Thursday, September 25, 2008

မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အင်တာနက်

ယနေ့ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျှင်မြန် သောအဟုန်ဖြင့် တိုးတက်လျှက်ရှိရာ International Network (Internet)ဆိုသည့် အပြည်ပြည်ဆိုင်ရာကွန်ရက် ချိတ်ဆက်မှု ဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာလား ထင်မှတ်ရ လောက်အောင် ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်ခြမ်းသို့ E-mail ဖြင့် သော်၎င်း၊ G-talk, VZO chat, yahoo massanger, Skype စ သည်တို့ဖြင့် ချက်ချင်းပင် webcam နှင့်ရုပ်မြင်၍ဖြစ်စေ၊ စာရိုက်၍ဖြစ်စေ၊အသံဖြင့်ဖြစ်စေ ဆက်သွယ်၍ ရနေပြီဖြစ်ပါ သည်၊ ထို့ကြောင့် ရှေးယခင်က ကမ္ဘာကြီးသည် အလွန်ကျယ် ၀န်းသည်ဟု ဆိုရသော်ငြားလည်း ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန်ကျဉ်းမြောင်းသွားလေပြီ ဟု ဆိုရပါမည်။

တစ်ခါက ပြည်ပ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် (Internet connection)ရက်ပိုင်းလောက် ပြတ်တောက်သွားရာ သူ၏ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရသည့်အတွက်(internet)မရှိလျှင် သူ့တွင် အလွန်နစ်နာကြောင်း ပြောဆိုခဲ့ဖူးပါသည်၊ ဤသည်ကို ထောက် ရှုခြင်းဖြင့် ယနေ့ခေတ်၌ လူသားများအတွက် အင်တာနက်သည် အလွန်အရေးပါ အရာရောက်သည့်အပြင် မရှိမဖြစ် အလွန်လို အပ်သော အရာတစ်ခုအဖြစ်လည်း သက်သေခံနေပေသည်။

အကယ်၍ လူသားတို့အတွက် အင်တာနက်သည် မရှိ မဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပြီဆိုလျှင် လွန်ခဲ့သော ထောင်စုနှစ် နှစ်ခုကျော်တုန်းကလည်း အင်တာနက် လိုအပ်လိမ့် မည်ဟု တွေးတောစရာပင်ဖြစ်သည်။
အကြောင်းမှာ …ထိုခေတ်တုန်းက အင်တာနက် မ ပေါ်ပေါက်သေးချေ၊ သို့သော်လည်း အင်တာနက်ထက် အဆ ပေါင်းများစွာ စွမ်းရည်မြှင့်မားပြီး လောက၌ မည်သည့်အရာနှင့်မျှ တုနှိုင်းမမီသော အရာတစ်ခုကား အမှန်တကယ် ဖြစ်ပေါ်ခဲ့လေ သည်၊ ထိုအရာကား တစ်ခြားမဟုတ်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ရွှေဥာဏ်တော်ကြီးပင် ဖြစ်ပါသည်၊

ယနေ့ခေတ် အင်တာနက်၏ ဆက်သွယ်နိုင်သော ဧရိယာမှာ ကမ္ဘာတစ်ဝှမ်းလောက်မျှသာ ဖြစ် ပါသည်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ရွှေဥာဏ်တော်သည် ဤကမ္ဘာမျှ သာမက စကြာဝဠာ ကမ္ဘာပေါင်းများစွာသို့လည်း ဆက်သွယ်နိုင် ပါသည်။
အင်တာနက်တွင် မိမိအသုံးပြုခဲ့သည့် ၀က်ဘ်ဆိုက် (website)များသို့ ခြေရာခံကာ မိမိ၏ information များကို ခိုးယူ နိုင်ပါသော်လည်း မြတ်ဗုဒ္ဓသည် သူ၏ကိုယ်ပိုင်အင်တာနက် ဟု ဆိုအပ်သည့် သဗ္ဗညုတရွှေဥာဏ်တော်ဖြင့် အလိုတော်ရှိသလို ကွန်ရက်ဖြန့်ကျက်ကာ အသုံးပြုနေစဉ် မြတ်ဗုဒ္ဓ၏ (information)များကို မည်သူမျှ ခြေရာခံ ခိုးယူနိုင်စွမ်း မရှိသည့် အပြင် လုံခြုံမှု(security)အပြည့်ရှိနေပေသည်။

ယခုဖြစ်ဆဲကာလတွင်လည်း လူ့ပြည်သာမက နတ်ပြည်၊ ဗြဟ္မပြည်တိုင်အောင် သိမြင်နိုင်သကဲ့သို့ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာစသည့် အပါယ်ဘုံသားများ၏ ဘ၀ဖြစ်စဉ်များနှင့် ဖြစ်ရပ်မှန်များကိုလည်း အလိုရှိလျှင် အလိုရှိသလောက် တည်ကျ စွာ သိမြင်နိုင်စွမ်း ရှိပါသေးသည်၊ လွန်ခဲ့သော အတိတ်ကာဆီက မရေမတွက်နိုင်သော လူနတ်ဗြဟ္မာ ဘ၀များစွာတို့၏ ဖြစ်ရပ်မှန်များကိ အလိုရှိလျှင် အလိုရှိသလောက် တီဗွီဖန်သား ပြင်တွင်သိရသကဲ့သို့ တိကျမှန်ကန်သော အဖြေ များကို ပေးစွမ်းနိုင်ပါသည်၊ ထိုအရာကား "ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်" ဟု ဆိုရသည့် အစွမ်းထက်သော မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင် အင်တာနက်ပင်တည်း။

ထိုမျှမက နောင်ဖြစ်လတံ့သော အဖြစ်အပျက်များကို လည်း လိုအပ်လျှင် လိုအပ်သကဲ့သို့ တိကျမှန်ကန်စွာ သိနိုင်ပါ သည်၊ ထိုအရာကား မြတ်ဗုဒ္ဓ၏ " အနာဂတံသဥာဏ်တော်"ပင် ဖြစ်ပါသည်။
အင်တာနက်ကို အသုံးပြုခြင်းဖြင့် လူသားတို့၏ စီးပွား ရေး၊အိမ်ထောင်ရေး၊ကျန်းမာရေး၊ လူမှုရေး၊ပညာရေး စသည့် လောကရေးရာများစွာကို တိုးတက်သာလွန်အောင် စွမ်းဆောင် နိုင်ကာ ဘ၀ပြဿနာ တစ်စိတ်တစ်ဒေသကို ဖြေရှင်းပေးနိုင်ရုံ သာ ဖြေရှင်းပေးနိုင်သည်၊ ရာနှုန်းပြည့်ကား မဖြေရှင်းပေးနိုင်ပေ။

မြတ်ဗုဒ္ဓသည်ကား သူ၏ သဗ္ဗညုတရွှေဥာဏ်တော်ကို အသုံးပြုကာ လူသားများ၏ ဘ၀ကိုသာမက နတ်၊ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဘ၀တိုးတက်အောင်မြင်မှုကိုပါ ရာနှုန်းပြည့်ရရှိစေ ရန် လမ်းညွန်မှုပေးနိုင်ပါသည်၊ ထို့ပြင် နတ်ဗြဟ္မာသတ္တ၀ါတို့၏ တကယ့်ဘေး တကယ့်အရေးဖြစ်သည့် အိုဘေး၊နာဘေး၊သေ ဘေးစသည့် ဘေးဆိုးကြီးများမှလည်း လွတ်မြောက်စေရန် သူ၏ သဗ္ဗညုတဥာဏ်တော်ကို အသုံးချကာ လမ်းညွန်မှု အပြည့်အ၀ ပေးနိုင်ပေသည်၊ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓသည် လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံး၏ အားကိုးရာ ဆရာတစ်ဆူ ဖြစ်ခဲ့သည် မဟုတ် ပါလော။

မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အင်တာနက်ပို့စ်ကို ပေးပို့သည့် ညီမငယ် အေးစုမွန်အား ကျေးဇူးအထူးတင်ပါသည်။

0 comments: