Monday, December 21, 2009

သာသနာတော် အရေးပေမို့..


အယသာဝ မလံ သမုဋ္ဌိတံ
တတုဋ္ဌာယ တမေ၀ ခါဒတိ။
သံကြောင့် အညစ်အကြေးဖြစ်ပေါ်လာ၏၊
ထိုအညစ်အကြေးကပင် ထိုသံကို ဖျက်ဆီး၏။ ။


သံကို သံဖျက် သံချေးတက် ဆိုတဲ့ မြန်မာစကားပုံဟာ အထက်မှာဖော်ပြထားတဲ့ ဘုရားဟော စကားတော်က ဆင်းသက်လာတာပါ၊ သံကိုအကြောင်းပြုပြီး သံချေုးဆိုတာ ဖြစ်ပေါ်လာပါတယ်၊ အဲဒီသံချေးကပဲ ခိုင်ခန့်လှဒီသံတွေကို ဆွေးမြေ့သွားအောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်.

မြတ်စွာဘုရားရှင်ဟာ မရေမတွက်နိုင်လောက်အောင် ပေးဆပ်မှုများစွာ ပေးဆပ်ပြီး သာသနာတော်ကို တည်ထောင်ခဲ့တယ်၊ အားလုံးသိကြတဲ့ ပရိယတ္တိသာသနာ(သင်ကြားပို့ချ ဟောပြောဖြန့်ဝေ)၊
ပဋိပတ္တိသာသနာ(လက်တွေ့ ကျင့်ကြံ ပွားများ အားထုတ်) ပဋိဝေဓသာသနာ(ထိုးထွင်းသိ မျက်မှောက်ပြု) တို့ပဲဖြစ်ပါတယ်။

ဒီသာသနာတော် သုံးရပ်ကို မပျောက်အောင် မပျက်အောင် စာပေသင်ကြားပို့ချခြင်း ဟောပြောဖြန့်ဝေခြင်းနဲ့ ဆောင်ရွက်ရသလို စာပေအသိကို လက်တွေ့ကျင့်ကြံခြင်းနဲ့လဲ ကြိုးစားထိန်းသိမ်းကြရပါတယ်။
ဒီနေရာမှာ သာသနာပြုဆိုတာ လူတွေက ပြုလို့မရနိုင်ပါဘူး၊ လူဒကာ ဒကာမတွေက သာသနာတော်ကို မပျောက်အောင် ထောက်ပံ့ကူညီပေးနိုင်ရုံ အဆင့်ပဲ ရှိပါတယ်၊

ရေကန်ပေါင်း ရှစ်သောင်းလေးထောင် ကျောင်းပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင် လှူခဲ့တဲ့ အသောကမင်းကြီးက ဘုရားတပည့်တော် သာသနာပြုရာ ရောက်ပါပြီလားလို့ မေးရာ ဒီလိုလှူရုံ တန်းရုံနဲ့ သာသနာပြုရာ မရောက်သေးဘူး။ မိမိရဲ့ သားတွေ သမီးတွေကို သာသနာဘောင်တွင်း သွတ်သွင်းမှ သာသာနာပြုရာ ရောက်ကြောင်း မိန့်တော်မူခဲ့တာကို ထောက်ဆရင် လူတွေက သာသနာပြု မဖြစ်နိုင်ဘူး၊ သာသနာဝန်ထမ်းတဲ့ သံဃာတော်များကသာ သာသနာတော်ကို ရေရှည်တည်တံ့အောင် ပြုစုစောင့်ရှောက်နိုင်ပါတယ်။

စာသင် စာချ တရားဟော တရားပြလို့ဖြစ်ဖြစ် ၊စာသိကို ကိုယ်ပိုင်သိဖြစ်အောင် အားထုတ်လို့ဖြစ်ဖြစ်၊ စာသိကိုယ်ပိုင်သိကို တဆင့်ဟောပြောဖြန့်ဝေလို့ပဲ ဖြစ်ဖြစ် သာသနာ့အလုပ်ကို စိတ်ကောင်း စေတနာကောင်း ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာမှန်သမျှ သာသနာတော်အရေးကို ကြိုးစားအားထုတ်နေသူလို့ ဆိုနိုင်ပါတယ်၊

ဒီနေရာမှာ စာသင်စာချလုပ်နေတဲ့ ပရိယတ္တိ သမားတွေက…ပဋိပတ်အလုပ် ကြိုးစားအာထုတ်သူတွေကို ဟန်ဆောင် ပန်ဆောင် ဟန်ရေးပြသမားတွေလို့ မြင်သလို ပဋိပတ်သမားများကလဲ စာသင် စာချ လုပ်နေကြတဲ့ သံဃာတော်တွေကို နွားကျောင်းသားတွေလို့မြင်ကြ ပြောကြပြန်ပါတယ်၊ နွားကိုကျောင်း၇ုံသာ ကျောင်းပြီး နို့ရည်မသောက်ရသူတွေလို့ ဆိုလိုတာပါ။

ဒီလိုဖြစ်နေတဲ့အထဲမှာ စာတွေ့မပြောနဲ့ လက်တွေ့ပဲ ပြောဆိုတဲ့ ပဋိပတ္တိ လက်ဘက်ရည်ကြမ်းဝိုင်း စကားလုံးတွေကလဲ ပေါ်လာပါသေးတယ်။ ပေါဋ္ဌိလမထေရ်ကြီးတို့ စာခံလို့ တရားထူးမရတာဆိုပြီး ရိပ်သာသမား အချို့က သနားတောင် သနားနေကြပြန်တယ်။

တကယ်တော့ မြတ်စွာဘုရားလက်ထက်တော် မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကတည်းက …သာသနာ့ဘောင်ဝင်လာသူကို ..ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မိမိရဲ့ဥာဏ်ပညာအစွမ်းအရ နိကာယ်တခုခုကိုဖြစ်ဖြစ် အကုန်လုံးကိုဖြစ်ဖြစ် ပိဋကတ်သုံးပုံလုံးကိုဖြစ်ဖြစ် သင်ကြား ပို့ချခြင်းဆိုတဲ့ ဂန္ထဓုရတာဝန်။ အသက်မွေးမှုပေါ့ပေါ့ ပါးပါးနဲ့ တောရပ်အစွန်အဖျားကျတဲ့ တောကျောင်းမှာ ၀ိပဿနာတရားကို တိုးပွားအောင် ကျင့်ကြံခြင်းဆိုတဲ့ ၀ိပဿနာဓုရ.. ဆိုတဲ့ တာဝန်နှစ်ရပ်ရှိကြောင်း...မိန့်တော်မူလေ့ရှိပါတယ်။

ဒီလိုမိန့်တော်မူတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှာ ပရိယတ်သမား ပဋိပတ်သမားတွေ အချင်းချင်း သူနိုင် ငါပြိုင် စကားရည်လုနေဖို့ မလိုအပ်ပါဘူး၊ နိုင်ရာ သာသနာ့တာဝန်ကို စေတနာမှန်မှန်ဆောင်ရွက်နေဖို့သာ အရေးကြီးပါတယ်။

အဲဒီအထဲကမှ စေတနာမမှန် သဘောထားမမှန်ဘဲ ဘုရားဟောတွေကို ဘုရားဟောလုပ်ချင်တဲ့ ဂိုဏ်းစတားကြီးများက ထေရ၀ါဒသာသနာ ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးပြီး ပရိသတ်စုနေကြတာတွေ့ရတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပြန်ပါတယ်၊

အဲဒီဂိုဏ်းစတားကြီးတွေကို အမှန်တရားမြတ်နိုးသူ သာသနာတော်ကို ကာကွယ်စောင့်ရှောက်လိုသူတို့က ထေရ၀ါဒ ပိဋကတ်ကျမ်းစာနဲ့ မညီကြောင်း ကျိုးကြောင်းဖော်ပြ ပြောဆိုပြန်တော့ ဂိုဏ်းစတားများရဲ့ ပရိသတ်တွေက လေထဲကနေ ထအော်ကြပြန်ပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာ အွန်လိုင်းက လေလှိုင်းတိုက်ပွဲခေါ်သံတွေ ပလူပျံ ဆူညံနေတာကို မြင်နိုင်တွေ့နိုင်ကြားနိုင် သိနိုင်ကြပါတယ်။

အဲဒီလူတွေကိုယ်တိုင်က တချိန်တုန်းက ကာလာမသုတ် သို့မဟုတ် ကေသမုတ္တိသုတ္တန်တွေကို ကိုးကားပြီး ငါတို့လေးစားလောက်တဲ့ ဆရာ့ရဲ့ စကားတိုင်းကိုလဲ မယုံကြည်နဲ့လို့ တွင်တွင်ကြီး ထအော်နေကြတာပါ၊ အခု သူတို့ရဲ့ ဆရာကြီးများကို ဝေဖန်ထောက်ပြလာတော့..အရှင်ဘုရားတို့က သူ့လောက် သီလ သမာဓိ ပညာ ရှိလို့လား သာသနာအတွက် ဘာတွေလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းတွေကို တွင်တွင်ကြီး မေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာဖို့ကြိုးစားနေတာကို တွေ့ရပြန်တော့ အော်..အစွဲတရား ကြောက်စရာကောင်းလှပါလားလို့ သံဝေဂဖြစ်မိပါတယ်။

ထေရ၀ါဒဗုဒ်ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသူ အချင်းချင်း…အမှန်တရားဟောပြောဖြန့်ဝေသူကို တကယ့်ကို ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပါ..ဒါပေမယ့် အမှန်ကို အမှားလုပ်.ငါပြောတာမှ အမှန် လူများပြောတာ အမှားလုပ် ဟောပြောနေသူတွေကိုတော့ ဘုရားရှင်ရဲ့ စကားတော် ပိဋကတ်ကျမ်းစာတွေနဲ့ တိုင်းတာပြီး ဝေဖန်ထောက်ပြကြမှာပါ၊ မဟုတ်ရင် မဟုတ်ဘူး ဟုတ်ရင် ဟုတ်တယ်လို့ ဖြေရှင်းရမယ်ဆိုတဲ့ ဘုရားစကားတော်ကလဲ ရှိနေပြန်တာကိုး။ ဒီလို အမှန်တရားအတွက် ဖြေရှင်းပေးနေသူတွေကိုလဲ အားပေးနိုင်ရပါမယ်။ သာသနာတော်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်ပေါ့..

အခုနောက်ပိုင်း တခေတ်ဆန်းလာပြန်တာက…တရားထူး တရားမြတ်ရသူဆိုသူတို့က အွန်လိုင်းပေါ်တက်ပြီး ကြေငြာနေကြတာပါ။ ဥတ္တရိမနုဿဓမ္မ- ၀ါကြွားလိုတဲ့စိတ်နဲ့ တကယ်တရားထူးမရဘဲ ရတယ်လို့ပြောရင် ရဟန်းဘ၀ဆုံးရှုံးပါတယ်..အမှန်တကယ်တရားထူးရလို့ ရှင်လူရဟန်းတွေကို ပြောမိရင် ပါစိတ်အာပတ်သင့်ပါတယ်၊ အရိယာသူတော်စင်တွေဟာ အသက်သာအသေခံမယ် ဘုရားဟောဝိနည်း စည်းကမ်းကို မဖောက်ဖျက်ဘူးဆိုတဲ့ ဘုရားဟောစကားနဲ့ သုံးသပ်ကြည့်သင့်ပါတယ်။ ၀ိနည်းတရားကို မလေးစားဘဲ ၀ိနည်းကိုအရေးမထား မလေးစားဘဲ လုပ်ချင်ရာလုပ်နေတယ်ဆိုရင် ဒီလူဟာ တကယ်တရားထူးရတာ ဟုတ်နိုင်ပါ့မလားဆိုတာ အလွန့်အလွန်ကို စဉ်းစားစရာကောင်းပါတယ်။
သံကို သံဖျက် သံချေးတက်..အသားထဲက လောက်ထွက်ဆိုသလိုမျိုး သာသနာတ်ာကို တွင်းတွင်းကျကျ ဖျက်ဆီးပစ်နိုင်တာ သဘောထားမမှန် စေတနာမမှန်တဲ့ သာသနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ပထမသံင်္ဂါယနာတင်စဉ်က ကြုံခဲ့ရတဲ့ သုဘဒ္ဒလို တောထွက်ရဟန်းမျိုး၊ ဒုတိယသံဂါယနာတင်စဉ်က ဆုံတွေ့ရတဲ့ ဝေသာလီရဟန်းတို့ထက် ဆိုးဝါးတဲ့ ရဟန်းတော်များ လူများ ကို သတိထားပြီး သာသနာအရေးအတွက် နှလုံးအေးတော်မမူကြဘဲ တတ်နိုင်သမျှ အမှန်တရားဖက်က ပါဝင်ကြဖို့ အားလုံးကို ရိုသေစွာ တောင်းပန်ပါရစေ။

ပထမသံဂါယနာတင်စဉ်က သံင်္ဂါယနာပွဲရဲ့ မူအဖြစ်ချမှတ်ခဲ့တဲ့…..
ပုရေ အဓမ္မော ဒိပ္ပတိ - အဓမ္မတွေ မထွန်းကားသေးခင်
ဓမ္မော ပဋိဗာဟိယျတိ- ဓမ္မတွေ မကွယ်ပျောက်ခင်
အ၀ိနယော ဒိပ္ပတိ- ၀ိနည်းမဟုတ်တဲ့တရား မထွန်းကားခင်
ဝိနယော ပဋိဗာဟိယျတိ- ၀ိနည်းတရားတွေ မပျောက်ပျက်ခင်
ပုရေ အဓမ္မ၀ါဒိနော ဗလ၀န္တာ ဟောန္တိ- အဓမ္မ၀ါဒသမားတွေ အင်အား မကြီးသေးခင်
ဓမ္မ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ဓမ္မကိုချစ်မြတ်နိုးသူတို့ အင်အားနည်း မသွားသေးခင်
အ၀ိနယ၀ါဒိနော ဗလ၀န္တော ဟောန္တိ- ၀ိနည်းကို မလိုက်နာသူတို့ အင်အားမကြီးသေးခင်
ဝိနယ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ၀ိနည်းကိုချစ်မြတ်နိုးသူတို့ အားမနည်းသေးခင်
သာသနာတော် အရှည်ခံတည်တံအောင် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့..

သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သီလ သမာဓိ ပညာကျင့်စဉ်တွေ ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ သာသနာတော်အရေးပေမို့ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ ရင်ထဲကဆန္ဒစကား လျှောက်ထား ပြောကြားရင်းဖြင့်…….

5 comments:

သျှင်သာမိ - မုံရွာ said...

တကယ်ပင် ကောင်းမွန်လှတဲ့ ပို့စ်ပါပဲ ဘုရား
ဒါကို ဗုဒ္ဓဘာသာဝင်များများသိနိုင်ကြပါစေလို့ ဆုတောင်းမိပါသည် ဘုရား
ဗုဒ္ဓဘာသာကို အခြားဘာသာခြားတွေအနေနဲ့ ဖျက်စီးလို့မရပါဘူး။ ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာထဲက စုံးပြူးဗုဒ္ဓဘာသာဝင်တွေကပဲဖျက်စီးလို့ရပါတယ်။ တစ်ခြားဘာသာခြား တွေ အနေနဲ့ကတော့ ဖျက်ချင်ရင်တောင် ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ စေတီပုထိုးတွေ ကျောင်းကန်တွေ ကိုပဲဖျက်လို့ရပါလိမ့်မယ် ဘုရား
ကိုယ့်ရဲ့ဗုဒ္ဓဘာသာအစစ်ကို
ဗုဒ္ဓဘာသာအတုအယောင်တွေက(အယောင်ဆောင်တွေက)
မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာ အမည်ခံတွေကပဲ ဖျက်စီးနေကြတာ တကယ်ပင် ၀မ်းနည်းစရာ ကောင်းလှပါသည် ဘုရား
ဒါတွေကို ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဒကာ ဒကာမတွေ
နားလည်နိုင်အောင် လုပ်ပေးမယ့်
ဆရာတော်ဘုရား ပို့စ်လေးအတွက် လွန်စွာပဲ
ဝမ်းမြောက်မိပါသည် ဘုရား

အောင်ဦး said...

သာသနာအတွက် အားလဲုံးဝိုင်းဝန်းရမယ့် အချိန်မှာ အခုလို ရေးသား အသိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အရှင်ဘုရား။ ဆရာဒကာ ညီညွတ်စွာနဲ့ ဆောင်ရွင်ရင်းဖြင့် အမျိုးဘာသာ သာသနာအကျိုးကို ဆက်လက်ဆောင်ရွက်ကြပါစို့ အရှင်ဘုရား...

Dr Phyo Wai Kyaw said...

နောက်ရက်အနည်းငယ် ကြာရင် တပည့်တော်ရဲ့ ဘလော့ဂ်မှာ ထပ်ဆင့် ဖော်ပြဖို့ လာရောက် ခွင့်တောင်းပါဦးမယ်ဘုရား။

yawcommunity said...

အရှင်ဝရသာမိရေ ကျေးဇူးတင်ပါတယ်.ကိုယ့်ညီတို့လုပ်နေတဲ့ ဓမ္မဥပဒေပြန့်ပွားရေးအသင်းကြိး အောင်မြင်ပါစေ၊ စေတနာမှန် မူမှန်ရင် ဓမ္မက အောင်ပွဲဆင်နိုင်မှာပါ၊
ကိုအောင်ဦး နိုင်သလောက် ၀ိုင်းကြရအောင်.
ကိုအလှတရားရေ..အဆင်ပြေသလို စီမံနိုင်ပါတယ် ခွင့်တောင်းစရာ မလိုပါဘူး

yawcommunity said...

အရှင်ဝရသာမိရေ ကျေးဇူးတင်ပါတယ်.ကိုယ့်ညီတို့လုပ်နေတဲ့ ဓမ္မဥပဒေပြန့်ပွားရေးအသင်းကြိး အောင်မြင်ပါစေ၊ စေတနာမှန် မူမှန်ရင် ဓမ္မက အောင်ပွဲဆင်နိုင်မှာပါ၊
ကိုအောင်ဦး နိုင်သလောက် ၀ိုင်းကြရအောင်.
ကိုအလှတရားရေ..အဆင်ပြေသလို စီမံနိုင်ပါတယ် ခွင့်တောင်းစရာ မလိုပါဘူး