Wednesday, January 13, 2010

လောက၀ိဒူဂုဏ်တော်နှင့် ဆင့်ပွားအတွေးများ

နေ့စဉ် ဘုရားဂုဏ်တော် ကိုးပါးကို သက်စေ့ရွတ်ဖြစ်တယ်၊ အချိန်များများ ရတဲ့နေ့တွေမှာ ပိုပြီးရွတ်ဖတ် ပူဇော်ဖြစ်တယ်၊ အလုပ်မရှိဘဲ စိတ်ကိုဒီအတိုင်း လွှတ်ထားမယ့်အစား စိတ်ကို ပုံမှန်အလုပ်ပေးတဲ့ သဘောထက် မပိုပါဘူး၊ တစ်ခါတရံ လေးလေးနက်နက် ဂုဏ်တော်ကို ဆင်ခြင်မိတဲ့အခါလည်း ရှိတယ်၊ တစ်ခါတရံ (စိတ်တွေလေးနေ ပျင်းနေတဲ့အချိန်) ရွတ်ဖတ်ရင်တော့ နှုတ်ကသာ ဂုဏ်တော်တွေထွက်နေတာ ဘယ်နှစ်ကြိမ်ရှိသွားပြီဆိုတာတောင် သတိမထားနိုင်ဘူး၊

ဘုရားရှင်ရဲ့ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညို စဉ်းစား ရွတ်ဖတ်နိုင်တဲ့နေ့တွေမှာ စိတ်ကကြည်လင်နေတယ်၊ ကိုယ့်ယုံကြည်ချက်အတိုင်း ကောင်းတာလေး လုပ်ခွင့်ရတာပဲလို့ တွေးပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေတတ်တယ်၊

တကယ်တော့ ဂုဏ်ဆိုတာ ဥုံဖွ မန်းမှုတ်ပြီး ပေါ်လာတာမျိုးတော့မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်(စွမ်းဆောင်ချက်) နောက်က လိုက်လာတဲ့ အရည်အချင်းတစ်ခုသာ ဖြစ်တယ်။

ဘုရားရှင်ရဲ့ စိတ်တော်မှာ အညစ်အကြေး(ကိလေသာ) မရှိတဲ့အတွက်
လောကအပေါ် ပြည့်ပြည့်၀၀ နားလည် သိမြင်လာတယ်( သမ္မာသမ္ဗုဒ္ဓ- Really Fully understanding ) သဘာဝလွန် သိမြင်ခြင်း မဟုတ်ဘဲ လောကကို အရှိတိုင်း သိလာမြင်လာတယ်၊

အရှိကို အရှိအတိုင်း သိမြင်လာဖို့အတွက် အသိနဲ့ အကျင့်ကို တွဲပြီး လေ့ကျင့်ခဲ့တယ်၊(၀ိဇ္ဇာ စရဏ သမ္ပန္နော)

အသိ အကျင့်နှစ်ခုကို တွဲပြီးလေ့ကျင့်တော့ ဥာဏ်အလင်းတစ်ခု ဖြစ်ပေါ်လာပြီး ရုပ် နာမ် လောကမရှိတဲ့ ငြိမ်းအေးတဲ့ သဘောကို ရှာဖွေနိုင်ခဲ့တယ်၊(သုဂတော)

ပြီးတော့ လောကကြီးအကြောင်းကို ပိုပြီးသိမြင်လာတယ်၊(လောက၀ိဒူ)
လောကအကြောင်းကို ပိုသိတဲ့သူဖြစ်တဲ့အတွက် လောကထဲမှာ ရှိတဲ့သူ အားလုံးကို ဆုံးမ လမ်းညွှန်နိုင်သူ ဖြစ်လာတယ်၊(အနုတ္တရော ပုရိသဒမ္မသာရထိ)

လမ်းကောင်းကို လမ်းညွှန်နိုင်သူဖြစ်တဲ့အတွက် လောကရဲ့ဆရာတစ်ဆူဖြစ်တော်မူတယ်၊ (သတ္ထာဒေ၀ မနုဿာနံ)
လောကရဲ့ဆရာတစ်ဆူဖြစ်လာဖို့ အမှန်တရားတွေကို ပြတ်ပြတ်သားသား ဥာဏ်နဲ့သိအောင် ရှာဖွေခဲ့ လေ့ကျင့်ခဲ့တယ်၊(ဗုဒ္ဓေါ)
ဒါကြောင့် ဘုရားရှင်ဟာ ဂုဏ်တော်အစုံ ပြည့်စုံသူဖြစ်လာတယ်။(ဘဂ၀ါ)

စဉ်းစားမိတာလေးတစ်ခုက လောက၀ိဒူ- လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်လာတယ် ဆိုတဲ့နေရာမှာ ဒီကမ္ဘာကြီးအပါအ၀င် Universe တွေရဲ့ အကြောင်း ဒီကမ္ဘာကြီးထဲ နေကြတဲ့ ပုဂ္ဂိုလ်များရဲ့အကြောင်း ယင်းပုဂ္ဂိုလ်များရဲ့ စိတ်သဘောထား ခန္ဓာဘေဒ သဘောတရားတွေကိုပါ ပြည့်ပြည့်စုံစုံ သိတော်မူတယ်လို့ နားလည်နိုင်ပါတယ်၊

မျက်မှောက်ခေတ် ၀ိပဿနာတရားထွန်းကား လာချိန်မှာ ရုပ် နာမ်အကြောင်းသိရင် ဘ၀က ကျေနပ်စရာ ကောင်းတယ်လို့ ဆိုလာကြတယ်၊ တကယ်တော့ ဒါဟာပြည့်စုံတဲ့ ဘုရားရှင်ရဲ့ အလိုတော်ကျ မဟုတ်သေးပါဘူး၊ ရုပ် နာမ်အကြောင်း သိဖို့လိုသလို မျက်မှောက်ခေတ် ကမ္ဘာအကြောင်းကို မျက်ခြေမပြတ်ဖို့ လိုပါတယ်၊ပြီးတော့ မျက်မှောက်ကမ္ဘာမှာ ရှိကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကိုလဲ သိအောင်လုပ်ထားဖို့ လိုပါတယ်(အချိန်ရသလောက် လေ့လာရပါမယ်)

ရုပ် နာမ်အကြောင်းကိုတော့ သိပါရဲ့ ဒီကမ္ဘာကြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မသိရင် မိမိတို့ရဲ့ သာသနာကို ပြန့်ပွားအောင် တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး၊ တချို့က ဆိုကြတယ် သာသနာတည်ဖို့ အရေးမှာ အဆောက်အဦးတွေက ဆောက်နေဖို့ မလိုပါဘူးဆိုတာမျိုးပေါ့.. မှန်ပါတယ်..အဓိကအကြောင်းတရားအဖြစ် မပါဝင်ပေမယ့် သာသနာပြု သာသနာပြန့်ပွားဖို့မှာ အဆောက်အဦးတွေဟာလဲ ပယ်လို့မဖြစ်တဲ့ သာမညထက်ပိုတဲ့အကြောင်းတွေလို့ ဆိုနိုင်ပါမယ်၊
ဇေတ၀န်ကျောင်းတော်ကို မဆောက်ဘဲ တောထဲမှာနေပြီး သာသနာပြန့်ပွားအောင် လုပ်ခဲ့ရင် ဒီနေ့ခေတ်မှာ ဂေါတမဗုဒ္ဓ ဘုရားအဖြစ် ပွင့်သွားတယ်ဆိုတာကို ယုံကြည်လက်ခံဖို့ ခက်ခဲပါလိမ့်မယ်၊ တဲအို တဲပျက်လေးထဲမှာနေပြီး ကမ္ဘာကို သာသနာဖြန့်ချင်ပါတယ်ဆိုရင် ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး၊ တဲစုတ်ထဲမှာ အနေစုတ်တဲ့ ရဟန်းတစ်ပါးကို ဘယ်သူမှ အထင်ကြီးလေးစားမှာ မဟုတ်ပါဘူး၊

မိမိပြောချင်တဲ့ ဘုရားရှင်ရဲ့ သစ္စာတရားကို လက်ခံလာဖို့ အဆင့်မှီတဲ့ အဆောက်အဦး အဆင့်ရှိတဲ့ အနေအထိုင် အပြောအဆို အဆင့်မှီတဲ့ ဘာသန္တရ ဒါတွေပြည့်စုံဖို့ လိုပါလိမ့်မယ်၊
ဘုရားရှင် သာသနာပြုတဲ့အခါမှာလဲ ရောက်ရာဒေသက ပြောကြတဲ့သူတွေရဲ့ စကား(ဒေသိယစကား)တွေ သုံးပြီး သာသနာပြုတော်မူခဲ့တာ ပိဋကတ်ကျမ်းစာတွေမှာတွေ့နိုင်ပါတယ်၊

ဒီနေရာမှာ စဉ်းစားသင့်တာက တစ်ယောက်ထဲ လွတ်မြောက်ဖို့ ကြိုးစားမလား၊ ဘုရားလောင်းဝါဒလို အများအတွက်ပါ လွတ်မြောက်ဖို့ ကြိုးစားမလားဆိုတာပါ၊ တစ်ယောက်ထဲအတွက်ဆိုရင်တော့ ဘာသာစကားတတ်ကျွမ်းဖို့ အဆောက်အဦးကောင်းတွေ တည်ဆောက်ဖို့ ကမ္ဘာကြီးအကြောင်းသိဖို့ ဒီကမ္ဘာနေတဲ့ ပုဂ္ဂိုလ်တွေအကြောင်း သိဖို့ အဆင့်မှီမှီ နေထိုင် သွားလာ စားသောက်ဖို့ မလိုအပ်ပါဘူး၊

အများအတွက်ပါ စဉ်းစားပြီး တတ်နိုင်သလောက် သစ္စာတရားဖြန့်ဝေမယ် သာသနာပြုမယ်ဆိုရင်တော့ လောကအကြောင်းကို သိသင့်သလို အဆင့်အမှီတဲ့ နေရာ အ၀တ် အသွား အလာ အပြုအမူတွေ တကယ့်ကို လိုအပ်လှပါတယ်၊ ဒါကြောင့် အကျိုးရှိတဲ့နေရာမှာ အသုံးချနိုင်ဖို့ အင်တာနက်ကိုလဲ သုံးရပါလိမ့်မယ်၊(အွန်လိုင်းတရားပွဲနဲ့ ဆွေးနွေးခန်းများ ဆောင်ရွက်နေကြတာကို သိမြင် နားလည်နိုင်ပါတယ်) အဆင့်မြှင့် အင်္ဂလိပ်စာသင်တန်း ဟိန္ဒီ တရုတ် ဂျပန်စတဲ့ ဘာသန္တရ သင်တန်းတွေလဲ ဖွင့်လှစ်ရပါမယ်၊

နည်းပညာတွေအသုံးချပြီး သာသနာပြုရာမှာ အထောက်အကူဖြစ်စေဖို့ ကွန်ပြူတာသင်တန်းတွေလဲ ပေးကြရပါမယ်(ကျွမ်းကျင်အဆင့်မဟုတ်တောင် ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိဖို့လိုပါတယ်) အဆင့်မှီ အများလေးစားတဲ့ အဆောက်အဦးကောင်းတွေလဲ တည်ဆောက်ရပါမယ်၊

ဘုရားရှင်က တစ်နေ့ကို နှစ်ကြိမ် လောကကြီးကို ကြည့်တော်မူသလို သာသနာပြုရဟန်းတော်များလည်း လောကကြီးကို မြင်သလောက် ထွင်းဖောက်ကြည့်နေရပါမယ်၊ စိတ်စင်ကြယ်မှ အရာရာကို ပြည့်ပြည့်၀၀ နားလည်လာနိုင်တာမို့ စိတ်စင်ကြယ်သန့်စင်ဖို့ ကိုယ်ကျင့်တရားကောင်းလဲ ရှိရပါလိမ့်မယ်၊

ဘုရားရှင်ကိုယ်တော်တိုင် လမ်းကြို လမ်းကြားသွား လယ်ထဲဆင်းပြီး တရားဟောတော်မူသလို သာသနာပြုလိုသူရဟန်းတော်များလဲ ကျောင်းထဲမှာတင် ထိုင်မနေဘဲ ခရီးများများသွားပြီး ရောက်တဲ့နေရာမှာ သစ္စာဆီမီး ထွန်းညှိပေးဖို့ လိုပါမယ်၊( Public Relationship) လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိ ရှိရပါမယ်( သီဟနာဒ)။

ဒါတွေကတော့ ဂုဏ်တော်ပွားရင်းတွေးမိတဲ့ ဆင့်ပွားအတွေးတွေပါ၊ လောက၀ိဒူကို နေ့စဉ်ရွတ်ဆိုနေပြီး ဟိုဟာမလုပ်သင့်ဘူး ၊ရဟန်းတွေနဲ့ ဘာဆိုင်လို့လဲ၊ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပေါ့လို့ ပြောနေကြတာကတော့ ဘုရားရှင်ကို မယုံကြည်လို့ လောက၀ိဒူကို နားမလည်လို့ပြောတာ ဖြစ်ပါလိမ့်မယ်၊
ဘုရားရှင်ရဲ့ လောက၀ိဒူဂုဏ်တော်ကို နားလည်တယ်ဆိုရင်တော့ သာသနာပြု သာသနာပြန့်ပွားဖို့အရေးမှာ သာသနာပြုရဟန်းတော်များ ဘာတွေလိုအပ်တယ် ဘယ်လိုဖြည့်ကျင့်ရမယ်ဆိုတာ သိမြင်လာပါလိမ့်မယ်၊

ဟုတ်ပါတယ်။ လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်တော် မူလို့ လောက၀ိဒူဂုဏ်တော်ပိုင်ရှင်ဖြစ်တော်မူခဲ့ရတာပါ။ ။။

0 comments: