Friday, August 21, 2009

ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေ

ရက်စက်လွန်းတဲ့ ကံကြမ္မာရယ်လို့သာ အော်ဟစ်လိုက်ချင်ပါရဲ့၊ လောကကြီးထဲကို လူသားအဖြစ် ရောက်ရှိအောင် မွေးထုတ်ပေးတဲ့ မေမေနဲ့ ဖေဖေ ရှိခဲ့တယ်ဆိုတာ သိရပေမယ့် သူမဘ၀အတွက်တော့ တစ်ခြမ်းပဲ့ မေတ္တာကိုပဲ လက်ခံရရှိပါတယ်.. သူများတွေလို မိဘက မွေးဖွားပေးလို့ ဖေဖေ မေမေ ပြည့်စုံအောင် ခေါ်ခွင့်မရခဲ့ဘူး။

ဖေဖေနဲ့ မေမေတို့က မြန်မာပြည် မြောက်ပိုင်း မြို့လေးတစ်မြို့ကပါ၊ ငယ်ရွယ်သူတို့ သဘာဝ ချစ်ခင် စုံမက်ခဲ့တာကို မေမေရဲ့ မိဘတွေက သဘောမတူခဲ့ဘူး၊ မေမေထက် ဖေဖေက အသက်ကြီးတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုနဲ့ လူငယ်တွေရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားခဲ့တယ်၊ တကယ်ချစ်ကြပြီ ဆိုတော့လည်း နှစ်ယောက်သား ဝေးကွာဖို့ထက် နီးစပ်ဖို့သာ ကြိုးစာခဲ့တဲ့ ဖေဖေနဲ့ မေမေ.. နောက်ဆုံးတော့လည်း မောင်ခေါ်ရာ မယ်လိုက်ပြီး မေမေက ခိုးရာကို လိုက်ပြေးခဲ့တယ်၊ ဖေဖေနဲ့ မေမေ အတူနေလို့ ကျွန်မကိုယ်ဝန်ကို လွယ်ထားရချိန်မှာ မေမေ့ မိဘတွေက မေမေ့ကို သူတို့အိမ် ပြန်ခေါ်သွားခဲ့တယ်.. ဒါကို ဖေဖေက လုံးဝ သဘောမတူခဲ့ဘူး၊ တစ်ဦးတည်းသော သမီးဖြစ်တဲ့ မေမေကလည်း မိဘတွေ စိတ်ချမ်းသာဖို့ ဦးစားပေးမိခဲ့တယ်..

ဒီလိုနဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ ဆက်ဆံရေးက တင်းမာတဲ့ အဆင့်ရောက်ခဲ့တယ်၊ နောက်ဆုံးတော့ ဖေဖေ့မေတ္တာကို ခံယူခွင့်မရသူ ကျွန်မကို လူ့လောကထဲ မေမေက မွေးဖွားပေးခဲ့တယ်.. ကျွန်မ သိတတ်စ အရွယ်ရောက်တော့ ဖေဖေခေါ်စရာ မရှိဘူး၊ ဖွားဖွားကတော့ နင့် အဖေ သေပြီ တဲ့၊ ဖွားဖွားပြောတဲ့ စကားကို တကယ်ထင်ပြီး ငါ့အဖေ သေသွားပြီလို့သာ မှတ်ထားခဲ့တယ်။


ကျွန်မလည်း အရွယ်ရောက်လာလို့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်း ဆက်ဆံလာတော့ ကျွန်မကို လူ့လောက ရောက်အောင် ပို့ပေးလိုက်တဲ့ ဖေဖေ ရန်ကုန်မှာ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ ဖေဖေ့ဆီကို စာတွေ ရေးပို့လိုက်တယ်.. စာတွေ ဆယ်စောင်လောက် ရေးပြီးတဲ့ အထိ ပြန်စာမရခဲ့ဘူး၊ ကျွန်မလည်း ဖေဖေ့ကို ရအောင်ရှာမယ်.. ဖြစ်အောင်ကို တွေ့မယ်လို့ ဆုံးဖြတ်ပြီး ဖေဖေရှိတဲ့ ရန်ကုန်ကို သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ အရောက်လာခဲ့တယ်.

ဖေဖေနေတဲ့ အိမ်ကိုရှာတွေ့တော့ ဘယ်လိုဝမ်းသာရမှန်း မသိအောင်ကို ပျော်သွားတယ်. ဖေဖေလို့ ခေါ်ခွင့် ရတော့မယ်လေ၊ ဒါပေမယ့် ကျွန်မထင်တာတွေဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး၊ အိမ်ထဲဝင်ပြီး ဖေဖေနဲ့အတူနေသူ တစ်ယောက်ထင်ပါရဲ့.. သူ့ကိုမေးကြည့်တော့.. ဦး… မရှိပါဘူးခင်ဗျား.. အပြင်ကို သွားနေပါတယ်ဆိုတဲ့ အဖြေကိုပဲ လက်ခံ ရရှိလိုက်တယ်၊ ဖေဖေ့ကို မနက်ဖြန် လာတွေ့မယ်.. ချစ်သမီး လို့ စာရေးပြီး ထားခဲ့လိုက်တယ်၊ မနက်ဖြန် ဖေဖေ့ကို တွေ့ရတော့မယ် ဆိုတဲ့အသိကြောင့် ကျွန်မ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး.. ငါဖေဖေ့ကို တွေ့ရတော့မယ်ဆိုပြီး ၀မ်းသာနေခဲ့တယ်၊ မနက်ဖြန် ဖေဖေနေတဲ့ အိမ်လေးဆီ အရောက်သွားခဲ့တယ်.. ဖေဖေ မရှိဘူး အပြင်သွားနေပါတယ် တဲ့လေ၊ သမီးကို မစောင့်ရှောက်ချင်နေပါ.. ဖေဖေ့ကို ဖေဖေလို့ ခေါ်ခွင့်ရရင် ကျေနပ်ပါပြီ… လို့စာလေးတစ်စောင် ထပ်ပြီး ရေးထားခဲ့တယ်.. ဒါပေမယ့် ကျွန်မရဲ့ ကြိုးစားချက်က မအောင်မြင်ခဲ့ပါဘူး.. ကျွန်မ ရန်ကုန်မှာ တစ်ပတ်နေပေမယ့် ဖေဖေနဲ့ လုံးဝ မတွေ့ခဲ့ရဘူး၊ သမီးကိုတောင် သမီးလို့ အသိအမှတ် မပြုနိုင်တော့ဘူးလား ဖေဖေရယ်၊


ဖေဖေ့ သမီးကျွန်မ အခုဆို တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီလေ.. ဖေဖေ ၀မ်းမသာဘူးလား..လို့ ကျွန်မ ပြောပြချင်ပေမယ့် ပြောခွင့်မရခဲ့ဘူး၊ ဒီလိုနဲ့ မေမေ့အိမ်ကို ပြန်ရောက်လာတော့.. သမီးရယ် သူကမှ မတွေ့ချင်တာ မေ့လိုက်ပါတဲ့.. ပြောရက်လိုက်တာ မေမေရယ်.. ဖေဖေ သက်ရှိထင်ရှား ရှိနေသေးတာကို သမီးဘယ်လို မေ့လို့ရမှာလဲ၊ ဖေဖေလို့ တစ်ခါခေါ်ခွင့် ရရင်တောင် သမီးသေပျော်ပါပြီ၊

တခါတရံတော့လည်း.. ကံကြမ္မာတွေက ရက်စက်လွန်းလှပါလားရှင်.. အပြစ်မဲ့တဲ့ ကျွန်မဘ၀.. ဖေဖေ့မေတ္တာတွေ ငတ်နေတဲ့ကျွန်မဘ၀.. ဘယ်ဘ၀က ဘယ်လို ကံကြမ္မာတွေများ ပါလဲလို့သာ အော်ဟစ်လိုက်ချင် ပါတော့တယ်၊ ကျွန်မအနေနဲ့ ကတော့ မေမေ့ကိုလည်း အပြစ်မဆိုချင်၊ ဖွားဖွားကိုလဲ လုပ်ရက်လိုက်တာလို့ မပြောချင်.. ဖေဖေရဲ့ ခံစားချက်ကိုလည်း ကျွန်မ နားလည်သင့်သလောက် နားလည်နိုင်ပါရဲ့.. ဒါပေမယ့်.. ဒီဘ၀မှာ ဖေဖေ့ကို ဖေဖေလို့ တစ်ကြိမ်ခေါ်ခွင့်ရရင် ကျေနပ်ပါပြီရှင်…တကယ်လို့များ ၀ဋ်ကြွေးပါလာတယ် ဆိုရင်လဲ ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေ လို့ ဆုတောင်းပါတယ်ရှင်။

(တကယ့်အဖြစ်အပျက် ဇာတ်လမ်းတစ်ပုဒ်ကို နေရပ်လိပ်စာပြောင်းပြီး သူငယ်ချင်း ပြောပြသည့်အတိုင်း ပြန်လည်မျှဝေပါသည်။)

0 comments: