Tuesday, December 22, 2009

သာသနာတော်ရဲ့ လိုအပ်ချက်

တခါတုန်းက သာသနာတော်ရဲ့ အကြီးအမှူးဖြစ်တဲ့ မြတ်စွာဘုရား စာတုမဆိုတဲ့ ရွာငယ်လေးမှာ သီတင်းသုံးနေတော်မူချိန် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ်ဂလာန် ဦးဆောင်တဲ့ ရဟန်းငါးရာ မြတ်စွာဘုရားရှင်ကို ဖူးမြော်ဖို့ စာတုမ ဆိုတဲ့ရွာငယ်လေးကို ရောက်လာကြတယ်၊

အဝေးကနေ ကြွရောက်လာကြတဲ့ အာဂန္တုရဟန်းငါးရာနဲ့ အိမ်ရှင် သံဃာတော်များ သာကြောင်း မာကြောင်းပြောကြ ဆိုကြ နေရာထိုင်ခင်း စီမံကြတဲ့ အသံတွေဟာ ဆူညံလို့နေတယ်၊ ဒီအသံတွေကိုကြားတော်မူတဲ့ မြတ်စွာဘုရားက အနီးနားမှာ ရှိနေတဲ့
အရှင်အာနန္ဒာကို..အာနန္ဒာ..ကျောင်းထဲမှာ အသံတွေ ဆူလို့ ညံ့လို့ ဘာဖြစ်တာလဲ လို့ မေးတော်မူတယ်၊

အရှင်အာနန္ဒက..မှန်လှပါ မြတ်စွာဘုရား အရှင်သာရိပုတ္တရာ အရှင်မောဂ်ဂလာန်ဦးဆောင်တဲ့ သံဃာတော်များ ဘုရားရှင်ကို ဖူးမြော်ဖို့ ရောက်လာကြတာပါဘုရား၊ သူတို့အတွက် နေရာထိုင်ခင်း စီမံပေးကြတဲ့ အိမ်ရှင်သံဃာတော်များ ပြောသံ ဆိုသံတွေကြောင့် ဆူညံတော်မူတာပါလို့ ပြန်လည်လျှောက်ထားတယ်၊

ဒါဆိုရင် ဒီသံဃာတွေကို သွားခေါ် ဆိုတော့ အရှင်အာနန္ဒာက မှန်လှပါ့ဘုရားဆိုပြီး သံဃာတွေကို သွားခေါ်တယ်၊ ဘုရားရှေ့ရောက်လာတဲ့ ဒီသံဃာတော်တွေကို ..ငါးတွေကို လုယက်ရောင်းချတဲ့ ငါးစိမ်းသည်တွေလို အသံတွေ ဆူလို့ ညံလို့ပါလား၊ (ငါဘုရားရှင်က ငြိမ်းချမ်းခြင်းကို လိုလားတယ်ဆိုတာ သင်တို့သိပြီးသားပါ) ဟုတ်ပြီ..သင်တို့ ငါဘုရားဆီကို မလာကြနဲ့ သွားကြတော့လို့ နှင်ထုတ်တော်မူပါတယ်၊

(ဒီနေရာမှာ ဘာကြောင့် ဆူညံတယ်ဆိုတာကို မသိလို့ အရှင်အာနန္ဒာကို မေးတာမဟုတ်ပါဘူး၊ ဘုရားရှင်က အလုံးစုံသိတဲ့ဘုရားရှင် တန်ခိုးရှင်ဖြစ်ပေမယ့် ဘာလုပ်လုပ် သက်သေထူပြီးမှ ဆုံးဖြတ်ချက်ချတော်မူချင်လို့ အရှင်အာန္ဒာကို မေးခဲ့ခြင်းဖြစ်ပါတယ်)

ဘုရားရှင်က ဆူညံ ပူညံလုပ်လို့ နှင်ထုတ်ခံရတဲ့ ရဟန်းတော်တွေလဲ ကျောင်းထဲကနေပြန်ထွက်သွားရပါတယ်၊ အဲဒါကို သိကြတဲ့ စာတုမရွာသား သာကီဝင်တွေရယ် နောက်ပိုင်းမှာ သဟမ္ပတိဗြဟ္မာရယ်က မြတ်စွာဘုရားကို ဖြောင်းဖြလျှောက်ထားကြတယ်..အရှင်ဘုရား သံဃာတော်တွေကို ခွင့်လွှတ် သနားတော်မူပါ အရင်တုန်းက အရှင်ဘုရားကိုယ်တော်တိုင် သံဃာတွေကို ချီးမြှောက်တော်မူသလိုပါဘုရားပေါ့..မြတ်စွာဘုရားက ငြိမ်တော်မူနေတယ်။

နောက်တော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ်ဂလာန် တို့ ဘုရားရှေ့ ရောက်လာပြီး ရှိခိုးကန်တော့ကြတယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားက..အရှင်သာရိပုတ္တရာ မထေရ်ကို မေးတော်မူတယ်..ချစ်သား သာရိပုတ္တရာ.ငါဘုရားရှင်က သံဃာတော်တွေကို နှင်ထုတ်လိုက်တော့ ချစ်သားအနေနဲ့ ဘယ်လို ဖြစ်သလဲ လို့မေးတော်မူတော့….အရှင်သာရိပုတ္တရာ မထေရ်မြတ်က ..မှန်လှပါဘုရား မြတ်စွာဘုရားက ဒီသံဃာတော်တွေကိုနှင်ထုတ်ပြီး သမာပတ်ဝင်စားကာ အေးဆေးစွာနေတော်မူသလို ဘုရားတပည့်တော်လို့ ကြောင့်ကြမဲ့ နေပြီး မြတ်စွာဘုရားလိုပဲ ဈာန်သမာပတ်နဲ့ အေးအေးဆေးဆေး နေမယ်လို့ စိတ်ကူးဖြစ်ပေါ်မိပါတယ် ဘုရားလို့ လျှောက်ထားတော့

မြတ်စွာဘုရားက… နေပါအုံး ချစ်သား သာရိပုတ္တရာ၊နေပါအုံး ချစ်သား သာရိပုတ္တရာနေပါအုံး ချစ်သား သာရိပုတ္တရာ လို့ သုံးကြိမ်တိုင်တိုင် မိန့်တော်မူတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်က ကြောင့်ကြ ပူပင်မရှိဘဲ အေးအေးဆေးဆေး ကိုယ်ရှိတဲ့တရားနဲ့ ဈာန်သမာပတ်ဝင်စားပြီးနေမယ်ဆိုတာကို ဘုရားရှင်က အားပေးတော်မမူသလို တားမြစ်တော်မူခဲ့တယ်၊

ချစ်သား မောဂ်ဂလာန်ကကော ဘယ်လိုလဲ ဆိုတော့…မှန်လှပါဘုရား ဘုရားတပည့်တော်ကတော့..မြတ်စွာဘုရားက သံဃာတော်တွေကို နှင်ထုတ်လိုက်တော့..တပည့်ကြီးများဖြစ်တဲ့ ဘုရားတပည့်တော်နဲ့ အရှင်သာရိပုတ္တရာက ဒီသံဃာတော်တွေကို ဦးဆောင်ပြီးစောင့်ရှောက်မယ် အရှင်ဘုရားရဲ့ သာသနာတော်ကို ထိန်းသိမ်းဆောင်ရွက်မယ်လို့ စိတ်ကူးမိကြောင်းပါဘုရားလို့လျှောက်တော့ သာဓု သာဓု မောဂ်ဂလာန…ကောင်းလိုက်တာ မောဂ်ဂလာန် ကောင်းလိုက်တာ မောဂ်ဂလာန်လို့ သာဓုခေါ်တော်မူပြီး အသိအမှတ်ပြုတော်မူတယ်၊

ဒီနေရာမှာ သာသနာ့အရေးနဲ့ ကြုံလာရင် အေးဆေးစွာနေ ကြောင့်ကြမဲ့နေ ကိုယ်နဲ့မဆိုင်သလိုနေတာကို ဘုရားရှင် သဘောကျတော်မမူပါဘူး။ သာသနာ့အရေးကြုံလာရင် သာသနာတော်အတွက် ရှေ့ထွက်ပြီး ခေါင်းဆောင်မည့် တာဝန်ယူမည့် သူတွေကိုသာ ဘုရားရှင်လိုလားတော်မူတယ်။ ဒီလိုလူတွေသာ ဘုရားရှင် အလိုကျ သာသနာပြုတာဝန်ကို ထမ်းဆောင်တယ်လို့လဲ ဆိုနိုင်တယ်၊

တရားဟော တရားပြ စာသင် စာချနေတာဟာ ဒီလို သာသနာ့အရေးတွေ ကြုံလာရင် အသုံးပြုဖို့သာဖြစ်ပါတယ်၊ ကိုယ့်တရားလေးနဲ့ကိုယ် ငြိမ်ငြိမ်လေး အမြဲတမ်းနေဖို့ မဟုတ်ပါဘူး၊
လောကမှာ ဘုရားပွင့်ပြီဆိုတော့ မာရ်နတ်ကြီးက ပရိနိဗ်ဗန်စံဝင်ဖို့ တခါတည်းလျှောက်တဲ့အခါ..ငါဘုရားရဲ့ သာသနာတော်မှာ သူတစ်ပါးတို့ တင်လာတဲ့ အယူဝါဒတွေကို ပြန်လည်ခုခံ ချေပနိုင်တဲ့သူတွေ မပေါ်သေးသမျှ ပရိနိဗ်ဗန်စံတော်မမူဘူးလို့ မိန့်တော်မူခဲ့တာ အားလုံးလဲ သိပြီးသားပါ၊

အခုတလောကြုံနေရတဲ့ အုံနဲ့ကျင်းနဲ့ ဘုရားသာသနာကိုဖျက်ဆီးနေတဲ့ အတွင်းကျကျ သာသနာတော်ကိုနှောင့်ယှက်တဲ့သူတွေ ပေါ်လာနေပါပြီ၊ သာသနာဝန်ထမ်းများ ဘုရားသာသနာကို ယုံကြည်လက်ခံသူ လူအများက အရှင်မောဂ်ဂလာန်လို ရှေ့တန်းကထွက်ပြီး တာဝန်ယူဖြေရှင်းသင့်ကြပါတယ်၊ ကိုယ်နိုင်သလောက် ကိုယ်စွမ်းသလောက် တာဝန်ယူလိုက်ရင် အဓမ္မတွေကို သေချာပေါက်နှိမ်နင်းနိုင်ပါလိမ့်မယ်၊

အဲလိုမှ မဟုတ်ဘဲ သာသနာပြုဆိုတာကို ပါးစပ်က တွင်တွင်အော်ပြီး အသာလေးငြိမ်နေကြတာကတော့ ဘုရားရှင်ရဲ့ အလိုတော်ကျမှာ မဟုတ်ပါဘူး၊ သာသနာတော်က လိုအပ်နေတာ အရှင်မောဂ်ဂလာန်လို သံဃာတော်များ လူအများပါ၊ သာသနာတော်က တောင်းဆိုနေတာ အရှင်မောဂ်ဂလာန်လို သူရဲကောင်းများ တာဝန်ယူရဲ့သည့်စိတ်ဓာတ်ပိုင်ရှင်များသာ ဖြစ်ပါတယ်၊

သာသနာတော်ကိုမှီပြီး ရယူသုံးဆောင်နေတဲ့ ပစ္စည်းလေးပါးကို စိတ်သန့်သန့်နဲ့ သုံးဆောင်နိုင်ဖို့ ကြုံတွေ့နေရတဲ့ သာသနာ့အရေး သာသနာ့လိုအပ်ချက်မှာ တတ်နိုင်သလောက် ပူပေါင်းပါဝင်ကြဖို့ မ၀ံ့မရဲ တောင်းဆိုလျှောက်ထား ပြောကြားရင်းဖြင့်….

စာတုမသုတ်နဲ့ မဟာပရိနိဗ်ဗာနသုတ်များကို ကိုးကားပါသည်။

4 comments:

Unknown said...

အခုတလောကြုံနေရတဲ့ အုံနဲ့ကျင်းနဲ့ ဘုရားသာသနာကိုဖျက်ဆီးနေတဲ့ အတွင်းကျကျ သာသနာတော်ကိုနှောင့်ယှက်တဲ့သူတွေ ပေါ်လာနေပါပြီ၊ သာသနာဝန်ထမ်းများ ဘုရားသာသနာကို ယုံကြည်လက်ခံသူ လူအများက အရှင်မောဂ်ဂလာန်လို ရှေ့တန်းကထွက်ပြီး တာဝန်ယူဖြေရှင်းသင့်ကြပါတယ်၊ ကိုယ်နိုင်သလောက် ကိုယ်စွမ်းသလောက် တာဝန်ယူလိုက်ရင် အဓမ္မတွေကို သေချာပေါက်နှိမ်နင်းနိုင်ပါလိမ့်မယ်၊



အလွန်တန် ဖိုး ရှိသော သည် စာ အတွက် တပည့်တော်နှစ် ထောင်း အားရ သာဓု ခေါ် ဆို ပါသည် ဘုရား။

ရိုသေစွာ ဖြင့် ဥပသကာ

tint said...

အရှင်ဘုရား
ဒီစာလေးက တပည့်တော်ကျမ်းရင်းရှာမရပါဘုရား
တခုသော လပြည့်တွင် မြတ်စွာဘုရားနှင့် သံဃဥပုဒ်ပြုရန်သံဃာများစုဝေးနေသည် ။
ဥာဥ့်ဦးယံတွင် အရှင်အာနန္ဒာက အရှင်ဘုရား သံဃာစုံပါပြီဘုရား ဥပုဒ်ပြုရန် ပါတိမောက္ခကို ပြတော်မူပါဟု လျှောက်၏ ။ မြတ်ဘုရားလည်းဆိတ်ဆိိတ်သာနေတော်မူ၏ ။
သန်းခေါင်ယံ (ပ)
မိုးသောက်ယံတွင် တဖန်လျှောက်မှ အာနန္ဒာ ပရိသတ် မသန့် သေးဟုသာ မိန့် တော်မူသည် ။
ထိုအခါ အရှင်မောဂ္ဂလန်ကိုယ်တော်မြတ်သည် သမာပတ်၏ အစွမ်းဖြင့် သံဃပရိသတ်ကိုကြည့်ရာတွင် တခုသော ဒုဿီလကိုမြင်၍ ငါ့ရှင် ဖယ်လော့ဟု ၃ခါတိုင် မိန့် ၏
သို့ သော် ဒုဿီလကား ထိုင်မြဲထိုင်နေ၏
ရှင်မဟာမောဂ္ဂလန်သည် ထိုဒုဿီလကို လက်မောင်းမှကိုင်ဆွဲပြီး အခန်းပြင်သို့  ထုတ်ပြီး ကျည်းသေကို ပိတ်ရလေသည် ။

yawcommunity said...

မင်္ဂလာပါ tint

tint မေးတဲ့ မူရင်းကျမ်းက စူဠ၀ဂ်ဂပါဠိတော် ပါတိမောက္ခဋ္ဌာပနက္ခန်ဓက မှာရှိပါတယ်၊ ဦးဇင်းကိုယ်တိုင်လဲ အဲဒါလေးထည့်ရေးဖို့ စိတ်ကူးခဲ့သေးတယ်..များနေမှာမို့ထည့်မရေးလိုက်တော့တာ
ပြီးတော့ အဲဒီအကြောင်းအရာဟာ အဂုင်္တ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ ပါဠိတော်မှာလဲ ပါသေးတယ်..ကျန်တဲ့ကျမ်းဂန်တွေမှာလဲ ရှာဖွေနိုင်ပါသေးတယ်..

tint said...

တင်ပါ့ ကျေးဇူးကြီးပါတယ်ဘုရား
တပည့်တော် မူရင်းမတွေ့ လို့ လည်နေတာဘုရား