Friday, February 26, 2010

ယခင်နဲ့ ယခု

အရင်တုန်းက ဒီနေရာကို မြတ်စွာဘုရားရှင် ကြွရောက်ဖူးတယ်၊ ယခင်က ဒီနေရာကို ရဟန္တာအရှင်မြတ်(၇)ပါး ကြွရောက်ပြီး တရားရေအေး တိုက်ကျွေးခဲ့ဖူးတယ်၊ အရင်က အသောကမင်းကြီးရဲ့ သမီးတော် သင်္ဃမိတ္တာ ရဟန္တာထေရီမ ဘုရားပွင့်တဲ့ဗောဓိပင် တောင်ဖက်ကိုင်းကို သယ်ဆောင်လာခဲ့ဖူးတယ်။ တချိန်က ဒီနေရာဟာ မြေမြတ်မဟာ အဖြစ်ရှိခဲ့တယ်၊ ယခုအဲဒီနေရာမှာ သမိုင်းဝင် အထောက်အထား အဆောက်အဦးတွေကို တွေ့မြင်နိုင်တယ်၊
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်တုန်းက ဒီနေရာကို လူတိုင်းသွားလို့ မရခဲ့ဘူး၊ သူတို့တတွေ နယ်မြေခွဲထွက်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်နေခဲ့တယ်။ အခု ဒီနေရာလေးဟာ အစိုးရရဲ့ လက်အောက်ကို ပြန်လည်ရောက်ရှိလာပြီး နယ်မြေထူထောင်ရေးတွေ စတင်လုပ်ဆောင်နေတာ တွေ့ခဲ့ရတယ်၊

ဒီနေရာဟာ သမိုင်းဝင် မြေမြတ်မဟာဖြစ်သလို စစ်သွေးညှီနဲ့တွေနဲ့ နှစ်များစွာ လိမ်းကျံနေခဲ့တယ်၊ပြည်သူတွေ သိန်းနဲ့ချီပြီး ဒုက္ခပေါင်းစုံ ခါးစည်းခံခဲ့ရတယ်၊ယုံကြည်မှု လိုချင်မှုရဲ့ စေစားရာနောက်မှာ သွေးရနံ့တွေ သွေးအိုင်တွေ အလိမ်းလိမ်းကပ်ငြိနေခဲ့တာ ပြန်တွေးကြည့်ရင် စိတ်မကောင်းစရာ၊

မိမိတို့အဖွဲ့ အဲဒီနေရာလေးကို သွားရောက် လေ့လာဖြစ်တယ်၊ မိမိတို့နေတဲ့ နေရာကနေ ကီလိုမီတာ လေးရား ရှစ်ဆယ်ဝေးတာမို့ တော်တော်ကြာအောင် ကားမောင်းသွားခဲ့ရတယ်၊
မြို့ပြ အဆောက်အဦးတွေ အားလုံးနီးပါး သေနတ်ဒဏ်ရာတွေ ပြည့်နှက်နေတယ်။ အချို့အဆောက်အဦးတွေက ပြိုကျလို့၊ အချို့အဆောက်အဦးတွေက မြေခလို့၊

နယ်မြေခွဲထွက်ခွင့်ရရေး ကြိုးစားခဲ့သူတွေက ယခုတော့ ရန်သူအကြီးစားကြီးဖြစ်လို့၊ နိုင်ငံတော်ကို နှောင့်ယှက်သူအဖြစ် သမိုင်းမှတ်တမ်းမှာ ကျန်ရစ်လို့။
ပြည်သူအများစုလဲ အခုမှ အေးအေးချမ်းချမ်း သွားလာခွင့်ရကြတယ်၊ အောင်နိုင်သူတို့ သမိုင်းမှာ သူတို့အတွက် အသက်စတေးခဲ့သူအချို့  သမိုင်းဝင် သူရဲကောင်းတွေ ဖြစ်လို့ပေါ့။

နေ့ခင်း သုံးနာရီလောက်မှ အဲဒီနေရာကို ဆိုက်ရောက်ခဲ့တယ်၊ တည်းခိုစရာနေရာတွေ ပြည့်နေလို့ သမိုင်းဝင်နေရာတစ်ခုဆီ လာခဲ့ကြတယ်၊ ဘုရားရှင်ပွင့်တော်မူတဲ့ ဗောဓိပင်မူရင်း တောင်ဖက်ကိုင်းကို အသောကမင်းကြီးရဲ့ သမီးတော် သင်္ဃမိတ္တာ ရဟန္တာထေရီမ.က အိန္ဒိယား သမုဒ္ဒရာကိုဖြတ်ပြီး ဒီနေရာလေးကို ပင့်ဆောင်လာတယ်၊ ရဟန္တာထေရီမ စတင်ခြေချတဲ့နေရာ ပင်လယ်ကမ်းခြေကို လေ့လာခဲ့တယ်၊ ဒီနေရာလေးမှာ ထေရီမအထိမ်းအမှတ်ရုပ်တု၊ဗောဓိပင်တို့ကို တွေ့ရတယ်၊

ဗောဓိပင်တောင်ဖက်ကိုင်းကို သယ်ဆောင်လာသည့် သင်္ဃမိတ္တာ ရဟန္တာထေရီမ စတင်ကြွရောက်သည့်နေရာ။အထိမ်းအမှတ် စိုက်ပျိုးထားသည့် ဗောဓိပင်

သင်္ဃမိတ္တာရဟန္တာ ထေရီမှ အထိမ်းအမှတ်ရုပ်တု


အဲဒီကမှတဆင့် ရဟန္တာမထေရ်မြတ်(၇)ပါး ကြွရောက်ခဲ့တဲ့ သမိုင်းဝင်နေရာကို သွားခဲ့ကြတယ်၊ ဘာကြောင့် ဘယ်လိုကြွရောက်ခဲ့တယ်ဆိုတဲ့ တိကျတဲ့သမိုင်းကိုတော့ မသိပါဘူး၊သေချာတာကတော့ အထိမ်းအမှတ် စေတီလေးတွေ တည်ထားတယ်၊မြန်မာပြည် မြောက်ဦးက ဘုရားတွေနဲ့ တူသလိုလို ခံစားရတယ်၊

ရဟန္တာမထေရ်မြတ်(၇)ပါး ကြွရောက်သည့်နေရာမှာ တည်ထားသည့်စေတီများ

လေ့လာစရာလေ့လာ ဓာတ်ပုံတွေရိုက်ပြီးတော့ နာဂဒီပကျွန်းဆီ ဦးတည်ပြီး ပြန်ထွက်ခဲ့ရတယ်၊ နာဂဒီပဆိုတာ မြတ်စွာဘုရား ဒုတိယအကြိမ် ဒီနိုင်ငံကို ကြွရောက်ခဲ့တဲ့နေရာ၊ နဂါးတွေကို ကိုးကွယ်တဲ့လူမျိုးတွေ နေတဲ့နေရာလို့ သမိုင်းများက ဆိုတယ်၊ နာဂဒီပကျွန်းကို ကူးခတ်မယ့် မော်တော်ပေါ်ရောက်တော့ နေလုံးကြီးတောင် နာဂဒီပကျွန်းပေါ် မေးတင်နေခဲ့ပြီ၊ နေ၀င်တဲ့ ရှုခင်းကို ဓာတ်ပုံရိုက်ရတာလဲ မမောနိုင် မပန်းနိုင်ပါ။
ဘုရားရှင်ကြွရောက်သည့် နာဂဒီပကျွန်းပေါ်မှာ တည်ထားသည့်စေတီတော်မိမိတို့ရောက်ချိန်..နာဂဒီပကျွန်းပေါ်မေးတင်နေသည့် နေလုံးကြီး

ဘုရားရှင်ကြွရောက်တဲ့ နေရာမှာ တည်ထားတဲ့ စေတီရင်ပြင်ရောက်တော့ မောသမျှ အပန်းပြေသွားခဲ့တယ်၊ တခရီးထဲသွားတဲ့ သူငယ်အချို့ တည်းခိုစရာအဆောင်ပေါ်မှာ အနားယူနေချိန် မိမိကတော့ အတွေးကွန်ယက်ထဲမှာ ယောင်ချာချာ လည်ပတ်နေခဲ့တယ်၊

မိမိတို့ လက်ခံယုံကြည်တဲ့ ဘုရားရှင်ကြွရောက်ခဲ့တဲ့ မြေမြတ်နေရာဟာ အခုထိ အငြိမ်းဓာတ်တွေပေးနေဆဲ၊ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ဆရာဘုရားရဲ့ ငြိမ်းချမ်းရေး တရားသံတွေ ပျံ့လွင့်နေဆဲပါ၊ မြေမြတ်မဟာကို ဦးတိုက်ခွင့်ရရှိခြင်းက မိမိတို့ကို ကြည်နူးကျေနပ်မှုတွေ ဖြစ်စေခဲ့တယ်၊
ဒီနေရာလေးကနေ လှမ်းမျှော်ကြည့်လိုက်ရင် တဖက်နိုင်ငံရဲ့ နယ်စပ်မြို့လေးကို ခပ်ရေးရေးမြင်နေရတယ်၊လွမ်းမောစရာ ကောင်းလှပါဘိတော့၊ ဘာကို ဘယ်လို လွမ်းမောရမည်ကိုတော့ ………………….. ။

မနက်ခင်းစောစော နေရောင်ကို မမြင်ရခင် မိမိတို့အဖွဲ့ အိပ်စက်ရာမှ နိုးထခဲ့ကြတယ်၊ စေတီတော်ကို ဦးတိုက်ပြီး နာဂဒီပကျွန်းကို နှုတ်ဆက်ထွက်ခွါကြတယ်၊ ဘုရားဖူးလာတဲ့ ပရိသတ်တွေ များလွန်းလို့ ကျွန်းတဖက်ကို ကူးမယ့်မော်တော်စီးရဖို့ တန်းစီစောင့်နေကြတယ်၊ လူပေါင်းထောင်ကျော်ရှိလိမ့်မယ်လို့ ခန့်မှန်းမိတယ်၊

နာဂဒီပကျွန်းကနေ ပြန်ထွက်လာပြီး မိမိတို့ စီးနင်းတဲ့ ကားဟာ အတိတ် ပစ္စုပ္ပန် ဟန်ချက်ညီညီ မပေါင်းစပ်နိုင်တဲ့ နေရာလေးဆီ ဦးတည်ခဲ့ကြတယ်၊ အဲဒီနေရာလေးကို မရောက်ခင် ခံတပ်ကို လေ့လာခဲ့ကြတယ်၊ နိုင်ငံတိုင်းလိုလို ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ကြတော့ နိုင်ငံတိုင်းမှာ ခံတပ်ဆိုတာကို တွေ့မြင်ကြရတယ်၊ ကမ္ဘာကြီးကပဲ မတရားတာလား၊ လူတွေကပဲ လောဘရမ္မက် မသတ်နိုင်တာလား. ဆိုတာကတော့ စဉ်းစားစရာပါ၊

ယခင်က ဒီနေရာကို ငြိမ်းချမ်းရေး မြတ်နိုးတော်မူတဲ့ မြတ်စွာဘုရား ကြွရောက်ခဲ့တယ်၊ ယခုတော့ သွေးညှီနံ့တွေ မပြယ်သေး၊ သေနတ်ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ အဆောက်အဦးတွေမြင်တွေ့နေရတယ်၊ အခုတော့ အဲဒီနေရာကို နိုင်ငံခြားသားတွေ သွားလာဖို့ ပြန်လည်ပိတ်ပင်နေပြန်တယ်၊

ယခင် ယခု ဟန်ချက်မညီတဲ့ နေရာလေးကတော့ သီရိလင်္ကာမြောက်ဖက်စွန်းမှာ ရှိနေတဲ့ ဂျဖနာ ဆိုတဲ့ မြို့လေးပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းသုံးဆယ်ကျော် စစ်ပွဲတွင်းနေခဲ့ရပြီး အခုမှ စစ်ပွဲတွေပြီးဆုံးတဲ့ မြို့လေးပါ၊ ယခင် ယခု အချိုးညီညီ မပေါင်းစပ်နိုင်သေးတဲ့ မြို့ လေး၊ ငြိမ်းရေးတေးသွားတွေ လိုအပ်နေဆဲမြို့လေးပါ။

0 comments: