သတ္တလောက သင်္ခါရလောက ဩကာသလောက ဆိုပြီး လောက သုံးမျိုးရှိကြောင်း ဗုဒ္ဓစာပေ ကျမ်းဂန်များမှာ ဖော်ပြထားပါတယ် ၊ ဒီကမ္ဘာလောကကြီး ကို ဩကာသလောက လို့ခေါ်ဆိုပြီး ၎င်းကမ္ဘာပေါ်မှာ နေကြသူအားလုံးကို သတ္တလောက ၊ ၎င်း သတ္တ၀ါတို့ သန္တာန်မှာ ရှိတဲ့ စိတ် စေတသိက် ရုပ်တရားတွေကို သင်္ခါရလောကလို့ ခေါ်ပါတယ် ၊
ဓမ္မဆိုတာ လောကအတွင်း အမှန်တကယ် ဖြစ်ပျက်နေတဲ့ သဘောတရား အမှန်တွေကို အရှိအတိုင်းသိအောင် ဖော်ပြပေးနေတာပါ ၊ ဓမ္မရဲ့ သဘောထားက ဘက်လိုက်မှု မရှိပါဘူး၊ အရှိကို အရှိတိုင်း သိအောင်မီးမောင်းထိုးပြပါတယ် ၊
၁- ဘယ်သူမဆို ( လူ ၊နတ် ၊ဗြဟ္မာ၊ တိရိစ္ဆာန် ) ငယ်ရာကနေကြီးရင့်ပြီး နောက်ဆုံးမှာ သေခြင်းသဘောတရားနဲ့ ရင်ဆိုင်ရမယ် ၊
၂- အားကိုးရာ အစစ်အမှန်ဆိုတာ မရှိဘူး ကိုယ့်ကိုယ်ကို အစိုးမရဘူး ၊
၃- ရှိသမျှ ပစ္စည်းတွေကို ထားခဲ့ပြီးသွားရမယ် ၊
၎ - ကိုယ့်အလိုဆန္ဒပြည့်ဝခြင်း ရောင့်ရဲခြင်း မရှိဘဲ လိုခြင်မှုရဲ့ ကျေးကျွန်ဖြစ်နေရတယ် - ဒါဟာ လောကအပေါ်မှာ ထားရှိတဲ့ ဓမ္မရဲ့ သဘောတရားပါ ။
လူသားတိုင်း ဘ၀တခုကို ရရှိခဲ့ပါတယ် ရရှိပြီးတဲ့ ဒီဘ၀တခု ပုံမှန်လည်ပတ်နိုင်ဖို့ လှုပ်ရှားရုန်းကန်ကြရတယ် လူဆိုတာ လှုပ်လှုပ်ရှားရှားနဲ့ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရတဲ့ သတ္တ၀ါပါ ပါဠိမှာတော့ ဒါကို ဥဋ္ဌာနဖလူပဇီဝီလို့ခေါ်ပါတယ် ၊ ( နတ်တွေ ဗြဟ္မာတွေကတော့ ကံအဟောင်းကို ထိုင်စားရတဲ့ ကမ္မဖလူပ ဇီဝီ ပုဂ္ဂိုလ်တွေပါ ၊ ) ဒီလိုလှုပ်ရှား ရုန်းကန်ရင်းနဲ့ ကိုယ့်အလိုဆန္ဒ မပြည့်ဝခင် လောကကြီးကို နှုတ်ဆက်ထွက်ခွါရတာပါ ၊
ဗုဒ္ဓကတော့ ရောင့်ရဲကျေနပ်ကြဖို့ မိန့်မှာတော်မူပါတယ် ၊ ဗုဒ္ဓ ဆိုလိုတဲ့ ရောင့်ရဲခြင်းက အကြောင်းကို အကောင်းဆုံးဖြစ်အောင် ကြိုစား ၊ ရလာတဲ့ အကျိုးတရားပေါ်မှာ ရသလောက်နဲ့ ကျေနပ်ကြလို့ ဆိုလိုတာဖြစ်ပါတယ် အကျိုးတရားပေါ်မှာ ရောင့်ရဲခြင်း မရှိရင် ဘ၀မှာ ပျော်ရွှင်မှုတွေနဲ့ ဝေးနေတတ်တယ် ဘာမှမလုပ်ဘဲနဲ့ ငါက ရောင့်ရဲတင်းတိမ် တတ်တယ်ကွ ဆိုတာ ဗုဒ္ဓအလိုကျ ရောင့်ရဲခြင်းမဟုတ်ဘဲ လူးပျင်းတို့ရဲ့ အကြောင်းပြချက်တခုသက်သက်ပါ။
် လောကအပေါ်မှာထားတဲ့ ဓမ္မသဘောထား နောက်တခုက အားကိုးရာမရှိဘူး ကိုယ့်ကိုယ်ကို အစိုးမရဘူး တဲ့ ၊ ဟုတ်ပါတယ် သေခါနီးလူတယောက်ရဲ့ အခြေအနေနဲ့ မှန်းဆသိနိုင်ပါတယ် သူ့ကိုချစ်တဲ့လူတွေလဲ မကယ်နိုင်ပါဘူး အကောင်းဆုံး ဆေးဝါးတွေလဲ မကယ်နိုင်ပါဘူး ကိုယ်ပြုလုပ်ထားတဲ့ ကောင်းမှုကလွဲပြီး ကျန်တဲ့ သက်ရှိသက်မဲ့ဟာ သူ့ကို အနည်းငယ် အကူအညီပေးနိုင်တာ ကလွဲလို့ သူ့အတွက် အားကိုးရာ အစစ်မဟုတ်တော့ပါဘူး ၊
နောက်တချက်ကတော့ ကိုယ်ပိုင်တဲ့ ပစ္စည်းမှန်သမျှကို စွန့်လွှတ်ပြီး သွားရမယ် တဲ့ ၊ ပစ္စည်းဥစ္စာဆိုတာ လက်ထဲကနေ ခဏဖြတ်သန်းသွားတဲ့ အရာတခုမျှသာပါ အဲဒီပစ္စည်းတွေကို အကြောင်းပြုပြီး ကိုယ်တိုင်အဆင်ပြေဖို့ မိသားစုအဆင်ပြေဖို့ ကျေးဇူးရှင်တွေကို ကျေးဇူးတုံ့ဆပ်နိုင်ဖို့ ကုသိုလ်ကောင်းမှု လုပ်နိုင်ဖို့ သာ အသုံးချကြရမှာပါ ၊ ဒီထက်ပိုပြီး ပစ္စည်းဥစ္စာက လုပ်ဆောင်ပေးနိုင်စွမ်းမရှိပါဘူး သေတော့လဲ ဒါတွေအားလုံးဟာ ထားရစ်ခဲ့ရတာဘဲ မဟုတ်လား ၊
့ - ဘ၀ဆိုတာ လိုတာဘဲ အမြဲပြနေတယ် ရောင့်ရဲကျေနပ်ခြင်းမရှိဘူး လိုချင်မှုရဲ့ကျေးကျွန်ဘဲ ဖြစ်နေရတယ်တဲ့ ဓမ္မဟာ တကယ့်အရှိတရားကို ဖော်ပြတာဖြစ်လို့ တကယ်ကို မှန်ကန်လှပါတယ် မွေးဖွားချိန်ကစ ယခုကြီးပြင်းလာတဲ့ အချိန်ထိ မလိုချင်တဲ့နေ့ရက်ဆိုတာ လက်ချိုးရေတွက်လို့ ရနိုင်ပါတယ် ၊ ထမင်းကောင်း ဟင်းကောင်းကောင်းလေးတွေ စားချင်တာ ကျောင်းနေအရွယ်မှာ စာအုပ်လှလှ ဘောပင်လှလှ လေးတွေလိုချင်တာ အရွယ်ရောက်လာတော့ လိုချင်မှုတွေက တကယ့်ကို အရောင်အသွေးစုံလှပါတယ် ဟိုဟာကစ -----ဒါအထိ အကုန်လိုချင်တာပါ ဒါပေမယ့် ကိုယ့်ဆန္ဒမပြည့်ဝခင် လိုချင်မှုရဲ့ ကျေးကျွန်အဖြစ် အမှုတော်ထမ်းရင်း ဘ၀တခု အဆုံးသတ်ကြရပြန်ပါတယ်
လောကအပေါ်မှာထားတဲ့ ဓမ္မရဲ့ သဘောထားအမြင်တွေက တကယ့်ကို ရှင်းလင်းပါတယ် အရှိကို အရှိအတိုင်းပဲ သတိပေးလမ်းညွှန်နေတာပါ ၊ လောကမှာ ကိုယ်မလိုချင် ကိုယ်လက်မခံချင်ပေမယ့် တကယ့် အရှိသဘာဝ ကိုတော့ ငြင်းပယ်နိုင်စွမ်း မရှိပါဘူး အဲဒီ အရှိသဘာဝဆိုတာ ဓမ္မပါဘဲ။ ဓမ္မဟာ လူမျိုးတမျိုး ဘာသာတခုရဲ့ ကိုယ်ပိုင်မဟုတ်ပါဘူး လူသားအားလုံး သိရှိလိုက်နာသင့်တဲ့ ဘ၀လမ်းညွှန် တခုဖြစ်ပါတယ်၊ ဒါကြောင့် လောကအပေါ်ထားရှိတဲ့ ဓမ္မသဘောထားအမြင်ကို လက်ခံနိုင်အောင်ကြိုးစားကြပါစို့။
Tuesday, September 23, 2008
လောကအပေါ် ထားရှိသည့် ဓမ္မသဘောထား
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment