Thursday, February 18, 2010

ကိုယ်ပိုင်အစစ် လူ့ အနှစ်

lotus Foundation ဆိုတာ စင်္ကာပူနိုင်ငံမှာ အခြေစိုက်ထားတာပါ၊ လောက ဘာသာ သာသနာကြွေးကြော်သံနဲ့ လူမှုရေး ဘာသာရေးလုပ်ငန်းတွေကို အားကြိးမာန်တက်လုပ်ဆောင်နေတဲ့ အသင်းပါ၊အဲဒီအသင်းကြီးရဲ့ အောက်မှာ ဓမ္မကော်မတီအဖွဲ့ဆိုတာ ရှိပါတယ်၊ သာသနာရေးဆိုင်ရာများ လုပ်ဆောင်နေတဲ့ ကော်မတီတစ်ခုပါ၊ ဓမ္မကော်မတီကနေ အပတ်စဉ် သောကြာနေ့တိုင်း စာစဉ်လေးတွေဖြန့်ဝေပါတယ်၊


Lotus Foundation အဖွဲ့ဝင် ညီအကို မောင်နှမများ
တပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဓမ္မရေစင် ရေအေးသောက်သုံးခြင်းဖြင့် အမောပြေစေဖို့ ရည်ရွယ်ပါတယ်၊ အခုဆိုရင် စာစာအမှတ် (၂၂) ကို ရောက်နေပါပြီ. ဒီတပတ်သောကြာနေ့အတွက် Lotus စာစဉ် အမှတ်(၂၂) ကို ပြန်လည်ဖြန့်ဝေပါတယ်။ အသင်းကြီးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ဒီနေရာလေးမှာ သွားေ၇ာက်ကြည့်ရှုနိုင်ပါတယ်။ www.lotusfoundationmm.org

ရှေးတုန်းက ပဲခူးဘက်မှာ ဆရာတော်ကြီးဦးသီလဆိုတာ ရှိခဲ့ ဖူးတယ်။ အကျင့်သိက္ခာ အလွန်ကောင်းတယ်။ မေတ္တာလည်း အလွန်ကြီးမားတယ်။
ဆရာတော်ကြီး တောထဲမှာ သီတင်းသုံးတော့ ဆရာတော်ကြီးရဲ့ မေတ္တာဓါတ်ကြောင့် တောထဲမှာရှိတဲ့ ကျားတို့ ၊ ၀ံတို့  စတဲ့ သားရဲ တိရစ္ဆာန်တွေဟာ အိမ်ခွေး
အိမ်ကြောင်တွေလိုဘဲ အလွန်ယဉ်ပါးနေကြတယ်ဆိုဘဲ။

တစ်နေ့တော့ ဆရာတော်ကြီးထံ ဒကာတစ်စု လာကန်တော့ကြသတဲ့ ။ လာပြီးဖူးမြော်ကြတယ်။ ဆရာတော်ကြီးကမေးတယ် “ ဒကာတို့ ဘာအလုပ်
လုပ်ကြသလဲ ” ၊ ရေရေလည်လည် ဒကာတစ်ယောက်က အားလုံးရဲ့ ကိုယ်စား ဖြေဆိုတယ်တဲ့ ။ “ ဆရာတော်ဘုရား ၊ ဟိုဒကာကြီးက နယ်ပိုင်ကြီးဘုရား ” ၊

“ဟိုဒကာကြီးက မြို့ ပိုင်ကြီးဘုရား၊ ဘယ်မြို့ ကို ပိုင်တာဘုရား ” “ ဟိုဒကာကြီးက စက်ပိုင်ကြီးဘုရား” ၊ သူပြောတဲ့ စကားတွေထဲမှာ “ပိုင်” ဆိုတဲ့ စကားက
အကုန်ပါတယ်။
ဒီတော့ ဆရာတော်ကြီးက အမိန့် ရှိတော်မူသတဲ့ “ သူများတွေ ပိုင်တာတွေ များလှချည့်လား၊ နယ်တွေရော၊ မြို့ တွေရော၊ လူတွေ၊ ပစ္စည်းတွေ၊ စက်တွေ
ရော အများကြီး ပိုင်လိုက်ကြတာ၊ တို့ များတော့ဗျာ သူများတွေကို ပိုင်ဖို့ အသာထားလိုက်ပါဦးတော့ ၊ ပစ္စည်းတွေကိုပိုင်ဖို့  အသာထားလိုက်ပါဦးတော့၊ ဟောဒီကိုယ့်
ခန္ဓာကိုယ်ကြီးကိုတောင် အခုထိ မပိုင်သေးပါဘူးဗျာ ” တဲ့ ။

အမှန်တော့ တရားဟောတာပါဘဲ၊ ပါဠိ ပါဌ်သားတွေ တခမ်းတနားရွတ်ပြီးဟောမှ တရားဟောတယ်လို့ ခေါ်တာမှ မဟုတ်ဘဲ၊ နားထောင်သူ
သဘောပေါက်နားလည်သွားအောင် ပြောပြပေးနိုင်ရင် တရားဟောတာပါဘဲ။ ဆိုလိုတာကတော့ “ ဒကာကြီးတို့ ၊ အခုန ဒကာကြီးတို့ ပြောနေတဲ့  ‘ ပိုင်’ ဆိုတာ
စကားပြောဖြစ်ရုံလေးရယ်၊ စကားနဲ့ ပိုင်ရုံလေးနဲ့  စိတ်အေးရမှာမဟုတ်ဘူး၊ အချိန်စေ့တော့ ပျောက်ကွယ်သွားကြမှာ၊ တရားနဲ့ ပိုင်မှဘဲ စိတ်အေးရမှာ။

ဒါကြောင့် စကား ‘ ပိုင်’ နဲ့  ကျေနပ်မနေကြဘဲ တရား ‘ပိုင်’ ဖြစ်အောင် အမြန်ကြိုးစားကြ၊ တို့ များလည်း ကိုယ့်ခန္ဓာ ကိုယ်မပိုင်မှန်းသိထားလို့ ၊ မပိုင်တဲ့ ခန္ဓာကို ပိုင်တဲ့ တရားနဲ့ 
အမြန်လဲနေတယ်” လို့  ပြောလိုရင်းပါ။

ဟုတ်ပါတယ်။ စကားနဲ့  ‘ပိုင်’ လို့ ပြောရုံနဲ့  ဘာတစ်ခုမှ ပိုင်ခွင့် မရှိပါဘူး။ အငှားဟာ အငှားပါဘဲ။ စိတ်ကောင်းနဲ့  ဥာဏ်အလိုက်ပေးပြီး လဲလို့  ရထားတဲ့
ကောင်းမှုတရားသာ ကိုယ်ပိုင်ပါ။ တရားနဲ့  ‘ပိုင်’ လို့ ပြောမှ တကယ် ပိုင်ခွင့် ရမှာပါ။

ကောင်းမှုကိုယ်ပိုင်တရားကို စုဆောင်းကြတော့လည်း လောကီ စည်းစိမ် ချမ်းသာလောက်ပဲ တောင့်တ ဦးတည် ရည်ရွယ်မယ်ဆိုရင် ကိုယ်ပိုင် အတုပဲ
ဖြစ်မယ်။ နိဗ္ဗာန်ထိ သတိဥာဏ်နဲ့  ချိတ်ဆက်ထားနိုင်မှ ကိုယ်ပိုင်အစစ်ဖြစ်နိုင်မှာပါ။ လောကီချမ်းသာလောက် တောင့်တလုပ်ရင် အ၀ိဇ္ဇာ တဏှာ ခြံရံနေလို့  အတုသာ
ဖြစ်တတ်တယ်။

စက္ကူနဲ့  လုပ်ထားတဲ့  မီးပုံးပျံကို မှိုင်းအား အပြည့်သွင်းပြီး ကောင်းကင်ကို လွှတ်တင်လိုက်တဲ့ အခါ မှိုင်းအားရှိသလောက် အရှိန်အဟုန်နဲ့ တက်သွား
တတ်တယ်။ လွှတ်တင်သူတွေက “တက်ပြီဟေ့၊ တက်ပြီဟေ့” လို့  ၀မ်းသာအားရ ကောင်းချီးပေးလိုက် ကြပေမယ့် မှိုင်းအားကုန်တော့ မီးပုံးပျံဟာ မီးလောင်ပြီး
မရှုမလှနဲ့  ပျက်စီးပြီးအောက်ကို ပြန်ကျလာတတ်ပါတယ်။

အသွားတုန်းက မျက်နှာလှ ပေမယ့် အပြန်မှာ မျက်နှာမလှဘူး။ ရုပ်ပျက်ဆင်းပျက် ပြန်ကျလာရတယ်။
လောကီလောက်သာ တောင့်တရည်ရွယ်ပြီး စုထားတ့ေဲ ကာင်းမှုလည်း ဒီအတိုင်းဘဲ အကျိုးပေးပြီးရင် ကုန်သွားတာဖြစ်လို့  အသွားမျက်နှာလှပေမယ့် အပြန် မျက်နှာ
မလှတတ်ဘူး။

ဒါကြောင့် ကိုယ်ပိုင်စစ်စစ်ဖြစ်အောင် လုပ်သမျှ ကောင်းမှုအားလုံးကို နိဗ္ဗာန် နဲ့ ချိတ်ဆက်ထားမှဖြစ်မယ်။ နိဗ္ဗာန်ကို ဦးတည်ထားတဲ့ ကောင်းမှုဟာ

နိဗ္ဗာန် မရောက်မချင်း ဘယ်တော့မှ မကုန်နိုင်တော့ပါဘူး။ အသွားအပြန် အားလုံး မျက်နှာပန်းလှရတဲ့ ကောင်းမှုမျိုးဖြစ်ပါတယ်။

“ အကျဉ်းဆောင်ပုဒ် ”
• စကား ‘ပိုင်’ မှာ၊ ပြောရုံသာ ၊ ချိန်ခါစေ့လျှင် ပျောက်သွားကြ။
• ‘တရား’ ပိုင် ကား၊ ကိုယ်ပိုင်ငြား၊ စွမ်းအားမပျောက်ကြ။
• လောကီချမ်းသာ၊ ဦးတည်ပါ၊ ကုန်ခါ ပူကြရ။
• နိဗ္ဗာန်ရည်မှန်း၊ ကုသိုလ်စွမ်း၊ ကုန်ခမ်းမသွားကြ။
• ကိုယ်ပိုင်အစစ်၊ ရအောင် ညှစ်၊ အနှစ် ပိုင်ဆိုင်ရ။
တိပိဋကဓရ (ယော)ဆရာတော်
( အပ္ပမာဒ မဂ္ဂဇင်း အတွဲ(၇)၊ အမှတ်(၅) မှ ကောက်နှုတ် တင်ပြအပ်ပါသည်)

0 comments: