Monday, October 6, 2008

အကြွေစောသူ




သူဟာ ၂၀၀၈ ခု နှစ်ဦးပိုင်းမှာ သီရိလင်္ကာမှာ ဗုဒ္ဓစာပေတွေကို မွမ်းမံသင်ယူဖို့ ရောက်လာခဲ့တယ် ၊ first term အပြီးမှာ ဒေသန္တရ ဗဟုသုတရဖို့ စင်္ကာပူနဲ့ မလေးရှားကို ခရီးထွက်ခဲ့တယ် မတူညီတဲ့ မြို့ပြတွေမှာ မတူညီတဲ့ သဘောတရားတွေကို လေ့လာခွင့်ရလို့ သူဟာအရမ်းကို ပျော်ရွှင်နေခဲ့တယ်၊ ပျော်ရွှင်မှုတွေဟာ သူ့အတွက်ရေရှည် မခံလိုက်ပါဘူး ကွာလာလမ်ပူရောက်တဲ့နေ့မှာပဲ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်တဲ့သတင်းက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်၊

ပြီးတော့ ဆရာဘုန်းကြီးလဲ နာဂစ်ထဲပါသွားသလို သူ့ရဲ့ ရဟန်းဒကာ, ရဟန်းဒကာရဲ့သားဟာလဲ နာဂစ်ထဲမှာပါသွားတယ်ဆိုတဲ့ သတင်းပါရလို့ မြန်မာပြည်ကို အပြေးအလွှားပြန်သွားခဲ့ရတယ်။ မပြန်ခင်မှာ စာရေးသူကို တဖွဖွမှာနေသေးတယ် ‘ အမြဲအဆက်အသွယ်လုပ်ဖို့ ရယ် ကျောင်းကိစ္စတွေအဆင်ပြေအောင်ဆောင်ရွက်ပေးဖို့ဆိုတာတွေပေါ့။ ကိုယ့်ရပ်ကိုယ့်ရွာကို ကူညီချင်တဲ့ နှလုံးသားလှသူ သူငယ်ချင်းဟာ နေ့မနား ညမနား ရေထဲနစ်မြုပ်နေတဲ့ ရွာထဲမှာ ရွာသူ ရွာသားတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေခဲ့တယ်၊ ပုံမှန်မစားရ သန့်ရှင်းတဲ့သောက်ရေမရတဲ့ သူဟာ နာဂစ်လွန် တလကျော်မှာ ရောဂါ တွေစတင် ဖိစီးခံရတော့တာပါ၊ ဒါပေမယ့် သူဟာ ဆေးရုံပေါ်ရောက်လိုက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်လိုက်နဲ့ သူ့ရောဂါဟာ အဆိုးဆုံးအနေအထားကို ရောက်လာတော့ စင်္ကာပူမှာ ဆေးကုခံရတဲ့အထိဖြစ်လာပါတယ်၊

စင်္ကာပူဆရာဝန်တွေက အသဲကင်ဆာဖြစ်ကြောင်း နောက် ၂ လ သာ ရှင်သန်ခွင့်ရှိတော့ကြောင်း သိရတော့ သူဟာမြန်မာပြည်ကို ပြန်သွားရတယ်။ ဆေးရုံပေါ်မှာ သူ့ရဲ့အနာဂတ်အိပ်မက်တွေကို တဖွဖွပြောနေခဲ့သေးတယ်၊ ခုတော့သူဟာ ဘယ်သူမှမလွန်ဆန်နိုင်တဲ့ သေခြင်းတရားနောက်ကို ၃- ၁၀ - ၂၀၀၈ နေ့မှာ လိုက်သွားခဲ့ရပါပြီ ၊ သူပျံလွန်တော်မူချိန်မှာ သူ့အသက်ဟာ ၃၁ သာ ရှိသေးတာပါ ၊ နေမယ်ဆိုရင်နေလို့ ရနိုင်သေးတဲ့အနေအထားမှာ ရှိပါသေးတယ် ဒါပေမယ့် လူသားတိုင်းမလိုချင်ဆုံး မကြားချင်ဆုံး သေခြင်းတရားကတော့ ဘယ်သူကိုမှ မျက်နှာသာမပေးခဲ့ပါဘူး ၊မိမိတို့သူငယ်ချင်းတွေကတော့ သူဟာအကြွေစောလွန်းသူရယ်လို့သာ နှမြောတမ်းတနေမိပါတော့တယ်။ ဒီနေ့ ၆-၁၀-၂၀၀၈ မှာ သူ့အတွက်ရည်စူးပြီး သူငယ်ချင်းတွေပေါင်းစုလို့ ဆွမ်းဒါနပြုကြတယ်။ သူငယ်ချင်းရေ ရောက်ရာဘုံဘ၀က သာဓုခေါ်နိုင်ပါစေ။

0 comments: