Showing posts with label မိမိအကြိုက်. Show all posts
Showing posts with label မိမိအကြိုက်. Show all posts

Friday, May 27, 2011

အလင်းထွန်းတောက်..ခရီးရောက်စေ

အလင်းထွန်းတောက်..ခရီးရောက်စေ


*တစ်ခါက

စိတ္တလ တောင်ခြေ က

မှောင်နေတဲ့ ကျောက်ဂူအတွင်း

အလင်း ဖြင့် ခရီး နှင်-----

မြေပြင်မိုးအောက်

ဖောက်ထွင်း ဖြတ်သန်းခဲ့ဘူးတယ်..။

*မကြာရ…

ဋ္ဌာန ဆိုတာပြန်ရင်း….

ပန်းတစ်ခင်း ကို လည်း စိုက်ပျိုး

ကောင်းကျိုး တွေလည်း ဝေဖြန့်

ရနံ့ တွေလည်း ဝေ ခဲ့တယ်..။

မေတ္တာ တွေလည်း ချွေခဲ့တယ်..။

*ဘဝါ ဘဝ

ချခဲ့ဘူးသော ရေစက်…

ပန္နက်ခဲ့ဘူးသော သစ္စာ …..

တော်ရာလည်းဖြစ်….ပျော်ရာဖြစ်စေ….။

သင့်ရာလည်း ဖြစ်….စေတနာ သစ်စေ…။

အရှေ့ မှ အနောက် ..လမ်းကိုဖေါက်စေ….။

ဝေနေယျ တွေ အထွေထွေ ရဲ့

အားကိုးရာအစစ် အမှန်ဖြစ်စေ..။

ဗဟိဒ္ဓ သာသနာ…အကာအနှစ်…စိစစ်နိုင်စေ..။

ဝမ်းစာဖြည့်ဆည်း ..ရွယ်တိုင်းပြီးပေါ့……

အဇ္ဈတ္တ ခရီး…..မှာ….

ပြီးပြီးမြောက်မြောက်......ဖောက်ထွက် နိုင်စွမ်း ရှိပါစေ..။

ပေါက်ပေါက်ရောက်ရောက်..............လွတ်မြောက် နိုင်စွမ်း ရှိပါစေ…။

*၂၇.၅.၂၀၁၁* တွင်ကျရောက်သော *ဘုန်းဘုန်း အရှင်တိက္ခဉာဏာလင်္ကာရ* ၏ ၃၃နှစ်ပြည့်မွေးနေ့ နှင့် သိက္ခာထပ်မင်္ဂလာ ကို ဤကဗျာ ဖြင့် ပူဇော် လိုက်ပါတယ်..။

မေတ္တာဖြင့်-သစ္စာအလင်း

Monday, April 11, 2011

သားသမီးများ သတိထား.

ရှုမငြီးသည့်၊ သားသားမီးမီး
တွတ်တီးတွတ်တာ၊ ပြောချင်ရာပြော
သဘောကျခဲ့၊ အိုချည့်ဖမိ
သတိအားနည်း၊ ပြောပြီးထပ်ခါ
နေရာတကာ၊ ၀င်ပါသည်ဟု
ငြူစူသမှု၊ ပြုလားပြုသည့်
သားသမီးများ၊ သတိထား...
သင်လည်း တစ်နေ့ အိုဦးမည်...။


အမည်မသိ စာဆို..

Friday, February 25, 2011

အဓိက.က ကိုယ်ပါပဲ

စေတနာဆိုးနှင့်
ရင်ဆိုင်တိုးသော်လည်း
မိမိဘက်က
နှလုံးသွင်းကောင်းလျှင်
ကုသိုလ်စိတ် ဖြစ်၏ ။

...စေတနာကောင်းနှင့်
အကြောင်းဆုံသည့်တိုင်
မိမိဘက်က
နှလုံးသွင်းညံ့လျှင်
အကုသိုလ်စိတ် ဖြစ်၏ ။
ကုသိုလ်-အကုသိုလ် ဟူသည်
သူတစ်ပါး ပေးသည်မဟုတ် ။
မိမိကသာ ယူသူဖြစ်ပါ၏ ။

တောရပျော် မလေးငြိမ်၏ အဆိုအမိန့် ခံယူချက်ကို သဘောကျတဲ့အတွက် ပြန်လည်မျှဝေပါတယ်.. မိမိအကြိုက်ပေါ့.

Wednesday, February 23, 2011

အနာဂတ်ကိုမျှော်ကြည့်ပါ

ခက်တော့ခက်တယ်၊ ခက်တာက ပြောရလည်းခက် ဆိုရလည်းခက် လုပ်ရလည်းခက်တယ်လို့ဆိုရမှာပဲ၊ တကယ်လည်း နေရာတိုင်း အခက်ကတွေ့နေတာကိုးဗျ။ သာသနာတော်ထဲမှာက ပိုတောင်ခက်လာသေး အဓမ္မနဲ့ ဓမ္မက ဘုရားရှင်သက်တော် ထင်ရှားရှိကတည်းကိုက အားပြိုင်လာနေကြတာ ဒီဘက်ခေတ်ရောက်လာတဲ့အထိပဲ။

အဓမ္မတွေများလာလေလေ လူအပါအ၀င် သုံးဆယ်တစ်ဘုံသားတွေအတွက် အပါယ်လေးဘုံ ပိုပြီးကျယ်ပြန့် လာလေလေပဲ ၊အယောင်ပြဓမ္မကိုဖန်တီးရင်းအဓမ္မကိုဖန်တီးနေကြတဲ့ လောကဖျက်သတ္တ၀ါတွေ လူယောင်ဖန်ဆင်းပြီး
လောကထဲရောက်နေကြတာ မနည်းဘူးကော။ အဲလိုလောကဖျက်သတ္တ၀ါတွေကြောင့်တရားရိပ်သာတွေက စီပွားရေး ကုမ္ပဏီတစ်ခုလိုဖြစ်လာနေကြတယ်။

ရိပ်သာဖြစ်မြောက်ရေးအတွက် အများဆုံးလှူနိုင်တဲ့သူက ဒီရိပ်သာရဲ့ဥက္ကဋ္ဌတွေဖြစ်လာပြီး တာဝန်ရှိဆရာတော်တွေကိုမျက်ကွယ်ပြု ဘေးမှာထားပြီးကျောင်းဂေါပကလို့ပြောရမလား ရိပ်သာအကျိုးတော်ဆောင်အဖွဲလို့ပြောရမလားအဲဒီအဖွဲ့တွေက အဲဒီရိပ်သာကို အားလုံးချုပ်ကိုင် အာဏာသိမ်းတော့တာပါပဲ။

ပြီးတော့ရိပ်သာတွေထဲမှာက စီပွားရေးသမား သူဋ္ဌေးကြီးတွေပေါလာတော့ ဘုရားတကာအမည်ခံခြင်တဲ့ သူဋ္ဌေးလေးတွေက အခွင့်အရေးရဖို့ဒီသူဋ္ဌေးကြီးတွေနဲ့အဆက်သွယ်ရခြင်တော့ မလှူချင်လည်းလှူပြီးရိပ်သာထဲမှာနေရာရအောင်ယူပြီး နောက်တော့အားပြိုင်လာကြတယ်ဂေါပကနေရာလုပွဲပေါ့ဗျာ၊ ကျောင်းထိုင်ဆရာတော်ဆီကို ဘယ်သူကဘယ်လိုဘုရား
ဘယ်ဝါကဘယ်နည်းဘုရား ဆိုသလို တိုင်ဦးရာနိုင်ဆိုသလိုဖြစ်နေကြတာလည်းမနည်းပါလား။

ကျနော်အားလုံးကိုမဆိုလိုပါ တကယ်ကိုယ်ကျိုးစွန့်ပြီးလုပ်နေတဲ့သူတော်ကောင်းအနည်းငယ်ရှိနေပါသည် အများစုကတော့ ရိပ်သာတစ်ခုခု နာမည်ကြီးကျောင်းတိုက်တစ်ခု နာမယ်ကြီးဆရာတော်တစ်ပါးပါးကို အိပ်ထဲထည့်ချင်သောစေတနာက
သာသနာတော်ကိုချည်းမြောက်ထောက်ပံ့ချင်စိတ်ထက်ပိုပါသည်။

ဆရာဒကာလက်တွဲညီမှသာသနာအရောင်တက်မည်ကို သိပါသော်လည်း တစ်ဦအမှားကို တစ်ဦးက မထောက်ပဲနေသော်
သာသနာတော်ပျက်လိမ့်မည်၊ အခုကျနော်တို့ခေတ်မှာ ဘုရားရှင်ရဲ့ သာသနာတော်ကိုမပျက်ပျက်အောင်နည်းပေါင်းစုံနဲ့ အဖျက်ခံနေရတယ်လို့ ကျနော်ထင်သည်၊ ငွေရှိသူကငွေနဲ့ဖျက်သည်၊အာဏာရှိသူက အာဏာနဲ့ဖျက်သည်
သာသနာတော်ကိုပြုချင်ရောင်ဆောင်ပြီး မဟုတ်သောဝါဒဖြင့် သာသနာတော်ကိုဖျက်ဆီးနေကြသူများလည်း ရှိပါသည်၊

ပိုပြီးတော့သနားစရာကောင်းတာက လုပ်သမျှမှန်တယ်ထင်ပြီးလိုက်လုပ်နေကြသော နောက်လိုက်များဖြစ်ကြ၏
ဒီတော့ ကိုယ့်လုပ်ရပ်ဟာ သာနာတော်အတွက် အကျိုးဖြစ်စေလား အကျိုးမဲ့လား အနာဂတ်ကိုကြည့်ပေးပါလို့။

ငြိမ်းချမ်းကြပါစေ
ဥပသကာ

ကိုဥပါသကာ အီးမေးလ်မှ ပေးပို့လာသည်ကို ပြန်လည်မျှဝေပါသည်။ ဟုတ်သင့်သလောက်တော့ ဟုတ်နေကြဟန်ရှိပါသည်။ စာရင်းဇယားမရှိ၍ သေချာတော့ မသိပါ။ (အရှင်ယော)

Sunday, January 30, 2011

အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာ

ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှုပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်းမှန်ကန်သူများဟာ စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွှင်မှုနဲ့လဲ ဝေးနေတတ်ပါတယ်၊

လောကအရေးဖြစ်ဖြစ် လောကုတ္တရာအရေး မှာဘဲဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကိုလေ့ကျင့်ထားသင့်ပါတယ်၊ ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာအရေးမှာလဲ တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်.( ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို့ တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဥာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင်ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်..

မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ် လို့ ကဲ့ရဲ့ပစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်..တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင်ကိုယ်တိုင်လဲ အကုသိုလ်တိုးပွားရပါတယ်။
အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့လူကတော့ မပြောခင်လဲ စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လဲ နောင်တတွေ တပွေ့တပိုက်ဖြစ်နေတတ်တယ်.ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့်ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကိုရောက်လာပါတယ်..ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေ၀တ တဲ့.ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာနေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင်သာရိပုတ္တရာဆီသွားပါတယ်..အရှင်သာရိပုတ္တရာကတော့ အဘိဓမ္မာနဲ့ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့ ..ဒီလောက်ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလားဆိုပြီး မကျေမနပ်ဖြစ်ပြန်ပါတယ်..

အရှင်အာနန္ဒာဆီရောက်တော့ အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရားဟောတာက တိုလိုကတာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်..နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင်ပြန်လျှောက်ပြတော့..ဘုရားရှင်က..လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူး လို့ ဟောပြလိုက်ပါတယ်..ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ..တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ..တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခုကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစုအတွင်းမှာလဲ မနက်မိုးလင်းအိပ်ယာထ ပြီးဆိုကတည်းက ..တပူပူ တဆူဆူ လုပ်တတ်တဲ့သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျဉ်းတန်ရပါတယ်..

အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့အတွက်ကြောင့်ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လဲ ဖြစ်တယ်လို့ ဘုရားရှင်ဟောပြတော်မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံလုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံပူညံသံပဲကြားရ..ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလဲ သူကိုယ်တိုင် ဘ၀အတွက် ယုံကြည်မှုနည်းပါး..ယုံကြည်မှုနည်းပါးလာတော့ အာရုံတွေသမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ပါဘူး..

အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်..

သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..
သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ..သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..
ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှုတိုးတက်ပါမယ်
ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်
အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဥာဏ်ယှဉ်နိုင်ပါမယ်
ဒီလို ဥာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ဒီလိုစောင့်စည်းနိုင်ပါမယ် ကောင်းတာလုပ်နိုင် ပြောနိုင် ကြံစည်နိုင်ပါမယ်..
ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာဖြစ်ပါတယ်..ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။

တိုတောင်းတဲ့ ဘ၀မှာ ပျော်ရွှင်အောင်နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့လိုသလို ဘ၀လွတ်မြောက်ဖို့အတွက်လဲ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်. အတ္တ မာနလွန်ကဲလာရင် အပေါင်းအသင်းကောင်းတွေကို လက်လွတ်ဆုံးရှုံးနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလဲ အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး.ယောနိသော မနသိကာရ မရှိလေ ဘ၀ဟာ ပိုပြီး အထီကျန်ဆန်လေဖြစ်တော့မှာပါ.ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဥာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

ဖော်ပြခဲ့ဖူးတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြပါသည်။ ။

အရှင်တိက္ခဥာဏာလင်္ကာရ

Wednesday, January 26, 2011

မိမိကိုယ်ကို တူးဖြိုမိသူများ

အရှင်ကောဝိဒ(ယော)ရေးသားသည့် မိမိသဘောကျသည့် ပို့စ်ကို ပြန်လည်မျှဝေပါသည်။ ။


စာရေးသူသည် ဇာတိရွာဘက်မှ ကျောင်းထိုင်ဆရာတော်တစ်ပါး ကြွလာသည်ဟု သတင်းကြားသဖြင့် အုတ်ကျင်းဘူတာအနီးရှိ စိန်ပန်းကျောင်းသို့ တွေ့ဆုံရန်သွားရောက်ရာ မြို့ထဲကြွသွားသည်ဆိုသဖြင့် စောင့်ဆိုင်းရင်း အနီးမှာတွေ့သည့် ၂၀၀၈-ခုနှစ်၊ ဇန်န၀ါရီလထုတ် ဘာသာရေးမဂ္ဂဇင်း အဟောင်းလေးတစ်အုပ်ကို ဖတ်ရှု့ကြည့်နေမိ၏။

ဖတ်ရင်းဖတ်ရင်း ကောင်းမွန်မှန်ကန်သည့် အရေးအသား အတွေးအခေါ်များ ပါသလို စိတ်ပျက်စရာအတွေးအခေါ်များ ပိဋကတ်တော်၌ မပါသည့် ပုံဝတ္ထုများကို တွေ့ရှိရပြန်ရာ ဘာသာရေးမဂ္ဂဇင်း သုံးလေးအုပ်ပေါင်းမှ ဂမ္ဘီရအမည်ခံ မဂ္ဂဇင်း စာအုပ်တစ်အုပ်စာမျှသာ ရှိသဖြင့် ဘာသာရေးစစ်စစ်ဘက်က အားနည်းရသည့်ကြားထဲ ဘာသာရေးအမည်ခံ မဂ္ဂဇင်းမှာပင် ထေရ၀ါဒပိဋကတ်တော်နှင့် မညီညွတ်သည်ကို တွေ့ရပြန်သောအခါ မိမိတို့ ရဟန်းသံဃာတွေ တာဝန်ပေါ့လျော့မှုကြောင့် ဤသို့ဖြစ်ရသည်ဟုသာ ဖြေသိမ့်ရတော့သည်။

ထိုမဂ္ဂဇင်းမှ ပိဋကတ်တော်နှင့် မညီညွတ်သည်တို့ကို ထုတ်ပြပါမည်။

စာမျက်နှာ-၂၂ တွင် `နတ်သားတွေ ပန်းပန်လေရော့သလား´ဟူသော ခေါင်းစဉ်ဖြင့် ရေးထားသည့်ဆောင်းပါးတွင် ထိုအချိန်တွင် ကျွန်ုပ်တို့၏ ဓမ္မသာကစ္ဆာစကားဝိုင်း အဖွဲ့ဝင်များ ကျွန်ုပ်၏အိမ်သို့ အလျိုအလျို ရောက်လာကြ၏။ သူတို့သည် ပိတောက်ပင်မှ ပန်းခက်များကို ခူးယူကာ ရနံ့ကို ရှူရှိုက်နေကြသည်။ အချို့က မိမိတို့ဝတ်ဆင်လာသော အင်္ကျီအိပ်ကပ် အတွင်းတွင် ပိတောက်ပန်းခက်ကလေးများကို အမြတ်တနိုး ထည့်ထားလိုက်ကြ၏။

`ဟေ့လူတွေ… ကျုပ်က စေတနာနဲ့ပြောမယ်နော်။ ခင်းဗျားတို့အိပ်ကပ်ထဲက ပိတောက်ခက်ကလေးတွေ မညှိုးမီ စွန့်ဖြစ်အောင် စွန့်ပစ်လိုက်ကြ။ မစွန့်မိလို့ကတော့ ပန်းတွေညှိုးသွားရင် ခင်ဗျားတို့လည်း စုတိစိတ်ကျသွားနိုင်တယ်။ လူကိုရယ်လို့တော့ အတိအကျ မပြောနိုင်ဘူးပေါ့ဗျာ။ နတ်တွေကဖြင့် သူတို့ပန်ထားတဲ့ပန်းတွေ ညှိုးသွားပြီဆိုရင် စုတိစိတ် ကျတော့တာတဲ့ဗျ။´

ဦးလှမောင်က နောက်သလို ပြောင်သလို အတည်လိုလိုနှင့် ကောက်ကာငင်ကာ ပြောတော့၏။ အားလုံးက သူ့ကို ငေးကြည့်နေကြသည်။ မည်သူကမှ စကားတစ်ခွန်း မဟကြ။

`ဦးလှမောင်ရယ်… ပန်ထားတဲ့ပန်းညှိုးတာနဲ့ စုတိရတယ်လို့ဗျာ… မဟုတ်ကဟုတ်က.။ နတ်တွေစုတိခါနီးမှာ နတ်ပန်းညှိုးတယ်ဆိုတာက ပန်ထားတဲ့ပန်း မဟုတ်ဘူးဗျ။ ဟို ပန်းညှိုးတာကို ပြောတာ။ ဘယ့်နှယ်ဗျာ..။ နတ်သားတွေက ပန်းပန်မှာတဲ့လဲ။ လူတွေမှာတောင် ပန်းပန်တဲ့ယောက်ျားဆိုတာက ခပ်ရှားရှားရယ်ပါ။ နတ်သမီးတွေကတော့ ပန်းပန်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ကျွန်ုပ်က ပြောရ၏။

`ဦးသူရကြီး… ခင်ဗျား တောက်တီးတောက်တဲ့စကားတွေ မပြောနဲ့ဗျ။ ကျုပ်က ကျမ်းဂန်အရှိအတိုင်း ပြောနေတာ။ ကျုပ်က ကျမ်းဂန်ကိုလွှတ်ပြီး ဘယ်တော့မှ မပြောဘူး။ နတ်တွေစုတိတော့မယ်ဆိုရင် နိမိတ်ငါးပါး တစ်ခုခုပြသတဲ့။ အဲဒီနိမိတ်တွေက…

၁။ နတ်ဝတ်တန်ဆာ ဒွါဒရာတွေ ညှိုးနွမ်းခြင်း။

၂။ နတ်ပန်းညှိုးခြင်း။

၃။ လက်ကတီးကြားက ချွေးယိုခြင်း။

၎။ ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်ပျက်ယွင်းခြင်း။

၅။ လက်ရှိဘုံဘ၀တွင် မပျော်ပိုက်တော့ခြင်း-တဲ့ဗျ´ ဦးလှမောင်က ပြောသည်။

`ကျုပ်က တောက်တီးတောက်တဲ့ ပြောတာ မဟုတ်ရပါဘူး ဦးလှမောင်ရယ်…။ ကျုပ်လည်းတစ်ချိန်က နတ်တွေ စုတိစိတ်ကျတော့မယ်ဆိုရင် နတ်ပန်းညှိုးတယ်ဆိုတာကို ပန်ထားတဲ့ ပန်းတွေ ညှိုးတာလို့ပဲ နားလည်ခဲ့တာပါပဲ။ တောင်းတန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရကို ဖူးတွေ့ရတော့မှပဲ ဆရာတော်ကြီးပြောတဲ့ စကားတစ်ခွန်းကြောင့် နတ်တွေ စုတိခါနီး နတ်ပန်းညှိုးတယ်ဆိုတာ ပန်ထားတဲ့ပန်း မဟုတ်ဘူး။ ဟိုပန်းညှိုးတာလို့ သဘောပေါက်တော့တယ်ဗျာ။ ပန်ထားတဲ့ပန်းညှိုးလို့ကတော့ ပန်းအသစ်လဲပြီး ပန်တော့မှာပေါ့´(ပ)

တစ်ရက်မှာတော့ ကျုပ်မိသားစုက ဆရာတော်ကြီးကို ဆွမ်းကပ်ဖို့အသွားမှာ ကျောင်းရောက်တော့ ဆရာတော်ကြီးက ရန်ကုန်က ဒကာနှစ်ယောက်နဲ့ စကားပြောနေတယ်။ ဒကာတွေက ဘာလျှောက်တယ်တော့မသိဘူး။ ဆရာတော်ကြီးက နတ်ဆေးဂမုန်းပင်ကို ညွှန်ပြပြီး…

`ဒီဆေးက ယောက်ျားတွေအားအတွက်ကဖြင့် တန်ဖိုးရှိတဲ့ဆေးပင်ပဲ။ လူတွေမှာ ပန်းညှိုးရင် လူညှိုးတယ်။ ပန်းသေရင် လူသေတယ်။ အဲဒါ မြဲမြဲမှတ်ထား´လို့ ပြောတယ်။

ဆရာတော်ကြီးရဲ့ အဲဒီစကားကို ကြားရတော့ ကျုပ်အတွေးတစ်ခု ပေါက်လာတယ်။ ကျုပ်တွေးမိလိုက်တာက…

`နတ်ဆိုတာ ကာမသတ္တ၀ါသက်သက်ပဲ။ နတ်ကာမဂုဏ်ဆိုတာ လူ့ကာမဂုဏ်ထက် အဆများစွာ သာတယ်။ ဒီကာမဂုဏ်ကိစ္စတွေကို မခံစားနိုင်တော့တဲ့အချိန်မှာ ဒီနတ်ဆိုတဲ့ သတ္တ၀ါဟာ သူ့ရဲ့လက်ရှိဘ၀ကို ဘယ်မှာပျော်ပိုက်နိုင်ပါတော့မလဲ။ နတ်ဝတ်တန်ဆာ ဒွါဒရာတွေကို လဲချင်ဖယ်ချင်စိတ်လည်း ရှိတော့ဟန် မတူပါဘူး။ အသွေးအသားတွေ ဆုတ်ယုတ်ညှိုးလျော်ပြီး ချွေးစေးတွေပြန်နေပါလိမ့်မယ်-လို့ပေါ့ဗျာ။´

နတ်တို့စုတေခါနီး နိမိတ်ငါးပါးထင်ပုံကို ဣတိဝုတ်ပါဠိတော် ပဉ္စပုဗ္ဗနိမိတ္တသုတ်-တွင် ဟောတော်မူပါသည်။ ထိုပါဠိတော်မြန်မာပြန်ကို အနည်းငယ်ထုတ်ပြပါမည်။

၈၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နတ်တို့သည် နတ်ပြည်မှ စုတေချိန် နီးသောအခါ ထိုနတ်သားအား `ပန်ဆင်သော ပန်းတို့ ညှိုးနွမ်းကုန်၏၊ အ၀တ်တန်ဆာတို့ ညစ်နွမ်းကုန်၏၊ လက်ကတီး (ချိုင်း) ကြားတို့မှ ချွေးထွက်ကုန်၏၊ ကိုယ်၌ အရေအဆင်း မလှခြင်းသို့ ရောက်ရ၏၊ နတ်သားသည် မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော်´ ဟူသော ဤပုဗ္ဗနိမိတ်ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာ ကုန်၏။

ထိုပါဠိတော်မြန်မာပြန်ကို ဖတ်ခွင့်ရလျှင်ပင် ပန်ဆင်ထားသောပန်းများ ညှိုးနွမ်းခြင်းဟု သိနိုင်ပါသည်။

မဟာဗုဒ္ဓ၀င် (ဒုတိယတွဲ) အနုဒီပနီ (ကူ) တွင် (၁) နတ်ပန်းတို့ညှိုးနွမ်းခြင်း-ဟူသည်ကား… ထိုနတ်ဘ၀ပဋိသန္ဓေယူသောနေ့ (နတ်ဖြစ်သောနေ့)၌ အဆင်တန်ဆာ ဖြစ်လာခဲ့ကုန်သော နတ်ပန်းတို့ညှိုးနွမ်းလာရခြင်းကို ဆိုလိုသည်။ ထိုနတ်ပန်းတို့သည် နတ်ဘ၀ကို ရသည်နှင့်တပြိုင်နက် ထိုနတ်တို့၏ကိုယ်၌ အသင့်ဖြစ်ပေါ်ပါရှိလာကြပြီးလျှင် နတ်သက်တမ်းတလျှောက်လုံး နတ်တဘ၀လုံးတွင် မည်သည့်အခါမှာမှ မညှိနွမ်းခဲ့ပဲ အမြဲအစဉ်ပင် လန်းဆန်းလတ်ဆတ်ခဲ့၍ ထိုနတ်ဘ၀က စုတေခါနီးကာလ လူတို့၏ အရေအတွက်အားဖြင့် ခုနစ်ရက်မျှသာ အသက်ကြွင်းကျန်တော့သည့်အခါမှာ ညှိုးနွမ်း လာကုန်သည်။

(လူပြည်၌ ဘုန်းတန်ခိုးကြီးမားသောသူများ စုတေခါနီး ဥက္ကာကျခြင်း မြေလှုပ်ခြင်းစသော နိမိတ်တို့ဖြစ်ပေါ်လာကုန်သကဲ့သို့ နတ်ပြည်၌လည်း တန်ခိုးကြီးမားသော နတ်သားနတ်သမီးများမှာသာ ထိုပုဗ္ဗနိမိတ်များဖြစ်သည်။ နတ်တိုင်းမဖြစ်။ ထိုပုဗ္ဗနိမိတ်များ၏ အကျိုးအပြစ်များကိုလည်း ပညာရှိသောနတ်များသာ သိသည်။ ပညာမရှိသောနတ်တို့ မသိကုန်။)

စာမျက်နှာ- ၃၃ `ပဋ္ဌာန်း (၂၄) ပစ္စည်း သဘောသဘာဝများ´ ဟူသော ဆောင်းပါးတွင်လည်း အောက်ပါအတိုင်း တွေ့ရပြန်၏။

`တရားအလုံးစုံကို ထိုးထွင်း၍ အကုန်အစင် သိမြင်တော်မူနိုင်သော မြတ်စွာဘုရား ရှင်၏ `သဗ္ဗညုတရွှေဉာဏ်တော်´ကို တိုင်းတာတွက်ချက်၍ မရနိုင်ပါ။ သို့သော် သဒ္ဓါကြည်ညို လိုစိတ်ဖြင့် သိချင်ကြမည်သာ ဖြစ်သည်။ ဘုရားမှအပ ပညာအရာတွင် ဧတဒဂ်ဘွဲ့ရ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးပင်လျှင် `ဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်သည် ရုပ်ပိုင်းဆိုင်ရာ တို့ကိုသာ မြင်နိုင်ပြီး နာမ်ပိုင်းဆိုင်ရာတို့ကို မထိမသိနိုင်လောက်ပေ´ဟု စိတ်တွင် ကြံတွေးဆမိ၏။

ထိုအကြံကို သိမြင်တော်မူသော မြတ်စွာဘုရားသည် ချက်ချင်းပင် အရှင်သာရိပုတ္တရာကို အပါးမှ ထပ်ကြပ်မကွာ လိုက်ပါစေလျက် နတ်ပြည်၊ ရူပဗြဟ္မာဘုံ စသည်တို့ကို ဖြတ်ကျော်ကာ အရူပဗြဟ္မာဘုံသို့ ၀င်ရောက်ကြသည်။ ဘုရားရှင်ရှေ့မှ သွားနှင့်သဖြင့် ရှင်သာရိပုတ္တရာလည်း နောက်မှလိုက်ပါလာရာ နတ်ပြည်၊ ရူပဗြဟ္မာဘုံတို့တွင် ပြဿနာတစ်စုံတစ်ရာ မတွေ့ခဲ့ရ။ အရူပဗြဟ္မာဘုံအ၀င်ဝမှာပင် ခြေလှမ်းလိုက်တိုင်း `ဟာ ကိုယ်တော် ဘယ်လိုလုပ်တာလဲ။ တက်နင်းမိပြီဘုရာ့´၊ အရှင်ဘုရား တပည့်တော်ကို ၀င်တိုက်မိပြီ၊ ၀င်တိုက်မိပြီ´စသည့် ရုပ်မမြင်ရ၊ အသံများကိုသာ ကြားကြားနေရသဖြင့် ရှေ့ဆက်လှမ်းမရ အခက်တွေ့နေရရှာသည်။ ထိုစဉ် မြတ်စွာဘုရားက အနားသို့ ပြန်ရောက်လာကာ `ချစ်သား ငါ၏ ခြေချရာအတိုင်း လိုက်ခဲ့လော့´ဟု မြွက်သဖြင့် ခြေဖ၀ါးတော် ချရာအတိုင်း လိုက်တော့မှ ဘာအသံမျှ မကြားရတော့ပေ။

ဤအခါမှပင် အရှင်သာရိပုတ္တရာ ရဟန္တာမထေရ်မြတ်ကြီးသည် ရုပ်မတွေ့ရဘဲ အသံသာ ကြားကြားနေရသော ရုပ်မရှိသည့် ဗြဟ္မာကြီးများ (အရူပဗြဟ္မာဘုံ) အမှန်တကယ်ရှိကြောင်း၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်သည် တွေးမိကြံမိသည်ကိုပင် သိမြင်နိုင်ကြောင်း၊ ရုပ်တရားများကိုသာမက နာမ်တရားများကိုပါ ကောင်းစွာပိုင်ပိုင် ထိသိတွေ့မြင်နိုင်ကြောင်း အံ့သြချီးကျူး ၀န်ခံခဲ့ရသည်။ (၃၄)

အထက်ပါပုံဝတ္ထုသည် မည်သို့မျှ မဖြစ်နိုင်ပါ။ ရုပ်မရှိဗြဟ္မာကြီးများဟု ဆိုထားပြီး `တက်နင်းမိပြီဘုရား´ဟု မည်သည့်ပါးစပ်က အသံထွက်ပါသနည်း။ သဗ္ဗညုတဉာဏ် တော်သည် တွေးမိကြံမိသည်ကိုပင် သိမြင်နိုင်ကြောင်း-ဟူသော ချီးကျူးစကားသည်လည်း ချီးကျူးရာမရောက်ပါ။ သာမန် ပရစိတ္တ၀ိဇာနနအဘိညာဉ် ရလျှင်ပင် သိမြင်နိုင်ပါသည်။

ထိုမဂ္ဂဇင်းတွင်ပင် စာမျက်နှာ- ၅၀ ၌ `ဘုရားနဲ့ မတွေ့ချင်တဲ့မိန်းမ ဘုရားချွတ်လို့ မကျွတ်လိုတဲ့မိန်းမ´ ဟူသော ခေါင်းစဉ်ဖြင့် ပိဋကတ်၌ မပါသော ဇာတ်ဝတ္ထုတစ်ပုဒ် တွေ့ရပြန်ပါသည်။

ဇာတ်လမ်းကို အကျဉ်းချုပ်ရေးပြရလျှင် `အခါတစ်ပါး ဘုရားရှင်သည် အရှင်မဟာမောဂ္ဂလာန်နှင့်အတူ ဆွမ်းခံကြွရာ တနေ့ရာအရောက် မြေကြီးကိုစိုက်ကြည့်ပြီး ဆက်ကြွတော်မူ၏။ အရှင်မောဂ္ဂလာန်က တန်ခိုးတော်ဖြင့် ထိုနေရာကို ကြည့်သောအခါ ဘုရားရှင်နုစဉ်က မယားတော်စပ်ခဲ့ဘူးသော `မိဗာလ´ကို ငရဲ၌တွေ့ရ၏။ ဘုရားက `မချွတ်ထိုက်သည့်အတွက် တရားဟောပြီး မဆုံးမလို´ဟု မိန့်သောအခါ အရှင်မောဂ္ဂလာန်က ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေပြီး `တနေ့နေ့တော့ ဒီမိန်းမကို ငါကယ်မယ်´လို့ စိတ်ဆုံးဖြတ်ခဲ့သတဲ့။

တစ်နေ့မှာ အရှင်မောဂ္ဂလာန်ဟာ ဘုရားရှင်ထံ ခွင့်ပန်ကာ တန်းခိုးတော်နဲ့ အ၀ီစိငရဲကို ဆင်းပြီး အဲဒီမိန်းမကို ဘုရားရှင်ဆီ ခေါ်သွားချင်တဲ့အကြောင်း ယမမင်းကြီးကိုပြောရာ ခွင့်ပြုရသတဲ့။

အရှင်မောဂ္ဂလာန်ဟာ အဲဒီမိန်းမကို ဆီးပူအိုးကြီးထဲကနေ ဆံပင်ကိုဆွဲကာ ဆယ်ထုတ်ပြီး အကျိုးအကြောင်းပြောပြရာ `သင်တို့ ဘုရားကို မတွေ့လိုပြီ´ဆိုပြီး ဆီပူအိုးထဲ ပြည်လည်ခုန်ချသွားသတဲ့။

အရှင်မောဂ္ဂလာန်လည်း ကျောင်းတော် ပြန်လာ အကျိုးအကြောင်းလျှောက်ထားရာ့ ဘုရားရှင်က အတိတ်ဇာတ်ကြောင်း ပြန်လည်ဟောပြတော်မူ၏။

အတိတ်က ဗာရာဏသီပြည်မှာ ဘုရားလောင်းသည် လယ်သမားဖြစ်ကာ အချိန်တန်သော် လှသလောက် လောဘ ဒေါသ မောဟကြီးသော အမျိုးသမီးနှင့် အိမ်ထောင်ကျလေ၏။ မိုးရာသီကာလ လယ်ထွန်ရသောအခါ မိန်းမက ဖားကောက်ခဲ့ရန် မှာကြားသဖြင့် ဖားကောက်သွားရ၏။ အိမ်ရောက်သောအခါ မိန်းမက ဖားများကို သတ်ဖြတ်ကာ ကိုယ်တိုင်ချက်ပြုတ်ပေးရမည်ဟု ဆိုပြန်သဖြင့် မီးမွှေးပြီး ရေနွေးအိုးတည်ကာ သစ္စာဆိုပြီး ဖားများကို ပွက်ပွက်ဆူသော ရေနွေးအိုးထဲသို့ ထည့်လိုက်၏။ သစ္စာတန်ခိုးကြောင့် ဖားများသည် စမ်းရေပမာ အေးမြနေသော ရေနွေးအိုးထဲတွင် ကူးခပ်နေကြ၏။

ထိုအဖြစ်အပျက်ကို ဘုရားလောင်း၏ မိန်းမက တွေ့မြင်ကြားသိရသောအခါ `သြော်.. ရှင့်အကြံ ကျုပ် သေသေချာချာ အခုမှသိတော့တယ်။ မလှတဲ့စကား မတရားပြောတတ်တဲ့ လူပေပဲ။ ပါးစပ်က ဘုရား ဘုရား … လက်က ကားယား ကားယားနဲ့။

ဘုရားစင်စစ် ရှင်သာဖြစ်က

စနစ်ဆုံ၍ ငါမတွေ့လို

မမေ့တိမ်းညွတ် အပါယ်လွတ်အောင်

ရှင်ချွတ်လာလည်း ငါမကျွတ်လို-ဆိုတဲ့ ဥဒါန်းစကား ဆိုလိုက်ပါသတဲ့။

အဲဒီကနောက် ကမ္ဘာများစွာကြာသောအခါ ဘုရားလောင်းက ဂေါတမဘုရားရှင်ဖြစ်ကာ မိဗာလကတော့ အ၀ီစိငရဲမှာ ခံနေရတုန်းဖြစ်ပါသတဲ့။ နောင်အရိမေတ္တေယျဘုရား ပွင့်တော်မူပြီး ပရိနိဗ္ဗာန်ပြုသွားစေဦး မိဗာလတို့ကတော့ အ၀ီစိငရဲက ကျွတ်ဦးမှာမဟုတ်ပါဘူး။ ဒါတွေကလည်း အဲဒီဘ၀တုန်းက ရင့်ရင့်သီးသီး နှုတ်ဥဒါန်းကြီးခဲ့မိလို့ပါပဲတဲ့။ ဒါကြောင့် ကျုပ်တို့ ခင်ဗျားတို့တတွေဟာ နှုတ်ဥဒါန်း မကြီးမိစေဖို့ ဂရုပြုသင့်ပါတယ်.။-ဆိုပြီး ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

ဘယ်ကျမ်းကလာတဲ့ ပုံဝတ္ထုမှန်းလည်း မသိရ။ ကျမ်းကိုးလည်းမပါ။ ၀တ္ထုသဘောသွားသည် အဓိပ္ပါယ်လည်း မရှိ။ ပိဋကတ်တော်၌ မပါသော ထိုသို့သော ၀တ္ထုများသည် ဘယ်ကလာမှန်းမသိ။ ပိဋကတ်၌ ရှိသည်ထက်ပင် လူသိများလှ၏။ ဥပမာ- ၀ိသာခါသည် ကာမဂုဏ်ကိစ္စ မည်သည့်အခါကမျှ အားမရခဲ့ကြောင်း နွားမဖြစ်သော တစ်ဘ၀သာ အားရခဲ့ကြောင်း ဘုရားရှင်အား လျှောက်ထားသည်ဆိုသော ကိစ္စ၊ `၀ိသာခါ ငါဘုရားကို ဘယ်အချိန်မေ့သလဲ´ဟု ဘုရားရှင်မေးရာ ကာမဂုဏ်မှီဝဲချိန်မေ့လျော့ကြောင်း လျှောက်သဖြင့် ထိုအချိန်၌ပင် ငါဘုရားကို သတိရသင့်ကြောင်း ဘုရားရှင်မိန့်တော်မူသည်-ဟူသော ကိစ္စ၊ အရှင်သာရိပုတ္တရာမထေရ် မျောက်ဖြစ်ဖူးသောကြောင့် ၀ါသနာကို မစွန့်နိုင်ပဲ မြောင်းတွေ့တိုင်း ခုန်ကူးသည်ဟူသော ကိစ္စ၊ အရှင်မောဂ္ဂလာန် ငရဲပြည်သွားရာ ငရဲမီး အလိုက်ခံရသည်ဟူသော ကိစ္စ စသည်ဖြင့် များပြားလှ၏။

ထိုသို့ ဖြစ်နိုင်ချေမရှိသည့် ဇာတ်ဝတ္ထုများ တွေ့လာခဲ့သော် အယ်ဒီတာမင်းများ ကောင်းစွာစိစစ်သင့်၏။ ပိဋကတ်တော်၌ မပါဘဲလျက် ၀ါ- မြတ်စွာဘုရား မဟောအပ်မပြောအပ်ပါဘဲလျက် မြတ်စွာဘုရားဟောအပ် ပြောအပ်သည်ဟု ပြဆိုမိသော် မြတ်စွာဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲရာရောက် ပါသည်။ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးရာရောက်ပါသည်။ အောက်ပါဒေသနာကို သတိပြုပါ။…

`ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏။ အဘယ် နှစ်မျိုးတို့နည်း ဟူမူ- မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို `မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်´ ဟု ပြသောသူ၎င်း၊ မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို `မြတ်စွာဘုရား မဟောအပ် မပြောအပ်´ ဟု ပြသောသူ၎င်း တို့တည်း။ ရဟန်းတို့ ဤသူနှစ်မျိုးတို့သည် မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲတတ်ကုန်၏ဟု (မိန့်တော်မူ၏)။´(အဂုင်္တ္တိုရ်၊ ဒုကနိပါတ်၊ ဗာလ၀ဂ်)

(ဤဆောင်းပါးဖြင့် ထိုမဂ္ဂဇင်း၌ပါသောစာများ၊ ထိုစာရေးဆရာတို့ရေးသော စာများသည် လစဉ် အမှားချည်းသာ-ဟု မဆိုလိုပါ၊ ပိုမိုဂရုပြုကာ ရေးသားထုတ်ဝေကြစေ လိုရင်းသာ ဖြစ်ပါသည်။)

အရှင်ကောဝိဒ(ယော)

Tuesday, March 9, 2010

သာသနာပြုအတွေ့အကြုံ

စာရေးသူသည် ကမ္ဗောဒီးယားကျောင်း၌ ၂-နှစ်ကျော် နေလာခဲ့ရာ စားဝတ် နေရေး၊ ကိုယ့် ပညာ လေ့လာရေး စသည်နှင့် ပတ်သက်၍ ကိုယ် စိတ် ချမ်းသာမှု၊ ကျေနပ်မှု အြ့ပည့်အ၀ ရှိခဲ့သည်၊ 

ကမ္ဗောဒီးယားဆရာတော်နှင့် ပတ်သက်၍ စာရေးသူ သတိထားမိသည့် ထူးခြားချက်တစ်ခုမှာ“ အင်း.. အင်း.. အင်း. ဟူသော အသံတစ်ခုဖြစ် သည်၊ ဆရာတော်သည် လူများစည်းကားသည့် ဘာသာရေးပွဲ လမ်းသဘင်ကျင်းပချိန် အတွင်းဝယ် အင်း.. အင်း.. အင်.. ဟူသော အသံကို အကြိမ်များစွာ ပြုလေ့ရှိ၏၊ စာရေးသူသည် ဆရာတော်၏ “အင်း”ဟူသောအသံကို ပထမက သတိမထားမိပေ။ လူတိုင်း၌ အလေ့အထတစ်ခု ရှိတတ်ရာ သာမန်အလေ့ အထတစ်ခုဟု ထင်မိသည်။

Sunday, February 28, 2010

နဲနဲလေးတော့ လွဲနေတယ် (၅)...

ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…
လွဲနေတာလေးတွေကို ပြောနေရင်း နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။ ဘုန်ဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။

ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။ ဘုန်းဘုန်းက “ဒကာမ ဒီဆင်းတုတော် တော်တော်သပ္ပါယ်သားပဲ..၊ ဆိုင်က၀ယ်ယူပြီး ပူဇော်တာလား..၊ ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။ ဒီတော့ ဒကာမက “ဆိုင်က၀ယ်လာတာ မဟုတ်ဘူးဘုရား…၊

Wednesday, November 11, 2009

အဖြည့်ခံနှလုံးသားပိုင်ရှင်

မိတ်ဆွေ…….. သင်က တစ်လောကလုံး သင့်လုပ်စာ စားနေရသည့် မျက်နှာထားနှင့် နေသောအခါ ကျွန်ုပ်သည် သင့်၏ ရှေ့၌ “ကြောင်ရှေ့ကြွက်လို” နေပါ့မည်။

မိတ်ဆွေ……. သင်က သင့်ကိုယ်သင် ထင်တစ်လုံးဖြင့် တစ်ဘက်သားကို အဘက်မတန်သလို မတူမတန် ဆက်ဆံလာသောအခါ ကျွန်ုပ်သည် “အညတရလို” နေပါ့မည်။

မိတ်ဆွေ……. သင်က အသိုင်းအ၀ိုင်းအင်အား ဂုဏ်အင်အားကို အသုံးပြုပြီး တိုက်ခိုက်လာသောအခါ ကျွန်ုပ်သည် “အပယ်ခံသုညလို” နေပါ့မည်။

မိတ်ဆွေ……. သင်က ဒေါသမာန်မာန အဆိပ်ပြည့်သော အတ္တအစွယ်ကို ထုတ်ပြသောအခါ ကျွန်ုပ်သည် “ ရေမြွေတစ်ကောင်လို” နေပါ့မည်။

မိတ်ဆွေ….. သင်စိတ်ကောက်၍ စကားမဆိုသောအခါ ကျွန်ုပ်သည် “ကျောက်ဖြစ်ရုပ်ကြွင်းလို” နေပါ့မည်။
မိတ်ဆွေ…… သင်က လက်တွဲဖြုပ်လျက် လမ်းခွဲထွက်သောအခါ ကျွန်ုပ်သည် “သစ်ငုတ်တိုလို” နေပါ့မည်။
မိတ်ဆွေ…… သင်က ဣဿာမျက်လုံးဖြင့် မလိုတမာ ကြည့်ရှုလာသောအခါ ကျွန်ုပ်သည် “မျက်မမြင် တစ်ယောက်လို” နေပါ့မည်။

မိတ်ဆွေ….. သင်က တစ်ဖက်သတ်တွေး၍ အထင်လွဲနေသည့်အခါ ကျွန်ုပ်သည် ပြေလည်အောင် ဖြေရှင်း တောင်ပန်၍ သင့်ကို ကျေနပ်စေပါ့မည်။

မိတ်ဆွေ….. သင်က စိတ်လိုလက်ရ စကားပြောလာသောအခါ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာသောအခါ ပြန်လည်လက်တွဲလာသောအခါတို့၌ ကျွန်ုပ်သည် ဒဏ်ရာမဲ့ နှလုံးသားဖြင့် ကြည်ဖြူစွာ လက်ခံကြိုဆိုပါမည်။
တကယ်ဆိုလျှင် ကျွန်ုပ်သည် သင့်အတွက် သင်လိုရာ အသုံးပြုနိုင်သည့် “အဖြည့်ခံ နှလုံးသားပိုင်ရှင်” တစ်ဦးသာ ဖြစ်ပါသည်။
ဝီရသူ

အရှင်ကောဝိဒ(ယော) ဘလော့မှ ကူးယူတင်ပြသည်။

Sunday, July 5, 2009

ဝါဆိုလပြည့်၊ဓမ္မစင်္ကြာအခါတော်နေ့(သို့မဟုတ်) သစ္စာအလင်း-ရောင်-ဆောင်-ရအောင်

မှ ကူးယူဖော်ပြသည်။

မေချစ်သောသားသားနဲ့ မီးမီး ရေ--

ဝါဆို ဆိုတဲ့ နာမည်လေးဟာ အမှတ်တရများစွာနဲ့အတူ တစ်ဖန် ရောက်ရှိလာခဲ့ပြန်ပါပြီ ။ဝါဆိုလမှာ--တနည်း အရှင်အဿဇိ သောတာပန် တည်တဲ့နေ့မှာ လူ့လောကထဲကိုရောက်ရှိလာခဲ့တဲ့မေမေ ဟာ ဝါဆိုမိုး၊ ဝါဆိုပန်းရနံ့ တွေ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲတွေ၊ ဓမ္မစင်္ကြာရွတ်ဆိုပူဇော်သံတွေ ကိုကြားယောင်မြင်ယောင်ရင်း အတိတ်ခန္ဓာ တွေသက်ဝင်လှုပ်ရှား လာခဲ့ ပါတယ်။မွေးနေ့ပွဲတိုင်း ကိုဝါဆိုသင်္ကန်းကပ်လှူပွဲ နဲ့အတူ လှူဒါန်း ခဲ့ရတာတွေ သတိရနေမိပါတယ်။

ဝါဆိုလပြည့်ဆိုတာကတော့ မေမေတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် အရေးပါတဲ့နေ့ဖြစ်နေခဲ့ပါတယ်။(သန္ဓေ တောထွက်၊ဓမ္မစက် မိန့်မြွက်လဝါဆို) ဆိုတာ ကလေးတို့ မှတ်သားပြီးသားဖြစ်မှာပါ

(၁)ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂)တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃)ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၄)သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

(၅)သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

မေမေတို့ရဲ့ ကျေးဇူးတော်ရှင်မြတ်စွာဘုရား တရားဦးဟောကြားခဲ့လို့မေမေတို့ လူ့ဘုံလောကမှာ သစ္စာအလင်းရောင် တွေ ထိန်ထိန်ညီးခဲ့တာပေါ့။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါး၊အမှန်တရားကို ဟောပြ ခဲ့တဲ့ သစ္စာအလင်းရောင် ဆောင်ယူပြသခဲ့တဲ့ နေ့ထူးနေ့မြတ်အခါသမယပေါ့နော်။

ဓမ္မစင်္ကြာ-တရားဦး ဟောကြားတော်မူခဲ့တဲ့နေရာလေးကလည်း ရိုးရိုးရှင်း ရှင်းလေး…မြင်ယောင်ရင်းမှန်းဆကြည်ညိုရအောင်ပါ။

မေမေတို့ရဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟာ တောမှာဖွားမြင်တော်မူခဲ့ပါတယ်(လုဗ္ဗိနီအင်ကြင်းတော)။

တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။ဘုရားဖြစ်ပြန်တော့လည်း လူသူမနီးတဲ့ဗောဓိညောင်ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။ (ဥရုဝေဠတော)။

တစ်ခါတရားဦးဟောကြားတော်မူခဲ့တာလည်း (မိဂဒါဝုန်တော)ထဲမှာ။

ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာ။

သူတော်ကောင်းတွေ ဟာ သစ်ပင်တောတောင်တွေ ကိုမွေ့လျော်ကြတာ..မှတ်သားစရာ။စိတ်ဝင်စားစရာပဲနော်။

သဗ္ဗညုတရွှေဉာဏ်တော်ရရှိခဲ့တဲ့ ဥရုဝေဠတော ကနေ ၁၈ယူဇနာကွာဝေးတဲ့ မိဂဒါဝုန်တောကို ပင်ပင် ပန်း ပန်းခြေလျင်ခရီးကြွတော်မူရှာတယ်။မိဂဒါဝုန် တောထဲမှာခမ်းခမ်းနားနားလည်းမဟုတ်ဘူး။ ဘုရားရှင် ကလည်းရိုးရိုးလေး ထိုင်လို့၊ ပဉ္စဝဂ္ဂီ ၅ပါးကလည်း ဘေးနားမှာရိုးရိုးလေးထိုင်လို့၊ နေကလည်း အပူရှိန်လျော့ပြီးဝင်ခါနီးဆဲဆဲ လမင်းကလည်းထွန်းသစ်စအချိန် ဆိုတော့အလွန်အေးချမ်းညိမ်သက်နေမှာ ပဲနော်။

အဲလိုနေကြတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို နာယူမယ်လို့ ကြိုးစားလာ ကြတဲ့ နတ်တွေဗြဟ္မာတွေ၊ တရားစတော့မှ အသံတော်ကြားလို့ ပြေးလာကြတဲ့ နတ်တွေဗြဟ္မာတွေ လည်း ပတ်ဝန်းကျင်မှာ ရှေ့မှာရော နောက်မှာရော ဘေးမှာရော အကုန်လုံးပြည့်နေကြမယ်ဆိုတာ စိတ် ကူးကြည့်လိုက်ပါနော်။ ရိုးရှင်းမှု ငြိမ်းချမ်းမှုကို ခြံရံထား လို့ စည်ကားသိုက်မြိုက်နေပါတယ်..။

အဲဒီနတ်ဗြဟ္မာတွေဟာ--တစ်ဆယ့်ရှစ်ကုဋေ လောက်ရှိတယ်လို့ဆိုပါတယ်။ အဲဒီ နတ်ဗြဟ္မာတွေရဲ့ အလယ်မှာ လူသားထဲက ပဉ္စဝဂ္ဂီ-၅ ဦး ကိုအမှူးထားပြီးသကာလမှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟာ ဓမ္မစင်္ကြာတရား ကိုစတင် ဟောကြားတော်မူခဲ့ပါတယ်ကလေးတို့ရေ..။

သစ္စာဆိုတာကတော့ လောကီသစ္စာနဲ့ လောကုတ္တရာသစ္စာ နှစ်မျိုးရှိတာပေါ့နော်။ ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာက လောကီသစ္စာနှစ်ပါး၊ နိရောဓသစ္စာ နဲ့ မဂ္ဂ သစ္စာ က လောကုတ္တရာသစ္စာနှစ်ပါး။
အဲဒီ သစ္စာနှစ်ပါးမှာလည်း ဘုရားရှင်က အကြောင်းသစ္စာနဲ့ အကျိုးသစ္စာနှစ်ပါး မှာ အကျိုးသစ္စာဖြစ်တဲ့ ဒုက္ခသစ္စာကိုအရင်ဟောပါတယ်ကလေးတို့ရေ..။

ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးခဲ့ဘူးတယ်။
(လောကီဘုံဝယ် ၊သာယာဖွယ်ဟု တွယ်တာလေငြား၊ဝေနေများကို၊တရားသံဝေ၊ရပစေဟု ထွေထွေဒုက္ခ ၊ဦးစွာ ပြ၏ )

(ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ ၊ဗျာဓိပိဒုက္ခော ၊မရဏံပိဒုက္ခံ ၊အပ္ပိယေဟိ သမ္ပယောဂေါဒုက္ခော၊ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ယံပိစ္ဆံ နလဘံတိ ၊တံပိဒုက္ခာ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာဒုက္ခာ။)ရယ်လို့ ဒုက္ခခန်းကို ဟောလိုက်ပါတယ်။

အားကျစရာဘာမှာမရှိဘူး။ အကုန်လုံး ဒုက္ခတွေ ချည်းပါပဲ။တကယ်တော့ကလေးတို့ရေ..ဒုက္ခဆိုတာ အကျိုးတရားပါပဲ။အဲဒီကျိုးတရားကိုအရင်ပြပြီးတော့မှ အဲဒီဒုက္ခ ဘာကြောင့်ဖြစ်သတုန်းလို့စဉ်းစားတဲ့ အချိန်ကျတော့ အဓိကဇာတ်လိုက်ကို ဆွဲထုတ်ပြလိုက်တာပေါ့…။ ဇာတ်လိုက်ကျော်ကြီးက တော့ တဏှာပါ။

ကျေးဇူးတော်ရှင်မူလဓမ္မဆရာတော်ဘုရားကြီး ကတော့ တဏှာပေလို့ပဲနော် နှစ်ဏှာ သုံးဏှာ သာဆိုခက်ရချည်ရဲ့လို့ တဏှာရဲ့ နက်ရှိုင်းပုံကို ပြောခဲ့ဘူးတယ်။

တဏှာ ကြောင့်ဖြစ်တာပါလို့ တဏှာကိုဖေါ်ပြခဲ့ပါတယ်။ ဒုက္ခသမုဒယလို့ဖေါ်ပြခဲ့ပါတယ်။
*ဣဒံခေါပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ယာယံ တဏှာ ပေါနောဗ္ဘ ဝိကာ နန္ဒီရာဂ သဟဂတာ တတြာ တတြာ ဘိနန္ဒိနီ*

ဘိက္ခဝေ ရဟန်းတို့၊ ဣဒံ ခေါ ပန -ဤ ဆိုလတ္တံသော အကြောင်းအရာသည်ကား ၊ဒုက္ခသမုဒယော-ပြခဲ့တဲ့ ဒုက္ခတွေဖြစ်ကြောင်း သမုဒယ ဟူသော၊အရိယသစ္စံ-အရိယာအဖြစ်ကိုပြုတတ်တဲ့ မှန်ကန်သော တရားတစ်မျိုးပေတည်း။

(ဒုက္ခသောင်းပြောင်း တရားပေါင်းလည်း အကြောင်းမဲ့စွာ မဖြစ်ရာရှင့်)
(ဗြဟ္မာနတ်မင်း ဖန်ဆင်းမပြု ဆင်ခြင်မှုကျမ်း တဏှာစွမ်းကြောင့် ပရမ်းပတာ ဖြစ်ကြရာသော သမုဒယော)
*မာနိတာ ယတ္တကာ ယဿ ဒုက္ခတာ တဿ တတ္တကာ၊ကိံနု နော ဒုက္ခဘာယန္တာ ၊ပီယမှာ စ အဘီရုနော။*
(ယဿ- ချစ်လျှင်ပျော်နိုး၊ချစ်စပျိုး၍ ၊ချစ်ရိုးချစ်စဉ် အကြင်ပုထုဇဉ် ၏ ၊
မာနိတာ-မြတ်နိုးစုံမက် နှစ်သက်ဖွယ်ရာ ၊အဖြာဖြာတို့သည်၊
ယတ္တကာ-တစ်နှစ်သုံးလေး ဂဏန်းရေး က စစ်တွေးဆက်ပွား အကြင်မျှလောက်များကုန်၏။
တဿ-ချစ်လျှင်ပျော်မည့်အထင်ရှိ၍ ခင်မိခင်ရာ ခင်ကြရှာတောင်း ထိုပုထုဇဉ် အပေါင်း၏
ဒုက္ခတာ- မကင်းစမြဲ အတင်းတွဲ၍ ဆင်းရဲရန်ကြောင်း ဒဏ်အပေါင်းသည်
တတ္တကာ-ချစ်ချစ်သမျှ တစ်နှစ်ကလျှင် စ၍ တွက်ရေ ထိုမျှလောက်ပင်များပြားလေကုန်၏။
နော-သူတော်သူမြတ် အတူမှတ်၍ လူဇာတ်ရှောင်သွေ တို့တစ်တွေသည်
ဒုက္ခဘာယန္တာ-ဒုက္ခမြောက်မြား ရောက်မသွားဘို့ ထောက်ထားထိုထို ကြောက်အားပိုကြပါကုန်လျက်
ပိယမှာ စ-ဒုက္ခဖြစ်ကြောင်း အချစ်အပေါင်းမှကား
ကိံနုအဘီရုနော-မကြောက်နိုင်ပဲရဲကြီးရဲ၍ အမြဲပုံသေ အဘယ်ကြောင့် ချစ်ခင်၍ နေဝံ့ကြလေကုန်သတည်း။

မေမေ့ရင်ထဲထိရှခံစား၊သိမ်းဆည်းသွားစေတဲ့ကဗျာလေးပါပဲကလေးတို့ရေ..။ချစ်လျှင်ပျော်မိ အထင်ဆိုတာလည်းမရှိတော့ပါဘူးလေ။
တဏှာလျော့လေ--ဒုက္ခလျော့လေ။ တဏှာ နည်းလေ---ဒုက္ခနည်းလေ။ တဏှာမရှိရင်ဒုက္ခ မရှိတော့။တဏှာ များနေသရွေ့ ဒုက္ခများနေတော့မှာပါ လို့ တောင်မြို့ဆရာတော် ဘုရားကြီးကဟော ကြားခဲ့တာ နာယူရင်း သမုဒယ၊အနုအလှ၊အယုအယ မှန်သမျှ ဒုက္ခ တွေပါလို့ ဆင်ခြင်ကျင့်သုံးနေဖြစ်ခဲ့ပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားဟာ လောကုတ္တရာနယ်ပယ်ရောက်တော့လည်း နိရောဓသစ္စာကို ရှေးဦးစွာဟောကြားခဲ့ပါတယ်။ နိရောဓသစ္စာဆိုတာ အကျိုးသစ္စာ၊ပြီးတော့မှ ဒီနိရောဓသစ္စာ ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်ဆိုတဲ့ တရားက ဟောဒီမဂ္ဂသစ္စာပဲလို့ အကြောင်းတရားကို ဒုတိယပြခဲ့တယ်။
အဲလိုနဲ့ ဒုက္ခတွေကိုကြောက်ပါပြီ.. ဘယ့်နှယ်လုပ်ရပါ့မလဲ ။ဒီဒုက္ခလွတ်တဲ့ နေရာရှိမှရှိပါ သေးရဲ့လားလို့ အဲဒီလို စိတ်ထဲကတွေးပြီး ရတက် ဗျာပါရ တွေများနေတဲ့အချိန်မှာ ဘုရားရှင် က-----

(သုံးလောကတွင် ဒုက္ခ ထင်၍
လွတ်ခွင်ထွက်ရာ၊ ရတက်ဖြာသော်၊
သက်သာစေရန် အနေဖန်လျက် ဧကန်တတိယ နိရောဓတဲ့)

သက်သာစရာရှိတယ်၊ဒုက္ခချုပ်တဲ့နေရာရှိတယ်။ဒုက္ခမဖြစ်တဲ့ နေရာရှိတယ်လို့ သိရအောင် သုံးကြိမ်မြောက်မှာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ပြတော်မူခဲ့ပါတယ် ကလေးတို့ရေ..။

(နိဗ္ဗာနနန်း ရောက်ဘို့မှန်းက
ဤလမ်းဖြင့်တက် ဤမဂ်ကိုပွား မိန့်သည့်လားသို့
လေးပါးမြောက်တွင် မဂ်လမ်းထွင်သည် ဟောစဉ်လက်ရိုးဆူဆူတည်း။)

ဒါကြောင့် ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းတဲ့ နိဗ္ဗာန ဓာတ်ကိုတွေ့ချင်မြင်ချင်ကြလို့ ရှိရင်မဂ်ကိုပွားရပါမယ် တဲ့။မဂ္ဂင်ရှစ်တန် အကျင့်မှန် ကို အားထုတ်ပါလို့ လေးကြိမ်မြောက်ပြတော်မူတယ်။ ကျန်သောဘုရားအဆူဆူလည်းသည်အတိုင်းပြတော်မူခဲ့ပါတယ်သားသားမီးမီးတို့ရေ..။
တရားအဆုံးမှာ အရှင်ကောဏ္ဍည မှာ သစ္စာလေးပါးတရား ကိုသိမြင်နိုင်တဲ့ သောတပတ္တိမဂ်ဆိုတဲ့ ဉာဏ်စက္ခုပေါ်လာတော့တယ်။
မေမေအကြိုက်ဆုံး ပါဠိစကားလုံးလေးဖော်ပြချင်မိပါသေးတယ်။

ယံကိဉ္စိ -ကြွင်းမဲ့ဥဿုံ အလုံးစုံသော တေဘူမကတရားဟူသမျှတို့သည် ၊သမုဒယဓမ္မံ -ဖြစ်ခြင်းသဘောရှိ၏။ တံသဗ္ဗံ- ထိုဖြစ်ခြင်းသဘောရှိတဲ တေဘူမကတရား ဟူသမျှတို့သည် နိရောဓံ-ချုပ်ခြင်းသဘောရှိ၏။

အရှင်မြတ်ရဲ့ သောတာပတ္တိမဂ်ဉာဏ်စက္ခုမှာလည်း ဝိရဇံ-အပါယ်သို့လားရောက်ကြောင်း မကောင်းသော ရာဂ ဒေါသ မောဟတည်းဟူသော မြူမရှိတော့ပါဘူး ကလေးတို့ရေ..။ အရှင်ကောဏ္ဍည သည် ဧဟိဘိက္ခုဆိုတဲ့စကားနဲ့အတူ ရဟန်းဖြစ်ခဲ့ပါတယ်။ရဟန်း အစ ကောဏ္ဍညလို့ ဆိုခဲ့တော့ ဝါဆိုလပြည့် နေ့သည် သောတာပန်လူသား ပေါ်ထွက်ခဲ့ပြီး သံဃာ ရတနာ ပေါ်ပေါက်ခဲ့တဲ့နေ့လည်းဖြစ်နေပါတယ်ကလေးတို့ရေ..။

သည်လပြည့်နေ့မှာတော့ မေမေတို့အားလုံးရဲ့ သစ္စာအလင်း သည်လောကီသစ္စာ ၂ပါး(ဒုက္ခသစ္စာ+သမုဒယသစ္စာ)ကို သိမြင်နားလည် ပယ်ရှားပြီး (သိ၊ပယ်) လောကုတ္တရာ သစ္စာအလင်းရောင်တွေ ထွန်းညှိပူဇော်နေမိရင်း (နိရောဓသစ္စာ+ မဂ္ဂသစ္စာတွေ -ဆိုက်၊ပွား)နိုင်တဲ့ သစ္စာအလင်း ---အစစ်အမှန် ဖြစ်အောင်ကြိုးစားအား ထုတ်ကြပါစို့လား---သားသားမီးမီးတို့ရေ..။

မဂ္ဂင်၈ပါးတရားတော်တွေ၊နတ်ဗြဟ္မာတွေ ကြွေးကြော်ကြတာတွေ--- အနတ္တ လက္ခဏာသုတ္တန်ဟောကြားတော်မူခဲ့တာ တွေလည်းမေမေ ထပ်ပြောပြပါအုံးမယ်ကလေးတို့ရေ။

*လေးစားကြည်ညိုရပါသော ကျေးဇူးတော်ရှင် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားသော(ဓမ္မစင်္ကြာတရားတော်)ကို ဦးခိုက်-ပူဇော်လျက် ရေးသားပါသည်။*

ကျေးဇူးပါ မသစ္စာလင်း

Tuesday, May 19, 2009

"HOW BIG ARE YOU?

ဓမ္မမောင်နှမတို့ ရေ

(ခေါင်းစဉ်ကိုကြည့်ပြီး လန့် တော့မသွားကြပါနဲ့ နော်။)

၁၆၊ ၅၊ ၂၀၀၉ (စနေနေ့ ) တုန်းက ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (ယောဆရာတော်) ရဲ့ “ကူညီဖေးမ ပရဟိတ” ခေါင်းစဉ်နှင့် တရားတော်ကို အွန်လိုင်းကနေ နာယူလိုက်ရပါတယ်။ ဆရာတော်က “ဆ၀ါလာတ သုတ္တန်” ကိုအခြေခံပြီး ဟောာကြားဆုံးမသွားခဲ့ပါတယ်။

ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားကို နာယူနေရင်းက ကျွန်တော်တရားတိပ်ခွေလေးတစ်ခုကို ချက်ချင်းသတိရလိုက်တယ်။ ဆရာတော်ဦးဇောတိက ၁၉၉၇ခုနှစ်လောက်က သြစတြေးလျမှာ ဟောထားတဲ့တရားလေးပါ။ "Giving & Loving" တဲ့။ ကျွန်တော် မကြာမကြာနာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ထဲမှာ ကိုယ့်အတ္တတွေနှင့် ပိတ်လှောင်မွန်းကြပ်မှုတွေ ဖြစ်လာတဲ့ အချိန်တွေမှာပေါ့။

တရားထဲမှာ ဆရာတော်က လူတစ်ယောက်အကြောင်းကို အဓိကပြောသွားပါတယ်။ Dr. Albert Schweitzer အကြောင်းပါ။ အာဖရိကကိုသွားပြီး ဘ၀ကိုမြှုပ်နှံပြီး လူသားအကျိုးပြုအလုပ်တွေ လုပ်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်းပါ။ ကျွန်တော် သူ့ အကြောင်းကို နားထောင်မိတိုင်း အားကျကြည်ညိုစိတ်ဖြစ်ရပါတယ်။ သူ့ ဘ၀နှင့် သူ့ လုပ်ဆောင်မှုတွေကို စာပေမှာရှာဖတ်တော့လည်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတုယူဖို့ ကောင်းပါတယ်။ ကြည်ညိုစရာကောင်းပါတယ်။

သူဟာ တခြားဘာသာဝင်တစ်ယောက်ပါ။ တခါတလေ သူ့ လုပ်ငန်းအတွက် ပိုက်ဆံလိုရင် ဥရောပနိုင်ငံတွေမှာ လိုက်တရားဟောပြီးတောင် ရံပုံငွေရှာတဲ့သူပါ။ ဒါပေမယ့် သူ့ ရဲ့ လုပ်ဆောင်မှုတွေကတော့ ဗုဒ္ဓအလိုကျဖြစ်နေပါတယ်။ သူ့ ရဲ့ စိတ်ဓါတ်ကလည်း ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာနေသူလိုပါဘဲ။ တခါက သူ့ အကြောင်းကို ဦးဇင်းလေးတစ်ပါးနှင့် ပြောဖြစ်တော့ သူက တကယ်လို့ သာ ဒီပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုရင် ဦးဇင်းတို့ က ဆုကြီးပန်လို့ တောင် ပြောချင်တာတဲ့။

ဟုတ်ပါတယ်။ ဒီဆရာဝန်ကြီးဟာ တကယ်ကိုကိုယ်ကျိုးစွန့် ပြီး အများအကျိုးကိုလုပ်သွားခဲ့သူပါ။ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံထားတဲ့ ကျွန်တော်တောင် သူ့ စိတ်ဓါတ်ရဲ့  တစ်စိတ်တစ်ပိုင်းကို မှီဖို့  အချိန်တော်တော်ယူပြီး ကြိုးစားရအုံးမှာပါ။

ဆရာတော်ဦးဇောတိက က သူ့ ရဲ့ တရားကို ကဗျာတစ်ပုဒ်နှင့် အဆုံးသတ်ထားပါတယ်။ ကဗျာနာမည်က "Splendid Torch" တဲ့။ George Bernard Shaw ရဲ့ လက်ရာပါ။ အဲဒီကဗျာကို နားထောင်ရင်း၊ ဖတ်ကြည့်ရင်း အဲဒီကဗျာထဲမှာသုံးထားတဲ့ "Use Up" ဆိုတဲ့စကားလုံးလေးက ကျွန်တော့်ကို စဉ်းစားစရာတွေ အများကြီးဖြစ်စေခဲ့ပါတယ်။

ကျွန်တော်တို့ ဒီဘ၀ ကံအလျောက်ရလာတဲ့ ခန္ဓာကြီးကို ဘယ်လောက်ထိအသုံးချခဲ့ပြီးပြီလဲ။ ဘာတွေအတွက်အသုံးချခဲ့ပြီးပြီလဲ။ မြတ်စွာဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းကြီးများကတော့ သူတို့ ရရှိလာတဲ့ခန္ဓာကိုယ်ကို မိမိအကျိုး၊ သူတစ်ပါးအကျိုးတွေအတွက် အကုန်အသုံးချပြီး ဖယောင်းတိုင် တစ်တိုင်ရဲ့  မီးစာရော၊ ဖယောင်းရော ကုန်တော့မှ မီးငြိမ်းသလိုမျိုး အသုံးချလို့ ရသမျှ အကုန်ထုတ်ပြီး သုံးသွားခဲ့ကြပါတယ်။ နောက်ဆုံး ခန္ဓာဝန်ချမယ့်အချိန်အထိ အများဝေနေယျတို့ ရဲ့ အကျိုးကို ရှေ့ ရှုဆောင်ရွက်တော်မူသွားခဲ့ကြပါတယ်။

မြတ်စွာဘုရား နှင့် အရိယာသူတော်ကောင်းတို့ ရဲ့ တပည့်ဖြစ်ချင်ကြတဲ့ ကျွန်တော်တို့ ကရော ဘယ်အတိုင်းအတာအထိ ကျွန်တော်တို့ ဘ၀တွေကို ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲဆိုတာ ပြန်သုံးသပ်စရာကောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရဲ့ နောက်ပိုင်း မျိုးဆက်သစ်တွေအတွက်ကော ဘာတွေ ပြင်ဆင်ပေးပြီးပြီလဲ။ လက်ဆင့်ကမ်းပေးရမယ်ဆိုရင်ကော ဘာတွေကို ပေးခဲ့မှာလဲ။

ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားတော်ကို အဲဒီညကနာလိုက်ရာက အချိန်တော်တော်ကြာ ကိုယ့်ကိုယ်ကို မမေးဖြစ်တော့တဲ့ ဒီမေးခွန်းတွေခေါင်းထဲ ပြန်ရောက်လာအောင် သတိပေးလိုက်သလို ဖြစ်သွားပါတယ်။

"Giving & Loving" တရားခွေထဲမှာ ဆရာတော် ဦးဇောတိက က "How big are you?" လို့ မေးထားပါတယ်။ ကျွန်တော်လည်း ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုရော၊ ညီအကိုမောင်နှမအားလုံးကိုပါ ထပ်ဆင့်ပြီး မေးလိုက်ပါတယ်ခင်ဗျား။ "HOW BIG ARE YOU?" လို့ ။

Splendid Torch

This is the true joy in life:
the being used for a purpose
recognized by yourself as a mighty one.

The being a force of nature,
instead of a feverish, selfish little clod of ailments and grievances
complaining that the world will not devote itself to making me happy.

I am of the opinion that
my life belongs to the whole community,
and as long as I live,
it is my privilege to do for it whatever I can.

I want to be thoroughly used up when I die -
for the harder I work, the more I live.
I rejoice in life for its own sake.

Life is no "brief candle" to me;
it is a sort of splendid torch
which I have got hold of for the moment,
and I want to make it burn as brightly as possible
before handing it on to future generations.

(George Bernard Shaw)

ရိုသေလေးစားရပါသော ဘုန်းဘုန်းဦးတိက္ခဉာဏလင်္ကာရ နှင့် ပရဟိတလုပ်ငန်းများကို အားကျိုးမာန်တက်လုပ်ဆောင်နေကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ဒီဆောင်းပါး၊ ဒီကဗျာလေးဖြင့် ရိုသေစွာဂါရ၀ပြုလိုက်ပါသည်။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

(ကိုဝိမုတ္တိသုခ ပေးပို့လာတဲ့ အီးမေးလ်ကို ပြန်လည်မျှဝေပါသည်၊ လူသားပီသတဲ့ နှလုံးသားတွေကို ဖော်ထုတ်ကြပါစို့ )

Saturday, September 27, 2008

မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင် အင်တာနက် အပိုင်း ၂

(ဘီစီ ၄၆၉-၃၉၉) ခန့်တွင် ဆရာကြီး ဆိုကရေးတီးသည် သူ၏အမြင့်ဆုံး အတွေးအခေါ်များအနက် တစ်ခုဖြစ်သော "ကမ္ဘာကြီးသည် စက်လုံးကဲ့သို့ လုံးဝန်းသော သဏ္ဍာန်ရှိသည်" ဟူ၍ မိန့်ဆိုခဲ့သေးသည်၊ ထိုစဉ်က ဤအတွေးမျိုးကို လက်ခံသူ မရှိပါ ၊ ရှေးရိုးအစဉ်အလာ အယူအဆကို ဖီဆန်သူအဖြစ် သတ် မှတ်ခံခဲ့ရသည်၊ သေဒဏ်ကိုပင် စီရင်ခံခဲ့ရသည်၊ ထိုစဉ်က သူ၏ မိန့်ဆိုချက်ကား ယနေ့အဖို့ မှန်လွန်းလှသည၏။

ထို့ကြောင့် အဆင့်မြင့် ယနေ့စမ်းသပ်မှုများအရ ဆိုကရေးတီးကို ချီးကျူးဂုဏ်ယူ ဂါရ၀ပြုထိုက်ပါပေ၏၊ သို့သော် ဆရာ ကြီးဆိုကရေးတီးထက် နှစ်ပေါင်းကိုးဆယ်ခန့်စော၍ ဤကမ္ဘာကြီး သာမက စကြာဝဠာကြီးတစ်ခုလုံး ၀ိုင်းဝန်းသော သဏ္ဍာန်ရှိသည် ဟု ပြောခဲ့ဖူးသည့် မဟာလူသားကြီး ရှိခဲ့ပါသည်၊ သူကား သဗ္ဗညုတရွှေဥာဏ်တော်ပိုင်ရှင်အစစ် မြတ်ဗုဒ္ဓဘုရားရှင်ဖြစ်ပါ သည် ဟု paul ၏ ဆောင်းပါးထဲ၌ ဖေါ်ပြထားပါသည်၊ ထို့ကြောင့် မြတ်ဗုဒ္ဓ၏သဗ္ဗညုတဥာဏ်တော်ကိုကား မည်သူတစ် ဦးတစ်ယောက်မျှ တုနှိုင်းမမီနိုင်သော ဥာဏ်တော်ဟု ပြောလျှင် မှားအံ့မည်မထင်ပါ။

၁၉၅၄ ခုနှစ်လောက်တွင် ပေါ်ပေါက်လာသော Spectrum Physics တွင် ရောင်စဉ်များကို သရုပ်ခွဲကြည့်ရာ မျက်လုံးသည် အရောင်များကို မြင်ရာ၌ တစ်ခုပြီးတစ်ခု (တစ် ရောင်ပြီးမှ တစ်ရောင်)မြင်ရသည်ဟူ၍ တွက်ချက်နည်းဖြင့်၎င်း၊ spectrometer ခေါ် ကိရိယာကို အသုံးပြု၍ လက်တွေ့နည်းဖြင့် ၄င်း၊ သက်သေပြခဲ့ကြသည်။
ရှင်းလင်းချက်မှာ မတူညီသော လှိုင်းအလျားတို့၏ ရွေ့ လျားမှုသည် မြန်ဆန်လွန်းသောကြောင့် မတူညီသော
26
အရောင်မျိုးစုံ (နီ၊၀ါ၊ပြာ၊ခရမ်း)စသည်တို့ကို တစ်ပြိုင်နက် မြင်ရ သည်ဟူ၍ ဖြစ်သည်၊ အမှန်ကား မတူညီသော အရာများ ကို အစဉ်အတိုင်းမြင်ရသည်၊ု မြတ်စွာဘုရားက စိတ်ဟူသည် (ဤနေရာ၌ မြင်သိစိတ်) တစ်ချိန်တည်းတွင် နှစ်ခုတစ်ပြိုင်နက် မဖြစ်ကောင်း ဟူ၍ မြတ်ဗုဒ္ဓ၏ တုနှိုင်းမမီသော ဥာဏ်တော်ဖြင့် အဘိဓမ္မာဒေသနာတော်၌ တိကျစွာ ဟောတော်မူခဲ့ပါသည်။
ဆိုအပ်ခဲ့ပြီးသည်တို့ကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ကာလက တကယ်ရှိခဲ့သည့် စွမ်းအားထက်မြက်သော မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အင်တာနက်ပင် ဖြစ်ပါတော့သည်။

ဤသို့ဖြင့် ယနေ့ခေတ်မီပါသည်ဆိုသော အင်တာနက် သည် ခေတ်ဟောင်းဆီက မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အင်တာနက် ထက် ဘာကြောင့်များ ဤမျှလောက်ကွာခြားပြီး အဆင့်နိမ့်နေရ ပါသနည်း။
ရှင်းပါဦးအံ့….ယနေ့ခေတ် အင်တာနက် ပေါ်ပေါက် လာရန်အတွက် ပေးဆပ်ရသည့် အရင်းအနှီးကား…လူသားတို့၏ ဦးနှောက်ဖြင့် တီထွင်ပြီး ငွေကြေးပမာဏနှင့် အချိန်ကာလအား ဖြင့် အတိုင်းအတာတစ်ခုအထိ အရင်းအနှီးလောက်သာ ပေးဆပ် ရမည် ဖြစ်ပါသည်။

မြတ်ဗုဒ္ဓကား သူ၏ကိုယ်ပိုင်အင်တာနက်ကို ရရှိရန် အတွက် အလောင်းတော်ဘ၀ လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလတိုင်အောင် လူတကာတို့ ပြုနိုင်ခဲသော ပါရမီတော်(၁၀) ပါးကို ဖြည့်ကျင့်ခဲ့ရသည်၊ ထိုသို့ဖြည့်ကျင့်ခဲ့ရာတွင် သမုဒ္ဒရာရေ မည်မျှပင် များပြားစေကာမူ မြတ်ဗုဒ္ဓအလောင်းတော် လှူဒါန်း တော်မူခဲ့သော အသွေးတော်၏ ပမာဏကိုကား မမီနိုင်ပါ။
27
မိုးကောင်းကင်က ကြယ်တာရာများ မည်မျှပင် များပြား စေကာမူ လှူဒါန်းတော်မူခဲ့သော မျက်လုံးတော်၏ အရေအတွက်ကိုကား မမီနိုင်ပါ။

မြင်းမိုရ်တောင်ကြီးသည် ယူဇနာ ရှစ်သောင်းလေး ထောင် မြင့်မားစေကာမူ လှူဒါန်းတောမူခဲ့သော ဦးခေါင်းတော် များ စုပုံထားသည့် ထုထည်ကိုကား မမီနိုင်ပါ။

ကမ္ဘာမြေကြီးသည် မည်မျှပင် ထုထည်ကြီးမားစေကာ မူ လှူဒါန်းတော်မူခဲ့သော အသားတော်၏ အရေအတွက်ကိုကား မမီနိုင်ပါချေ။
ယနေ့ခေတ် အင်တာနက်တွင် ၀က်ဘ်ဆိုက် ဒေတာ (website – Data)များ ဘီလျံပေါင်းများစွာမက ရှိပါသော်လည်း ဆန်းကြယ်နက်နဲမှု အရာမှာမူကား မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွင် လွတ်တင်ထားသည့် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တည်း ဟူသော ပိဋကတ်သုံးပုံကိုကား မမီနိုင်ပါချေ။
ဤကဲ့သို့ တုနှိုင်းမမီ ကွာခြားလွန်းမက ကွာခြားလွန်း လှသည့်အကြောင်းမှာ ပြဆိုခဲ့သည့်အတိုင်း အသက်၊သွေး၊ချွေး၊ များစွာဖြင့် ပေးဆပ်ရင်းနှီးခဲ့ရသော မြတ်ဗုဒ္ဓ၏ ပါရမီတော် အရင်း အနှီး ကြီးမားမှုကြောင့်ပင် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ….လောကလူအများ အသုံးပြုနေကြ သော အင်တာနက်၏ စွမ်းဆောင်ရည်မှာ ဘ၀တွင် အဓိကမကျ သည့် ရုပ်ပိုင်းဆိုင်ရာ ထွန်းကားတိုးတက်မှုမျှသာ စွမ်းဆောင်နိုင် မှာ ဖြစ်ပြီး၊ မြတ်ဗုဒ္ဓသည် သူ၏ဥာဏ်တော်အား အသုံးချကာ ဟောကြားတော်မူထားသော ဓမ္မများသည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါ အားလုံးတို့အတွက် ဘ၀တွင် အဓိကကျသည့် စိတ်ပိုင်း ဆိုင်ရာ တိုးတက်မှု အပြည့်အ၀ပေးစွမ်းနိုင်သောကြောင့်
28
မည်သည့်အရာဖြင့် ဖြစ်စေ၊ တုနှိုင်းစေကာမူ တုနှိုင်း၍ မမီနိုင် ပါချေ။
ဤကဲ့သို့ နှိုင်းယှဉ်ရေးသားရခြင်းသည် ယနေ့ အိုင်တီ ခေတ်ကြီးတွင် အကြောင်းပြချက်မျိုးစုံတို့ဖြင့် အွန်လိုင်းပေါ်တက် နေကြသော ခေတ်လူငယ်များအကြားဝယ် သူတို့နားလည်နိင် သည့် စကားလုံးများဖြင့် တန်ဆာဆင်ပြီး မြတ်ဗုဒ္ဓ၏တရားတော် များကို စိတ်ဝင်စားကာ ဘ၀တန်ဖိုး တိုးတက်မှုများစွာ ရရှိကြစေ ရန် ရည်ရွယ်၍ ယခုကဲ့သို့ Internet & Enlightenment of Buddha မြတ်ဗုဒ္ဓဥာဏ်တော်နှင့် အင်တာနက်အကြောင်းကို ရေး သားလိုက်ရခြင်း ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့်….. မြတ်ဗုဒ္ဓ၏ ပါရမီတော်အဟုန် ဂုဏ်တော်အစုံ သဗ္ဗညုတ ရွှေဥာဏ်တော်ဂုဏ်တို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိ ဘာဝနာများ ကြိုးစားပွားများနိုင်ကြစေရန် ရည်ရွယ် လျှက် မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ၏ လင်္ကာလေးကို ဖေါ်ပြလိုက်ရပါတော့သတည်း။
သဗ္ဗညုတဥာဏ်တော်အစွမ်း…….
၁။ သိရန်မှန်က မကျန်ရအောင်၊ လုံးဝစုံလင် အကုန် မြင်၊ သဗ္ဗဉ်ဥာဏ်တော အစွမ်းတည်း။
၂။ သိသည့်တရား၊ များအပြား၌ ၊ ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို ခြယ်လှယ်စုံလင်၊အကုန်မြင် သဗ္ဗဉ်ဥာဏ် တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ၊ များဝေနေ၏ ဣနြေ္ဒစရိုက်၊ သူ့ အကြိုက်ကို၊ နှိုက်ချွတ်စုံလင်၊ အကုန်မြင် သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
ဥာဏ်တော်စွမ်းပကား ဤသုံးပါးကြောင့်၊ အများဝေနေ
29
ကျွတ်လွတ်စေဖို့၊ မနေမနား၊ သက်တော်အားဖြင့် ကြီးမာလေဘိ၊ ရှစ်ဆယ်ပြည့်၍ ပရိနိဗ္ဗာန်၊ စံသည့်တိုင်အောင်၊ သယ်ယူဆောင်၊ ဘုန်းခေါင်ငါတို့ဘုရားတည်း။ ။

အေးစုမွန် ပေးပို့သည်

Thursday, September 25, 2008

မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အင်တာနက်

ယနေ့ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျှင်မြန် သောအဟုန်ဖြင့် တိုးတက်လျှက်ရှိရာ International Network (Internet)ဆိုသည့် အပြည်ပြည်ဆိုင်ရာကွန်ရက် ချိတ်ဆက်မှု ဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာလား ထင်မှတ်ရ လောက်အောင် ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်ခြမ်းသို့ E-mail ဖြင့် သော်၎င်း၊ G-talk, VZO chat, yahoo massanger, Skype စ သည်တို့ဖြင့် ချက်ချင်းပင် webcam နှင့်ရုပ်မြင်၍ဖြစ်စေ၊ စာရိုက်၍ဖြစ်စေ၊အသံဖြင့်ဖြစ်စေ ဆက်သွယ်၍ ရနေပြီဖြစ်ပါ သည်၊ ထို့ကြောင့် ရှေးယခင်က ကမ္ဘာကြီးသည် အလွန်ကျယ် ၀န်းသည်ဟု ဆိုရသော်ငြားလည်း ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန်ကျဉ်းမြောင်းသွားလေပြီ ဟု ဆိုရပါမည်။

တစ်ခါက ပြည်ပ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် (Internet connection)ရက်ပိုင်းလောက် ပြတ်တောက်သွားရာ သူ၏ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရသည့်အတွက်(internet)မရှိလျှင် သူ့တွင် အလွန်နစ်နာကြောင်း ပြောဆိုခဲ့ဖူးပါသည်၊ ဤသည်ကို ထောက် ရှုခြင်းဖြင့် ယနေ့ခေတ်၌ လူသားများအတွက် အင်တာနက်သည် အလွန်အရေးပါ အရာရောက်သည့်အပြင် မရှိမဖြစ် အလွန်လို အပ်သော အရာတစ်ခုအဖြစ်လည်း သက်သေခံနေပေသည်။

အကယ်၍ လူသားတို့အတွက် အင်တာနက်သည် မရှိ မဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပြီဆိုလျှင် လွန်ခဲ့သော ထောင်စုနှစ် နှစ်ခုကျော်တုန်းကလည်း အင်တာနက် လိုအပ်လိမ့် မည်ဟု တွေးတောစရာပင်ဖြစ်သည်။
အကြောင်းမှာ …ထိုခေတ်တုန်းက အင်တာနက် မ ပေါ်ပေါက်သေးချေ၊ သို့သော်လည်း အင်တာနက်ထက် အဆ ပေါင်းများစွာ စွမ်းရည်မြှင့်မားပြီး လောက၌ မည်သည့်အရာနှင့်မျှ တုနှိုင်းမမီသော အရာတစ်ခုကား အမှန်တကယ် ဖြစ်ပေါ်ခဲ့လေ သည်၊ ထိုအရာကား တစ်ခြားမဟုတ်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ရွှေဥာဏ်တော်ကြီးပင် ဖြစ်ပါသည်၊

ယနေ့ခေတ် အင်တာနက်၏ ဆက်သွယ်နိုင်သော ဧရိယာမှာ ကမ္ဘာတစ်ဝှမ်းလောက်မျှသာ ဖြစ် ပါသည်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ရွှေဥာဏ်တော်သည် ဤကမ္ဘာမျှ သာမက စကြာဝဠာ ကမ္ဘာပေါင်းများစွာသို့လည်း ဆက်သွယ်နိုင် ပါသည်။
အင်တာနက်တွင် မိမိအသုံးပြုခဲ့သည့် ၀က်ဘ်ဆိုက် (website)များသို့ ခြေရာခံကာ မိမိ၏ information များကို ခိုးယူ နိုင်ပါသော်လည်း မြတ်ဗုဒ္ဓသည် သူ၏ကိုယ်ပိုင်အင်တာနက် ဟု ဆိုအပ်သည့် သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် အလိုတော်ရှိသလို ကွန်ရက်ဖြန့်ကျက်ကာ အသုံးပြုနေစဉ် မြတ်ဗုဒ္ဓ၏ (information)များကို မည်သူမျှ ခြေရာခံ ခိုးယူနိုင်စွမ်း မရှိသည့် အပြင် လုံခြုံမှု(security)အပြည့်ရှိနေပေသည်။

ယခုဖြစ်ဆဲကာလတွင်လည်း လူ့ပြည်သာမက နတ်ပြည်၊ ဗြဟ္မပြည်တိုင်အောင် သိမြင်နိုင်သကဲ့သို့ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာစသည့် အပါယ်ဘုံသားများ၏ ဘ၀ဖြစ်စဉ်များနှင့် ဖြစ်ရပ်မှန်များကိုလည်း အလိုရှိလျှင် အလိုရှိသလောက် တည်ကျ စွာ သိမြင်နိုင်စွမ်း ရှိပါသေးသည်၊ လွန်ခဲ့သော အတိတ်ကာဆီက မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ ဘ၀များစွာတို့၏ ဖြစ်ရပ်မှန်များကိ အလိုရှိလျှင် အလိုရှိသလောက် တီဗွီဖန်သား ပြင်တွင်သိရသကဲ့သို့ တိကျမှန်ကန်သော အဖြေ များကို ပေးစွမ်းနိုင်ပါသည်၊ ထိုအရာကား "ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်" ဟု ဆိုရသည့် အစွမ်းထက်သော မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင် အင်တာနက်ပင်တည်း။

ထိုမျှမက နောင်ဖြစ်လတံ့သော အဖြစ်အပျက်များကို လည်း လိုအပ်လျှင် လိုအပ်သကဲ့သို့ တိကျမှန်ကန်စွာ သိနိုင်ပါ သည်၊ ထိုအရာကား မြတ်ဗုဒ္ဓ၏ " အနာဂတံသဥာဏ်တော်"ပင် ဖြစ်ပါသည်။
အင်တာနက်ကို အသုံးပြုခြင်းဖြင့် လူသားတို့၏ စီးပွား ရေး၊အိမ်ထောင်ရေး၊ကျန်းမာရေး၊ လူမှုရေး၊ပညာရေး စသည့် လောကရေးရာများစွာကို တိုးတက်သာလွန်အောင် စွမ်းဆောင် နိုင်ကာ ဘ၀ပြဿနာ တစ်စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်ရုံ သာ ဖြေရှင်းပေးနိုင်သည်၊ ရာနှုန်းပြည့်ကား မဖြေရှင်းပေးနိုင်ပေ။

မြတ်ဗုဒ္ဓသည်ကား သူ၏ သဗ္ဗညုတရွှေဥာဏ်တော်ကို အသုံးပြုကာ လူသားများ၏ ဘ၀ကိုသာမက နတ်၊ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဘ၀တိုးတက်အောင်မြင်မှုကိုပါ ရာနှုန်းပြည့်ရရှိစေ ရန် လမ်းညွန်မှုပေးနိုင်ပါသည်၊ ထို့ပြင် နတ်ဗြဟ္မာသတ္တ၀ါတို့၏ တကယ့်ဘေး တကယ့်အရေးဖြစ်သည့် အိုဘေး၊နာဘေး၊သေ ဘေးစသည့် ဘေးဆိုးကြီးများမှလည်း လွတ်မြောက်စေရန် သူ၏ သဗ္ဗညုတဥာဏ်တော်ကို အသုံးချကာ လမ်းညွန်မှု အပြည့်အ၀ ပေးနိုင်ပေသည်၊ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓသည် လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံး၏ အားကိုးရာ ဆရာတစ်ဆူ ဖြစ်ခဲ့သည် မဟုတ် ပါလော။

မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အင်တာနက်ပို့စ်ကို ပေးပို့သည့် ညီမငယ် အေးစုမွန်အား ကျေးဇူးအထူးတင်ပါသည်။

Thursday, September 11, 2008

Double – think. Double-talk Double- standard

ဒီနေ့ဆရာဖေမြင့်ရေးတဲ့ စာဖတ်သမားများ၏ မှတ်စုများ စာအုပ်ကိုဖတ်နေခဲ့တယ်။ တွေးစရာ စိတ်ဝင်စား စရာတွေ အများကြီးပါ ။အဲဒီထဲက သဘောအကျဆုံး အာတီကယ်လေး တခုကို မျှဝေခံစားလိုက်ပါတယ်။

ကျနော်တို့ ငယ်ငယ်က လောကကြီးကို အဖြူ အမည်း နှစ်မျိုးတည်းပဲ မြင်သည်၊ ဖြူသည် မည်းသည်၊ မှန်သည် မှားသည်၊ တရားသည် မတရားသည်၊ တွေ့အကြုံနည်းတော့ ကျနော်တို့သိတာတွေလည်းနည်းသည်။ သို့သော် သိသမျှသည် ရိုးရိုး စင်းစင်း ရှင်းရှင်း ကလေး။
နောက်တော့ တဖြေးဖြေး ပိုသိလာသည်၊ ပိုရှုပ်ထွေးတာတွေမြင်လာသည်၊ ဖြူတိုတို ညိုတိုတို မည်းတည်းတည်း စသဖြင့်၊ မသိချင်၍လဲ မရ ဩ၀ါဒတွေ မကြာခဏ ကြားနေရသည်၊
ဟေ့ကောင်- အားလုံးတသမတ် တည်းမတွေးနဲ့။ ခြွင်းချင်ဆိုတာ ရှိတယ်။ အလိုက်သင့် အလျားသင့်ဆိုတာ ရှိတယ်။ တစ်ဦးချင်း တစ်ခုချင်းရဲ့ ထူးခြားတဲ့ အနေအထားတွေနဲ့ လိုက်လျောညီထွေ စဉ်းစားပေးရတာတွေရှိတယ် ။လောကကြီးမှာ နေရာတကာ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖြတ်လို့မရဘူး။ လောကသဘာဝဟာ အပိုင်းပိုင်း အပြတ်ပြတ် မဟုတ်ဘူး။ အကန့်လိုက် အကန်လိုက် မနေဘူး ။ တိကျတဲ့နယ်နိမိတ်စည်းမရှိဘူး တဆက်တည်းစီးဆင်းရင်းက ပြောင်းလဲသွားတာမျိုး။ ရောင်ပြေးအထည်လို ဒီဘက်ကပြာပေမယ့် ဟိုဘက်ကစိမ်းတယ်။ ပြာလိုက် စိမ်းလိုက် ယ စနမ်းလိုက်ပြာလိုက်. အဲဒီတော့ တခုတည်း မူသေမှတ်တဲ့ အကျင့်ကိုဖျောက် ။မအနဲ့ ၊မတုံးနဲ့ ၊ မကြောင်နဲ့ ၊နားလည်မှုရှိပါစေ ဟိုဘက် သည်ဘက်မြင်တတ်ပါစေ ။ မယုတ်မလွန်ပြောတတ်ပါစေ။လူရည်လည်ပါစေ။

သည်လိုနဲ့ တဖြည်းဖြည်းကျနော်တို့ နုရာမှ ရင့် လာကြသည်။ စကားကို ဟိုမရောက်သည် မရောက်ပြောတတ်လာသည်၊ ယုံတာ မယုံတာ အပထား ရောရောင်ဖြီးဖြန်းလုပ်တတ်လာသည်. အမှတ်တမဲ့ အဖို့တော့ ဟုတ်သလိုလို။ ခုမှဘဲ တတ်လာသလိုလို။လိမ္မာလာသလိုလို၊ သို့သော် အဲသည် လိုလို တွေနှင့် အနေကြာသည့်အခါ ကျနော်တို့ ခေါင်းထဲမှာ ကိစ္စတစ်ခုကို ဖြူသလား မည်းသလား မကွဲပြားတော့။ မှားသည် မှန်သည် မခွဲခြားနိုင်တော့။ တရားသလား မတရားသလား စဉ်းစားရကောင်းမှန်းမသိတော့။
နှစ်ခွတွေး နှစ်မျိုးပြော နှစ်ပုံရပ်ကာ ကျင်လည်လာရင်း တဖြည်းဖြည်း ငယ်စဉ်က ရှိခဲ့သည့် ရိုးစင်းဖြောင့်မှန်သော အသိဥာဏ်တွေ ကွယ်ပျောက်ကာ အရာရာ ၀ိုးတိုးဝါးတားနှင့် သုညသမား ဖြစ်တော့မည်။

( Double-think- ဆန့်ကျင်ဘက် အယူအဆနှစ်မျိုးကို တစ်ပြိုင်တည်း လက်ခံခြင်း။
့ Double-talk - ဝေ့လည်ကြောင်ပတ် မရေမရာ ပြောဆိုခြင်း။
Double- standard -စံနှစ်မျိုးထားခြင်း ၊ လိုသူကိုတစ်မျိုး မလိုသူကို တစ်မျိုး ခွဲခြားသတ်မှတ်ခြင်း။

(သည်အတွက် ဖြေဆေးက အသိဥာဏ် Intelligence နဲ့ စိတ်ဓာတ်သတ္တိ Moral courage ။ အဲသည် နှစ်ခု ဖွံ့ဖြိုးအောင် ဖြည့်ဆည်းပေးနိုင်တာ ပညာရှာဖွေမှု Education ။ )

Thursday, September 4, 2008

စိတ်သဘောထား

ဟိုဒီ လျောက်ကြည့်ရင်း ဒီလို စိတ်ဝင်စား စရာလေးတခု တွေ့လိုက်တယ်။ အင်္ဂလိပ် အက္ခရာ ABCD နဲ့ 1234 တွဲပြီး အသိပညာ၊ ကြိုးစားမှုနဲ့ စိတ်နေသဘောထား ဘယ်အရာက ပိုအရေးပါလဲဆိုတဲ့ တွက်နည်းလေးပါ။ ပထမဦးဆုံး A ကနေ Z အထိကို 1,2 လို့ နံပါတ်တပ်ပြီး စီလိုက်တယ်။


(ဥပမာ...A=1, B=2,.....Z=26)
A B C D E F G H I J K L M N O P Q R S T U V W X Y Z
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26

အသိပညာဆိုတဲ့ (Knowledge) ကို သူ့ဂဏန်းစဉ်အတိုင်း ပေါင်းကြည့်ရင်
(11+14+15+23+12+5+4+7+5=96) ၉၆ မှတ်ရပါတယ်။

ကြိုးစားမှုဆိုတဲ့ (Hardwork) ကို ပေါင်းကြည့်ရင် ၉၈ မှတ်ရပါတယ်။
(8+1+18+4+23+15+18+11=98)

နောက် စိတ်နေသဘောထား (Attitude) ကို ပေါင်းကြည့်ရင် ၁၀၀မှတ်
အပြည့်ရပါတယ်။ (1+20+20+9+20+21+4+5=100)

ဒါလေးဖတ်ပြီး ပုဇွန်ဦးနှောက်ကို တချက်ညစ်လိုက်တော့ ဒီလိုလေးထွက်လာတယ်။ လူတယောက်ဟာ ပညာအဆင့်အတန်း မြင့်တာ၊ ဥစ္စာပစ္စည်း ကြွယ်ဝတာထက် စိတ်သဘောထား ပြည့်ဝဖို့က ပိုအရေးကြီးကြောင်းပါ။

နိုင်းနိုင်စနေ

Monday, August 25, 2008

ချစ်ခြင်း မေတ္တာ

နိုင်းနိုင်းစနေ ရေးတဲ့စာတွေကို အမြဲဖတ်ဖြစ်တယ်၊ သူရဲ့စာတွေက ဘ၀ခွန်အားတွေ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေ ပေးလွန်းလို့ သဘောကျခဲ့တယ်၊ခုလည်းသူရဲ့ ပို့စ်လေးကို သဘောကျလို့ဖော်ပြလိုက်ပါတယ်။


.

တစ်ခါက ဆိုင်တစ်ဆိုင်ရှေ့တွင် “ခွေးရောင်းရန် ရှိသည်” ဟုသော ဆိုင်းပုဒ်တစ်ခုကို ချိတ်ဆွဲထားသည်။ ကလေးငယ် တစ်ဦးက ဆိုင်ထဲသို့ ၀င်ပြီး ဆိုင်ပိုင်ရှင်အား မေးလေသည်။

“ခွေးတစ်ကောင် ဘယ်လောက်လဲ ခင်ဗျာ”
“တစ်ကောင်ကို ဒေါ်လာ ၅၀ ကနေ စရောင်းပါတယ်”

ကောင်လေးမှာ ဘောင်းဘီအိတ်ထဲ လက်နိုက်ပြီး...“ကျွန်တော်မှာ ၃၇ဒေါ်လာပဲ ရှိတယ်... ခွေးတွေကို ကျွန်တော် ကြည့်လို့ရမလား” ဟု ခွင့်တောင်းလေသည်။

ဆိုင်ပိုင်ရှင်က ရီပြီး လေတစ်ချက် ချွန်လိုက်သည်နှင့် ခွေးမကြီးတစ်ကောင်က ခွေးကလေး ငါးကောင်ကို ဦးဆောင်ပြီး ထွက်လာသည်။ ခွေးငယ်လေးများအနက် တစ်ကောင်မှာ နောက်ကောက် ကျန်နေခဲ့သည်။ ကလေးငယ်မှာ ထိုနောက်ကောက်ကျန်နေသော ခွေးကို သတိထားမိလိုက်သည်။ ထို့နောက် ဆိုင်ပိုင်ရှင်အား “ အဲဒီခွေးက ဘာဖြစ်တာလဲ” ဟုမေးလိုက်သည်။

ပိုင်ရှင်က “ဒီတစ်ကောင်က မွေးကတည်းက မသန်ဘူး။ တင်ပါးဆုံ မဖွံ့ဖြိုးဘူးလို့ ဆရာဝန် ကပြောတယ်။ တစ်သက်လုံး ဒီလိုပဲ ဖြစ်သွားတော့မှာတဲ့”

“ဒီတစ်ကောင်ကို ဘယ်လောက်နဲ့ ရောင်းမလဲ” ကလေးငယ်မှာ ၀မ်းသာအားရ မေးလိုက်သည်။

“ဒီမသန်တဲ့ တစ်ကောင်ဆိုရင် မရောင်းဘူး... လိုချင်ရင် အလကားပေးလိုက်မယ်”

ကလေးငယ်မှာ စိတ်မကောင်းစွာဖြင့် ပိုင်ရှင်၏မျက်နှာကို ကြည့်ပြီး....
“ကျွန်တော် အလကားမယူချင်ဘူး...တစ်ခြားခွေးတွေလိုပဲ သူလည်း သူ့တန်ဖိုးနဲ့ သူရှိမှာပါ။ ၃၇ ဒေါ်လာကို ကျွန်တော် အရင်ပေးခဲ့မယ်။ တစ်လကို 50cent ဆီ ကျေတဲ့အထိ ကျွန်တော်လာဆပ်မယ်”

“ဒီခွေးကို ပိုက်ဆံပေးပြီး ၀ယ်စရာ မလိုဘူး လူလေး...ဒီကောင်က တစ်ခြား အကောင်တွေလို မပြေးတတ်ဘူး.. မဆော့တတ်ဘူး”

ကလေးငယ်မှာ ဘာမှပြန်မပြောဘဲ ခါးကိုညွှတ်ပြီး ဘယ်ဖက်ခြေထောက်ကို လှန်ပြလိုက်သည်။ ခြေထောက်မှာ တွန့်လိမ်နေပြီး သံချောင်းဖြင့် တောင့်ခံထားသည်။ ကလေးငယ်မှာ ပိုင်ရှင်ဖက်လှည့်ပြီး

“ကျွန်တော်လည်း သာမန်ကလေးတွေလို မပြေးနိုင်ဘူး၊ မလှုပ်နိုင်ဘူး။ ဒါကြောင့် ဒီခွေးလေးဟာ ကူညီ စောင့်ရှောက်ရမဲ့ လူလိုကြောင်းကို ကျွန်တော်သိလိုက်တယ်”

ပိုင်ရှင်မှာ ၀မ်းနည်းသွားမိသည်။
“ဒီခွေးကလေးတွေ အားလုံး လူလေးလို ပိုင်ရှင်မျိုးနဲ့ ကြုံရပါစေလို့ ဆုတောင်း လိုက်ပါတယ်”

လှပတဲ့ စိတ်နဲ့ ကိုယ်ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ခံစားတတ်မယ်။
စစ်မှန်ဖြူစင်တဲ့ စိတ်နဲ့ လူတိုင်းကို ဆက်ဆံတတ်မယ်။
တာဝန်သိတတ်တဲ့ စိတ်နဲ့ အလုပ်တွေကို ပြီးအောင်လုပ်မယ်။
မ၀င့်ဝါတဲ့ စိတ်နဲ့ ကိုယ့်အမှားကို စစ်ဆေးတတ်မယ်။
ပျော်ရွှင်တဲ့ စိတ်နဲ့ သူတစ်ပါးကို အပျော်တွေ မျှဝေတတ်မယ်။
တက်ကြွတဲ့ စိတ်နဲ့ အကူအညီလိုတဲ့ လူတွေကို ကူညီတတ်မယ်။

တကယ်တော့ ငါဟာဘယ်သူဖြစ်တယ်ဆိုတဲ့ ကိုယ်စားပြုတွေက ဘ၀မှာ သိပ်အရေးမပါ ပါဘူး။ အရေးပါတာက ဘယ်သူငါ့ကို ယုံကြည်သလဲ? ဘယ်သူ ငါ့ကို ချစ်ခင်သလဲ? တန်ဖိုးထားသလဲ? ပေါင်းသင်းသလဲ? ဆိုတာပါပဲ။ တကယ့်သူငယ်ချင်း အစစ်အမှန်ဆိုတာ လူတွေအားလုံး ကိုယ့်ကိုဝိုင်းပယ်ပြီး ထားခဲ့တဲ့အချိန်မှာ ကိုယ့်ဘေးမှာ ကျန်နေခဲ့မယ့် သူပဲဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ကံဆိုတာ ဘယ်ဟာလဲ

ကံနှင့်ပတ်သက်၍စားအုပ်အမျိုးရေးသားဖော်ပြသည်ကိုဖတ်ဘူးပါသည်။ ကံဆိုသည်ကလည်း စာပေဗဟုသုတ မကြွယ်သော ပုဂ္ဂိုလ်အတွက် သိပ်ရှုပ်ထွေးသော အရာတစ်ခုပင် ဖြစ်သည်။ သို့ အတွက်ကြောင့်လည်း မကြံစီ အပ်သော အရာလေးမျိုးတွင် ကံကိုတစ်ခုအပါဝင် ဟောကြား တော်မူခဲ့ပေသည်။ အမှန်ပင်လေ့လာကြည့်လျှင် ကံဆိုသည်မှာ လူသားတိုင်းအတွက် နေ့ စဉ် လုပ်ရှားမှုမှ တစ်ဆင့် ဆည်းပူးစုဆောင်းနေသော အရာတစ်ခု ပင်ဖြစ် နေပေသည်။

မိမိငယ်စဉ်က ကျေးဇူးရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော် ရေးသားဖေါ်ပြထားသောကံဆိုတာ ဘယ် လဲဆိုသည့် အကြောင်းရာကို သွားသတိရမိသည်။ တကယ်ပင်ပြည့်စုံကာ ဖတ်သူများနား လည်းစေ သည့် အရေးသားဖြစ်သည်။ ထို့ ကြောင့် ဘလော့မှာ ဖေါ်ပြလိုက်ရင်း ကံအကြောင်းသိ လိုသူများ ဗဟုသုတရပါစေ ဟုရည်ရွယ်ကာ ဖေါ်ပြလိုက်ရပါသည်။


ဓမ္မပဒတရားတော်နှစ်ပုဒ်ဝယ် ဒုက္ခသည်လည်ကောင်း၊ သုခသည်လည်ကောင်း၊ လိုက်ပါနေသည်ဟု ဟော်တော် မူရာ၌ ဒုက္ခပေးမည့်အကုသိုလ်ကံလိုက်ပါနေသည်ကို ဒုက္ခလိုက်နေသည်ဟုလည်ကောင်း၊ သုခပေးမည့် ကုသိုလ်ကံလိုက်ပါနေသည်ကို သုခလိုက် နေသည်ဟုလည်းကောင်း ဟောတော်မူလိုသည်။ ထိုသို့ ဟောတော်မူ လိုလျှင် ကံဆိုသော တရားသည် အဘယ်တရားနည်းဟု မေးဘွယ်ရှိ၏။ အဖြေကား- ကံဟူသည် ကုသိုလ် အကုသိုလ်စိတ်၌ ယှဉ်လျက်ပါသော စေတနာစေတသိက်တည်း။

စိတ်ကခေါင်းဆောင်၍ ကုသိုလ်အကုသိုလ်ပြုသော်လည်း တကယ်အလုပ်-လုပ်သောတရား သည်စေတသိက် အများတွင် စေတနာစေတသိက်တည်း။ ကောင်းမှုမကောင်းမှုပြုသမျှ၌စေတနာညံ့လျှင်ထိုအမှုလည်းသေငယ်၏။ စေတနာထက်သန်လျှင် ထိုအမှုလည်းကြီးကျယ်၏။ စေတနာသည် မိမိတာဝန်ကိုလည်ဆောင်၏။အခြားတရား တို့ ကိုလည်းဆိုင်ရာတာဝန် ဆောင်ဘို့ ရန်လှုံ့ ဆော်၏။ ဤသို့ လျှင် အလုပ်တစ်ခုခုလုပ်ရာ၌စေတနာ၏သတ္တိ သည် အားကြီးရကား ထိုစေတနာကိုပင် ကံ-အလုပ်ရှင်၊ အမှုသည်ဟု အသိအမှတ်ပြုရသည်။ စေတနာဟံ ဘိက္ခစေ ကမ္မံ ၀ဒါမိ- ရဟန်းတို့ စေတနာကို ကံ-ဟုငါဘုရားမိန့် တော်မူသည်။

ကံ၏သတ္တိလိုက်ပါနေပုံ

ကံသည် ကုသိုလ် အကုသိုလ်စေတနာ, စေတနာသည် စေတသိက်ဖြစ်လျှင် အခြားနာမ်တရား တို့ကဲ့သို့ ဖြစ်ပြီးလျှင် ချုပ်သွားသည် မဟုတ်လော၊ အဘယ်သို့ လိုက်ပါနေသနည်းဟု မေးဘွယ်ရှိ ၏။ အဖြေကား-ကံဟုခေါ်ဝေါ်အပ် သော စေတနာသည် ဖြစ်ပြီးလျှင် ချက်ခြင်းချုပ်သော်လည်း ကံ၏သတ္တိကားကျန်ရစ်၏။ထိုကျန်ရစ်သောသတ္တိ သည် အကျိုးပေးဘို့ ရန် အစွမ်းမကုန်သေး သမျှ အမြဲလိုက်ပါ၍နေသည်။

ထင်ရှားစေအံ့- လူတစ်ယောက်သည် ကလေးဘ၀၌သူငယ်တန်း မှစ၍ ပညာသင်၏။ ထိုသူငယ်သည် အတန်းအဆင့်ဆင့်တက်၍ နောက်ဆုံးအတန်း ထိအောင် သင်၏။ ထိုသူငယ်၏ ရှေးရှေးအတန်း၌ သင်ခဲ့သောစာတွေသည် တချို့ မှာသူ့ ကိုယ်တိုင် သတိ မရ သော်လည်း သင်ယူအပ်ပြီးသောပညာ၏ အသိဥာဏ်သတ္တိကား သူ၏ သန္တာန်၌ လိုက်ပါနေ သည်သာ။ ထို့ ကြောင့် တတန်းထက်တတန်းတက်ရာ၌ အသိဥာဏ်လည်း အဆင့်ဆင့်ကြီး ထွားလျက်လာလေသည်။ ထို့ အတူကံတရားသည် ဖြစ်ပြီးချုပ်သွားသော်လည်း ထိုကံ၏ သတ္တိ ကား ကံပြုသူ၏သန္တာန်၌ ကျန်ရှိရစ်သည်သာ။ ထို့ ကြောင့်အကြောင်းညီညွတ်သောအခါ ထိုသူ၏ ကံသည် ထိုသူ၏ သန္တာန်မှာ အကျိုးကို ဖြစ်စေရသည်။

ဥပမာတနည်းကား

လူတစ်ယောက်အား ငယ်စဉ်ကကျန်းမာရေးဆေးအစာတို့ ကို လူကြီးများကဂရုစိုက်၍ကျွေး၏။ထိုဆေးထိုအစာ တို့ သည် စားပြီး၍ ရက်အနည်းငယ်ကြာလျှင် ၀မ်းထည်း၌ ကုန်သွားသော် လည်း ထိုဆေးထိုအစာ၏ကျန်းမာစေ နိုင်သော သတ္တိမှာ ထိုသူ၏သန္တာန်၌ ကျန်ရှိရစ်၏။ ထို့  ကြောင့်ထိုသူသည် နောင်အခါ၌ ကျန်းမာသူဖြစ်ရ၏။ ငယ်ရွယ်စဉ်က အပျော်အပါးလိုက်စားသူ သေရည်အရက်ကို အလွန်အကျွံသောက်စားသူလည်းထိုပျော်ပါး သောက်စားမှုတို့ ၏မကောင်း သတ္တိသည် ကျန်ရှိရစ်သောကြောင့် နောင်အခါမကျန်းမာသူဖြစ်ရ၏။ ထို့ အတူကံ တရားတို့  သည်လည်း သတ္တိမကုန်သမျှ ထိုသူအား ကုသိုလ်ကံသည် ကောင်းကျိုးပေး၍ အကုသိုလ်ကံ သည် ကောင်းကျိုးပေး၍ အကုသိုလ်ကံကလည်း မကောင်းကျိုးပေးလေတော့သည်။



Tuesday, August 12, 2008

လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ

မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။

ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။

"ကောင်းပြီလေ.... အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ"

ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ လူတွေက သတိမထားမိခဲ့ကြတယ်။ တံခါးစောင့်ကလည်း ဘုရားသခင် ပြောထားတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှ ဘာမှဝင်မပြောဘဲ လူတွေ လာဆုတောင်းသမျှ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ငြိမ်နားထောင်နေလိုက်တယ်။

ဒီလိုနဲ့တစ်နေ့မှာ ကုန်သည်ကြီးတစ်ဦး ရောက်လာခဲ့တယ်။ ကုန်သည်ကြီး ဆုတောင်းပြီး အပြန်မှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်။ ဒါကို တံခါးစောင့်ကမြင်တော့ ကုန်သည်ကို လှမ်းပြီး သတိပေးချင်နေမိတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ သူမပြောဘဲနေလိုက်တယ်။

တစ်အောင့်ကြာတော့ ဆင်းရဲသားတစ်ဦး ရောက်လာခဲ့တယ်။ ဆင်းရဲတွင်းကလွတ်ဖို့ ဆုတောင်းပြီး သူလှည့်အထွက်မှာ ပိုက်ဆံအိတ်ကို တွေ့သွားခဲ့တယ်။ ငွေတွေအထပ်လိုက် ထည့်ထားတဲ့ ပိုက်ဆံအိတ်ကိုရတော့ ဆင်းရဲသားဟာ ဆုတောင်းပြည့်တယ်ဆိုပြီး ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။

ဒါကို သစ်သားပေါ် ရပ်နေတဲ့ တံခါးစောင့် မြင်တော့ သူတစ်ပါးပစ္စည်းကို မယူဖို့ သူတားချင်နေတယ်။ ဒါပေမယ့် ပြောခွင့်မရှိလို့ မပြောဘဲနေလိုက်ပြန်တယ်။

မိနစ်ပိုင်းလေးခြားပြီး လူငယ်တစ်ဦး ရောက်လာပြန်တယ်။ ရေကြောင်းခရီးအတွက် ဘေးမသီရန်မခဖို့ လာရောက် ဆုတောင်းတာဖြစ်တယ်။ လူငယ်ဆုတောင်းပြီး လှည့်အထွက်မှာ ပိုက်ဆံအိတ်မေ့လို့ ပြန်လာယူတဲ့ ကုန်သည်နဲ့တိုးခဲ့တယ်။ ကုန်သည်က မပြောမဆို လူငယ်ကိုဖမ်းချုပ်ပြီး ပိုက်ဆံအိတ်ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဘုမသိ ဘမသိ လူငယ်နဲ့ ကုန်သည်တို့ ငြင်းခုံကြတော့တယ်။

အဖြစ်အပျက်တွေ အားလုံးမြင်ခဲ့တဲ့ ဘုရားသခင် အယောင်ဆောင် တံခါးစောင့်ဟာ ငြင်းခုံနေတာတွေကြည့်ပြီး မအောင့်နိုင်ဘဲ ကုန်သည်ကို အဖြစ်မှန်တွေ ပြောပြလိုက်တယ်။ အားလုံးအမြင်ရှင်းကြပြီး ကုန်သည်က ဆင်းရဲသားကို လိုက်ရှာဖို့ ထွက်သွားသလို လူငယ်က သဘောင်္တက်ဖို့ ထွက်သွားကြတယ်။

အဲဒီအချိန်မှာ ဘုရားသခင်က အပေါ်မှာရပ်နေတဲ့ ဆင်းရဲသားကို
"အသင် ဆင်းခဲ့တော့... ဒီနေရာဟာ အသင်နဲ့မထိုက်တန်ဘူး" လို့ ပြောလိုက်တယ်။

"ကျွန်တော်မျိုး အမှန်တွေပြောခဲ့တယ်၊ မျှတအောင် လုပ်ခဲ့တယ်။ ဒါတွေမှားသွားပါသလား ဘုရားသခင်" လို့ တံခါးစောင့်က ပြန်မေးတော့

"ကုန်သည်က ငွေတွေပေါများနေတယ်။ အိတ်ထဲငွေတွေက သူပျော်ပါးဖို့ သက်သက်ပဲဖြစ်တယ်။ ပိုက်ဆံအိတ်ကောက်ရတဲ့ ဆင်းရဲသားက သူ့မိသားစုတစ်စုလုံးကို အဲဒီငွေနဲ့ ကယ်တင်နိုင်တယ်။ သနားစရာအကောင်းဆုံးက ဟိုလူငယ်ပဲ။ သူသာ ကုန်သည်နဲ့ဆက်ပြီး ငြင်းနေရင် သဘောင်္နောက်ကျမယ်။ သင်္ဘောနောက်ကျတော့ ခုလို့ သဘောင်္နစ်ပြီး မသေနိုင်တော့ဘူးပေါ့" လို့ ဘုရားသခင်က ရှင်းပြလိုက်တယ်။

တကယ့်လက်တွေ့ဘဝမှာ လူတွေက ဒီလိုလုပ်မှ၊ ဒါမှ အကောင်းဆုံးဖြစ်မယ်လို့ တွေးထင်တတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စက ဆန္ဒနဲ့အလုပ် ထပ်တူမကျခဲ့ဘူး။ လက်ရှိ ရင်ဆိုင်နေရတဲ့ အဆိုးတွေဟာ အကောင်းဖက် ဦးတည်ဖို့လည်း ဖြစ်နိုင်တယ်။ ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။

Thursday, August 7, 2008

ဒေါသနည်းအောင်နေနည်း



အရေးမကြီးတဲ့ ရပိုင်ခွင့်တချို့ကို မရမက ရအောင် မလုပ်ပါနဲ့။
သူ့ထက်အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ မဖြစ်လောက်တဲ့ ကိစ္စလေးကို
မရမကလုပ်ရင်းနဲ့ အဆင်မပြေဖြစ်ရရင် အချိန်ကုန်လူပန်းပြီး
တစ်ခြားပိုပြီးအကျိုးရှိ တဲ့အလုပ် ပျက်တာပဲအဖတ်တင်မယ်။

တစ်ထောင်ဖိုးရအောင်လုပ်ရင်း အချိန်ကုန်မယ့်အစား တစ်သိန်းဖိုးရ
အောင်လုပ်ပါ။ ကိုယ့်အချိန်နဲ့ ကိုယ့်အင်အားကို
ပိုပြီးအကျိုးများမယ့် နေရာမှာ သုံးပါ။ အသေးအမွှား ရပိုင်ခွင့်ကို
အချိန်ကုန်ခံပြီး မရမက ရအောင်လုပ်နေရင် ကိုယ့်စိတ်ထားပါ နိမ့်ကျသွားမယ်။

ဘာမှအရေးမကြီးတဲ့ ကိစ္စလေးတွေက တစ်ခါတစ်လေ ကိုယ့်ကိုအကြီးအကျယ်
ဒေါသဖြစ်သွားစေတာမျိုး ကြုံရတတ်တယ်။ နောက်မှစိတ်အေးသွားတဲ့အခါ
ဒီလောက် အသေးအဖွား ကိစ္စလေးလောက်နဲ့ ဣနြေ္ဒသိက္ခာမဲ့သွား လောက်အောင်
ဒေါသဖြစ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို အံ့သြမိတာ၊ ရှက်တာ ကြုံဘူးမှာပါ။
အဲ့ဒါမျိုး မဖြစ်အောင် သတိထားပါ။

တစ်ရာတန်လောက် ကိစ္စကြောင့်ဒေါသဖြစ်နေရင် တစ်သိန်းတန်လောက် ကိစ္စမှာလစ်ဟင်း သွားနိုင်တယ်။
မပေါင်းသင့်တဲ့သူနဲ့ မပေါင်းဖို့ အင်မတန်အရေးကြီးပါတယ်။ အန္တရာယ်ရှိတဲ့သူနဲ့ပေါင်းရင် ကိုယ်ပါ ဒုက္ခရောက်သွား မယ်။
အရှင်းဆုံးဥပမာနဲ့ ပြောရရင် မူးယစ်ဆေးဝါး သုံးတဲ့သူ ရောင်းတဲ့သူ၊အကျင့်စာရိတ္တ မကောင်းတဲ့ သူတွေနဲ့ မပေါင်းသင့်ဘူး။ တစ်ချို့က ငယ်သူချင်းဖြစ်လို့ ဆိုပြီး အကျင့်စာရိတ္တ မကောင်းပေမယ့် ပေါင်းတယ်။
တစ်နေ့တော့ ဒုက္ခရောက်တာပါပဲ။

သူ့ကိုကယ်ရင်း ကိုယ်ပါနစ်သွားတာ လည်းတွေ့ရတယ်။ နာမည်ပျက်ရှိတဲ့သူနဲ့ တွဲရင် ကိုယ်ပါ
နာမည်ပျက်မှာ သေချာတယ်။ မရိုးသားတဲ့ စီးပွားရေးမျိုး လုပ်နေတဲ့သူတွေနဲ့လည်း မပေါင်းသင့်ဘူး။
သိပ်ပင်ပန်းလွန်းတဲ့ အခါမှာလည်း စိတ်မရှည်ဘူး။ ဒါကြောင့်ပင်ပန်းလွန်းသွားတာမျိုး မဖြစ်အောင်စီစဉ်ပါ။ မလွဲသာ မရှောင်သာ ပင်ပန်းလွန်းတဲ့ အခြေအနေကို ကြုံရရင် စကားများများမပြောပါနဲ့။

ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း ပြောစရာရှိတာကို နောက်မှအေးအေးဆေးဆေး
ပြောမယ်ဆိုတဲ့အကြောင်း မှာထားပြီး အနားယူပါ။
ဘယ်သူ့ကိုမှ အလွန်အကျွံ အလိုမလိုက်ပါနဲ့။ အလိုလိုက်လွန်းရင် ကြာလေပိုပြီး
အလိုက်မသိလေ ဖြစ်တတ်တယ်။ အလိုလိုက်တာများလေ ရတာနဲ့ မကျေနပ်လေ ဖြစ်တတ်တယ်။
ကြာရင်မတတ်နိုင်တဲ့ အတိုင်းအတာရောက် အောင် တောင်းဆိုလာမယ်။ အဲ့ဒိအခါမှာ
စိတ်တိုမယ်။ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်၊ စိတ်ဆင်းရဲရမယ်။

သူတစ်ပါးရဲ့ရိုင်းဆိုင်းတဲ့အမူအရာ၊ အဆင့်အတန်းနိမ့်တဲ့ အမူအရာကြောင့်
ကိုယ်မှာဒေါသယမ်းအိုး မပေါက် အောင်သတိထားပါ။ (ယခုခေတ်မှာ
လူတော်တော်များများဟာ ကိုယ်အမူအရာ ယဉ်ကျေးသိမ်မွေ့မှုကို အလေး မထားကြဘူး။
ယဉ်ကျေးတဲ့သူဖြစ်ရတာကို တန်းဖိုးထားတဲ့စိတ်၊ ဂုဏ်ယူတဲ့စိတ်မျိုးကို
မွေးပေးရမယ်။ လူငယ်တစ် ချို့ဟာ ရိုင်းစိုင်းတဲ့ အမူအရာမျိုးကို လုပ်ပြတဲ့
ဗီဒီယိုတို့ကို ကြည့်ပြီးတော့ အတုယူမှားကြတယ်။)
တစ်ယောက်ကို တစ်ယောက် အထင်လွဲနေလို့ စိတ်ဆင်းရဲရတာ တော်တော်များပါတယ်။
ဒါကြောင့် အထင်လွဲစ ရာ မဖြစ်အောင် သတိထားသင့်တယ်။

တစ်ယောက်နဲ့တစ်ယောက် အထင်လွဲတာမျိုး မဖြစ်အောင် တတ်နိုင်သ လောက်
ကြိုတင်စဉ်းစားပြီး ရှင်းထားပါ။ ပြောသင့်တာတွေကို ကြိုကြိုတင်တင်ပြောထားပါ။ သိလောက်ပါတယ် လို့တွေးပြီးမှ တစ်ဖက်က မသိလို့ မလုပ်တာမျိုး ကြုံရတဲ့အခါ သိရက်နဲ့ တမင် မလုပ်ပေးတာလို့တွေးပြီး
စိတ်ဆိုး မိတတ်တယ်။

လူတစ်ယောက်နဲ့ လူတစ်ယောက် စရိုက်မတူဘူး။ ဖြတ်သန်းလာရတဲ့ ဘ၀အတွေ့ အကြုံမတူဘူး။ ဒါကြောင့် အခြေ အနေတစ်ခုကို မြင်ပုံခံစားပုံ အဓိပ္ပါယ်ကောက်ပုံ မတူဘူး။ ကိုယ်မြင်သလို သူလည်းမြင်မယ်လို့ ပုံသေ
မတွေးပါနဲ့။ ငါ မြင်သလို မမြင်ရကောင်းလားဆိုပြီး စိတ်မဆိုးပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါ။

အလုပ်တစ်ခုကို ခိုင်းတဲ့အခါမှာ တတ်နိုင်သလောက် လိုအပ်သမျှ အချက်အလက် တွေကို ပြည့်ပြည့်စုံစုံပေးပါ။ ခဏခဏ ကိုယ့်ဆီကိုလာပြီး မေးမနေရအောင် ကြိုကြိုတင်တင် ပြောပြပေးထားပါ။
လူတော်တော်များများဟာ ဒေါသဖြစ်ရတာကို ကော်ဖီစွဲသလိုကို စွဲနေကြတယ်။

အထူးသဖြင့် ရာထူးကြီးတဲ့သူ တွေပိုပြီး ဒေါသကြီးတတ်တယ်။ ဒေါသကြီးရတာကို
ပါဝါတစ်မျိုးလို့ကို ခံစားရတယ်။ ပြောချင်သလို ပြောလိုက်ရတာမျိုးကို ပါဝါတစ်မျိုးလို ခံစားရတယ်။
ကိုယ်က ရာထူးကြီးကြီးလေလေ အောင်မြင်လေလေ ကိုယ့်ဆီက အကူအညီတောင်းမည့်သူတွေ
အခွင့်အရေး တောင်းမည့်သူတွေ များလာလေပဲ။ တစ်ခါတစ်လေ အဲ့ဒိလူတွေကြောင့်
စိတ်အနှောက်အယှက် အများကြီး ဖြစ်ရ တတ်တယ်။

လူတွေရဲ့ကောင်းတဲ့အချက်လေးတွေကို မကြာမကြာတွေးပါ။
အထူးသဖြင့်လူတစ်ယောက်ကို မကျေမနပ်ဖြစ် နေရင် သူ့အကြောင်းကောင်းတာလေးတွေ
တွေးဖြစ်အောင်တွေးပါ။


ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် ပြိုင်ဖက်ရှိပါတယ်။ ပြိုင်ဖက်တွေအပေါ်မှာ မနာလိုတဲ့စိတ်ဖြစ်တတ်တယ်။ ဒေါသစိတ် ဖြစ်တတ်တယ်။ ပြိုင်ဖက်တွေက ကိုယ့်ကိုဒုက္ခပေးနေ တယ်လို့ တွေးတတ်တယ်။ တစ်ကယ်လည်း ဒုက္ခပေးတတ် ပါတယ်။ ရေရှည်မှာ အဆင်ပြေချင်ရင် ပြိုင်ဖက်တွေကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာ နဲချင်ရင် ပြိုင်ဖက်တွေ အပေါ်မှာ သဘောထားကြီးကြီးထားပါ။

ပြိုင်ဖက်ရှိတာ ကောင်းတယ်လို့ သဘောထားပါ။ ပြိုင်ဖက်တွေကိုလည်း ကိုယ်တတ်နိုင်တဲ့ အကူအညီပေးပါ။
အလုပ်လုပ်တာ ငွေရဖို့တစ်ခုတည်း အတွက်မဟုတ်ပါဘူး။ စိတ်ချမ်းသာဖို့၊ မိတ်ဆွေကောင်းများဖို့၊ ကိုယ့်အလုပ်နဲ့ လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုဖို့၊ ကိုယ့်အရည်အချင်းတွေကို သုံးရဖို့၊ ပါရမီဖြည့်ဖို့ဆိုတဲ့
ရည်ရွယ်ချက် လေးတွေလည်းပါမှ လေးနက်မယ်။ အဓိပ္ပါယ်ရှိမယ်။ ကျေနပ်မှုရှိမယ်။

အသွားရှိရင် အပြန်ရှိတတ်တယ်လို့ သဘောထားရမယ်။ အဲ့သလိုသဘောထားတဲ့အခါ
ကိုယ့်ဘက်က အသွားရှိပေမယ့် သူ့ဖက်က အပြန်မရှိတဲ့အခါ ဒေါသဖြစ်တတ်တယ်။
စိတ်ပျက်တတ်တယ်။ ဒါကြောင့်ဒေါသဖြစ်တာ နည်းချင်ရင်၊ စိတ်ညစ်ရတာ၊ စိတ်ပျက်ရတာနည်းချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူး ဆိုတာကို
မမေ့ပါနဲ့။


ကိုယ် တတ်နိုင်တဲ့အခါ ဘာမှပြန်မမျှော်လင့်ပဲ ကူညီလိုက်ပါ။ အခုပြောတဲ့အချက်တွေဟာ သိပြီးသားတွေပဲ များမယ်ထင်ပါတယ်။ သိပြီသားပေမယ့် မေ့နေတတ်လို့ သတိပေးတဲ့ အနေနဲ့ ပြောပြတာပါ။ ဆက်ပြီးတော့ စဉ်းစားပါ။ ကိုယ့်ဒေါသကို ကိုယ်သိပြီးတော့ ထိန်းသိမ်းနိုင်တဲ့သူ ၊ရင့်ကျက်တဲ့သူ၊
အကျိုးရှိတဲ့အလုပ်တွေကို များများလုပ်နိုင်ပြီး စိတ်ကျေနပ်မှုရတဲ့သူတွေ
ဖြစ်ကြပါစေ။

The artical by Sayataw U zawtika

Tuesday, August 5, 2008

ဗုဒ္ဓဘာသာဆိုတာ

ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်တရားကိုယ်ဟာ ဘာလဲလို့ မေးရင် တစ်ချို့က “သစ္စာလေးပါးကို သိအောင်လုပ်ပေးတာ”လို့ ဖြေချင်ဖြေမယ်၊ တစ်ချို့က “မဂ္ဂင် ရှစ်ပါးကို ကျင့်ခိုင်းတာ”၊ တစ်ချို့က “နိဗ္ဗာန်ကို မျက်မှောက်ပြု ခိုင်းတာ” စသည် အသီးသီး ဖြေချင် ဖြေမယ်။ ဒီအဖြေတွေထက် လူတိုင်း ပိုမိုနားလည် လွယ်ကူစေမယ့် စကားမျိုးနဲ့ ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဆိုတာ “အကြောင်းနဲ့အကျိုးကို ဆက်စပ်ပြပေးတာ”လို့ ဖြေရမှာ ဖြစ်ပါတယ်။ လူတွေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတစ်စုံတစ်ရာအတွက် “အဲဒီရဲ့ မူလလက်သည်အရင်းက ဒါပါ”လို့ အတိအကျ ဖော်ညွှန်းပေးတာဟာ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

လက်တွေ့ဘ၀မှာလိုက်ကြည့်ရင်ပဲ လူတွေမှာ အကြောင်းအကျိုး ဆက်နွယ်မှုကို နီးနီးစပ်စပ် ဆင်ခြင်တတ်လေ၊ လူဟာ ပိုပြီး တည်ငြိမ်ရင့်ကျင့်မှုရလေဆိုတာ အထင်အရှား ဖြစ်ပါတယ်။ အမှန်တော့ လူဟာ အခြားသတ္တ၀ါတွေထက် စာရင်တော့ အကြောင်းနဲ့အကျိုးကို ဆက်စပ်ကြည့်တတ်ပါတယ်။ အခြေအနေတစ်ခုခုကို ကြည့်ပြီး ဒါဟာ ဒါ့ကြောင့်ဖြစ်လာတယ်ဆိုတာကို တွက်ချက်တတ်ပါတယ်။ (အဲဒါကြောင့်ပဲ လူဟာ အခြားသတ္တ၀ါတွေထက် ခေါင်းတစ်လုံး သာနေတာပါ။) ဒါပေမယ့် အဲဒီလို အကြောင်းနဲ့အကျိုး ဆက်စပ်တဲ့အခါမှာ ဖန်တီးခံထားရတဲ့စိတ်အခံနဲ့ ခံစားဆုံးဖြတ်တဲ့ အကောင်းအဆိုး သတ်မှတ်မှုရယ်၊ ရိုးရိုးမျက်စိနဲ့ ထင်သာမြင်သာတဲ့အကြောင်းကိုပဲ ရှာတတ်တာရယ်ကြောင့် ပြဿနာတစ်ခုရဲ့ ဇာစ်မြစ်အထိ ကြည့်ဖို့ မစွမ်းဖြစ်ပြီး ကိုယ် မြင်သလို ဖြေရှင်းနေကြတော့ တချို့ပြဿနာတွေ တကယ် ငြိမ်းမသွားပါဘူး။

ဆိုပါတော့ လူဟာ ကလေးဘ၀တည်းက “ငါ မကြည်မသာ ဖြစ်နေတယ်ဆိုတာ ဗိုက်ထဲမှာ အစာလိုနေတာ”လို့ သိမယ်။ “အဲဒီ့လိုနေတဲ့အစာဟာ ငိုလိုက်ရင် ပေါ်လာမယ်” (သို့) “တွေ့လေရာကို ကောက်စားလိုက်ရင် ငြိမ်းမယ်”လို့ သိမယ်။ အဲဒီလိုပဲ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးဟာ နောက်အသက်ကြီးလာတဲ့အထိ မသိစိတ်မှာ စွဲမြဲလာပြီး တစ်ချိန်မှာလည်း တစ်စုံတစ်ယောက်က ကိုယ့်ကို လာဆဲတယ်ပဲ ထားပါတော့၊ အဲဒီ့လို အဆဲခံရတဲ့အခါ “ငါ့မှာ တစ်စုံတစ်ရာ ပဲ့သွားတယ်”လို့ သိမယ်၊ “အဲဒီလို နောက်ကို ပဲ့မသွားအောင် ဆဲလာတဲ့သူကို လက်သီးနဲ့ထိုးပြီး နောက်ကို မဆဲရဲတော့အောင် လုပ်ရမယ်”လို့ သိမယ်။ အဲဒီလို တွက်ချက်မှုမျိုးနဲ့ပဲ လောကမှာ ဖြစ်ပျက်နေသမျှ အခြေအနေတွေကို ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ “ချုံပုတ်ထဲကနေပြီး ခွေးတစ်ကောင်ကို ခဲနဲ့ လှမ်းပေါက်တော့ အဲဒီခွေးက သူ့ကို ပေါက်တဲ့လူထက် သူ့ရှေ့ရောက်လာတဲ့ ခဲကိုပဲ လိုက်ဟပ်တယ်”ဆိုတဲ့စကား ရှိပါတယ်။ “ခဲဆိုတာ ဘယ်လိုနည်းနဲ့မှ သူဟာသူ လွင့်လာစရာအကြောင်းမရှိဘူး”လို့ သိနေတဲ့ လူက ခဲကိုတော့ ရန်မမူပါဘူး၊ အဲဒီအစား တစ်ချို့ အဲဒီခဲလုံး မိုးပေါ်က ကျလာတယ် အထင်နဲ့ ကောင်းကင်ကို ကြောက်လန့်တကြား ရှိခိုးဆုတောင်းတာနဲ့ တစ်ချို့ မြေကြီးထဲက ထွက်လာတယ်အောက်မေ့ပြီး မြေကြီးကို ဒေါသမာန်ပါပါ ဖနှောင့်နဲ့ပေါက်တာတွေ ဘာတွေ လုပ်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓကိုယ်တိုင် ဥာဏ်အလင်းကို စပြီးရခဲ့တဲ့အချိန်ကရော၊ နောက်တပည့်သာဝကတွေ သစ္စာတရားကို နားလည်သွားတဲ့အခါမှာပါ ဥာဏ်မှာ ထင်လာတဲ့ စကားလေး တစ်ခုရှိပါတယ်၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမသ္မ္ပ္ပိံ အသတိ ဣဒံ န ဟောတိ (ဒီဟာ ဖြစ်ရင် ဒါဖြစ်မယ်၊ ဒါဖြစ်မလာခဲ့ရင် ဒါဖြစ်လာစရာ အကြောင်း မရှိဘူး)” ဆိုတဲ့ စကားပါ။ အကြောင်းအကျိုး ဆက်နွယ်မှုကို သဘောပေါက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီစကားထဲမှာ အကြောင်းဆိုရင်လည်း ပေါ်ယံအကျဆုံးအကြောင်းကနေ အကြောင်းရဲ့ အကြောင်းရင်း စသည် နဂိုမူလဇာတ်မြစ်အထိ အဆက်ဆက်၊ အကျိုးဆိုရင်လည်း အကျိုးရင်းအကျိုးဖျားခွဲခြားရုံသာမက ဆိုးကျိုးထင်ရတဲ့အရာဟာ တကယ့်ဆိုးကျိုး ဟုတ်မဟုတ်၊ အကောင်းလို့ သတ်မှတ်ထားသမျှလည်း တကယ် ကောင်းတာ သေချာမသေချာ၊ ဆိုးတဲ့အကျိုးရဲ့ ဇာစ်မြစ်ကို ဖယ်ရှားဖို့ အားထုတ်ခြင်း၊ ကောင်းတာရဲ့ အကြောင်းရင်းတွေကို အထပ်ထပ် လုပ်ဆောင်ခြင်းတွေအထိပါ ခြုံငုံပါဝင် သွားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာက ပြောထားသမျှ အနှစ်ချုပ်ဟာ အကြောင်းအကျိုးကို ဆက်စပ်နားလည်အောင် သင်ပြပေးတာလို့ ပြောရမှာပါ။ အဲဒီအရာကို စကားတစ်မျိုးနဲ့ ပြောင်းပြောတဲ့အခါမှသာ နဂိုက ပြောခဲ့တဲ့ “သစ္စာလေးပါးကို သိခြင်း”၊ “မဂ္ဂင် ရှစ်ပါးကို ကျင့်ခြင်း”၊ “နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း” စသည်တွေ ထွက်လာတာ ဖြစ်ပါတယ်။

ရေးသူ>> သယံဝသီ
copy of ABC blog