေါက်တွေကို ဘယ်သူဖေါက်တာလဲ? ပင်လယ်သမုဒ္ဒရာကြီးတွေကို ဘယ်သူက စပြီး တူးခဲ့တာလဲ?
လူသားဟာ မွေးဖွါးပြီး ဘာ့ကြောင့် သေဆုံးတာလဲ? လူသားတစ်ယောက်နဲ့တစ်ယောက်ဟာ ဘာ့ကြောင့် စိတ်ချင်း မတူကြတာလဲ? စတဲ့ လောကကြီးနဲ့ ပက်သက်တဲ့ အတွေးတွေဟာ မဆုံးနိုင်သလို တိကျတဲ့အဖြေဟာလည်း ရလာမှာ မဟုတ်ပါဘူး ဒါ့ကြောင့် မြတ်စွာဘုရားက ဗုဒ္ဓရဲ့ သဗ္ဗညုတ ညာဏ်အရာ ဈာန် အဘိညာဏ်ကိစ္စ ကံတရားရဲ့ အကျိုးပေးမှု လောကကြီးအကြောင်းကို မတွေးဖို့ ဟောကြားခဲ့တာပါ။
ဘုရားရှင်အဓိက ရည်ရွယ်တော်မူတာက အကျိုးမရှိတဲ့ တွေးသလောက် အကျိုးမရနိုင်တဲ့ အတွေးမျိုးကို အားပေးတော်မမူတာပါ။ လူသားတစ်ယောက်အတွက် အတွေးဆိုတာ ရှိနေမှာပါ။ ဒါပေမယ့် တွေးသင့်တဲ့အတွေးထက် ပိုတဲ့ အတွေးတွေဟာ လူသားတစ်ယောက်ကို အထီးကျန် ဆန်စေတယ်။ ပျော်ရွှင်မှုတွေလည်း ကင်းဝေးစေပါတယ်။ တွေးချင်တဲ့အတွေးထဲက တွေးသင့်တဲ့ အတွေးကောင်းတွေကို ရွေးချယ်ပြီး အပြောကောင်း အလုပ်ကောင်းဖြစ်လာအောင် ကျိုးစားကြရမှာပါ။
Uzin
Wednesday, July 30, 2008
အတွေးအပိုင်းအစများ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment