Friday, January 9, 2009

အမေနေ့ အပိုင်း (၂)

အမေလို့ခေါ်ခွင့်ရနေတဲ့ အချိန်လေးမှာ အမေစိတ်ချမ်းသာအောင် အမေကျေနပ်မှုရအောင် ပြုမူ ပြောဆို ပြီး ကျေးဇူးဆပ်ထားသင့်ပါတယ်၊ ဆရာတော်ကြီးတပါး အမိန့်ရှိတာကို မှတ်သားဖူးပါတယ်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ၁၀ နှစ်တိတိ တာဝန်ထမ်းဆောင်ဖူးတဲ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်အကြောင်းပေါ့၊

သူဟာ များပြားလှတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နေရပေမယ့် အမေကို အမြဲဦးထိပ်ထားသူတယောက်ပါ၊ တနေ့သူမြန်မာပြည်ကို ခဏပြန်လာတဲ့ အချိန် ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုနေကြတဲ့ ပရိဿတ်ကြီးရဲ့ရှေ့မှာ အမေကိုတွေ့တွေ့ချင်း အမေ့ခြေဖမိုးကို သူ့ခေါင်းနဲ့ထိပြီး ပြားပြားဝပ် ကန်တော့တဲ့ ပုံရိပ်ဟာ အဲဒီအချိန်က မြန်မာသတင်းစာတွေရဲ့ ခေါင်းစီးပိုင်းမှာ ဖော်ပြခဲ့ပါတယ်တဲ့၊ ပြီးတော့ ဆရာတော်ကြီးက ဆက်ပြီးအမိန့်ရှိပါတယ် ဥာဏ်ရှိတဲ့သူမှန်ရင် မိဘကျေးဇူးကို သိရပါမယ်တဲ့၊ဆရာတော်ကြီးတပါးအမိန့်ရှိခဲ့တာလေးပါ၊

ဘုရားရှင်ဟောကြားတဲ့ တရားတော်တွေမှာလည်း မိဘကျေးဇူးကြီးမားကြောင်းဟောကြားခဲ့တဲ့ ဒေသနာတော်တွေဟာ အများကြီးပါဘဲ၊ အားလုံးသိကြတဲ့ မင်္ဂလသုတ်ထဲမှာ မာတာပိတု ဥပဋ္ဌာနံ ဆိုတဲ့ စကားလေးရှိပါတယ် အမေနဲ့ အဖေကို ပြုစုလုပ်ကျွေးရင် မင်္ဂလာတပါးလို့ဆိုလိုပါတယ်၊ သိဂါင်္လောဝါဒ သုတ္တန်မှာတော့ တကယ်လို မိဘတွေမရှိတော့ရင်တောင် (ကွန်လွယ်သွားပြီဖြစ်တဲ့ ) မိဘတွေအတွက် ကုသိုလ်ကောင်းမှု ပြုပြီး အမျှအတမ်းပေးဝေခြင်းဖြင့် ကျေးဇူးဆပ်ရမယ်လို့ ဟောကြားတော်မူခဲ့ပါတယ်၊

ဘယ်လိုအနေအထား ဖြစ်ဖြစ် မိဘဟာ သားသမီးတွေ အတွက်ဆိုရင် ဘာအရာကို မဆိုရင်ဆိုင်ရဲတဲ့ သတ္တိတွေအပြည့်ရှိပါတယ် သားသမီးတိုင်းကို ကောင်းစားစေချင်တာ မိဘတိုင်းရဲ့ ရင်ထဲကဆန္ဒ၊ ဗုဒ္ဓရဲ့ အလိုအရ မိဘတွေဟာ ဗြဟ္မာကြီးနဲ့တူတယ်လို့ ဟောပြတော်မူပါတယ်၊ ကြင်နာတတ်တဲ့နှလုံးသား ကြီးပွားစေလိုတဲ့ဆန္ဒဟာ မိဘတိုင်းမှာ ရှိတဲ့စိတ်ထားပါ၊ တကယ်သာ လူသားအားလုံးမှာ မိခင်စိတ်ရှိကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးဟာ ငြိမ်းချမ်းနေမှာ မလွဲပါဘူး၊
အမေကိုချစ်ရင် အမေစိတ်ချမ်းသာအောင် တတ်နိုင်သလောက်ကျေးဇူးဆပ်ခြင်းဖြင့် အမေနေ့ကို ကြိုဆိုကြပါစို့၊

0 comments: