Thursday, February 18, 2010

ပရိနိဗ္ဗာန်ဝင်စံဖို့ သုံးလအလိုမှာ…


ဖြစ်ပေါ်လာတဲ့ သူတစ်ပါးရဲ့ အယူဝါဒရေးရာတွေကို အကျိုးသင့် အကြောင်းသင့် ကောင်းကောင်းကြီး မဖြေရှင်းနိုင်သမျှ ကောင်းကောင်း မဆုံးမနိုင်သမျှ( ဥပ္ပန္နံ ပရပ္ပ၀ါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂေတွာ) ပရိနိဗ္ဗာန် စံတော်မမူဘူး။

ဒီနေ့ဆိုရင် မြတ်စွာဘုရား ပရိဗ္ဗာန်စံဝင်တော်မူတာ နှစ်ပေါင်း ၂၅၅၃ ရှိပါပြီ၊ ပရိနိဗ္ဗာန်ဝင်စံတော်မူဖို့ သုံးလအလိုမှာ ဝေသာလီကနေ စာပါလစေတီအနီးကို ကြွရောက်တော်မူလာတယ်၊ အာနန္ဒာရေ ဒီစာပါလစေတီ ဟာ သာသာ ယာယာရှိတယ်၊ ဒီနေရာလေးမှာ ခဏနားကြအုံးစို့ လို့ မိန့်တော်မူတော့ အရှင်အာနန္ဒာက ပါလာတဲ့ နှစ်ထပ်သင်္ကန်းကြီးကို ခင်းပြီး မြတ်စွာဘုရားအတွက် နေရာ ထိုင်ခင်း ပြင်ဆင်ပေးတော်မူတယ်၊

မြတ်စွာဘုရားက ခင်းထားတဲ့နေရာမှာ ထိုင်တော်မူပြီး အရှင်အာနန္ဒာကို မိန့်တော်မူတယ်… အာနန္ဒာ.. ငါဘုရားက ဣဒ္ဓိပါဒ်လေးပါးကို ကောင်းကောင်းကြီး ပွားများ အားထုတ်ခဲ့ပြီးပြီ၊ ပရိနိဗ္ဗာန် မစံဘဲ နေမယ်ဆိုရင် ဒီအာယုကပ် တကပ်လုံးနေလို့ရတယ်၊ ဒီစကားတော်ကို သုံးကြိမ်တိုင်တိုင် မိန့်တော်မူပေမယ့် အရှင်အာနန္ဒာ ငြိမ်နေခဲ့တယ်။ မြတ်စွာဘုရားက ကောင်းပြီ အာနန္ဒာအဆင်ပြေတဲ့ နေရာမှာ သွားနေပါတော့ လို့ မိန့်တော်မူလိုက်တယ်။

အရှင်အာနန္ဒာ ဘုရားအနီးက ထွက်ခွါသွားပြီးလို့ မကြာခင်မှာဘဲ မာရ်နတ်ရောက်လာတယ်၊ ဟိုး အရှင်ဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပါတော့..တဲ့.. အဲဒီလို မာရ်နတ်က လျှောက်ထားတဲ့အခါ.. မြတ်စွာဘုရားက ဟဲ့

မာရ်နတ်… ငါ့ရဲ့တပည့်တွေ

ပရိယတ္တိ ဗဟုသုတ မရှိသေးသမျှ ၊
ငါဘုရားဟောကြားတဲ့ ဓမ္မတွေကို လက်တွေ့ကျင့်ပြီး ထိုးထွင်းမသိသေးသမျှ၊
မိမိဆရာရဲ့ အယူဝါဒကို သင်ယူပြီး သူတစ်ပါးတွေကို မဟောပြောနိုင်သေးသမျှ၊
ဖြစ်ပေါ်လာတဲ့ သူတစ်ပါးရဲ့ အယူဝါဒရေးရာတွေကို အကျိုးသင့် အကြောင်းသင့် ကောင်းကောင်းကြီး မဖြေရှင်းနိုင်သမျှ ကောင်းကောင်း မဆုံးမနိုင်သမျှ( ဥပ္ပန္နံ ပရပ္ပ၀ါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂေတွာ)
ငါဘုရား ပရိနိဗ္ဗာန်စံဝင်တော် မမူဘူး လို့ မိန့်တော်မူပါတယ်၊

မာရ်နတ်ကလဲ သုံးကြိမ်တိုင်တိုင် ပရိနိဗ္ဗာန်ဝင်စံဖို့ လျှောက်တယ်၊ မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် အထက်ပါ စကားကို မိန့်တော်မူတယ်၊
ပြီးမှ ဒီနေ့ကနေ ရေတွက်ရင် သုံးလမြောက်မှာ ငါဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူလိမ့်လို့ မိန့်တော်မူလိုက်ပါတယ်။
အခုတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ပါပြီ၊ ပေါ်ပေါက်လာတဲ့ သူတစ်ပါးတို့ရဲ့ အယူဝါဒရေးရာတွေကို အကျိုးသင့် အကြောင်းသင့် ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်လို့ စိတ်ချလက်ချ တပည့်တွေကို ထားသွားခဲ့ပါပြီ၊

မိမိတို့တတွေ အမှန်တကယ် ဖြေရှင်းနိုင်ကြပါပြီလား၊ ဖြေရှင်းနိုင်တဲ့သူတွေကိုယ်တိုင်ကကော မြတ်စွာဘုရား ပရိဗ္ဗာန်မ၀င်စံခင် သုံးလအလိုမှာ မိန့်တော်မူခဲ့တဲ့ စကားကို မေ့ပစ်လိုက်ကြပြီလား၊ အတင်းအဖျင်း ကတ်သီးကတ်ဖဲ့ မုန်းတီးစိတ်ထားများနဲ့ မေးတဲ့သူတွေကို မဖြေရှင်းဘဲ နေနိုင်ပေမယ့် မိမိအယူဝါဒရေးရာ အပေါ်မှာ အသစ်ထွင် အဆန်းထွင်တဲ့ သူတွေကိုတော့ ၀ိုင်းဝန်းဖြေရှင်း ပေးသင့်တယ်လို့ ရိုးရိုးလေး ယုံကြည်မိတာ အမှန်ပါ။

မစွမ်းဆောင်နိုင်သူတို့ ငြိမ်နေခြင်းကို စာဖွဲ့စရာ အကြောင်းမရှိပေမယ့် စွမ်းဆောင်နိုင်သူတို့ ပြန်လည်ဖြေရှင်း ၀ိုင်းဝန်းကူညီပေးခြင်းကိုတော့ မြတ်စွာဘုရားရဲ့ တပည့်သာဝကတိုင်း မျှော်လင့်စောင့်စားနေကြပါတယ်၊

ဟုတ်ပါတယ်..မြတ်စွာဘုရားကတော့…ဖြစ်ပေါ်လာတဲ့ သူတစ်ပါးရဲ့ အယူဝါဒရေးရာတွေကို အကျိုးသင့် အကြောင်းသင့် ကောင်းကောင်းကြီး မဖြေရှင်းနိုင်သမျှ ကောင်းကောင်း မဆုံးမနိုင်သမျှ( ဥပ္ပန္နံ ပရပ္ပ၀ါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂေတွာ) ပရိနိဗ္ဗာန် စံတော်မမူဘူးလို့ မိန့်တော်မူခဲ့ချေပြီ တကား။ ။


(မနက်ပိုင်းမှာ ဖတ်ဖြစ်တဲ့ အဂုင်္တ္တရနိကာယ် အဋ္ဌကနိပါတ်က ဘူမိစာလသုတ္တန် တစိတ်တဒေသကို ပြန်လည်မျှဝေခြင်းပါ)

0 comments: