Monday, October 6, 2008

ဆေးရုံပေါ်မှာ ပြေးလွှားခဲ့ရတဲ့နေ့

သူငယ်ချင်းတပါး ပျံလွန်တော်မူလို့ သူ့အတွက်ရည်စူးပြီး ဆွမ်းကပ်ဖို့ပြင်ဆင်နေခဲ့ကြတယ်။ အဲဒီနေ့မှာဘဲ သူငယ်ချင်းတပါးက မြန်မာပြည်ကိုပြန်မယ်ဆိုပြီး ကိုလံဘို စံတော်ချိန် ၁၁ နာရီမှာ လေဆိပ်ကိုဆင်းသွားခဲ့တယ်၊ ၁၅ မိနစ်လောက်အကြာမှာတော့ စောစောက လေဆိပ်ဆင်းတဲ့အဖွဲ့ ကားအက်စီးဒင့်ဖြစ်ကြောင်း ဖုန်းသတင်းက ၀င်လာလို့ စားနေတဲ့နေ့ဆွမ်းပြီးအောင် မစားနိုင်တော့ဘဲ အပြေးအလွှား ဆေးရုံကိုလိုက်သွားကြတယ်။

ကားအက်စီးဒင့်ဖြစ်တဲ့နေရာနဲ့နီးတဲ့ ဆေးရုံကိုရောက်သွားတော့ ဒီမှာကုလို့မဖြစ်နိုင်လို့ အခြားဆေးရုံကိုပြောင်းလိုက်ပြီဖြစ်ကြောင်းသိရလို့ အဲဒီဆေးရုံကို လိုက်သွားကြရပြန်တယ် မိမိတို့နေတဲ့ကျောင်းနဲ့ ဆေးရုံက ကားတနာရီ ခွဲလောက်မောင်းမှ ရောက်တာပါ၊ အဲဒီဆေးရုံရောက်ပြန်တော့ အပြင်းအထန်ဒဏ်ရာရတဲ့သူတွေကို နောက်ထပ်ဆေးရုံပြောင်းလိုက်ရတယ်ဆိုတာ သိရပြန်တော့ နောက်ဆေးရုံတရုံကို အပြေးလိုက်ကြရပြန်ပါတယ်၊

ဒဏ်ရာရတဲ့သူတွေက ၆ ပါးဖြစ်နေလို့ ဓာတ်မှန်ရိုက်တဲ့သူတွေက ရိုက် ပတ်တီးစီးတဲ့သူတွေကစီး သွားထိခိုက်တဲ့လူနာတွေကို သွားဆေးခန်းပြနဲ့ပေါ့ အဲဒီ နာဝါလောကဆိုတဲ့ဆေးရုံက ၈ ထပ်ရှိတော့ အထက်တက်လိုက် အောက်ဆင်းလိုက် သူနာပြုတွေအော်တာနားထောင်လိုက်နဲ့ တနေကုန်ဆေးရုံပေါ်မှာ ပြေးလွှားနေခဲ့ရပါတယ်၊ လူဆိုတာ ကိုယ့်ဟာကိုယ် မသေတော့မယ်လူတွေလိုနေတတ်ကြတာပါ စာရေးသူအပါအ၀င်ပေါ့။ ဒါပေမယ့် သေချင်းတရားက ဘယ်နေ့ဘယ်ရက်လို့ ချိန်းချက်ထားတာ မရှိတော့ အချိန်မရွေး မိမိတို့ဆီ ရောက်လာနိုင်ပါတယ်၊ မျှော်လင့်မထားတာတွေဖြစ်တတ်သလို ကိုယ်မျှော်လင့်ထားတာတွေဟာလဲ ဖြစ်မလာတတ်တဲ့လောကမှာ အသက်ရှင်နေစဉ်ကာလလေးတွေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရမှာပါ ၊

ဘာဘဲဖြစ်ဖြစ် အဲဒီဆေးရုံးပေါ်တွေမှာ ပြေးလွှားခဲ့ရတဲ့ ၅-၁၀-၂၀၀၈ တနင်္ဂနွေ နေ့ကတော့ မိမိအတွက် တကယ့်ကို အမှတ်တရပါ။

0 comments: