22-05-2008
၁၉.၅.၂၀၀၈-နေ့တွင် စင်္ကာပူရောက် ယောအသင်း အောင်မြင်စွာပေါ်ထွက်ခဲ့ပြီ ဖြစ်ပါသည်။ လူသားတစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို စိတ်တူကိုယ်တူ ဆန္ဒတူဖြင့် အကောင်အထည်ဖော်ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။ လူသားတစ်ယောက်၏ ဘ၀ဟူသည် တိုတောင်းလှ၏။ နတ်တို့ကဲ့သို့ ရှည်လျားလှသည်မဟုတ် မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားတွင် ရှင်သန်ခွင့်ရသမျှ အချိန်အတွင်းမှာ မိမိတို့၏ သမိုင်းကောင်းများကို ချန်ထားရစ်နိုင်ဖို့ လိုအပ်လှ၏။ စင်္ကာပူရောက်ယောအသင်းကို အကောင်အထည်ဖော်နိုင်ကြခြင်းမှာလည်း မိမိတို့၏ သမိုင်းသစ်ကို ရေးထိုးခြင်းဟုလည်း ဆိုနိုင်ပါသည်။ တွေးကြည့်တိုင်း ကြည်နူးစရာကောင်းသည့် ထိုလုပ်ရပ်ကို နှလုံးသားကောင်းရှိသူတိုင်း အသိအမှတ်ပြု ၀မ်းမြောက်ကြမည်မှာ သေချာပါသည်။
နှလုံးသားကောင်းရှိသူ (သူတော်စင်)ဟူသည်-
၁။ အခက်အခဲရှိသူများကို စာနာတတ်သော စိတ်ထားဖြင့် ကိုယ်ရောစိတ်ပါ အကူအညီပေးခြင်း၊
၂။ မိမိနှင့် အဆင့်အတန်းတူသူများအပေါ် ကြည်ဖြူစွာလက်တွဲ ဆောင်ရွက်နိုင်ခြင်း။
၃။ မိမိထက် အဆင့်အတန်းမြင့်သူများအပေါ် ၀မ်းမြောက်လှိုက်လှဲစွာ အားပေးခြင်း အသိအမှတ်ပြုခြင်းတို့သည် စိတ်ကောင်း နှလုံးသားကောင်းရှိသူ သူတော်စင်တို့၏ အရည်အသွေးများပင်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူဘယ်ဘာသာဝင်မဆို အထက်ဖော်ပြပါ အရည်အသွေးများ ရှိနေလျှင် စိတ်ကောင်းနှလုံးကောင်းရှိသူ သူတော်စင်ဟုခေါ်နိုင်ပါ၏။ စိတ်ကောင်း နှလုံးသားကောင်းရှိသူသည် ထိုလမ်းမပေါ်၌ အိပ်၏၊ ထိုလမ်းပေါ်၌ စား၏၊ ထိုလမ်းမပေါ်၌ လျှောက်လှမ်းနေ၏၊ နောက်ဆုံး၌ ထိုစိတ်ကောင်း နှလုံးကောင်းရှိသူသည် စိတ်၏ငြိမ်းအေးမှုအစစ်အမှန်ကို ရရှိမည်ဖြစ်ပါ၏၊ သို့ဖြစ်၍ စာနာထောက်ထားခြင်း ကြည်ဖြူစွာလက်တွဲဆောင်ရွက်နိုင်ခြင်း၊ ၀မ်းမြောက်လှိုက်လှဲစွာ အားပေးခြင်း ဆိုသည့် common way ဆိုသည်မှာ လူသားတိုင်း လျှောက်လှမ်းသင့်သည့် တူညီသော လမ်းမပင်ဖြစ်သကဲ့သို့ လူသားတိုင်းလုပ်ရမည့် အလွန်အရေးကြီးသော အလုပ်လည်းဖြစ်ပါသည်။
ယောသူ/သားအပါအဝင် စာဖတ်သူအားလုံးတို့ကလည်း 1-ဒုက္ခရောက်သူများကို ကြင်နာသောလက်များဖြင့် ဖေးမခြင်း၊ 2-တန်းတူသူများကို ဖြူစင်အေးမြသော မေတ္တာလက်များဖြင့် ကမ်းလှမ်းခြင်း၊ 3-ကိုယ့်ထက်သာသူများအပေါ် အသိအမှတ်ပြု ဝမ်းမြောက်ခြင်းစသည့် သူတော်ကောင်းတို့ သွားရာလမ်း ( သို့ ) လူသားတိုင်း လျှောက်လှမ်းသင့်သည့် တူညီသောလမ်းမမှာ အတူတကွ လျှောက်လှမ်းရင်း မိမိအကျိုး ဒေသအကျိုး ဘာသာသာသနာအကျိုးကို ဆထက်တိုး၍ လျှောက်လှမ်းဆောင်ရွက်ကြပါစို့။
Wednesday, May 21, 2008
တူညီသောလမ်းမှာ လျှောက်လှမ်းကြစို့
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment