Monday, December 20, 2010

၂၀၁၀နဲ့ ပုံရိပ်ဟောင်းများ (၃)

မန္တလေးဆိုတာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်လို့ တင်စားပြောကြတယ်၊ ဒီမန္တလေးမှာပဲ မိမိရဲ့ စာသင်သား ဘ၀ကို စတင်ခဲ့တယ်၊ အဲဒီအချိန်တုန်းက မိမိအသက် ၁၃ နှစ်ပြည့်လုလုအချိန်၊ မစိုးရိမ်တိုက်သစ်ရဲ့ နောက်နားက ၀ိဇ္ဇာလင်္ကာရကျောင်းမှာ မိမိရဲ့ စာသင်သားဘ၀ကို စတင်ခဲ့တယ်။လောကဓံဆိုတာကို စတင်ရိပ်စား မိလာတဲ့အချိန်ပေါ့၊ နွေးထွေးလှတဲ့ မိသားစု ရင်ခွင်ကနေ စတင်ထွက်ခွါခဲ့ချိန်၊ ဥာဏ်စမ်းချင် ဆန်းတက် ကံစမ်းချင်မန်းတက်လို့ ဆိုကြသကိုး၊

သံဃာအရေအတွက်နဲ့ မြို့ခံ ဒကာ ဒကာမ အင်အားက မမျှလောက်အောင် သံဃာတွေကပေါတော့ မျှတတဲ့ ဆွမ်းရဖို့ ကြိုးစားရတော့တာပါပဲ၊ စ.ဓ.ဗ.၀. လို့လဲ ပြောကြလေရဲ့၊(စ..စောစောထ၊ ဓ…ဓုန်းပြေး …ဗ..ဗုံလောင်းတိုး .၀..၀အောင်စားတဲ့)၊ မိမိလဲ စ.ဓ.ဗ.၀ ထဲမှာ ပါခဲ့တယ်။ ဆွမ်းခံထွက်ခါနီး ကိုရင်ကြီးတွေက ဆွမ်းဟင်းခွက်တွေထဲမှာ (မိမိ မသိအောင်) စာတွေရေးထည့်ပေးတတ်တယ်..(ဤကိုရင် အစားကြီးသည် ဆွမ်းများများ လောင်းပါ)ဆိုတာမျိုးတွေ ရေးထည့်ပေးကြတယ်.။ကာယကံရှင်ကလဲ မသိလေတော့ ဆွမ်းလောင်းဖို့ ဆွမ်းဟင်းခွက်ကို ကိုင်မှ ရှက်ရတာမျိုးတွေပေါ့။
ပြန်တွေးကြည့်ရင် သတိရစရာ ပျော်စရာအဖြစ်အပျက်ကလေးတွေပါ၊ ပြန်မရနိုင်တော့တဲ့ ငယ်ဖြစ်ပျက်များတည်း။

အနောက်ပြင်မှာ ၁ နှစ်နေပြီးတော့ အရှေ့ပြင် မဟာမြိုင်ကျောင်းတိုက်ကို ရောက်သွားတယ်၊ စာသင်တိုက်ထုံးစံအတိုင်း မနက်ပိုင်း အာရုံဆွမ်းကို ပဲပြုတ်နဲ့ ငံပြာရည် ကျဲကျဲလေးကျွေးတယ်၊ ကျောင်းဘေးနားက ဂွေးတောက်စင်တွေ ပေါ်တက်ပြီး ဂွေးတောက်ရွက်ကို ရေနွေးနဲ့စိမ်ပြီး စားခဲ့ရတဲ့ ပုံရိပ်တွေကို ပြန်ပြီး သတိရနေတယ်။ အဲဒီမှာပဲ မနက်ဖြန်တို့နဲ့ ဆုံဖြစ်ခဲ့တာ။ လူသေးသလောက် ခပ်ထက်ထက် လှုပ်ရှားတတ်တဲ့သူ။ အခုတော့ အမေရိကားမှာ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်နေချေပြီ။

ဗုဒ္ဓဂယာမှာ ဆုံတွေ့ခဲ့သည့် အမေရိကား ကျောင်းထိုင်ဆရာတော်ကြီး ဦးမနက်ဖြန်နှင့် အတူ

နှစ်တွေပြောင်းခဲ့ပေမယ့် မန္တလေးမြို့ကြီးကတော့ သိပ်မပြောင်းလဲသေးဘူး..ဆိုတာ သတိထားမိခဲ့တယ်။မန္တလေးယဉ်ကျေးမှု မန္တလေးမြို့ပြ ဘာမှသိပ်မပြောင်းလဲဘူးလို့ ပြောနိုင်တယ်။ ဆယ်စုနှစ် ၂ခုက အပြုံးတွေ အရောင်မခြယ် ပုံမှန်အတိုင်းပါပဲ၊
နောက်နေ့ဆိုရင် မိမိရဲ့ မွေးနေ့၊ မန္တလေးကို ရောက်ခိုက် မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရယ် စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေရယ်.သူတို့ကိုပင့်ပြီး အိုရီယန်တယ်ဟောက်စ်မှာ ဆွမ်းကျွေးဖြစ်တယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ပုံဖော်ရင်းပေါ့။
အိုရီယမ်တယ်လ်ဟောက်စ်သို့ မိမိမွေးနေ့ပွဲသို့ ကြွလာသည့် သူငယ်ချင်းများ

ခေတ်သစ် ကမ္ဘာကြီးထဲမှာ ပရိယတ္တိကို ခုံမင်မြတ်နိုးစွာကြိုးစားနေတဲ့ သူငယ်ချင်းတွေကို ကြည်ညိုလေးစားမိတာတော့ အမှန်ပဲ။ တချို့က ကျောင်းထိုင်ဆရာတော်တွေဖြစ်လို့၊ တချို့က သ.စ.အ စာချဘုန်းတော်ကြီးတွေဖြစ်လို့၊တချို့က ပိဋကတ်တစ်ပုံအောင်တွေ။ နောက်တန်းခံတပ် ပရိယတ္တိ သာသနာအတွက် အားကိုးရမယ့် သာသနာ့ သူရဲကောင်း သူငယ်ချင်းများပေပ။ ရှေ့တန်းမှာ အစွမ်းပြချင်ရင် နောက်တန်းကလဲ ခိုင်လုံရမယ် မဟုတ်လား၊

မန္တလေးရောက်တုန်း ဘာမှ မယ်မယ်ရရ ပြောစရာ လုပ်စရာမရှိဘဲ မြို့တပတ် ကားနဲ့ပတ်ပြီး လှည့်ကြည့်ခဲ့သေးတယ်၊(အဲလို သွားရတာကို..က ၀ါသနာဖြစ်နေတာကိုး)။ နောက်တနေ့ သူငယ်ချင်းတွေကိုခေါ်ပြီး ပြင်ဦးလွင်(မေမြို့)ကို သွားခဲ့တယ်။ ပိတ်ချင်းမြောင် မဟာအံ့ထူးကံသာ ကန်တော်ကြီးတွေကိုလဲ ရောက်ဖြစ်ခဲ့တယ်။ မေမြို့ ကားလမ်းဘေးက ဒိုးပင်စံပြ ပရဟိတကျောင်းကိုလဲ လေ့လာခဲ့သေးတယ်။ ကလေးငယ်တွေ ငါးရာကျော်၊ တိုင်းရင်းသားများစွာနဲ့ မငြီးမညူ ပရဟိတ လုပ်နေတဲ့ ဆရာတော်ကိုမြင်ရတာ တကယ့်ကို လေးစားစရာပါ။
ပြင်ဦးလွင် ဒိုးပင်စံပြ ပရဟိတကျောင်းမှာ တွေ့ခဲ့တဲ့ မိဘမဲ့ တိုင်းရင်းသားကလေးငယ်များ

ပိတ်ချင်းမြောင် လှိုင်ဂူအ၀င်ဝ

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်

စေတနာနဲ့ ဘ၀ ဟန်ချက်ညီအောင် ပေါင်းစပ်ပြီး ပုံဖော်နေတဲ့ဆရာတော် တစ်ပါးပေပဲ၊ ကိုရင်ငယ်လေးတွေကို တွေ့လို့..ကိုရင်ဘွဲ့ ဘယ်လိုခေါ်လဲလို့ မေးကြည့်တော့.. အမေ မရှိ..တဲ့။ မြန်မာစကားကို မပြောတတ်တဲ့ တိုင်းရင်းသား ကိုရင်လေးရဲ့ စကားက ..မိမိရဲ့အတွေးတွေကို ရှည်လျားစေခဲ့ပါတော့တယ်။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်တိုင်းရင်းသားတွေကို တတ်နိုင်တဲ့ဖက်က ဖေးမကူညီကြရပါလိမ့်မယ်။ နိုင်ငံခြားမှာနေပြီး အပြောလေးလောက်နဲ့တင် ကျေနပ်နေရင်တော့ မိမိတို့ရဲ့ သမိုင်းဟာ ဆယ်စုနှစ်လေးတစ်ခုအတွင်းမှာ ရိုးရိုးလေး ပျောက်ကွယ်သွားမှာ အငြင်းပွားစရာ မရှိပါဘူး။
ဘွဲ့ဘယ်လိုခေါ်လဲလို့မေးတော့...အမေ မရှိဆိုတဲ့ မြန်မာစကားတခွန်းသာ ပြောတတ်သည့် ကိုရင်လေးများ

မေမြို့မှာ ရှိနေကြတဲ့ ရဟန်းဒကာ ဒကာမတွေကို နှုတ်ဆက်ပြီး ညပိုင်းမှာ ပြင်ဦးလွင်ကနေ မန္တလေးကို ပြန်ရောက်လာတယ်။ပြင်ဦးလွင်အပြန်လမ်းရဲ့ ပဲ့တင်သံကတော့.......................။ ။

0 comments: