Saturday, January 15, 2011

လူလိမ်ကြီးများ…

အခုတလော အသံဗလံတွေ ဆူညံနေတယ်။ ကုလားလိုလို ဘာလိုလို ဘုန်းကြီးတစ်ပါးက အဆိပ်ထုပ် စိတ်ဓာတ်မြှင့်တင်ရေးဆိုပြီး သင်တန်းပေးတယ်။ အဲဒီဗီဒီယိုခွေက အင်တာနက်လောကမှာ ပေါ်လာခဲ့တာကိုး။ အရှင် အဲဒါဘယ်လိုလဲ နားမလည်နိုင်ဘူး..တဲ့.. မေးသူတွေကလဲ များသား။ မေးလဲ မေးလောက်ပါရဲ့… သင်တန်းပြသူရော သင်တန်းတက်သူတွေရော ဘာတွေလဲတော့ မသိ။ တစ်စုံတစ်ယောက်ရဲ့ တွန်းအားတွေနဲ့များ သာသနာညိုးနွမ်းအောင် ဖန်တီးနေသလားလို့ တွေးမိတယ်။

သေချာတာကတော့ သင်တန်းပြသူဟာ ဘုရားစကားကို နားမထောင်တဲ့သူလို့ သတ်မှတ်နိုင်ပါတယ်။ ဘုန်းကြီးအစစ် ဟုတ်ချင်လဲ ဟုတ်မယ်။ ဟုတ်ချင်မှလဲ ဟုတ်မယ်။ လောကကြီးကလဲ အရှုပ်တွေက တယ်ပေါသကိုး။ ကိုယ့်အတွက် ဆိုတဲ့ စာတန်းရဲ့အောက်မှာ မကောင်းမှုမှန်သမျှ အကုန်လုပ်နေကြပြီပဲ။

မြတ်စွာဘုရားရှင်ရဲ့ သာသနာမှာနေတဲ့ သံဃာတစ်ပါးဟာ ဘုရားစကားကို အတတ်နိုဆုံး ဥာဏ်မှီသလောက် နားထောင်ခဲ့ကြတယ်. နားထောင်နေကြတယ်။ နားထောင်ကြလိမ့်အုံးမယ်။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်ဘူး.. ဘုရားမျက်နှာ သံဃာမျက်နှာကိုကြည့်တယ်.. ဘယ်သူ့မျက်နှာမှ မကြည့်ဘူးဆိုရင် အဲဒါ သံဃာ ရဟန်းလို့ ပြောဖို့ခက်ပါတယ်။

ရဟန်းမှန်ရင် သံဃာမှန်ရင် ဘုရားစကားကို လိုက်နာချင်ချင် မနာချင်ချင် အားနားပါးနားတော့ လိုက်နာကြရတာ ဓမ္မတာပဲ။ အခုတော့ ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာမပါတဲ့ ပုံစံတွေ ပို့ချချက်အသစ်တွေ ထွင်တရားတွေကို သင်တန်းပေးနေတာဆိုတော့ ဒီသင်တန်းပြသူ(အကျွန်ုပ်ကဘုန်းကြီးဟု မသုံးလို)ဟာ ဘုရားကိုစော်ကားတယ် မျက်နှာပြောင်တိုက်တာပဲ။

ကိုယ့်စိတ်ကူးထဲက တရားကိုပြနေ သင်တန်းပေးနေတယ်ဆိုတော့ ဘုရားတရားမဟုတ်ဘူးပေါ့။ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်က လွတ်တဲ့တရားလို့ ပြောရမယ်။ ဘုရားသားတော်တွေကတော့ ဘုရားတရားတော်ကိုပဲ ဖြန့်ဝေကြတာပါ။ ဒီနေရာမှာ သတိထားဖို့ ကောင်းတာက ဒေ၀ဒတ်လောင်းလို အရေခြုံတွေလဲ ရှိတတ်တာကို သတိပြုရပါမယ်. သင်္ကန်းဝတ်ထားတိုင်း ဘုန်းကြိးလို့တော့ ပြောလို့မဖြစ်နိုင်ပါဘူး။

ဘာလုပ်ရင်ကောင်းမလဲဆိုတော့ နိုင်ငံတော် သံဃမဟာနာယကကိုလဲ တင်ပြရမယ်(အရေးယူတာ မယူတာ အသာထား)ပေါ့။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်ကလဲ ဒီသင်တန်းပြသူကို ဆန့်ကျင်ရမယ်။ သံဃာတွေ စုပေါင်းပြီး ဒီကိုယ်တော်ကို ဆန့်ကျင်ကြရမယ်။ လောလောဆယ် လုပ်နိုင်တဲ့နည်းလမ်းတွေပါပဲ။ ဒီထက်ပိုကောင်းတွေ နည်းလမ်းတွေကိုလဲ ၀ိုင်းပြီး စဉ်းစားကြရအုံးမယ်။

စိတ်မပျက်နဲ့ ဘာသာဝင်အပေါင်းတို့ !! ဗုဒ္ဓဘာသာမှာ ဒီလိုတွေ မကြာခဏကြုံခဲ့ရဖူးတယ်။ ကိုယ်တိုင်တီထွင် ယူဆထားတဲ့ အယူအဆ အသစ်တွေသွတ်သွင်းမှုတွေနဲ့ မကြာခဏ လုပ်ကြံခံနေရတယ်။ မြန်မာမှာ ထင်ရှားတဲ့ ကျောက်သင်္ဘော၊ ကြောင်ပန်း၊ မိုးပြာဂိုဏ်းနဲ့ နောက်ဆုံးပေါ်နေတဲ့ ခေတ်သစ် ပညတ်သမားကြီးများ၊ သူတို့ရဲ့ တပည့်လက်ဝေခံများ။ သာသနာပြုဆိုတဲ့ စကားလုံးကိုသုံးပြီး သာသနာကို အတွင်းကျကျ ဖျက်ဆီးနေသူများ..စတဲ့ စတဲ့ သာသနာဆူးညှေင့်တွေ များနေတယ်။ သာသနာကိုချစ်တဲ့ ဘုရားကိုယုံတဲ့ တရားကိုလေးစားတဲ့ သံဃာတော်များက ဒါတွေကို အတတ်နိုင်ဆုံး ကာကွယ်သွားကြပါမယ်။

Friday, December 31, 2010

မင်္ဂလာပါ ၂၀၁၁

၂၀၁၀နဲ့ ပုံရိပ်ဟောင်းဆိုပြီး ရေးခဲ့တယ်၊ မိမိဘာတွေလုပ်တယ်ဆိုတဲ့ မှတ်တမ်းထက် မပိုပါဘူး။ ဒီနေ့ ၀၁၊၀၁၊၂၀၁၁(၁၁၁၁) တစ်လေးလုံး နယူးရီးယားမှာ နေရာသစ် စိတ်သစ် လူသစ်နဲ့ ပတ်ဝန်းကျင်သစ်ကို ရောက်နေခဲ့တယ်။ ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ..ဆိုတဲ့ ဆုတောင်းစကားထက် ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်အောင် ဘယ်လို ပြုမူ ပြောဆို တွေးကြံရမယ်ဆိုတာကို ပိုပြီး မျှော်လင့်တယ်။ စကားလုံးထက် လက်တွေ့လုပ်ဆောင်မှုကို ပိုပြီး အလေးပေးချင်တယ်။ စကားတွေအများကြီးပြောပြီး လက်တွေ့နဲ့ ပေါင်းစပ်နိုင်ဖို့ ဝေးကွာလွန်းရင် သဘာဝမကျဘူးလို့ ရိုးရိုးပဲတွေးထားတယ်။

ပျော်ရွှင်သောနှစ်သစ်ဖြစ်ဖို့ ပျင်းစရာကောင်းအောင် လုပ်ခဲ့မိတဲ့ ကိုယ့်ရဲ့ ပြုမူ ပြောဆိုကြံစည် တာတွေကို သတိထားပြုပြင်ဖို့ပါပဲ။ လေထဲမှာတင် ပျော်ရွှင်ပါစေ ဆိုရင် လေထဲမှာပဲ ပျော်ရွှင်မှုရမှာပါ။ တကယ့်လက်တွေ့ ဘ၀မှာတော့ ပျော်ရွှင်မှု ရဖို့ခက်ခဲပါလိမ့်မယ်။
.

နှစ်သစ်ကို ပဋ္ဌာန်းပွဲဖြင့် ကြိုဆိုခြင်း

တစ်လေးလုံး နယူးရီးယားကို မဟာပဋ္ဌာန်းပွဲနဲ့ စခဲ့ကြတယ်..ယုံကြည်ချက်တွေကိုတည်ဆောက်တယ်..ယုံကြည်ချက်တွေနဲ့ ဆက်လျှောက်တယ်။ ယုံကြည်ချက်တွေ ဖြစ်လာတယ်။ ဒါပါပဲ. တကယ့်ကို ရိုးရိုးလေး။ ရိုးရိုးလေးနဲ့ စဖြစ်တဲ့ ၂၀၁၁ ရေ။ ရိုးရိုးလေးပဲ သဘောကျပါတယ်။

Thursday, December 30, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၇)

မသစ္စာအလင်းရဲ့http://www.thitsaralin.org သဒ္ဓါတရားကတော့ အံ့ဩစရာပါ၊ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် ပုဂ္ဂိုလ်စွဲ မရှိဘဲ ကူညီဆောင်ရွက်ပေးလေ့ရှိပါတယ်။ အဆံပြည့်သူမို့ ကိုင်းညွတ်မှုကလဲ ပိုပါတယ်။ အဆံပြည့်လေ ကိုင်းညွတ်လေဆိုတဲ့ မြန်မာစကားဟာ တကယ် အဆန်ပြည့်သူတွေအတွက်တော့ တကယ့်အမှန်တရားပါ၊ အဆန်ချောင်လို့ အသံဟောင်နေတဲ့ လူတွေကိုလဲ မကြာခဏတွေ့ဖူးနေလို့ပါ၊

မသစ္စာလင်းအတွက်တော့ အချိန်ဆိုတာ သူနဲ့ အမြဲရန်ဖြစ်နေကြ။ အချိန် လုံလောက်မှုနည်းသူလို့ ပြောနိုင်မယ်ထင်တယ်။ လက်၇ှိလုပ်နေတဲ့ လုပ်ငန်းများအပြင် ကလေးငယ်များကို စာပေသင်ကြားပေးခြင်း။ ပိုင်းလော့ဆရာတော်ကြီးတရားစခန်းမှာ လိုအပ်တာ ကူညီပေးခြင်း၊ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်များကို ကျောင်းထားပေးခြင်း..စတဲ့ ကုသိုလ်အလုပ်တွေနဲ့ အမြဲအချိန်ကုန်လေ့ရှိပါတယ်။ ကုသိုလ်ဆိုတာ ဘ၀ရဲ့ပန်းတိုင်လို့ ခံယူထားသူလဲ ဖြစ်ပါတယ်။

၁၃၇၂ ခု၊ သီတင်းကျွတ် ပြီဆိုတော့ မသစ္စာလင်း-က အမေရိကားမှာ ရှိတဲ့ ဒကာဦးအောင်ကိုးနဲ့ဆက်သွယ်ပါတယ်။ မိမိရဲ့ ခရီးစဉ်အတွက် စပွန်ဆာကိစ္စ ဆောင်ရွက်ကြပါတယ်။ ဒကာဦးအောင်ကိုး.ကလဲ အင်တာနက်စာမျက်နှာကများက တဆင့် မိမိကို သိရှိပြီးဖြစ်လို့ စပွန်ကိစ္စ ချောချောမောမော ဆောင်ရွက်ပေးခဲ့တယ်။ သူတစ်ယောက်ထဲဆိုရင် စိတ်မချရမှာစိုးလို့ နောက်ထပ်တစ်ယောက် ဒကာ ဦးအောင်သန်းနဲ့ တွဲပြီး စပွန်ဆာပေးခဲ့ကြတယ်။ အမေရိကားကို အရင်ရောက်နေတဲ့ သူငယ်ချင်း မနက်ဖြန်ကလည်း စပွန်ကိစ္စ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ တွန်းအားပေးခဲ့တယ်။ စပွန်ဆာကို သယ်ယူလာသူကတော့ ဒကာ ဦးဝင်းလှိုင်ပါ. မိမိ တည်းခိုနေတဲ့ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းကို အရောက်လာပို့ပါတယ်။

မသစ္စာလင်း၊ မချိုချိုအေး(US Embassy) ဦးဝင်းလှိုင်၊ ဦးငွေဝင်း (Miya Win In’l Ld Company) တို့နဲ့ ဗီဇာ ကိစ္စအတွက် ဆွေးနွေးဖြစ်ခဲ့တယ်။ ဒကာ ဦးငွေဝင်းရဲ့ ကုမ္ပဏီမှာပဲ DS 160 ဖောင်ကိုဖြည့်ခဲ့တယ်. ဒကာ ဦးငွေဝင်းရဲ့ အတွင်းရေးမှူး ဒကာမလေးက အစစ ကူညီခဲ့တယ်။ ဖောင်ဖြည့်ချိန် ၅ နာရီလောက်တော့ ရှိမယ်လို့ထင်တယ်။ နိုဝင်ဘာ (၃၀)ရက်နေ့မှာ လူတွ့အင်တာဗျူးခေါ်တယ်.. ရှောရှော ရှုရှုပါပဲ..ဘာအခက်အခဲမှ မရှိဘဲ အဆင်ပြေခဲ့တယ်။

ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကန် ဗီဇာကို ထုတ်ပေးခဲ့တယ်။ ဗီဇာ ရပြီးတော့ သွားဖို့လာဖို့ ပြင်ဆင်ရတယ်။ ဒကာဦးဝင်းလှိုင်ရဲ့ သမီးကြီးချောစုက လေယဉ်လက်မှတ်အတွက် အစစ အရာရာ ကူညီဆောင်ရွက်ပေးခဲ့တယ်။ D.form ရတဲ့အထိ အစ အဆုံးကူညီပေးခဲ့တယ်။ လေယဉ်လက်မှတ် ရပြီးတော့ ရန်ကုန်ကနေ စင်္ကာပူကိုထွက်ခဲ့တယ်။

စင်္ကာပူမှာ ဘာမှ မှတ်မှတ်ရရ အလုပ်မရှိခဲ့ဘူး။ Lotus Foundation Family တွေနဲ့ တွေ့ဆုံစကားပြောဖြစ်တယ်။Yaw Community Family တွေက မိမိအတွက် လိုအပ်တာတွေကို အကောင်းဆုံးကူညီပေးခဲ့ကြတယ်။ လေဆိပ်ကနေ လေယဉ်ထွက်တဲ့အထိပဲ ဆိုပါတော့။ စင်္ကာပူကနေ SQ 62 S’pore Air နဲ့ မော်စကို.ကိုထွက်လာတယ်..လေယဉ်စီးချိန် ၁၄ နာရီလောက်ရှိတယ်..မော်စကို.ရောက်တော့ လေယဉ်ပေါ်ကနေ ဆင်းရတယ်..Hund Curry တွေယူပြီး လေဆိပ်ထဲမှာ ၁ နာရီခွဲလောက် နားကြရတယ်။

ပြီးရင် မော်စကို ဟူစတန်ကိုဆက်စီးရတယ်။ မော်စကို ဟူစတန်ကလဲ ၈ နာရီလောက်ထပ်စီးရတယ်။ ဟူစတန်မှာပဲ Immigration ၀င်ရတယ်. အားလုံး ရှောရှော ရှုရှုပါပဲ။ ဟူစတန်ကနေ နောက်ထပ် သုံးနာရီခွဲလောက် လေယဉ်ဆက်စီးရတယ်။ Minneapolis နိုင်ငံတကာ လေဆိပ်ကို ရောက်လာခဲ့တယ်။ လေဆိပ်မှာ ဆရာတော် ဦးနန္ဒ၀ံသနဲ့ ဒကာ ဦးအောင်ကိုးတို့က ကြိုဆိုနေကြတယ်။

မိမိရဲ့ ကုသိုလ်အတွင်းရေးမှူးကြီး မသစ္စာလင်းကတော့ ရသမျှလူတွေကို တွေ့ဆုံ မိတ်ဆက်ပြီး မိမိရဲ့ ခရီးစဉ်အားလုံးအဆင်ပြေဖို့အတွက် ကိုယ်အား ဥာဏ်အား ပစ္စည်းအားနဲ့ အနားသတ်လှပအောင် ပုံဖော်ပေးခဲ့တဲ့အတွက် ခရီးစဉ် အစ အဆုံးဟာ ဘာအခက်အခဲမှ မရှိခဲ့တာပါ။

မီနီဆိုးတား မေပယ်ဝုရဲ့ဆောင်းကတော့ စနိုးလှလှလေးတွေကို မပျင်းမရိ လမ်းပေါ်ကို ခြွေချနေတယ်။ သစ်ပင် အဆောက်အဦး လမ်းမဘေး ဘယ်နေရာကြည့်ကြည့် စနိုးလေးတွေ စုပုံနေတယ်။ အဲယားကွန်းမလိုဘဲ အေးမြတဲ့လေတွေနဲ့ လောကကို အလှဆင်နေကြတယ်။။ zero air pollution ပြည်နယ်မို့ အောက်ဆီဂျင်အပြည်အဝပါတဲ့အေးမြသန့် ရှင်းတဲ့
လေတွေတဝကြီးရှူရှိုတ်ခွင့်ရတဲ့အတွက်လဲ မိမိရဲ့ ကျေးဇူးရှင် ကုသိုလ်အကျိုးဆောင်များ အားလုံးကို ကျေးဇူးတင်ရပါတယ်။

Zero Air Pollution ပြည်နယ်


မြန်မာပြည်လောက်ရှိတဲ့ပြည်နယ် တခုလုံးမှာ လူဦးရေ ၅သန်းဘဲနေထိုင်ကြတာမို့ လဲ လူနေကြဲပြီး အထူးသန့့် ရှင်းလှပသာယာတဲ့ပြည်နယ်တခုလို့ ဆိုရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိ လူ့တာဝန်နဲ့ သဘာဝအလှကြွယ်တဲ့နေရာမှာ စစ်မှန်တဲ့ အလှတွေနဲ့ အနားသတ်ပေးနိုင်ရင်တော့.. ဘယ်သူပြိုင်လို့ လှပါတော့နိုင်လို့..ပြောရတော့မလိုလိုပါ။

တိုက်ဆိုင်တယ်ပဲ ပြောပြော မိမိရောက်တဲ့နေရာမှာပဲ အတူယှဉ်နွှဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးက အသင့်စောင့်ကြိုနေခဲ့တယ်. ဟဲပီး နယူး ရီးယားကို ဗုဒ္ဓဟောကြားတဲ့ မြတ်ပဋ္ဌာန်းနဲ့ဖွင့်ခွင့် ရမှာမို့ ၀၁-၀၁-၂၀၁၁ (၁၁၁၁)တစ်လေးလုံးနှစ်ဟာ မိမိအတွက်တော့ အမှတ်ရစရာ...

Monday, December 27, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၆)

မိမိရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ ၀ါတွင်းသုံးလတာ နေထိုင်ခဲ့ပါပြီ၊ ၁၉၈၈ ခုနှစ်က.စလို့ သာသနာ့ဘောင် ၀င်ရောက်ခဲ့တဲ့ မိမိဟာ ဂန့်ဂေါ ယောမြေမှာ ရဟန်းဝါဆိုဖူးတာ ဒီအကြိမ်ကော ပေါင်းမှ ၂ ကြိမ်ပဲ ရှိခဲ့တယ်။ ရန်ကုန် မန္တလေး စုံချည် ဆန်ချည်နဲ့ စာသင်သားဘ၀ကို လှည့်လည်နေခဲ့ရတာကိုး၊အခုထိလည်း သင်ယူနေရဆဲ နောင်လည်းသင်ယူနေရအုံးမှာပါ၊

ရဟန်းဘ၀ဆိုတာ စာသင် စာချ တရားဟော တရားပြ ပရဟိတနဲ့ တရားထိုင်တဲ့အလုပ်တွေပဲ ရှိတာကိုး၊ စာသင်ရင်း ပရဟိတလုပ်၊ စာသင်ရင်း တရားထိုင် စာသင်ရင်း စာချ ဒါဟာ ရဟန်းဘ၀ရဲ့ ပြယုဂ်တွေပါပဲ။မိမိရဲ့ ဇာတိချက်ကြွေမွေးရပ်မြေအတွက် ကိုယ်နိုင်သလောက် လုပ်ပေးခဲ့တဲ့ အတိတ်ရဲ့ ပုံရိပ်လေးတွေက မိမိစိတ်ကို ကျေနပ်စေခဲ့တာတော့ အမှန်ပါ။

သီတင်းကျွတ်ပြီးချိန်မှာတော့ မိမိရဲ့ခရီးစဉ်တွေကို စတင်စီစဉ်ပါတော့တယ်။ ဂန့်ဂေါ..ကနေ မန္တလေး၊ မန္တလေးကနေ နေပြည်တော်၊ နေပြည်တော်..ကနေ ရန်ကုန်ကိုရောက်လာပြန်တယ်၊ ရန်ကုန်ရောက်တော့ မိမိဦးဆောင်ဖွဲ့စည်းပြီး ဦးမြတ်ခင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ယောအသင်း(စင်္ကာပူ).က မိမိထံ ဖုန်းဆက်ပါတယ်။ တိပိဋက ယောဆရာတော်ကြီးက ကျပ်သိန်း (၆၀၀) မ.တည်ပြီး အလှူရှင်များက စုပေါင်းတည်ဆောက်နေတဲ့ သတ္ထာဒေ၀ မနုဿာနံ ယောအသင်းဓမ္မာရုံကြီး တည်ဆောက်တဲ့ထဲမှာ တပည့်တော်တို့ ယောအသင်းစင်္ကာပူကလဲ အလှူငွေ (၁၀) ပါဝင် လှူဒါန်းလိုပါတယ်၊ အရှင်ဘုရားရှိတုန်း ကိုယ်တိုင်လှူပေးပါလို့ ဖုန်းဆက်ပါတယ်။ မနီလာခိုင်၊မမြင့်စိန်၊ မလွင်လွင်စန်းနဲ့ မခင်အေးမြင့်တို့က ဖုန်းဆက်ကြတာပါ။


မိမိလဲ ၇န်ကုန်ကနေ တာဝန်ယူပြီး တိပိဋကယောဆရာတော်ကြီးထံ သွားရောက်လှူဒါန်း ရေစက်ချခဲ့တယ်။ ဆရာတော်ကြီးက…..ဥာတ္ထစရိယ..ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဆွေ ကိုယ့်အမျိုးကိုစောင့်ရှောက်တာဟာ ဘုရားလောင်း သူတော်ကောင်းကြီးတွေရဲ့ ကျင့်စဉ် လုပ်ရိုးလုပ်စဉ်ပဲ၊ မဟာကပိဇာတ်တော်မှာ ဗာရဏသီမြစ်ကမ်းဘေးက သရက်ပင်ပေါ်မှာ သရက်သီး စားနေရင်း ဒုက္ခရောက်နေတဲ့ မျောက် (၈၀၀၀၀)ကို ဘုရားလောင်းမျောက်မင်းက ကျောကုန်းကို တံတားခင်းပြီး ဆွေမျိုးတွေရဲ့ အကျိုးကို သယ်ပိုးခဲ့တာ သက်သေပဲ၊ရောဟိနီမြစ်ကမ်း ရေခွဲဝေရေး ကိစ္စမှာလဲ ဘုရားရှင်ကိုယ်တော်တိုင် ၀င်ပါခဲ့ရသေးတယ် မဟုတ်လား၊

ဒါကြောင့် မိမိအတွက် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဆွေ ကိုယ့်အမျိုးအတွက် လောကအတွက် သာသနာအတွက် ကိုယ်အား ဥာဏ်အား ပစ္စည်းအားတွေနဲ့ အလှဆင်ပေးရတယ်၊ ညီညီညွတ်ညွတ်နဲ့ အောင်မြင်အောင်လဲ ကြိုးစားကြ..လို့ ဩ၀ါဒပေးတော်မူပါတယ်။ သူတော်ကောင်းကြီးတွေရဲ့ စကားသံ..အဆုံးအမ ဩ၀ါဒကို ခံယူခွင့်ရတာ ဘ၀မှာ အမြင့်မြတ်ဆုံး ဆုလာဘ်ကို ရရှိခြင်းပဲလို့ ခံယူမိပါတယ်။
မိမိတို့ယောအသင်း(စင်္ကာပူ)ဟာ ၂၀၀၉ခု မေလ(၁၉)ရက် ၀ိဆတ်ဒေးနေ့မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အသင်းဝင်များ အခြင်းခြင်းနွေးထွေးမှုရှိဖို့၊ အကူအညီပေးနိုင်ဖို့၊ အခါအားလျော်စွာ စုပေါင်းညီညာ ကုသိုလ်ပြုနိုင်ဖို့နဲ့ ရန်ပုံငွေအပေါ်မူတည်ပြီး ဂန့်ဂေါ၊ထီးလင်း၊လောင်းရှည်၊ဆော စတဲ့ ယောလေးမြို့နယ်မှာ လိုအပ်တာတွေကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့အသင်းပါ၊

ဝါဆို ကထိန် နှစ်သစ်ကူးမှာ စုပေါင်းပြုနိုင်ခဲ့ကြသလို အသင်းဝင်အချင်းချင်းရဲ့ သာရေး နာရေးတွေမှာလဲ တတ်နိုင်သလောက် ကူညီပေးခဲ့ကြပါပြီ။ ဆက်လက်ပြီး ညီညွတ် တက်ကြွ စည်းလုံးသော ယောအသင်း(စင်္ကာပူ)ဖြစ်ဖို့ ကြိုးစားကြရလိမ့်အုံးမယ်။ ၂၀၁၀ ဒီဇင်ဘာ (၁၂) တနင်္ဂနွေနေ့က ယောအသင်းမိတ်ဆွေစားပွဲကို စင်္ကာပူနိုင်ငံ East Coat ကမ်းခြေမှာ ကျင်းပခဲ့ကြောင်း သိရလို့လဲ ၀မ်းသာကြည်နူးရပါတယ်။ ဟုတ်ပါတယ်.. အများညီရင် အားလုံးက ညွတ်ကြရတာကိုး။ ညွတ်စေချင်ရင် ညီမှ ရမယ်မဟုတ်လား။ Congratulation ပါ ယောအသင်း(စင်္ကာပူ)။

Sunday, December 26, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၅)

မုံရွာ ပုလဲကနေတဆင့် ပုံတောင် ပုံညာတောင်တန်းပြာကို ဖြတ်ကျော်ပြီး မိမိရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ ဂန့်ဂေါ ယောဒေသကို ပြန်လည်ရောက်ရှိခဲ့တယ်၊ ရောက်ပြီးနောက်ရက်မှာပဲ မိမိရဲ့ မိသားစုဝင်များနှင့်အတူ ၃၂ နှစ်ပြည့်မွေးနေ့အတွက် အုံ့တုံးတောင်တောရ ဓမ္မရိပ်သာမှာ ဆွမ်းကျွေးခဲ့တယ်။ မိမိရဲ့ ကိုရင်ငယ်ဘ၀ကို ဒီအုံ့တုံးတောင်တောရ ဓမ္မရိပ်သာမှာ စတင်ခဲ့သလို ရဟန်းခံတော့လဲ ဒီတောရလေးမှာပဲ ရဟန်းအဖြစ်ကို ရောက်ရှိခဲ့တယ်။ ငှက်ကလေးတွေရဲ့ တေးသီသံ သစ်ကြီးဝါးကြီးတွေနဲ့ စိမ်းစိုညိုမှောင်နေတဲ့ တောရရိပ်သာလေးမှာ မြို့ပြရဲ့ အရိပ်အငွေ့တွေ မတွေ့ရပေမယ့် စိတ်ကိုအေးချမ်းစေတာတော့ အမှန်ပါ၊

အနာဂတ်အတွက် သေချာတဲ့ ကိုယ်ပိုင်အလုပ်တွေကို ဆန္ဒထက်သန်မယ်ဆိုရင် တကယ်ရယူနိုင်တဲ့ နေရာမြတ်တစ်ခုလို့လဲ ဆိုမယ်နိုင်မယ်ထင်ပါတယ်။

မွေးရပ်မြေကို ရောက်ပြီး တပတ်အကြာမှာတော့ အုံ့တုံးတောင်တောရ ဓမ္မရိပ်သာမှာ ဆယ်ရက်တရားစခန်း ဖွင့်လှစ်ပါတယ်၊ ဆရာရှင်က တရားပြ၊ မိမိက တရားဟောတာဝန်နဲ့ နောက်ပိုင်းကဏ္ဍ ယောဂီတွေကို ကျွေးဖို့ နေဖို့ စသည် တာဝန်ယူရပါတယ်၊ ပြန်တွေးလိုက်တိုင်း ကျေနပ်စရာကောင်းတဲ့ အတိတ်ရဲ့ခြေရာတွေပါ၊ တရားစခန်းပွဲ ပြီးသွားပြီးနောက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ပြီး မြေဇင်းတောရ ဆရာတော်ကြီးရဲ့ တရားအတွေ့အကြုံ သင်တန်းဆိုပြီး ဖွင့်လှစ်သင်ကြားပေးရပါတယ်၊ မြို့ပေါ်က စလိုက်တာ မိုင် ၂၀ ၀န်းကျင် ရွာတွေတော်တော်များများမှာ အလားတူ သင်တန်းတွေဖွင့်လှစ် သင်ါကြားပေးခဲ့တာ ၀ါတွင်းသုံးလ လုံးပဲဆိုပါတော့၊

ကြားထဲ အားတဲ့အချိန် နေ့လည်ပိုင်းတွေမှာ စေတနာပညာဗိမာန် ဘော်ဒါဆောင်မှ ကျောင်းသား ကျောင်းသူ ၁၂၀ ကျော်ကို ဗုဒ္ဓဘသာယဉ်ကျေးမှုသင်တန်း ဟောပြောပွဲလေးတွေ စီစဉ်ဟောပြောခဲ့တယ်၊ လာပို့ရွာ အ.လ.က ကျောင်းက ကျောင်းသား ကျောင်းသူ (၅၀၀)ကျော်၊ ဂန့်ဂေါမြို့ အ.ထ.က ကျောင်းမှာ ကျောင်းသား ကျောင်းသူ (၁၆၀၀) ကျော်ကို ကိုယ်ကျင့်တရား၊ ပရဟိတ၊ ကျေးဇူးသိမှုစတဲ့ အကြောင်းအရာတွေ အပြင် ရဟန်း သံဃာနဲ့ ဆက်ဆံပုံ စတာတွေကို ဟောပြောသင်ကြားခဲ့တယ်။

Holiday Dhamma School in Gangaw



ကလေးငယ်များ သီတင်းကျွတ်ကျောင်းပိတ်နေတဲ့အချိန်နဲ့ ကိုက်ပြီး Holiday Dhamma School ကို ဂန့်ဂေါမြို့ ဒက္ခိဏာရာမတောင်ကုန်းကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ကလေးငယ်ပေါင်း (၈၀၀)ကျော် တက်ရောက်သင်ယူခဲ့ကြတယ်။ ငါးရက်တိတိ ကျင်းပတဲ့ ဒီသင်တန်းလေးဟာ တကယ့်ကို ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်.. ကလေးများရဲ့ ယဉ်ကျေးမှုအကတွေလဲပါဝင် ဖျော်ဖြေစေခဲ့တယ်။ သစ္စဝေဒဂူ.က တီလုံးတွေနဲ့ စီစဉ်တဲ့ ယဉ်ကျေးလိမ်မာ ကဗျာလေးကလဲ ကလေးငယ်တို့ရဲ့ နှုတ်ခမ်းပေါ်ကို တက်ရောက်နေရာ ယူနိုင်ခဲ့ပါတယ်။

ကဆုန်းလပြည့် နေ့သောကြာ ဘုရားဖွားတဲ့ နေ့မြတ်ပါ၊
သက္ကရာဇ်မှာ ၆၈၊ သုဒ္ဓေါမင်း ဖ.စစ်။
မာယာဒေ၀ီ မွေးမယ်တော် ကပိလ၀တ် နေပြည်တော်
သာကီမျိုးနော် ထင်ရှားလှ နွယ်တော် ဂေါတမ။
သိဒ္ဓတ္ထတဲ့ မည်နာမံ ဆယ်ခြောက်နှစ်မှာ ထီးနန်းစံ
နှစ်ဆယ့်ကိုးမှန် တောထွက်သွား ခြောက်နှစ်ကျင့်တရား၊
သုံးဆယ့်ငါးနှစ် ပြည့်လေတုံ၊ တရာ့သုံးခုကြုံ
လပြည့်ကဆုန် ဗုဒ္ဓဟူး ဘုရားဖြစ်တဲ့နေ့အထူး၊
တရားဦးမြတ် ဓမ္မစက္ကေ ၀ါဆိုလပြည့် ဟော စနေ
သက်ရှစ်ဆယ်လေတိုင်အောင်ထိ သတ္တ၀ါအကျိုး သယ်ပိုး၏။
သောင်းတိုက်မှူးကြီး တို့မြတ်စွာ၊ ဘုံသုံးပါးလုံး ထင်ရှားပါ။
လူနတ်ဗြဟ္မာ လွန်ကျော်ကြား
ငါတို့ဘုရား၊ ဒို့ ဘုရား။ ငါတို့ဘုရား ဒို့ဘုရား… စတဲ့ တီးလုံးနဲ့တွဲထားတဲ့ ဗုဒ္ဓ၀င် ကဗျာလေးတွေဟာ ကလေးငယ်တို့နှလုံးသားထဲ စီးဝင်သွားခဲ့တယ်။

ထိခြင်းငါးပါးနဲ့ ရှိခိုးပုံကို သရုပ်ပြနေသည့် ကလေးငယ်များ

သရုပ်ဖော် ကပြနေသည့် ကလေးငယ်များ

သင်းတန်းပြီးချိန်တိုင်းမှာ တနေ့တမျိုး မရိုးရအောင် ကျွေးမွေးခဲ့ကြတယ်

Holiday Dhamma School ရဲ့ သင်္ခန်းစားများအဖြစ် ဘုရားခေါ်ပုံ၊ တရားခေါ်ပုံ၊ သံဃာခေါ်ပုံ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံ ကိုယ်ကျင့်တရား၊ လှချင်ရင် ဘုရားရှိခိုး၊ ဘုရားရှိခိုး ရတဲ့အကျိုး၊ လောင်းကစားခြင်းအပြစ်ခြောက်ပါး၊ ပျင်းရိခြင်း အပြစ်ခြောက်ပါး၊ ဘုရားလောင်းရဲ့ လောကအကျိုး(ပရဟိတ)ဆောင်ရွက်ပုံ၊ သတ္တ၀ါတွေကို သနားကြင်နာတတ်တဲ့ မြတ်စွာဘုရား၊ ကိုယ်ကျင့်တရားကောင်းမှ လူရာဝင်... စတဲ့ ဇာတ်နိပါတ်တော်လာ အကြောင်းအရာလေးတွေကို ပုံပြင်လိုပြောပြ၊ တီးလုံး အကနဲ့တွဲဖက်ပြီး သရုပ်ဖော်. လက်ခုပ်တီးပြီး လိုက်ဆို..စတာတွေဟာ ဓမ္မစကူးလ်ရဲ့ သွေးကြောများအဖြစ် လည်ပတ်ခဲ့ပါတယ်။ Dhamma School ရဲ့ Moto ကတော့ ကိုယ့်ဘာသာ ကိုယ့်သာသနာကိုချစ်ရင် မျိုးဆက်သစ် ရင်သွေးငယ်များကို ချစ်ပါ..ဟူသတည်း။

Wednesday, December 22, 2010

၂၀၁၀နဲ့ ပုံရိပ်ဟောင်းများ (၄)

မင်းကွန်းတိပိဋက ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးကို အောက်မေ့၍တည်ထားသည့် မင်းကွန်းတိပိဋကလွမ်းစေတီ
မြသိမ်းတန်စေတီတော်ပေါ်မှ လှမ်းမြော်ဖူးမြင်ရသည့် မင်းကွန်းပုထိုးတော်ကြီး

မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ မော်တော်နဲ့ ၁ နာရီခန့်သွားလိုက်ရင် ပရိယတ္တိ သာသနာ့အာဇာနည် သူရဲကောင်းများ စုဝေးရာ မင်းကွန်းရွာကို ရောက်သွားပါတယ်၊ ဖုန်တထောင်းထောင်းနဲ့ တမာရနံ့သင်းနေတဲ့ ဒီနေရာလေးဟာ ဘကြီးတော်မင်းတရားတို့ တည်ထားခဲ့တဲ့ ပုထိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်းတွေ တည်ရှိပါတယ်။ တမာရနံ့တသင်းသင်းနဲ့ ဖုန်တထောင်းထောင်းထ နေတဲ့ ဒီနေရာလေးမှာ သူတော်စဉ်ကြီးတွေ ပျော်မွေ့နှစ်ခြိုက်စွာ သီတင်းသုံးတော်မူနေကြတယ်။

သူတော်စဉ်ဆိုတာ ဒီလိုနေရာလေးတွေကို ရွေးချယ်နေထိုင်ကြပါတယ်။ မင်းကွန်းဆရာတော်ကြီးလောင်းလျာကို ဒီနေရာလေးပို့တဲ့နေ့က..ကိုရင်ဝိစိတ္တ.ဒီလောက်ခေါင်တဲ့နေရာ ရောက်လာတာ မပျင်းဘူးလားလို့ ဆရာဖြစ်သူက မေးတော့.. မှန်ပါ့ဘုရား.ဘုရားတပည့်တော်ကို နတ်များက ဒီနေရာကို ပို့လိုက်တယ်လို့ ထင်ပါတယ်ဘုရား..တဲ့။ သူတော်ကောင်းဓာတ်ခံ ပြည့်ဝတော်မူတဲ့ ဆရာတော်ကြီးရဲ့ နှလုံးသွင်းပါတကား။
မင်းဖြူမှန်မှန်ပြောရဲ့ေ၇ှ့မှာ မှန်မှန်ကန်ကန် တိပိဋကစာမေးပွဲဝင် သူငယ်ချင်းများနှင့်အတူ
ပုထိုးတော်ကြီးပေါ်မှ ဖူးမြင်ရသည့် မြသိန်းတန်စေတီတော်။

တိပိဋက စာမေးပွဲဝင်ရောက်ဖြေဆိုနေတဲ့ သူငယ်ချင်းတွေနဲ့ မင်းကွန်းတ၀ိုက် လှည့်လည်ခဲ့တယ်။ အရင်ကတော့ နွားလည်းလေးပေါ်တက်ပြီး လှည့်လည်ခဲ့ရတဲ့ မင်းကွန်းမှာ အခုတော့ သုံးဘီးတပ် မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်နေကြပါပြီ။ ဗုဒ္ဓကတော့ တောင်ဝှန်းအရပ် မြေမညီညာတဲ့ အ၇ပ်ဖြစ်ဖြစ်၊ တောအရပ်ဖြစ်ဖြစ် သူတော်စဉ်တို့နေတဲ့နေရာဟာ ပျော်စရာ မြေမြတ်ဖြစ်တယ်လို့ မိန့်တော်မူပါတယ်။ ဟုတ်ပါတယ်..လူတို့ရဲ့ အတွင်းဓာတ်ခံက ဓာတ်ကောင်းတွေဟာ အနီးနားပတ်ဝန်းကျင်ရော တကမ္ဘာလုံးပါ ငြိမ်းချမ်းမှုဖြစ်စေခဲ့တယ်ဆိုတာ မင်းကွန်းတိပိဋကဆရာတော်ကြီးလို သူတော်စဉ်များက သက်သေပြခဲ့ပြီ မဟုတ်လား။

မင်းကွန်းမှာ တနေကုန်နေပြီး ပြန်လာခဲ့တယ်.အပြန်လမ်းမှာတော့ သူငယ်ချင်းတစ်ပါးပြောတဲ့..လယ်တီိဆရာတော်ကြီးက သက်တော်(၃၀)ကျော်မှာ တောထွက်ခဲ့တယ်၊ မြေဇင်းဆရာတော်ကြီးလဲ ဒီလိုပဲ (၃၀)ကျော်မှာ တောထွက်ခဲ့တယ်၊ မင်းတို့ ငါတို့ အခုဆိုရင် (၃၀)ကျော်လို့ ၂ နှစ် ၃ နှစ်စွန်းနေကြပြီတဲ့၊ တွေးစရာ လက်ခံနိုင်စရာ အနာဂတ်အိပ်မက်များပါပေ။ သက်ရှိ သက်မဲ့ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေက လူသားတို့ရဲ့ အတွင်းစိတ်ကို ကောင်းကောင်းကြီး ပြောင်းလဲပစ်နိုင်တယ်ဆိုတာ အငြင်း
ပွားစရာမရှိပါဘူး။ ပတ်ဝန်ကျင်ကောင်းကို စိတ်ကောင်းနှလုံးကောင်းနဲ့ ရှာဖွေရင်း အဓိက သာမညခွဲနိုင်အောင် ကြိုးစားရမှာကတော့........

Monday, December 20, 2010

၂၀၁၀နဲ့ ပုံရိပ်ဟောင်းများ (၃)

မန္တလေးဆိုတာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်လို့ တင်စားပြောကြတယ်၊ ဒီမန္တလေးမှာပဲ မိမိရဲ့ စာသင်သား ဘ၀ကို စတင်ခဲ့တယ်၊ အဲဒီအချိန်တုန်းက မိမိအသက် ၁၃ နှစ်ပြည့်လုလုအချိန်၊ မစိုးရိမ်တိုက်သစ်ရဲ့ နောက်နားက ၀ိဇ္ဇာလင်္ကာရကျောင်းမှာ မိမိရဲ့ စာသင်သားဘ၀ကို စတင်ခဲ့တယ်။လောကဓံဆိုတာကို စတင်ရိပ်စား မိလာတဲ့အချိန်ပေါ့၊ နွေးထွေးလှတဲ့ မိသားစု ရင်ခွင်ကနေ စတင်ထွက်ခွါခဲ့ချိန်၊ ဥာဏ်စမ်းချင် ဆန်းတက် ကံစမ်းချင်မန်းတက်လို့ ဆိုကြသကိုး၊

သံဃာအရေအတွက်နဲ့ မြို့ခံ ဒကာ ဒကာမ အင်အားက မမျှလောက်အောင် သံဃာတွေကပေါတော့ မျှတတဲ့ ဆွမ်းရဖို့ ကြိုးစားရတော့တာပါပဲ၊ စ.ဓ.ဗ.၀. လို့လဲ ပြောကြလေရဲ့၊(စ..စောစောထ၊ ဓ…ဓုန်းပြေး …ဗ..ဗုံလောင်းတိုး .၀..၀အောင်စားတဲ့)၊ မိမိလဲ စ.ဓ.ဗ.၀ ထဲမှာ ပါခဲ့တယ်။ ဆွမ်းခံထွက်ခါနီး ကိုရင်ကြီးတွေက ဆွမ်းဟင်းခွက်တွေထဲမှာ (မိမိ မသိအောင်) စာတွေရေးထည့်ပေးတတ်တယ်..(ဤကိုရင် အစားကြီးသည် ဆွမ်းများများ လောင်းပါ)ဆိုတာမျိုးတွေ ရေးထည့်ပေးကြတယ်.။ကာယကံရှင်ကလဲ မသိလေတော့ ဆွမ်းလောင်းဖို့ ဆွမ်းဟင်းခွက်ကို ကိုင်မှ ရှက်ရတာမျိုးတွေပေါ့။
ပြန်တွေးကြည့်ရင် သတိရစရာ ပျော်စရာအဖြစ်အပျက်ကလေးတွေပါ၊ ပြန်မရနိုင်တော့တဲ့ ငယ်ဖြစ်ပျက်များတည်း။

အနောက်ပြင်မှာ ၁ နှစ်နေပြီးတော့ အရှေ့ပြင် မဟာမြိုင်ကျောင်းတိုက်ကို ရောက်သွားတယ်၊ စာသင်တိုက်ထုံးစံအတိုင်း မနက်ပိုင်း အာရုံဆွမ်းကို ပဲပြုတ်နဲ့ ငံပြာရည် ကျဲကျဲလေးကျွေးတယ်၊ ကျောင်းဘေးနားက ဂွေးတောက်စင်တွေ ပေါ်တက်ပြီး ဂွေးတောက်ရွက်ကို ရေနွေးနဲ့စိမ်ပြီး စားခဲ့ရတဲ့ ပုံရိပ်တွေကို ပြန်ပြီး သတိရနေတယ်။ အဲဒီမှာပဲ မနက်ဖြန်တို့နဲ့ ဆုံဖြစ်ခဲ့တာ။ လူသေးသလောက် ခပ်ထက်ထက် လှုပ်ရှားတတ်တဲ့သူ။ အခုတော့ အမေရိကားမှာ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်နေချေပြီ။

ဗုဒ္ဓဂယာမှာ ဆုံတွေ့ခဲ့သည့် အမေရိကား ကျောင်းထိုင်ဆရာတော်ကြီး ဦးမနက်ဖြန်နှင့် အတူ

နှစ်တွေပြောင်းခဲ့ပေမယ့် မန္တလေးမြို့ကြီးကတော့ သိပ်မပြောင်းလဲသေးဘူး..ဆိုတာ သတိထားမိခဲ့တယ်။မန္တလေးယဉ်ကျေးမှု မန္တလေးမြို့ပြ ဘာမှသိပ်မပြောင်းလဲဘူးလို့ ပြောနိုင်တယ်။ ဆယ်စုနှစ် ၂ခုက အပြုံးတွေ အရောင်မခြယ် ပုံမှန်အတိုင်းပါပဲ၊
နောက်နေ့ဆိုရင် မိမိရဲ့ မွေးနေ့၊ မန္တလေးကို ရောက်ခိုက် မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရယ် စာသင်ပေးခဲ့ဖူးတဲ့ တပည့်တွေရယ်.သူတို့ကိုပင့်ပြီး အိုရီယန်တယ်ဟောက်စ်မှာ ဆွမ်းကျွေးဖြစ်တယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်ပုံဖော်ရင်းပေါ့။
အိုရီယမ်တယ်လ်ဟောက်စ်သို့ မိမိမွေးနေ့ပွဲသို့ ကြွလာသည့် သူငယ်ချင်းများ

ခေတ်သစ် ကမ္ဘာကြီးထဲမှာ ပရိယတ္တိကို ခုံမင်မြတ်နိုးစွာကြိုးစားနေတဲ့ သူငယ်ချင်းတွေကို ကြည်ညိုလေးစားမိတာတော့ အမှန်ပဲ။ တချို့က ကျောင်းထိုင်ဆရာတော်တွေဖြစ်လို့၊ တချို့က သ.စ.အ စာချဘုန်းတော်ကြီးတွေဖြစ်လို့၊တချို့က ပိဋကတ်တစ်ပုံအောင်တွေ။ နောက်တန်းခံတပ် ပရိယတ္တိ သာသနာအတွက် အားကိုးရမယ့် သာသနာ့ သူရဲကောင်း သူငယ်ချင်းများပေပ။ ရှေ့တန်းမှာ အစွမ်းပြချင်ရင် နောက်တန်းကလဲ ခိုင်လုံရမယ် မဟုတ်လား၊

မန္တလေးရောက်တုန်း ဘာမှ မယ်မယ်ရရ ပြောစရာ လုပ်စရာမရှိဘဲ မြို့တပတ် ကားနဲ့ပတ်ပြီး လှည့်ကြည့်ခဲ့သေးတယ်၊(အဲလို သွားရတာကို..က ၀ါသနာဖြစ်နေတာကိုး)။ နောက်တနေ့ သူငယ်ချင်းတွေကိုခေါ်ပြီး ပြင်ဦးလွင်(မေမြို့)ကို သွားခဲ့တယ်။ ပိတ်ချင်းမြောင် မဟာအံ့ထူးကံသာ ကန်တော်ကြီးတွေကိုလဲ ရောက်ဖြစ်ခဲ့တယ်။ မေမြို့ ကားလမ်းဘေးက ဒိုးပင်စံပြ ပရဟိတကျောင်းကိုလဲ လေ့လာခဲ့သေးတယ်။ ကလေးငယ်တွေ ငါးရာကျော်၊ တိုင်းရင်းသားများစွာနဲ့ မငြီးမညူ ပရဟိတ လုပ်နေတဲ့ ဆရာတော်ကိုမြင်ရတာ တကယ့်ကို လေးစားစရာပါ။
ပြင်ဦးလွင် ဒိုးပင်စံပြ ပရဟိတကျောင်းမှာ တွေ့ခဲ့တဲ့ မိဘမဲ့ တိုင်းရင်းသားကလေးငယ်များ

ပိတ်ချင်းမြောင် လှိုင်ဂူအ၀င်ဝ

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်

စေတနာနဲ့ ဘ၀ ဟန်ချက်ညီအောင် ပေါင်းစပ်ပြီး ပုံဖော်နေတဲ့ဆရာတော် တစ်ပါးပေပဲ၊ ကိုရင်ငယ်လေးတွေကို တွေ့လို့..ကိုရင်ဘွဲ့ ဘယ်လိုခေါ်လဲလို့ မေးကြည့်တော့.. အမေ မရှိ..တဲ့။ မြန်မာစကားကို မပြောတတ်တဲ့ တိုင်းရင်းသား ကိုရင်လေးရဲ့ စကားက ..မိမိရဲ့အတွေးတွေကို ရှည်လျားစေခဲ့ပါတော့တယ်။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်တိုင်းရင်းသားတွေကို တတ်နိုင်တဲ့ဖက်က ဖေးမကူညီကြရပါလိမ့်မယ်။ နိုင်ငံခြားမှာနေပြီး အပြောလေးလောက်နဲ့တင် ကျေနပ်နေရင်တော့ မိမိတို့ရဲ့ သမိုင်းဟာ ဆယ်စုနှစ်လေးတစ်ခုအတွင်းမှာ ရိုးရိုးလေး ပျောက်ကွယ်သွားမှာ အငြင်းပွားစရာ မရှိပါဘူး။
ဘွဲ့ဘယ်လိုခေါ်လဲလို့မေးတော့...အမေ မရှိဆိုတဲ့ မြန်မာစကားတခွန်းသာ ပြောတတ်သည့် ကိုရင်လေးများ

မေမြို့မှာ ရှိနေကြတဲ့ ရဟန်းဒကာ ဒကာမတွေကို နှုတ်ဆက်ပြီး ညပိုင်းမှာ ပြင်ဦးလွင်ကနေ မန္တလေးကို ပြန်ရောက်လာတယ်။ပြင်ဦးလွင်အပြန်လမ်းရဲ့ ပဲ့တင်သံကတော့.......................။ ။

Sunday, December 19, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၂)

ကျိုက်ထိုးရိုးစေတီတော်
ဂျပန်စစ်သင်းချိုင်း
ဟံသာဝတီ ဘကကျောင်းရှိ ကလေးငယ်များနှင့် ဆရာ ဆရာမများ

သံဖြူဇရပ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို လေ့လာပြီး နောက်ရက်မှာတော့ ဓမ္မာရမာတောရ စာသင်တိုက်က စာသင်သား သံဃာတွေကို မွေးနေ့အလှူအဖြစ် ဆွမ်းဆက်ကပ်ဖြစ်တယ်၊ သံဖြူဇရပ်မှာ ဂျပန်ဘုရား၊ ဂျပန် စစ်သင်းချိုင်းနဲ့ အင်ကြင်းတောင်တောရ နေရာတွေကို လေ့လာပြီး မုံဒုံ မော်လမြိုင်ကတဆင့် ရန်ကုန်ကို ပြန်ရောက်ခဲ့တယ်။
ရန်ကုန်ပြန်ရောက်တော့ မိမိတို့ ရက်ခြောက်ဆယ် အားထုတ်ရတဲ့ တရားထိုင်နည်းကို ဆယ်ရက်နဲ့သင်ပေးတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်ဆိုလို့ စိတ်ဝင်စားသွားတယ်၊

ဆရာကြီးရဲ့ နာမည်က ဦးစောသာယံ.တဲ့၊ ကန္နီဆရာတော်ကြီးရဲ့ တပည့် အရှင်ထေရတိဿ(သံသာရမဂ္ဂပါရဂူကျမ်းပြု) နဲ့ တရားအတူ ကျင့်ခဲ့ကြ တယ်။ လက်ရှိဆရာကြီးနေတဲ့ နေရာက မြောက် ဥက္ကလာ ဂုံကျော်တံတားအနီးမှာပါ၊ လက်ထောက် တရားပြဆရာက ဦးသန်းအောင်၊ သူကတော့ ရွှေတောင်ကြားမှာ နေတယ်။ တရားစခန်းကိုတော့ ရွှေတောင်ကြားမှာ ရှိတဲ့ ဒကာဦးသန်းအောင်ရဲ့ နေအိမ်မှာ ကျင်းပတယ်။ ရှာဖွေလို့ရသမျှ ပစ္စည်းကို ဓမ္မအတွက် အသုံးချနေတဲ့ ရိုးသားဖြူစင်တဲ့ ဒကာ ဒကာမတွေပါ၊ နယ်တကာလှည့်လည်ပြီးလဲ တရားပြတယ်။ တရားလဲပေး အစာလဲကျွေးပြီး ကိုယ်အား ဥာဏ်အား ပစ္စည်းအားတွေနဲ့ လောကကို အလှဆင်နေကြတယ်၊ အံ့ဩဖွယ် သဒ္ဓါတရားပိုင်ရှင်များပါ။
တရားပြဆရာ ဦးစောသာယံ၊ဦးသန်းအောင်တို့နှင့်အတူ ရွှေတောင်ကြားတရားစခန်း ယောဂီအချို့

ရွှေတောင်ကြားတရားစခန်း (၁၀) ပြီးတော့ ပိုင်းလော့ဆရာတော်ကြီးရဲ့ ငါးရက်တရားစခန်းကို ၀င်ဖြစ်တယ်။ သူ့နည်း သူ့ဟန်နဲ့ တရားတော်တွေကို လွယ်ကူအောင် ဟောပြော ပြသနိုင်တဲ့ဆရာတော်တစ်ပါးပါ၊ ဆရာတော်ရဲ့ အဆုံးအမ လမ်းညွှန်ချက် တွေထဲက အရမ်းသဘောကျခဲ့ စကားလုံးတွေကတော့.. အ၀ိဇ္ဇာ.ဆိုတာ စိတ်ရဲ့အမှောင်၊ ပညာ..၀ိဇ္ဇာဆိုတာ စိတ်ရဲ့အလင်းဆိုတဲ့ စကားတွေပါ၊ လက်တွေ့တရား အားထုတ်တဲ့နေရာမှာ အသုံးဝင်လှပါတယ်။

ပြီးတော့ ချမ်းသာချင်ရင် အတင်းမပြောနဲ့၊ နိဗ္ဗာန်လိုချင်ရင် အတင်းမပြောနဲ့ဆိုတဲ့ အဆုံးအမကိုလဲ သဘောကျမိတယ်၊(ဘုရားဟောတဲ့ တရားတော်မှာတော့.. ပရ၀ဇ္ဈာနုပဿိဿ နိစ္စံ ဥစ္ဇျာန သညိနော၊ အာသ၀ါ တဿ ၀န္တိ(၀ဋ်ဍန္တိ) ၊အာရာသော အာသ၀က္ခယံ။ ဆိုတဲ့ ဒေသနာကို နားလည်အောင် ဆုံးမတော်မူတာဖြစ်ပါတယ်။ ပိုင်းလော့ဆရာတော်ကြီးထံမှာ တရားစခန်းဝင်ပြီးတော့ ဂျူး ပူ တင်တို့ရဲ့ စံနန်းတော် နေပြည်တော်ကို သွားရောက်ခဲ့တယ်။ နေပြည်တော်မှာ ငါးရက်လောက် အနားယူပြီး ရွှေမန္တလေးကို ရောက်လာခဲ့တယ်။

ဆက်ပါအုံးမည်။

Saturday, December 18, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ…

( ဒီစာမျက်နှာနဲ့ ဝေးနေခဲ့တာ တော်တော်ကြာပါပြီ၊ တတောဝင် တတောထွက်နဲ့ တောဘုန်းကြီးလေးဖြစ်နေခဲ့ရတော့ အင်တာနက်ဆိုတာ ကြားဖူးရုံပါပဲ။ အခုမှပဲ မနက်တာကြာပြီဖြစ်တဲ့ အင်တာနက်ဆိုတာကို စပြီး နက်ဖြစ်ပါတော့တယ်။ မိမိစာမျက်နှာကို ပုံမှန်လာရောက်ခဲကြတဲ့ ဓမ္မမိတ်ဆွေများကိုလဲ ကျေးဇူးအထူးတင်ပါတယ်။)

၂၀၁၀ မေလ (၁၉)ရက်နေ့က စလို့ သီရိလင်္ကာကနေ စတင်ထွက်ခွါခဲ့တယ်။ စင်္ကာပူ မလေး အိန္ဒိယ ထိုင်း ကမ္ဘောဒီးယား နိုင်ငံတွေကိုသွားပြီး ဧပြီ (၂၄)မှာ မြန်မာကို ပြန်ရောက်ခဲ့တယ်။
(ထိုင်းခရီးစဉ်အတွက် ရွာဦးကျောင်းဆရာတော်နဲ့ မယမင်းတို့က အစစ အရာရာ ကူညီပေးပြီး ကမ္ဘောဒီးယား ခရီးစဉ်အတွက် စည်သူ--နန်းနန်း တို့က လိုလေသေးမရှိ ကူညီပေးခဲ့ကြတယ်၊ ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ ပြောပါရစေ) ရန်ကုန်လေဆိပ်ရောက်လို့ လက်ချိုးရေတွက် ကြည့်လိုက်တဲ့အချိန်မှာ ရန်ကုန်ကနေ ထွက်ခဲ့တာ (၃) နှစ်တင်းတင်း ပြည့်တဲ့နေ့ဖြစ်နေတယ်။

ရန်ကုန်ကတော့ မီနီမားကတ်ကြီးတွေ တိုးတက်နေတယ်။ လမ်းတွေလဲ မဆိုစလောက် တိုးတက်လာတယ်။ မီးပျက်နေဆဲ၊ ဓာတ်ဆီကား တွေတန်းစီနေရဆဲ၊ မီတာ တက္ကစီတွေ နာမည်ခံ သက်သက်ပါပဲ။ အရင်ကလိုပဲ တောင်းနေကြတုန်း။ လူငယ်တွေ ကိုယ့်ကျင့်တရား အားနည်းနေတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ လမ်းပျောက်တဲ့ လူငယ်တော်တော်များများကိုလဲ တွေ့နေရတယ်။ တိုင်းပြည်အတွက် ၀မ်းနည်းစရာလို့ ပြောနိုင်မယ်ထင်တယ်။ လူငယ်တချို့ကတော့ ပြည်ပထွက်ဖို့ ကြိုးစားကြရင်း သူတို့ဘ၀အတွက် တိုးတက်ဖို့ အခွင့်အလမ်းတွေကို ကြိုးစားရှာဖွေနေကြတယ်။ တချို့အသိုင်းအ၀ိုင်းကတော့ လူကွယ်ရာမှာ တကယ့်ကို တရားရှာနေကြတယ်။ နာမည်ကြီးဖို့ လူကြားကောင်းဖို့ လူအများ လေးစာခံရဖို့ဆိုတဲ့ စိတ်မရှိဘဲ ရိုးရိုးသားသား တရားအလုပ်ကို ကြိုးစားနေကြတဲ့ လူတစ်စုကိုလဲ တွေ့ခဲ့တယ်

ရန်ကုန်ရောက်တဲ့နေ့မှာပဲ ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော်နဲ့ ဆူးလေစေတီတော်တွေကို ဖူးမြော်ခဲ့တယ်။ အားလုံးပုံမှန်ပါပဲ။ လာသမျှလူတွေကို အငြိမ်းဓာတ်တွေ ဖြန့်ဝေနေဆဲပါ။( စိတ်ထဲရှိတဲ့အတိုင်း ပြောရရင်တော့ မြန်မာပြည်ရဲ့ အထင်ကရ ဆူးလေစေတီတော်မှာ နတ်ကွန်း နတ်နန်းတွေ ဆောက်ထားတာကိုတော့ သဘောမကျမိခဲ့တာ အမှန်ပါ။ (နောက်ထပ်တည်ထားတဲ့ နေပြည်တော်က စေတီတွေမှာ အဲဒါမျိုးတွေ မတွေ့ရဘူး၊
ဒါလေးတော့ သဘောကျမိတယ်)

ရန်ကုန်ကနေ ကျိုက်ထီးရိုးစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့တယ်။ ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ရတော့ စိတ်ထဲမှာ ကြည်နူးနေတယ်။ ဘယ်နေရာရောက်ရောက် ဘုရားကိုယ်ပွား စေတီ ရုပ်ပွားတွေကတော့ လူသားအားလုံးကို တပြေးညီ ငြိမ်းချမ်းမှုတွေ ပေးနေတယ်။ ထူးထူးခြားခြား ကျိုက်ထီးရိုးမှာ သတိထားမိတာ တစ်ခုကတော့ အရင်က ဘုရားလာသူတွေ အခမဲ့တည်းခိုနိုင်တဲ့ ဓမ္မာရုံတွေက Guest House တွေဖြစ်နေတယ်။ တခန်းကို တည တစ်သောင်း တစ်သောင်းခွဲပေးရတယ်။ Guest House တွေရဲ့ အ၀င်ဝမှာ သိန်း ၂၉၀ ဖြင့် လေလံဆွဲထားပါသည် ဆိုတဲ့ စာတန်းတွေလဲ တွေ့ခဲ့ရတယ်။ ဘုရားရော ဘုရားဓမ္မာရုံပါ မကျန် လေလံပေးပြီး ရောင်းစားနေကြသလားလို့ တွေးနေခဲ့တယ်၊(သေချာတော့ မသိပါဘူး)။

အဲဒီကတဆင့် မော်လမြိုင်၊ မုဒုံ သံဖြူဇရပ် ကျိုက်ထိုမြို့တွေကို ခရီးဆက်ခဲ့တယ်။ ကျိုက်ခမီရေလည်ဘုရား နဲ့ စက်စဲကမ်းခြေတွေကိုလည်း ရောက်ခဲ့သေးတယ်။ မွန်ပြည်နယ်တ၀ိုက်မှာတော့ ရိုးသားတဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေကို မြင်တွေ့နေရဆဲပါ၊ ဦးဇင်း ဘာလေးကတော့ ၀ယ်မထိဘူး(၀ယ်မရဘူး)၊ ဘယ်နေရာကို သွားမထိဘူး(သွားမရဘူး)..စသည်ဖြင့် ပြုလုပ်လို့မရတဲ့နေရာတွေမှာ မထိဘူး မထိဘူးနဲ့ ထည့်ပြောတတ်တဲ့ မွန်တို့ရိုးရာ ရာမညဓလေ့ကိုတွေ့ရတော့ စိတ်ကြည်နူးမိတာတော့ အမှန်ပါ၊

သံဖြူဇရပ်ကို ရောက်တုန်း ဟံသာဝတီဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလဲ သွားရောက်လေ့လာခဲ့သေးတယ်. ကလေးငယ် ကိုးဆယ်ကျော် ဆရာ ဆရာမ ၂၀ ကျော်နဲ့ တပိုင်တနိုင် ပရဟိတလုပ်နေကြတာ၊တကယ့်ကို အားကျ ကြည်ညိုစရာပါ။(မေတ္တာရှင် ရွှေပြည်သာမှ ဟံသာဝတီ ဘက ကျောင်းက ဆရာ ဆရာမများအတွက် လစာငွေ ပုံမှန်ထောက်ပံ့ပေးပါတယ်။) လေ ပရဟိတ သမားများနဲ့ နှိုင်းစာရင် လက်တွေ့ကျတဲ့ ပရဟိတသမားများကို ဦးညွတ် ဂုဏ်ပြုကြိုဆိုရမယ်မဟုတ်လား၊ မိမိနဲ့ ဂျူး ပူ တင်တို့အဖွဲ့က တရက်စာ ဆွမ်းအလှူငွေ လှူဖြစ်ခဲ့ပါသေးတယ်။ အောက်မြန်မာပြည် ခရီးစဉ်မှာ ဖ၀ါးနောက်က မခွါလိုက်ပါခဲ့ကြသူတွေကတော့ ဂျူး ပူ တင် တို့ သုံးယောက်ပါ။


ဆက်ပါအုံးမည်…

Sunday, March 21, 2010

ကုသိုလ်တို့ဖြင့် ပျော်မွေ့သော



 ဗန်းမော်ဆရာတော်ကြီးကို စင်္ကာပူကို ကြွရောက်ပြီး တရားချီးမြှင့်ဖို့ ပြင်ဆင်ခဲ့ကြတာ ကြာပါပြီ၊ Lotus Foundation Dhammadownload Dhammaramsi  dhammanowledge ညီအကိုမောင်နှမတွေရဲ့ စိတ်တူ ကိုယ်တူပူးပေါင်း ဆောင်ရွက်ခဲ့တဲ့အတွက် အခုတော့မိမိတို့ရည်ရွယ်ချက် အောင်မြင်ခဲ့ပါပြီ်။ ၁၈.၀၃.၂၀၁၀ နေ့မှာ စင်္ကာပူကို ဆရာတော်ကြီး ကြွရောက်လာတယ်. အားလုံးအဆင်ပြေပြေချောချော မွေ့မွေ့ပါပဲ၊
ဆရာတော်ကြီးနဲ့ပတ်သက်လို့ သံဃာလောကက ကြည်ညိုလေးစားကြတာက တိပိဋက(ပိဋကတ်သုံးပုံဆောင်) ၇ ပါးရဲ့ ဆရာ၊ သကျသီဟ ၀ဋံသကာ၊ အထက်ယမိုက် အောက်ယမိုက်ကျမ်းကြီးတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုမှု၊ အနေရိုးပေမယ့် အသိဆန်းတဲ့ဆရာတော်ကြီးအဖြစ် လေးစားကြည်ညိုကြပါတယ်၊
ဒကာ ဒကာမများကတော့ စံချိန်ကိုက် ပဋ္ဌာန်းရွတ်ဖတ်တဲ့အတွက် လိုတ-ရခဲ့ပုံ၊စံချိန်ကိုက် ပဋ္ဌာန်းရွတ်ဖတ်ခြင်းဆိုတာ.. ၁။ အ၀တ်အစား ခန္ဓာကိုယ် သန့်ရှင်းရခြင်း၊ ၂။ အချိန်မှန်ရခြင်း၊ ၃။ ပီပီပြင်ပြင် ကြည်ကြည်လင်လင် ရွတ်ဖတ်ရခြင်း၊ ၄။ နတ်များကို အမျှအတမ်းပေးဝေရခြင်း တို့ဖြစ်ပါတယ်) နတ်သားတွေကို မျက်စိနဲ့မြင်ခဲ့ဖူးသည့်ဆရာတော် စသည် စသည် ကြည်ညိုလေးစားကြပါတယ်၊ တကယ်လဲ လေးစားထိုက်သည့် ဆရာတော်ကြီးပါ၊ ရှိတာကို အကုန်ပြောလို့ရမယ်ဆိုရင်တော့. နိုင်ငံတော် သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ်၊ ထေရ၀ါဒတက္ကသိုလ် ဒုတိယပါမောက္ခချုပ်စတဲ့ ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဆရာတော်ကြီးတစ်ပါးပါ။
စင်္ကာပူ ပရိသတ်များကတော့ ဆရာတော်ကြီးရဲ့ တရားပွဲကို စောင့်မျှော်ခဲ့ရတာ ကြာပြီမို့ ဒီနေ့(၂၀--၃-၂၀၁၀)မှာတော့ ပရိသတ်တွေ အများအပြားလာရောက်ခဲ့ပါတယ်။ တရားပွဲအစီအစဉ်အရ ၂၀-၀၃-၂၀၁၀ နေ့ ညနေ လေးနာရီကနေ ငါးနာရီ ဆယ့်ငါးထိ တချိန်.. ခြောက်နာရီကနေ ၇ နှစ်ကြိမ်တိုင်တိုင် ပဋ္ဌာန်းတရားဟောကြား ချီးမြင့်ပေးရမှာပါ၊ တရားပွဲ မစခင်ကတော့ စိတ်ပူနေမိပါတယ်၊ သက်တော်ရှစ်ဆယ်ကျော် ဆရာတော်ကြီးရဲ့ ဟောပြောချိန် ၂ နာရီကျော်အတွင်း ဟောမှ ဟောနိုင်ပါ့မလား အသံတွေများ ၀င်သွားမလား နဲ့  တွေးပူနေခဲ့တာ၊ တကယ့်လက်တွေ့မှာတော့ တက်တက်စင်အောင် လွဲပါရောလား၊ ဖြစ်နိုင်ရင် နောက်ထပ် ၂ နာရီလောက်တောင် ထပ်ဟောနိုင်အုံးမယ့်ပုံ။ အသံလဲကြည်လင်ပြတ်သားပြီး နာယူရသူတွေ တကယ့်ကို သဒ္ဓါတရားတက်စေခဲ့ပါတယ်။.
ပဋ္ဌာန်းအကြောင်းကို ပဋ္ဌာန်းနဲ့ဝေးသူတွေ စိတ်ဝင်စားအောင်ဟောပြသွားတာကလဲ ဆရာတော်ကြီးရဲ့ အ၇ည်အချင်းတစ်ခုပါ၊ ဟောသူ နာသူ စီစဉ်သူတို့ရဲ့ ကုန်လွန်ခဲ့ရတဲ့အချိန်တွေဟာ ပြန်တွေးလိုက်တိုင်း ကျေနပ်စရာ ဖြစ်နေတော့တာ အမှန်ပါ၊ လူငယ်တွေဖြစ်ပေမယ့် ကုသိုလ်တွေနဲ့ ပျော်မွေ့နိုင်ကြတဲ့ တရားစီစဉ်သူများ လေယဉ်လက်မှတ် ခန်းမအလှူရှင်များ ဆွမ်းအလှူရှင်များရဲ့ စိတ်ဓာတ်အား သဒ္ဓါအားကိုတော့ တကယ့်ကို လေးလေးနက်နက် သာဓုခေါ်မိပါတယ်။  စိတ်အားထက်သန်သူ သဒ္ဓါအားကောင်းသူတို့ရဲ့ အောင်ပွဲလို့ ဆိုနိုင်ပါမယ်၊ ထက်သန်ဆန္ဒရှိရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ သက်သေတစ်ခုပါပဲ၊
စင်္ကာပူလို နိုင်ငံမျိုးမှာ တရားပွဲတစ်ခုဖြစ်မြောက်ဖို့ မလွယ်ကူတာ တရားပွဲစီစဉ်သူတိုင်း နားလည်လက်ခံနိုင်ပါမယ်၊ ခန်းမငှါးရတဲ့ကိစ္စ ဆရာတော်ကြီးများရဲ့ လေယဉ်လက်မှတ်အသွားအပြန်ကိစ္စ။ အသံပိုင်းဆိုင်ရာ ဆောင်ရွက်ရတဲ့ကိစ္စ တရားပွဲရက်တွေ ကြိုတင်ကြေငြာရတဲ့ကိစ္စ။ ပင့်ဖိတ်လိုသူပေါများလှတဲ့ ဆရာတော်ကြီးများအတွက် ပင့်ဖိတ်သူတွေ သဒ္ဓါတရား မထိခိုက်အောင် စီမံရတဲ့ကိစ္စ အပါအ၀င် တ၇ားပွဲကုန်ကျစရိတ် စသည်စသည် ဖန်တီးရတာလဲ လွယ်ကူတာတော့ မဟုတ်ပါဘူး၊
မမြင်နိုင်တဲ့ဓမ္မရဲ့အင်အားတွေရယ် သဒ္ဓါတရားထက်သန်တဲ့ ဗုဒ္ဓဘာသာတွေရယ်ကြောင့် အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။ တာထွက် ပထမဦးဆုံးတရားပွဲရဲ့ ရလာဒ်ကတော့ ကျေနပ်စရာ ကောင်းလှပါတယ်။ ဟောသူ နာယူတို့ရဲ့ ကျေနပ်အပြုံးတွေက တရားပွဲစီစဉ်သူတို့ရဲ့ နှလုံးသားကို အေးမြစေခဲ့တာတော့အမှန်ပါ။