Sunday, May 25, 2008

ဧည့်သည်

25-05-2008

ယနေ့ခေတ် ယနေ့အချိန်အခါကို ဂလိုဘယ်ခေတ်ဟု ပြောဆိုကြ၏၊ ကမ္ဘာ့အရှေ့မှအနောက် တောင်မှမြောက်သို့ နာရီပိုင်းအတွင်း သွားလာနိုင်ခြင်း၊ အီလက်ထရောနစ် ဆက်သွယ်မှုစနစ်များကို အသုံးပြုကာ တယောက်အသံကို တယောက်ကြားနိုင်ခြင်းတို့က ကမ္ဘာကြီးသည် ရွာငယ်လေးတခုကဲ့သို့ဖြစ်ကြောင်း သက်သေထူလျက်ရှိ၏။

မိမိလည်း တခါတရံ online မိတ်ဆွေများနှင့် internet မှတဆင့် စကားပြောဖြစ်၏၊ မိသားစုအကြောင်း၊ ငယ်ဘဝအကြောင်း၊ ပညာရေးအကြောင်း၊ လျှောက်လှမ်းခဲ့သည့် ဘဝခရီးအတွေ့အကြုံအကြောင်း စတာတွေကို ပြောဆိုကြပြီး အချိန်စေ့လျင် နှုတ်ဆက်ကာ လမ်းခွဲရ၏။
မှန်ပါ၏၊ မိမိတို့ online ပေါ်၌ ဧည့်သည်အဖြစ် ခဏတာတွေ့ဆုံကြခြင်းမျှသာဖြစ်ပြီး အချိန်တန်တော့ လမ်းခွဲရသည်မှာ သဘာဝနိယာမပင်၊ မိမိတို့အားလုံး ဘဝတခုကို ရရှိခဲ့၏၊ ငယ်စဉ်ဘဝ မိသားစုနှင့် အတူနေခဲ့ရပြီး အချိန်တန်အရွယ်ရောက်လာတော့ ပညာရေး အိမ်ထောင်ရေး စီးပွားရေး စတာတွေကို ရှာဖွေရင်း နေရာအနှံ့ သွားကြ လာကြ ရှာကြ ဖွေကြရပြန်၏၊ နောက်ဆုံးတော့ ကိုယ့်မိသားစု ကိုယ့်အိမ် ကိုယ့်ရပ်ရွာကိုပင် ဧည့်သည်အဖြစ်သာ ပြန်ရောက်တော့၏၊
သြော်……. လူ့ဘဝဆိုတာကိုပင် မိမိတို့ ဧည့်သည်အဖြစ် ရောက်လာခဲ့သည် မဟုတ်ပါလား? အချိန်တန်လျင် လူ့ဘဝဆိုတာကိုပင် လမ်းခွဲနှုတ်ဆက်ကာ မပြီးဆုံးသေးသော ဘဝခရီးကို လျှောက်နေကြရအုံးမည်သာဖြစ်၏။

မှန်ပါ၏၊ မိမိတို့ယောအသင်းသည်လည်း ဧည့်သည်အဆင့်မျှသာဖြစ်၏၊ ဧည့်သည်အချင်းချင်း ကံကောင်းထောက်မစွာ တွေ့ဆုံခိုက် အတ္တမာနများ လျော့ချကာ ခွင့်လွတ်ခြင်း စာနာထောက်ထားခြင်း အပြန်အလှန်နားလည်မှုရှိခြင်း တယောက်နှင့်တယောက် လူသားအမြင်ရှိခြင်း လူကိုလူဟုမြင်တတ်ခြင်း-စသည့် လူသားတယောက်အတွက် ရှိသင့်ရှိထိုက်သည့် အရည်အသွေးများကို မွေးမြူကာ လမ်းမခွဲခင် စိတ်ကောင်းပြင်ပြီး တတ်နိုင်သလောက် ကူညီဖေးမကြပါစို့၊ မှန်၏၊ ဧည့်သည်ဆိုတာ အချိန်တန်လျင် ပြန်ကြရမည်သာ။

0 comments: