Wednesday, November 11, 2009

ကိုယ်တိုင်ရှာ ရအောင်ဖြည့်

ကျေးဇူးတော်ရှင် တိပိဋက ယောဆရာတော်ကြီးရဲ့ သံဝေဂဓမ္မ ကဗျာကို ပြန်လည်မျှဝေအပ်ပါတယ်၊ ကိုယ်ရှာတာ ကိုယ့်အတွက်လား လူများအတွက်လားဆိုတာ စဉ်းစားစရာပါ၊ ကိုယ်ရှာတဲ့ ရှာဖွေခြင်းကကော ဗုဒ္ဓအလိုကျ ရှာဖွေခြင်းမျိုးဖြစ်ပြီလား ဆိုတာလဲ ကုသိုလ်ယှဉ်တဲ့အတွေးနဲ့ တွေးသင့်ပါတယ်၊

ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊

အဖြာဖြာသည်

ငါ့ဟာ ငါ့ဟာ သမုတ်ပါလည်း၊

ခန္ဓာကြွေပျောက် သေပြီးနောက်ဝယ်၊

ကိုယ့်နောက်မပါ၊ အိမ်ဂေဟာ၌၊

စုကာပုံလျက် ကျန်နေခဲ့၏။

ဆွေမျိုးမိဘ အ၀၀သည်၊ ချစ်ကြသော်လည်း၊

မလွဲမသွေ ကွဲရပေမည်၊

သေရာကိုယ့်နောက်၊ တစ်ယောက်မပါ၊

ငိုယိုကာဖြင့်၊ မြှုပ်ရာသင်္ချိုင်း၊

မြေလုပ်တိုင်းမှ၊ မဆိုင်းမတွ၊

ပြန်ကြလေ၏၊

ကိုယ်တိုင်စီမံ၊ ကုသိုလ်ကံသာ၊

မကွာကိုယ့်နောက်၊ တကောက်ကောက်၊

လိုက်တတ်မြဲမို့၊

ကိုယ့်ဖို့ဥစ္စာ၊ ကိုယ်တိုင်ရှာ၊

ရှိကာရှိတုန်း ရအောင်ဖြည့်။ ။

Tuesday, November 10, 2009

သြ၀ါဒ ၁၀၁

မိမိဘလော့စာမျက်နှာကို မေတ္တာရှေ့ထားရောက်လာသူများကို ပို့စ်အသစ်မတင်နိုင်ခြင်းအတွက် နားလည်ပေးဖို့ တောင်းပန်အပ်ပါတယ်၊ ခရီးထွက်နေဆဲ အချိန်မို့ ဘလော့ဖက်ကို သိပ်မလှည့်ဖြစ်တာပါ၊ အခုလဲ အီးမေးလ်က ရတဲ့ ပထမရွှေကျင်ဆရာတော်ကြီးရဲ့ ဩ၀ါဒကို ပြန်လည်မျှဝေပါတယ်၊ အဆုံးအမ လမ်းညွှန်မှုကို လက်ခံနိုင်သည့် သောဝစဿတာ မင်္ဂလာနဲ့ ပြည့်စုံနိုင်ပါစေလို့ ဆန္ဒမွန်ပြုပါတယ်။ ။

၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။ စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ ကာလကို လူ-မစားလျှင် လူကို ကာလ စားသည်။
၈။ သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီး မလောင်။
၉။ တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။

၁၁။ ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။ မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ ရန်မလိုမှ ရန်ပြိုသည်။ ရန်လို ရန်ပိုတတ်လှသည်။
၁၅။ သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင် ညွတ်သည်။
၁၆။ ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။ သူတစ်ပါးလှေကို ဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂၀။ မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။

၂၁။ တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။ သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။ တရားပွဲကား လူကျဲတဲ၊ ရပ်ရွာပျော်ပွဲ တသဲသဲ။
၂၄။ ရိုသေစွာ ခစားလျှင် မင်းခစားပင် မင်းကိုနိုင်သည်။
၂၅။ အဆင်းလှလျှင် အိမ်သူဇနီးပင် လင်ကိုနိုင်သည်။
၂၆။ ကျင့်ဝတ်မချွှတ်လျှင် တပည့်ပင် ဆရာကိုနိုင်သည်။
၂၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်ဆွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၂၈။ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမည်။
၂၉။ ပန်းပဲဆရာ အထုမခံသော သံတုံး လက်နက်မဖြစ်။
၃၀။ ကျောက်ဆစ်ဆရာ အဖြတ်မခံသော ကျောက်တုံး အရုပ်မဖြစ်။

၃၁။ ဆရာကောင်းအဆုံးအမ မခံသောတပည့် သူကောင်းမဖြစ်။
၃၂။ ရေနက်ရာသို့ ပြေးဝင်သော ငါး ကျီးငှက်အစာမဖြစ်။
၃၃။ အဆုံးအမသို့ ပြေးဝင်သောတပည့် မာရ်နတ်အစာမဖြစ်။
၃၄။ နွားကျောင်းသားသည် နွား-ခြင်မကိုက်အောင် မီးခိုးတိုက်သည်။
၃၅။ ဆရာသည် တပည့် ကိလေသာခြင် မကိုက်အောင် တရားမီးခိုးတိုက်သည်။
၃၆။ မြေခွေးသည် ခြင်္သေ့စားကြွင်းဖြင့် မာန်တက်သည်။
၃၇။ ပုထုဇဉ်သည် အရိယာစားကြွင်းဖြင့် မာန်တက်သည်။
၃၈။ ဖားငယ်သည် ဆောင့်ကြောင့်ထိုင်လျှက် ခြင်္သေ့မာန်တက်လျှက် ကျီးချီသောအခါ ပီယတ်ပီယတ်မြည်သည်။
၃၉။ ပုထုဇဉ်သည် လာတ်ပေါလျှင် သူဌေးမာန်တက်လျှက် ဖျားနာသောအခါ တအင်အင်ညည်းသည်။
၄၀။ ကြာပင်အောက်ကဖား ကြာဝတ်ဆံမစား ရွှံ့စားသည်။
ပိတုံးကား အဝေးမှကြာဝတ်ဆံ လာစားသည်။

၄၁။ သာသနာတွင်းသား သာသနာဝတ်ဆံမစားလျှင် ပိတုံးအား ရှက်သင့်သည်။
၄၂။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလှဲမချင်း အရိပ်ဖြင့် အေးစေဧ။် ။
၄၃။ နံ့သာတုံးသည် မီးရှို့သူကို မကျွှမ်းမခြင်း အနံ့ဖြင့် မွှေးစေဧ။် ။
၄၄။ သူတော်ကောင်းသည် ညှင်းဆဲသူကိုသော်လည်း မသေမချင်း အကျိုးဆောင်ဧ။် ။
၄၅။ တောမီးသည်သစ်ရွက်ခြောက်ကို လောင်လွယ်ဧ။် ။ သစ်ရွက်စိုကို မတတ်နိုင်။
၄၆။ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်ဧ။် ။ မေတ္တာဖြန်းသူကို မတတ်နိုင်။
၄၇။ ဆေးဆရာသည် လူနာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
၄၈။ အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။
၄၉။ သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။
၅၀။ ကျားကြောက်၍ ပြေးစဉ် ခွေးဟောင်သည်ကို အရေးမယူရ။

၅၁။ ငရဲကြောက်၍ သီလစောင့်စဉ် မသူတော်ညှင်းသည်ကို အရေးမယူရ။
၅၂။ ရန်သူကို မီးခဲ ကိုင်ပစ်လျှင် မိမိလက် ရှေးဦးစွာ လောင်ဧ။် ။
၅၃။ ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ရှေးဦးစွာ ပျက်၏ ။
၅၄။ ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏ ။
၅၅။ မာရ်နတ်ပစ်သော လက်နက်သည် သည်းခံသော ဘုရားရှေ့၌ ပန်းကုံးအသွင်ဖြင့် အဖူးအမျှော်ဝင်ဧ။် ။
၅၆။ သမုဒ္ဒရာရေ မီးကြောင့် မကျွှမ်း၊ မြင်းမိုရ်တောင် လေကြောင့် မလှုပ်၊ ကျောက်ခဲ ရေကြောင့် မကြေ၊ သူတော်ကောင်း မသူတော်ကြောင့် မတုန်လှုပ်။
၅၇။ မသူတော် အမျက်ကြောင့် သူတော်ကောင်းဂုဏ်ပျက်မခံ။
၅၈။ သူတော်ကောင်း အမျက်ထွက်လျှင် မသူတော် အလိုပြည့်သည်။
၅၉။ ရန်သူညှင်းဆဲခြင်းသည် မိမိ၏ ရှေးကံ ရှေးဥစ္စာပင်တည်း။
၆၀။ မိမိကံကြောင့် မိမိ ဒုက္ခတွေ့သည် ဘယ်သူမပြု မိမိမှု။

၆၁။ ညဥ့်အခါ သားကို ခွေးထင်၍ သတ်သော အဘသည် သား၏ ရန်သူလော။
၆၂။ သစ်ပင်မှ ကျသေလျှင် သစ်ပင်သည် ထိုသူ၏ ရန်သူလော။
၆၃။ စစ်သူရဲသည် ပြင်ပရန်သူကို နိုင်သော်လည်း အတွင်း ရန်သူမှ ရှုံး၏ ။
၆၄။ အမျက်ထွက်သူကို အမျက်မထွက်သူ အမြဲ နိုင်၏ ။
၆၅။ မကောင်းပြောသူကို အကောင်းပြောသူ အမြဲ နိုင်၏ ။
၆၆။ စေးနှဲသူကို ပေးကမ်းသူ အမြဲ နိုင်၏ ။
၆၇။ မုသားဆိုသူကို သစ္စာဆိုသူ အမြဲ နိုင်၏ ။
၆၈။ သိကြားမင်း လက်နက်ကား မိုးကြိုး။
၆၈။ ယမမင်း လက်နက်ကား မျက်စောင်း။
၆၉။ ဝေဿ၀ဏ် လက်နက်ကား အစွယ်။
၇၀။ မသူတော်လက်နက်ကား ဒေါသ။

၇၁။ သူတော်ကောင်း လက်နက်ကား ခန္တီ။(သည်းခံခြင်း)
၇၂။ ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုန်နှင့်တူ၏ အန္တရာယ်မရှိ။
၇၃။ ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏ ။ အပါယ်မရောက်။
၇၄။ ရေရှိမှ ကြာပွားသည် သီလရှိမှ သမာဓိ များသည်။
၇၅။ ဗဟုဿုတရှိလျှက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏ ။
၇၆။ ပညာရှိလျှက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏ ။
၇၇။ သီလရှိမှ ဒါနနှင့် ဘာဝနာအကျိုးပေးသန်သည်။
၇၈။ ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်။ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
၇၉။ ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ။သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
၈၀။ လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာဧ။် ။

၈၁။ သီလစောင့်လျှင် ဘ၀အဆက်ဆက် ချမ်းသာဧ။် ။
၈၂။ ဆီမီးသည် လင်းခိုက် လူလယ်တင့်၏ ။ ငြိမ်းလျှင် မှောင်၏ ။ ညှော်နံ့ထွက်၏ ။
၈၃။ သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏ ။ ပျက်လျှင် မှောက်၏ ။ ညှော်နံ့ထွက်၏ ။
၈၄။ တောအုပ်၌ မိဘကင်းသော သားသမီး ကျားစာဖြစ်၏ ။
၈၅။ သာသနာ၌ ဩ၀ါဒကင်းသော ရဟန်း မာရ်နတ်အစာဖြစ်၏ ။
၈၆။ ပေါက်ဖက်သော်လည်း မြလေးပန်းမှီ၍ လူဦးခေါင်းထက် ရောက်သည်။
၈၇။ မြေခွေးသော်လည်း ခြင်္သေ့မင်းခစား၍ ကျားမကိုက်နိုင်။
၈၈။ သူကန်းသော်လည်း ခြေသံနားထောင်လျှက် လိုရာအရပ် ရောက်သေးသည်။
၈၉။ ခြင်္သေ့သည် ကျားကိုနိုင်၏ ကိုယ်တွင်း ခွေးလေးသန်းကို မနိုင်။
၉၀။ မသူတော်သည် သူတော်ကောင်းကိုနိုင်၏ ။ ကိုယ်တွင်းအကုသိုလ်ကို မနိုင်။

၉၁။ ကျင်ကြီးသည် နွေးသည်ဖြစ်စေ အေးသည်ဖြစ်စေ အဆင်းလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၂။ မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ စကားလှသည်ဖြစ်စေ မလှသည်ဖြစ်စေ ရွံဘွယ်သာတည်း။
၉၃။ မီးခဲသည် ပူသောအခါ လက်လောင်၏ အေးသောအခါ လက်မဲ၏ ။
၉၄။ မသူတော်သည် ဒေါသအခါ ကြောက်စရာ လောဘအခါ ရွံစရာဖြစ်၏ ။
၉၅။ ခွေးရူးကိုက်လျှင် ထိုသူရူး၏ ။ ထိုသူကိုက်လျှင် နောက်လူ ရူး၏ ။
၉၆။ ခွေးရူးသည် လူကောင်းအဆက်ဆက်ကို ရူးစေ၏ ။
၉၇။ မသူတော်သည် လူကောင်းအဆက်ဆက်ကို ယုတ်မာစေ၏ ။
၉၈။ ပဒုမ္မာကြာရိုးသည် ထက်ပိုင်းပြတ်သော်လည်း အမျှင်မပြတ်။
၉၉။ သူတော်ကောင်းသည် အဆက်ပြတ်သော်လည်း မေတ္တာမပြတ်။
၁၀၀။ အဆင်းမှီ၍ အကျင့်ပျက်လျှင် ထိုအဆင်းသည် ရွံဘွယ်တည်း
၁၀၁။ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဘွယ်တည်း။

Wednesday, November 4, 2009

မနီလာ မှတ်တမ်း

သူငယ်ချင်းတွေနဲ့အတူ Philippine ကို လေ့လာရေး ခရီးသွားဖြစ်ပါတယ်၊ ကျွန်းငယ်လေးတွေ လေးထောင်ကျော်ရှိပြီး လှပတဲ့ ကမ်းခြေအလှတွေ အေဒီ ၁၅ရာစုက ဆောက်ထားတဲ့ ရှေးဟောင်း ဘုရားကျောင်းတွေ ခံတပ်တွေကလဲ နိုင်ငံခြားသားတွေအဖို့ စိတ်ဝင်စားစရာပါ၊

ဖီလစ်ပိုင်ကို သွားမယ်ဆိုရင် ဗီဇာယူစရာ မလိုပါဘူး၊ Immigration ကိုရောက်မှ Arrival Visa ထုပေးတာပါ၊ နေရာတိုင်းမှာ လွတ်လွတ် လပ်လပ်သွားနိုင်တယ်၊ ကျွန်းနိုင်ငံဖြစ်တဲ့အတွက် မုန်တိုင်းတော့ မကြာခဏ ၀င်ပါတယ်၊ စာရေးသူတို့ မနီလာကို စရောက်တဲ့နေ့က တိုင်ဖုန်းမုန်တိုင်း ၀င်တာကို တွေ့ခဲ့ရတယ်၊ ဘ၀တစ်သက် မတွေ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုပါ၊ တိုင်ဖုန်းမုန်တိုင်းက ဆောင်းရာသီမှာကျတဲ့ နှင်းငွေ့တွေလို အရင်ထုတ်လွှတ်ပါတယ်၊ ပြီးတော့ မြွေအော်သံနဲ့တူတဲ့ အသံတွေ မြည်လာပါတယ်၊ တရွှီးရွှီးမြည်နေတဲ့ အသံတွေက တိုင်ဖုန်းအတွေ့အကြုံ မရှိသူတွေကို ကြောက်လန့်စေတာတော့ အမှန်ပါပဲ၊ ပြီးရင် လေတွေ မိုးတွေ ပြင်းပြင်းထန်ထန် ကျလာတော့တာပါ၊

ဒါကြောင့်မို့ ထင်ပါရဲ့ မနီလာမြို့ မြင်ကွင်းကလဲ သန့်ရှင်းမှု အားနည်းလှပါတယ်၊ သစ်ရွက်ခြောက်တွေ ရေအိုင်တွေ မနီလာမြို့ အနှံ့တွေ့နေရပါတယ်၊ မနီလာမြို့ပေါ်မှာ လိုင်းကားကောင်းတွေ မရှိသလောက်ပါပဲ၊ မနီလာက ထုတ်တဲ့ ဂျစ်ကားရှည်ကြီးတွေကို အမြတ်တနိုး လိုင်းကားပြေးဆွဲနေတာ တွေ့ရတယ်၊

မနီလာမြို့ပေါ်မှာ လေ့လာစရာတွေကတော့ အေဒီ ၁၅ရာစုက စပိန်လူမျိုးတွေ ဆောက်ထားခဲ့တဲ့ ရှေးဟောင်း Church ကျောင်းတွေ၊ မနီလာမြို့ မြောက်ပိုင်းက ခံတပ်တွေ၊ မနီလာကမ်းခြေနဲ့ မနီလာမြို့လယ်မှာရှိတဲ့ Museum City Hall စတာတွေဟာ လေ့လာသင့်တဲ့နေရာတွေပါ၊

မနီလာကနေ ၂ နာရီကျော် လေယဉ်စီးရတဲ့ စီဘူး ကမ်းခြေဟာလဲ နိုင်ငံခြားသားတွေ အများဆုံးသွားရောက်တဲ့နေရာပါ၊ မနီလာမြို့ခံတွေရဲ့ အဆိုအရ မနီလာထက် မနီလာပြင်ပက ပိုပြီးသာယာလှပတယ်လို့ ဆိုပါတယ်၊ မိမိတို့သူငယ်ချင်းတစ်စုကတော့ မနီလာမြို့အပြင်ဖက်တွေက မရောက်ဖြစ်ခဲ့ဘူး၊

စာရေးသူရဲ့ တစ်ဦးတည်းအမြင်အရတော့ မနီလာမြို့ပေါ်မှာ လူတွေအလုပ်လက်မဲ့များနေတာ တောင်းရမ်းနေတဲ့ကလေးငယ်များနေတာ စီးပွားရေး နလန်မထူနိုင်လို့ မျှော်လင့်ချက်မဲ့နေတာတွေ တွေ့မြင်ခဲ့ရသလို ကိုယ့်ကျင့်သိက္ခာရောင်းစားတဲ့ လူတွေလဲ ပေါများတယ်လို့ မြင်ပါတယ်၊

မြို့တွင်းနေရာတွေ ညစ်ပတ်နေတာတွေလဲ နေရာတိုင်းလိုလို တွေ့ခဲ့တယ်၊ ဒါက စာေ၇းသူတို့ သွားသလောက် မြင်သလောက်ကိုသာ ပြောပြနိုင်တာပါ၊ စိတ်ထဲမှာတော့ ရန်ကုန်လောက် သန့်ရှင်းမှု မရှိဘူးလို့ ခံစားခဲ့ရတယ်၊ ဟိုတယ်ခ စားသောက်စရိတ်စတာတွေကတော့ ဈေးကြီးတယ်လို့ မဆိုနိုင်ပါဘူး၊ တညတာ ဟိုတယ်တည်းခိုစရိတ် ဒေါ်လာ ၄၀ ၊ ထမင်းတနပ် ဖီလစ်ပိုင်ငွေ Peso ၈၅ လောက်ပဲရှိတာမို့ သက်သာတယ်လို့ ပြောရမယ်ထင်ပါတယ်၊

မြန်မာထက်သာတာတွေကတော့ ရေမှန် မီးမှန် လမ်းကောင်း ဆက်သွယ်ရေးကောင်းတာတွေဟာ မြန်မာထက်သာတာ သေချာပါတယ်၊
ခရစ်ယာန်အများစုရှိတဲ့နေရာမှာ မဟာယာန ဗုဒ္ဓဘာသာကျောင်းတော်ကြီး နှစ်ခု ရှိနေတာကတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် ဂုဏ်ယူစရာပါ၊ ရှစ်ထပ်အဆောက်အဦးကြီး နှစ်ခုနဲ့ ကြီးကျယ်ခန်းနားစွာ တည်ဆောက်ထားတာပါ၊ အဲဒီအဆောက်အဦးရဲ့ အပေါ်မှာ စေတီတော်ကြီးတစ်ဆူတည်ထားပါသေးတယ်. မနီလာမြို့ ဘယ်နားကကြည့်ကြည့် အဲဒီစေတီတော်ကို တွေ့မြင်နိုင်ပါတယ်၊

မနီလာမှာ ငါးရက်လှည့်ပတ်ပြီး ခရီးတွေဆက်ဖြစ်နေပါတယ်၊
ဆရာတော်ကြီးများရဲ့ အဆိုအရတော့ သုဒ္ဓါဝါသ ငါးဘုံကလွဲလို့ ကျန်တဲ့နေရာ အားလုံးဟာ အရင့်အရင်တွေက ရောက်ဖူးပြီးသားတွေလို့ ဆိုပါတယ်၊ သံသရာကျင်လည်စဉ်ကလို့ ဆိုလိုတာပါ၊ ဘုရားရှင်ကတော့.. ရဟန္တာမဖြစ်သေးသမျှ သံသရာ ခရီးသွား အဆင့်သာရှိသေးကြောင်း ဟောတော်မူပါတယ်၊ ဘယ်လိုဖြစ်ဖြစ် ဒေသတွင်းခရီး နိုင်ငံရပ်ခြားခရီးမှသည် သံသရာခရီးလျှောက်လှမ်းတဲ့အချိန်မှာ များများလဲချန်ထား များများလဲယူသွားနိုင်အောင်ကြိုးစားရင် ခရီးဆုံးကို ဆက်လက်ချီတက်နေရမယ် မဟုတ်ပါလား၊ ။

မနီလာမြင်ကွင်းများ


မဟာယာနဗုဒ္ဓဘာသာကျောင်းကြီးပေါ်က စေတီတော်





















































































ယောအသင်း စင်္ကာပူ မလေးရှား လှုပ်ရှားမှုမှတ်တမ်းပုံများ၊

ယောအသင်း စင်္ကာပူ မလေးရှား လှုပ်ရှားမှုမှတ်တမ်းပုံများ၊











































Wednesday, October 14, 2009

အပြစ် ကျေအေးနိုင်ပါသလား -

မိဘကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးဆပ်နိုင်စေ။
မိဘစော်ကား၊ ပြစ်ကြီးမား၊ ဘုရားဟောမိန့်ခြွေ။
မိဘနှစ်ထွေ၊ ကိုယ့်ကြောင့်သေ၊ ရောက်လေ ငရဲပြေ
ဘုရားသော်မှ၊ ကယ်မရ မုချ မှတ်ပါလေ ၊

မေး။ ။ လူတစ်ယောက်သည် သူ အဖေ-အမေမှန်း မသိခင် အရွယ်ကပင် သူ့ဖခင်နှင့် ကွဲကွာခဲ့၏။ ထိုလူ အသက်ရလာသောအခါ သူ့အဖေနှင့် ဆန့်ကျင်ဘက်ရန်သူအဖြစ် ပြန်တွေ့ကြရ၏။ သူ့အဖေမှန်း မသိ၊ ရန်သူအဖြစ်သာ သတ်မှတ်ထား၏။ ထိုသူက ရန်သူဖြစ်သူ (အဖေ) အား အဖေမှန်းမသိဘဲ သတ်မိခဲ့သော် ပိတုဃာတက ကံကြီး ထိုက်/မထိုက် ဖြေကြားပေးတော်မူကြပါရန် ပန်ကြားအပ်ပါသည်။

သိလိုသူတစ်ဦး

ဖြေ။ ။ ထိုက်ပါသည်။ ဤမျှဖြင့်ပင် အထက်ပါ မေးခွန်း၏အဖြေ ပြီးပြည့်စုံပါ၏။ သို့သော် အကျယ်ဝေဘန်၍ ဖြေဆိုမှ စာဖတ်သူများ ဘဝင်ကျနိုင်ဖွယ်ရှိသောကြောင့် လေ့လာမိသမျှ ဖြေဆိုပြပါဦးမည်။
ရှေးဦးစွာ ပါဏာတိပါတကံထိုက်သော (ဝါ) သူ့အသက်သတ်မှု မြောက်သော အင်္ဂါအချက်အလက်တို့ကို သိထားသင့်ပါ၏။ အင်္ဂါတို့မှာ-

(၁) ပါဏော=သတ္တဝါလည်းမှန်စေ၊ (၂) ပါဏသညိတာ= သတ္တဝါမှန်း သိသည်လည်းဖြစ်စေ၊ (၃) ဝဓကစိတ္တံ= သတ်လိုသော စိတ်စေတနာ ရှိသည်လည်းဖြစ်စေ၊ (၄) ပယောဂေါ = သတ်ဖြတ်မှု လုံ့လတစ်ခုခုကို ပြုသည်လည်းဖြစ်စေ၊ (၅) တေန မရဏံ= ထို့လုံ့လကြောင့်ပင် သေသည်လည်းဖြစ်စေ၊ ဤအင်္ဂါ ၅-ချက်စုံမှ ပါဏာတိပါတကံ မြောက်၏။ (အဘိ၊ဋ္ဌ၊၁၊၁၄၀)

အထက်ပါမေးခွန်းတွင် ဖခင်မှန်း မသိသည်မှတစ်ပါး ဤအင်္ဂါ ၅-ချက်နှင့်ကား ပြည့်စုံ၏။ ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်မှာတော့ သေချာ၏။ ဤတွင် သိလိုသည်က ပိတုဃာတက ကံ ထိုက်မထိုက်။ ဖခင်မှန်း မသိသည့်အတွက် မထိုက်လေသလား-ဟု ယုံမှားဖွယ်ရှိ၏။ သိသိ မသိသိ ထိုက်ပါသည်။ ထိုက်သည့်အကြောင်း ကိုလည်း ရှင်းပါမည်။
ပါဏာတိပါတအမှုပြုရာတွင် အကောင်သေးလျှင် အပြစ်ငယ်၏။ အကောင်ကြီးလျှင် အပြစ်ကြီး၏။ အဘယ့်ကြောင့်ဆိုသော် လုံ့လ ပယောဂ အနည်းအများကြောင့်တည်း။

( ဥပမာ- ခြင်ကိုသတ်လျှင် ဖြတ်ကနဲဆိုပြီး၏။ ဆင်ကိုသတ်လျှင် အားပါးစိုက်၍ အကြိမ်များစွာ ပြုရ၏။) လုံ့လပယောဂ အားထုတ်မှုတူလျှင် ဂုဏ်အကြီးအငယ်လိုက်၍ အပြစ်အကြီးအသေး ကွာခြား၏။ ဂုဏ်ကျေးဇူး ရှိ/မရှိခြင်း တူပြန်လျှင် သတ်သည့်အခါ၌ ဖြစ်သော ဒေါသ-မောဟ-စသော ကိလေသာ အနည်းအများ၊ အားထုတ်မှု အနုအရင့်လိုက်၍ အပြစ်အကြီးအသေး ကွဲပြား၏။ (အဘိ၊ဋ္ဌ။၁၊၁၄၀)

အထက်ပါ သဘောတရားတို့တွင် မိမိသတ်အပ်သူက ဂုဏ်ကျေးဇူး ကြီး/မကြီး မသိသော်လည်း ဂုဏ်ကျေးဇူးကြီးသူကို သတ်မိလျှင် အပြစ်ကြီးသကဲ့သို့ ဖခင်မှန်း မသိသော်လည်း ဖခင်ကို သတ်မိလျှင် ပိတုဃာတကကံ ထိုက်၏ဟု သိအပ်၏။

ဤတွင် ပို၍ သံသယရှင်းနိုင်ရန် ဝိနည်းဒေသနာတော်၌ လာသော အဆုံးအဖြတ်အချို့ကို ပြဆိုပါဦးမည်။
“ရဟန်းတစ်ပါးသည် တစ်ခုသောအရပ်၌ အိပ်နေသော သိုးတစ်ကောင်ကို မြင်၍ “ညအခါ လာ၍ သတ်အံ့”ဟု နေရာကို မှတ်သားထား၏။ ထိုသိုးအိပ်နေသောနေရာ၌ ထိုရဟန်း၏ ဖခင်သည် သိုးမွေးအဆင်းနှင့်တူသော ဖျော့တော့သောအဆင်းရှိသော သင်္ကန်းကို ဝတ်၍ အိပ်နေ၏။ ထိုရဟန်းသည် ညအချိန်တွင် “သိုးကိုသတ်အံ့”ဟု ကြံ၍ အဖကို သတ်မိလေ၏။ “ဤအိပ်နေသော သတ္တဝါကို သတ်အံ့” ဟူသော စေတနာ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် လူသတ်သမားလည်း ဟုတ်၏။ အာနန္တရိယ (ပိတုဃာတက) ကံလည်း ထိုက်၏။ ပါရာဇိကလည်း ကျ၏။ (ဝိ၊ဋ္ဌ၊ ၂၊ ၄၄)

အထက်ပါ အဆုံးအဖြတ်တွင် ရဟန်းနေရာ၌ လူကိုထည့်ကာ နောက်က ပါရာဇိကကို ဖြုတ်၍မှတ်လျှင် သံသယကင်း၍ ရှင်းလင်းသွားပါလိမ့်မည်။
ဗဟုသုတတိုးပွားပြီး မှတ်သားဆင်ခြင်နိုင်ရန် အမေး+အဖြေပုံစံ ဖြင့် ဆက်လက်ပြဆိုပါဦးမည်။

မေး။ ။ အမိသတ်ခြင်းနဲ့ အဖသတ်ခြင်း ဘယ်သင်းက ပို၍ အပြစ်ကြီးပါသလဲ။
ဖြေ။ ။ အမိက သီလရှိလျှင် အမိသတ်ကံ၊ အဖက သီလရှိလျှင် အဖသတ်ကံက ပို၍ အပြစ်ကြီးပါတယ်။

မေး။ ။ မိဘနှစ်ပါးလုံး သီလရှိ/မရှိအားဖြင့် တူမျှလျှင်ကော။
ဖြေ။ ။ အမိသတ်ကံက ပိုအပြစ်ကြီးပါတယ်။

မေး။ ။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ မိခင်က ပိုပြီး ကျေးဇူးများလို့ပါ။ (အဘိ၊ဋ္ဌ၊၂၊၄၁၀)

မေး။ ။ ကိုယ့်မိဘက နဂါးစတဲ့ တိရစ္ဆာန်ဖြစ်နေရင်ကော ကံကြီးထိုက်ပါသလား။
ဖြေ။ ။ မထိုက်ပါဘူး။ သတ်သူ လူသားက လူသားစင်စစ် ဧကန်ဖြစ်တဲ့ မိဘအရင်းကို သတ်မိမှ ကံကြီးထိုက်ပါတယ်။ ကံကြီးမထိုက်ပေမဲ့ ကံကြီးနီးပါး အပြစ်ကြီးပါတယ်။

မေး။ ။ ဒီပိတုဃာတက ကံစတဲ့ ကံကြီးတွေရဲ့ သဘောသဘာဝနဲ့ အမည်နာမတွေကို ပြောပြပါဦး။
ဖြေ။ ။ ဒီ အဖသတ်ခြင်းစတဲ့ ကံကြီးတွေဟာ သေသည်၏ အခြားမဲ့မှာ အပါယ်ပဋိသန္ဓေအကျိုးကို ဧကန်ပေးတတ်တဲ့အတွက် အာနန္တရိယကံ လို့ ခေါ်ပါတယ်။ သေပြီးနောက် အဝီစိငရဲကို မုချရောက်ရမှာပါ။ ငါးမျိုး ရှိတဲ့အတွက် ငါးခုဟော ပဉ္စ-သဒ္ဒါနဲ့ပေါင်းပြီး ပဉ္စာနန္တရိယကံလို့ ခေါ်လေ့ရှိပါတယ်။ အားကြီးတဲ့အတွက် (တနည်း) အကျိုးကြီးမားတဲ့ အတွက် ဂရုက ကံလို့လည်း ခေါ်ပါတယ်။ အနီးဖြစ်တဲ့ ဒုတိယဘဝမှာ ခံစားရမှာ ဖြစ်တဲ့အတွက် ဥပပဇ္ဇဝေဒနီယကံလို့လည်း ခေါ်ပါတယ်။

မေး။ ။ ကုသိုလ်တွေ အများကြီးလုပ်ရင်ကော အပြစ်မကျေ နိုင်ဘူးလား။
ဖြေ။ ။ စကြဝဠာတစ်ခုလုံး မဟာစေတီလောက်ရှိသော ရွှေပုထိုးတော်ဖြင့် ပြည့်စေ၍သော်လည်းကောင်း၊ စကြဝဠာတစ်ခုလုံး အပြည့်ထိုင်နေသော ရဟန်းအပေါင်းအား ကြီးစွာသော အလှူဒါနကို ပေးလှူ၍သော်လည်းကောင်း၊ ဘုရားရှင်၏ သင်္ကန်းစွန်းကို မလွှတ်မူ၍ လှည့်လည်နေသော်လည်းကောင်း အပြစ်မကြေနိုင်။ သေသည်မှ နောက် ငရဲသို့ ရောက်ရသည်သာတဲ့။ (အဘိ၊ဋ္ဌ၊၂၊၄၀၇) (အဘိ၊ဋ္ဌ။၁၊၃၉၂-တွင် ဥပမာတစ်မျိုးပြ၏။)

မေး။ ။ ဈာန် မဂ် ဖိုလ် ရသည်အထိ အားထုတ်မယ် ဆိုရင်ကော မကျေနိုင်ဘူးလား။
ဖြေ။ ။ ရကို မရနိုင်တာပါ။ နတ်ရွာ- နိဗ္ဗာန်-မဂ်-ဖိုလ်-ဈာန်ကို ဧကန် တားမြစ်နိုင်တဲ့ အန္တရာယ် ၅-ပါးထဲမှာ ပဉ္စာနန္တရိယကံကို ကမ္မန္တရာယ် လို့ ခေါ်ပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၁၃၈)

အဇာတသတ်မင်းဟာ သာမညဖလ သုတ်တော်ကို နာကြားရတဲ့အချိန်မှာ ဖခင်ဗိမ္ဗိသာရကိုသာ မသတ်ခဲ့မိ ဘူးဆိုရင် တရားတော်အဆုံးမှာ သောတာပတ္တိမဂ်ဖိုလ်ကို ရနိုင်တယ်လို့ ဆိုပါတယ်။ (ဒီ၊ဋ္ဌ၊၁၊၂၁၂)

မေး။ ။ ကိုယ်တိုင်မသတ်ဘဲ လူငှါးသတ်ခိုင်းရင်ကော။
ဖြေ။ ။ အတူတူပါပဲ။ အင်္ဂါ ၅-ပါးထဲက (၄)နံပါတ်ဖြစ်တဲ့ ပယောဂေါ-အရ ကိုယ်တိုင်သတ်ခြင်း၊ သူတစ်ပါးကို အသတ်ခိုင်းခြင်း၊ သေချင်နေသူ အလွယ်တကူ သေလို့ရအောင် လက်နက်များ ရှာပေးထားခြင်း၊ ငြီးငွေ့နေတဲ့လူနာကို သေချင်လာအောင်ပြောခြင်း၊ အလွယ်တကူ သတ်သေတဲ့နည်းတွေ ပြောပြခြင်းစတဲ့ ကာယပယောဂ ဝစီပယောဂ တစ်ခုခုကို - သတ်ဖို့အားထုတ်ခြင်းလို့ ဆိုပါတယ်။ (ပါတိမောက်-ဘာဋီ)

(ဆေးရုံတွင် မျှော်လင့်ချက်မရှိတော့သော မိဘကို ကုသမှုများ ရပ်ဆိုင်းကာ ဆေးထိုး၍ ချမ်းသာစွာ အသက်ထွက်စေသော သားသမီး များ အာနန္တရိယ ကံကြီးထိုက်နိုင်သည်ကို သတိပြုပါ။)

အရှင်ကောဝိဒ(ယော)

Saturday, October 10, 2009

လန်ကာဝီသို့ ခရီးတစ်ခေါက်







Mahsuri ကျွန်းမင်းသမီး











လန်ကာဝီကျွန်းအလှ













စာရေးသူတို့အဖွဲ့















ငပလီနဲ့ လန်ကာဝီစာအုပ်ကို ဖတ်ပြီး ကတည်းက လန်ကာဝီကျွန်းကို စိတ်ဝင်စားခဲ့ ရောက်ချင်ခဲ့တာပါ၊ လန်ကာဝီကျွန်းရဲ့ ကြည်နူးစရာ ကမ်းခြေရှုခင်းတွေက ကမ္ဘာကျော်ဖြစ်နေခဲ့တာလဲ တကြောင်းပေါ့၊ အခုတော့ ရောက်ချင်လှတဲ့ ဒီခရီး ရောက်ခွင့်ကြုံခဲ့ပါတယ်၊


လန်ကာဝီကျွန်းဟာ မလေးရှားနိုင်ငံတွင်းမှာရှိပါတယ်၊ ပီနန်ကျွန်းကနေ မော်တော်နဲ့ သုံးနာရီလောက်စီးရတဲ့ နေရာမှာ တည်ရှိတယ်၊ နိုင်ငံခြားသား အများစု လာရောက်လည်ပတ်တဲ့နေရာ တစ်ခုလဲ ဖြစ်ပါတယ်၊ အထူးသဖြင့် နိုင်ငံခြားသားတွေ စိတ်ဝင်စားအောင် Duty free zone အဖြစ်သတ်မှတ်ထားခြင်းပါပဲ၊


လန်ကာဝီကိုရောက်ရင် နောက်ဆုံးပေါ် ကားကြီး ကားကောင်းတွေကို ငှါးပြိး ကိုယ်တိုင် မောင်းနှင်သွားလာနိုင်ပါတယ်၊ တရက်တာ ခရီးကိုမှ မလေးရှားငွေ ၁၂၀ သာ ပေးရတာပါ၊ ကားမမောင်းတတ်သူ မိမိတို့မှာတော့ ဒရိုင်ဘာကိုပါ ငှါးကြရပါတယ်၊ ဒရိုင်ဘာကြေးက တရက်ကို မလေးငွေ ငါးဆယ်ပါ၊


တည်းခိုစရာ ဟိုတယ် ဘန်ဂလိုတွေကလည်း ဈေးသက်သာတာကိုတွေ့ရတယ်၊ သုံးယောက်အိပ်ခန်း တစ်ခန်းကိုမှ မလေးငွေ ၁၁၀ သာပေးရပါတယ်။မလေးရှားပြည်သူတွေ လန်ကာဝီကို စိတ်ဝင်စားကြပုံကတော့…


လန်ကာဝီကျွန်းရဲ့ ကျွန်းအလှတွေရယ်..ပြိးတော့ Mahsuri လို့ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တွေရယ်ကြောင့် ပိုပြီး စိတ်ဝင်စားကြတာကို တွေ့ရပါတယ်၊ မဟာစူရီလို့ခေါ်တဲ့ အရမ်းချောမောလှပတဲ့ အမျိုးသမီးတဦး ဟိုးအရင်က ဒီလန်ကာဝီမှာ ရှိခဲ့ဖူးတယ်၊


အချိန်တန် အရွယ်ရောက်တော့ စစ်သူကြီး တစ်ဦးနဲ့ လက်ထပ်ခဲ့တယ်၊ ခင်ပွန်းဖြစ်သူ စစ်သူကြီး စစ်ပွဲကို သွားနေချိန်မှာ အိမ်နီးချင်း ယောင်္ကျားလေးတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်၊ ပတ်ဝန်းကျင်ကတော့ မဟာစူရီနဲ့ ဒီကောင်လေး အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွပ်စွဲပြောဆိုလာခဲ့တယ်၊ မဟာစူရီကတော့ ရိုးသားတဲ့ ခင်မင်မှုဖြစ်လို့ ဒီလိုပဲ ပုံမှန်နေထိုင်ခဲ့တယ်၊


စစ်သူကြီး စစ်ပွဲက ပြန်ရောက်လာတဲ့အခါ ပတ်ဝန်ကျင်က သူတို့ရဲ့ အမြင်တွေကို စွပ်စွဲပြောကြားတဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူ စစ်သူကြီး မစူးစမ်း မဆင်ခြင်နိုင်တော့ပဲ မဟာစူရီကို သစ်ပင်မှာချည်ပြီး ချွန်ထက်တဲ့ တံကျင်နဲ့ မဟာစူရီကို မသေမချင်း ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်၊


မဟာစူရီ အသက်မထွက်ခင် ကျိန်စာ ဆိုခဲ့တာက.. ဒီလန်ကာဝီကျွန်းဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် မတိုးတက်ပါစေသတည်း လို့ ကြိမ်စာဆိုထားခဲ့တယ်၊

ဒေသခံတွေရဲ့အဆိုအရ.. ၀န်ကြီးချုပ် မဟာသီယာ လက်ထက်ရောက်မှ လန်ကာဝီကျွန်းကို ဖွံ့ဖြိုးရေး ဇုန်အဖြစ်သတ်မှတ်ပြီး ပြုပြင်လာခဲ့တာကြောင့် လန်ကာဝီဟာ တိုးတက်လာခဲ့ပါတယ်လို့ ဆိုပါတယ်၊


မဟာသီယာ ၀န်ကြီးချုပ်ဖြစ်ချိန်ဟာ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ကို ကျော်လွန်တဲ့ နှစ်လို့ ပြောဆိုတာကို လည်းမှတ်သားနားထောင်ခဲ့ရပါတယ်၊ ဒဏ္ဍာရီဆန်ခြင်း မဆန်ခြင်းထက် ဒေသခံပြည်သူတွေကတော့ တကယ့်ကို အမှန်တရားအဖြစ်လက်ခံထားတယ်၊


မဟာစူရီပြတိုက်ကိုလဲ ကြီးကျယ်ခန်းနားစွာ ဆောက်လုပ်ပြသထားသလို မဟာစူရီ မြှုပ်နှံရာအုတ်ဂူကိုလဲ ဒီနေ့အထိ တွေ့မြင်နိုင်ပါသေးတယ်။


လန်ကာဝီမှာ လေ့လာစရာတွေအဖြစ် ကျွန်းပေါင်းကိုးဆယ်ကျော်..Under Water World မဟာသီပြတိုက် နဲ့ Black Sand Beach တို့ဟာ လေ့လာသင့်တဲ့နေရာတွေပါ။

ထူးထူးခြားခြားလေး သတိထားခဲ့ မိတာကတော့ မြန်မာပြည်က ပသျှူးလူမျိုးတွေနေထိုင်တဲ့ ရွာငယ်လေးပါ၊ ရေလမ်းခရီးနဲ့ သွားကြ လာကြရင်း လန်ကာဝီမှာ အခြေချ နေထိုင်လာခဲ့တာ ဒီနေ့အချိန်ထိပါပဲ.


မလေးရှားအစိုးရကတော့ အဝေးရောက် မလေးလူမျိုးဆိုတဲ့ လက်မှတ်တွေ ထုတ်ထားပေးတယ်လို့ သိခဲ့ရပါတယ်၊ လန်ကာဝီကျွန်းဟာ ကီလိုမီတာ ၂၀ ပတ်လည်ရှိတာကြောင့် သာယာတဲ့ရှုခင်းတွေ ပင်လယ်ကမ်းခြေတွေ ပေါများလှပါတယ်၊ ပီနန်းကျွန်းကနေ တနေ့ကို ရှပ်ပြေး မော်တော်ယဉ်နှစ်စီးနဲ့ ပို့ဆောင်ပေးပါတယ်.မနက်ရှစ်နာရီခွဲ တချိန်ပဲ ရှိတယ်၊ အပြန်ခရီးကတော့ ညနေငါးနာရီခွဲမှ မော်တော်ထွက်ပါတယ်၊

လန်ကာဝီကျွန်းအနှံ့သွားဖို့ဆိုရင် တညအိပ်ခရီးလောက်သွားမှ လုံလောက်ပါမယ်၊

မိမိတို့ စရောက်တဲ့နေ့မှာတော့ ဒကာကိုတင်ဝင်းက နေ့ဆွမ်းဆက်ကပ်ပြီး ၇-၁၀-၀၉ မနက်ခင်းမှာတော့ ဒကာကိုကျော်ဝင်းဦးဆောင်တဲ့ လန်ကာဝီရောက် ညီအကိုမောင်နှမများက သံဃာတော်တွေကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြတယ်၊ စာရေးသူက တရားစကားပြောကြားပေးခဲ့ပါတယ်၊


သံဃာတော်တွေအရောက်နည်းတဲ့ ဒေသမို့ သံဃာတော်တွေကို ဖူးမြင်ရတော့ အတော့်ကို ကြည်နူးနေကြတယ်၊ သံဃာတော်တွေ ဟောပြောတဲ့ တရားသံကို နာယူခွင့်ရပြန်တော့ သူတို့ရဲ့ မျက်ဝန်းတွေမှာ ကြည်နူးတဲ့ ပုံရိပ်တွေဟာ အထင်သားပေါ်လွင်နေကြတာကို သတိထားခဲ့မိပါတယ်၊


မှန်ပါတယ်၊ ရတနာဆိုတာ ထိုက်သူတို့သာ သုံးစွဲခွင့်ရတာမို့ ရတနာနဲ့ ဆုံတွေ့ခိုက် ရတနာတန်ဖိုးကို သိအောင်ကြိုးစားသင့်တယ်ဆိုတဲ့ အတွေးတွေကို လန်ကာဝီခရီးက ပေးအပ်ခဲ့ပါတယ်၊ ကျေးဇူးပါ လန်ကာဝီ။ ။

Saturday, October 3, 2009

အဘိဓမ္မာ ရှင်းစရာ


အဘိဓမ္မာ ရှင်းစရာ

သံကိုသံဖျက် သံချေးတက်သလို စိတ်ကို မှီပြီး စိတ်ကို ဖျက်ဆီးနေတာက စိတ်ရဲ့အပူ အခိုးအငွေ့ဖြစ်တဲ့ကိလေသာပါ။ စိတ်ထဲကိလေသာဝင်လာတာနဲ့ စိတ်ရဲ့ထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေ ပျက်ပြယ်သွားတယ်။ ကိလေသာဟာ အေးမြတဲ့စိတ်ကို ပူလောင်စေတယ်။ စင်ကြယ်တဲ့စိတ်ကို ညစ်နွမ်းစေတယ်။ တရား အရှိကို မမြင်ရအောင် ဖုံးအုပ်ထားတယ်။ ကောင်းမှုပြုခွင့်ကို တားမြစ်ပိတ်ပင်ထားတယ်။ စိတ်ကိုနာကျင်အောင် နှိပ်စက်ညှင်းပန်း တယ်။ မလိုချင်တာတွေပေးတယ်။

ရှေ့ကိုသွားသယောင်ယောင် ဟန်ဆောင်ပြီး နောက်ကိုသာ ပြန်ပို့နေတတ်တယ်။
တရားအလုပ် မလုပ်ရင် ကိလေသာဟာ ဘယ်သူ့ကိုမှ မငဲ့ညှာ မထောက်ထားဘူး။
အသက်ကြီးရုံ အချိန်ကုန်ရုံနဲ့ အလိုအလျောက် ရပ်တန့် နောက်ဆုတ် သွားတာမဟုတ်ဘူး။ ဘ၀ကူးအာမခံချက်ကိုတောင် မွှေနှောက်ဖျက်ဆီးပစ်တတ်တယ်။ တရားကင်းကွာရင် အသက်ကြီးတော့ ပိုသောင်းကျန်းတတ်တယ်။ ကြီးလေ ဆိုးလေ ဖြစ်တတ်တယ်။ မောဟ အမှောင်ကို အကာအကွယ်ယူထားတဲ့ ကိလေသာဟာ စိတ်ရဲ့အကျိုးကို လိုလားသယောင် မိတ်ဆွေ ဟန်ဆောင်ပြီး ၀င်လာတတ်တယ်။

စိတ်နှင့်ယှဉ်တွဲမိတာနဲ့ တပြိုင်နက် အတွေးအပြောအလုပ်လွဲအောင် စိတ်ကို အလဲတွန်းချတတ်တယ်။ ကိုယ့်စိတ်ကို ကိုယ်လိုသလို မသုံးနိုင်တော့ဘူး။ ကိလေသာဆိုတာ မျက်စိနဲ့ကြည့်လို့လဲ မမြင်ရဘူး။ လက်နဲကိုင်ကြည့်လို့လဲ မတွေ့ရဘူး။ ခေတ်မီစက်ကိရိယာမျိုးစုံနဲ့ စမ်းကြည့်လို့လဲ မရဘူး။

စိတ်မှာ ကိလေသာဝင်လာရင် ပူလောင်ညစ်နွမ်း ပင်ပန်းရှုပ်ထွေးရတာလဲ အမှန်ပဲ။ ဗုဒ္ဓကျေးဇူးကြောင့် သာ ကိလေသာကို သိရတာပါ။ ကိလေသာ အကျဉ်း ၁၀၊ အကျယ် ၁၅၀၀-ဆိုတာ ဆင်းရဲအပူ တည်ဆောက်ရေးအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အ၀ိဇ္ဇာဆိုတဲ့ မောဟက ဥက္ကဋ္ဌ-ပါ။ တဏှာဆိုတဲ့ လောဘက အတွင်းရေးမှူးပါ။ ကျန်တဲ့ကိလေသာတွေက အဖွဲ့ဝင်တွေ ပါ။ ဥက္ကဋ္ဌ အ၀ိဇ္ဇာက အမှန်သဘောကို ဘာမှမသိ။

အတွင်းရေးမှူး တဏှာက အလိုပြီးပြည့်စုံနိုင်တယ်လို့ လုံးဝမရှိ။ ခန္ဓာပစ္စည်းရှာလို့ မပြီးစီး မပြည့်ဝမီမှာပဲ အိုနာသေကြရတယ်။ အဲဒီမသိနဲ့ မပြည့်ဆိုတဲ့ အ၀ိဇ္ဇာတဏှာနဲ့ပဲ သံသရာလည်နေကြရတယ်။ သံသရာဒုက္ခ မပြတ်နိုင်အောင် ချည်နှောင်ဆက်စပ် ပေးနေတဲ့ အခိုင်မာဆုံး သံသရာ ကြိုး နှစ်ချောင်းဖြစ်ပါတယ်။

ကိလေသာကို နိုင်တဲ့လက်နက်က စည်းကမ်းလိုက်နာတဲ့ သီလ၊ အာရုံပေါ် စူးစိုက်တဲ့ သမာဓိ၊ အရှိကို မြင်အောင်ကြည့်နိုင်တဲ့ ပညာ၊ အဲဒီ သိက္ခာသုံးပါးပဲ ရှိတယ်။ လောကမှာ အဖိုးတန် ကျောက်မြက် ရတနာဆိုတာ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ တူးဖော်ပြီး ပြုပြင်ပေးနိုင်မှ အဖိုးတန်အဆင့် ရောက်လာနိုင်သလို လူ့စိတ်ဓာတ်လည်း ကိလေသာဆိုတဲ့ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး ပြုပြင်ပေးနိုင်မှ စိတ်ကောင်းပေါ်လာပါတယ်။ လူကောင်း ဖြစ်ခွင့် ရနိုင်ပါတယ်။

ကိလေသာဆိုတာ တကယ်ကြောက်ရတဲ့ ကြောက်ခဲ-အစစ်ပါ။ ယပင့်ကျောက် မဟုတ်ဘူး။ ရရစ်ကြောက်ပါ။ လူအချင်းချင်းကြောက်ရတာ ကိလေသာကြောင့်ပါ။ သူ့ကိုတွေးကြောက်နေရတာလဲ ကိလေသာကြောင့်, ကိုယ်က တွေးကြောက်နေရတာလဲ ကိလေသာကြောင့်ပါ။ ကြောက်စရာ ဆင်းရဲအပူ အားလုံး ကိလေသာကြောက်ခဲက မြစ်ဖျားခံတာပါ။

(ယောဆရာတော်၏ -အဘိဓမ္မာ သိစရာ -စာအုပ်မှ ထုတ်နှုတ် ပူဇော်ပါသည်။)

Friday, September 25, 2009

မိမိကိုယ်ကို ဆင်ခြင်နည်း

ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး ၏ ဩ၀ါဒကထာကို ပြန်လည်ဖော်ပြပါသည်၊

၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။

ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။

Thursday, September 24, 2009

ပဋိသန္ဓေအခါ စိတ်ဖြစ်ပုံ


ပဋိသန္ဓေအခါ စိတ်ဖြစ်ပုံ

မေး။ ။ လူတို့ ပဋိသန္ဓေ (အမိဝမ်း၌) နေသည့်အခါ ပဋိသန္ဓေစိတ်သည် သန္ဓေစတင်ရာ ကလလရေကြည် စတင်ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာချင်း အတူတကွ ဖြစ်ပါသလား။ (ကလလရေကြည်နှင့် တပြိုင်နက် ဖြစ်ပါသလား)။

အချို့ဆရာတို့ အဆိုအရ ခက်မငါးဖြာစုံသောအခါ ၄၉-ရက်ကြာမှ (ဟဒယ ဝတ္ထုရုပ်အတွင်း နှလုံးစတင်ခုန်သောအခါမှသာ) ပဋိသန္ဓေစိတ် စတင်ဖြစ်ပေါ်သည်ဟု ဆိုကြပါသည်။

အရပ်ထဲ၌ ကိုယ်ဝန်ဆောင်ဖူးသူ အမျိုးသမီးများ၏ အဆိုအရမူ ၃-လ ကျော်မှ သန္ဓေသား ကလေးငယ်မှာ လှုပ်ရှားလာကြောင်း သိရပါသည်။ ပဋိသန္ဓေ အခါ ဖြစ်သောစိတ်ဟု သာမာန်မျှ ဆိုထားခြင်းကြောင့် ကျွန်တော်တို့အတွက် မရှင်းခြင်း ဖြစ်ပါလိမ့်မည်။

ဦးခင်မောင်နိုင်နှင့် ဓမ္မမိတ်ဆွေများ

ဖြေ။ ။ ဘုရားရှင်လက်ထက်တော်က အတ္တဝါဒအယူရှိသော ဣန္ဒကမည်သော ဘီလူးသည် အတ္တက ပြုပြင်စီမံလို့သာ ခန္ဓာကိုယ်သည် အမိဝမ်းထဲ၌ တဖြည်းဖြည်း ကြီးထွားလာပြီး ရှင်သန်ရပ်တည်နိုင်၏-ဟု ယူဆသည့်အတွက် မြတ်ဗုဒ္ဓအား ဤသို့ လျှောက်ထားခဲ့ဖူး၏။

“အရှင်ဘုရား၊ မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဟောတော်မမူကုန်၊ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊ ထိုသတ္တဝါအား အရိုးစု အသားစိုင်သည် အဘယ်မှ ရောက်လာသနည်း၊ အဘယ် အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း”

“ဘီလူး၊ ရှေးဦးစွာ ကလလရေကြည် ဖြစ်၏။ ကလလရေကြည်မှ အမြှုပ်ဖြစ်၏။ အမြှုပ်မှ အသားတစ်ဖြစ်၏။ သားတစ်မှ အခဲဖြစ်၏။ အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏။ ဆံ အမွေး ခြေသည်း လက်သည်းတို့လည်း ဖြစ်ကုန်၏။
ဤသတ္တဝါတို့၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း စား၏။ အမိ၏ဝမ်း၌ တည်သော ထိုသတ္တဝါသည် ထို(အမိစားသော)အစာဖြင့် မျှတ၏”ဟု (မိန့်တော်မူ၏)။

(ယက္ခသံယုတ်၊ ဣန္ဒကသုတ်)

အထက်ပါဟောကြားတော်မူချက်တွင် “ပဌမံ ကလလံ ဟောတိ = ရှေးဦးစွာ ကလလရေကြည် ဖြစ်၏” ဟူသည်ကို အဋ္ဌကထာဖွင့်ရာတွင် “တတ္ထ ပဌမန္တိ ပဌမေန ပဋိသန္ဓိဝိညာဏေန သဒ္ဓိံ = ထိုတွင် ရှေးဦးစွာ -ဟူသည် ရှေးဦးစွာသော ပဋိသန္ဓေဝိညာဉ်နှင့်အတူ- စသည်ဖြင့် ဖွင့်ဆို၏။

ဆိုလိုသည်မှာ ပဋိသန္ဓေဝိညာဉ်နှင့်အတူ မောင်ဖြူ မောင်မဲ စသည် ဖြစ်လာမည့်သူများ ကိုယ်လက်အင်္ဂါ အပြည့်အစုံဖြင့် မိခင်ဝမ်းတိုက်တွင် ဖြစ်နေသည်မဟုတ်၊ ရှေးဦးစွာ ပဋိသန္ဓေဝိညာဉ်ဖြစ်သည်နှင့် တပြိုင်နက် ဖြစ်သော၊ သေးငယ်သော အပ်ဖျားထိပ်၌ တည်သော၊ ဆီပေါက်ပမာဏမျှ လောက်သော ကလလရေကြည်အဖြစ်ဖြင့် ၇-ရက်ခန့်ကြာ၏။ ထို့နောက်မှ အမြှုပ်-သားတစ် စသည်ဖြင့် တဖြည်းဖြည်း ကြီးထွားလာ၏။

ထိုသို့ တဖြည်းဖြည်း ကြီးထွားလာခြင်းသည်လည်း အတ္တကြောင့်မဟုတ်၊ ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းလေးမျိုးကြောင့် ကြီးထွားလာခြင်း ဖြစ်၏။ မှန်၏။ လူသားတစ်ယောက်အဖြစ် ဘဝသစ်၌ ပဋိသန္ဓေစိတ် စဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုစိတ်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသော စေတသိက်များ၊ ရုပ်ခန္ဓာအဖြစ်တည်ဆောက်မည့် ကာယဒသကကလာပ်၊ ဖိုမခွဲခြားမည့် ဘာဝဒသကကလာပ်၊ ပဋိသန္ဓေစိတ်နှင့် စေတသိက်ဟူသော နာမ်တရားများ မှီ၍ဖြစ်ဖို့ရာ ဝတ္ထုဒသကကလာပ်ဟူသော ကမ္မဇကလာပ်စည်း သုံးစည်းသည် အဝိဇ္ဇာ တဏှာ အရင်းခံသော ကံတရားကြောင့် ဖြစ်ပေါ်လာ၏။ ထိုကမ္မဇကလာပ်စည်း သုံးစည်းကိုပင် ကလလရေကြည်ဟု ခေါ်၏။

ထိုကမ္မဇကလာပ်ရုပ်များ ပဋိသန္ဓေစိတ် ဥပါဒ်ခဏမှ စ၍ ခဏတိုင်း ခဏတိုင်း ဆက်လက်ဖြစ်ပေါ်နေကြ၏။ ပဋိသန္ဓေစိတ်၏ ဌီခဏမှ စ၍ ဥတုဇရုပ်များ စ၍ဖြစ်ကြ၏။ အမိဝမ်း၌ တည်သော သတ္တဝါတို့အား မိခင်စားသမျှ အစာသည် တစ်သတ္တာဟ နှစ်သတ္တာဟ (၁၄-ရက်ခန့်) လောက်ကြာလျှင် သူငယ်၏ကိုယ်၌ ပျံ့နှံ့၏။ ထိုအခါမှစ၍ အာဟာရဇရုပ်များ စ၍ဖြစ်ကြ၏။ (ချက်ကြိုးမှတဆင့် ပျံ့နှံ့သည်ဟု ဆိုပါသည်။)

ဗုဒ္ဓဝါဒီတို့ လက်ခံထားသော သုံးဆယ်တစ်သားများကို ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ဘုံသား၊ နာမ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ဘုံသား၊ ရုပ်နာမ် နှစ်ပါးစုံဖြင့် ပဋိသန္ဓေနေသော ဘုံသားဟု သုံးစုခွဲနိုင်၏။

ထိုတွင် အသညသတ်ဘုံသားများသည် ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေကြရ၏။ တစ်ဘဝလုံး ရုပ်တုံးရုပ်ခဲကြီး သက်သက်ဖြင့်သာ နေထိုင်ကာ ဘဝဆုံးကြရ၏။ အရူပဘုံသားတို့ကား နာမ်သက်သက်ဖြင့် ပဋိသန္ဓေနေကာ နာမ်သက်သက်ဖြင့် ဘဝတစ်ခု အဆုံးသတ်ကြရ၏။ လူအပါအဝင် ကြွင်းဘုံသားတို့ကား ရုပ်နာမ် နှစ်ပါးစုံဖြင့် ပဋိသန္ဓေနေကာ ရုပ်နာမ်နှစ်ပါးစုံဖြင့်ပင် အသက်ရှင်ရပ်တည်ကြပြီး ဘဝအဆုံးတွင်လည်း ရုပ်နာမ်နှစ်ပါးလုံး ပျက်သုဉ်းကြရ၏။

ပဋိသန္ဓေကိစ္စနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒ ဗုဒ္ဓစာပေတွင် အာစရိယဝါဒ၊ အဋ္ဌကထာ+ဋီကာဝါဒ စသည်ဖြင့် ကွဲပြားခြားနားချက် လုံးဝမရှိပါ။ “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ” စသော ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” စသော ပဋ္ဌာန်းဒေသနာတော်များမှာ ခိုင်မာသော အထောက်အထားများ ဖြစ်ပါသည်။

ဝိနည်းဒေသနာတော်တွင်လည်း ကလလရေကြည် အခိုက်အတန့်တွင်ပင် ရဟန်းတစ်ပါးသည် ကိုယ်ဝန်ကျဆေး ပေးကာ ဖျက်ဆီးခိုင်းလျှင် လူသတ်မှုမြောက်ကာ ပါရာဇိကကျသည်ဟု ဆုံးဖြတ်ပါသည်။
ဘာသာဋီကာဆရာတော်၏ အခြေပြုပဋ္ဌာန်းတရားတော်မှ မေးခွန်းနှင့် သက်ဆိုင်သော အကြောင်းအရာတို့ကို ကောက်နှုတ်ဖော်ပြပါဦးမည်။

ခန္ဓာကိုယ်ဖြစ်ပေါ်ပုံ။ ။ (ဒီမိဘသွေးသားက) ကိုယ်ကလေးဖြစ်ဖို့ရန် ကြီးကျယ်သော အထောက်အပံ့ဖြစ်တယ်ဆိုတာကတော့ မှန်တယ်။ ကိုယ်ကလေးဖြစ်လာတာကတော့ ပထမနေ့တုန်းက ပြောတဲ့အတိုင်း ဟိုဘဝက လွန်ခဲ့တဲ့ဘဝက ကံ ကမ္မနိမိတ်တွေ ထင်လို့၊ ပဋိသန္ဓေဖြစ်ဖို့ရန် ကံတစ်ခုခုက ရှေးရှုလို့၊ အဲဒီကံရဲ့အစွမ်းကြောင့် ခုနက မိဘနှစ်ပါးရဲ့ သွေးသားတည်ရှိတယ် ဆိုပါတော့၊ သားအိမ်ထဲမှာ ပထမဝိညာဏ်စိတ်ရယ်၊ စေတသိက် သုံးဆယ့်သုံးပါး လောက်ရယ် ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်စည်းရယ်၊ ဒါပဲ စခဲ့တယ်။ ဒါ အမိအဖ သွေးသားမဟုတ်ဘူး၊ ခန္ဓာကိုယ်လေးရဲ့ အစဟာ ဒီတရားပဲ ပထမဆုံး။

ထပ်ပြောမယ်နော်၊ စိတ်ဝိညာဏ်၊ စိတ်ဝိညာဏ်နဲ့ အတူဖြစ်တဲ့ စေတသိက်၊ ဆိုပါတော့ သုံးဆယ့်သုံးပါးလောက်၊ ဒါပဲ၊ ဒါနာမ်တရားခေါ်တယ်။ ဒီစိတ်ဝိညာဏ်နဲ့ စေတသိက်ကို နာမ်ခန္ဓာခေါ်တယ်။ ပြီးတော့ ဒီရုပ်ကလာပ်က အထည်ကိုယ် ခန္ဓာကိုယ် ဖြစ်ဖို့ရန် ကာယဒသကကလာပ်၊ ဒီကလာပ်တစ်ခု ပါတယ်။ ရုပ်ဆယ်ခု စုနေတဲ့ ကလာပ်တစ်ခုပါတယ်။

တစ်ခါ စိတ်ဝိညာဏ်ရဲ့ တည်တံ့ဖို့ရန် ဘုန်းကြီးတို့ ဟို `ဝတ္ထုပုရေဇာတနိဿယ’ တို့ ဘာတို့နဲ့ ကျေးဇူးပြု ဖို့ရန် ယခုတော့ သဟဇာတနိဿယ-နှင့် ကျေးဇူးပြုဖို့ရန် ဝတ္ထုဒသကကလာပ် တစ်ခု၊ ဟဒယဝတ္ထုပါတဲ့ ရုပ်ဆယ်ခု စုနေတဲ့ ကလာပ်တစ်ခု၊ ယောက်ျားဖြစ်လို့ ရှိရင်လည်း ယောကျာ်းနှင့်ဆိုင်တဲ့ ပုရိသဘာဝရုပ်ကလာပ်တစ်ခု၊ ကာယ-ဘာဝ- ဝတ္ထု ဟောဒီ ကလာပ်သုံးစည်း ရှိတယ်။ အဲဒီ ပဋိသန္ဓေစိတ်၊ စေတသိက်၊ ရုပ်ကလာပ်သုံးစည်းဟာ တစ်ပြိုင်နက် ဖြစ်တာပဲ။ (စာ-၂၇၈)

ကလလရေကြည် ၇-ရက်။ ။ အဲဒီ ပထမဆုံးဖြစ်တဲ့ ရုပ်ကလာပ်လေးတွေ ပြောကြစို့၊ ရုပ်ကလာပ်လေးတွေ သုံးစည်းရှိတယ်၊ ယောက်ျား မိန်းမ ဒီမှာ ကွာသွားပြီနော်၊ နောက်တော့ ဒီလိုနဲ့ နေလိုက်တာ ဒါကလေးက ဘာခေါ်တုန်းဆိုတော့ ဗုဒ္ဓမြတ်စွာက ကလလရေကြည်တဲ့ ၊ ပုံသဏ္ဌာန်လေးက နည်းနည်း အချိန်ကြာလာလို့ရှိရင် ရေကြည်လေးသဘောပဲ ရှိတယ်။ ခန္ဓာကိုယ် ကလေးဟာ အဲဒီရေကြည်လေးသဘောနဲ့ ဘယ်လောက်ကြာကြာ နေတုံးဆိုတော့--

“ပဌမံ ကလလံ ဟောတိ” ခုနစ်ရက်လုံး ကလလရေကြည်လေး ဖြစ်နေတယ်။ အဲဒီ ရေကြည်လေးပေါ်လာရင်တော့ ဟိုလောကဓါတ် ဆရာဝန်တို့ မှန်ပြောင်းက မြင်ကောင်း မြင်လိမ့်မယ်ထင်တယ်။ စောစောက ဘုန်းကြီးပြောနေ တဲ့ ရုပ်ကလာပ်သုံးစည်းကိုတော့ မမြင်နိုင်ပါဘူး။ သူတို့ မှန်ပြောင်းတင် မဟုတ်ဘူး၊ အဏုမြူမြင်နိုင်တဲ့ မှန်ပြောင်းလည်း မမြင်နိုင်ပါဘူး။

အဲဒါတွေ တော်တော်လေးများမှ ၊ ဆိုပါတော့ တစ်ရက် နှစ်ရက်လောက် ကြာလို့ ရုပ်ကလေးတွေက အစုလေးတွေ တော်တော်လေး အစိုင်အခဲစုမိမှ မြင်မယ်။ မှန်ပြောင်းကလည်းပဲ ဟို ပထမဆုံးတည်တဲ့ ရုပ်ကလာပ်သုံးစည်းတုန်း ကတော့ မှန်ပြောင်းလည်း မမြင်နိုင်ပါဘူး။ စိတ်ဝိညာဏ်နဲ့ စေတသိက်ဆိုတာ ကတော့ ဝေးလို့ ဝေးလို့ ဝေးလို့။ ခုကို မှန်ပြောင်းနဲ့ လာကြည့် ဘုန်းကြီး ဘာစိတ် ဖြစ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ (စာ-၂၈၀)

ဤမျှဖြင့် မေးခွန်းရှင်များ ကျေနပ်လောက်ပြီ ထင်ပါသည်။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကြီးဖြင့် သိရှိတော်မူသည့်အတိုင်း ဟောထားတော်မူခြင်း ဖြစ်ပါသည်။ ထိုသို့ မသိမမြင်နိုင်ကြသဖြင့် နှလုံးခုန်မှ ကလေးလှုပ်ရှားမှ မိမိတို့ ထင်မြင်ချက်အတိုင်း ရမ်းသမ်းပြောရသော ဆရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ ၏ စကားနှင့် မြတ်ဗုဒ္ဓ၏ ဟောပြောချက်များကို နှိုင်းယှဉ်စဉ်းစားဖွယ် မရှိပါ။

အရှင်ကောဝိဒ (ယော)