Friday, February 25, 2011

အဓိက.က ကိုယ်ပါပဲ

စေတနာဆိုးနှင့်
ရင်ဆိုင်တိုးသော်လည်း
မိမိဘက်က
နှလုံးသွင်းကောင်းလျှင်
ကုသိုလ်စိတ် ဖြစ်၏ ။

...စေတနာကောင်းနှင့်
အကြောင်းဆုံသည့်တိုင်
မိမိဘက်က
နှလုံးသွင်းညံ့လျှင်
အကုသိုလ်စိတ် ဖြစ်၏ ။
ကုသိုလ်-အကုသိုလ် ဟူသည်
သူတစ်ပါး ပေးသည်မဟုတ် ။
မိမိကသာ ယူသူဖြစ်ပါ၏ ။

တောရပျော် မလေးငြိမ်၏ အဆိုအမိန့် ခံယူချက်ကို သဘောကျတဲ့အတွက် ပြန်လည်မျှဝေပါတယ်.. မိမိအကြိုက်ပေါ့.

Wednesday, February 23, 2011

အနာဂတ်ကိုမျှော်ကြည့်ပါ

ခက်တော့ခက်တယ်၊ ခက်တာက ပြောရလည်းခက် ဆိုရလည်းခက် လုပ်ရလည်းခက်တယ်လို့ဆိုရမှာပဲ၊ တကယ်လည်း နေရာတိုင်း အခက်ကတွေ့နေတာကိုးဗျ။ သာသနာတော်ထဲမှာက ပိုတောင်ခက်လာသေး အဓမ္မနဲ့ ဓမ္မက ဘုရားရှင်သက်တော် ထင်ရှားရှိကတည်းကိုက အားပြိုင်လာနေကြတာ ဒီဘက်ခေတ်ရောက်လာတဲ့အထိပဲ။

အဓမ္မတွေများလာလေလေ လူအပါအ၀င် သုံးဆယ်တစ်ဘုံသားတွေအတွက် အပါယ်လေးဘုံ ပိုပြီးကျယ်ပြန့် လာလေလေပဲ ၊အယောင်ပြဓမ္မကိုဖန်တီးရင်းအဓမ္မကိုဖန်တီးနေကြတဲ့ လောကဖျက်သတ္တ၀ါတွေ လူယောင်ဖန်ဆင်းပြီး
လောကထဲရောက်နေကြတာ မနည်းဘူးကော။ အဲလိုလောကဖျက်သတ္တ၀ါတွေကြောင့်တရားရိပ်သာတွေက စီပွားရေး ကုမ္ပဏီတစ်ခုလိုဖြစ်လာနေကြတယ်။

ရိပ်သာဖြစ်မြောက်ရေးအတွက် အများဆုံးလှူနိုင်တဲ့သူက ဒီရိပ်သာရဲ့ဥက္ကဋ္ဌတွေဖြစ်လာပြီး တာဝန်ရှိဆရာတော်တွေကိုမျက်ကွယ်ပြု ဘေးမှာထားပြီးကျောင်းဂေါပကလို့ပြောရမလား ရိပ်သာအကျိုးတော်ဆောင်အဖွဲလို့ပြောရမလားအဲဒီအဖွဲ့တွေက အဲဒီရိပ်သာကို အားလုံးချုပ်ကိုင် အာဏာသိမ်းတော့တာပါပဲ။

ပြီးတော့ရိပ်သာတွေထဲမှာက စီပွားရေးသမား သူဋ္ဌေးကြီးတွေပေါလာတော့ ဘုရားတကာအမည်ခံခြင်တဲ့ သူဋ္ဌေးလေးတွေက အခွင့်အရေးရဖို့ဒီသူဋ္ဌေးကြီးတွေနဲ့အဆက်သွယ်ရခြင်တော့ မလှူချင်လည်းလှူပြီးရိပ်သာထဲမှာနေရာရအောင်ယူပြီး နောက်တော့အားပြိုင်လာကြတယ်ဂေါပကနေရာလုပွဲပေါ့ဗျာ၊ ကျောင်းထိုင်ဆရာတော်ဆီကို ဘယ်သူကဘယ်လိုဘုရား
ဘယ်ဝါကဘယ်နည်းဘုရား ဆိုသလို တိုင်ဦးရာနိုင်ဆိုသလိုဖြစ်နေကြတာလည်းမနည်းပါလား။

ကျနော်အားလုံးကိုမဆိုလိုပါ တကယ်ကိုယ်ကျိုးစွန့်ပြီးလုပ်နေတဲ့သူတော်ကောင်းအနည်းငယ်ရှိနေပါသည် အများစုကတော့ ရိပ်သာတစ်ခုခု နာမည်ကြီးကျောင်းတိုက်တစ်ခု နာမယ်ကြီးဆရာတော်တစ်ပါးပါးကို အိပ်ထဲထည့်ချင်သောစေတနာက
သာသနာတော်ကိုချည်းမြောက်ထောက်ပံ့ချင်စိတ်ထက်ပိုပါသည်။

ဆရာဒကာလက်တွဲညီမှသာသနာအရောင်တက်မည်ကို သိပါသော်လည်း တစ်ဦအမှားကို တစ်ဦးက မထောက်ပဲနေသော်
သာသနာတော်ပျက်လိမ့်မည်၊ အခုကျနော်တို့ခေတ်မှာ ဘုရားရှင်ရဲ့ သာသနာတော်ကိုမပျက်ပျက်အောင်နည်းပေါင်းစုံနဲ့ အဖျက်ခံနေရတယ်လို့ ကျနော်ထင်သည်၊ ငွေရှိသူကငွေနဲ့ဖျက်သည်၊အာဏာရှိသူက အာဏာနဲ့ဖျက်သည်
သာသနာတော်ကိုပြုချင်ရောင်ဆောင်ပြီး မဟုတ်သောဝါဒဖြင့် သာသနာတော်ကိုဖျက်ဆီးနေကြသူများလည်း ရှိပါသည်၊

ပိုပြီးတော့သနားစရာကောင်းတာက လုပ်သမျှမှန်တယ်ထင်ပြီးလိုက်လုပ်နေကြသော နောက်လိုက်များဖြစ်ကြ၏
ဒီတော့ ကိုယ့်လုပ်ရပ်ဟာ သာနာတော်အတွက် အကျိုးဖြစ်စေလား အကျိုးမဲ့လား အနာဂတ်ကိုကြည့်ပေးပါလို့။

ငြိမ်းချမ်းကြပါစေ
ဥပသကာ

ကိုဥပါသကာ အီးမေးလ်မှ ပေးပို့လာသည်ကို ပြန်လည်မျှဝေပါသည်။ ဟုတ်သင့်သလောက်တော့ ဟုတ်နေကြဟန်ရှိပါသည်။ စာရင်းဇယားမရှိ၍ သေချာတော့ မသိပါ။ (အရှင်ယော)

Saturday, February 12, 2011

မပေါင်းသင်းသင့်သူများ

(၁) မကောင်းမှုကို ပြုသူများ


(၂) မုသားပြောတတ်သူများ


(၃) ကိုယ်ကျိုးကိုသာ အလိုရှိလို့  ဆည်းကပ်လာသူများ


(၄) အယောင်ဆောင် သူတော်ကောင်းများ


(၅) နှုတ်နဲ့ သာ အဆွေခင်ပွန်းဖွဲ့ တတ်ပြီး ကိုယ်မပါတဲ့သူများ


(၆) နှုတ်ပြောတစ်ခြား အလုပ်တစ်ခြား ပြုမူပြောဆိုတတ်သူများ


(၇) အရှက်အကြောက် မရှိတဲ့သူများ


(၈) ကျေးဇူးကို မသိတတ်သူများ


(၉) မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသူများ


(၁၀) အန္တရာယ်ပြုရအောင် ပေါင်းဖော်လာသူများ


(၁၁) စကားမတည်၊ ဒုစရိုက်အလုပ်တွေကို ပြုလုပ်ပြီး တွေ့ သမျှသတ္တ၀ါတွေကို

ညှင်းဆဲတတ်သူများ


(၁၂) စကားသာပြေပြစ်ပြီး စိတ်မပါပဲ ဟန်ဆောင်ပေါင်းကာ အခွင့်အရေးရှာတတ်တဲ့ သူများ


(၁၃) မြင်မြင်သမျှကို လိုချင်မက်မောတတ်တဲ့အပြင် မိတ်ဆွေကိုပါ ဖျက်ဆီးသွားတတ်သူများ


(၁၄) နှုတ်ကသာချိုသာပြီး စိတ်ကောက်တတ်တဲ့ သူများ။


(ကိုယ်ကျင့်မင်္ဂလာ - အရှင်ကုမာရ)

Friday, February 4, 2011

ယောအသင်း(မလေးရှား)ရဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ယောအသင်း(မလေးရှား) အသင်းသူ အသင်းသားများ

ယောအသင်းဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူကြသည့် သံဃာတော်များ

စင်္ကာပူရောက် ယောနယ်သူ ယောနယ်သားများစုပေါင်း၍ ယောအသင်း(စင်္ကာပူ)ကို ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းသကဲ့သို့ မလေးရှားနိုင်ငံရောက် ယောသူ ယောသားများကလည်း ၂၀၀၈ ခုနှစ်မှာပင် ယောအသင်း(မလေးရှား)ကို စတင်ဖွဲ့စည်းခဲ့သည်။
ယောသူ ယောသားအချင်းချင်း မကြာမကြာတွေ့ဆုံနိုင်ရန်၊ လူမှုရေးအခက်အခဲများ ၀ိုင်းဝန်းဖြေရှင်း၇န်နှင့် အခါအားလျော်စွာ ကုသိုလ်ကောင်းမှု စုပေါင်းပြုလုပ်ကြရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ယောအသင်းသည် ယခုအခါ ၂ နှစ်ကျော်၍ သုံးနှစ်တာ ကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နှစ်သစ်ကူးပွဲများ သီတင်းကျွတ် တန်ဆောင်တိုင်နှင့် အားလပ်ရက်များတွင် ယောသူ ယောသားအချင်းချင်းစုပေါင်း၍ ကုသိုလ်ကောင်းမှုပြုဖြစ်ခဲ့ကြသည်၊ တွေးလိုက်တိုင်း ကြည်နူးဝမ်းမြောက်စရာ ကောင်းလှ၏။ ယခုလည်း ယောအသင်း မလေးရှားမှ ကွာလာလမ်ပူရှိ ရတနာရာမကျောင်း၌ သံဃာတော် (၄၅)ပါးအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဂန့်ဂေါမြို့ ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်မြတ် ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေ ၂ သိန်းတိတိ ပေးအပ်လှူဒါန်းခဲ့ကြသည်။ သူတော်ကောင်းတို့ ချီးမွမ်းသည့် ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြခြင်းလည်းဖြစ်ပါ၏။

ထို့အပြင် ယောအသင်း(မလေးရှား)သည် ထောင်အတွင်းရောက်ရှိနေသော ယောသူ ယောသားများအား ငွေကြေးစိုက်ထုတ်၍ အပြင်ဖက်ရောက်အောင် ကူညီပေးခြင်း မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ဘုရားရှင်၏လမ်းစဉ်ဖြစ်သော ဆွေတော်မျိုးတော်များအကျိုးကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးကြခြင်းလည်း ဖြစ်ပါ၏။
မှန်ပါ၏.. ကုသိုလ်ကောင်းမှုကို နည်းသည်ဟူ၍ အထင်မသေးရာ၊ ကောင်းကင်မှ မိုးပေါက်သည် အနည်းငယ်စီပင်ဖြစ်သော်လည်း ရေအိုးစသည်ကိုပြည့်စေသကဲ့သို့ ကောင်းမှုကုသိုလ်ကိုလည်း အနည်းစီပြုလုပ် ဆည်းပူလျှက် တိုးအောင်များအောင် ပြုလုပ်ရာ၏..ဟု ဘုရားရှင်ကိုယ်တိုင် လမ်းညွှန်တော်မူခဲ့လေသည်။

Sunday, January 30, 2011

အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာ

ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်းမှန်ကန်သူများဟာ စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွှင်မှုနဲ့လဲ ဝေးနေတတ်ပါတယ်၊

လောကအရေးဖြစ်ဖြစ် လောကုတ္တရာအရေး မှာဘဲဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကိုလေ့ကျင့်ထားသင့်ပါတယ်၊ ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာအရေးမှာလဲ တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်.( ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို့ တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဥာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင်ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်..

မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ် လို့ ကဲ့ရဲ့ပစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်..တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင်ကိုယ်တိုင်လဲ အကုသိုလ်တိုးပွားရပါတယ်။
အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့လူကတော့ မပြောခင်လဲ စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လဲ နောင်တတွေ တပွေ့တပိုက်ဖြစ်နေတတ်တယ်.ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့်ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကိုရောက်လာပါတယ်..ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေ၀တ တဲ့.ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာနေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင်သာရိပုတ္တရာဆီသွားပါတယ်..အရှင်သာရိပုတ္တရာကတော့ အဘိဓမ္မာနဲ့ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့ ..ဒီလောက်ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလားဆိုပြီး မကျေမနပ်ဖြစ်ပြန်ပါတယ်..

အရှင်အာနန္ဒာဆီရောက်တော့ အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရားဟောတာက တိုလိုကတာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်..နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင်ပြန်လျှောက်ပြတော့..ဘုရားရှင်က..လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူး လို့ ဟောပြလိုက်ပါတယ်..ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ..တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ..တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခုကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစုအတွင်းမှာလဲ မနက်မိုးလင်းအိပ်ယာထ ပြီးဆိုကတည်းက ..တပူပူ တဆူဆူ လုပ်တတ်တဲ့သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျဉ်းတန်ရပါတယ်..

အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့အတွက်ကြောင့်ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လဲ ဖြစ်တယ်လို့ ဘုရားရှင်ဟောပြတော်မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံလုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံပူညံသံပဲကြားရ..ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလဲ သူကိုယ်တိုင် ဘ၀အတွက် ယုံကြည်မှုနည်းပါး..ယုံကြည်မှုနည်းပါးလာတော့ အာရုံတွေသမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ပါဘူး..

အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်..

သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..
သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ..သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..
ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှုတိုးတက်ပါမယ်
ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်
အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဥာဏ်ယှဉ်နိုင်ပါမယ်
ဒီလို ဥာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ဒီလိုစောင့်စည်းနိုင်ပါမယ် ကောင်းတာလုပ်နိုင် ပြောနိုင် ကြံစည်နိုင်ပါမယ်..
ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာဖြစ်ပါတယ်..ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။

တိုတောင်းတဲ့ ဘ၀မှာ ပျော်ရွှင်အောင်နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့လိုသလို ဘ၀လွတ်မြောက်ဖို့အတွက်လဲ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်. အတ္တ မာနလွန်ကဲလာရင် အပေါင်းအသင်းကောင်းတွေကို လက်လွတ်ဆုံးရှုံးနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလဲ အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး.ယောနိသော မနသိကာရ မရှိလေ ဘ၀ဟာ ပိုပြီး အထီကျန်ဆန်လေဖြစ်တော့မှာပါ.ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဥာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

ဖော်ပြခဲ့ဖူးတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြပါသည်။ ။

အရှင်တိက္ခဥာဏာလင်္ကာရ

Wednesday, January 26, 2011

မိမိကိုယ်ကို တူးဖြိုမိသူများ

အရှင်ကောဝိဒ(ယော)ရေးသားသည့် မိမိသဘောကျသည့် ပို့စ်ကို ပြန်လည်မျှဝေပါသည်။ ။


စာရေးသူသည် ဇာတိရွာဘက်မှ ကျောင်းထိုင်ဆရာတော်တစ်ပါး ကြွလာသည်ဟု သတင်းကြားသဖြင့် အုတ်ကျင်းဘူတာအနီးရှိ စိန်ပန်းကျောင်းသို့ တွေ့ဆုံရန်သွားရောက်ရာ မြို့ထဲကြွသွားသည်ဆိုသဖြင့် စောင့်ဆိုင်းရင်း အနီးမှာတွေ့သည့် ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလထုတ် ဘာသာရေးမဂ္ဂဇင်း အဟောင်းလေးတစ်အုပ်ကို ဖတ်ရှု့ကြည့်နေမိ၏။

ဖတ်ရင်းဖတ်ရင်း ကောင်းမွန်မှန်ကန်သည့် အရေးအသား အတွေးအခေါ်များ ပါသလို စိတ်ပျက်စရာအတွေးအခေါ်များ ပိဋကတ်တော်၌ မပါသည့် ပုံဝတ္ထုများကို တွေ့ရှိရပြန်ရာ ဘာသာရေးမဂ္ဂဇင်း သုံးလေးအုပ်ပေါင်းမှ ဂမ္ဘီရအမည်ခံ မဂ္ဂဇင်း စာအုပ်တစ်အုပ်စာမျှသာ ရှိသဖြင့် ဘာသာရေးစစ်စစ်ဘက်က အားနည်းရသည့်ကြားထဲ ဘာသာရေးအမည်ခံ မဂ္ဂဇင်းမှာပင် ထေရ၀ါဒပိဋကတ်တော်နှင့် မညီညွတ်သည်ကို တွေ့ရပြန်သောအခါ မိမိတို့ ရဟန်းသံဃာတွေ တာဝန်ပေါ့လျော့မှုကြောင့် ဤသို့ဖြစ်ရသည်ဟုသာ ဖြေသိမ့်ရတော့သည်။

ထိုမဂ္ဂဇင်းမှ ပိဋကတ်တော်နှင့် မညီညွတ်သည်တို့ကို ထုတ်ပြပါမည်။

စာမျက်နှာ-၂၂ တွင် `နတ်သားတွေ ပန်းပန်လေရော့သလား´ဟူသော ခေါင်းစဉ်ဖြင့် ရေးထားသည့်ဆောင်းပါးတွင် ထိုအချိန်တွင် ကျွန်ုပ်တို့၏ ဓမ္မသာကစ္ဆာစကားဝိုင်း အဖွဲ့ဝင်များ ကျွန်ုပ်၏အိမ်သို့ အလျိုအလျို ရောက်လာကြ၏။ သူတို့သည် ပိတောက်ပင်မှ ပန်းခက်များကို ခူးယူကာ ရနံ့ကို ရှူရှိုက်နေကြသည်။ အချို့က မိမိတို့ဝတ်ဆင်လာသော အင်္ကျီအိပ်ကပ် အတွင်းတွင် ပိတောက်ပန်းခက်ကလေးများကို အမြတ်တနိုး ထည့်ထားလိုက်ကြ၏။

`ဟေ့လူတွေ… ကျုပ်က စေတနာနဲ့ပြောမယ်နော်။ ခင်းဗျားတို့အိပ်ကပ်ထဲက ပိတောက်ခက်ကလေးတွေ မညှိုးမီ စွန့်ဖြစ်အောင် စွန့်ပစ်လိုက်ကြ။ မစွန့်မိလို့ကတော့ ပန်းတွေညှိုးသွားရင် ခင်ဗျားတို့လည်း စုတိစိတ်ကျသွားနိုင်တယ်။ လူကိုရယ်လို့တော့ အတိအကျ မပြောနိုင်ဘူးပေါ့ဗျာ။ နတ်တွေကဖြင့် သူတို့ပန်ထားတဲ့ပန်းတွေ ညှိုးသွားပြီဆိုရင် စုတိစိတ် ကျတော့တာတဲ့ဗျ။´

ဦးလှမောင်က နောက်သလို ပြောင်သလို အတည်လိုလိုနှင့် ကောက်ကာငင်ကာ ပြောတော့၏။ အားလုံးက သူ့ကို ငေးကြည့်နေကြသည်။ မည်သူကမှ စကားတစ်ခွန်း မဟကြ။

`ဦးလှမောင်ရယ်… ပန်ထားတဲ့ပန်းညှိုးတာနဲ့ စုတိရတယ်လို့ဗျာ… မဟုတ်ကဟုတ်က.။ နတ်တွေစုတိခါနီးမှာ နတ်ပန်းညှိုးတယ်ဆိုတာက ပန်ထားတဲ့ပန်း မဟုတ်ဘူးဗျ။ ဟို ပန်းညှိုးတာကို ပြောတာ။ ဘယ့်နှယ်ဗျာ..။ နတ်သားတွေက ပန်းပန်မှာတဲ့လဲ။ လူတွေမှာတောင် ပန်းပန်တဲ့ယောက်ျားဆိုတာက ခပ်ရှားရှားရယ်ပါ။ နတ်သမီးတွေကတော့ ပန်းပန်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ကျွန်ုပ်က ပြောရ၏။

`ဦးသူရကြီး… ခင်ဗျား တောက်တီးတောက်တဲ့စကားတွေ မပြောနဲ့ဗျ။ ကျုပ်က ကျမ်းဂန်အရှိအတိုင်း ပြောနေတာ။ ကျုပ်က ကျမ်းဂန်ကိုလွှတ်ပြီး ဘယ်တော့မှ မပြောဘူး။ နတ်တွေစုတိတော့မယ်ဆိုရင် နိမိတ်ငါးပါး တစ်ခုခုပြသတဲ့။ အဲဒီနိမိတ်တွေက…

၁။ နတ်ဝတ်တန်ဆာ ဒွါဒရာတွေ ညှိုးနွမ်းခြင်း။

၂။ နတ်ပန်းညှိုးခြင်း။

၃။ လက်ကတီးကြားက ချွေးယိုခြင်း။

၎။ ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်ပျက်ယွင်းခြင်း။

၅။ လက်ရှိဘုံဘ၀တွင် မပျော်ပိုက်တော့ခြင်း-တဲ့ဗျ´ ဦးလှမောင်က ပြောသည်။

`ကျုပ်က တောက်တီးတောက်တဲ့ ပြောတာ မဟုတ်ရပါဘူး ဦးလှမောင်ရယ်…။ ကျုပ်လည်းတစ်ချိန်က နတ်တွေ စုတိစိတ်ကျတော့မယ်ဆိုရင် နတ်ပန်းညှိုးတယ်ဆိုတာကို ပန်ထားတဲ့ ပန်းတွေ ညှိုးတာလို့ပဲ နားလည်ခဲ့တာပါပဲ။ တောင်းတန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရကို ဖူးတွေ့ရတော့မှပဲ ဆရာတော်ကြီးပြောတဲ့ စကားတစ်ခွန်းကြောင့် နတ်တွေ စုတိခါနီး နတ်ပန်းညှိုးတယ်ဆိုတာ ပန်ထားတဲ့ပန်း မဟုတ်ဘူး။ ဟိုပန်းညှိုးတာလို့ သဘောပေါက်တော့တယ်ဗျာ။ ပန်ထားတဲ့ပန်းညှိုးလို့ကတော့ ပန်းအသစ်လဲပြီး ပန်တော့မှာပေါ့´(ပ)

တစ်ရက်မှာတော့ ကျုပ်မိသားစုက ဆရာတော်ကြီးကို ဆွမ်းကပ်ဖို့အသွားမှာ ကျောင်းရောက်တော့ ဆရာတော်ကြီးက ရန်ကုန်က ဒကာနှစ်ယောက်နဲ့ စကားပြောနေတယ်။ ဒကာတွေက ဘာလျှောက်တယ်တော့မသိဘူး။ ဆရာတော်ကြီးက နတ်ဆေးဂမုန်းပင်ကို ညွှန်ပြပြီး…

`ဒီဆေးက ယောက်ျားတွေအားအတွက်ကဖြင့် တန်ဖိုးရှိတဲ့ဆေးပင်ပဲ။ လူတွေမှာ ပန်းညှိုးရင် လူညှိုးတယ်။ ပန်းသေရင် လူသေတယ်။ အဲဒါ မြဲမြဲမှတ်ထား´လို့ ပြောတယ်။

ဆရာတော်ကြီးရဲ့ အဲဒီစကားကို ကြားရတော့ ကျုပ်အတွေးတစ်ခု ပေါက်လာတယ်။ ကျုပ်တွေးမိလိုက်တာက…

`နတ်ဆိုတာ ကာမသတ္တ၀ါသက်သက်ပဲ။ နတ်ကာမဂုဏ်ဆိုတာ လူ့ကာမဂုဏ်ထက် အဆများစွာ သာတယ်။ ဒီကာမဂုဏ်ကိစ္စတွေကို မခံစားနိုင်တော့တဲ့အချိန်မှာ ဒီနတ်ဆိုတဲ့ သတ္တ၀ါဟာ သူ့ရဲ့လက်ရှိဘ၀ကို ဘယ်မှာပျော်ပိုက်နိုင်ပါတော့မလဲ။ နတ်ဝတ်တန်ဆာ ဒွါဒရာတွေကို လဲချင်ဖယ်ချင်စိတ်လည်း ရှိတော့ဟန် မတူပါဘူး။ အသွေးအသားတွေ ဆုတ်ယုတ်ညှိုးလျော်ပြီး ချွေးစေးတွေပြန်နေပါလိမ့်မယ်-လို့ပေါ့ဗျာ။´

နတ်တို့စုတေခါနီး နိမိတ်ငါးပါးထင်ပုံကို ဣတိဝုတ်ပါဠိတော် ပဉ္စပုဗ္ဗနိမိတ္တသုတ်-တွင် ဟောတော်မူပါသည်။ ထိုပါဠိတော်မြန်မာပြန်ကို အနည်းငယ်ထုတ်ပြပါမည်။

၈၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နတ်တို့သည် နတ်ပြည်မှ စုတေချိန် နီးသောအခါ ထိုနတ်သားအား `ပန်ဆင်သော ပန်းတို့ ညှိုးနွမ်းကုန်၏၊ အ၀တ်တန်ဆာတို့ ညစ်နွမ်းကုန်၏၊ လက်ကတီး (ချိုင်း) ကြားတို့မှ ချွေးထွက်ကုန်၏၊ ကိုယ်၌ အရေအဆင်း မလှခြင်းသို့ ရောက်ရ၏၊ နတ်သားသည် မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော်´ ဟူသော ဤပုဗ္ဗနိမိတ်ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာ ကုန်၏။

ထိုပါဠိတော်မြန်မာပြန်ကို ဖတ်ခွင့်ရလျှင်ပင် ပန်ဆင်ထားသောပန်းများ ညှိုးနွမ်းခြင်းဟု သိနိုင်ပါသည်။

မဟာဗုဒ္ဓ၀င် (ဒုတိယတွဲ) အနုဒီပနီ (ကူ) တွင် (၁) နတ်ပန်းတို့ညှိုးနွမ်းခြင်း-ဟူသည်ကား… ထိုနတ်ဘ၀ပဋိသန္ဓေယူသောနေ့ (နတ်ဖြစ်သောနေ့)၌ အဆင်တန်ဆာ ဖြစ်လာခဲ့ကုန်သော နတ်ပန်းတို့ညှိုးနွမ်းလာရခြင်းကို ဆိုလိုသည်။ ထိုနတ်ပန်းတို့သည် နတ်ဘ၀ကို ရသည်နှင့်တပြိုင်နက် ထိုနတ်တို့၏ကိုယ်၌ အသင့်ဖြစ်ပေါ်ပါရှိလာကြပြီးလျှင် နတ်သက်တမ်းတလျှောက်လုံး နတ်တဘ၀လုံးတွင် မည်သည့်အခါမှာမှ မညှိနွမ်းခဲ့ပဲ အမြဲအစဉ်ပင် လန်းဆန်းလတ်ဆတ်ခဲ့၍ ထိုနတ်ဘ၀က စုတေခါနီးကာလ လူတို့၏ အရေအတွက်အားဖြင့် ခုနစ်ရက်မျှသာ အသက်ကြွင်းကျန်တော့သည့်အခါမှာ ညှိုးနွမ်း လာကုန်သည်။

(လူပြည်၌ ဘုန်းတန်ခိုးကြီးမားသောသူများ စုတေခါနီး ဥက္ကာကျခြင်း မြေလှုပ်ခြင်းစသော နိမိတ်တို့ဖြစ်ပေါ်လာကုန်သကဲ့သို့ နတ်ပြည်၌လည်း တန်ခိုးကြီးမားသော နတ်သားနတ်သမီးများမှာသာ ထိုပုဗ္ဗနိမိတ်များဖြစ်သည်။ နတ်တိုင်းမဖြစ်။ ထိုပုဗ္ဗနိမိတ်များ၏ အကျိုးအပြစ်များကိုလည်း ပညာရှိသောနတ်များသာ သိသည်။ ပညာမရှိသောနတ်တို့ မသိကုန်။)

စာမျက်နှာ- ၃၃ `ပဋ္ဌာန်း (၂၄) ပစ္စည်း သဘောသဘာဝများ´ ဟူသော ဆောင်းပါးတွင်လည်း အောက်ပါအတိုင်း တွေ့ရပြန်၏။

`တရားအလုံးစုံကို ထိုးထွင်း၍ အကုန်အစင် သိမြင်တော်မူနိုင်သော မြတ်စွာဘုရား ရှင်၏ `သဗ္ဗညုတရွှေဉာဏ်တော်´ကို တိုင်းတာတွက်ချက်၍ မရနိုင်ပါ။ သို့သော် သဒ္ဓါကြည်ညို လိုစိတ်ဖြင့် သိချင်ကြမည်သာ ဖြစ်သည်။ ဘုရားမှအပ ပညာအရာတွင် ဧတဒဂ်ဘွဲ့ရ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးပင်လျှင် `ဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်သည် ရုပ်ပိုင်းဆိုင်ရာ တို့ကိုသာ မြင်နိုင်ပြီး နာမ်ပိုင်းဆိုင်ရာတို့ကို မထိမသိနိုင်လောက်ပေ´ဟု စိတ်တွင် ကြံတွေးဆမိ၏။

ထိုအကြံကို သိမြင်တော်မူသော မြတ်စွာဘုရားသည် ချက်ချင်းပင် အရှင်သာရိပုတ္တရာကို အပါးမှ ထပ်ကြပ်မကွာ လိုက်ပါစေလျက် နတ်ပြည်၊ ရူပဗြဟ္မာဘုံ စသည်တို့ကို ဖြတ်ကျော်ကာ အရူပဗြဟ္မာဘုံသို့ ၀င်ရောက်ကြသည်။ ဘုရားရှင်ရှေ့မှ သွားနှင့်သဖြင့် ရှင်သာရိပုတ္တရာလည်း နောက်မှလိုက်ပါလာရာ နတ်ပြည်၊ ရူပဗြဟ္မာဘုံတို့တွင် ပြဿနာတစ်စုံတစ်ရာ မတွေ့ခဲ့ရ။ အရူပဗြဟ္မာဘုံအ၀င်ဝမှာပင် ခြေလှမ်းလိုက်တိုင်း `ဟာ ကိုယ်တော် ဘယ်လိုလုပ်တာလဲ။ တက်နင်းမိပြီဘုရာ့´၊ အရှင်ဘုရား တပည့်တော်ကို ၀င်တိုက်မိပြီ၊ ၀င်တိုက်မိပြီ´စသည့် ရုပ်မမြင်ရ၊ အသံများကိုသာ ကြားကြားနေရသဖြင့် ရှေ့ဆက်လှမ်းမရ အခက်တွေ့နေရရှာသည်။ ထိုစဉ် မြတ်စွာဘုရားက အနားသို့ ပြန်ရောက်လာကာ `ချစ်သား ငါ၏ ခြေချရာအတိုင်း လိုက်ခဲ့လော့´ဟု မြွက်သဖြင့် ခြေဖ၀ါးတော် ချရာအတိုင်း လိုက်တော့မှ ဘာအသံမျှ မကြားရတော့ပေ။

ဤအခါမှပင် အရှင်သာရိပုတ္တရာ ရဟန္တာမထေရ်မြတ်ကြီးသည် ရုပ်မတွေ့ရဘဲ အသံသာ ကြားကြားနေရသော ရုပ်မရှိသည့် ဗြဟ္မာကြီးများ (အရူပဗြဟ္မာဘုံ) အမှန်တကယ်ရှိကြောင်း၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်သည် တွေးမိကြံမိသည်ကိုပင် သိမြင်နိုင်ကြောင်း၊ ရုပ်တရားများကိုသာမက နာမ်တရားများကိုပါ ကောင်းစွာပိုင်ပိုင် ထိသိတွေ့မြင်နိုင်ကြောင်း အံ့သြချီးကျူး ၀န်ခံခဲ့ရသည်။ (၃၄)

အထက်ပါပုံဝတ္ထုသည် မည်သို့မျှ မဖြစ်နိုင်ပါ။ ရုပ်မရှိဗြဟ္မာကြီးများဟု ဆိုထားပြီး `တက်နင်းမိပြီဘုရား´ဟု မည်သည့်ပါးစပ်က အသံထွက်ပါသနည်း။ သဗ္ဗညုတဉာဏ် တော်သည် တွေးမိကြံမိသည်ကိုပင် သိမြင်နိုင်ကြောင်း-ဟူသော ချီးကျူးစကားသည်လည်း ချီးကျူးရာမရောက်ပါ။ သာမန် ပရစိတ္တ၀ိဇာနနအဘိညာဉ် ရလျှင်ပင် သိမြင်နိုင်ပါသည်။

ထိုမဂ္ဂဇင်းတွင်ပင် စာမျက်နှာ- ၅၀ ၌ `ဘုရားနဲ့ မတွေ့ချင်တဲ့မိန်းမ ဘုရားချွတ်လို့ မကျွတ်လိုတဲ့မိန်းမ´ ဟူသော ခေါင်းစဉ်ဖြင့် ပိဋကတ်၌ မပါသော ဇာတ်ဝတ္ထုတစ်ပုဒ် တွေ့ရပြန်ပါသည်။

ဇာတ်လမ်းကို အကျဉ်းချုပ်ရေးပြရလျှင် `အခါတစ်ပါး ဘုရားရှင်သည် အရှင်မဟာမောဂ္ဂလာန်နှင့်အတူ ဆွမ်းခံကြွရာ တနေ့ရာအရောက် မြေကြီးကိုစိုက်ကြည့်ပြီး ဆက်ကြွတော်မူ၏။ အရှင်မောဂ္ဂလာန်က တန်ခိုးတော်ဖြင့် ထိုနေရာကို ကြည့်သောအခါ ဘုရားရှင်နုစဉ်က မယားတော်စပ်ခဲ့ဘူးသော `မိဗာလ´ကို ငရဲ၌တွေ့ရ၏။ ဘုရားက `မချွတ်ထိုက်သည့်အတွက် တရားဟောပြီး မဆုံးမလို´ဟု မိန့်သောအခါ အရှင်မောဂ္ဂလာန်က ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေပြီး `တနေ့နေ့တော့ ဒီမိန်းမကို ငါကယ်မယ်´လို့ စိတ်ဆုံးဖြတ်ခဲ့သတဲ့။

တစ်နေ့မှာ အရှင်မောဂ္ဂလာန်ဟာ ဘုရားရှင်ထံ ခွင့်ပန်ကာ တန်းခိုးတော်နဲ့ အ၀ီစိငရဲကို ဆင်းပြီး အဲဒီမိန်းမကို ဘုရားရှင်ဆီ ခေါ်သွားချင်တဲ့အကြောင်း ယမမင်းကြီးကိုပြောရာ ခွင့်ပြုရသတဲ့။

အရှင်မောဂ္ဂလာန်ဟာ အဲဒီမိန်းမကို ဆီးပူအိုးကြီးထဲကနေ ဆံပင်ကိုဆွဲကာ ဆယ်ထုတ်ပြီး အကျိုးအကြောင်းပြောပြရာ `သင်တို့ ဘုရားကို မတွေ့လိုပြီ´ဆိုပြီး ဆီပူအိုးထဲ ပြည်လည်ခုန်ချသွားသတဲ့။

အရှင်မောဂ္ဂလာန်လည်း ကျောင်းတော် ပြန်လာ အကျိုးအကြောင်းလျှောက်ထားရာ့ ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ပြန်လည်ဟောပြတော်မူ၏။

အတိတ်က ဗာရာဏသီပြည်မှာ ဘုရားလောင်းသည် လယ်သမားဖြစ်ကာ အချိန်တန်သော် လှသလောက် လောဘ ဒေါသ မောဟကြီးသော အမျိုးသမီးနှင့် အိမ်ထောင်ကျလေ၏။ မိုးရာသီကာလ လယ်ထွန်ရသောအခါ မိန်းမက ဖားကောက်ခဲ့ရန် မှာကြားသဖြင့် ဖားကောက်သွားရ၏။ အိမ်ရောက်သောအခါ မိန်းမက ဖားများကို သတ်ဖြတ်ကာ ကိုယ်တိုင်ချက်ပြုတ်ပေးရမည်ဟု ဆိုပြန်သဖြင့် မီးမွှေးပြီး ရေနွေးအိုးတည်ကာ သစ္စာဆိုပြီး ဖားများကို ပွက်ပွက်ဆူသော ရေနွေးအိုးထဲသို့ ထည့်လိုက်၏။ သစ္စာတန်ခိုးကြောင့် ဖားများသည် စမ်းရေပမာ အေးမြနေသော ရေနွေးအိုးထဲတွင် ကူးခပ်နေကြ၏။

ထိုအဖြစ်အပျက်ကို ဘုရားလောင်း၏ မိန်းမက တွေ့မြင်ကြားသိရသောအခါ `သြော်.. ရှင့်အကြံ ကျုပ် သေသေချာချာ အခုမှသိတော့တယ်။ မလှတဲ့စကား မတရားပြောတတ်တဲ့ လူပေပဲ။ ပါးစပ်က ဘုရား ဘုရား … လက်က ကားယား ကားယားနဲ့။

ဘုရားစင်စစ် ရှင်သာဖြစ်က

စနစ်ဆုံ၍ ငါမတွေ့လို

မမေ့တိမ်းညွတ် အပါယ်လွတ်အောင်

ရှင်ချွတ်လာလည်း ငါမကျွတ်လို-ဆိုတဲ့ ဥဒါန်းစကား ဆိုလိုက်ပါသတဲ့။

အဲဒီကနောက် ကမ္ဘာများစွာကြာသောအခါ ဘုရားလောင်းက ဂေါတမဘုရားရှင်ဖြစ်ကာ မိဗာလကတော့ အ၀ီစိငရဲမှာ ခံနေရတုန်းဖြစ်ပါသတဲ့။ နောင်အရိမေတ္တေယျဘုရား ပွင့်တော်မူပြီး ပရိနိဗ္ဗာန်ပြုသွားစေဦး မိဗာလတို့ကတော့ အ၀ီစိငရဲက ကျွတ်ဦးမှာမဟုတ်ပါဘူး။ ဒါတွေကလည်း အဲဒီဘ၀တုန်းက ရင့်ရင့်သီးသီး နှုတ်ဥဒါန်းကြီးခဲ့မိလို့ပါပဲတဲ့။ ဒါကြောင့် ကျုပ်တို့ ခင်ဗျားတို့တတွေဟာ နှုတ်ဥဒါန်း မကြီးမိစေဖို့ ဂရုပြုသင့်ပါတယ်.။-ဆိုပြီး ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ဘယ်ကျမ်းကလာတဲ့ ပုံဝတ္ထုမှန်းလည်း မသိရ။ ကျမ်းကိုးလည်းမပါ။ ၀တ္ထုသဘောသွားသည် အဓိပ္ပါယ်လည်း မရှိ။ ပိဋကတ်တော်၌ မပါသော ထိုသို့သော ၀တ္ထုများသည် ဘယ်ကလာမှန်းမသိ။ ပိဋကတ်၌ ရှိသည်ထက်ပင် လူသိများလှ၏။ ဥပမာ- ၀ိသာခါသည် ကာမဂုဏ်ကိစ္စ မည်သည့်အခါကမျှ အားမရခဲ့ကြောင်း နွားမဖြစ်သော တစ်ဘ၀သာ အားရခဲ့ကြောင်း ဘုရားရှင်အား လျှောက်ထားသည်ဆိုသော ကိစ္စ၊ `၀ိသာခါ ငါဘုရားကို ဘယ်အချိန်မေ့သလဲ´ဟု ဘုရားရှင်မေးရာ ကာမဂုဏ်မှီဝဲချိန်မေ့လျော့ကြောင်း လျှောက်သဖြင့် ထိုအချိန်၌ပင် ငါဘုရားကို သတိရသင့်ကြောင်း ဘုရားရှင်မိန့်တော်မူသည်-ဟူသော ကိစ္စ၊ အရှင်သာရိပုတ္တရာမထေရ် မျောက်ဖြစ်ဖူးသောကြောင့် ၀ါသနာကို မစွန့်နိုင်ပဲ မြောင်းတွေ့တိုင်း ခုန်ကူးသည်ဟူသော ကိစ္စ၊ အရှင်မောဂ္ဂလာန် ငရဲပြည်သွားရာ ငရဲမီး အလိုက်ခံရသည်ဟူသော ကိစ္စ စသည်ဖြင့် များပြားလှ၏။

ထိုသို့ ဖြစ်နိုင်ချေမရှိသည့် ဇာတ်ဝတ္ထုများ တွေ့လာခဲ့သော် အယ်ဒီတာမင်းများ ကောင်းစွာစိစစ်သင့်၏။ ပိဋကတ်တော်၌ မပါဘဲလျက် ၀ါ- မြတ်စွာဘုရား မဟောအပ်မပြောအပ်ပါဘဲလျက် မြတ်စွာဘုရားဟောအပ် ပြောအပ်သည်ဟု ပြဆိုမိသော် မြတ်စွာဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲရာရောက် ပါသည်။ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးရာရောက်ပါသည်။ အောက်ပါဒေသနာကို သတိပြုပါ။…

`ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ- မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို `မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်´ ဟု ပြသောသူ၎င်း၊ မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို `မြတ်စွာဘုရား မဟောအပ် မပြောအပ်´ ဟု ပြသောသူ၎င်း တို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ဟု (မိန့်တော်မူ၏)။´(အဂုင်္တ္တိုရ်၊ ဒုကနိပါတ်၊ ဗာလ၀ဂ်)

(ဤဆောင်းပါးဖြင့် ထိုမဂ္ဂဇင်း၌ပါသောစာများ၊ ထိုစာရေးဆရာတို့ရေးသော စာများသည် လစဉ် အမှားချည်းသာ-ဟု မဆိုလိုပါ၊ ပိုမိုဂရုပြုကာ ရေးသားထုတ်ဝေကြစေ လိုရင်းသာ ဖြစ်ပါသည်။)

အရှင်ကောဝိဒ(ယော)

Saturday, January 22, 2011

ကြည်ညိုလိုက်စမ်းပါ …

လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟုနှစ်မျိုးရှိသည်။အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ+ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခသံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အပေါ်ဝယ် မိဘမေတ္တာအပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည်တည်တဲ့ရေးကို လိုလားသည့် ကျောင်းမတဦး၏ ရှင်သာမဏေ ရဟန်းငယ်များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီးထင်နေကြသည့်လူအများစုအတွက် ဖေါ်ပြလိုပါသည်။

မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအမဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေ သည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်းတခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအမကြီးသည် မိခင်မေတ္တာအပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စိစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီးဖြစ်သည်။

သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ်အရွယ်ထိဖြစ်သည်။ ရဟန်းငယ်များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော်ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။

လောကီအမြင်နှင့်ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ်အရွယ်များသည် အလွန်ပင် ဆော့လိုကြအငြိမ် မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည်နာမည်နှင့်လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နှုတ်အမူအရာလေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။
စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သားအရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သရေခွင်းဖြေကာ သရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။

နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည်တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံး ဘောလုံးကန်ကြသည်ကိုလည်း တွေ့မြင်ရသလို တခါတခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြသည်ကိုလည်း တွေ့မြင်ရသည်။

သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖဲသွားတတ်သည်။ ကျောင်းရှိကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုတ်လျင်လဲ ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။

သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲကာ ပိဋကတ်စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက်စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျမလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံကာ တခါတခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျမဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။

ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်ကရှိနေတော့ ပုထုဇဉ်ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာပါလားလို့ သိလိုက်ရင် သူတို့အပေါ်နားလည်လို့ရတာပေါ့ ကပ္ပိယကြီးရယ်။

စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သာသမီးလို သဘောထားပြီး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ်ကပ္ပိယကြီးရေ…. သားအလတ်တွေရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြောပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက်ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေ ပေါ့။ ကျမကသိတယ်….ဒီကိုရင်ကြီးတွေဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက်နေတယ်ဆိုတာ။ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားကထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာစိုးရတယ်။

အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေးဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ် ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်းမှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလိုနေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျမကျောင်းက ကိုရင်တွေ ကျမသားတွေက အများကြည်ညိုဖို့ကောင်းတာပေါ့။
စိတ်ကစားတဲ့အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမားအဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေးရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုဋ္ဌ်တံတိုင်းခုန်ပြီး ဘောလုံးပွဲသွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။
အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါးမက် ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နှိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြမှာပဲလို့ တွေးပြီး ကျမကဖြင့် ကြည်ညိုနေမိတာပဲ။

ကျမ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျမ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျမတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်းသားလေးတွေမရှိတော့ရင် ကျမတို့ ဘယ်လို သာသနာပြုလို့ရတော့မလဲ။ အခုကျမတို့ ကိုးကွယ်နေတဲ့ ဆရာတော်ကြီးမျိုးတွေ ဘယ်ပေါ်ထွက်တော့မလဲ။

တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီးတွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ×ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများလောင်းမိလို့ အမြစ်ပုတ် အပင်သေသွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။

အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ်စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေး ကာ သာသနာတော်အတွက် ဆရာတော်ကြီးတွေ ဖြစ်ဖို့ သာသနာဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ်လေးတွေကို ကြည်ညိုလိုက်စမ်းပါ ကပ္ပိယကြီးရယ်…………………….
စာသင်သားသံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စတွေ ၀ဲကျ အံ့သြခြင်းများစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအမကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေးပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေးတွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာခံယူထားသည့် အမျိုးကောင်းသား+ အမျိုးကောင်းသမီးထုတွင် သဒ္ဓါတရားအားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား+အမျိုးကောင်းသမီးတို့သည် ကိုရင်ငယ်၊ရဟန်းငယ်တို့အပေါ်၌ မိမိသွေးသားများကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်းကြကုန်၏။

သဒ္ဓါတရားအားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား+အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တပိုင်းကြောင် ကျက်မှတ်ကာ သာသနာစိတ်ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေတို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ်နေ၏ဟု ဝေဘန် လေကန်မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်းကြသူများမဟုတ်ပေ။
မစိုးရိမ်ဆရာတော်မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါရစေ…..

မန္တလေးမြို့က ဒကာကြီးတယောက်သည် ကိုရင်များ ဘောလုံးကန်နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံသွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူးဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့ အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပါစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။

ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအပေါ် ရှုမြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင်ကြီးများမို့ သိရှိကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ……………………

ဦးမနက်ဖြန်

Friday, January 21, 2011

ဘာတွေက မညီတာလဲ ဘယ်လိုညှိရမလဲ

ဘုန်းဘုန်းဘုရား

ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား

လူမှာ သဒ္ဓါတရားဖြစ်ဖို့ အရမ်းအရေးကြီးသလို ဒီသဒ္ဓါ လွန်ပြန်တော့လည်း တဏှာကျွန်ပြန်ဖြစ်တယ်ဆို အဲဒါလေးကို သေသေချာချာလေး သိချင်လို့ပါဘုရား။ ထိပ်ဆုံးကနေ အောက်ဆုံးကိုပြန်ကျသွားတော့ ဘာတွေက မညီတာလဲ ဘာတွေနဲ့ ညှိရမလဲဆိုတာနဲ့ ဘယ်လို သာဓကတွေ ရှိခဲ့သလဲ ဆိုတာ သိချင်ပါတယ် ဘုရား။

မကြည်ပြာ(စင်္ကာပူ)

ဟုတ်ပါတယ် ဒကမလေးရေ.. သဒ္ဓါတရားဖြစ်ဖို့ အရေးကြီးသလို သဒ္ဓါလွန်လို့ကွန့်တာ သဒ္ဓါလွန်လို့ တဏှာဖြစ် တတ်တယ်ဆိုတာ ဟုတ်ပါတယ်။
သဒ္ဓါဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှု လို့ခေါ်တဲ့သဒ္ဓါတရား မရှိရင် ဒီလူဟာ ကောင်းတာလုပ်လုပ် မကောင်းတာဘဲ လုပ်လုပ် ဘာမှမထူးပါဘူးကွာ..ဆိုတဲ့ စိတ်ဝင်သွားပါမယ်။ ဒီလိုစိတ်ဝင်သွားရင် မကောင်းတာမှန်သမျှ မလုပ်ရဲတာ မရှိတော့ပါဘူး။ မကောင်းတာမှန်သမျှ လက်ရဲ ဇက်ရဲ လုပ်လာတဲ့ ဒီလူမှာ မကောင်းမှုတွေ ဆက်တိုက်ဖြစ်ဖို့ပဲ ရှိပါတော့တယ်၊မကောင်းမှုတွေဆက်တိုက်လုပ်ရင် အကုသိုလ်တွေ တပုံတပင်နဲ့ အပါယ်ငရဲကို တန်းသွားရပါလိမ့်မယ်။ ဒါကြောင့် သဒ္ဓါတရားဖြစ်ဖို့အရေးကြီးပါတယ်။

သဒ္ဓါတရားဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုရင်

၁။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့သူတစ်ပါးကို လှူဒါန်းပါ၊ကူညီပါ(စိတ်မကြည် မလင်မဖြစ်ရပါဘူး)၊

၂။ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါ၊

၃။ယုံကြည်ချက်အားလျော်တဲ့ ဥပုသ်သီလ စောင့်ထိန်းပါ၊

၎။ဂုဏ်တော်ပွားပါ တရားထိုင်ပါ(အဘိ၊ဋ္ဌ၊၁၊၁၆၂)-ဒါဆိုရင် ကိုယ့်ရဲ့ သဒ္ဓါတရားတွေ ပြန်ဖြစ်လာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။

သဒ္ဓါလွန်ရင် ကွန့်-တဲ့၊ သဒ္ဓါလွန်လို့ တဏှာဖြစ်ခဲ့တာတွေ ဘုရားလက်ထက်မှာရော ယနေ့ခေတ်မှာပါ ရှိခဲ့ ရှိနေပါတယ်၊ သူ့နာမည်က သုပဗ္ဗာ.တဲ့၊ သံဃာတော်တွေကို သိပ်ကြည်ညိုပါတယ်၊ ကြည်ညိုလွန်း သဒ္ဓါဖြစ်လွန်းတော့..သူစဉ်းစားတာက..သံဃာတော်တွေကို ဒကာ ဒကာမတွေက လှူနေတဲ့ပစ္စည်းတွေ အများကြီးပဲ၊ မလှူတာ တစ်ခုပဲရှိတယ်၊ လူများတွေ မလှူတဲ့ အဲဒီအလှူကို လှူရင် အမြတ်ဆုံးဒါန ဖြစ်လိမ့်မယ်လို့ တွေးပြီး သံဃာတော်များကို မေထုန်အလှူ လှူတယ်၊ (ပါ။၁။နှာ၄၉) ၊ဘုရားရှင်က သံဃာတော်များအတွက် စည်းကမ်းချမှတ်ရသလို သုပဗ္ဗာရဲ့ သဒ္ဓါတရားကိုလဲ အကျိုးမရှိတဲ့ သဒ္ဓါတရားလို့ မိန့်တော်မူပါတယ်။ ပုဂံခေတ်မှာ ပန်းဦးဆက်ရတဲ့ လုပ်ရပ်ကလဲ သဒ္ဓါလွန်တဲ့ ပြယုဂ်တစ်ခုလို့ ပြောနိုင်ပါမယ်။

ဟုတ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီတဲ့ သဒ္ဓါတရား ငြိမ်းချမ်းမှုရှိတဲ့သဒ္ဓါ၊ ပြတ်သားတဲ့ သဒ္ဓါတရားဖြစ်ဖို့ ပညာနဲ့ ညှိရပါမယ်။ သဒ္ဓါတရား အားကောင်းပြီး ပညာမပါရင်လဲ တလွဲဖြစ်တတ်တယ်။ နည်းလမ်းမကျဖြစ်လိမ့်မယ်၊ ခုတ်ရာတခြား ရှရာတခြား ဖြစ်ပါလိမ့်မယ်၊ ပညာအားကောင်းပြီး သဒ္ဓါတရားမပါရင်လဲ ဘာကိုမှ မယုံကြည်တော့ပဲ လူချော်ကြီး ဖြစ်သွားပြန်ပါတယ်။ မြန်မာပြည်မှာထင်ရှားခဲ့တဲ့ လူသေလူဖြစ်ဝါဒ ကို လေ့လာနိုင်ပါတယ်။ ပညာပဲဦးစားပေးပြီး ယုံကြည်မှု သဒ္ဓါတရားမရှိတော့.. ဘုရားဟောတဲ့ နတ်ပြည်ခြောက်ထပ် ဗြဟ္မာပြည် ၂၀ ဆိုတာ မရှိဘူး..လူသေရင် လူပဲပြန်ဖြစ်မယ်..တိရိစ္ဆာန် နတ် ဗြဟ္မာ ဆိုတာ မဖြစ်နိုင်ဘူး၊ သုံးဆယ့်တစ်ဘုံဆိုတာ မရှိနိုင်ဘူးတွေ ဖြစ်ကုန်ပါတော့တယ်။

ဒါကြောင့် မကြည်ပြာရေ.. သဒ္ဓါတရားကို ပညာနဲ့ ညှိပါ၊ ပညာကိုလဲ သဒ္ဓါနဲ့တိုင်းတာပါ သဒ္ဓါ ပညာမျှတဲ့ ဘ၀ဟာ ငြိမ်းချမ်းသာယာပါလိမ့်မယ်လို့ ဖြေလိုက်ပါရစေ။

ယုံကြည်မှု သဒ္ဓါတရားကလဲ အဆင့်လေးဆင့်ရှိပါသေးတယ်. ဘုရားလောင်းတွေရဲ့ ယုံချက် အာဂမသဒ္ဓါ၊တရားထူးရပြီးတဲ့ အရိယာပုဂ္ဂိုလ်များရဲ့ အဓိဂမသဒ္ဓါ၊ ရတနာသုံးပါးအပေါ်မှာ တကယ့်ကို သက်ဝင်ယုံကြည်တဲ့ ဩကပ္ပနသဒ္ဓါနဲ့ ရတနာသုံးပါးအပေါ်မှာ အစဉ်အလာယုံကြည်တဲ့ ပသာဒသဒ္ဓါဆိုပြီး လေးမျိုးရှိသလို ပညာမှာလဲ သူ့အဆင့်နဲ့သူရှိတယ်ဆိုတာကိုပါ ပူးတွဲမှတ်ထားစေချင်ပါတယ်။

သဒ္ဓါ ပညာ ဟန်ချက်ညီညီဖြင့် အတ္တဟိတ ပရဟိတ.ကို ဆက်လက် လုပ်ဆောင်နိုင်ပါစေ။

Tuesday, January 18, 2011

ဗုဒ္ဓအလိုကျ "ပြဿနာ'' ဖြေရှင်းနည်း ဥပဒေသ

ဦးမနက်ဖြန်ရေးသားပေးပို့သည့် အီးမေးလ်ကို ပြန်လည်မျှဝေပါသည်။

ပြဿနာဟူသည် အကျိုးစကားလုံးဖြစ်သည်။ ပြဿနာလောက်ကိုသာ အပေါ်ယံကြည့်၍ ရှုတ်ချ အပုတ်ချခြင်းသည် အသိဥာဏ်နည်းသူများ၏ လုပ်ရပ်ဖြစ်သကဲ့သို့ တစ်ပါးသူ လွန်ကျူးမိသော အပြစ်ကို အများတကာသိအောင် ကြိုးစားခြင်းသည် စိတ်ပုတ် စိတ်ယုတ်ရှိသူများ၏ လက္ခဏာပေတည်း။ လောဘ ဒေါသ မောဟ ရှိသူမှန်သမျှသည် ပြဿနာကို လုပ်လေ့ရှိကြသည်။ ခြောက်ပြစ်ကင်း သဲလဲစင် ဟူသည် ပုထုဖဉ်လူသားတွေမှာ မရှိနိုင်ပါဘူး။ လောဘကိုမထိန်းနိုင်ခြင်း ဒေါသကို မထိန်းချုပ်နိုင်ခြင်း မောဟကို မပယ်သတ်နိုင်ခြင်းတို့ကြောင့် ယနေ့ခေတ် လွန်ပြီးခေတ်တွေမှာ ပြာဿနာပေါင်းစုံ အရှုပ်ပေါင်းစုံ ဖြစ်ပေါ်နေခြင်းဖြစ်သည်။


နောင်လာမည့်ခေတ်တွေမှာလဲ ဖြစ်လာဦးမည်တည်း။ ပုထုဇဉ်လူသားမှန်သမျှသည် အပြစ်ကို လုပ်နေဦးမည်တည်း။ ထို့ကြောင့် ပြဿနာ၏ အကြောင်းတရားသည် လောဘ ဒေါသ မောဟ တို့ပေတည်းဟု သတိနှင့် သိရှိထားရပေမည်။ ပြဿနာဟူသည် လောဘ ဒေါသ မောဟတို့ဖြင့် လွန်ကျူးလာသော အပြစ်ပေတည်း။ ထိုကို ပြဿနာဟု ခေါ်ဝေါ်ကြသည်။

တစုံတယောက် ပြဿနာလွန်ကျူးမိခဲ့လျှင် လွန်ကျူးသူ တစုံတယောက်သည် မိမိလွန်ကျူးမိသော အပြစ်ကို ရင်ဆိုင်ဖြေရှင်းသင့်သည်။ ပတ်ဝန်းကျင်ကလည်း ထိုသူ၏ လွန်ကျူးမှုကို ကူညီဖြေရှင်းပေးသင့်သည်။ အော် လောဘကို မထိန်းနိုင်လို့ ဒေါသကို မတားနိုင်လို့ မောဟတရား အားကြီးလို့ ဒီလိုအပြစ်တွေဖြစ်တာပါလားလို့ ကိုယ်တိုင်းလည်း သင်္ခန်းစာ ယူသင့်သည်။

အပြစ်သည် လူမြင်သာသည်။ အပြစ်၏ အကြောင်းတရားသည် အမြင်ရခက်သည်။ ထို့ကြောင့် လောကတွင် အပြစ်တွေ့လာတိုင်း အပြစ်ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရားကို အခြေမြစ်သိရအောင် လေ့လာဖို့ လိုလာသည်။ အပြစ်ကို ဖုံးကွယ်ကာ ဖြေရှင်းသင့်သည်။ လော်စပီကာနှင့် အော်ကာ အများသူငှာ အသိပညာရရှိစေဖို့ ဝေငှရမည့် ကြော်ငြာ ပစ္စည်းမဟုတ်ပေ။

ယခုခေတ်မှာတော့ ဘလော့ပေါ် အင်တာနက် စာမျက်နှာပေါ် ဖြန့်ဝေရမည့် သတင်းလည်းမဟုတ်သလို အများသူငှာ သိသင့်သည် အင်ဖော်မေးရှင်းလည်း မဟုတ်ပေ။ မည်ကဲ့သိုအပြစ်ပေါ်လာလျှင် မည်ကဲ့သို့ ဖြေရှင်းသင့်သည်ဟုသာ ဖြေရှင်းနည်းကိုတော့ဖြင့် အင်ဖော်မေးရှင်းအဖြစ် ဝေငှမည်ဆိုလျှင် ဝေငှနိုင်ပါသည်။ သို့ဖြင့် မဟုတ်ဘဲ မည်သူက မတရားလုပ်သဖြင့် ထိုမည်သူသည် လူယုတ်မာကြီးဟု အများသူငှာသို့ ဖြန်ဝေလျှင်တော့ ထိုဖြန့်ဝေသူကိုယ်တိုင်ပင် လူယုတ်မာကြီးဖြစ်လာပေတော့သည်။


ယနေ့ခေတ် အများစုသည် မိမိထံသို့ရောက်လာသော အင်ဖော်မေးရှင်းများကိုဖတ်ကာ ရေးသားဖော်ပြသည့် အကြောင်းအရာလောက်ကိုသာ အဟုတ်ကြီးထင်ကာ သံယောင်လိုက်၍ မတရားဘူး မလုပ်သင့်ဘူး ဒီလိုကြီးလုပ်တာ လူယုတ်မာပဲ စသည်ဖြင့် ဝေဘန်ကြသည် အတင်းတုတ်ကြသည်။ အပုတ်ချကြသည်။ အင်ဖော်မေးရှင်းရေးသူ သို့မဟုတ် ဖော်ပြသူ၏ အတွင်းစိတ်သည် ဤအကြောင်းအရာကို မည်သည့် ရည်ရွယ်ချက် မည်သို့မည်ပုံရေးသည်ကို လေ့လာမဆန်းစစ်ကြပေ။

အင်ဖော်မာ (စာရေးသူ)သည် ပြဿနာတစုံတခုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆိုးကို တပါးသူတို့ ဆင်ခြင်စေဖို့ အသိပညာရစေဖို့ ဝေငှလိုလျှင် ဖြစ်ပေါ်လာသော ပြဿနာ၏ ဆိုလိုရင်း အကြောင်းတရား ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဓမ္မဒိဋ္ဌာန်ကျကျ ရေးသားသင့်သည်။ အသင်းအဖွဲ့ သို့မဟုတ် ကာယကံရှင်တို့၏ အမည်များကို သုံးစွဲခွင့်မရှိပေ။ သုံးစွဲမည်ဆိုခဲ့လျှင် ခွင့်တောင်းရပေမည်။ သို့တည်းမဟုတ်ပဲ ခွင့်ပြုချက် မရှိပဲ အင်ဖော်မေးရှင်းအဖြစ်ရေးခဲ့လျှင် အင်ဖော်မာသမားသည် အသင်းအဖွဲ့ သို့မဟုတ် ကာယကံရှင်တို့အပေါ် မကျေနပ် အမုန်းပွားသော စိတ်ဖြင့် ရေးသားခြင်းသာ ဖြစ်ချေ၏။ ထို့ကြောင့် အင်ဖော်မာသမား သည်လည်း ဒေါသကိုမထိန်းနိုင်၍ ကိုယ်တိုင်ပင် သူတပါးကို အပုတ်ချခြင်း ရှုတ်ချခြင်း ဗျာပါဒ အပြစ် အကုသိုလ် လွန်ကျူးနေတော့၏။

ဆုတ်ကပ်ခေတ်ဖြစ်သော ယနေ့ကမ္ဘာကြီးတွင် မကြာ မကြာ ပြဿနာများ ပေါ်လာကြပေလိမ့်မည်။ ဓမ္မဒိဋ္ဌာန်ကျကျ မိမိတို့ ရှု့မြင်သုံးသပ်ကာ ဒါကြောင့် ပြဿနာဖြစ်တာပဲ ဒီလိုမဖြစ်အောင် ဒို့တွေ ရှောင်ကြဉ်ကြစို့ဟဲ့ဟု သင်္ခန်းစာယူရမည်။ မိမိဝန်းကျင်မှာ ပြာဿနာဖြစ်လာလျှင် ၀ိုင်းဝန်း၍ အသိပညာဖြင့် သိုသိုသိပ်သိပ် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်သည်။ ထို့ကြောင့် ပြာဿနာဖြေရှင်းနည်းများကို
မြတ်ဗုဒ္ဓ ဟောကြား နည်းပေးသည့်အတိုင်း အများသူငှာ သိရှိစေဖို့ ဝေငှလိုက်ပါသည်။

အဓိကရဏ -ပြဿနာ (၄)ခုရှိသည်။

(၁) ၀ိဝါဒါဓိကရဏ- ငြင်းခုံခြင်းပြဿနာ
(၂) အနုဝါဒါဓိကရဏ- စွပ်စွဲခံရခြင်းပြဿနာ
(၃) အာပတ္တာဓိကရဏ- အပြစ်လွန်ကျူးခြင်းပြဿနာ
(၄) ကိစ္စာဓိကရဏ- လူမှုရေးဖောက်ဖျက်ခြင်းပြဿနာ


သမထ (ပြဿနာဖြေရှင်းနည်း) (၇)-ခု


(၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသော ဓမ္မ၊ ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏ မျက်မှောက်တွင် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊

(၂) ယေဘုယျသိကာဝိနယ- သမာသမတ်ကျသော အများသူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း) အဆုံးအဖြတ်ဖြင့် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊

(၃) သတိဝိနယ- သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊

(၄) အမူဠ၀ိနယ- ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း။ (စိတ်ဖောက်ပြန်သူများအတွက်)

(၅) ပဋိညာတကရဏ၀ိနယ- အပြစ်လွန်ကျူးကြောင်း ၀န်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊

(၆) တဿပါပိယသိကာဝိနယ- လွန်ကျူးပါလျက် မလွန်ကျူးဟု အတင်းငြင်းချတ်ထုတ်သူအား သက်သေအထောက်အထားအရလွန်ကျူးနေသူသို့မဟုတ် သံသယဖြစ်ဘွယ်ရှိသူ ဟုသာ အသိမှတ်ပြု၍ စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း

(၇) တိဏ၀တ္ထာရက ၀ိနယ- မစင်အညစ်ကြေးတို့သည် အနံ့ဆိုးဝါးလှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန် မြတ်သစ်ရွတ်တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး တွင်းတူ ဖုံးအုပ်ထားသကဲ့သို့) ပြဿနာသည် မငြိမ်းအေးပဲ ကြီးထွား မလာစေရန်နှင့် ညီညွတ်နေမှုတို့ ကွဲပြားပျက်စည်းမှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိုနှိုင်းခြင်းမပြုပဲ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက် ခွင့်လွှတ်နားလည်မှုဖြင့် ငြိမ်အေးစေခြင်း- တို့ဖြစ်သည်။


ပြဿနာနှင့် ဖြေရှင်းနည်း တွဲအသုံးပြုပုံ


ဝိ၀ါဒါအဓိရုဏ်ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တရားရုံးတို့၏
မျက်မှောက်တွင်စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊

(၂) ယေဘုယျသိကာဝိနယ- သမာသမတ်ကျသော အများသူငှာ (တရားရုံး သို့မဟုတ် အဖွဲ့အစည်း) အဆုံးအဖြတ်ဖြင့် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း နည်းနှစ်ခုဖြင့် ဖြေရှင်းပါ။

အနုဝါဒါဓိကရုဏ်ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသူဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တ၇ားရုံးတို့၏
မျက်မှောက်တွင် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊

(၃) သတိဝိနယ- သတိပေးတားမြစ် အာမခံခြင်းဖြင့် ဖြေရှင်းခြင်း၊

(၄) အမူဠ၀ိနယ- ပယ်လှပ်ခြင်းဖြင့် ဖြေရှင်းခြင်း

(၆) တဿပါပိယသိကာဝိနယ- လွန်ကျူးပါလျက် မလွန်ကျူးဟု အတင်းငြင်းချတ်ထုတ်သူအား သက်သေအထောက်အထားအရ
လွန်ကျူးနေသူသို့မဟုတ် သံသယဖြစ်ဘွယ်ရှိသူ ဟုသာ အသိမှတ်ပြု၍ စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်းဟူသော နည်းလေးနည်းတို့ဖြင့် ဖြေရှင်းပါ။

အာပတ္တာဓိကရဏ-ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တ၇ားရုံးတို့၏
မျက်မှောက်တွင် စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊

(၅) ပဋိညာတကရဏ၀ိနယ- အပြစ်လွန်ကျူးကြောင်း ၀န်ခံစေခြင်းဖြင့် ဖြေရှင်းခြင်း၊

(၇) တိဏ၀တ္ထာရက ၀ိနယ- မစင်အညစ်ကြေးတို့သည် အနံ့ဆိုးဝါးလှသဖြင့် အနံ့ဆိုးတို့ဖြင့် အများသူငှာ မနှိပ်စက်စေရန် မြတ်သစ်ရွတ်တို့ဖြင့် ဖုံးဖိထားသကဲ့သို့ (ယခုခေတ်- ကျင်းတူး တွင်းတူ ဖုံးအုပ်ထားသကဲ့သို့) ပြဿနာသည် မငြိမ်းအေးပဲ ကြီးထွား မလာစေရန်နှင့် ညီညွတ်နေမှုတို့ ကွဲပြားပျက်စည်းမှုများ မဖြစ်ပေါ်လာနိုင်စေရန် စေ့စပ်ညှိုနှိုင်းခြင်းမပြုပဲ တဦးနှင့်တဦး
တဖွဲ့နှင့်တဖွဲ့ အပြစ်မေ့ပျောက် ခွင့်လွတ်နာလည်မှုဖြင့် ငြိမ်အေးစေခြင်း။ နည်းသုံးနည်းဖြင့် ဖြေရှင်းပါ။

ကိစ္စာဓိကရဏ-ကို- (၁) သမ္မုခါဝိနယ- စွပ်စွဲသူ အစွပ်စွဲခံရသဟူသော ပုဂ္ဂိုလ်၊ တရားနည်းလမ်းကျကျဟူသောဓမ္မ၊
ရေးစွဲထားသည့် ဥပဒေစည်းမျဉ်းဟူသော ၀ိနယ၊ သမာသမတ်ကျသည် အဖွဲ့အစည်း တ၇ားရုံးတို့၏ မျက်မှောက်တွင်
စေ့စပ်ညှိုနှိုင်း ဖြေရှင်းခြင်း၊ ဖြင့်သာဖြေရှင်းပါ။


မြတ်ဗုဒ္ဓ ချပေးထားသည့် ပြဿနာဖြေရှင်းနည်းတွင် အများသူငှာ အသိရစေဖို့ ရှောင်ကြည်နိုင်စေဖို့ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ဖော်ထုတ်ရမည်ဟု မပါချေ။ စာဖတ်သူတို့ နားလည်မည်ထင်ပါသည်။ မှုခင်းဂျာနယ်များကို ဖတ်ဖူးလျှင် သိပါမည်....ကာယကံရှင်တို့၏ အမည်များ ဓာတ်ပုံများ သုံးစွဲမည်ဆိုလျှင် ခွင့်တောင်းရပါသည်။ ခွင့်ပြုချက်ယူရပါသည်။ သိုမဟုတ်ဘဲ နာမည်ဓာတ်ပုံမှာ
ကာယကံရှင် ခွင့်ပြုသည်မဟုတ်ပဲ သုံးစွဲလျှင် လူအခွင့်အရေး ဥပဒေအရသော်လည်းကောင်း လူ့ကျင့်ဝတ်အနေရသော်လည်းကောင်း သုံးစွဲသူ ဖော်ပြသူအား တရားစွဲလို့ရပါသည်။

ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ရေးသားလာသော သတင်းနှင့် အကြောင်းအရာတို့သည် အမှန်စင်စစ် သတင်းမဟုတ်ပေ။ ဗဟုသုတ ဖြစ်ဖွယ်နှင့် အများသူငှာ ဖတ်သင့်သည့် အရာမဟုတ်ချေ။
တကယ်စင်စစ် စိတ်ဓာတ် အင်အားနည်း၍ အပုတ်ချ ရှုတ်ချခြင်းသာ ဖြစ်ချေသည်။ ပုဂ္ဂိုလ်ကို အမုန်းပွား အာဃာတထားခြင်းမျှသာ ဖြစ်ချေသည်။

ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကြသည်ဟု ဆိုကြသည့် ညီ အကို၊ အမ ညီမငယ်များတို့ ...တကယ်ပင် ငါတို့သည် ဗုဒ္ဓ၏ အဆုံးမကို လိုက်နာသူများ ဖြစ်သည်လော မဖြစ်သည်လော၊ စာပေတွေဖတ် ဆရာတော်ပေါင်းများစွာ ဟောသမျှကို နာယူ ဖတ်နာရုံမျှ သက်သက်မျှဖြင့် ငါတို့ တော့ ဆရာကြီးဖြစ်ပြီဟု ကိုယ့်ကိုယ်အထင်ကြီးကာ သူတပါးပြဿနာကို လေလိုင်းမှာ ဖွ၊ ငါသာ ဆရာကြီးဖြစ်သည်ဟု ကြွားဝါနေသည့် ပုဂ္ဂိုလ်ဖြစ်နေသလော မဖြစ်နေသလောဟု ပြန်လည် ဆန်းစစ်သင့်ပေသည်။ သဒ္ဓါနည်း၍ ဆရာကြီးရောဂါပေါများနေသည့် ခေတ်ကြီးမှာ သတိထားစရာပင် ဖြစ်ပါ၏။ ဗုဒ္ဓ၏တရားတော်များနှင့် ချိန်ထိုးကြည့်လျှင် မိမိ.ဘာ..ဆိုတာကို နားလည်နိုင်မည်ဖြစ်ပါ၏။

န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာတံ၊
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိစ (ဓမၼပဒ)

တပါးသူ အပြစ်၊ တပါးသူ လုပ်သည် မလုပ်သည်တို့ကို မကြည့်လေနှင့်၊
ကိုယ့်အပြစ် ကိုယ်လုပ်သည်မလုပ်သည်ကိုသာ ကြည့်လေ။

ပရ၀ဇ္ဇာ နုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော
အာသ၀ါ တဿ ၀ဎုန္တိ၊ အာရာ သော အာသ၀က္ခယာ။ (ဓမ္မပဒ)

တပါးသူ အပြစ်ကို ဆီလိုအပေါက်ရှာ ကြည့်နေသူများမှာ မည်သို့ပင် တရားတွေနာ စာအုပ်တွေဖတ်နေစေကာမူ အကုသိုလ်တိုးပွား ကိလေသာထူ ကိလေသာ ချေးညှော်တွေ ဆူသဖြင့် နိဗ္ဗာန်နှင့် ဝေးလေတော့သတည်း။



ဗြဟ္မစိုရ်တရားများဖြင့်
ဦးမနက်ဖြန်..

Monday, January 17, 2011

လူလိမ်ကြီးများ နောက်ဆက်တွဲ..

ဘာသာရေးစာပေတွေ ဖြန့်ဝေရေးသားနေတဲ့ ကိုဝိမုတ္တိက မိမိရေးတဲ့ လူလိမ်ကြီးများအကြောင်းကို ဖြည့်စွက်ဆွေးနွေးပြီး အီးမေးလ်ပို့လာပါတယ်။ အများသိစေရန် ဒီနေရာမှာ ဖော်ပြအပ်ပါတယ်။ ကိုဝိမုတ္တိရေ..ကျေးဇူးတင်ပါတယ်။

လူလိမ်ကြီးများ (http://www.yawcommunity.com/2011/01/blog-post.html) နှင့် ပတ်သက်၍

ဒီကိစ္စကို နှစ်မျိုးခေါင်းစဉ်ခွဲ စဉ်းစားကြည့်ချင်ပါတယ်။

တစ်ပိုင်းက စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း အနေနှင့်စဉ်းစားမယ်ဆိုရင် ဒါမျိုးကတော့ ကမ္ဘာပေါ်က တိုင်းပြည်တော်တော်များများမှာ လုပ်နေကြတဲ့ ခေတ်စားနေတဲ့ သင်တန်းမျိုးတွေဖြစ်လို့မို့ အထွေအထူး ဝေဖန်ဖို့မရှိပါဘူး။ ဒီလိုသင်တန်းမျိုးကို ကြိုက်တဲ့သူတွေရှိသလို၊ မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ သင်တန်းတွေအနေနှင့် အောင်မြင်မှု ဘယ်လောက်အတိုင်းအတာအထိရနေတယ်၊ အောင်မြင်မှုကို ဘာစံနှင့်သတ်မှတ်တယ်ဆိုတာတွေကိုတော့ မသိနိုင်ဘူးပေါ့လေ။ ကျိန်းသေတာတော့ သင်တန်းဖွင့်စားတဲ့သူတွေတော့ အဆင်ပြေနေကြပါတယ်။

နောက်တစ်ပိုင်းအနေနှင့်ကတော့ အခုကိစ္စမှာ သင်တန်းကို ဦးစီးတဲ့သူက သံဃာတော်တစ်ပါးဖြစ်နေတဲ့ပြဿနာပါ။ သံဃာဖြစ်တာလည်း ကိစ္စမရှိသေးဘူး။ အခုမှာ သူ့ ရဲ့  ပြောပုံဆိုပုံ၊ လုပ်ပုံတွေက သံဃာတော်တစ်ပါး ပြုသင့်ပြုအပ်၊ ပြောသင့်ပြောအပ်တာမျိုးမဟုတ်ပဲ သာသနာတော်နှင့်ဆန့်ကျင်ဘက်ဖြစ်နေတာပါ။ အမှန်က ဒီလိုသင်တန်းမျိုးကို မြတ်စွာဘုရားရဲ့  လောကီကြီးပွားကြောင်းတရားများနှင့်တွဲဖက်ပြီး သင်တန်းပေးနိုင်ခဲ့မယ်ဆိုရင် အတော် အားရကြည်နူးစရာကောင်းမယ့်အဖြစ်ပါ။ အခုတော့ ရွှေဘောင်ကွပ်လို့ရတဲ့နေရာမှာ မစင်နှင့်လူးလိုက်သလိုဘဲခံစားရပါတယ်

အမှန်ကတော့ ဒီကိုယ်တော်ဟာ သူကိုယ်တိုင် သိက္ခာသုံးပါးအခံဓာတ်မကောင်းခဲ့လို့ အခြားတပါးကအယူအဆရဲ့  Brain Wash လုပ်ခြင်းကို ခံထားရတဲ့သူတစ်ဦးအဖြစ် ယူဆမိပါတယ်။ ဒါကို သူကိုယ်တိုင်သတိမမူမိဘဲ တခြားလူတွေကိုပါ သူနှင့်အတူ ရောပြီး လမ်းလွှဲကို ဦးဆောင်မှုပေးနေတယ်လို့ ယူဆမိတဲ့အတွက် အခု ဖြစ်စဉ်ကို တတ်သိနားလည်ကျွမ်းကျင်ကြသော ဆရာတော်များ၊ ပညာရှင်များ၊ မိမိတိုင်းပြည်အတွက် အကျိုးကို မျှော်ကိုးလုပ်ဆောင်နေသူများအားလုံးမှ ၀ိုင်းဝန်းကူညီ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါတယ်။

မေတ္တာဖြင့်
ဝိမုတ္တိသုခ
တိုကျို၊ ဂျပန်

Burma Today ၌ ကိုမြတ်နိုင်ရေးသားသည့် မော်ဒန်ဘုန်းကြီးနှင့် စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း.ဆိုသည့် သုံးသပ်ချက်ဆောင်းပါးကိုလည်း http://burmatoday.net မှာ ဖတ်ရှုနိုင်ပါတယ်။ ။