Showing posts with label ခရီးသွားဆောင်းပါး. Show all posts
Showing posts with label ခရီးသွားဆောင်းပါး. Show all posts

Sunday, January 1, 2012

ထိရှသည့် နှစ်သစ်နှင့် သီတဂူ

၂၀၁၂ခု၊ဇန္နဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာ့ပြက္ခဒိန်အရ ၁၃၇၃ခု၊ပြာသိုလ်လဆန်း ၈ ရက် ဥပုသ်နေ့.. မိမိအတွက်လတ်ဆတ်သစ်လွင်နေတဲ့ နှစ်သစ်ရဲ့ နေ့သစ်၊ ထူးခြားတဲ့နေ့သစ်၊ ကုသိုလ်များဖြင့် ပြည့်ဝခဲ့သည့်နေ့သစ်ဟု ဆိုနိုင်မည်ထင်သည်၊

၂၀၁၀ခု ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မိမိနေထိုင်ရာ မီနီဆိုးတားပြည်နယ် သီတဂူဓမ္မဝိဟာရကျောင်းမှ တက္ကဆတ်ပြည်နယ် သီတဂူဗုဒ္ဓဝိဟာရကျောင်းသို့ ဝေဟင်ခရီးမှ လေယဉ်စီးပြီး ရောက်လာခဲ့သည်၊ Newyearကာလ ဈေးနှုန်းများကို ရှောင်လိုသဖြင့် လေယဉ်ခရီးကို one stop ဖြတ်ခဲ့ရာ ခြောက်နာရီကျော်ကြာအောင် စီးပြီးမှ တက္ကဆတ်သို့ရောက်လာ၏ ။

အကြောင်းမူ…သီတဂူအဓိပတိဆရာတော်ဘုရားထံ မိမိရဲ့ Report ကို ဆက်ကပ်အစီရင်ခံရင်း ဆရာတော့်နှုတ်တော်မှ မိန့်ဟသည့် လမ်းညွှန်ဆုံးမမှုကို ခံယူရန် ရောက်လာခဲ့ခြင်းဖြစ်သည်၊ တက္ကဆတ်သည် မိမိနှင့် မစိမ်းလှ၊ လေးကြိမ်ခန့် ဤနေရာသို့ ရောက်ဖူး၏ ၊ တက္ကဆတ်ဆောင်းသည် မီနီဆိုးတားဆောင်းလောက် မကြမ်းလှ၊ ညင်သာနူးညံ့သည့် အအေးဓာတ်တို့ကိုသာ ထိထိရှရှလေး ဖြန့်ကျက်နေသည်၊နေချင်စဖွယ်အကောင်းဆုံး အချိန်ဟု ဆိုနိုင်လောက်၏၊

ထို့ထက်ထူးခြားနေသည်က.. သီတဂူဗုဒ္ဓဝိဟာရမှာ ဒေါက်တာဩသဓသာရ(ဘော်လ်တီမိုး)၊ဒေါက်တာအရိယ(သီတဂူဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော်)၊ဒေါက်တာ စန္ဒာသီရိ(ဖလော်ရီဒါ)၊အရှင်ဝိသုတ(ဟာဝိုင်ယီ) တို့လဲ ဆရာတော်ကြီးထံ ရောက်နှင့်နေကြ၏၊ ဆရာတပည့်များ စုံညီစွာတွေ့ရသည်မှာ ဝမ်းသာဖွယ် ကြည်နူးဖွယ်ဖြစ်၏ ။နှစ်သစ်ရဲ့ မင်္ဂလာမြင်ကွင်း သို့မဟုတ် လာခြင်းကောင်းသော နှစ်သစ် နေ့သစ်ဟု ဆိုနိုင်ပါ၏ ။

ထို့ထက်ပို၍ .သီတဂူအဓိပတိဆရာတော်ဘုရား၏ လမ်းညွှန်ပြ ဆုံးမစကားတွေကို နာကြားခွင့်ရခြင်းကမိမိတို့အတွက် ၂၀၁၂ နှစ်မှာ အထူးခြားဆုံး ထိရှသည့် အေးမြသည့် လက်ဆောင်မွန်များဖြစ်နေခဲ့၏၊နှစ်သစ်ရဲ့ ထူးခြားသည့်အတွေ့အကြုံများဟုလဲ ဆိုနိုင်လောက်ပါသည်၊
တက္ကဆတ်ပြည်နယ်ရှိ သီတဂူဗုဒ္ဓဝိဟာရကျောင်းသည် ၁၆ဧကခန့်ကျယ်ဝန်း၏၊

တက္ကဆတ်လေယဉ်ကွင်းမှ နာရီဝက်ခန့်မောင်းလျှင် ရောက်နိုင်သည့်နေရာဖြစ်၏၊ ဆိတ်ငြိမ်အေးချမ်း၏၊ သမင်ငယ်လေးများ ယုံလေးများ ဤကျောင်းအတွင်းမှာ သွားလာ စားသောက်နေသည်ကို တွေ့မြင်နိုင်၏၊ လူနေအိမ်များနှင့် မနီးမဝေးတွင် တည်ရှိသဖြင့် မဝေးလွန်း မနီးလွန်းဆိုသည့် ကျောင်းအင်္ဂါရပ်နှင့် ပြည့်စုံသည့် နေရာဟု သတိပြုမိ၏

မြန်မာ့ယဉ်ကျေးမှုဗဟိုဋ္ဌာနဖြစ်စေရမည်..ဆိုသည့် သီတဂူအဓိပတိဆရာတော်ကြီးရဲ့ ရည်မှန်းချက်အတိုင်း -ကျောင်းပေါက်ဝသို့ ရောက်ရှိလျှင်ပင် ပေ ၇၀ခန့်ရှိ တည်ဆောက်ဆဲ ရွှေစည်းခုံစေတီတော်ကို ဖူးမြင်ရ၏၊ ခရီးဝေးမှ ရောက်လာသူတို့၏ ရင်ကို အအေးဓာတ်ပေး၍ ကမ်းလင့်ကြိုဆိုနေခြင်းပင်၊ ရွှေစည်းခုံသည် ထေရဝါဒ သာသနာပြုသမိုင်းမှတ်တိုင်၊ ရွှေစည်းခုံသည် ပုဂံနှလုံးသွေးမှ စီးဆင်းသည့် ဗိသုကာပုံစံ၊ ရွှေစည်းခုံသည် ပင်းယ အင်းဝ ကုန်းဘောင် ခေတ်အဆက်ဆက်ကိုကျော်လွှားကာ ပုံစံတစ်ခုတည်းဖြင့် ရပ်တည်လာခဲ့ခြင်း စသည့် ထူးခြားသည့် ဂုဏ်ရည်များကြောင့် ရွှေစည်းခုံသည် အမေရိကန်မြေဝယ် ပထမဆုံး တည်ထားခဲ့သည့် တဆူတည်း တနေရာတည်းတွင်ရှိသော စေတီတော်မြတ်လည်း ဖြစ်ပါ၏ ။ နောင်တချိန်တွင် တက္ကဆတ်ပြည်နယ်၏ Land mark ဖြစ်လာမည်မှာ သေချာလှ၏ ။ ရဲရင့်သူတို့၏ သစ္စာနှလုံးသားပိုင်ရှင်တို့သည် ကမ္ဘာမြေကြီးအတွက် သမိုင်းခြေရာ ချန်ထားခဲ့မြဲပင် မဟုတ်ပါလော ၊

စေတီတော်ကြီး၏ တောက်ဖက်တွင် သီတဂူဓမ္မမိဗာန်တော်ကြီးကိုတွေ့မြင်ရ၏ ၊ ထူးခြားလှ ခန်းငြားလှ၏ ၊ ကျန်စစ်သား၊အလောင်းစည်သူ၊ နရပတိစည်သူမင်းတို့၏ ပုဂံခေတ် အစောပိုင်းလက်ရာ ပန်းချီ ပန်းပု ပန်းတည်း ပန်းတိမ် ပန်းပွတ် ပန်းရံ ပန်းတမော့လက်ရာများဖြင့် အထွဋ်တပ် ပြင်ဆင်ထားခြင်းဖြစ်၍ မြန်မာ့ယဉ်ကျေးမှုနဲ့ ပန်းဆယ်မျိုးအကြောင်းကို လေ့လာလိုသူတို့အတွက် တနေရာတည်းတွင်ပင် လေ့လာနိုင်ပါ၏၊ တမ္ပဝတီ ဦးဝင်းမောင် ဦးစီး၍ မွမ်းမံခြယ်သနေခြင်းလည်း ဖြစ်၏၊ ဓမ္မာရုံကြီးဘေးတွင် သီတဂူဆရာတော်၏ စံကျောင်းတော်ကိုတွေ့မြင်နိုင်ပြီး စံကျောင်းတော်၏ အရှေ့ဖက်တွင် စာကြည့်တိုက်တည်ဆောက်ထား၏။

စံကျောင်းတော်၏ တောင်ဖက်တွင် သံဃာတော်များ သီတင်းသုံးရန်ကျောင်းဆောင်ငယ်လေးများကို ဆောက်လုပ်ထား၏ ၊ တရားဘာဝနာ ကျင့်ကြံပွားများလိုသူများအတွက်လည်း ကမ္မဋ္ဌာန်းကျောင်းဆောင် COTTAGE ပေါင်း ၂၀ ကျော်ကိုလည်း ဆောက်လုပ်ထား၏ ၊ ၂၀၁၂ခု မေလပိုင်း၊ ၁၃၇၄ခု နယုန်လပြည့်နေတွင် ရေစက်ချပွဲ စည်ကားစွာ ကျင်းပနိုင်တော့မည် ဖြစ်၏ ။

သီတဂူဆရာတော်၏ သာသနာပြုလုပ်ငန်းဟု ဆိုခြင်းအတွက် တိုင်းပြည်အတွက် သာသနာအတွက်ထားရှိသည့် သီတဂူ၏ မွန်မြတ်သန့်စင်သည့် စိတ်ဓာတ်များကို တွေ့မြင်နိုင်ပေသည်၊ သန့်စင်မွန်မြတ်သည့် စိတ်ဓာတ်ဟူသည် သူတော်စင်တို့နှလုံးသားမှ ရှင်သန်ပေါက်ဖွားလေ့ရှိသဖြင့် နှစ်သစ်မင်္ဂလာအစ နေ့သစ်သည် သူတော်စင်တို့နှလုံးသွေးဖြင့် စ..တင်စီးဆင်းသင့်လှသည်၊

သူတော်စင် စိတ်ဓာတ်ထွန်းကားအောင် ကြိုးစားသင့်လှသည်၊ ထူးခြားခြင်းဟူသည် တဘဝစာဖြင့် တိုင်းတာ၍ မရစကောင်း၊ တဦးတယောက်ဖြင့် မတိုင်းတာအပ်၊ လူသားအားလုံး သတ္တဝါအားလုံးအတွက် နေ့မနား ညမနား ကြိုးစားလုပ်ဆောင်နေကြသည့် သူတော်စင်တို့နှလုံးသား၊ သူတော်စင်စိတ်ဓာတ်၊ သူတော်စင်အမူအရာတို့ ကူးစက်ခါ တတ်နိုင်သမျှ ဥာဏ်မှီသလောက် ကြိုးစား၍ စတင်ခြင်းသည်သာ အနှစ်သားပါသော အဓိပ္ပါယ်ပြည့်ဝသော နှစ်သစ်၏ နေ့သစ်၊ ထူးခြားသည့်နှစ်သစ်၊ သန့်ရှင်းလတ်ဆတ်သည့် နေ့သစ်ဟု ဆိုနိုင်မည်ထင်ပါသည်၊

တက္ကဆတ်ဆောင်းသည် မိမိတို့နှလုံးသားကို ဗဟိုရ်ပြု၍ ညင်သာစွာ တိုက်ခတ်နေလေသည်၊ မပိုမကဲသော လေနုအေးက မိမိတို့အတွက် ထိထိရှရှလေး ဖြစ်စေခဲ့သည်ကတော့ အမှန်ပင်။ ။

Friday, December 31, 2010

မင်္ဂလာပါ ၂၀၁၁

၂၀၁၀နဲ့ ပုံရိပ်ဟောင်းဆိုပြီး ရေးခဲ့တယ်၊ မိမိဘာတွေလုပ်တယ်ဆိုတဲ့ မှတ်တမ်းထက် မပိုပါဘူး။ ဒီနေ့ ၀၁၊၀၁၊၂၀၁၁(၁၁၁၁) တစ်လေးလုံး နယူးရီးယားမှာ နေရာသစ် စိတ်သစ် လူသစ်နဲ့ ပတ်ဝန်းကျင်သစ်ကို ရောက်နေခဲ့တယ်။ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ..ဆိုတဲ့ ဆုတောင်းစကားထက် ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်အောင် ဘယ်လို ပြုမူ ပြောဆို တွေးကြံရမယ်ဆိုတာကို ပိုပြီး မျှော်လင့်တယ်။ စကားလုံးထက် လက်တွေ့လုပ်ဆောင်မှုကို ပိုပြီး အလေးပေးချင်တယ်။ စကားတွေအများကြီးပြောပြီး လက်တွေ့နဲ့ ပေါင်းစပ်နိုင်ဖို့ ဝေးကွာလွန်းရင် သဘာဝမကျဘူးလို့ ရိုးရိုးပဲတွေးထားတယ်။

ပျော်ရွှင်သောနှစ်သစ်ဖြစ်ဖို့ ပျင်းစရာကောင်းအောင် လုပ်ခဲ့မိတဲ့ ကိုယ့်ရဲ့ ပြုမူ ပြောဆိုကြံစည် တာတွေကို သတိထားပြုပြင်ဖို့ပါပဲ။ လေထဲမှာတင် ပျော်ရွှင်ပါစေ ဆိုရင် လေထဲမှာပဲ ပျော်ရွှင်မှုရမှာပါ။ တကယ့်လက်တွေ့ ဘ၀မှာတော့ ပျော်ရွှင်မှု ရဖို့ခက်ခဲပါလိမ့်မယ်။
.

နှစ်သစ်ကို ပဋ္ဌာန်းပွဲဖြင့် ကြိုဆိုခြင်း

တစ်လေးလုံး နယူးရီးယားကို မဟာပဋ္ဌာန်းပွဲနဲ့ စခဲ့ကြတယ်..ယုံကြည်ချက်တွေကိုတည်ဆောက်တယ်..ယုံကြည်ချက်တွေနဲ့ ဆက်လျှောက်တယ်။ ယုံကြည်ချက်တွေ ဖြစ်လာတယ်။ ဒါပါပဲ. တကယ့်ကို ရိုးရိုးလေး။ ရိုးရိုးလေးနဲ့ စဖြစ်တဲ့ ၂၀၁၁ ရေ။ ရိုးရိုးလေးပဲ သဘောကျပါတယ်။

Thursday, December 30, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၇)

မသစ္စာအလင်းရဲ့http://www.thitsaralin.org သဒ္ဓါတရားကတော့ အံ့ဩစရာပါ၊ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် ပုဂ္ဂိုလ်စွဲ မရှိဘဲ ကူညီဆောင်ရွက်ပေးလေ့ရှိပါတယ်။ အဆံပြည့်သူမို့ ကိုင်းညွတ်မှုကလဲ ပိုပါတယ်။ အဆံပြည့်လေ ကိုင်းညွတ်လေဆိုတဲ့ မြန်မာစကားဟာ တကယ် အဆန်ပြည့်သူတွေအတွက်တော့ တကယ့်အမှန်တရားပါ၊ အဆန်ချောင်လို့ အသံဟောင်နေတဲ့ လူတွေကိုလဲ မကြာခဏတွေ့ဖူးနေလို့ပါ၊

မသစ္စာလင်းအတွက်တော့ အချိန်ဆိုတာ သူနဲ့ အမြဲရန်ဖြစ်နေကြ။ အချိန် လုံလောက်မှုနည်းသူလို့ ပြောနိုင်မယ်ထင်တယ်။ လက်၇ှိလုပ်နေတဲ့ လုပ်ငန်းများအပြင် ကလေးငယ်များကို စာပေသင်ကြားပေးခြင်း။ ပိုင်းလော့ဆရာတော်ကြီးတရားစခန်းမှာ လိုအပ်တာ ကူညီပေးခြင်း၊ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်များကို ကျောင်းထားပေးခြင်း..စတဲ့ ကုသိုလ်အလုပ်တွေနဲ့ အမြဲအချိန်ကုန်လေ့ရှိပါတယ်။ ကုသိုလ်ဆိုတာ ဘ၀ရဲ့ပန်းတိုင်လို့ ခံယူထားသူလဲ ဖြစ်ပါတယ်။

၁၃၇၂ ခု၊ သီတင်းကျွတ် ပြီဆိုတော့ မသစ္စာလင်း-က အမေရိကားမှာ ရှိတဲ့ ဒကာဦးအောင်ကိုးနဲ့ဆက်သွယ်ပါတယ်။ မိမိရဲ့ ခရီးစဉ်အတွက် စပွန်ဆာကိစ္စ ဆောင်ရွက်ကြပါတယ်။ ဒကာဦးအောင်ကိုး.ကလဲ အင်တာနက်စာမျက်နှာကများက တဆင့် မိမိကို သိရှိပြီးဖြစ်လို့ စပွန်ကိစ္စ ချောချောမောမော ဆောင်ရွက်ပေးခဲ့တယ်။ သူတစ်ယောက်ထဲဆိုရင် စိတ်မချရမှာစိုးလို့ နောက်ထပ်တစ်ယောက် ဒကာ ဦးအောင်သန်းနဲ့ တွဲပြီး စပွန်ဆာပေးခဲ့ကြတယ်။ အမေရိကားကို အရင်ရောက်နေတဲ့ သူငယ်ချင်း မနက်ဖြန်ကလည်း စပွန်ကိစ္စ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ တွန်းအားပေးခဲ့တယ်။ စပွန်ဆာကို သယ်ယူလာသူကတော့ ဒကာ ဦးဝင်းလှိုင်ပါ. မိမိ တည်းခိုနေတဲ့ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းကို အရောက်လာပို့ပါတယ်။

မသစ္စာလင်း၊ မချိုချိုအေး(US Embassy) ဦးဝင်းလှိုင်၊ ဦးငွေဝင်း (Miya Win In’l Ld Company) တို့နဲ့ ဗီဇာ ကိစ္စအတွက် ဆွေးနွေးဖြစ်ခဲ့တယ်။ ဒကာ ဦးငွေဝင်းရဲ့ ကုမ္ပဏီမှာပဲ DS 160 ဖောင်ကိုဖြည့်ခဲ့တယ်. ဒကာ ဦးငွေဝင်းရဲ့ အတွင်းရေးမှူး ဒကာမလေးက အစစ ကူညီခဲ့တယ်။ ဖောင်ဖြည့်ချိန် ၅ နာရီလောက်တော့ ရှိမယ်လို့ထင်တယ်။ နိုဝင်ဘာ (၃၀)ရက်နေ့မှာ လူတွ့အင်တာဗျူးခေါ်တယ်.. ရှောရှော ရှုရှုပါပဲ..ဘာအခက်အခဲမှ မရှိဘဲ အဆင်ပြေခဲ့တယ်။

ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကန် ဗီဇာကို ထုတ်ပေးခဲ့တယ်။ ဗီဇာ ရပြီးတော့ သွားဖို့လာဖို့ ပြင်ဆင်ရတယ်။ ဒကာဦးဝင်းလှိုင်ရဲ့ သမီးကြီးချောစုက လေယဉ်လက်မှတ်အတွက် အစစ အရာရာ ကူညီဆောင်ရွက်ပေးခဲ့တယ်။ D.form ရတဲ့အထိ အစ အဆုံးကူညီပေးခဲ့တယ်။ လေယဉ်လက်မှတ် ရပြီးတော့ ရန်ကုန်ကနေ စင်္ကာပူကိုထွက်ခဲ့တယ်။

စင်္ကာပူမှာ ဘာမှ မှတ်မှတ်ရရ အလုပ်မရှိခဲ့ဘူး။ Lotus Foundation Family တွေနဲ့ တွေ့ဆုံစကားပြောဖြစ်တယ်။Yaw Community Family တွေက မိမိအတွက် လိုအပ်တာတွေကို အကောင်းဆုံးကူညီပေးခဲ့ကြတယ်။ လေဆိပ်ကနေ လေယဉ်ထွက်တဲ့အထိပဲ ဆိုပါတော့။ စင်္ကာပူကနေ SQ 62 S’pore Air နဲ့ မော်စကို.ကိုထွက်လာတယ်..လေယဉ်စီးချိန် ၁၄ နာရီလောက်ရှိတယ်..မော်စကို.ရောက်တော့ လေယဉ်ပေါ်ကနေ ဆင်းရတယ်..Hund Curry တွေယူပြီး လေဆိပ်ထဲမှာ ၁ နာရီခွဲလောက် နားကြရတယ်။

ပြီးရင် မော်စကို ဟူစတန်ကိုဆက်စီးရတယ်။ မော်စကို ဟူစတန်ကလဲ ၈ နာရီလောက်ထပ်စီးရတယ်။ ဟူစတန်မှာပဲ Immigration ၀င်ရတယ်. အားလုံး ရှောရှော ရှုရှုပါပဲ။ ဟူစတန်ကနေ နောက်ထပ် သုံးနာရီခွဲလောက် လေယဉ်ဆက်စီးရတယ်။ Minneapolis နိုင်ငံတကာ လေဆိပ်ကို ရောက်လာခဲ့တယ်။ လေဆိပ်မှာ ဆရာတော် ဦးနန္ဒ၀ံသနဲ့ ဒကာ ဦးအောင်ကိုးတို့က ကြိုဆိုနေကြတယ်။

မိမိရဲ့ ကုသိုလ်အတွင်းရေးမှူးကြီး မသစ္စာလင်းကတော့ ရသမျှလူတွေကို တွေ့ဆုံ မိတ်ဆက်ပြီး မိမိရဲ့ ခရီးစဉ်အားလုံးအဆင်ပြေဖို့အတွက် ကိုယ်အား ဥာဏ်အား ပစ္စည်းအားနဲ့ အနားသတ်လှပအောင် ပုံဖော်ပေးခဲ့တဲ့အတွက် ခရီးစဉ် အစ အဆုံးဟာ ဘာအခက်အခဲမှ မရှိခဲ့တာပါ။

မီနီဆိုးတား မေပယ်ဝုရဲ့ဆောင်းကတော့ စနိုးလှလှလေးတွေကို မပျင်းမရိ လမ်းပေါ်ကို ခြွေချနေတယ်။ သစ်ပင် အဆောက်အဦး လမ်းမဘေး ဘယ်နေရာကြည့်ကြည့် စနိုးလေးတွေ စုပုံနေတယ်။ အဲယားကွန်းမလိုဘဲ အေးမြတဲ့လေတွေနဲ့ လောကကို အလှဆင်နေကြတယ်။။ zero air pollution ပြည်နယ်မို့ အောက်ဆီဂျင်အပြည်အဝပါတဲ့အေးမြသန့် ရှင်းတဲ့
လေတွေတဝကြီးရှူရှိုတ်ခွင့်ရတဲ့အတွက်လဲ မိမိရဲ့ ကျေးဇူးရှင် ကုသိုလ်အကျိုးဆောင်များ အားလုံးကို ကျေးဇူးတင်ရပါတယ်။

Zero Air Pollution ပြည်နယ်


မြန်မာပြည်လောက်ရှိတဲ့ပြည်နယ် တခုလုံးမှာ လူဦးရေ ၅သန်းဘဲနေထိုင်ကြတာမို့ လဲ လူနေကြဲပြီး အထူးသန့့် ရှင်းလှပသာယာတဲ့ပြည်နယ်တခုလို့ ဆိုရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိ လူ့တာဝန်နဲ့ သဘာဝအလှကြွယ်တဲ့နေရာမှာ စစ်မှန်တဲ့ အလှတွေနဲ့ အနားသတ်ပေးနိုင်ရင်တော့.. ဘယ်သူပြိုင်လို့ လှပါတော့နိုင်လို့..ပြောရတော့မလိုလိုပါ။

တိုက်ဆိုင်တယ်ပဲ ပြောပြော မိမိရောက်တဲ့နေရာမှာပဲ အတူယှဉ်နွှဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးက အသင့်စောင့်ကြိုနေခဲ့တယ်. ဟဲပီး နယူး ရီးယားကို ဗုဒ္ဓဟောကြားတဲ့ မြတ်ပဋ္ဌာန်းနဲ့ဖွင့်ခွင့် ရမှာမို့ ၀၁-၀၁-၂၀၁၁ (၁၁၁၁)တစ်လေးလုံးနှစ်ဟာ မိမိအတွက်တော့ အမှတ်ရစရာ...

Sunday, December 26, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၅)

မုံရွာ ပုလဲကနေတဆင့် ပုံတောင် ပုံညာတောင်တန်းပြာကို ဖြတ်ကျော်ပြီး မိမိရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ ဂန့်ဂေါ ယောဒေသကို ပြန်လည်ရောက်ရှိခဲ့တယ်၊ ရောက်ပြီးနောက်ရက်မှာပဲ မိမိရဲ့ မိသားစုဝင်များနှင့်အတူ ၃၂ နှစ်ပြည့်မွေးနေ့အတွက် အုံ့တုံးတောင်တောရ ဓမ္မရိပ်သာမှာ ဆွမ်းကျွေးခဲ့တယ်။ မိမိရဲ့ ကိုရင်ငယ်ဘ၀ကို ဒီအုံ့တုံးတောင်တောရ ဓမ္မရိပ်သာမှာ စတင်ခဲ့သလို ရဟန်းခံတော့လဲ ဒီတောရလေးမှာပဲ ရဟန်းအဖြစ်ကို ရောက်ရှိခဲ့တယ်။ ငှက်ကလေးတွေရဲ့ တေးသီသံ သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းစိုညိုမှောင်နေတဲ့ တောရရိပ်သာလေးမှာ မြို့ပြရဲ့ အရိပ်အငွေ့တွေ မတွေ့ရပေမယ့် စိတ်ကိုအေးချမ်းစေတာတော့ အမှန်ပါ၊

အနာဂတ်အတွက် သေချာတဲ့ ကိုယ်ပိုင်အလုပ်တွေကို ဆန္ဒထက်သန်မယ်ဆိုရင် တကယ်ရယူနိုင်တဲ့ နေရာမြတ်တစ်ခုလို့လဲ ဆိုမယ်နိုင်မယ်ထင်ပါတယ်။

မွေးရပ်မြေကို ရောက်ပြီး တပတ်အကြာမှာတော့ အုံ့တုံးတောင်တောရ ဓမ္မရိပ်သာမှာ ဆယ်ရက်တရားစခန်း ဖွင့်လှစ်ပါတယ်၊ ဆရာရှင်က တရားပြ၊ မိမိက တရားဟောတာဝန်နဲ့ နောက်ပိုင်းကဏ္ဍ ယောဂီတွေကို ကျွေးဖို့ နေဖို့ စသည် တာဝန်ယူရပါတယ်၊ ပြန်တွေးလိုက်တိုင်း ကျေနပ်စရာကောင်းတဲ့ အတိတ်ရဲ့ခြေရာတွေပါ၊ တရားစခန်းပွဲ ပြီးသွားပြီးနောက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ပြီး မြေဇင်းတောရ ဆရာတော်ကြီးရဲ့ တရားအတွေ့အကြုံ သင်တန်းဆိုပြီး ဖွင့်လှစ်သင်ကြားပေးရပါတယ်၊ မြို့ပေါ်က စလိုက်တာ မိုင် ၂၀ ၀န်းကျင် ရွာတွေတော်တော်များများမှာ အလားတူ သင်တန်းတွေဖွင့်လှစ် သင်ါကြားပေးခဲ့တာ ၀ါတွင်းသုံးလ လုံးပဲဆိုပါတော့၊

ကြားထဲ အားတဲ့အချိန် နေ့လည်ပိုင်းတွေမှာ စေတနာပညာဗိမာန် ဘော်ဒါဆောင်မှ ကျောင်းသား ကျောင်းသူ ၁၂၀ ကျော်ကို ဗုဒ္ဓဘသာယဉ်ကျေးမှုသင်တန်း ဟောပြောပွဲလေးတွေ စီစဉ်ဟောပြောခဲ့တယ်၊ လာပို့ရွာ အ.လ.က ကျောင်းက ကျောင်းသား ကျောင်းသူ (၅၀၀)ကျော်၊ ဂန့်ဂေါမြို့ အ.ထ.က ကျောင်းမှာ ကျောင်းသား ကျောင်းသူ (၁၆၀၀) ကျော်ကို ကိုယ်ကျင့်တရား၊ ပရဟိတ၊ ကျေးဇူးသိမှုစတဲ့ အကြောင်းအရာတွေ အပြင် ရဟန်း သံဃာနဲ့ ဆက်ဆံပုံ စတာတွေကို ဟောပြောသင်ကြားခဲ့တယ်။

Holiday Dhamma School in Gangaw



ကလေးငယ်များ သီတင်းကျွတ်ကျောင်းပိတ်နေတဲ့အချိန်နဲ့ ကိုက်ပြီး Holiday Dhamma School ကို ဂန့်ဂေါမြို့ ဒက္ခိဏာရာမတောင်ကုန်းကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ကလေးငယ်ပေါင်း (၈၀၀)ကျော် တက်ရောက်သင်ယူခဲ့ကြတယ်။ ငါးရက်တိတိ ကျင်းပတဲ့ ဒီသင်တန်းလေးဟာ တကယ့်ကို ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်.. ကလေးများရဲ့ ယဉ်ကျေးမှုအကတွေလဲပါဝင် ဖျော်ဖြေစေခဲ့တယ်။ သစ္စဝေဒဂူ.က တီလုံးတွေနဲ့ စီစဉ်တဲ့ ယဉ်ကျေးလိမ်မာ ကဗျာလေးကလဲ ကလေးငယ်တို့ရဲ့ နှုတ်ခမ်းပေါ်ကို တက်ရောက်နေရာ ယူနိုင်ခဲ့ပါတယ်။

ကဆုန်းလပြည့် နေ့သောကြာ ဘုရားဖွားတဲ့ နေ့မြတ်ပါ၊
သက္ကရာဇ်မှာ ၆၈၊ သုဒ္ဓေါမင်း ဖ.စစ်။
မာယာဒေ၀ီ မွေးမယ်တော် ကပိလ၀တ် နေပြည်တော်
သာကီမျိုးနော် ထင်ရှားလှ နွယ်တော် ဂေါတမ။
သိဒ္ဓတ္ထတဲ့ မည်နာမံ ဆယ်ခြောက်နှစ်မှာ ထီးနန်းစံ
နှစ်ဆယ့်ကိုးမှန် တောထွက်သွား ခြောက်နှစ်ကျင့်တရား၊
သုံးဆယ့်ငါးနှစ် ပြည့်လေတုံ၊ တရာ့သုံးခုကြုံ
လပြည့်ကဆုန် ဗုဒ္ဓဟူး ဘုရားဖြစ်တဲ့နေ့အထူး၊
တရားဦးမြတ် ဓမ္မစက္ကေ ၀ါဆိုလပြည့် ဟော စနေ
သက်ရှစ်ဆယ်လေတိုင်အောင်ထိ သတ္တ၀ါအကျိုး သယ်ပိုး၏။
သောင်းတိုက်မှူးကြီး တို့မြတ်စွာ၊ ဘုံသုံးပါးလုံး ထင်ရှားပါ။
လူနတ်ဗြဟ္မာ လွန်ကျော်ကြား
ငါတို့ဘုရား၊ ဒို့ ဘုရား။ ငါတို့ဘုရား ဒို့ဘုရား… စတဲ့ တီးလုံးနဲ့တွဲထားတဲ့ ဗုဒ္ဓ၀င် ကဗျာလေးတွေဟာ ကလေးငယ်တို့နှလုံးသားထဲ စီးဝင်သွားခဲ့တယ်။

ထိခြင်းငါးပါးနဲ့ ရှိခိုးပုံကို သရုပ်ပြနေသည့် ကလေးငယ်များ

သရုပ်ဖော် ကပြနေသည့် ကလေးငယ်များ

သင်းတန်းပြီးချိန်တိုင်းမှာ တနေ့တမျိုး မရိုးရအောင် ကျွေးမွေးခဲ့ကြတယ်

Holiday Dhamma School ရဲ့ သင်္ခန်းစားများအဖြစ် ဘုရားခေါ်ပုံ၊ တရားခေါ်ပုံ၊ သံဃာခေါ်ပုံ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံ ကိုယ်ကျင့်တရား၊ လှချင်ရင် ဘုရားရှိခိုး၊ ဘုရားရှိခိုး ရတဲ့အကျိုး၊ လောင်းကစားခြင်းအပြစ်ခြောက်ပါး၊ ပျင်းရိခြင်း အပြစ်ခြောက်ပါး၊ ဘုရားလောင်းရဲ့ လောကအကျိုး(ပရဟိတ)ဆောင်ရွက်ပုံ၊ သတ္တ၀ါတွေကို သနားကြင်နာတတ်တဲ့ မြတ်စွာဘုရား၊ ကိုယ်ကျင့်တရားကောင်းမှ လူရာဝင်... စတဲ့ ဇာတ်နိပါတ်တော်လာ အကြောင်းအရာလေးတွေကို ပုံပြင်လိုပြောပြ၊ တီးလုံး အကနဲ့တွဲဖက်ပြီး သရုပ်ဖော်. လက်ခုပ်တီးပြီး လိုက်ဆို..စတာတွေဟာ ဓမ္မစကူးလ်ရဲ့ သွေးကြောများအဖြစ် လည်ပတ်ခဲ့ပါတယ်။ Dhamma School ရဲ့ Moto ကတော့ ကိုယ့်ဘာသာ ကိုယ့်သာသနာကိုချစ်ရင် မျိုးဆက်သစ် ရင်သွေးငယ်များကို ချစ်ပါ..ဟူသတည်း။

Wednesday, December 22, 2010

၂၀၁၀နဲ့ ပုံရိပ်ဟောင်းများ (၄)

မင်းကွန်းတိပိဋက ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့၍တည်ထားသည့် မင်းကွန်းတိပိဋကလွမ်းစေတီ
မြသိမ်းတန်စေတီတော်ပေါ်မှ လှမ်းမြော်ဖူးမြင်ရသည့် မင်းကွန်းပုထိုးတော်ကြီး

မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ မော်တော်နဲ့ ၁ နာရီခန့်သွားလိုက်ရင် ပရိယတ္တိ သာသနာ့အာဇာနည် သူရဲကောင်းများ စုဝေးရာ မင်းကွန်းရွာကို ရောက်သွားပါတယ်၊ ဖုန်တထောင်းထောင်းနဲ့ တမာရနံ့သင်းနေတဲ့ ဒီနေရာလေးဟာ ဘကြီးတော်မင်းတရားတို့ တည်ထားခဲ့တဲ့ ပုထိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်းတွေ တည်ရှိပါတယ်။ တမာရနံ့တသင်းသင်းနဲ့ ဖုန်တထောင်းထောင်းထ နေတဲ့ ဒီနေရာလေးမှာ သူတော်စဉ်ကြီးတွေ ပျော်မွေ့နှစ်ခြိုက်စွာ သီတင်းသုံးတော်မူနေကြတယ်။

သူတော်စဉ်ဆိုတာ ဒီလိုနေရာလေးတွေကို ရွေးချယ်နေထိုင်ကြပါတယ်။ မင်းကွန်းဆရာတော်ကြီးလောင်းလျာကို ဒီနေရာလေးပို့တဲ့နေ့က..ကိုရင်ဝိစိတ္တ.ဒီလောက်ခေါင်တဲ့နေရာ ရောက်လာတာ မပျင်းဘူးလားလို့ ဆရာဖြစ်သူက မေးတော့.. မှန်ပါ့ဘုရား.ဘုရားတပည့်တော်ကို နတ်များက ဒီနေရာကို ပို့လိုက်တယ်လို့ ထင်ပါတယ်ဘုရား..တဲ့။ သူတော်ကောင်းဓာတ်ခံ ပြည့်ဝတော်မူတဲ့ ဆရာတော်ကြီးရဲ့ နှလုံးသွင်းပါတကား။
မင်းဖြူမှန်မှန်ပြောရဲ့ေ၇ှ့မှာ မှန်မှန်ကန်ကန် တိပိဋကစာမေးပွဲဝင် သူငယ်ချင်းများနှင့်အတူ
ပုထိုးတော်ကြီးပေါ်မှ ဖူးမြင်ရသည့် မြသိန်းတန်စေတီတော်။

တိပိဋက စာမေးပွဲဝင်ရောက်ဖြေဆိုနေတဲ့ သူငယ်ချင်းတွေနဲ့ မင်းကွန်းတ၀ိုက် လှည့်လည်ခဲ့တယ်။ အရင်ကတော့ နွားလည်းလေးပေါ်တက်ပြီး လှည့်လည်ခဲ့ရတဲ့ မင်းကွန်းမှာ အခုတော့ သုံးဘီးတပ် မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်နေကြပါပြီ။ ဗုဒ္ဓကတော့ တောင်ဝှန်းအရပ် မြေမညီညာတဲ့ အ၇ပ်ဖြစ်ဖြစ်၊ တောအရပ်ဖြစ်ဖြစ် သူတော်စဉ်တို့နေတဲ့နေရာဟာ ပျော်စရာ မြေမြတ်ဖြစ်တယ်လို့ မိန့်တော်မူပါတယ်။ ဟုတ်ပါတယ်..လူတို့ရဲ့ အတွင်းဓာတ်ခံက ဓာတ်ကောင်းတွေဟာ အနီးနားပတ်ဝန်းကျင်ရော တကမ္ဘာလုံးပါ ငြိမ်းချမ်းမှုဖြစ်စေခဲ့တယ်ဆိုတာ မင်းကွန်းတိပိဋကဆရာတော်ကြီးလို သူတော်စဉ်များက သက်သေပြခဲ့ပြီ မဟုတ်လား။

မင်းကွန်းမှာ တနေကုန်နေပြီး ပြန်လာခဲ့တယ်.အပြန်လမ်းမှာတော့ သူငယ်ချင်းတစ်ပါးပြောတဲ့..လယ်တီိဆရာတော်ကြီးက သက်တော်(၃၀)ကျော်မှာ တောထွက်ခဲ့တယ်၊ မြေဇင်းဆရာတော်ကြီးလဲ ဒီလိုပဲ (၃၀)ကျော်မှာ တောထွက်ခဲ့တယ်၊ မင်းတို့ ငါတို့ အခုဆိုရင် (၃၀)ကျော်လို့ ၂ နှစ် ၃ နှစ်စွန်းနေကြပြီတဲ့၊ တွေးစရာ လက်ခံနိုင်စရာ အနာဂတ်အိပ်မက်များပါပေ။ သက်ရှိ သက်မဲ့ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေက လူသားတို့ရဲ့ အတွင်းစိတ်ကို ကောင်းကောင်းကြီး ပြောင်းလဲပစ်နိုင်တယ်ဆိုတာ အငြင်း
ပွားစရာမရှိပါဘူး။ ပတ်ဝန်ကျင်ကောင်းကို စိတ်ကောင်းနှလုံးကောင်းနဲ့ ရှာဖွေရင်း အဓိက သာမညခွဲနိုင်အောင် ကြိုးစားရမှာကတော့........

Monday, December 20, 2010

၂၀၁၀နဲ့ ပုံရိပ်ဟောင်းများ (၃)

မန္တလေးဆိုတာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်လို့ တင်စားပြောကြတယ်၊ ဒီမန္တလေးမှာပဲ မိမိရဲ့ စာသင်သား ဘ၀ကို စတင်ခဲ့တယ်၊ အဲဒီအချိန်တုန်းက မိမိအသက် ၁၃ နှစ်ပြည့်လုလုအချိန်၊ မစိုးရိမ်တိုက်သစ်ရဲ့ နောက်နားက ၀ိဇ္ဇာလင်္ကာရကျောင်းမှာ မိမိရဲ့ စာသင်သားဘ၀ကို စတင်ခဲ့တယ်။လောကဓံဆိုတာကို စတင်ရိပ်စား မိလာတဲ့အချိန်ပေါ့၊ နွေးထွေးလှတဲ့ မိသားစု ရင်ခွင်ကနေ စတင်ထွက်ခွါခဲ့ချိန်၊ ဥာဏ်စမ်းချင် ဆန်းတက် ကံစမ်းချင်မန်းတက်လို့ ဆိုကြသကိုး၊

သံဃာအရေအတွက်နဲ့ မြို့ခံ ဒကာ ဒကာမ အင်အားက မမျှလောက်အောင် သံဃာတွေကပေါတော့ မျှတတဲ့ ဆွမ်းရဖို့ ကြိုးစားရတော့တာပါပဲ၊ စ.ဓ.ဗ.၀. လို့လဲ ပြောကြလေရဲ့၊(စ..စောစောထ၊ ဓ…ဓုန်းပြေး …ဗ..ဗုံလောင်းတိုး .၀..၀အောင်စားတဲ့)၊ မိမိလဲ စ.ဓ.ဗ.၀ ထဲမှာ ပါခဲ့တယ်။ ဆွမ်းခံထွက်ခါနီး ကိုရင်ကြီးတွေက ဆွမ်းဟင်းခွက်တွေထဲမှာ (မိမိ မသိအောင်) စာတွေရေးထည့်ပေးတတ်တယ်..(ဤကိုရင် အစားကြီးသည် ဆွမ်းများများ လောင်းပါ)ဆိုတာမျိုးတွေ ရေးထည့်ပေးကြတယ်.။ကာယကံရှင်ကလဲ မသိလေတော့ ဆွမ်းလောင်းဖို့ ဆွမ်းဟင်းခွက်ကို ကိုင်မှ ရှက်ရတာမျိုးတွေပေါ့။
ပြန်တွေးကြည့်ရင် သတိရစရာ ပျော်စရာအဖြစ်အပျက်ကလေးတွေပါ၊ ပြန်မရနိုင်တော့တဲ့ ငယ်ဖြစ်ပျက်များတည်း။

အနောက်ပြင်မှာ ၁ နှစ်နေပြီးတော့ အရှေ့ပြင် မဟာမြိုင်ကျောင်းတိုက်ကို ရောက်သွားတယ်၊ စာသင်တိုက်ထုံးစံအတိုင်း မနက်ပိုင်း အာရုံဆွမ်းကို ပဲပြုတ်နဲ့ ငံပြာရည် ကျဲကျဲလေးကျွေးတယ်၊ ကျောင်းဘေးနားက ဂွေးတောက်စင်တွေ ပေါ်တက်ပြီး ဂွေးတောက်ရွက်ကို ရေနွေးနဲ့စိမ်ပြီး စားခဲ့ရတဲ့ ပုံရိပ်တွေကို ပြန်ပြီး သတိရနေတယ်။ အဲဒီမှာပဲ မနက်ဖြန်တို့နဲ့ ဆုံဖြစ်ခဲ့တာ။ လူသေးသလောက် ခပ်ထက်ထက် လှုပ်ရှားတတ်တဲ့သူ။ အခုတော့ အမေရိကားမှာ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်နေချေပြီ။

ဗုဒ္ဓဂယာမှာ ဆုံတွေ့ခဲ့သည့် အမေရိကား ကျောင်းထိုင်ဆရာတော်ကြီး ဦးမနက်ဖြန်နှင့် အတူ

နှစ်တွေပြောင်းခဲ့ပေမယ့် မန္တလေးမြို့ကြီးကတော့ သိပ်မပြောင်းလဲသေးဘူး..ဆိုတာ သတိထားမိခဲ့တယ်။မန္တလေးယဉ်ကျေးမှု မန္တလေးမြို့ပြ ဘာမှသိပ်မပြောင်းလဲဘူးလို့ ပြောနိုင်တယ်။ ဆယ်စုနှစ် ၂ခုက အပြုံးတွေ အရောင်မခြယ် ပုံမှန်အတိုင်းပါပဲ၊
နောက်နေ့ဆိုရင် မိမိရဲ့ မွေးနေ့၊ မန္တလေးကို ရောက်ခိုက် မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရယ် စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေရယ်.သူတို့ကိုပင့်ပြီး အိုရီယန်တယ်ဟောက်စ်မှာ ဆွမ်းကျွေးဖြစ်တယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ပုံဖော်ရင်းပေါ့။
အိုရီယမ်တယ်လ်ဟောက်စ်သို့ မိမိမွေးနေ့ပွဲသို့ ကြွလာသည့် သူငယ်ချင်းများ

ခေတ်သစ် ကမ္ဘာကြီးထဲမှာ ပရိယတ္တိကို ခုံမင်မြတ်နိုးစွာကြိုးစားနေတဲ့ သူငယ်ချင်းတွေကို ကြည်ညိုလေးစားမိတာတော့ အမှန်ပဲ။ တချို့က ကျောင်းထိုင်ဆရာတော်တွေဖြစ်လို့၊ တချို့က သ.စ.အ စာချဘုန်းတော်ကြီးတွေဖြစ်လို့၊တချို့က ပိဋကတ်တစ်ပုံအောင်တွေ။ နောက်တန်းခံတပ် ပရိယတ္တိ သာသနာအတွက် အားကိုးရမယ့် သာသနာ့ သူရဲကောင်း သူငယ်ချင်းများပေပ။ ရှေ့တန်းမှာ အစွမ်းပြချင်ရင် နောက်တန်းကလဲ ခိုင်လုံရမယ် မဟုတ်လား၊

မန္တလေးရောက်တုန်း ဘာမှ မယ်မယ်ရရ ပြောစရာ လုပ်စရာမရှိဘဲ မြို့တပတ် ကားနဲ့ပတ်ပြီး လှည့်ကြည့်ခဲ့သေးတယ်၊(အဲလို သွားရတာကို..က ၀ါသနာဖြစ်နေတာကိုး)။ နောက်တနေ့ သူငယ်ချင်းတွေကိုခေါ်ပြီး ပြင်ဦးလွင်(မေမြို့)ကို သွားခဲ့တယ်။ ပိတ်ချင်းမြောင် မဟာအံ့ထူးကံသာ ကန်တော်ကြီးတွေကိုလဲ ရောက်ဖြစ်ခဲ့တယ်။ မေမြို့ ကားလမ်းဘေးက ဒိုးပင်စံပြ ပရဟိတကျောင်းကိုလဲ လေ့လာခဲ့သေးတယ်။ ကလေးငယ်တွေ ငါးရာကျော်၊ တိုင်းရင်းသားများစွာနဲ့ မငြီးမညူ ပရဟိတ လုပ်နေတဲ့ ဆရာတော်ကိုမြင်ရတာ တကယ့်ကို လေးစားစရာပါ။
ပြင်ဦးလွင် ဒိုးပင်စံပြ ပရဟိတကျောင်းမှာ တွေ့ခဲ့တဲ့ မိဘမဲ့ တိုင်းရင်းသားကလေးငယ်များ

ပိတ်ချင်းမြောင် လှိုင်ဂူအ၀င်ဝ

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်

စေတနာနဲ့ ဘ၀ ဟန်ချက်ညီအောင် ပေါင်းစပ်ပြီး ပုံဖော်နေတဲ့ဆရာတော် တစ်ပါးပေပဲ၊ ကိုရင်ငယ်လေးတွေကို တွေ့လို့..ကိုရင်ဘွဲ့ ဘယ်လိုခေါ်လဲလို့ မေးကြည့်တော့.. အမေ မရှိ..တဲ့။ မြန်မာစကားကို မပြောတတ်တဲ့ တိုင်းရင်းသား ကိုရင်လေးရဲ့ စကားက ..မိမိရဲ့အတွေးတွေကို ရှည်လျားစေခဲ့ပါတော့တယ်။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်တိုင်းရင်းသားတွေကို တတ်နိုင်တဲ့ဖက်က ဖေးမကူညီကြရပါလိမ့်မယ်။ နိုင်ငံခြားမှာနေပြီး အပြောလေးလောက်နဲ့တင် ကျေနပ်နေရင်တော့ မိမိတို့ရဲ့ သမိုင်းဟာ ဆယ်စုနှစ်လေးတစ်ခုအတွင်းမှာ ရိုးရိုးလေး ပျောက်ကွယ်သွားမှာ အငြင်းပွားစရာ မရှိပါဘူး။
ဘွဲ့ဘယ်လိုခေါ်လဲလို့မေးတော့...အမေ မရှိဆိုတဲ့ မြန်မာစကားတခွန်းသာ ပြောတတ်သည့် ကိုရင်လေးများ

မေမြို့မှာ ရှိနေကြတဲ့ ရဟန်းဒကာ ဒကာမတွေကို နှုတ်ဆက်ပြီး ညပိုင်းမှာ ပြင်ဦးလွင်ကနေ မန္တလေးကို ပြန်ရောက်လာတယ်။ပြင်ဦးလွင်အပြန်လမ်းရဲ့ ပဲ့တင်သံကတော့.......................။ ။

Sunday, December 19, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၂)

ကျိုက်ထိုးရိုးစေတီတော်
ဂျပန်စစ်သင်းချိုင်း
ဟံသာဝတီ ဘကကျောင်းရှိ ကလေးငယ်များနှင့် ဆရာ ဆရာမများ

သံဖြူဇရပ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို လေ့လာပြီး နောက်ရက်မှာတော့ ဓမ္မာရမာတောရ စာသင်တိုက်က စာသင်သား သံဃာတွေကို မွေးနေ့အလှူအဖြစ် ဆွမ်းဆက်ကပ်ဖြစ်တယ်၊ သံဖြူဇရပ်မှာ ဂျပန်ဘုရား၊ ဂျပန် စစ်သင်းချိုင်းနဲ့ အင်ကြင်းတောင်တောရ နေရာတွေကို လေ့လာပြီး မုံဒုံ မော်လမြိုင်ကတဆင့် ရန်ကုန်ကို ပြန်ရောက်ခဲ့တယ်။
ရန်ကုန်ပြန်ရောက်တော့ မိမိတို့ ရက်ခြောက်ဆယ် အားထုတ်ရတဲ့ တရားထိုင်နည်းကို ဆယ်ရက်နဲ့သင်ပေးတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်ဆိုလို့ စိတ်ဝင်စားသွားတယ်၊

ဆရာကြီးရဲ့ နာမည်က ဦးစောသာယံ.တဲ့၊ ကန္နီဆရာတော်ကြီးရဲ့ တပည့် အရှင်ထေရတိဿ(သံသာရမဂ္ဂပါရဂူကျမ်းပြု) နဲ့ တရားအတူ ကျင့်ခဲ့ကြ တယ်။ လက်ရှိဆရာကြီးနေတဲ့ နေရာက မြောက် ဥက္ကလာ ဂုံကျော်တံတားအနီးမှာပါ၊ လက်ထောက် တရားပြဆရာက ဦးသန်းအောင်၊ သူကတော့ ရွှေတောင်ကြားမှာ နေတယ်။ တရားစခန်းကိုတော့ ရွှေတောင်ကြားမှာ ရှိတဲ့ ဒကာဦးသန်းအောင်ရဲ့ နေအိမ်မှာ ကျင်းပတယ်။ ရှာဖွေလို့ရသမျှ ပစ္စည်းကို ဓမ္မအတွက် အသုံးချနေတဲ့ ရိုးသားဖြူစင်တဲ့ ဒကာ ဒကာမတွေပါ၊ နယ်တကာလှည့်လည်ပြီးလဲ တရားပြတယ်။ တရားလဲပေး အစာလဲကျွေးပြီး ကိုယ်အား ဥာဏ်အား ပစ္စည်းအားတွေနဲ့ လောကကို အလှဆင်နေကြတယ်၊ အံ့ဩဖွယ် သဒ္ဓါတရားပိုင်ရှင်များပါ။
တရားပြဆရာ ဦးစောသာယံ၊ဦးသန်းအောင်တို့နှင့်အတူ ရွှေတောင်ကြားတရားစခန်း ယောဂီအချို့

ရွှေတောင်ကြားတရားစခန်း (၁၀) ပြီးတော့ ပိုင်းလော့ဆရာတော်ကြီးရဲ့ ငါးရက်တရားစခန်းကို ၀င်ဖြစ်တယ်။ သူ့နည်း သူ့ဟန်နဲ့ တရားတော်တွေကို လွယ်ကူအောင် ဟောပြော ပြသနိုင်တဲ့ဆရာတော်တစ်ပါးပါ၊ ဆရာတော်ရဲ့ အဆုံးအမ လမ်းညွှန်ချက် တွေထဲက အရမ်းသဘောကျခဲ့ စကားလုံးတွေကတော့.. အ၀ိဇ္ဇာ.ဆိုတာ စိတ်ရဲ့အမှောင်၊ ပညာ..၀ိဇ္ဇာဆိုတာ စိတ်ရဲ့အလင်းဆိုတဲ့ စကားတွေပါ၊ လက်တွေ့တရား အားထုတ်တဲ့နေရာမှာ အသုံးဝင်လှပါတယ်။

ပြီးတော့ ချမ်းသာချင်ရင် အတင်းမပြောနဲ့၊ နိဗ္ဗာန်လိုချင်ရင် အတင်းမပြောနဲ့ဆိုတဲ့ အဆုံးအမကိုလဲ သဘောကျမိတယ်၊(ဘုရားဟောတဲ့ တရားတော်မှာတော့.. ပရ၀ဇ္ဈာနုပဿိဿ နိစ္စံ ဥစ္ဇျာန သညိနော၊ အာသ၀ါ တဿ ၀န္တိ(၀ဋ်ဍန္တိ) ၊အာရာသော အာသ၀က္ခယံ။ ဆိုတဲ့ ဒေသနာကို နားလည်အောင် ဆုံးမတော်မူတာဖြစ်ပါတယ်။ ပိုင်းလော့ဆရာတော်ကြီးထံမှာ တရားစခန်းဝင်ပြီးတော့ ဂျူး ပူ တင်တို့ရဲ့ စံနန်းတော် နေပြည်တော်ကို သွားရောက်ခဲ့တယ်။ နေပြည်တော်မှာ ငါးရက်လောက် အနားယူပြီး ရွှေမန္တလေးကို ရောက်လာခဲ့တယ်။

ဆက်ပါအုံးမည်။

Saturday, December 18, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ…

( ဒီစာမျက်နှာနဲ့ ဝေးနေခဲ့တာ တော်တော်ကြာပါပြီ၊ တတောဝင် တတောထွက်နဲ့ တောဘုန်းကြီးလေးဖြစ်နေခဲ့ရတော့ အင်တာနက်ဆိုတာ ကြားဖူးရုံပါပဲ။ အခုမှပဲ မနက်တာကြာပြီဖြစ်တဲ့ အင်တာနက်ဆိုတာကို စပြီး နက်ဖြစ်ပါတော့တယ်။ မိမိစာမျက်နှာကို ပုံမှန်လာရောက်ခဲကြတဲ့ ဓမ္မမိတ်ဆွေများကိုလဲ ကျေးဇူးအထူးတင်ပါတယ်။)

၂၀၁၀ မေလ (၁၉)ရက်နေ့က စလို့ သီရိလင်္ကာကနေ စတင်ထွက်ခွါခဲ့တယ်။ စင်္ကာပူ မလေး အိန္ဒိယ ထိုင်း ကမ္ဘောဒီးယား နိုင်ငံတွေကိုသွားပြီး ဧပြီ (၂၄)မှာ မြန်မာကို ပြန်ရောက်ခဲ့တယ်။
(ထိုင်းခရီးစဉ်အတွက် ရွာဦးကျောင်းဆရာတော်နဲ့ မယမင်းတို့က အစစ အရာရာ ကူညီပေးပြီး ကမ္ဘောဒီးယား ခရီးစဉ်အတွက် စည်သူ--နန်းနန်း တို့က လိုလေသေးမရှိ ကူညီပေးခဲ့ကြတယ်၊ ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ ပြောပါရစေ) ရန်ကုန်လေဆိပ်ရောက်လို့ လက်ချိုးရေတွက် ကြည့်လိုက်တဲ့အချိန်မှာ ရန်ကုန်ကနေ ထွက်ခဲ့တာ (၃) နှစ်တင်းတင်း ပြည့်တဲ့နေ့ဖြစ်နေတယ်။

ရန်ကုန်ကတော့ မီနီမားကတ်ကြီးတွေ တိုးတက်နေတယ်။ လမ်းတွေလဲ မဆိုစလောက် တိုးတက်လာတယ်။ မီးပျက်နေဆဲ၊ ဓာတ်ဆီကား တွေတန်းစီနေရဆဲ၊ မီတာ တက္ကစီတွေ နာမည်ခံ သက်သက်ပါပဲ။ အရင်ကလိုပဲ တောင်းနေကြတုန်း။ လူငယ်တွေ ကိုယ့်ကျင့်တရား အားနည်းနေတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ လမ်းပျောက်တဲ့ လူငယ်တော်တော်များများကိုလဲ တွေ့နေရတယ်။ တိုင်းပြည်အတွက် ၀မ်းနည်းစရာလို့ ပြောနိုင်မယ်ထင်တယ်။ လူငယ်တချို့ကတော့ ပြည်ပထွက်ဖို့ ကြိုးစားကြရင်း သူတို့ဘ၀အတွက် တိုးတက်ဖို့ အခွင့်အလမ်းတွေကို ကြိုးစားရှာဖွေနေကြတယ်။ တချို့အသိုင်းအ၀ိုင်းကတော့ လူကွယ်ရာမှာ တကယ့်ကို တရားရှာနေကြတယ်။ နာမည်ကြီးဖို့ လူကြားကောင်းဖို့ လူအများ လေးစာခံရဖို့ဆိုတဲ့ စိတ်မရှိဘဲ ရိုးရိုးသားသား တရားအလုပ်ကို ကြိုးစားနေကြတဲ့ လူတစ်စုကိုလဲ တွေ့ခဲ့တယ်

ရန်ကုန်ရောက်တဲ့နေ့မှာပဲ ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော်နဲ့ ဆူးလေစေတီတော်တွေကို ဖူးမြော်ခဲ့တယ်။ အားလုံးပုံမှန်ပါပဲ။ လာသမျှလူတွေကို အငြိမ်းဓာတ်တွေ ဖြန့်ဝေနေဆဲပါ။( စိတ်ထဲရှိတဲ့အတိုင်း ပြောရရင်တော့ မြန်မာပြည်ရဲ့ အထင်ကရ ဆူးလေစေတီတော်မှာ နတ်ကွန်း နတ်နန်းတွေ ဆောက်ထားတာကိုတော့ သဘောမကျမိခဲ့တာ အမှန်ပါ။ (နောက်ထပ်တည်ထားတဲ့ နေပြည်တော်က စေတီတွေမှာ အဲဒါမျိုးတွေ မတွေ့ရဘူး၊
ဒါလေးတော့ သဘောကျမိတယ်)

ရန်ကုန်ကနေ ကျိုက်ထီးရိုးစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့တယ်။ ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ရတော့ စိတ်ထဲမှာ ကြည်နူးနေတယ်။ ဘယ်နေရာရောက်ရောက် ဘုရားကိုယ်ပွား စေတီ ရုပ်ပွားတွေကတော့ လူသားအားလုံးကို တပြေးညီ ငြိမ်းချမ်းမှုတွေ ပေးနေတယ်။ ထူးထူးခြားခြား ကျိုက်ထီးရိုးမှာ သတိထားမိတာ တစ်ခုကတော့ အရင်က ဘုရားလာသူတွေ အခမဲ့တည်းခိုနိုင်တဲ့ ဓမ္မာရုံတွေက Guest House တွေဖြစ်နေတယ်။ တခန်းကို တည တစ်သောင်း တစ်သောင်းခွဲပေးရတယ်။ Guest House တွေရဲ့ အ၀င်ဝမှာ သိန်း ၂၉၀ ဖြင့် လေလံဆွဲထားပါသည် ဆိုတဲ့ စာတန်းတွေလဲ တွေ့ခဲ့ရတယ်။ ဘုရားရော ဘုရားဓမ္မာရုံပါ မကျန် လေလံပေးပြီး ရောင်းစားနေကြသလားလို့ တွေးနေခဲ့တယ်၊(သေချာတော့ မသိပါဘူး)။

အဲဒီကတဆင့် မော်လမြိုင်၊ မုဒုံ သံဖြူဇရပ် ကျိုက်ထိုမြို့တွေကို ခရီးဆက်ခဲ့တယ်။ ကျိုက်ခမီရေလည်ဘုရား နဲ့ စက်စဲကမ်းခြေတွေကိုလည်း ရောက်ခဲ့သေးတယ်။ မွန်ပြည်နယ်တ၀ိုက်မှာတော့ ရိုးသားတဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေကို မြင်တွေ့နေရဆဲပါ၊ ဦးဇင်း ဘာလေးကတော့ ၀ယ်မထိဘူး(၀ယ်မရဘူး)၊ ဘယ်နေရာကို သွားမထိဘူး(သွားမရဘူး)..စသည်ဖြင့် ပြုလုပ်လို့မရတဲ့နေရာတွေမှာ မထိဘူး မထိဘူးနဲ့ ထည့်ပြောတတ်တဲ့ မွန်တို့ရိုးရာ ရာမညဓလေ့ကိုတွေ့ရတော့ စိတ်ကြည်နူးမိတာတော့ အမှန်ပါ၊

သံဖြူဇရပ်ကို ရောက်တုန်း ဟံသာဝတီဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလဲ သွားရောက်လေ့လာခဲ့သေးတယ်. ကလေးငယ် ကိုးဆယ်ကျော် ဆရာ ဆရာမ ၂၀ ကျော်နဲ့ တပိုင်တနိုင် ပရဟိတလုပ်နေကြတာ၊တကယ့်ကို အားကျ ကြည်ညိုစရာပါ။(မေတ္တာရှင် ရွှေပြည်သာမှ ဟံသာဝတီ ဘက ကျောင်းက ဆရာ ဆရာမများအတွက် လစာငွေ ပုံမှန်ထောက်ပံ့ပေးပါတယ်။) လေ ပရဟိတ သမားများနဲ့ နှိုင်းစာရင် လက်တွေ့ကျတဲ့ ပရဟိတသမားများကို ဦးညွတ် ဂုဏ်ပြုကြိုဆိုရမယ်မဟုတ်လား၊ မိမိနဲ့ ဂျူး ပူ တင်တို့အဖွဲ့က တရက်စာ ဆွမ်းအလှူငွေ လှူဖြစ်ခဲ့ပါသေးတယ်။ အောက်မြန်မာပြည် ခရီးစဉ်မှာ ဖ၀ါးနောက်က မခွါလိုက်ပါခဲ့ကြသူတွေကတော့ ဂျူး ပူ တင် တို့ သုံးယောက်ပါ။


ဆက်ပါအုံးမည်…

Sunday, February 28, 2010

ဆိဂီရိယ

မဟိန္တလေကနေ ညနေ လေးနာရီကျော်လောက် ထွက်ခဲ့ကြတယ်၊ ဆိဂီရိယနဲ့ မဟိန္တလေက လေးဆယ့်ငါးမိနစ်လောက် ကားမောင်းသွားရတယ်၊ ဆိဂီရိယတောင်ကို မြင်တော့ တက်နိုင်ပါ့မလား ဆိုတဲ့ သံသယက ၀င်လာခဲ့တယ်၊ ဆိဂီရိယတောင်ခြေကို မကြာခဏရောက်ဖူးတယ်၊ တောင်ကိုမြင်ပြီး မတက်နိုင်မှာ စိုးလို့ တခါမှ မတက်ဖြစ်ခဲ့ဘူး၊

စိတ်ဝင်စားစာ ကောင်းမှန်းလဲ သိပါရဲ့။. မိမိတို့တက္ကသိုလ် Lecture တွေမှာ ဆိဂီရိယတောင်က ကမ္ဘာကျော် Painting တွေအကြောင်း သင်ယူရတယ်. သီရိလင်္ကာရောက်ဖူးသူတချို့ကတော့ ဆိဂီရိယတောင်ရဲ့ လွမ်းမောဖွယ်တွေကို ပြန်ရေးကြတယ်. သမိုင်းမှတ်တမ်းတွေမှာလဲ ဆိဂီရိယတောင်အကြောင်း မှတ်တမ်းတင်တာကို ဖတ်ခဲ့ဖူးတယ်။

Friday, February 26, 2010

ယခင်နဲ့ ယခု

အရင်တုန်းက ဒီနေရာကို မြတ်စွာဘုရားရှင် ကြွရောက်ဖူးတယ်၊ ယခင်က ဒီနေရာကို ရဟန္တာအရှင်မြတ်(၇)ပါး ကြွရောက်ပြီး တရားရေအေး တိုက်ကျွေးခဲ့ဖူးတယ်၊ အရင်က အသောကမင်းကြီးရဲ့ သမီးတော် သင်္ဃမိတ္တာ ရဟန္တာထေရီမ ဘုရားပွင့်တဲ့ဗောဓိပင် တောင်ဖက်ကိုင်းကို သယ်ဆောင်လာခဲ့ဖူးတယ်။ တချိန်က ဒီနေရာဟာ မြေမြတ်မဟာ အဖြစ်ရှိခဲ့တယ်၊ ယခုအဲဒီနေရာမှာ သမိုင်းဝင် အထောက်အထား အဆောက်အဦးတွေကို တွေ့မြင်နိုင်တယ်၊
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်တုန်းက ဒီနေရာကို လူတိုင်းသွားလို့ မရခဲ့ဘူး၊ သူတို့တတွေ နယ်မြေခွဲထွက်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်နေခဲ့တယ်။ အခု ဒီနေရာလေးဟာ အစိုးရရဲ့ လက်အောက်ကို ပြန်လည်ရောက်ရှိလာပြီး နယ်မြေထူထောင်ရေးတွေ စတင်လုပ်ဆောင်နေတာ တွေ့ခဲ့ရတယ်၊

Monday, February 15, 2010

ဒီလိုဆိုရင်….

သီရိလင်္ကာကို ပြန်ရောက်ပြီး ဘယ်မှမရောက်ဖြစ်ဘူး၊ ဒီနေ့တော့ နာရီဝက်သာသာ ကားမောင်းရတဲ့ ကနိစေရကျောင်းကို ဒါနေးသွားရတယ်၊ သီရိလင်္ကာယဉ်ကျေးမှုအရ ဆွမ်းစားကို ဒါနေးလို့ခေါ်တာပါ၊
တနင်္ဂနွေနေ့ဖြစ်တာမို့ ကျောင်းထဲမှာ လူတွေစည်ကားနေတယ်၊ အထူးသဖြင့် တကျောင်းလုံး ကလေးငယ်တွေ အပြည့်ပါပဲ၊ သစ်ပင်အောက်မှာ ဇရပ်တွေပေါ်မှာ ခန်းမဆောင်တွေထဲမှာ ကလေးငယ်တွေကို တွေ့ရတယ်၊ ကလေးငယ်တွေကို ချစ်တတ်သူပီပီ သူတို့နဲ့ စကားပြောပြီး ဓာတ်ပုံရိုက်ခဲ့တယ်၊





သူတို့လေးတွေရဲ့ အသိစိတ်မှာ စနေ တနင်္ဂနွေနေ့ရောက်ရင် ဘုန်းတော်ကြီးကျောင်းတွေကိုသွားရမယ်ဆိုတဲ့ အသိလေးတွေ ကိုယ်စီရှိနေကြတယ်၊ ကျောင်းရောက်ရင် ဗုဒ္ဓ၀င် ဇာတ်နိပါတ် ယဉ်ကျေးမှုစတာတွေ သင်ယူရတာကိုလဲ ပျော်နေပုံရတယ်၊သူတို့မျက်နှာကတွေကြည့်ရတာ စိတ်ချမ်းသာစရာကောင်းတယ်၊ပြုံးလို့ ရွှင်လို့ တက်ကြွလို့။

တကယ့်ကို အတုယူလောက်တဲ့ မျိုးဆက်သစ်တွေကို အမွေပေးပုံပါပဲ၊ သီရိလင်္ကာတစ်နိုင်ငံလုံး အရွယ်ရောက်တဲ့ကလေးမှန်ရင် ဘုန်းတော်ကြီးမှာ ဘုရားစာ သင်ယူကြရတဲ့ အလေ့အထက အရှိန်တော်တော်ရနေပါပြီ၊ ဘာတွေသင်ပေးနေတာလဲ မေးကြည့်တော့ ဒီဃာဝါယေ၀ မဟန္တာ စတဲ့ မေတ္တာသုတ်အကြောင်း သင်နေတာပါတဲ့..ဘာတွေသင်ခဲ့ပြီးပြီလဲလို့ မေးကြည့်တော့ ဗုဒ္ဓ၀င် ဇာတ်နိပါတ်နဲ့ ဗုဒ္ဓဘာသာသမိုင်းတွေသင်ခဲ့ပြီးပါပြီတဲ့၊

အမိမြန်မာပြည်မှာတော့ စာသင် စာချတဲ့ ကိုရင် ဦးဇင်းတွေတောင် ဗုဒ္ဓ၀င်ဆိုတာကို သီးသန့် မသင်ယူခဲ့ရပါဘူး၊ ကိုယ်သိချင်လို့ ကိုယ်တိုင်ပြန်လေ့လာရတဲ့ အနေအထားမှာ ရှိပါတယ်။ အတန်းခွဲတွေအများကြီးမှာ ဆရာ ဆရာမတွေက စေတနာဝန်ထမ်းလုပ်ပြီး သင်ပေးနေကြတာပါ၊ အမျိုး ဘာသာ သာသနာကိုချစ်တယ်လို့ ပါးစပ်ကပဲ အော်နေမယ့်အစား လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ စနစ်တကျရေးဆွဲထားတဲ့ ဘာသာရေးအမွေပေးမှုတွေ လုပ်သင့်နေပြီဆိုတဲ့ စိတ်ကူးတွေလဲ တဖွားဖွား ပေါ်နေမိတယ်၊

ရွှေပြည်ကြီးမှာလဲ ကလေးငယ်များအတွက် ဓမ္မစကူးလ်သင်တန်းကျောင်းတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်း ဖွင့်ပေးရမယ်၊ ဓမ္မစကူးလ်ကျောင်းတွေ အတွက် သင်ရိုးညွှန်းတမ်းတွေကို ဗဟိုအဖွဲ့အစည်းက စနစ်တကျရေးဆွဲရမယ်၊ ဓမ္မာစရိယ အကြီးတန်းအောင်လက်မှတ်ရထားတဲ့ သံဃာတွေ လမ်းမပျောက်ဖို့အတွက် ဓမ္မစကူးလ်ကျောင်းတွေမှာ ဆရာအဖြစ်ခန့်ထားရမယ်၊

ငါးနှစ်ကနေ ဆယ့်ခြောက်နှစ်အထိ ကလေးငယ်တွေအတွက် သီးသန့်သင်ရိုးညွှန်းတမ်းတွေလုပ်ရမယ်၊ ဆယ့်ခြောက်နှစ်ကနေ အသက်လေးဆယ်အရွယ် လူကြီးတွေအတွက် သင်ရိုးညွှန်းတမ်းတစ်ခု လုပ်ပေးမယ်၊ လေးဆယ်ကနေ လေးဆယ်ကျော် လူကြီးတွေကို ဆရာအဖြစ်ပြန်ခန့်အပ်ပြီး သူတို့တတွေအတွက် အဆင့်မြင့် ဗုဒ္ဓစာပေတွေသင်ပေးမယ်၊

သံဃာတော်များအတွက် တောင်တန်းသာသနာပြုစင်တာတွေ ပြည်ပသာသနာပြုစင်တာတွေဖွင့်ပေးရမယ်၊ပရဟိတလုပ်ချင်တဲ့ သံဃာတော်များအတွက် management သင်တန်းတွေပေးမယ်၊ Public Relationship လုပ်တဲ့အခါမှာ ပြောတတ် ဟောတတ်အောင် စနစ်တကျသင်ပေးတဲ့ သင်တန်းကျောင်းတွေလဲ ထပ်ဖွင့်ပေးရအုံးမယ်၊

နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တဲ့ Sangha University တွေကို ထပ်ဖွင့်မယ်၊ သာသနာနောက်ပိုင်းမှာ သေချာပေါက်ပေါ်လာမယ့် သာသနာဖျက်များကို ကာကွယ်ဖို့ ဓမ္မ၀ါဒီ သံဃာအဖွဲ့အစည်းကို စနစ်တကျဖွဲ့စည်းထားမယ်၊(သူငယ်ချင်းတစ်ပါးပြောတာလေးကို သတိရမိတယ်။ ကိုယ့်လူရေ နောက်ပိုင်းမှာ စတန့်ထွင် ဓမ္မကထိကတွေက အနိစ္စ ဒုက္ခ အနတ္တကို ပြောင်းပြန်လုပ်ပြီး နိစ္စ သုခ အတ္တလို့ ဟောလာကြအုံးမယ်တဲ့. သတိပြုစရာ ကောင်းလေစွ)

အဲလိုအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးမယ့် သာသနာချစ်တဲ့ ဒကာ ဒကာမတွေကိုလဲ ထပ်ဖွဲ့စည်းရမယ်၊ သာသနာအရေးဆောင်ရွက်တဲ့အခါ ငွေကလဲ ရှိအုံးမှ ကိုး၊ ငွေရှိမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တာကလား၊ ဟုတ်တယ်လေ ကျန်းမာပါစေ ချမ်းသာပါစေလို့ ပါးစပ်မေတ္တာပဲ ပို့နေလို့မှ မလုံလောက်တာ၊လက်တွေ့ကျကျ အကူအညီပေးရင်း ဒုက္ခရောက်သူတွေကို ကယ်တင်ရမယ်၊

နောက်ထပ် ထူးထူးခြားခြား သင်တန်းလေးတစ်ခု လုပ်ချင်သေးတယ်၊ မုဒိတာပွားပုံသင်တန်းပါ၊ အောင်အောင်မြင်မြင် ကြိုးစားဆောင်ရွက်သူတွေကို မနှောင့်ယှက်ဘဲ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တတ်အောင် မုဒိတာသင်တန်းတွေလဲပေးရမယ်၊ အရှင်မောဂ္ဂလာန်မထေရ်မြတ်လို မဟုတ်တာလုပ်တဲ့သူတွေကို ဆွဲထုတ်ရဲတဲ့ ရဲရင့်တဲ့ သံဃာတွေကို ၀ိုင်းရံထားစေမယ်၊ ဒါမှ သာသနာရောင်ဝါလင်းပါတယ်လို့ ပြောနေကြ ဆိုနေကြအသံတွေကို လက်တွေ့နဲ့ ပေါင်းစပ်နိုင်မယ် မဟုတ်လား။

ကိုဝိမုတ္တိသုခရဲ့ ဒီလိုလေးဆိုရင် ကောင်းမလားလို့ဆိုတဲ့ ပို့စ်ကိုဆွေးနွေးရင်း ဒီနေ့ဓမ္မစကူးလ်သွားရင်းပေါ်လာတဲ့ အတွေးလေးတွေကိုချရေးကြည့်တာပါ၊ ဒီလိုလေးတွေဆိုရင် ကောင်းမယ်ထင်ပါရဲ့ပေါ့၊တကယ်တော့လဲ စိတ်ကူးယဉ်ဆိုတာ လက်တွေ့ဘ၀နဲ့တော့ ကွာနေတတ်ပါတယ်၊အေဘရာလင်ကွန်းပြောတဲ့ လုပ်နိုင်ပါတယ်မပြောနဲ့ လုပ်ပြလိုက်ပါဆိုတဲ့ စကားကလဲ နားထဲက မထွက်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါလေးတွေ ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ကောင်းမယ်ထင်ရဲ့။



ဓမ္မစကူးလ်သင်တန်းပြီးတော့ သီရိလင်္ကာ ကလေးငယ်တွေ စုပေါင်းတန်းစီပြီး ရွတ်ဆိုသွားတာက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ပါတဲ့။( မော်ဒန်အလိုအရတော့ တိဋ္ဌတု စိရံ ဗုဒ္ဓသာသနံ ပါ။ )

Wednesday, November 4, 2009

မနီလာ မှတ်တမ်း

သူငယ်ချင်းတွေနဲ့အတူ Philippine ကို လေ့လာရေး ခရီးသွားဖြစ်ပါတယ်၊ ကျွန်းငယ်လေးတွေ လေးထောင်ကျော်ရှိပြီး လှပတဲ့ ကမ်းခြေအလှတွေ အေဒီ ၁၅ရာစုက ဆောက်ထားတဲ့ ရှေးဟောင်း ဘုရားကျောင်းတွေ ခံတပ်တွေကလဲ နိုင်ငံခြားသားတွေအဖို့ စိတ်ဝင်စားစရာပါ၊

ဖီလစ်ပိုင်ကို သွားမယ်ဆိုရင် ဗီဇာယူစရာ မလိုပါဘူး၊ Immigration ကိုရောက်မှ Arrival Visa ထုပေးတာပါ၊ နေရာတိုင်းမှာ လွတ်လွတ် လပ်လပ်သွားနိုင်တယ်၊ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် မုန်တိုင်းတော့ မကြာခဏ ၀င်ပါတယ်၊ စာရေးသူတို့ မနီလာကို စရောက်တဲ့နေ့က တိုင်ဖုန်းမုန်တိုင်း ၀င်တာကို တွေ့ခဲ့ရတယ်၊ ဘ၀တစ်သက် မတွေ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုပါ၊ တိုင်ဖုန်းမုန်တိုင်းက ဆောင်းရာသီမှာကျတဲ့ နှင်းငွေ့တွေလို အရင်ထုတ်လွှတ်ပါတယ်၊ ပြီးတော့ မြွေအော်သံနဲ့တူတဲ့ အသံတွေ မြည်လာပါတယ်၊ တရွှီးရွှီးမြည်နေတဲ့ အသံတွေက တိုင်ဖုန်းအတွေ့အကြုံ မရှိသူတွေကို ကြောက်လန့်စေတာတော့ အမှန်ပါပဲ၊ ပြီးရင် လေတွေ မိုးတွေ ပြင်းပြင်းထန်ထန် ကျလာတော့တာပါ၊

ဒါကြောင့်မို့ ထင်ပါရဲ့ မနီလာမြို့ မြင်ကွင်းကလဲ သန့်ရှင်းမှု အားနည်းလှပါတယ်၊ သစ်ရွက်ခြောက်တွေ ရေအိုင်တွေ မနီလာမြို့ အနှံ့တွေ့နေရပါတယ်၊ မနီလာမြို့ပေါ်မှာ လိုင်းကားကောင်းတွေ မရှိသလောက်ပါပဲ၊ မနီလာက ထုတ်တဲ့ ဂျစ်ကားရှည်ကြီးတွေကို အမြတ်တနိုး လိုင်းကားပြေးဆွဲနေတာ တွေ့ရတယ်၊

မနီလာမြို့ပေါ်မှာ လေ့လာစရာတွေကတော့ အေဒီ ၁၅ရာစုက စပိန်လူမျိုးတွေ ဆောက်ထားခဲ့တဲ့ ရှေးဟောင်း Church ကျောင်းတွေ၊ မနီလာမြို့ မြောက်ပိုင်းက ခံတပ်တွေ၊ မနီလာကမ်းခြေနဲ့ မနီလာမြို့လယ်မှာရှိတဲ့ Museum City Hall စတာတွေဟာ လေ့လာသင့်တဲ့နေရာတွေပါ၊

မနီလာကနေ ၂ နာရီကျော် လေယဉ်စီးရတဲ့ စီဘူး ကမ်းခြေဟာလဲ နိုင်ငံခြားသားတွေ အများဆုံးသွားရောက်တဲ့နေရာပါ၊ မနီလာမြို့ခံတွေရဲ့ အဆိုအရ မနီလာထက် မနီလာပြင်ပက ပိုပြီးသာယာလှပတယ်လို့ ဆိုပါတယ်၊ မိမိတို့သူငယ်ချင်းတစ်စုကတော့ မနီလာမြို့အပြင်ဖက်တွေက မရောက်ဖြစ်ခဲ့ဘူး၊

စာရေးသူရဲ့ တစ်ဦးတည်းအမြင်အရတော့ မနီလာမြို့ပေါ်မှာ လူတွေအလုပ်လက်မဲ့များနေတာ တောင်းရမ်းနေတဲ့ကလေးငယ်များနေတာ စီးပွားရေး နလန်မထူနိုင်လို့ မျှော်လင့်ချက်မဲ့နေတာတွေ တွေ့မြင်ခဲ့ရသလို ကိုယ့်ကျင့်သိက္ခာရောင်းစားတဲ့ လူတွေလဲ ပေါများတယ်လို့ မြင်ပါတယ်၊

မြို့တွင်းနေရာတွေ ညစ်ပတ်နေတာတွေလဲ နေရာတိုင်းလိုလို တွေ့ခဲ့တယ်၊ ဒါက စာေ၇းသူတို့ သွားသလောက် မြင်သလောက်ကိုသာ ပြောပြနိုင်တာပါ၊ စိတ်ထဲမှာတော့ ရန်ကုန်လောက် သန့်ရှင်းမှု မရှိဘူးလို့ ခံစားခဲ့ရတယ်၊ ဟိုတယ်ခ စားသောက်စရိတ်စတာတွေကတော့ ဈေးကြီးတယ်လို့ မဆိုနိုင်ပါဘူး၊ တညတာ ဟိုတယ်တည်းခိုစရိတ် ဒေါ်လာ ၄၀ ၊ ထမင်းတနပ် ဖီလစ်ပိုင်ငွေ Peso ၈၅ လောက်ပဲရှိတာမို့ သက်သာတယ်လို့ ပြောရမယ်ထင်ပါတယ်၊

မြန်မာထက်သာတာတွေကတော့ ရေမှန် မီးမှန် လမ်းကောင်း ဆက်သွယ်ရေးကောင်းတာတွေဟာ မြန်မာထက်သာတာ သေချာပါတယ်၊
ခရစ်ယာန်အများစုရှိတဲ့နေရာမှာ မဟာယာန ဗုဒ္ဓဘာသာကျောင်းတော်ကြီး နှစ်ခု ရှိနေတာကတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဂုဏ်ယူစရာပါ၊ ရှစ်ထပ်အဆောက်အဦးကြီး နှစ်ခုနဲ့ ကြီးကျယ်ခန်းနားစွာ တည်ဆောက်ထားတာပါ၊ အဲဒီအဆောက်အဦးရဲ့ အပေါ်မှာ စေတီတော်ကြီးတစ်ဆူတည်ထားပါသေးတယ်. မနီလာမြို့ ဘယ်နားကကြည့်ကြည့် အဲဒီစေတီတော်ကို တွေ့မြင်နိုင်ပါတယ်၊

မနီလာမှာ ငါးရက်လှည့်ပတ်ပြီး ခရီးတွေဆက်ဖြစ်နေပါတယ်၊
ဆရာတော်ကြီးများရဲ့ အဆိုအရတော့ သုဒ္ဓါဝါသ ငါးဘုံကလွဲလို့ ကျန်တဲ့နေရာ အားလုံးဟာ အရင့်အရင်တွေက ရောက်ဖူးပြီးသားတွေလို့ ဆိုပါတယ်၊ သံသရာကျင်လည်စဉ်ကလို့ ဆိုလိုတာပါ၊ ဘုရားရှင်ကတော့.. ရဟန္တာမဖြစ်သေးသမျှ သံသရာ ခရီးသွား အဆင့်သာရှိသေးကြောင်း ဟောတော်မူပါတယ်၊ ဘယ်လိုဖြစ်ဖြစ် ဒေသတွင်းခရီး နိုင်ငံရပ်ခြားခရီးမှသည် သံသရာခရီးလျှောက်လှမ်းတဲ့အချိန်မှာ များများလဲချန်ထား များများလဲယူသွားနိုင်အောင်ကြိုးစားရင် ခရီးဆုံးကို ဆက်လက်ချီတက်နေရမယ် မဟုတ်ပါလား၊ ။

Saturday, October 10, 2009

လန်ကာဝီသို့ ခရီးတစ်ခေါက်







Mahsuri ကျွန်းမင်းသမီး











လန်ကာဝီကျွန်းအလှ













စာရေးသူတို့အဖွဲ့















ငပလီနဲ့ လန်ကာဝီစာအုပ်ကို ဖတ်ပြီး ကတည်းက လန်ကာဝီကျွန်းကို စိတ်ဝင်စားခဲ့ ရောက်ချင်ခဲ့တာပါ၊ လန်ကာဝီကျွန်းရဲ့ ကြည်နူးစရာ ကမ်းခြေရှုခင်းတွေက ကမ္ဘာကျော်ဖြစ်နေခဲ့တာလဲ တကြောင်းပေါ့၊ အခုတော့ ရောက်ချင်လှတဲ့ ဒီခရီး ရောက်ခွင့်ကြုံခဲ့ပါတယ်၊


လန်ကာဝီကျွန်းဟာ မလေးရှားနိုင်ငံတွင်းမှာရှိပါတယ်၊ ပီနန်ကျွန်းကနေ မော်တော်နဲ့ သုံးနာရီလောက်စီးရတဲ့ နေရာမှာ တည်ရှိတယ်၊ နိုင်ငံခြားသား အများစု လာရောက်လည်ပတ်တဲ့နေရာ တစ်ခုလဲ ဖြစ်ပါတယ်၊ အထူးသဖြင့် နိုင်ငံခြားသားတွေ စိတ်ဝင်စားအောင် Duty free zone အဖြစ်သတ်မှတ်ထားခြင်းပါပဲ၊


လန်ကာဝီကိုရောက်ရင် နောက်ဆုံးပေါ် ကားကြီး ကားကောင်းတွေကို ငှါးပြိး ကိုယ်တိုင် မောင်းနှင်သွားလာနိုင်ပါတယ်၊ တရက်တာ ခရီးကိုမှ မလေးရှားငွေ ၁၂၀ သာ ပေးရတာပါ၊ ကားမမောင်းတတ်သူ မိမိတို့မှာတော့ ဒရိုင်ဘာကိုပါ ငှါးကြရပါတယ်၊ ဒရိုင်ဘာကြေးက တရက်ကို မလေးငွေ ငါးဆယ်ပါ၊


တည်းခိုစရာ ဟိုတယ် ဘန်ဂလိုတွေကလည်း ဈေးသက်သာတာကိုတွေ့ရတယ်၊ သုံးယောက်အိပ်ခန်း တစ်ခန်းကိုမှ မလေးငွေ ၁၁၀ သာပေးရပါတယ်။မလေးရှားပြည်သူတွေ လန်ကာဝီကို စိတ်ဝင်စားကြပုံကတော့…


လန်ကာဝီကျွန်းရဲ့ ကျွန်းအလှတွေရယ်..ပြိးတော့ Mahsuri လို့ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တွေရယ်ကြောင့် ပိုပြီး စိတ်ဝင်စားကြတာကို တွေ့ရပါတယ်၊ မဟာစူရီလို့ခေါ်တဲ့ အရမ်းချောမောလှပတဲ့ အမျိုးသမီးတဦး ဟိုးအရင်က ဒီလန်ကာဝီမှာ ရှိခဲ့ဖူးတယ်၊


အချိန်တန် အရွယ်ရောက်တော့ စစ်သူကြီး တစ်ဦးနဲ့ လက်ထပ်ခဲ့တယ်၊ ခင်ပွန်းဖြစ်သူ စစ်သူကြီး စစ်ပွဲကို သွားနေချိန်မှာ အိမ်နီးချင်း ယောင်္ကျားလေးတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်၊ ပတ်ဝန်းကျင်ကတော့ မဟာစူရီနဲ့ ဒီကောင်လေး အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲပြောဆိုလာခဲ့တယ်၊ မဟာစူရီကတော့ ရိုးသားတဲ့ ခင်မင်မှုဖြစ်လို့ ဒီလိုပဲ ပုံမှန်နေထိုင်ခဲ့တယ်၊


စစ်သူကြီး စစ်ပွဲက ပြန်ရောက်လာတဲ့အခါ ပတ်ဝန်ကျင်က သူတို့ရဲ့ အမြင်တွေကို စွပ်စွဲပြောကြားတဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူ စစ်သူကြီး မစူးစမ်း မဆင်ခြင်နိုင်တော့ပဲ မဟာစူရီကို သစ်ပင်မှာချည်ပြီး ချွန်ထက်တဲ့ တံကျင်နဲ့ မဟာစူရီကို မသေမချင်း ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်၊


မဟာစူရီ အသက်မထွက်ခင် ကျိန်စာ ဆိုခဲ့တာက.. ဒီလန်ကာဝီကျွန်းဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် မတိုးတက်ပါစေသတည်း လို့ ကြိမ်စာဆိုထားခဲ့တယ်၊

ဒေသခံတွေရဲ့အဆိုအရ.. ၀န်ကြီးချုပ် မဟာသီယာ လက်ထက်ရောက်မှ လန်ကာဝီကျွန်းကို ဖွံ့ဖြိုးရေး ဇုန်အဖြစ်သတ်မှတ်ပြီး ပြုပြင်လာခဲ့တာကြောင့် လန်ကာဝီဟာ တိုးတက်လာခဲ့ပါတယ်လို့ ဆိုပါတယ်၊


မဟာသီယာ ၀န်ကြီးချုပ်ဖြစ်ချိန်ဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို ကျော်လွန်တဲ့ နှစ်လို့ ပြောဆိုတာကို လည်းမှတ်သားနားထောင်ခဲ့ရပါတယ်၊ ဒဏ္ဍာရီဆန်ခြင်း မဆန်ခြင်းထက် ဒေသခံပြည်သူတွေကတော့ တကယ့်ကို အမှန်တရားအဖြစ်လက်ခံထားတယ်၊


မဟာစူရီပြတိုက်ကိုလဲ ကြီးကျယ်ခန်းနားစွာ ဆောက်လုပ်ပြသထားသလို မဟာစူရီ မြှုပ်နှံရာအုတ်ဂူကိုလဲ ဒီနေ့အထိ တွေ့မြင်နိုင်ပါသေးတယ်။


လန်ကာဝီမှာ လေ့လာစရာတွေအဖြစ် ကျွန်းပေါင်းကိုးဆယ်ကျော်..Under Water World မဟာသီပြတိုက် နဲ့ Black Sand Beach တို့ဟာ လေ့လာသင့်တဲ့နေရာတွေပါ။

ထူးထူးခြားခြားလေး သတိထားခဲ့ မိတာကတော့ မြန်မာပြည်က ပသျှူးလူမျိုးတွေနေထိုင်တဲ့ ရွာငယ်လေးပါ၊ ရေလမ်းခရီးနဲ့ သွားကြ လာကြရင်း လန်ကာဝီမှာ အခြေချ နေထိုင်လာခဲ့တာ ဒီနေ့အချိန်ထိပါပဲ.


မလေးရှားအစိုးရကတော့ အဝေးရောက် မလေးလူမျိုးဆိုတဲ့ လက်မှတ်တွေ ထုတ်ထားပေးတယ်လို့ သိခဲ့ရပါတယ်၊ လန်ကာဝီကျွန်းဟာ ကီလိုမီတာ ၂၀ ပတ်လည်ရှိတာကြောင့် သာယာတဲ့ရှုခင်းတွေ ပင်လယ်ကမ်းခြေတွေ ပေါများလှပါတယ်၊ ပီနန်းကျွန်းကနေ တနေ့ကို ရှပ်ပြေး မော်တော်ယဉ်နှစ်စီးနဲ့ ပို့ဆောင်ပေးပါတယ်.မနက်ရှစ်နာရီခွဲ တချိန်ပဲ ရှိတယ်၊ အပြန်ခရီးကတော့ ညနေငါးနာရီခွဲမှ မော်တော်ထွက်ပါတယ်၊

လန်ကာဝီကျွန်းအနှံ့သွားဖို့ဆိုရင် တညအိပ်ခရီးလောက်သွားမှ လုံလောက်ပါမယ်၊

မိမိတို့ စရောက်တဲ့နေ့မှာတော့ ဒကာကိုတင်ဝင်းက နေ့ဆွမ်းဆက်ကပ်ပြီး ၇-၁၀-၀၉ မနက်ခင်းမှာတော့ ဒကာကိုကျော်ဝင်းဦးဆောင်တဲ့ လန်ကာဝီရောက် ညီအကိုမောင်နှမများက သံဃာတော်တွေကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြတယ်၊ စာရေးသူက တရားစကားပြောကြားပေးခဲ့ပါတယ်၊


သံဃာတော်တွေအရောက်နည်းတဲ့ ဒေသမို့ သံဃာတော်တွေကို ဖူးမြင်ရတော့ အတော့်ကို ကြည်နူးနေကြတယ်၊ သံဃာတော်တွေ ဟောပြောတဲ့ တရားသံကို နာယူခွင့်ရပြန်တော့ သူတို့ရဲ့ မျက်ဝန်းတွေမှာ ကြည်နူးတဲ့ ပုံရိပ်တွေဟာ အထင်သားပေါ်လွင်နေကြတာကို သတိထားခဲ့မိပါတယ်၊


မှန်ပါတယ်၊ ရတနာဆိုတာ ထိုက်သူတို့သာ သုံးစွဲခွင့်ရတာမို့ ရတနာနဲ့ ဆုံတွေ့ခိုက် ရတနာတန်ဖိုးကို သိအောင်ကြိုးစားသင့်တယ်ဆိုတဲ့ အတွေးတွေကို လန်ကာဝီခရီးက ပေးအပ်ခဲ့ပါတယ်၊ ကျေးဇူးပါ လန်ကာဝီ။ ။

Sunday, August 30, 2009

ကောတ(Kota) ရာဇမဟာဝိဟာရသို့ လေ့လာရေးခရီး










ကိုလံဘိုကနေ ရှစ်ကီလိုမီတာလောက် ဝေးတဲ့ ရွာလေးတရွာကို ညပိုင်း ၇ နာရီခွဲ လောက်မှာ သူငယ်ချင်းများနဲ့အတူ လေ့လာရေးခရီး သွားဖြစ်တယ်၊ ချစ်စရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းလေ့ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေရဲ့ ဓာတ်တော် စွယ်တော်လှည့်ပွဲကို သွားရောက် ဖူးမြော်ကြတာပါ၊ သူတို့ကြွေးကြော်သံက Buddhism From Generation to Generation ပါ၊

မျိုးဆက်သစ်တွေကို မွန်မြတ်တဲ့ ဘာသာရေး အမွေပေးဖို့ အဓိကရည်ရွယ်ပြီး ယဉ်ကျေးမှုတွေ ထိန်းသိမ်းနေတာကို လေ့လာသိရှိရတယ်. စိတ်ထဲမှာ မြန်မာနိုင်ငံမှာလည်း ဘာသာရေးဖက်မှာ ဒီလို စနစ်တကျလေး ထိန်းသိမ်းနိုင်ရင် ကောင်းမှာပဲလို့ တွေးနေမိတယ်၊

တကယ်တော့ မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်က ကန္ဒီမြို့မှာ ရှိတာပါ၊ တချိန်က ကောတရာဇ မဟာဝိဟာရမှာ ဘုရားရှင်ရဲ့ စွယ်တော်အစစ် သီတင်းသုံးဖူးတယ်လို့ သမိုင်းတွေက ဆိုပါတယ်၊ အခု စွယ်တော် ဓာတ်တော်လှည့်ပွဲကလည်း ကန္ဒီမြို့ စွယ်တော်လှည့်ပွဲလိုပဲ ဆင်တွေအမြောက်အများ လူတွေအမြောက်အများ အသုံးပြုပြီး လှည့်လည်ပူဇော်ကြပါတယ်၊

ခေတ်မှီ လျှပ်စစ်တွေ ထိန်ထိန်ညီးအောင် ရနေပေမယ့် ဒီလှည့်လည်ပူဇော်ခံပွဲမှာ သူတို့သုံးနေတာက ဟိုး-ရှေးခေတ် ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့.. အုန်းသီးအခွံခြောက်ကို ဓာတ်ဆီလောင်းပြီး သံခြင်းထဲမှာ ထည့်ပြီး ထွန်းညှိပူဇော်ပါတယ်၊ ဘုရား ရဟန္တာတွေရဲ့ ဓာတ်တော်တွေ စွယ်တော်ပွားတွေကိုတော့ ဆင်ပေါ်မှာတင်ပြီး လှည့်လည်ပါတယ်၊ အဲဒီ ဆင်တွေရဲ့နောက်မှာမှ ရိုးရာယဉ်ကျေးမှု အကအဖွဲ့တွေက လမ်းလျှောက်ရင်း ကပြဖျော်ဖြေကြတယ်၊

အဲဒီနောက်ကမှ ရှင်ဘုရင်ကြီးပုံစံ မှူးမတ်တွေခြံရံကာ လိုက်ပါလာကြပါတယ်၊ လိုက်လံပို့ဆောင်ပေးတဲ့ သီရိလင်္ကာ ဒကာတစ်ယောက်ကို မေးကြည့်တော့.. ရှင်ဘုရင်တော့ မဟုတ်ပါဘူး.. ရွာသူကြီးက ဓာတ်တော်တွေ စွယ်တော်ပွားတွေကို ပူဇော်ပြီး ရွာသူ ရွာသားတွေကိုလဲ ပူဇော်စေတဲ့ ပုံကို သရုပ်ဖော်တာလို့ ပြောပြပါတယ်၊ လှည့်လည်ပူဇော် ကပြဖျော်ဖြေရေး အဖွဲ့တွေကလည်း တကယ့်ကို များလှပါတယ်.. ဟန်နုမာ မျောက်မင်းအက၊ ပန်ချာပီအက၊ သီရိလင်္ကာ ခေတ်အဆက်ဆက် ရိုးရာအက၊ ဟိန္ဒူအက၊ ဆင်ဟာလိလူမျိုးတွေရဲ့ တတ်အပ်တဲ့ အတတ်ပညာအက စသည်ဖြင့် စုံလင်လှတယ်. လမ်းဘေးဝဲယာ တစ်လျှောက် ကြည့်ရှုနေတဲ့ ပရိသတ်ကလည်း တိုးမပေါက်အောင်ကို စည်ကားလှတယ်၊ ကန္ဒီစွယ်တော် လှည့်ပွဲကိုတော့ ကမ္ဘာက Incredible ceremony လို့ တင်စားပြောဆိုကြပါတယ်..

ယခု ကောတရာဇ မဟာဝိဟာရ -က ဓာတ်တွေစွယ်တော် လှည့်ပွဲကိုလဲ ဒုတိယ Incredible ceremony လို့ ပြောနိုင်ပါတယ်၊ သူ့ဓလေ့ သူထုံးစံ သူ့ရိုးရာကို အစဉ်အလာမပျက် ထိန်းသိမ်းနိုင်တာဟာလည်း ဂုဏ်ယူစရာ တစ်ခုလို့ မြင်ပါတယ်၊ ယဉ်ကျေးမှု စာပေ ဂီတဟာ လူမျိုး တစ်မျိုးရဲ့ တန်ဖိုးကို တိုင်းတာနိုင်တယ်လို့ဆိုရင် ကောတရာဇ မဟာဝိဟာရ-က ဓာတ်တော်စွယ်တော်လှည့်ပွဲ သို့မဟုတ် ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ပွဲဟာလည်း တကယ့်ကို တန်ဖိုးကို ဖော်ပြနိုင်တဲ့ ပွဲလို့ ဆိုရမှာပါ၊

လူများတွေရဲ့ ရိုးရာယဉ်ကျေးမှု မြတ်နိုးထိန်းသိမ်းတာကို တွေ့ရတော့ စိတ်ထဲမှာ အတွေးတွေ နယ်ချဲ့တွေးနေတုန်း..
ဟေး-ပြန်ကြစို့ဆိုတဲ့ သူငယ်ချင်းရဲ့ အသံကိုကြားလို့ နာရီကြည့်လိုက်တော့ ည ၁၂ နာရီတောင် ထိုးခါနီးနေပါပြီ၊ အတွေးကို ခဏရပ်ပြီး နေရာကျောင်းကို ပြန်လှည့်အလာမှာတော့ ကောတရာဇ မဟာဝိဟာရ လေ့လာခရီးက ပြောနေတဲ့ Buddhism From Generation to Generation ဆိုတဲ့ အသံက ပဲ့တင်ထပ် ကျန်ရစ်ခဲ့တယ်။ ။

အရှင်တိက္ခဉာဏာလင်္ကာရ

Saturday, July 11, 2009

ခွန်းဆင့်ခြွေပါသည် ပီနန်းကျွန်းဆီ



ပီနန်းဟေးလ်ပေါ်မှ တွေ့မြင်ရသည့်ရှုခင်းနဲ့ ပီနန်းပြတိုက်


ပီနန်းကျွန်းကို ဗြိတိသျှလူမျိုး Francis Light က ၁၇၈၆ ခုနှစ်မှာ တွေ့ရှိပြီး စတင်နေထိုင်ခဲ့လို့သိရပါတယ်၊ ပီနန်းမြို့ဟာ တကယ့်ကို သာယာလှပပြီး စင်္ကာပူမြို့ပြနဲ့ ဆင်တူလှပါတယ်.လွယ်ကူချောမွေ့တဲ့ ခရီးသွားဝန်ဆောင်မှု သဘာဝရှုခင်းများ သပ်ရပ်စွာ ပြင်ဆင်ထားမှုတွေက ဒုတိယစင်္ကာပူလေးလို့ ပြောရမလိုပါ။

နာမည်ကျော် Penang Hill ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းတွေဟာ ပီနန်းမြို့ရဲ့တိုးတက်မှုကို သရုပ်ဖော်ပြနေသလို တကယ့်လှပတဲ့ရှုခင်းတွေလဲဖြစ်ပါတယ်၊ ပီနန်းဟေးလ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကွန်ယင်မယ်တော်ကျောင်းဟာလဲ ပီနန်းကျွန်းကို ရောက်သူတိုင်း မဖြစ်မနေ သွားလေ့ရှိပါတယ်. ပီနန်းကျွန်းကနေ တနေ့တာခရီးသွားရတဲ့ လင်္ကာဝီကျွန်းဟာ မြန်မာပရိသတ်များနဲ့ မစိမ်းလှပါဘူး၊ နာမည်ကြီးမြန်မာစာရေးဆရာမတစ်ဦးရဲ့ ငပလီနဲ့ လင်္ကာဝီ စာအုပ်ကြောင့် ပိုလို့စိတ်ဝင်စားစရာကောင်းနေပါတယ်.ပြီးတော့ ပီနန်းကျွန်းရဲ့ ပင်လယ်ကမ်းခြေကလဲ တကယ့်ကို သာယာလှပါတယ်။ ပီနန်းကျွန်းရဲ့ သမိုင်းဝင်ပြတိုက်ထဲမှာတော့ မြန်မာလူမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်ကစ ပီနန်းကျွန်းပေါ်ကို အခြေချခဲ့ကြောင်းမှတ်တမ်းတင်ထားတာကို တွေ့ခဲ့ရပါတယ်။

ပိုလို့ဂုဏ်ယူစရာကောင်းတာက သွားရေးလာရေး မလွယ်ကူတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်ကစ ပီနန်းကျွန်းပေါ်မှာ ဗုဒ္ဓဘာသာမြန်မာ ဘုန်းကြီးကျောင်း တည်ဆောက်နိုင်ခဲ့ခြင်းပါပဲ၊ ဆရာတော်ကြီးများ အဆက်ဆက် ထိန်းသိမ်းလာခဲ့တဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဟာ ယခုဆိုရင် မြန်မာမှုလက်ရာများနဲ့ တကယ့်ကို ပနံ့တင့်လှပါတယ်. ကျောင်းဝင်းထဲမှာလည်း နိုင်ငံခြားသားတွေ လေ့လာစရာအဖြစ် ဗုဒ္ဓ၀င်ရုပ်ကြွ လွမ်းစေတီ ကျောက်တိုင် ဆန်းဒေးလ်စကူးလ် ရှင်ဥပဂုတ်သီတင်းသုံးရာနေရာ ကမ္ဘာလုံး စတဲ့ စိတ်ဝင်စားဖွယ် သပ်ယပ်သပ်ရှင်းစွာ ပြင်ဆင်ထားတာမို့ ပီနန်းကျွန်းလာတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို လာရောက်လေ့လာကြပါတယ်။

ယခုလက်ရှိ ပီနန်းမြန်မာဘုန်းကြီးကျောင်းကို မြန်မာမှုလက်ရာများနဲ့တိုးတက်အောင် မြန်မာဗုဒ္ဓဘာသာကို ကမ္ဘာကသိအောင် စွမ်းဆောင်နေတဲ့ ပီနန်းဆရာတော်ကြီး အရှင်ပညာဝံသကလည်း တကယ့်မြန်မာ့သာသနာ့အာဇာနည်အရှင်မြတ်တစ်ပါးပါ။ ဆရာတော်ကြီးရဲ့ ကျေးဇူးကြောင့် ပီနန်းရှိ တရုတ် လူမျိုးများဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာကို စနစ်တကျ ကိုးကွယ်လာတတ်ခဲ့တာပါ. ညီညာစွာဆွမ်းကပ် တရားထိုင် တရားနာ ဘုရားရှိခိုးပုံတွေက ဆရာတော်ကြီး အရှင်ပညာဝံသရဲ့ သာသနာပြုစွမ်းရည်ကို ဖော်ပြနေပါတယ်။ တကယ်လို့များ အကြောင်းဆုံလို့ ပီနန်းကျွန်းကို သွားခဲ့မယ်ဆိုရင် မြန်မာမှုလက်ရာတွေနဲ့ ပနံ့တင့်လှတဲ့ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းရယ် သမိုင်းဝင်လေ့လာစရာနေရာလေးတွေကို ရယ် ရောက်အောင်သွားခဲ့ပါလို့သာ ခွန်းဆင့်ခြွေချင်ပါတယ်။ ။

Sunday, August 17, 2008

စွယ်တော်ဘုရားဖူး မှတ်တမ်း








17-08-2008

၁၅.၀၈.၂၀၀၈ သောကြာနေ့ ညနေပိုင်းမှာ သူငယ်ချင်း (၁၁)ပါးစုပြီး ကန္ဒီကိုသွားကြတယ်၊ ကန္ဒီဆိုတာ သီရိလင်္ကာနိုင်ငံရဲ့ဒုတိယမြို့တော်, မြတ်စွာဘုရားရဲ့စွယ်တော်အစစ်ကိန်းဝပ်ရာ , ဗိုလ်ချုပ်အောင်းဆန်းတို့ ကန္ဒီစာချုပ် ချုပ်ဆိုခဲ့တဲ့နေရာ, ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ,၀န်ကြီးချုပ် ဦးနု နဲ့ ဦးနေ၀င်းတို့အမှတ်တရ စိုက်ပျိုးခဲ့တဲ့ သစ်ပင်များရှိတဲ့မြို့လည်းဖြစ်ပါတယ်၊ ကိုလံဘိုက နေ (၁၁၉) ကီလိုမီတာ အကွာမှာ တည်ရှိတယ်၊ လမ်းတွေက သာယာသလို ရာသီဥတုကလည်း သာယာတယ်၊ အခုအချိန်ထိ အအေးဓါတ်တွေပြန့်လွင့်နေဆဲပါ၊

ကန္ဒီမြို့ကိုရောက်ခါနီး ကားလမ်းတွေက မေမြို့က ခြောက်ထပ်ကွေ့ လမ်းတွေလို့ပါပဲ ၊ သဲထိတ်ရင်ဖိုနဲ့ ကြည်နူးစရာလည်း ကောင်းပါတယ် သူငယ်ချင်းတစ်ယောက်က “မေမြို့ခြောက်ထပ်ကွေလေးကို သတိရလိုက်တာကွာ” လို့ဆိုနေပါသေးတယ်၊

ကန္ဒီဆိုတာ မြန်မာနိုင်ငံနဲ့ ဘာသာရေး, နိုင်းငံရေး, သမိုင်းကြောင်းတွေ ဆက်စပ်တဲ့ ချစ်စဖွယ်ကောင်းတဲ့မြို့လေး တစ်မြို့ပါ၊ သူငယ်ချင်းတစ်ယောက်က “ နေရာတိုင်းမှာ ကဗျာလေးတွေရှိနေတယ်” ဆိုပြီးသူ့ခံစားချက်ကိုပြောပြနေပါသေးတယ်၊ ဘယ်ခံစားချက်မဆို အဲဒီခံစားချက်ရဲ့နောက်မှာ အနုပညာမြောက်တဲ့ကဗျာတွေ ရှိနေတတ်ပါတယ်၊

မမေ့နိုင်စရာ တစ်ခုနဲ့လည်း ကြုံခဲ့ရသေးတယ် ကန္ဒီရောက်ခါနီး (၁၅)ကီလိုမီတာလောက်မှာ စီးလာတဲ့ကားက ပျက်သွားလို့ ၀ိုင်းပြီးတွန်းပေးရသေးတယ်၊ ဒါပေမဲ့ ကားကဘယ်လိုမှလုပ်လို့မရတာနဲ့ ကားဝပ်ရှော့မှာ အပ်လိုက်ရတယ်၊
ကားလမ်းနံဘေးဟိုရပ် ဒီရပ်နဲ့ (၄၅)မီနစ်လောက်ကြာသွားတယ်၊ ဒါကိုမြင်သွားတဲ့ ကုလား ဒကာတစ်ယောက်က သူကားနဲ့ကန္ဒီအရောက်လိုက်ပို့ပေးတယ် (တကယ့်ကိုကျေးဇူးတင်ပါတယ် သူသာလိုက်မပို့ရင်စွယ်တော်လှည့်ပွဲ့နဲ့လွဲရတော့မှာလေ)

ကွက်တိပါပဲ မြန်မာကျောင်းကိုရောက်တော့ ည(၈)နာရီထိုးခါ် နီးနေပါပြီ ကိုယ်လက်သန့်စင်ပြီး စွယ်တော်တိုက်ကိုသွားရတော့တာပါ လက်ရှိစွယ်တော်တိုက်က ဗိုလ်ချုပ်အောင်ဆန်းတို့ ကန္ဒီစာချုပ် ချုပ်ဆိုတဲ့ အဆောက်အဦးရဲ့ဘေးနားမှာပါ၊
မြတ်စွာဘုရားရဲ့စွယ်တော်အစစ် တင်ထားတဲ့ဆင် အဲဒီဆင်ကိုဘေးက ဆင်နှစ်ကောင်က ရံထားပါတယ်၊ အဲဒီဆင်သုံးကောင် မထွက် ခင်- အခြား အခြားသော ဆင်တွေပေါ်မှာ စွယ်တော်ပွား နဲ့ ပိဋကတ်သုံးပုံတွေ တင်ထားတယ၊် အဲဒီဆင်တွေရဲ့ နောက်က ရှင်ဘုရင်ပုံစံ ၀တ်စားထားသူ -ပြီးတော့ အခြွေအရံတွေ, သီဟိုဠ်ခေတ်အလိုက် ၀တ်စားဆင်ယင်မှုတွေ, ယဉ် ကျေးမှု သရုပ်ဖော်အကတွေ, အဲဒီဘေးမှာ မီးတုတ်ကိုင်ပြီး ၀ိုင်းရံထားတဲ့ သူတွေက ဖိနပ်မစီးဘဲ တန်းစီလျှောက်လာကြတယ် ၊

အဖွဲ့တစ်ဖွဲ့မှာ ဆင်သုံးကောင် (သို့) နှစ်ကောင် စွယ်တော်ပွား ပိဋကတ်သုံးပုံ တစ်စုံ ရှင်ဘုရင်တစ်ပါး ရှင်ဘုရင်ရဲ့အခြွေအရံများ ဗုဒ္ဓ၀င်ဇာတ်တော်လာ သရုပ်ဖော်ပြကွက် ယဉ်ကျေးမှု့သရုပ်ဖော်ပြကွက်တွေ ကိုသရုပ်ဖော်တဲ့ အကများစွာပါဝင်ပါတယ်၊

ည(၈)နာရီလောက်ကစပြီး လှည့်တာ ည(၁)နာရီ လောက်မှပြီးတယ၊် ဆင်ပေါင်း (၇၀)ကျော် လူပေါင်း(၁၀၀၀၀)ခန့်သုံးရတာပါ၊ ကန္ဒီစွယ်တော်လှည့်ပွဲက သူတို့ရဲ့ ဘာသာတရား အပေါ် ယုံကြည်ချက် ဘယ်လောက်ရှိတယ်-ဆိုတာပြသနိုင်သလို့ ခေတ်တွေဘယ်လို ပြောင်းပြောင်း သူတို့ရဲ့ယဉ်ကျေးမှုကို မြတ်မြတ်နိုးနိုးရှိတယ် ဆိုတာကိုလည်းဖော်ကျူးနိုင်ပါတယ် (ပြည်ပရောက်မြန်မာမလေးတွေလုံချည်ဝတ်ရတာ ရှက်စရာ ကောင်းတယ် ၊ ခေတ်မမှီဘူးဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက်ပါပဲ)၊

မိမိတို့လည်း တည်းခိုတဲ့နေရာ ပြန်ရောက်တော့ ည(၁၂)နာရီခွဲ ကျော်နေပါပြီ ၊ ဒါပေမဲ့ ဘာသာ သာသနာ ယဉ်ကျေးမှုနဲ့ နိုင်ငံရဲ့အရေးဟာ အဲဒီနိုင်ငံသူ နိုင်ငံသား တစ်ယောက်စီအတွက် ဘယ်လောက်အရေးပါတယ်, ဘယ်လောက်တန်ဖိုးထားရမယ် ဆိုတဲ့ အတွေးတွေ ရင်ထဲမှာ ကျယ်လောင်စွာမြည်ဟီးနေလို့ အဲဒီည ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး၊ အအေးဓါတ်နှင့် အတူ ယဉ်ကျေးမှုတွေ ပြန့်လွင့်နေတဲ့ ကန္ဒီ ည တစ်ညကိုတော့ မေ့ပျောက်လို့ရမှာ မဟုတ်ပါဘူးလေ။