Tuesday, August 5, 2008

ဗုဒ္ဓဘာသာဆိုတာ

ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်တရားကိုယ်ဟာ ဘာလဲလို့ မေးရင် တစ်ချို့က “သစ္စာလေးပါးကို သိအောင်လုပ်ပေးတာ”လို့ ဖြေချင်ဖြေမယ်၊ တစ်ချို့က “မဂ္ဂင် ရှစ်ပါးကို ကျင့်ခိုင်းတာ”၊ တစ်ချို့က “နိဗ္ဗာန်ကို မျက်မှောက်ပြု ခိုင်းတာ” စသည် အသီးသီး ဖြေချင် ဖြေမယ်။ ဒီအဖြေတွေထက် လူတိုင်း ပိုမိုနားလည် လွယ်ကူစေမယ့် စကားမျိုးနဲ့ ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဆိုတာ “အကြောင်းနဲ့အကျိုးကို ဆက်စပ်ပြပေးတာ”လို့ ဖြေရမှာ ဖြစ်ပါတယ်။ လူတွေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတစ်စုံတစ်ရာအတွက် “အဲဒီရဲ့ မူလလက်သည်အရင်းက ဒါပါ”လို့ အတိအကျ ဖော်ညွှန်းပေးတာဟာ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

လက်တွေ့ဘ၀မှာလိုက်ကြည့်ရင်ပဲ လူတွေမှာ အကြောင်းအကျိုး ဆက်နွယ်မှုကို နီးနီးစပ်စပ် ဆင်ခြင်တတ်လေ၊ လူဟာ ပိုပြီး တည်ငြိမ်ရင့်ကျင့်မှုရလေဆိုတာ အထင်အရှား ဖြစ်ပါတယ်။ အမှန်တော့ လူဟာ အခြားသတ္တ၀ါတွေထက် စာရင်တော့ အကြောင်းနဲ့အကျိုးကို ဆက်စပ်ကြည့်တတ်ပါတယ်။ အခြေအနေတစ်ခုခုကို ကြည့်ပြီး ဒါဟာ ဒါ့ကြောင့်ဖြစ်လာတယ်ဆိုတာကို တွက်ချက်တတ်ပါတယ်။ (အဲဒါကြောင့်ပဲ လူဟာ အခြားသတ္တ၀ါတွေထက် ခေါင်းတစ်လုံး သာနေတာပါ။) ဒါပေမယ့် အဲဒီလို အကြောင်းနဲ့အကျိုး ဆက်စပ်တဲ့အခါမှာ ဖန်တီးခံထားရတဲ့စိတ်အခံနဲ့ ခံစားဆုံးဖြတ်တဲ့ အကောင်းအဆိုး သတ်မှတ်မှုရယ်၊ ရိုးရိုးမျက်စိနဲ့ ထင်သာမြင်သာတဲ့အကြောင်းကိုပဲ ရှာတတ်တာရယ်ကြောင့် ပြဿနာတစ်ခုရဲ့ ဇာစ်မြစ်အထိ ကြည့်ဖို့ မစွမ်းဖြစ်ပြီး ကိုယ် မြင်သလို ဖြေရှင်းနေကြတော့ တချို့ပြဿနာတွေ တကယ် ငြိမ်းမသွားပါဘူး။

ဆိုပါတော့ လူဟာ ကလေးဘ၀တည်းက “ငါ မကြည်မသာ ဖြစ်နေတယ်ဆိုတာ ဗိုက်ထဲမှာ အစာလိုနေတာ”လို့ သိမယ်။ “အဲဒီ့လိုနေတဲ့အစာဟာ ငိုလိုက်ရင် ပေါ်လာမယ်” (သို့) “တွေ့လေရာကို ကောက်စားလိုက်ရင် ငြိမ်းမယ်”လို့ သိမယ်။ အဲဒီလိုပဲ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးဟာ နောက်အသက်ကြီးလာတဲ့အထိ မသိစိတ်မှာ စွဲမြဲလာပြီး တစ်ချိန်မှာလည်း တစ်စုံတစ်ယောက်က ကိုယ့်ကို လာဆဲတယ်ပဲ ထားပါတော့၊ အဲဒီ့လို အဆဲခံရတဲ့အခါ “ငါ့မှာ တစ်စုံတစ်ရာ ပဲ့သွားတယ်”လို့ သိမယ်၊ “အဲဒီလို နောက်ကို ပဲ့မသွားအောင် ဆဲလာတဲ့သူကို လက်သီးနဲ့ထိုးပြီး နောက်ကို မဆဲရဲတော့အောင် လုပ်ရမယ်”လို့ သိမယ်။ အဲဒီလို တွက်ချက်မှုမျိုးနဲ့ပဲ လောကမှာ ဖြစ်ပျက်နေသမျှ အခြေအနေတွေကို ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ “ချုံပုတ်ထဲကနေပြီး ခွေးတစ်ကောင်ကို ခဲနဲ့ လှမ်းပေါက်တော့ အဲဒီခွေးက သူ့ကို ပေါက်တဲ့လူထက် သူ့ရှေ့ရောက်လာတဲ့ ခဲကိုပဲ လိုက်ဟပ်တယ်”ဆိုတဲ့စကား ရှိပါတယ်။ “ခဲဆိုတာ ဘယ်လိုနည်းနဲ့မှ သူဟာသူ လွင့်လာစရာအကြောင်းမရှိဘူး”လို့ သိနေတဲ့ လူက ခဲကိုတော့ ရန်မမူပါဘူး၊ အဲဒီအစား တစ်ချို့ အဲဒီခဲလုံး မိုးပေါ်က ကျလာတယ် အထင်နဲ့ ကောင်းကင်ကို ကြောက်လန့်တကြား ရှိခိုးဆုတောင်းတာနဲ့ တစ်ချို့ မြေကြီးထဲက ထွက်လာတယ်အောက်မေ့ပြီး မြေကြီးကို ဒေါသမာန်ပါပါ ဖနှောင့်နဲ့ပေါက်တာတွေ ဘာတွေ လုပ်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓကိုယ်တိုင် ဥာဏ်အလင်းကို စပြီးရခဲ့တဲ့အချိန်ကရော၊ နောက်တပည့်သာဝကတွေ သစ္စာတရားကို နားလည်သွားတဲ့အခါမှာပါ ဥာဏ်မှာ ထင်လာတဲ့ စကားလေး တစ်ခုရှိပါတယ်၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမသ္မ္ပ္ပိံ အသတိ ဣဒံ န ဟောတိ (ဒီဟာ ဖြစ်ရင် ဒါဖြစ်မယ်၊ ဒါဖြစ်မလာခဲ့ရင် ဒါဖြစ်လာစရာ အကြောင်း မရှိဘူး)” ဆိုတဲ့ စကားပါ။ အကြောင်းအကျိုး ဆက်နွယ်မှုကို သဘောပေါက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီစကားထဲမှာ အကြောင်းဆိုရင်လည်း ပေါ်ယံအကျဆုံးအကြောင်းကနေ အကြောင်းရဲ့ အကြောင်းရင်း စသည် နဂိုမူလဇာတ်မြစ်အထိ အဆက်ဆက်၊ အကျိုးဆိုရင်လည်း အကျိုးရင်းအကျိုးဖျားခွဲခြားရုံသာမက ဆိုးကျိုးထင်ရတဲ့အရာဟာ တကယ့်ဆိုးကျိုး ဟုတ်မဟုတ်၊ အကောင်းလို့ သတ်မှတ်ထားသမျှလည်း တကယ် ကောင်းတာ သေချာမသေချာ၊ ဆိုးတဲ့အကျိုးရဲ့ ဇာစ်မြစ်ကို ဖယ်ရှားဖို့ အားထုတ်ခြင်း၊ ကောင်းတာရဲ့ အကြောင်းရင်းတွေကို အထပ်ထပ် လုပ်ဆောင်ခြင်းတွေအထိပါ ခြုံငုံပါဝင် သွားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာက ပြောထားသမျှ အနှစ်ချုပ်ဟာ အကြောင်းအကျိုးကို ဆက်စပ်နားလည်အောင် သင်ပြပေးတာလို့ ပြောရမှာပါ။ အဲဒီအရာကို စကားတစ်မျိုးနဲ့ ပြောင်းပြောတဲ့အခါမှသာ နဂိုက ပြောခဲ့တဲ့ “သစ္စာလေးပါးကို သိခြင်း”၊ “မဂ္ဂင် ရှစ်ပါးကို ကျင့်ခြင်း”၊ “နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း” စသည်တွေ ထွက်လာတာ ဖြစ်ပါတယ်။

ရေးသူ>> သယံဝသီ
copy of ABC blog

0 comments: