Wednesday, February 17, 2010

မိနုဝန်

ကိုလံဘို မြန်မာကျောင်းကနေ တနာရီခွဲလောက် ကားမောင်းလိုက်ရင် မိနုဝန်ဂေါဓမြို့ကို ရောက်ပါတယ်၊ ဒီနေ့တော့ မိနုဝန်ကို ရောက်ဖြစ်တယ်၊ ပိဏ္ဍပါတလို့ခေါ်တဲ့ ဆွမ်းခံပင့်လို့ သွားဖြစ်တာပါ၊ သီရိလင်္ကာမှာတော့ မြန်မာနိုင်ငံမှာလို ဆွမ်းခံတဲ့ အလေ့အထက ပျောက်သလောက်ရှိနေပြီ၊ သံဃာသုံးသောင်းကျော်မှာ ဆွမ်းခံတာ အပါးတစ်ရာ မပြည့်တော့ပါဘူး၊

ဒါပေမယ့် ဘုရားလက်ထက်ကစလို့ မြတ်စွာဘုရားကိုယ်တော်တိုင် ဆွမ်းခံပြီး ဘုဉ်းပေးခဲ့ရတာကိုတော့ သတိတရ ရှိနေဟန်တူရဲ့၊ အလေ့အထတွေ နည်းပါးနေချိန်မှာ မျိုးဆက်သစ် လူငယ်လေးတွေ သိအောင် ပြန်လည်ဖော်ထုတ်လာတာကို တွေ့ရတယ်၊

ဒီနေ့လဲ သံဃာ တစ်ရာလောက်ပင့်ပြီး ဆွမ်းခံပွဲကျင်းပကြတယ်၊ပင့်တဲ့နေရာကို မရောက်ခင် မိနုဝန်ဂေါဓမြို့လယ်မှာ ကားတွေနဲ့ စောင့်နေရတယ်၊ ခဏကြာတော့ ကျောင်းသူလေးတွေ ဦးဆောင်တဲ့ ကြိုဆိုရေးအဖွဲ့တွေ ရောက်လာတယ်၊ ကျောင်းဆရာတွေက နီးညိုရောင်ထီးတွေ ကိုယ်စီကိုင်ပြီး သံဃာတွေကို တစ်ပါးစီထီးမို ပင့်တယ်၊ကျောင်းသူလေးများက သာသနာအလံတွေကိုင်ပြီး ရှေ့ကနေသွားကြတယ်၊

လမ်းဘေးဝဲယာမှာ သံဃာတန်းကို ကြည်ညိုနေကြတဲ့ မြို့ခံလူထုတွေရော နာလန္ဒဟိုက်စကူးကျောင်းက ဆရာ ဆရာမ ကျောင်းသား ကျောင်းသူတွေရော သာဓုသံ တညံညံနဲ့ ကြိုဆိုကြတယ်၊ စာပေမှာတွေ့ရတဲ့ သာဓုကာရံ ဒဒါတိ ဆိုတာ ဒါမျိုးထင်ရဲ့လို့ တွေးမိတယ်။

သံဃာတန်းကြီး မြို့ထဲလှည့်လည် အပူဇော်ခံပြီးလို့ ကျောင်းထဲရောက်သွားတော့ ဟောခန်းကြီးထဲမှာ ခဏနားရတယ်၊ အုန်းရည်နဲ့အချိုရည်တွေ ကပ်ပြီးချိန်မှာ ဆရာတစ်ဦးစီက သံဃာတွေကိုတစ်ပါးစီပင့်တယ်၊ စာသင်ခန်းအသီးသီးကို ကြွကြရတယ်၊ ကျောင်းသား သုံးထောင်ကျော်ရှိတဲ့ နာလန္ဒာဟိုက်စကူးကျောင်းရဲ့ စာသင်ခန်းအသီးသီးမှာ သံဃာတော်တွေ နေရာကိုယ်စီယူကြတယ်၊

ကျောင်းသူ ကျောင်းသား အသီးသီးက ဆွမ်း ဆွမ်းဟင်း အချိုပွဲနဲ့ လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်တယ်၊ မိမိကြွရောက်ပြီး ဆွမ်းအလှူခံရတဲ့ စာသင်ခန်းက Great 2. ကျောင်းသူ ကျောင်းသား အငယ်လေးတွေချည်း၊ ဆွမ်းလောင်းပြီးမှာ မိမိက Can you speak in English? လို့မေးတော့ ..ဟာမူးသရူး……………………………………………တဲ့..ဆင်ဟာလိဘာသာနဲ့ ပြောတယ်။

သူတို့ဘာတွေပြောတယ် ဆိုတော့ကိုတော့ နားမလည်၊ မိမိသိတာကလဲ ဟာမူးသရူး(ဦးဇင်း)ဆိုတာကိုပဲ သိတာကိုး။ ဒါနဲ့ ဆင်ဟာလ ၀ါစာနတ်(ဆင်ဟာလိ စကားမတတ်ဘူးလို့ )သိတာလေး တစ်လုံးတော့ ကောက်ပြောလိုက်သေးတယ်။ ပြီးမှ အိုကေ အိုကေလို့ပြောပြီး..ငါးပါးသီလပေး မေတ္တာပို့ ဓာတ်ပုံရိုက်ပြီး ဟောခန်းမကြီးအတွင်း ပြန်ကြွလာခဲ့တယ်၊

ဟောခန်းမကြီးထဲမှာ ဆရာ ဆရာမ ကျောင်းသား ကျောင်းသူက ရေစက်ချ တရားနာယူပြီး မိနုဝန်ဂေါဓရဲ့ ဆွမ်းလောင်းပွဲကို အောင်အောင်မြင်မြင် ရုပ်သိမ်းလိုက်ကြတယ်၊ ဆွမ်းလောင်းပွဲရဲ့ အပြန်မှာတော့ ကျောင်းသား ကျောင်းသူလေးတွေ ဆရာ ဆရာမတွေရဲ့ လက်အုပ်ချီ ကန်တော့ပန်းဆင်နေတဲ့ အပြုံးတွေက တစ်စုံတစ်ခုကို ပြောကြားနေသယောင် ခံစားမိလိုက်တယ်၊ မိနုဝန်ရဲ့ လုပ်ဆောင်ချက်တွေက ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြုနေတယ်ဆိုတာ အလိုလို နားလည်လိုက်ပါတယ်။ ။

0 comments: