Monday, March 28, 2011

ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၂)

မြတ်စွာဘုရားသည် တရားတော်ကိုဟောကြားသည့်အခါ ရဟန်းတော်များနှင့် အမျိုးသားဒကာများအတွက် ဟောကြားတော်မူသလို အခါအခွင့်သင့်ရင် အမျိုးသမီးများအတွက်လဲ ဟောကြားတော်မူခဲ့သည်သာ ဖြစ်၏ ၊ တခါတရံ အကြောင်းအကျိုးပြ၍ တခါတရံအပြစ်ပြ၍ဟောတော်မူခဲ့၏ ၊ အမျိုးသားများကို ထူးချွန်သည့်(ဧတဒဂ္ဂ)ဘွဲ့များ အပ်နှင်းသလို အမျိုးသမီးများကိုလည်း ထူးချွန်သည့်ဘွဲ့များကို အမျိုးသားများနည်းတူ အပ်နှင်းတော်မူခဲ့သည်၊

ဂေါတမဘုရားရှင်၏ သာသနာတော်ဝယ် အမျိုးသမီးထုများထဲမှ ထူးချွန်သည့် အမျိုးသမီးများကို ထူးချွန်သည့် အကြောင်းအရာအလိုက် ဆုများအပ်နှင်း၍ အသိအမှတ်ပြုတော်မူခဲ့သည်၊

အဦးဆုံး အရင်ဆုံး သရဏဂုံတည်သူဘွဲ့ ကို သုဇာတာသူဋ္ဌေးသမီး ၊
သာသနာတော်အတွက် အလှူဒါန်းဆုံးဘွဲ့ကို ၀ိသာခါကျောင်းအမကြီး ၊
အကြားအမြင်ဗဟုသုတများသူ ဘွဲ့ကို ခုဇ္ဇုတ္တရာကျွန်မ၊
မေတ္တာဖြင့်နေလေ့ရှိသူဘွဲ့ကို သာမာဝတီ မိဖုရား၊
ဈာန်ဝင်စားပြီးနေလေ့ရှိသူဘွဲ့ကို ဥတ္တရာ နန္ဒမာတာ နှင့်
မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီးဆုကို သုပ္ပ၀ါသာ အမျိုးသမီး..

တို့အား အသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍ ထူးချွန်သည့်အမျိုးသမီးများဖြစ်ကြောင်း သံဃာအလယ် ပရိသတ်အလယ်တွင် ဘုရားကိုယ်တိုင် အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်၊ ၎င်းအမျိုးသမီးများ၏ နောက်ခံသမိုင်းကြောင်းနှင့် ဂေါတမဘုရားလက်ထက် အကြောင်းအရာများမှာလဲ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်၊ လေးစားထိုက်ပါပေစွ ၊ဂုဏ်ယူထိုက်ပါပေစွ၊

လူမိုက်တသောင်းကဲ့ရဲ့ ခံရခြင်းထက် သူတော်ကောင်းတစ်ယောက် ကဲ့ရဲ့ခံရမှာကိုကြောက်ရမည်ဟု ရှေးထုံးရှိခဲ့လေသည်။ မှန်ပါ၏..သူတော်ကောင်းတို့ကဲ့ရဲ့ခံရခြင်းသည် မိမိအတွက် အလွန်ရှက်ဖွယ်ပင် ဖြစ်လေသည်၊ ငြိမ်းချမ်းဖြူစင်သည့် သူတော်ကောင်းတို့ နှလုံးသားမှ ထွက်ကျလာသည့် စကားလုံးများသည် အမှန်တရားဖြစ်၍ အလွန်ဂုဏ်ယူဖွယ်လည်းဖြစ်လေသည်၊

ဘုရားရှင်ကိုယ်တော်မြတ်က သူ၏ လက်ယာ လက်ဝဲ အလွန်အားထားရသည့် တပည့်ကြီးများဖြစ်ကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ကိုပင်…..ချစ်သားတို့ ! သာရိပုတ္တရာသည် သင်တို့ရဲ့ မွေးမိခင်နှင့်တူသည်၊ မောဂ္ဂလာန်သည် သင်တို့ရဲ့ ကျွေးမိခင်နှင့်တူလှသည် ဟု အမျိုးသမီးဖြစ်သည့် မိခင်များကို အလေးထားကာ တပည့်ကြီးများအား ဂုဏ်ပြုတော်မူခဲ့သည်၊
( သေယျထာပိ ဘိက္ခဝေ ဇနေတာ ဧ၀ံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ ဧ၀ံ မောဂ္ဂလာနော-သစ္စ၀ိဘင်္ဂသုတ္တ၊မ၊၃၊၂၉၃)၊

သတ္တ၀ါများအပေါ်ဝယ် မေတ္တာထားခြင်းနှင့်ပတ်သက်၍လည်း .. တဦးတည်းသောသားကို မွေးထားသည့် မိခင်သည် ချစ်လှစွာသောသားကို အသက်နှင့်ရင်းပြီး စောင့်ရှောက်ကာကွယ်၍ မေတ္တာထားသလို သတ္တ၀ါအားလုံးတို့ပေါ်မှာ ဤကဲ့သို့သောစိတ်မွေး၍ မေတ္တာထားရမည်ဟု မိန့်မှာတော်မူခဲ့သည်.. အမျိုးသမီးဖြစ်သည့် မိခင်တစ်ယောက်၏ နှလုံးသားကို ဂုဏ်ပြုစကား ဆိုခြင်းဟုလည်း သတ်မှတ်နိုင်မည်ဖြစ်ပါ၏ ။ ကမ္ဘာလောကကြီး ငြိမ်းချမ်းဖို့ အမျိုးသမီးတို့၏ မေတ္တာစိတ်ဓာတ်မျိုး များများ ထားတော်မူစေချင်၏ ။ လူသားတိုင်းအပေါ် အမေလို အမျိုးသမီး၏ မေတ္တာမျိုးထားနိုင်လျှင် လောကကြီး သာယာလှပနေပေလိမ့်မည်၊ အမေသည် သားသမီးတိုင်းကို လွန်စွာကြင်နာယုယ လှသည်၊ သားသမီးတိုင်း၏ ကောင်းကျိုးကို အမြဲပင်လိုလားလေသည်၊ မိခင်မေတ္တာများ များများထားသင့်လှပါ၏

မြတ်စွာဘုရားရှင်၏ တရားတို့သည် သံသရာမှလွတ်မြောက်ကြောင်းကိုချည်း မီးမောင်းထိုးဟောပြခဲ့သည် မဟုတ်၊ လက်ရှိလူနေမှုဘ၀ကို မီးမောင်းထိုးပြသည့် တရားများ, လောကအရေး ရှုငဲ့သည့်တရားများကိုလည်း ဟောတော်မူခဲ့သည်သာဖြစ်၏ ၊ တခါက မြတ်စွာဘုရားရှင်သည် မဓုရာမြို့မှ ဝေရဉ္ဇာမြို့သို့ ခြေလျဉ်ခရီးကြွတော်မူစဉ် သစ်ပင်ရင်းအောက်၌ ခေတ္တနားနေခိုက် လာရောက်ဖူးမြော်ကြသည့် အိမ်ထောင်သည် အမျိုးသား အမျိုးသမီးများအား ဘ၀လမ်းညွှန် တရားဒေသနာများ ဟောပြောလမ်းညွှန်တော်မူခဲ့သည်၊

အိမ်ထောင်ရှင်တို့ ! လောကမှာ အိမ်ထောင်လေးမျိုး (စုံတွဲလေးမျိုး) ရှိတယ်၊

အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပျက်စီးပြီး ပေါင်းသင်းနေတဲ့ အိမ်ထောင် ။- (သေသူခြင်းပေါင်းသင်းတဲ့အိမ်ထောင်)
အမျိုးသားက ကိုယ်ကျင့်တရား မကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသမီးနဲ့ပေါင်းသင်းနေတဲ့အိမ်ထောင်၊ -(အမျိုးသားကသေသူ ၊ အမျိုးသမီးက နတ်သမီး)
အမျိုးသမီးက ကိုယ့်ကျင့်တရားမကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသားနဲ့ ပေါင်းသင်းနေတဲ့အိမ်ထောင်၊ - (အမျိုးသားက နတ်သား၊ အမျိုးသမီးက သေသူ)
အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပြည့်စုံတဲ့ အိမ်ထောင်..(အမျိုးသားရော အမျိုးသမီးရော နတ်သား နတ်သမီးစုံတွဲ)ဆိုပြီး အိမ်ထောင်လေးမျိုး(စုံတွဲလေးမျိုး) အကြောင်းကို အကျယ်တ၀င့် ဟောပြတော်မူလေသည်၊ ခရီးသွားရင်း ဟောသည့်တရားများလည်းဖြစ်ပါ၏ ၊အလွန်ကျေးဇူးကြီးမားလှပေစွ ။

ဒီနေရမှာ မြတ်စွာဘုရားက.. အမျိုးသား/ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်နဲ့လဲကောင်းတာမလုပ်၊ နှုတ်နဲ့လဲ အကောင်းမပြော စိတ်နဲ့လဲ တလွဲတွေး သူတော်ကောင်းတွေကိုမြင်ရင် စိတ်တို ဆဲရေးနေတယ်ဆိုရင် ဒီ အမျိုးသား/အမျိုးသမီး ဟာ သေသူနဲ့ အတူတူပါလို့ သတ်မှတ်တော်မူပါတယ်၊

ကိုယ်နဲ့လဲ ကောင်းတာကိုလုပ် ၊နှုတ်နဲ့လဲ ချိုသာနူးညံသိမ်မွေ့ အကျိုးရှိတဲ့စကားကိုပြောတတ်၊ အတွေးလဲကောင်း ၊ သူတော်ကောင်းတွေကိုမြင်ရင် လေးစားချစ်ခင်တတ် တဲ့ အမျိုးသား/အမျိုးသမီးတွေကိုတော့ နတ်သား နတ်သမီးနဲ့ တူသူ လူတော်လူကောင်းဖြစ်ပြီး မသေခင်က နတ်ပြည်ရောက်နေသူတွေလို့ မိန့်မြွက်တော်မူခဲ့သည်၊ (အံ၊စတုက္က၊) အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတိုင်း မှတ်သားထိုက်ပါပေစွ..အတုယူလိုက်နာသင့်ပါပေစွ..

ဘုရားရှင်အဆူဆူတို့၏ သာသနာဝယ် ရဟန်းပရိသတ် ရဟန်းမပရိသတ် အမျိုးသားပရိသတ် အမျိုးသမီးပရိသတ်-ဟု ပရိသတ်လေးမျိုး အစုံရှိရမည်ဖြစ်ရာ အမျိုးသမီးများသည်လည်း သာသနာအတွက် အလေးထားအပ် တန်ဖိုးထားအပ်သည့် မိန်းမမြတ်များပင်ဖြစ်၏ ။ ဤအကြောင်းအရာကို မြင်တော်မူသည့်မြတ်စွာဘုရားက သာယာသည့်အိမ်ထောင်ရေးဖြစ်စေဖို့ တရားတော်အထွေထွေကို ဆုံးမလမ်းညွှန်တော်မူခြင်းဖြစ်လေသည်။ ဗုဒ္ဓဘာသာဝယ် အမျိုးသမီးများအခွင့်အရေးကို အထူးအလေးပေးတော်မူသည့် သာဓကများဟုလည်း ဆိုနိုင်ပါ၏ ။

အရှင်တိက္ခဥာဏာလင်္ကာရ(ယော)
ဆက်ပါအုံးမည်

1 comments:

တောက်ပကြယ်စင် said...

ဆက်ပါဦးဘုရား၊ စောင့်မျှော်နေပါ့မယ်ဘုရား၊ ကျန်းမာရွှင်လန်း အေးချမ်းပါစေဘုရား...