Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, March 31, 2011

ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၃)

အရှေ့လောကဓာတ်မှ နေရောင်ခြည်နုနု ထွက်ပြူလာပြီး မကြာမှီပင် မြတ်စွာဘုရားရှင် သာဝတ္ထိမြို့တွင်းရှိ အနာထပိဏ်သူဋ္ဌေးကြီး၏ အိမ်သို့ ဆွမ်းစားကြွတော်မူလေသည် ၊ သူဋ္ဌေးကြီးအနာထပိဏ်၏ နေ့စဉ်ပြုနေကြ ဆွမ်းဒါနအလှူဒါနပွဲပေတည်း။

ဘုရားရှင်အိမ်ထဲသို့ ရောက်လျှင် အသံတွေဆူညံစွာ ပြောဆိုနေကြသည်ကို သတိပြုမိတော်မူသည် ။
သို့ဖြစ်၍.. ဒကာကြီး အိမ်မှာလဲ ဆူညံလို့ပါလား ဘာတွေဖြစ်နေတာလဲ ဟု နှုတ်မြွက်မေးတော်လေသော်…မှန်လှပါဘုရား သားအတွက် သုဇာတာလို့ခေါ်တဲ့ ချွေးမလေး တပည့်တော်တို့အိမ်ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်… ချွေးမလေးက အချိုးမပြေပါဘုရား ၊ယောက်ခမတွေကို မလေးစား မရိုသေပါ.လင်ယောင်္ကျားကိုလဲ မထီမဲ့မြင်ပြု လွန်းလှပါသည်၊ ..ဘုရားရှင်ကိုလဲ ရိုသေရမှန်း ပူဇော်ရမှန်း မသိရှာတဲ့ချွေးမလေးပါဘုရား .ဒါကြောင့် တပည့်တော်တို့က၀ိုင်းပြီး သူမကို ပြောဆိုဆုံးမနေတာမို့ အသံတွေဆူညံနေခြင်းဖြစ်ပါတယ်..လို့ သူဋ္ဌေးကြီးက ခြေတော်ဦးတိုက် ပြန်လည်လျှောက်ထား လေသည်။

သုဇာတာ ဒီကိုလာခဲ့ဦး ..မှန်လှပါဘုရားဟု ပြန်လည်လျှောက်တင်ကာ ဘုရားရှင်နှင့် မနီးမဝေးတွင် ထိုင်နေ လေသည်၊ မြတ်စွာဘုရားရှင်က သုဇာတာ လောကမှာ မယား (၇) မျိုးရှိပါတယ်ဟု အစချီကာ ဇနီးမယားတို့၏ ဓလေ့ စရိုက်တို့ကို ရွှေဥာဏ်တော်ဖြင့် သုံးသပ်ဝေဖန် ဆုံးမတော်မူသည်။ သုဇာတာကိုအကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သော်လည်း အမျိုးသမီးအားလုံးကို ရည်ညွှန်း၍ဟောတော်မူကြောင်းထင်ရှားလှ၏

၁။ အမျိုးသမီးဖြစ်သူ ဇနီးမယားသည် အမြဲစိတ်ဆိုး စိတ်ကောက်၊ အိမ်စီးပွား မိသားစုစီးပွားကို မထိန်းသိမ်း မရှာဖွေ၊ အိမ်ထောင်ရေးဖောက်ပြန်၊ ကိုယ့်အမျိုးသားကို အထင်သေး၊ ကိုယ့်အမျိုးသားဖြစ်သူကို ထိခိုက်နစ်နာအောင် နာကြင်အောင် လုပ်လေ့ရှိသူ အမျိုးသမီးကို လူသတ်သမားနှင့်တူသည့် ဇနီးမယားလို့ ခေါ်ထိုက်တယ် သုဇာတာ…

၂။ ချစ်လှစွာသော မိမိအမျိုးသားရှာဖွေထားသည့် ပစ္စည်းများကို အပြင်ကို ခိုးခိုးပြီး ထုတ်တယ်၊ လင်ယောင်္ကျားမသိအောင် ဖြုန်းတီးပစ်တယ်ဆိုရင် ဒီလိုဇနီးမယားမျိုးကို သူခိုးမနှင့်တူတဲ့ မယားလို့ ခေါ်ဆိုရမယ် သုဇာတာ..

၃။ အလုပ်အကိုင်မရှိ၊ ပျင်းရိနေမယ်၊ အစားကြီးမယ်၊ စိတ်ကြမ်း ကိုယ်ကြမ်းသလို နှုတ်ကလည်း ကြမ်းတမ်းမယ်၊ အမျိုးသားကို အနိုင်ယူတတ်တဲ့ ဇနီးမယားကိုတော့ အရှင်သခင်မနဲ့တူတဲ့ မယားလိှု့ခေါ်တယ် သုဇာတာ..

၎။ မိသားစု စီးပွားကိုစောင့်ရှောက်တယ်၊ အမေက သားကို ဂရုစိုက်သလို ကိုယ့်ခင်ပွန်းကို ဂရုစိုက်တယ်။ ခင်ပွန်းရှာထားတဲ့ ပစ္စည်းတွေကို မကုန်သင့်တာမကုန်အောင် ခြွေတာသုံးစွဲတတ်တဲ့ ဇနီးမယားကိုတော့ အမေနဲ့တူတဲ့ မယားလို့ ခေါ်တယ်..

၅။ အမကြီး အမငယ်တွေက မောင်ကို လေးစားရိုသေဆက်ဆံသလို ခင်ပွန်းပေါ်မှာ ရိုသေလေးစားမယ်၊ ရှက်သင့်တဲ့နေရာမှာ ရှက်စိတ်ရှိမယ်၊ ခင်ပွန်းရဲ့ အလိုဆန္ဒကို လိုက်လျောတတ်မယ်..ဒီလို အမျိုးသမီးမျိုးကိုတော့ အမညီမနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ…

၆။ အချိန်အကြာကြီးခွဲခွါနေတဲ့ မိတ်ဆွေနှစ်ယောက် ပြန်လည်တွေ့ဆုံခွင့်ရတဲ့အခါမှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်သလို ကိုယ့်ခင်ပွန်းကိုမြင်တဲ့အခါတိုင်း ၀မ်းမြောက်ဝမ်းသာဖြစ်မယ် သဘောကျမယ်၊ စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့ အမျိုးမှာဖြစ်မယ်၊ ကိုယ့်ကျင့်တရားကို အမြဲထိန်းသိမ်းတယ်၊ ခင်ပွန်းအပေါ်မှာ ရိုရိုသေသေ ပြုမူပြောဆိုဆက်ဆံတတ်တဲ့ အမျိုးသမီးကိုတော့ မိတ်ဆွေနဲ့တူတဲ့ ဇနီးမယားလို့ ခေါ်တယ် သုဇာတာ..

၇။ မိမိခင်ပွန်းကို မိမိကို ရိုက်နှက်သော်လည်း စိတ်မဆိုး၊ အမြဲသည်းခံပြီး ဆက်ဆံတတ်၊ ခင်ပွန်းအလိုသို့ လိုက်တတ်တဲ့ အမျိုးသမီးကိုတော့ ကျွန်မနဲ့တူတဲ့ ဇနီးမယားလို့ခေါ်တယ် သုဇာတာ.. ဟု လမ်းညွှန်ပြတော်မူလျှက်..သုဇာတာ.. ဇနီးမယား

ဒီ ဇနီးမယား ၇ ယောက်ထဲမှာ လူသတ်မ သူခိုးမ အရှင်သခင်မနဲ့ တူတဲ့ ဇနီးမယား သုံးမျိုးကတော့ ကိုယ့်ကျင့်တရားလဲ မကောင်း ၊ အမြဲစိတ်တိုဒေါသထွက်၊ ခင်ပွန်းကိုရိုသေခြင်းမရှိလို့ နောက်ဘ၀မှာ ငရဲကိုရောက်နိုင်တယ်၊

အမေ. အမညီမ ..မိတ်ဆွေ..ကျွန်မနဲ့တူတဲ့ ဇနီးမယားလေးယောက်ကတော့ ကိုယ်ကျင့်တရားလဲကောင်း သည်းညည်းခံလဲခံတတ် အတွက် နောက်ဘ၀မှာ နတ်ပြည်ကို ရောက်ရမယ် သုဇာတာ… ဟု အနှစ်ချုပ် မိန့်တော်မူလေသည်။

သုဇာတာ..ဒီ ဇနီးမယား (၇) မျိုးထဲမှာ သုဇာတာက ဘယ်ဇနီးမယားမျိုးပါလဲ ဟု အမေးတော်ရှိလေသော်.. ယနေ့မှစ၍ တပည့်တော်မ သုဇာတာဟာ ကျွန်မနဲ့တူတဲ့ ဇနီးမယားမျိုးဖြစ်အောင် နေထိုင်ပါတော့မည်ဟု ပြန်လည်လျှောက်ထားလေသည်။
အံ၊ဒု၊ဘရိယာသုတ္တံ၊၄၆၇) အမျိုးသမီးများအတွက် ဇနီးမယား အမျိုးအစားများကို ခွဲခြားပြတော်မူရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ့်ကျင့်တရားကောင်းသူ(သီလလုံခြုံသူ) ။ အိမ်ထောင်ရှင်မပီသစွာ သည်းသည်းခံတတ်သူမေတ္တာနှလုံးသားဖြင့် လောကကိုစောင့်ရှောက်တတ်သူ ဖြစ်တော်မူလိုခြင်းကြောင့် ဖြစ်ပါ၏ ။

အိမ်ထောင်တစ်စု ပြိုကွဲရခြင်းအကြောင်းမှာ ကိုယ်ကျင့်တရားဖောက်ဖျက်မှုများသည် အဓိကအကြောင်းမှ ပါဝင်နေသည်ကို အငြင်းပွားဖွယ်မရှိချေ၊ ဇနီးမယားဖြစ်သူ အမျိုးသမီးများ ကိုယ်ကျင့်တရားကောင်းအောင် စောင့်ရှောက်ရမည်ဖြစ်သလို လင်ယောင်္ကျားများဖက်မှလည်း ကိုယ်ကျင့်တရားကောင်းအောင် အားထုတ်ရမည်သာ ဖြစ်၏ ၊
ထို့ကြောင့် သာယာလှပသည့် အိမ်ထောင်ရေး၊ ငြိမ်းချမ်းသည့် မိသားစုများဖြစ်စေချင်တော်မူသည့်အတွက် ဗုဒ္ဓဘာသာဝင်တို့အတွက် အခြေခံစည်းမျဉ်းကို ချတော်မူသည့်အခါ ကာမေသုမိစ္ဆာစာရာ ဟု ထည့်သွင်းတော်မူခဲ့သည်၊ အိမ်ထောင်ရေး ဖောက်ပြန်မှုရှိလျှင် သာယာသည့်အိမ်ထောင်ရေး အဘယ်မှာဖြစ်နိုင်တော့မည်နည်း..

သာယာသည့်အိမ်ထောင်ရေးမဖြစ်လျှင် အဘယ်မှာ ကောင်းမှုတရား ကြိုးစားအားထုတ်နိုင်မည်နည်း၊ ကောင်းမှုတရား မပြုလုပ်နိုင်သူမှာ အဘယ်မှာ ဓမ္မ၏ အရသာကို တွေ့ထိခံစားခွင့်ရှိတော့မည်နည်း….. သာယာသည့်အိမ်ထောင်ရေးရှိမှ ကုသိုလ်အားလုံး ပေါင်းစုရုံးပြီး ဓမ္မရသကို ခံစားနိုင်မည်ဖြစဟုဗုဒ္ဓ၏ ရွှေဥာဏ်တော်ဖြင့် သုံးသပ်မြင်တော်မူခဲ့သည်။ လေးစားထိုက် ချီးကျူးထိုက် ပူဇော်ထိုက်သည့် ရွှေဥာဏ်တော်ကြီးပေတကား ။ ၊ဗုဒ္ဓဘာသာဝင်အမျိုးသမီးဖြစ်ခွင့်ရခြင်းသည် ကံကောင်းလှပေစွ ။

ဆက်လက်ဖော်ပြပါမည်..

အရှင်တိက္ခဥာဏာလင်္ကာရ (ယော)

Monday, March 28, 2011

ဗုဒ္ဓဘာသာနှင့် အမျိုးသမီး (၂)

မြတ်စွာဘုရားသည် တရားတော်ကိုဟောကြားသည့်အခါ ရဟန်းတော်များနှင့် အမျိုးသားဒကာများအတွက် ဟောကြားတော်မူသလို အခါအခွင့်သင့်ရင် အမျိုးသမီးများအတွက်လဲ ဟောကြားတော်မူခဲ့သည်သာ ဖြစ်၏ ၊ တခါတရံ အကြောင်းအကျိုးပြ၍ တခါတရံအပြစ်ပြ၍ဟောတော်မူခဲ့၏ ၊ အမျိုးသားများကို ထူးချွန်သည့်(ဧတဒဂ္ဂ)ဘွဲ့များ အပ်နှင်းသလို အမျိုးသမီးများကိုလည်း ထူးချွန်သည့်ဘွဲ့များကို အမျိုးသားများနည်းတူ အပ်နှင်းတော်မူခဲ့သည်၊

ဂေါတမဘုရားရှင်၏ သာသနာတော်ဝယ် အမျိုးသမီးထုများထဲမှ ထူးချွန်သည့် အမျိုးသမီးများကို ထူးချွန်သည့် အကြောင်းအရာအလိုက် ဆုများအပ်နှင်း၍ အသိအမှတ်ပြုတော်မူခဲ့သည်၊

အဦးဆုံး အရင်ဆုံး သရဏဂုံတည်သူဘွဲ့ ကို သုဇာတာသူဋ္ဌေးသမီး ၊
သာသနာတော်အတွက် အလှူဒါန်းဆုံးဘွဲ့ကို ၀ိသာခါကျောင်းအမကြီး ၊
အကြားအမြင်ဗဟုသုတများသူ ဘွဲ့ကို ခုဇ္ဇုတ္တရာကျွန်မ၊
မေတ္တာဖြင့်နေလေ့ရှိသူဘွဲ့ကို သာမာဝတီ မိဖုရား၊
ဈာန်ဝင်စားပြီးနေလေ့ရှိသူဘွဲ့ကို ဥတ္တရာ နန္ဒမာတာ နှင့်
မွန်မွန်မြတ်မြတ်ပေးလှူဒါန်းသည့်နေရာတွင် အထူးချွန်ဆုံး အမျိုးသမီးဆုကို သုပ္ပ၀ါသာ အမျိုးသမီး..

တို့အား အသီးသီး ဘွဲ့တံဆိပ်များ အပ်နှင်း၍ ထူးချွန်သည့်အမျိုးသမီးများဖြစ်ကြောင်း သံဃာအလယ် ပရိသတ်အလယ်တွင် ဘုရားကိုယ်တိုင် အသိအမှတ်ပြု ကြေငြာတော်မူခဲ့သည်၊ ၎င်းအမျိုးသမီးများ၏ နောက်ခံသမိုင်းကြောင်းနှင့် ဂေါတမဘုရားလက်ထက် အကြောင်းအရာများမှာလဲ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်၊ လေးစားထိုက်ပါပေစွ ၊ဂုဏ်ယူထိုက်ပါပေစွ၊

လူမိုက်တသောင်းကဲ့ရဲ့ ခံရခြင်းထက် သူတော်ကောင်းတစ်ယောက် ကဲ့ရဲ့ခံရမှာကိုကြောက်ရမည်ဟု ရှေးထုံးရှိခဲ့လေသည်။ မှန်ပါ၏..သူတော်ကောင်းတို့ကဲ့ရဲ့ခံရခြင်းသည် မိမိအတွက် အလွန်ရှက်ဖွယ်ပင် ဖြစ်လေသည်၊ ငြိမ်းချမ်းဖြူစင်သည့် သူတော်ကောင်းတို့ နှလုံးသားမှ ထွက်ကျလာသည့် စကားလုံးများသည် အမှန်တရားဖြစ်၍ အလွန်ဂုဏ်ယူဖွယ်လည်းဖြစ်လေသည်၊

ဘုရားရှင်ကိုယ်တော်မြတ်က သူ၏ လက်ယာ လက်ဝဲ အလွန်အားထားရသည့် တပည့်ကြီးများဖြစ်ကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ကိုပင်…..ချစ်သားတို့ ! သာရိပုတ္တရာသည် သင်တို့ရဲ့ မွေးမိခင်နှင့်တူသည်၊ မောဂ္ဂလာန်သည် သင်တို့ရဲ့ ကျွေးမိခင်နှင့်တူလှသည် ဟု အမျိုးသမီးဖြစ်သည့် မိခင်များကို အလေးထားကာ တပည့်ကြီးများအား ဂုဏ်ပြုတော်မူခဲ့သည်၊
( သေယျထာပိ ဘိက္ခဝေ ဇနေတာ ဧ၀ံ သာရိပုတ္တော၊ သေယျထာပိ ဇာတဿ အာပါဒေတာ ဧ၀ံ မောဂ္ဂလာနော-သစ္စ၀ိဘင်္ဂသုတ္တ၊မ၊၃၊၂၉၃)၊

သတ္တ၀ါများအပေါ်ဝယ် မေတ္တာထားခြင်းနှင့်ပတ်သက်၍လည်း .. တဦးတည်းသောသားကို မွေးထားသည့် မိခင်သည် ချစ်လှစွာသောသားကို အသက်နှင့်ရင်းပြီး စောင့်ရှောက်ကာကွယ်၍ မေတ္တာထားသလို သတ္တ၀ါအားလုံးတို့ပေါ်မှာ ဤကဲ့သို့သောစိတ်မွေး၍ မေတ္တာထားရမည်ဟု မိန့်မှာတော်မူခဲ့သည်.. အမျိုးသမီးဖြစ်သည့် မိခင်တစ်ယောက်၏ နှလုံးသားကို ဂုဏ်ပြုစကား ဆိုခြင်းဟုလည်း သတ်မှတ်နိုင်မည်ဖြစ်ပါ၏ ။ ကမ္ဘာလောကကြီး ငြိမ်းချမ်းဖို့ အမျိုးသမီးတို့၏ မေတ္တာစိတ်ဓာတ်မျိုး များများ ထားတော်မူစေချင်၏ ။ လူသားတိုင်းအပေါ် အမေလို အမျိုးသမီး၏ မေတ္တာမျိုးထားနိုင်လျှင် လောကကြီး သာယာလှပနေပေလိမ့်မည်၊ အမေသည် သားသမီးတိုင်းကို လွန်စွာကြင်နာယုယ လှသည်၊ သားသမီးတိုင်း၏ ကောင်းကျိုးကို အမြဲပင်လိုလားလေသည်၊ မိခင်မေတ္တာများ များများထားသင့်လှပါ၏

မြတ်စွာဘုရားရှင်၏ တရားတို့သည် သံသရာမှလွတ်မြောက်ကြောင်းကိုချည်း မီးမောင်းထိုးဟောပြခဲ့သည် မဟုတ်၊ လက်ရှိလူနေမှုဘ၀ကို မီးမောင်းထိုးပြသည့် တရားများ, လောကအရေး ရှုငဲ့သည့်တရားများကိုလည်း ဟောတော်မူခဲ့သည်သာဖြစ်၏ ၊ တခါက မြတ်စွာဘုရားရှင်သည် မဓုရာမြို့မှ ဝေရဉ္ဇာမြို့သို့ ခြေလျဉ်ခရီးကြွတော်မူစဉ် သစ်ပင်ရင်းအောက်၌ ခေတ္တနားနေခိုက် လာရောက်ဖူးမြော်ကြသည့် အိမ်ထောင်သည် အမျိုးသား အမျိုးသမီးများအား ဘ၀လမ်းညွှန် တရားဒေသနာများ ဟောပြောလမ်းညွှန်တော်မူခဲ့သည်၊

အိမ်ထောင်ရှင်တို့ ! လောကမှာ အိမ်ထောင်လေးမျိုး (စုံတွဲလေးမျိုး) ရှိတယ်၊

အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပျက်စီးပြီး ပေါင်းသင်းနေတဲ့ အိမ်ထောင် ။- (သေသူခြင်းပေါင်းသင်းတဲ့အိမ်ထောင်)
အမျိုးသားက ကိုယ်ကျင့်တရား မကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသမီးနဲ့ပေါင်းသင်းနေတဲ့အိမ်ထောင်၊ -(အမျိုးသားကသေသူ ၊ အမျိုးသမီးက နတ်သမီး)
အမျိုးသမီးက ကိုယ့်ကျင့်တရားမကောင်းဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ အမျိုးသားနဲ့ ပေါင်းသင်းနေတဲ့အိမ်ထောင်၊ - (အမျိုးသားက နတ်သား၊ အမျိုးသမီးက သေသူ)
အမျိုးသားရော အမျိုးသမီးရော ကိုယ်ကျင့်တရား ပြည့်စုံတဲ့ အိမ်ထောင်..(အမျိုးသားရော အမျိုးသမီးရော နတ်သား နတ်သမီးစုံတွဲ)ဆိုပြီး အိမ်ထောင်လေးမျိုး(စုံတွဲလေးမျိုး) အကြောင်းကို အကျယ်တ၀င့် ဟောပြတော်မူလေသည်၊ ခရီးသွားရင်း ဟောသည့်တရားများလည်းဖြစ်ပါ၏ ၊အလွန်ကျေးဇူးကြီးမားလှပေစွ ။

ဒီနေရမှာ မြတ်စွာဘုရားက.. အမျိုးသား/ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်နဲ့လဲကောင်းတာမလုပ်၊ နှုတ်နဲ့လဲ အကောင်းမပြော စိတ်နဲ့လဲ တလွဲတွေး သူတော်ကောင်းတွေကိုမြင်ရင် စိတ်တို ဆဲရေးနေတယ်ဆိုရင် ဒီ အမျိုးသား/အမျိုးသမီး ဟာ သေသူနဲ့ အတူတူပါလို့ သတ်မှတ်တော်မူပါတယ်၊

ကိုယ်နဲ့လဲ ကောင်းတာကိုလုပ် ၊နှုတ်နဲ့လဲ ချိုသာနူးညံသိမ်မွေ့ အကျိုးရှိတဲ့စကားကိုပြောတတ်၊ အတွေးလဲကောင်း ၊ သူတော်ကောင်းတွေကိုမြင်ရင် လေးစားချစ်ခင်တတ် တဲ့ အမျိုးသား/အမျိုးသမီးတွေကိုတော့ နတ်သား နတ်သမီးနဲ့ တူသူ လူတော်လူကောင်းဖြစ်ပြီး မသေခင်က နတ်ပြည်ရောက်နေသူတွေလို့ မိန့်မြွက်တော်မူခဲ့သည်၊ (အံ၊စတုက္က၊) အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတိုင်း မှတ်သားထိုက်ပါပေစွ..အတုယူလိုက်နာသင့်ပါပေစွ..

ဘုရားရှင်အဆူဆူတို့၏ သာသနာဝယ် ရဟန်းပရိသတ် ရဟန်းမပရိသတ် အမျိုးသားပရိသတ် အမျိုးသမီးပရိသတ်-ဟု ပရိသတ်လေးမျိုး အစုံရှိရမည်ဖြစ်ရာ အမျိုးသမီးများသည်လည်း သာသနာအတွက် အလေးထားအပ် တန်ဖိုးထားအပ်သည့် မိန်းမမြတ်များပင်ဖြစ်၏ ။ ဤအကြောင်းအရာကို မြင်တော်မူသည့်မြတ်စွာဘုရားက သာယာသည့်အိမ်ထောင်ရေးဖြစ်စေဖို့ တရားတော်အထွေထွေကို ဆုံးမလမ်းညွှန်တော်မူခြင်းဖြစ်လေသည်။ ဗုဒ္ဓဘာသာဝယ် အမျိုးသမီးများအခွင့်အရေးကို အထူးအလေးပေးတော်မူသည့် သာဓကများဟုလည်း ဆိုနိုင်ပါ၏ ။

အရှင်တိက္ခဥာဏာလင်္ကာရ(ယော)
ဆက်ပါအုံးမည်

Wednesday, March 23, 2011

သာသနာပြန့်ပွားရေးအတွက် သာသနာ့တာဝန်များ

သာသနာဟူသည်.. ဘုရားရှင်၏ အဆုံးအမဟု အဓိပ္ပါယ်ရသည်၊ ဘုရားရှင်၏ အဆုံးအမသည် မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန် ၊ ပရိယတ် ဟု ဆယ်မျိုးရှိ၏၊ အများသိနေကြ ပရိယတ္တိသာသနာ ၊ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့ပေတည်း။
၎င်းသာသနာသုံးရပ်ကိုပင် စတုသစ္စ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ ဒေသနာတော်အရ သစ္စလေးပါးမှလွတ်သော တရားမရှိဟု မိန့်တော်မူသည့်အတွက် သစ္စာလေးပါးထဲသို့ ထည့်သွင်းနိုင်၏၊ ၎င်းသစ္စာလေးပါးကိုလဲ သတိ တလုံးတည်းဖြင့် အနှစ်ချုပ်၍ ရနိုင်သည်သာဖြစ်ပါ၏ ။

ဤသာသနာတော်ဝယ် မကြည်ညိုသေးသူတို့ ကြည်ညိုလာဖို့ ကြည်ညိုပြီးသူတို့ တိုး၍ကြည်ညိုဖို့ စည်းကမ်းသတ်မှတ်ခြင်း၊ လိုအပ်သည့် ကာလ ဒေသ ပုဂ္ဂလကိုကြည့်၍ တရားတော်များ ဟောကြားခြင်းတို့ ပြုရလေသည်၊
ထိုထက်တဆင့်တက်၍ ပါဠိတော် အဋ္ဌကထာ ဋီကာ အာစရိယ၀ါဒ အစုံလေ့လာမှတ်သားခြင်းပေတည်း၊

ကာလာမသုတ်တော်ဝယ် မြတ်စွာဘုရားက မာ ပိဋကသမ္ပဒါနေန.. ပိဋကတ်ကျမ်းဂန်နဲ့ ကိုက်ညီပါပြီဆိုပြီး အသေမမှတ်ယူဖို့ အမိန့်တော်ရှိလေသည်၊ ဥပမာဆိုရပါမူ.. လူများအပြစ်ကို အမြဲကြည့်ရှုနေခြင်းသည် အကုသိုလ်ဖြစ်၏ အာသဝေါတရား တိုးပွား၏ (ဓံဋ္ဌ၊)ဟု ဟောတော်မူရာ၌…. လူတိုင်းကို ဆိုလိုသည်မဟုတ်ချေ၊ မိဘက သားသမီးအပြစ်ကိုကြည့်ရပေလိမ့်မည်၊ ဆရာက တပည့်အပြစ်ကိုထောက်ပြ၍ ဆုံးမရပေလိမ့်မည်၊ သို့ဖြစ်၍လဲ ဘုရားရှင်ကိုယ်တော်တိုင် ကိုယ့်ကိုဆုံးမသူကို ရွှေအိုးညွှန်ပြသူ(ဓံဋ္ဌ) နိဓီနံဝ ပ၀တ္တာရံ ယံ ပေဿ ၀ဇ္ဇဒဿိနံ အစချီ၍ ဟောတော်မူရပြန်၏ . ဆိုလိုသည်မှာ အသိမကြွယ် နုနယ်သည့် စာပေပေတံဖြင့် အများသူငါကို မတိုင်းတာအပ်၊ နှိုင်းချိန်လေ့လာ၍ သုံးသပ်ဆုံးမအပ်သည်သာဖြစ်၏ ။

သို့ဖြစ်၍ ဘုရားဟောကြားသည့် ပိဋကတ်သုံးပုံ မကွယ်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သာသနာတည်ကြောင်းအလုပ်ကို လုပ်နေသည်ဟု မှတ်သားအပ်၏ ။
မှန်ပါ၏ သုတ် ဝိနည်း အဘိဓမ္မာ ပရိယတ္တိဓမ္မများပျောက်ကွယ် လျှင်ကား နေဝင်သကဲ့သို့ တစ်လောကလုံး အမှောင်ဖုံးကွယ်လိမ့်မည်ဟု (အံ-ဋ္ဌ-၁၇၂) ၌မိန့်ကြားတော် မူခဲ့လေသည်။ သာသနာတော် တည် တံ့ပြန့်ပွားဖို့ရန် ပရိယတ္တိဓမ္မကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပါသည်။ မှန်၏ သက်တော်ရှည် ဘုရားရှင်တို့၏ သာသနာသည် မျက်မှောက်သာဝက တစ်ဆက်လောက်သာတည်တံ့ပြီး ဆက်လက် မတည်တံ့သည်မှာ ပရိယတ္တိဓမ္မမရှိခြင်းကြောင့်သာ ဖြစ်ပါသည်။

ဘုရားရှင်၏ သုတ္တန်ဒေသနာများ၌ သာသနာကွယ်ခြင်း တည်ခြင်းအကြောင်းများကို အလျဉ်းသင့်သလို ဟောတော်မူခဲ့၏ ၊ အသိများသည့် သာသနာကွယ်ကြောင်းမှာ အဂုင်္တ္တိုရ်လာ သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းများတို့ တရားမနာ စာပေမသင် နှုတ်တွင်မဆောင် သိအောင်မမှတ် ဓမ္မာနုဓမ္မ ပဋိပတ်ကွာ ဤငါးဖြာတည်း၊

နောက်လာထို့ပြင် စာသင်ပယ်လျော ကျယ်မဟောကျ၊ ကျယ်မချနှင့်၊ ကျယ်စွာမအံ၊ မကြံမစည် ဤငါးလီတည်း၊
ဝါ တနည်းမှာ အက္ခရာပုဒ် ပါဌ် လေ့ကျက်သင်ကျ စာချသူရှား လာဘ်များအောင်ကြံ ခိုက်ရန်ဖြစ်ပွား ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း.. ဆိုတဲ့ အင်္ဂုတ္တရနိကာယ်လာ သုတ္တန်ကို အသိများလှပေ၏ ။

ဓမ္မပဒတွင်မူ အယသာဝ မလံ သမုဋ္ဌိတံ.အစချီကာ သံကို သံဖျက် သံချေးတက်သကဲ့သို့ သာသနာတော်ကိုလဲ သာသနာတော်အတွင်းက ရဟန်းတော်များကသာ ဖျက်သည်..ဟု မိန့်တော်မူ၏.. သတိထားဖွယ်ကောင်းလေစွ..
ဤနေရာ၌ ရဟန်းတော်များရော လူဝတ်ကြောင် ဒကာ ဒကာမများပါ သက်ဆိုင်သည့် သာသနာကွယ်ကြောင်း တည်ကြောင်းများကို မျှဝေလိုပါ၏ ။

၁။ ဘုရားရှင်ကို မရိုသေခြင်း၊
၂။ တရားတော်ကို မရိုသေခြင်း၊
၃။ သံဃာတော်ကို မရိုသေခြင်း၊
၎။ မိမိအကျင့်သိက္ခာကို မရိုသေခြင်း၊
၅။အချင်းချင်း ရိုသေလေးစားမှု မရှိခြင်း၊ ဒီသဘောတရားငါးမျိုး သာသနာတော်မှာဖြစ်လာရင် သာသနာမတည်နိုင်ဘူး၊ သာသနာကွယ်တော့မယ်လို့ မိန့်တော်မူပါတယ်။

ဗြောင်းပြန်အနေအားဖြင့် သာသနာနှင့်တာဝန်ဟုလည်း ဆိုထိုက်လှ၏ ။ သာသနာတည်ဖို့အတွက် သာသနာ မကွယ်ဖို့အတွက် ဒီတာဝန်တွေလုပ်ဆောင်ရမည်ဟု မှတ်သားနိုင်၏ ။
ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်ပွားခြင်း၊တရားတော်များဖြန့်ဝေခြင်း၊ ထိန်းသိမ်းခြင်း၊ပြန့်ပွားအောင်ဆောင်ရွက်ခြင်း၊ ရေးသားခြင်း၊ ပို့ချခြင်း၊ မိမိကိုယ်ကျင့်သိက္ခာကို တန်ဖိုးထား လေးစားခြင်း၊ အချင်းချင်း ညီညွတ်အောင်ပြောဆိုခြင်း၊ ရိုသေခြင်း။ နှိမ့်ချဆက်ဆံခြင်းများသည် သာသနာတော်တည်ခြင်း၏ အကြောင်း သူရော ငါပါ လုပ်ရမည့် တာဝန်ဟု နားလည်မှတ်သားအပ်၏၊ ဤကား ကိမိလသုတ္တန်အလို ဆိုခြင်းပေတည်း။

အနှစ်ချုပ်ဆိုရလျှင်

သူတစ်ပါးအပြစ်ကို မမေးဘဲ ပြောလေ့ရှိသူ
မေးလျှင်တော့ အတောမသတ် တရစပ် ပြောတတ်သူ
မိမိအပြစ်ကို မေးသော်လည်း ဖုံးဖိထားသူ
မမေးဘဲနေသော် မိမိအပြစ်ကို လုံးဝဖုံးထားတတ်သူ.သည် သူတော်ကောင်းမဟုတ် သူတော်ကောင်း စိတ်ဓာတ်ရှိသူမဟုတ်ဟု ဘုရားရှင် မိန့်တော်မူသည့်အတွက် ငါလုပ်သင့်တာလုပ်မိရဲ့လား၊ မလုပ်သင့်တာတွေလုပ်မိနေလားလို့ မိမိကိုယ်ကို ဆင်ခြင်ရင်း သူတော်ကောင်းနှလုံးသားဖြင့် ဘုရားသာသနာကို တတ်နိုင်သမျှ ဥာဏ်မှီသမျှ စောင့်ရှောက်ကြပါစို့။ မြတ်စွာဘုရားရှင်၏ တရားတော်ဒေသနာတော်တို့သည် ကျယ်ဝန်းနက်ရှိုင်းလှစွာ၏ ၊

Tuesday, March 8, 2011

နားကြားပျင်းကပ်တယ်.. (သို့) ပုဂ္ဂိုလ်အနေအထားကို ဓမ္မဖြင့် တိုင်းတာခြင်း..

မြန်မာစကားမှာတော့ ကိုယ်မကြားချင်တဲ့အရာ ကိုယ်သဘောမကျတဲ့အရာ ကိုယ်လက်မခံနိုင်တဲ့အရာတွေမှာ.. လာပြောမနေနဲ့ နားကြားပျင်းကပ်တယ်..လို့ ပြောဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ဒီလိုသဘောတရားတွေကို စောစီးစွာဖော်ထုတ်ဟောပြတော် မူခဲ့တယ်၊ ပုဂ္ဂိုလ်တစ်ဦးက အခြားပုဂ္ဂိုလ်တစ်ဦး(မိတ်ဆွေဖြစ်စေ၊ဆရာဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ)ကို ဒီလိုစကားတွေ ပြောတဲ့အခါ သူတို့က နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ သင့်ရဲ့အကောင်းဆုံးပြောပြတဲ့ စကားကို သူတို့က လက်ခံကြမှာ မဟုတ်ပါဘူး..တဲ့..

၁၊ သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်၊
(ကိုယ်ပြောတဲ့စကားကို အကောင်းမထင်ဘူး)။

ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့သူက ဘုရားအကြောင်း တရားအကြောင်း သံဃာအကြောင်းကို ပြောပြတဲ့အခါ သဒ္ဓါတရားမရှိသူတွေက ဒီလိုစကားမျိုးကို နားထောင်ချင်မှာ မဟုတ်ပါဘူး၊ ဘာတွေလာ ပြောနေ တာလဲ..ကြောင်သူတွေ ကြွက်သူခိုးပါကွာ.. ပြောတော့ ဘုရား ဘုရားနဲ့ လက်တွေ့မှာတော့ ကိုးယို့ ကားယားလုပ်တဲ့သူပါ..လို့ ပြန်ပြောပါလိမ့်မယ်။

တကယ်လို့ ပြန်မပြောဘူးဆိုရင်တောင် မကြိုက်တဲ့အမူအရာပြလိမ့်မယ်၊ တရားခွေလေးဖွင့်လိုက်ရင် အကုန်လစ်ပြေးကုန်ပါတယ်။ လစ်မပြေးလဲ အိပ်ငိုက်ကုန်ပါတယ်.. ဒီသင်္ကေတ ဒီသဘောတရားတွေဟာ သဒ္ဓါတရားမရှိတဲ့အတွက် သဒ္ဓါတရားနဲ့ဆက်စပ်တဲ့ ကောင်းတဲ့အလုပ်တွေပေါ်မှာ စိတ်ဝင်စားမှု မပြသခြင်းပဲဖြစ်ပါတယ်။

ဘုရားရှိခိုးတာ ဘုရားစာရွတ်တာ တရားနာယူတာ.. တရားစကားပြောတာ တရားဆွေးနွေးတာ သံဃာတော်များကိုဖူးမြော်တာ..သံဃာတော်တို့ရဲ့ စကားကို မှတ်သားနာယူတာဟာ သဒ္ဓါတရား ရှိသူများရဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးကို လေ့လာလိုက်စားတဲ့အတွက် စိတ်ချမ်းသာတာ ပီတိဖြစ်ရတာ ဘ၀နေနည်း ရတာ.စတဲ့သဘောတရားတွေကို သဒ္ဓါတရား မရှိတဲ့သူက မသိပါဘူး။

မသိတော့ ဘုရားသံ တရားသံ သံဃာသံ ဘုန်းကြီးသံကြားရင် နားကြားပျင်းကပ်နေတော့တာပါ။ သဒ္ဓါတရားရှိသူကျတော့ ဒီလိုအသံတွေကို ထပ်ခါထပ်ခါ ကြားချင်နေပါတယ်.. ဒါကြောင့် ဗုဒ္ဓရှင်တော်က ဟေ့..သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တာတွေ သွားမပြောနဲ့၊ သွားပြောလဲ နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ (အသဒ္ဓဿ သဒ္ဓါကထာ ဒုက္ကထာ)။

၂။ ကိုယ့်ကျင့်တရား မကောင်းတဲ့သူကို ကိုယ့်ကျင့်တရား(သီလ)နဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။

ဟုတ်ပါတယ် ကိုယ်ကျင့်တရားမကောင်းတဲ့သူဟာ ဘယ်သူက ကိုယ်ကျင့်တရား သိပ်ကောင်းတာ.ဘယ်သူက လိမ်မာတာ ဘယ်သူကတော့ အနေအထိုင် အပြောအဆိုရိုးသားတာ..စတဲ့ စကားတွေကို နားမထောင်ချင်ပေဘူး။ ကိုယ့်ကျင့်တရားမကောင်းသူရဲ့ စိတ်ထဲမှာ သူလိုပဲ ကိုယ်ကျင့်တရား မကောင်းသူ ကိုယ်ကျင့်တရား အားနည်းသူတွေကို သဘောကျနေတော့တာပါ၊ ကိုယ့်ကျင့်တရား မကောင်းသူတွေရဲ့ အပြုအမူ အပြောအဆိုတွေကို သဘောကျနေတတ်ပါတယ်။

ဘုရားကျောင်းကန်သွားပြီး ဥပုသ်စောင့်ဖို့ သီလယူဖို့ပြောဆိုတိုက်တွန်းတဲ့အခါ ပြောဆိုတိုက်တွန်းသူကို မုန်းပစ်တတ်ပါတယ်။ သူ့ကိုမြင်ရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတတ်တယ်။
အတင်းအဖျင်းပြောတဲ့စကားဝိုင်း တနေကုန်ပြောလို့ ဘာတစ်ခုမှ အကျိုးမဖြစ်တဲ့ စကားဝိုင်းမှာဆိုရင်တော့ ထိပ်ဆုံးကနေ တက်တက်ကြွကြွကြီး ပါဝင်တတ်ပါတယ်။ဒါဟာ သီလမရှိသူ ကိုယ့်ကျင့်တရားမကောင်းသူတွေရဲ့ ပြယုဂ်တစ်ခုပါ ၊

ကိုယ့်စိတ်ဓာတ်ရဲ့ အနေအထားကို ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက သက်သေပြတယ် မဟုတ်လား၊ ဒါကြောင့် မြတ်စွာဘုရားက သီလမရှိသူ(ကိုယ်ကျင့်တရားမကောင်းသူ)ကို သီလ(ကိုယ်ကျင့်တရားနဲ့ ဆက်စပ်တဲ့စကား) သွားပြောရင် နားကြားပျင်းကပ်မယ်..လို့ ဟောပြတော်မူတာပါ၊( (ဒုဿီလဿ သီလကထာ ဒုက္ကထာ)။


၃။ အကြားအမြင်နည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား ပြောကြားရင် နားကြားပျင်းကပ်မယ်..တဲ့..

ဗဟုသုတလေ့လာလိုက်စားမှု နည်းတော့ ဘာမှမသိ၊ ဘာ ဗဟုသုတမှမရှိ၊ အိမ်ရယ် အလုပ်ရယ် ထမင်းစားတာရယ် တီဗီကြည့်တာရယ်လေးခုလောက်ပဲ စိတ်ဝင်စားတော့တာပါ၊ ကျန်တဲ့ ဗဟုသုတပိုင်းဆိုင်ရာ စကားရပ်တွေ စာအုပ်စာပေအကြောင်းတွေကိုပြောတဲ့အခါ..ဒါတွေက ထမင်းစားရတာ မဟုတ်ပါဘူးဗျာ.. စိတ်မ၀င်စားပါဘူး လို့ ပြန်ပြောတတ်ပါတယ်. ကမ္ဘာကြီးရဲ့ အိုဇိုးလွှာ ပါးတာ ထူတာထက် ထမင်းစားရဖို့သာအဓိကပါဗျာ.လို့လဲ ထိထိခိုက်ခိုက် စကားလုံးတွေကို ခြွေချတတ်ပါသေးတယ်. ဗဟုသုတ လေ့လာလိုက်စားသူကတော့ ဗဟုသုတ ဖြစ်စေမယ့် စကားမျိုးတွေကို နှစ်သက်သဘောကျတတ်သလို အလျဉ်းသင့်သလို ပါဝင်ဆွေးနွေးလေ့တတ်ပါတယ်.. မြတ်စွာဘုရားရှင်က ကြိုတင်မြင်တော်မူ သိတော်မူပါတယ်.. အကြားအမြင် ဗဟုသုတနည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့..နားကြားပျင်းကပ်လိမ့်မယ်တဲ့.။.(အပ္ပဿုတဿ သုတကထာ ဒုက္ကထာ)။

၎။ နှမြောတဲ့သူ ကပ်စေးနဲတဲ့သူကို စွန့်လွှတ်ဖို့ ပေးကပ်ဖို့ လှူဖို့သွားမပြောနဲ့၊ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။

ကိုယ်လက်ထဲမှာရှိတဲ့ ပစ္စည်းကို လူများတွေကို မျှဝေပေးနိုင်တဲ့ စိတ်ဓာတ်မျိုးဟာ စိတ်ဓာတ်အဆင့်မြင့်သူတွေသာ လုပ်နိုင်တဲ့အလုပ်ပါ၊ ဗုဒ္ဓဘာသာရယ် ခရစ်ယာန်ရယ် အစ္စလာမ်ရယ် မဟုတ်ဘဲ၊ ဘယ်ဘာသာဝင်မဆို ကိုယ့်ရှိတဲ့ပစ္စည်းကို ကိုယ့်အတွက် မိသားစုအတွက် ပတ်ဝန်းကျင်အတွက် နိုင်ငံနဲ့လူမျိုးအတွက် မျှဝေပေးနိုင်သူမှ လူကောင်းလို့ ပြောရမယ်၊ အဆင့်မြင့်တဲ့သူလို့ ဆိုရပါမယ်၊ နှမြောတဲ့သူကတော့ ပေးရမယ်ဆိုတဲ့စကား လှူရမယ်ဆိုတဲ့စကားမျိုးကို မကြားလိုပါဘူး၊ ဘယ်သူတွေ ဘယ်နေရမှာ ဘယ်လောက်လှူနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ ၀န်လေးတတ်တယ်၊ လှူတာနဲ့ဆက်စပ်တဲ့စကား မကြားလိုဘူး၊

ဒါကြောင်း မြတ်စွာဘုရားက နှမြောတဲ့သူကို လှူတာနဲ့ဆက်စပ်တဲ့စကားသွားပြောရင် နားကြားပြင်းကပ်လိမ့်မယ်.လို့ ဟောတော်မူတာဖြစ်ပါတယ်၊( မစ္ဆရိယဿ စာဂကထာ ဒုက္ကထာ)၊

၅။ ပညာမရှိတဲ့သူကို ပညာနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်.တဲ့..

ဒီနေရာမှာ ပညာဆိုတာက ၀ိပဿနာပညာကို ဆိုလိုပါတယ်၊ ရုပ်တရား နာမ်တရားတွေအကြောင်းပြောရင် အိပ်ချင်တယ်. နားမထောင်ချင်ဘူး စိတ်မ၀င်စာဘူး၊ တရားထိုင်တယ်ဆိုတာ အလုပ်မရှိတဲ့သူတွေလုပ်တဲ့ အလုပ်လို့ သူကယူဆတယ်၊ တရားထိုင်သူတွေကိုတောင် သူက သနားသယောင်ယောင် ပြောပြစ်လိုက်သေးတယ်..တကယ်တော့ တရားထိုင်တဲ့အတွက် ဘ၀စိတ်ချမ်းချမ်း သာသာနေရပုံ. ဆင်းရဲဒုက္ခကနေ လွတ်မြောက်နိုင်ပုံတွေကို မသိရှာတော့ သူက တရားထိုင်သူတွေကို သနားသလိုလို ပြောနေတတ်ပြန်တယ်..ဒါကြောင့် ဗုဒ္ဓက ပညာမရှိတဲ့သူတွေကို ပညာနဲ့ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်လို့ ဟောတော်မူခဲ့တာပါ၊
မိမိစရိုက်နဲ့ ဆန်ကျင်ဖက်ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို သတိထားပြီး မိမိပတ်ဝန်းကျင်မှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ အရေးကြီးပါတယ်။

အဂုင်္တ္တရနိကာယ၊ ဒုက္ကထာ သုတ္တံကို ပြန်လည်ပူဇော်ပါသည်။ အရှင်တိက္ခဥာဏာလင်္ကာရ

(သိလိုရေးဖြင့် မေးလျှောက်ထားသူ မဆုရည်(စင်္ကာပူ)သို့ )

Saturday, January 22, 2011

ကြည်ညိုလိုက်စမ်းပါ …

လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟုနှစ်မျိုးရှိသည်။အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ+ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခသံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အပေါ်ဝယ် မိဘမေတ္တာအပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည်တည်တဲ့ရေးကို လိုလားသည့် ကျောင်းမတဦး၏ ရှင်သာမဏေ ရဟန်းငယ်များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီးထင်နေကြသည့်လူအများစုအတွက် ဖေါ်ပြလိုပါသည်။

မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအမဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေ သည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်းတခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအမကြီးသည် မိခင်မေတ္တာအပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စိစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီးဖြစ်သည်။

သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ်အရွယ်ထိဖြစ်သည်။ ရဟန်းငယ်များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော်ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။

လောကီအမြင်နှင့်ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ်အရွယ်များသည် အလွန်ပင် ဆော့လိုကြအငြိမ် မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည်နာမည်နှင့်လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နှုတ်အမူအရာလေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။
စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သားအရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သရေခွင်းဖြေကာ သရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။

နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည်တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံး ဘောလုံးကန်ကြသည်ကိုလည်း တွေ့မြင်ရသလို တခါတခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြသည်ကိုလည်း တွေ့မြင်ရသည်။

သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖဲသွားတတ်သည်။ ကျောင်းရှိကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုတ်လျင်လဲ ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။

သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲကာ ပိဋကတ်စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက်စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျမလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံကာ တခါတခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျမဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။

ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်ကရှိနေတော့ ပုထုဇဉ်ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာပါလားလို့ သိလိုက်ရင် သူတို့အပေါ်နားလည်လို့ရတာပေါ့ ကပ္ပိယကြီးရယ်။

စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သာသမီးလို သဘောထားပြီး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ်ကပ္ပိယကြီးရေ…. သားအလတ်တွေရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြောပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက်ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေ ပေါ့။ ကျမကသိတယ်….ဒီကိုရင်ကြီးတွေဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက်နေတယ်ဆိုတာ။ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားကထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာစိုးရတယ်။

အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေးဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ် ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်းမှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလိုနေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျမကျောင်းက ကိုရင်တွေ ကျမသားတွေက အများကြည်ညိုဖို့ကောင်းတာပေါ့။
စိတ်ကစားတဲ့အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမားအဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေးရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုဋ္ဌ်တံတိုင်းခုန်ပြီး ဘောလုံးပွဲသွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။
အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါးမက် ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နှိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြမှာပဲလို့ တွေးပြီး ကျမကဖြင့် ကြည်ညိုနေမိတာပဲ။

ကျမ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျမ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျမတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်းသားလေးတွေမရှိတော့ရင် ကျမတို့ ဘယ်လို သာသနာပြုလို့ရတော့မလဲ။ အခုကျမတို့ ကိုးကွယ်နေတဲ့ ဆရာတော်ကြီးမျိုးတွေ ဘယ်ပေါ်ထွက်တော့မလဲ။

တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီးတွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ×ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများလောင်းမိလို့ အမြစ်ပုတ် အပင်သေသွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။

အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ်စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေး ကာ သာသနာတော်အတွက် ဆရာတော်ကြီးတွေ ဖြစ်ဖို့ သာသနာဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ်လေးတွေကို ကြည်ညိုလိုက်စမ်းပါ ကပ္ပိယကြီးရယ်…………………….
စာသင်သားသံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စတွေ ၀ဲကျ အံ့သြခြင်းများစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအမကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေးပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေးတွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာခံယူထားသည့် အမျိုးကောင်းသား+ အမျိုးကောင်းသမီးထုတွင် သဒ္ဓါတရားအားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား+အမျိုးကောင်းသမီးတို့သည် ကိုရင်ငယ်၊ရဟန်းငယ်တို့အပေါ်၌ မိမိသွေးသားများကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်းကြကုန်၏။

သဒ္ဓါတရားအားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား+အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တပိုင်းကြောင် ကျက်မှတ်ကာ သာသနာစိတ်ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေတို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ်နေ၏ဟု ဝေဘန် လေကန်မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်းကြသူများမဟုတ်ပေ။
မစိုးရိမ်ဆရာတော်မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါရစေ…..

မန္တလေးမြို့က ဒကာကြီးတယောက်သည် ကိုရင်များ ဘောလုံးကန်နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံသွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူးဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့ အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပါစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။

ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအပေါ် ရှုမြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင်ကြီးများမို့ သိရှိကြလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ……………………

ဦးမနက်ဖြန်

Tuesday, March 9, 2010

အတ္တကို ဗဟိုပြု၍

လူဆိုတာ ကိုယ့်ကိုယ်ကို ချစ်တာသဘာဝပါ၊ ကိုယ့်ကိုယ်ကျော်ပြီး ချစ်တာဆိုတာ လက်တွေ့ဘ၀ထဲမှာ လွယ်ကူတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းလို့မရ၊ ပတ်ဝန်းကျင်နဲ့နေပြီး ပတ်ဝန်ကျင်မှာ ကျင်လည်ကြရသကိုး၊ ဒီလိုအခြေအနေမျိုးမှာ အတ္တကို ဗဟိုပြုတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေဟာ အထီးကျန်ဆန်တဲ့ အခန်းကျဉ်းထဲကို ပို့ပစ်တတ်တယ်၊
တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘ၀မှာ ဗြောင်းဆန်နေရသူဟာ ပတ်ဝန်းကျင်ကိုလဲ အကောင်းအမြင်၊ လောကကြီးကိုလဲ အဆိုးထင်ဖြစ်တော့တာပါ၊ ဒီလို စရိုက်၇ှင်တွေဟာ လူများက ကိုယ့်ကို ဂရုစိုက်ခံချင်၊ကိုယ့်ကိုအကောင်းပြောစေချင်ကြတာ ဓမ္မတာပါ၊ အပြုသဘောဆောင်တဲ့ဝေဖန်မှုကိုတောင် လက်မခံနိုင်တဲ့ အနေအထားပါ။

Wednesday, February 24, 2010

မြန်မာပြည်တွင်ဖွင့်လှစ်မည့် ဆန်းဒေးစကူးလ်ကျောင်း

မြန်မာ သီရိလင်္ကာ ဆက်ဆံရေး သမိုင်းကြောင်းက နှစ်တွေကြာမြင့်ခဲ့ပါပြီ၊သီရိလင်္ကာနိုင်ငံက အဋ္ဌကထာတွေ မြန်မာပြည်ကို သယ်ယူခဲ့တဲ့ အစဉ်အလာ ရှိသလို သီရိလင်္ကာ သာသနာ ညှိုးမှိန်ချိန်မှာလဲ မြန်မာပြည်ကိုလာပြီး စာပေသင်ယူခဲ့၊ ရဟန်းခံပွဲကျင်းပခဲ့တာ အထင်အရှားပါ၊ ဒါကြောင့် ယနေ့မျက်မှောက်ခေတ် သီရိလင်္ကာနိုင်ငံရဲ့ သံဃာဂိုဏ်းတွေကို ပြန်ကြည့်ရင်… ရာမညနိကာယ(မြန်မာပြည် မွန်ပြည်နယ်ကလာပါတယ်)

Tuesday, February 23, 2010

သီရိလင်္ကာယဉ်ကျေးမှုနှင့် ဘာသာရေးအမွေ (၄)

သီရိလင်္ကာ ကလေးငယ်များဟာ ဒီလို ဘုရားရှိခိုး၊ ဩ၀ါဒခံယူ၊ ဗုဒ္ဓစာပေတွေ သင်ကြားရတာ တစ်ရက်မဟုတ် တပတ်မဟုတ် ဆယ့်သုံးနှစ် တိတိကြာမြင့်တယ်။ နှစ်များစွာ ဗုဒ္ဓတရားများနဲ့ ထိတွေ့နေရတော့ ကလေးများရဲ့ ဘာသာချစ်စိတ် လူမျိုးချစ်စိတ်တွေ ခေါင်းထဲမှာ သံမှိုနှက်ထားသလို စွဲမြဲကုန်တယ်၊ ဗုဒ္ဓ၀ါဒ အခြေခံ အုတ်မြစ်လဲ ခိုင်မာသွားပါတော့တယ်။ အံ့ဩစရာ ဘာသာရေးကောင်းမွေ ပေးခြင်း မဟုတ်ပါလား၊

Monday, February 22, 2010

သီရိလင်္ကာယဉ်ကျေးမှုနှင့် ဘာသာရေးအမွေ (၃)

ဆန်းဒေးစကူးလ်ကျောင်းမှာ အတန်းဆယ့်သုံးတန်း ခွဲခြားထားတယ်။ ပြဋ္ဌာန်းကျမ်းစာများကို စုစည်းလိုက်တဲ့အခါ ........

ငါးရားငါးဆယ်လာ ဇာတ်တော်များ၊
ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ယင်းအကြောင်းအရာများကို ရေးဖွဲ့ထားသည့် ကဗျာများ ၊
ပါရမီဆယ်ပါးအကြောင်း၊
ဒါန သီလစသော ပုညကိရိယ၀တ္ထုဆယ်ပါးတို့၏ အဓိပ္ပာယ်၊

Sunday, February 21, 2010

သီရိလင်္ကာယဉ်ကျေးမှုနှင့် ဘာသာရေးအမွေ(၂)


သီရိလင်္ကာတစ်နိုင်ငံလုံး မြို့နယ်တိုင်း ရပ်ကွက်တိုင်း ကျေးရွာတိုင်းမှာ ဆန်းဒေးစကူးလ်ကျောင်းတွေ ဖွင့်ထားတာ တွေ့ရတယ်။ ဖွင့်ရုံသာ မဟုတ်ဘဲ စနေ တနင်္ဂနွေနေ့ ရောက်လို့ အဲဒီကျောင်းတွေကို သွားကြည့်ရင် ကလေးငယ် တစ်ရာကနေ ထောင်ကျော်အထိ ဘာသာရေးစာပေတွေ လေ့လာသင်ယူနေတာကို တွေ့နိုင်တယ်။ အံ့ဩစရာ ကောင်းလှပါဘိတော့။

သီရိလင်္ကာနှင့် ဘာသာရေးအမွေ...(၁)


အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခပ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

ဘာသာသွေး ရတနာဂုဏ်ရည် ကိုယ့်ကျင့်အဘိဓမ္မာ စာအုပ်တွေကို တွေ့ဖူးဖတ်ဖူးလိမ့်မယ်။ တိုင်းချစ်ပြည်ချစ် ကလေးချစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စာပေလက်ရာတွေပါ၊ အထက်မှာ ဖော်ပြထားတဲ့ ကဗျာကိုဖတ်ကြည့်ရင် ကလေးတွေအတွက် ဘာသာရေးအမွေပေးဖို့ တိုက်တွန်းထားတဲ့ ဆရာတော်ကြီးရဲ့ ရင်းတွင်းက စေတနာတွေကို အထင်သားတွေ့နိုင်ပါတယ်။

Friday, February 19, 2010

ဓမ္မဥပဒေသများ


တရားမှန်သမျှ သစ္စာတရားက လွတ်တာမရှိဘူး(စတုသစ္စ ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ)၊ ၀ိနည်းဒေသနာတော်ကို လေးစားလိုက်နာခြင်းဖြင့် ကိုယ့်ရဲ့ဖြူစင်တဲ့ သီလကို ပြန်လည်ဆင်ခြင်ရင်း တရားထူး အသိဥာဏ်ထူးရနိုင်တယ်၊ ၀ိနည်းတရားဟာလဲ သစ္စာတရားပါ၊ ၀ိနည်းဟာ ပညတ်သက်သက် မဟုတ်ဘဲ ပရမတ်သဘောတရားတွေ ပါနေတာကို သတိထားသင့်ပါတယ်၊

ဥပေက္ခာ ထားတယ်ဆိုတာ

ဥပေက္ခာ- ဆိုတဲ့ ပါဠိစာလုံးကို မြန်မာပြန်တော့ လျစ်လျူရှုခြင်းတဲ့. ဘာကို ဘယ်လိုလျစ်လျူ ရှုရမှာလဲ ဆိုတာ မရှင်းပါဘူး၊ လျစ်လျူရှု-ဆိုတဲ့ မြန်မာစကားကို မြန်မာတစ်ယောက်ဖြစ်တဲ့ မိမိကိုယ်တိုင် နားမလည်ဘူး၊

မြန်မာ့လူ့ဘောင်ရဲ့ နေ့စဉ်သုံးစကားမှာလဲ ဥပေက္ခာပြုထားလိုက်ပါ..ဆိုတဲ့ စကားကို အသုံးပြုကြတယ်၊ တစ်ယောက်ယောက်ကို မပြောချင် မဆိုချင် မကြည့်ချင်တော့တဲ့အခါမှာ ဥပေက္ခာဆိုတဲ့ စကားလုံးကို အသုံးပြုကြတယ်။

Thursday, February 18, 2010

ကိုယ်ပိုင်အစစ် လူ့ အနှစ်

lotus Foundation ဆိုတာ စင်္ကာပူနိုင်ငံမှာ အခြေစိုက်ထားတာပါ၊ လောက ဘာသာ သာသနာကြွေးကြော်သံနဲ့ လူမှုရေး ဘာသာရေးလုပ်ငန်းတွေကို အားကြိးမာန်တက်လုပ်ဆောင်နေတဲ့ အသင်းပါ၊အဲဒီအသင်းကြီးရဲ့ အောက်မှာ ဓမ္မကော်မတီအဖွဲ့ဆိုတာ ရှိပါတယ်၊ သာသနာရေးဆိုင်ရာများ လုပ်ဆောင်နေတဲ့ ကော်မတီတစ်ခုပါ၊ ဓမ္မကော်မတီကနေ အပတ်စဉ် သောကြာနေ့တိုင်း စာစဉ်လေးတွေဖြန့်ဝေပါတယ်၊

ပရိနိဗ္ဗာန်ဝင်စံဖို့ သုံးလအလိုမှာ…


ဖြစ်ပေါ်လာတဲ့ သူတစ်ပါးရဲ့ အယူဝါဒရေးရာတွေကို အကျိုးသင့် အကြောင်းသင့် ကောင်းကောင်းကြီး မဖြေရှင်းနိုင်သမျှ ကောင်းကောင်း မဆုံးမနိုင်သမျှ( ဥပ္ပန္နံ ပရပ္ပ၀ါဒံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂေတွာ) ပရိနိဗ္ဗာန် စံတော်မမူဘူး။

Tuesday, February 16, 2010

အင်း…ဒါလေးတော့ဖြင့် သိစေချင်

အရေးကြုံလာရင် တာဝန်ယူရဲတဲ့ သတ္တိအားနည်းကြပါတယ်၊ စာရေးသူလဲ အပါအ၀င်ပါ၊ ၁၄-၀၂-၂၀၁၀ တနင်္ဂနွေနေ့ညက.. ကိုအောင်ဦး ကိုအလှတရားတို့ ဦးဆောင်ပြီး အရှင်ဥတ္တမသာရ(ဆူနာမီ)ရဲ့ ဟောတရားတွေနဲ့ ပတ်သက်ပြီး သိလိုတာတွေ အမြင်ရှင်းအောင် အွန်လိုင်းဆွေးနွေးပွဲ လုပ်ဖြစ်ကြတယ်၊ အရှင်ဘုရားလဲ တက်ရောက် နားထောင်ပေးပါဆိုလို့ နားထောင်ဖြစ်တယ်၊

Friday, February 12, 2010

ရှင်သီဝလိ (ထေရုပ္ပတ္တိ)

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)
ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သော ကုသိုလ်)
ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင် ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်ဝယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီဝလိအလောင်း လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က တကျပ်ပေး၍ ၀ယ်ယူကြ၏။ ထိုခေတ်ပေါက်ဈေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍ ၀ယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး ရုတ်တရက် မရောင်းဘဲ ဈေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာတန်သော တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ ဈေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား လှူရန် ၀ယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင် အခမဲ့ကုသိုလ်ပါဝင် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင် သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ ၀ိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌ သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်ခဲ့ရလေသည်။

(ကျူးလွန်ခဲ့သော အပြစ်)
ရှင်သီဝလိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိဝမ်းတွင်း၌ ၇-နှစ်ကြာမျှ ၀ဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိဝတွင် ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။ ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘ၀က သီဝလိနှင့် မယ်တော် သုပ္ပ၀ါသာတို့မှာ ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။ ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။ အတွင်းရှိ မယ်တော်ကြီးက မြို့ကို ၀ိုင်းထားရန် အကြံပေးလေသည်။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း ၀င်ပေါက်ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့ ၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။ ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီဝလိအလောင်းအလျာ ဖြစ်လာသည်။

( ရှင်သီဝလိ မယ်တော်နှင့် ခမည်းတော်)
ရှင်သီဝလိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။ ရှင်သီဝလိ၏ မျိုးရိုးမှာ ကောလိယမင်းမျိုး ဖြစ်သည်။ ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။ ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။ မယ်တော်၏အမည်ကိုမူသုပ္ပ၀ါသာ-ဟု သီးခြားပြဆိုသည်။ သုပ္ပ၀ါသာသည်လည်း ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏ သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ်ရာရာ မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။ ထို့ကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ် ပေးလှူတတ်သောအရာ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။

မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့် ဆေးဝါးဓာတ်စာများကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါးကို နိစ္စဘတ် ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။ အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ် တမျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း ဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။ ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။

ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက် ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ သနားဖို့ပင် ကောင်းတော့သည်။ အဖြေကား မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။

ရှင်သီဝလိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိဝမ်းထဲတွင် သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

( အံ့ဖွယ် ဖြစ်ရပ်ထူးများ)
ရှင်သီဝလိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။
ရှင်သီဝလိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ၀မ်းတွင်းရှိ သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပ၀ါသာမင်းသမီးအထံသို့ ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပ၀ါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။ သုပ္ပ၀ါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင် တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်) မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏ ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။

ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ ၀ိပဿီဘုရားလက်ထက်က နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။

(ဂုဏ်တော်ပွား၍ သည်းခံခြင်း)
ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပ၀ါသာမင်းသမီး၏ ဆင်းရဲဒုက္ခ မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။ ဤ၌ သုပ္ပ၀ါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့ ကောင်းပါသည်။ သုပ္ပ၀ါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို အခြားနည်းဖြင့် မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင် ပြုလုပ်၍ သည်းခံခဲ့လေသည်။

ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-
(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို ကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။ ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။

သုပ္ပ၀ါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော ကောင်းသောအကြံ ဤအကြံ သုံးမျိုးတို့ဖြင့် ကိုယ်ဝန်လွယ်ရသော ဒုက္ခဝေဒနာကို သည်းခံဖြေဖျောက်၍ နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန် ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏ ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်ဝန်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။ ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။ မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

(အလှူ ၂-ခု ဆုံနေခြင်း)
ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပ၀ါသာ၏ စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။ သုပ္ပ၀ါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံ
ကြွရောက်ပါရန်လည်း ပင့်လျှောက်လေ၏။ မြတ်စွာဘုရားက သုပ္ပ၀ါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပ၀ါသာမင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့်ထားပြီးဖြစ်၍ ချက်ချင်း ၀န်မခံခြင်း ဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့်အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို ၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ-
အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့ အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို ရွှေ့ပေးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က-
ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့်အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွှေ့ပေးလိုက်လေသည်။

( မေတ္တာဓာတ်ကြောင့် ဖွားမြင် )
အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ မြတ်စွာဘုရားက သုပ္ပ၀ါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး-
သုပ္ပ၀ါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။
ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အ၀ဖြင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း နေအိမ်တွင် ကျန်ရစ်သော သုပ္ပ၀ါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး ၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို လွယ်ကူချောမောစွာ ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။ သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့ အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား ၀မ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော ကောလိယမင်းသားက တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏ အမည်ကို ( သီဝလိ) ဟု အမည်ပေးကြသည်။
သီဝလိ=သောကအပူကို ငြိမ်းအေးစေးသူ (၀ါ) မောင်ငြိမ်းချမ်း။

( မွေးဖွားစသူငယ် စကားပြောခြင်း )
သုပ္ပ၀ါသာမင်းသမီးသည် သီဝလိသတို့သား ဖွားမြောက်သည့် အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။ ရှင်သီဝလိ သတို့သားမှာ အမိဝမ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက်လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီဝလိသူငယ်ကိုယ်တိုင် ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော မယ်တော်သုပ္ပ၀ါသာ မင်းသမီးအဖို့ ၀မ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။ (အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပ၀ါသာ၊ ကိုယ်ဝန်ဒုက္ခကို ၇-နှစ်မျှ လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်ဝန်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု မေးတော်မူရာ သုပ္ပ၀ါသာမင်းသမီးက -မှန်ပါဘုရား၊ သီဝလိလို သားမျိုးကိုသာ ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။ ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။

( သီဝလိ သင်္ကန်းဝတ် )
အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို သီဝလိသူငယ်က အမိဝမ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင် သင်္ကန်းဝတ်လိုကြောင်း လျှောက်ထားလေ၏။ ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။

ပထမဆံဝန်းအချတွင် သောတာပန်၊
ဒုတိယဆံဝန်းအချတွင် သကဒါဂါမ်၊
တတိယဆံဝန်းအချတွင် အနာဂါမ်၊
ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။

ရှင်သီဝလိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး ရှင်သီဝလိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။ ရှင်သီဝလိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင် ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။

( ဘုန်းကံကို စုံစမ်းခြင်း )
ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီဝလိကို လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။ မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီဝလိကို ခေါ်သွားလေ့ရှိ၏။ ရှင်သီဝလိပါလျှင် စားဝတ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။ လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင် ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီဝလိ ဘုန်းကံမှာ ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာရာ ရှင်သီဝလိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။ ရှင်သီဝလိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍ တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီဝလိနောက်သို့ သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီဝလိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမ၀န္တာသို့ ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။ ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင် ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီဝလိ မထေရ်အား ခုနစ်ရက်စီ၊ ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။ ရှင်သီဝလိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင် သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။ ရှင်သီဝလိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင် လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီဝလိမထေရ်အား ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။

( မာဂဓီ-သာစည် )

Wednesday, January 13, 2010

လောက၀ိဒူဂုဏ်တော်နှင့် ဆင့်ပွားအတွေးများ

နေ့စဉ် ဘုရားဂုဏ်တော် ကိုးပါးကို သက်စေ့ရွတ်ဖြစ်တယ်၊ အချိန်များများ ရတဲ့နေ့တွေမှာ ပိုပြီးရွတ်ဖတ် ပူဇော်ဖြစ်တယ်၊ အလုပ်မရှိဘဲ စိတ်ကိုဒီအတိုင်း လွှတ်ထားမယ့်အစား စိတ်ကို ပုံမှန်အလုပ်ပေးတဲ့ သဘောထက် မပိုပါဘူး၊ တစ်ခါတရံ လေးလေးနက်နက် ဂုဏ်တော်ကို ဆင်ခြင်မိတဲ့အခါလည်း ရှိတယ်၊ တစ်ခါတရံ (စိတ်တွေလေးနေ ပျင်းနေတဲ့အချိန်) ရွတ်ဖတ်ရင်တော့ နှုတ်ကသာ ဂုဏ်တော်တွေထွက်နေတာ ဘယ်နှစ်ကြိမ်ရှိသွားပြီဆိုတာတောင် သတိမထားနိုင်ဘူး၊

ဘုရားရှင်ရဲ့ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညို စဉ်းစား ရွတ်ဖတ်နိုင်တဲ့နေ့တွေမှာ စိတ်ကကြည်လင်နေတယ်၊ ကိုယ့်ယုံကြည်ချက်အတိုင်း ကောင်းတာလေး လုပ်ခွင့်ရတာပဲလို့ တွေးပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေတတ်တယ်၊

တကယ်တော့ ဂုဏ်ဆိုတာ ဥုံဖွ မန်းမှုတ်ပြီး ပေါ်လာတာမျိုးတော့မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်(စွမ်းဆောင်ချက်) နောက်က လိုက်လာတဲ့ အရည်အချင်းတစ်ခုသာ ဖြစ်တယ်။

ဘုရားရှင်ရဲ့ စိတ်တော်မှာ အညစ်အကြေး(ကိလေသာ) မရှိတဲ့အတွက်
လောကအပေါ် ပြည့်ပြည့်၀၀ နားလည် သိမြင်လာတယ်( သမ္မာသမ္ဗုဒ္ဓ- Really Fully understanding ) သဘာဝလွန် သိမြင်ခြင်း မဟုတ်ဘဲ လောကကို အရှိတိုင်း သိလာမြင်လာတယ်၊

အရှိကို အရှိအတိုင်း သိမြင်လာဖို့အတွက် အသိနဲ့ အကျင့်ကို တွဲပြီး လေ့ကျင့်ခဲ့တယ်၊(၀ိဇ္ဇာ စရဏ သမ္ပန္နော)

အသိ အကျင့်နှစ်ခုကို တွဲပြီးလေ့ကျင့်တော့ ဥာဏ်အလင်းတစ်ခု ဖြစ်ပေါ်လာပြီး ရုပ် နာမ် လောကမရှိတဲ့ ငြိမ်းအေးတဲ့ သဘောကို ရှာဖွေနိုင်ခဲ့တယ်၊(သုဂတော)

ပြီးတော့ လောကကြီးအကြောင်းကို ပိုပြီးသိမြင်လာတယ်၊(လောက၀ိဒူ)
လောကအကြောင်းကို ပိုသိတဲ့သူဖြစ်တဲ့အတွက် လောကထဲမှာ ရှိတဲ့သူ အားလုံးကို ဆုံးမ လမ်းညွှန်နိုင်သူ ဖြစ်လာတယ်၊(အနုတ္တရော ပုရိသဒမ္မသာရထိ)

လမ်းကောင်းကို လမ်းညွှန်နိုင်သူဖြစ်တဲ့အတွက် လောကရဲ့ဆရာတစ်ဆူဖြစ်တော်မူတယ်၊ (သတ္ထာဒေ၀ မနုဿာနံ)
လောကရဲ့ဆရာတစ်ဆူဖြစ်လာဖို့ အမှန်တရားတွေကို ပြတ်ပြတ်သားသား ဥာဏ်နဲ့သိအောင် ရှာဖွေခဲ့ လေ့ကျင့်ခဲ့တယ်၊(ဗုဒ္ဓေါ)
ဒါကြောင့် ဘုရားရှင်ဟာ ဂုဏ်တော်အစုံ ပြည့်စုံသူဖြစ်လာတယ်။(ဘဂ၀ါ)

စဉ်းစားမိတာလေးတစ်ခုက လောက၀ိဒူ- လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်လာတယ် ဆိုတဲ့နေရာမှာ ဒီကမ္ဘာကြီးအပါအ၀င် Universe တွေရဲ့ အကြောင်း ဒီကမ္ဘာကြီးထဲ နေကြတဲ့ ပုဂ္ဂိုလ်များရဲ့အကြောင်း ယင်းပုဂ္ဂိုလ်များရဲ့ စိတ်သဘောထား ခန္ဓာဘေဒ သဘောတရားတွေကိုပါ ပြည့်ပြည့်စုံစုံ သိတော်မူတယ်လို့ နားလည်နိုင်ပါတယ်၊

မျက်မှောက်ခေတ် ၀ိပဿနာတရားထွန်းကား လာချိန်မှာ ရုပ် နာမ်အကြောင်းသိရင် ဘ၀က ကျေနပ်စရာ ကောင်းတယ်လို့ ဆိုလာကြတယ်၊ တကယ်တော့ ဒါဟာပြည့်စုံတဲ့ ဘုရားရှင်ရဲ့ အလိုတော်ကျ မဟုတ်သေးပါဘူး၊ ရုပ် နာမ်အကြောင်း သိဖို့လိုသလို မျက်မှောက်ခေတ် ကမ္ဘာအကြောင်းကို မျက်ခြေမပြတ်ဖို့ လိုပါတယ်၊ပြီးတော့ မျက်မှောက်ကမ္ဘာမှာ ရှိကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကိုလဲ သိအောင်လုပ်ထားဖို့ လိုပါတယ်(အချိန်ရသလောက် လေ့လာရပါမယ်)

ရုပ် နာမ်အကြောင်းကိုတော့ သိပါရဲ့ ဒီကမ္ဘာကြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မသိရင် မိမိတို့ရဲ့ သာသနာကို ပြန့်ပွားအောင် တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး၊ တချို့က ဆိုကြတယ် သာသနာတည်ဖို့ အရေးမှာ အဆောက်အဦးတွေက ဆောက်နေဖို့ မလိုပါဘူးဆိုတာမျိုးပေါ့.. မှန်ပါတယ်..အဓိကအကြောင်းတရားအဖြစ် မပါဝင်ပေမယ့် သာသနာပြု သာသနာပြန့်ပွားဖို့မှာ အဆောက်အဦးတွေဟာလဲ ပယ်လို့မဖြစ်တဲ့ သာမညထက်ပိုတဲ့အကြောင်းတွေလို့ ဆိုနိုင်ပါမယ်၊
ဇေတ၀န်ကျောင်းတော်ကို မဆောက်ဘဲ တောထဲမှာနေပြီး သာသနာပြန့်ပွားအောင် လုပ်ခဲ့ရင် ဒီနေ့ခေတ်မှာ ဂေါတမဗုဒ္ဓ ဘုရားအဖြစ် ပွင့်သွားတယ်ဆိုတာကို ယုံကြည်လက်ခံဖို့ ခက်ခဲပါလိမ့်မယ်၊ တဲအို တဲပျက်လေးထဲမှာနေပြီး ကမ္ဘာကို သာသနာဖြန့်ချင်ပါတယ်ဆိုရင် ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး၊ တဲစုတ်ထဲမှာ အနေစုတ်တဲ့ ရဟန်းတစ်ပါးကို ဘယ်သူမှ အထင်ကြီးလေးစားမှာ မဟုတ်ပါဘူး၊

မိမိပြောချင်တဲ့ ဘုရားရှင်ရဲ့ သစ္စာတရားကို လက်ခံလာဖို့ အဆင့်မှီတဲ့ အဆောက်အဦး အဆင့်ရှိတဲ့ အနေအထိုင် အပြောအဆို အဆင့်မှီတဲ့ ဘာသန္တရ ဒါတွေပြည့်စုံဖို့ လိုပါလိမ့်မယ်၊
ဘုရားရှင် သာသနာပြုတဲ့အခါမှာလဲ ရောက်ရာဒေသက ပြောကြတဲ့သူတွေရဲ့ စကား(ဒေသိယစကား)တွေ သုံးပြီး သာသနာပြုတော်မူခဲ့တာ ပိဋကတ်ကျမ်းစာတွေမှာတွေ့နိုင်ပါတယ်၊

ဒီနေရာမှာ စဉ်းစားသင့်တာက တစ်ယောက်ထဲ လွတ်မြောက်ဖို့ ကြိုးစားမလား၊ ဘုရားလောင်းဝါဒလို အများအတွက်ပါ လွတ်မြောက်ဖို့ ကြိုးစားမလားဆိုတာပါ၊ တစ်ယောက်ထဲအတွက်ဆိုရင်တော့ ဘာသာစကားတတ်ကျွမ်းဖို့ အဆောက်အဦးကောင်းတွေ တည်ဆောက်ဖို့ ကမ္ဘာကြီးအကြောင်းသိဖို့ ဒီကမ္ဘာနေတဲ့ ပုဂ္ဂိုလ်တွေအကြောင်း သိဖို့ အဆင့်မှီမှီ နေထိုင် သွားလာ စားသောက်ဖို့ မလိုအပ်ပါဘူး၊

အများအတွက်ပါ စဉ်းစားပြီး တတ်နိုင်သလောက် သစ္စာတရားဖြန့်ဝေမယ် သာသနာပြုမယ်ဆိုရင်တော့ လောကအကြောင်းကို သိသင့်သလို အဆင့်အမှီတဲ့ နေရာ အ၀တ် အသွား အလာ အပြုအမူတွေ တကယ့်ကို လိုအပ်လှပါတယ်၊ ဒါကြောင့် အကျိုးရှိတဲ့နေရာမှာ အသုံးချနိုင်ဖို့ အင်တာနက်ကိုလဲ သုံးရပါလိမ့်မယ်၊(အွန်လိုင်းတရားပွဲနဲ့ ဆွေးနွေးခန်းများ ဆောင်ရွက်နေကြတာကို သိမြင် နားလည်နိုင်ပါတယ်) အဆင့်မြှင့် အင်္ဂလိပ်စာသင်တန်း ဟိန္ဒီ တရုတ် ဂျပန်စတဲ့ ဘာသန္တရ သင်တန်းတွေလဲ ဖွင့်လှစ်ရပါမယ်၊

နည်းပညာတွေအသုံးချပြီး သာသနာပြုရာမှာ အထောက်အကူဖြစ်စေဖို့ ကွန်ပြူတာသင်တန်းတွေလဲ ပေးကြရပါမယ်(ကျွမ်းကျင်အဆင့်မဟုတ်တောင် ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိဖို့လိုပါတယ်) အဆင့်မှီ အများလေးစားတဲ့ အဆောက်အဦးကောင်းတွေလဲ တည်ဆောက်ရပါမယ်၊

ဘုရားရှင်က တစ်နေ့ကို နှစ်ကြိမ် လောကကြီးကို ကြည့်တော်မူသလို သာသနာပြုရဟန်းတော်များလည်း လောကကြီးကို မြင်သလောက် ထွင်းဖောက်ကြည့်နေရပါမယ်၊ စိတ်စင်ကြယ်မှ အရာရာကို ပြည့်ပြည့်၀၀ နားလည်လာနိုင်တာမို့ စိတ်စင်ကြယ်သန့်စင်ဖို့ ကိုယ်ကျင့်တရားကောင်းလဲ ရှိရပါလိမ့်မယ်၊

ဘုရားရှင်ကိုယ်တော်တိုင် လမ်းကြို လမ်းကြားသွား လယ်ထဲဆင်းပြီး တရားဟောတော်မူသလို သာသနာပြုလိုသူရဟန်းတော်များလဲ ကျောင်းထဲမှာတင် ထိုင်မနေဘဲ ခရီးများများသွားပြီး ရောက်တဲ့နေရာမှာ သစ္စာဆီမီး ထွန်းညှိပေးဖို့ လိုပါမယ်၊( Public Relationship) လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိ ရှိရပါမယ်( သီဟနာဒ)။

ဒါတွေကတော့ ဂုဏ်တော်ပွားရင်းတွေးမိတဲ့ ဆင့်ပွားအတွေးတွေပါ၊ လောက၀ိဒူကို နေ့စဉ်ရွတ်ဆိုနေပြီး ဟိုဟာမလုပ်သင့်ဘူး ၊ရဟန်းတွေနဲ့ ဘာဆိုင်လို့လဲ၊ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပေါ့လို့ ပြောနေကြတာကတော့ ဘုရားရှင်ကို မယုံကြည်လို့ လောက၀ိဒူကို နားမလည်လို့ပြောတာ ဖြစ်ပါလိမ့်မယ်၊
ဘုရားရှင်ရဲ့ လောက၀ိဒူဂုဏ်တော်ကို နားလည်တယ်ဆိုရင်တော့ သာသနာပြု သာသနာပြန့်ပွားဖို့အရေးမှာ သာသနာပြုရဟန်းတော်များ ဘာတွေလိုအပ်တယ် ဘယ်လိုဖြည့်ကျင့်ရမယ်ဆိုတာ သိမြင်လာပါလိမ့်မယ်၊

ဟုတ်ပါတယ်။ လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်တော် မူလို့ လောက၀ိဒူဂုဏ်တော်ပိုင်ရှင်ဖြစ်တော်မူခဲ့ရတာပါ။ ။။

Tuesday, December 22, 2009

သာသနာတော်ရဲ့ လိုအပ်ချက်

တခါတုန်းက သာသနာတော်ရဲ့ အကြီးအမှူးဖြစ်တဲ့ မြတ်စွာဘုရား စာတုမဆိုတဲ့ ရွာငယ်လေးမှာ သီတင်းသုံးနေတော်မူချိန် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ်ဂလာန် ဦးဆောင်တဲ့ ရဟန်းငါးရာ မြတ်စွာဘုရားရှင်ကို ဖူးမြော်ဖို့ စာတုမ ဆိုတဲ့ရွာငယ်လေးကို ရောက်လာကြတယ်၊

အဝေးကနေ ကြွရောက်လာကြတဲ့ အာဂန္တုရဟန်းငါးရာနဲ့ အိမ်ရှင် သံဃာတော်များ သာကြောင်း မာကြောင်းပြောကြ ဆိုကြ နေရာထိုင်ခင်း စီမံကြတဲ့ အသံတွေဟာ ဆူညံလို့နေတယ်၊ ဒီအသံတွေကိုကြားတော်မူတဲ့ မြတ်စွာဘုရားက အနီးနားမှာ ရှိနေတဲ့
အရှင်အာနန္ဒာကို..အာနန္ဒာ..ကျောင်းထဲမှာ အသံတွေ ဆူလို့ ညံ့လို့ ဘာဖြစ်တာလဲ လို့ မေးတော်မူတယ်၊

အရှင်အာနန္ဒက..မှန်လှပါ မြတ်စွာဘုရား အရှင်သာရိပုတ္တရာ အရှင်မောဂ်ဂလာန်ဦးဆောင်တဲ့ သံဃာတော်များ ဘုရားရှင်ကို ဖူးမြော်ဖို့ ရောက်လာကြတာပါဘုရား၊ သူတို့အတွက် နေရာထိုင်ခင်း စီမံပေးကြတဲ့ အိမ်ရှင်သံဃာတော်များ ပြောသံ ဆိုသံတွေကြောင့် ဆူညံတော်မူတာပါလို့ ပြန်လည်လျှောက်ထားတယ်၊

ဒါဆိုရင် ဒီသံဃာတွေကို သွားခေါ် ဆိုတော့ အရှင်အာနန္ဒာက မှန်လှပါ့ဘုရားဆိုပြီး သံဃာတွေကို သွားခေါ်တယ်၊ ဘုရားရှေ့ရောက်လာတဲ့ ဒီသံဃာတော်တွေကို ..ငါးတွေကို လုယက်ရောင်းချတဲ့ ငါးစိမ်းသည်တွေလို အသံတွေ ဆူလို့ ညံလို့ပါလား၊ (ငါဘုရားရှင်က ငြိမ်းချမ်းခြင်းကို လိုလားတယ်ဆိုတာ သင်တို့သိပြီးသားပါ) ဟုတ်ပြီ..သင်တို့ ငါဘုရားဆီကို မလာကြနဲ့ သွားကြတော့လို့ နှင်ထုတ်တော်မူပါတယ်၊

(ဒီနေရာမှာ ဘာကြောင့် ဆူညံတယ်ဆိုတာကို မသိလို့ အရှင်အာနန္ဒာကို မေးတာမဟုတ်ပါဘူး၊ ဘုရားရှင်က အလုံးစုံသိတဲ့ဘုရားရှင် တန်ခိုးရှင်ဖြစ်ပေမယ့် ဘာလုပ်လုပ် သက်သေထူပြီးမှ ဆုံးဖြတ်ချက်ချတော်မူချင်လို့ အရှင်အာန္ဒာကို မေးခဲ့ခြင်းဖြစ်ပါတယ်)

ဘုရားရှင်က ဆူညံ ပူညံလုပ်လို့ နှင်ထုတ်ခံရတဲ့ ရဟန်းတော်တွေလဲ ကျောင်းထဲကနေပြန်ထွက်သွားရပါတယ်၊ အဲဒါကို သိကြတဲ့ စာတုမရွာသား သာကီဝင်တွေရယ် နောက်ပိုင်းမှာ သဟမ္ပတိဗြဟ္မာရယ်က မြတ်စွာဘုရားကို ဖြောင်းဖြလျှောက်ထားကြတယ်..အရှင်ဘုရား သံဃာတော်တွေကို ခွင့်လွှတ် သနားတော်မူပါ အရင်တုန်းက အရှင်ဘုရားကိုယ်တော်တိုင် သံဃာတွေကို ချီးမြှောက်တော်မူသလိုပါဘုရားပေါ့..မြတ်စွာဘုရားက ငြိမ်တော်မူနေတယ်။

နောက်တော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ်ဂလာန် တို့ ဘုရားရှေ့ ရောက်လာပြီး ရှိခိုးကန်တော့ကြတယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားက..အရှင်သာရိပုတ္တရာ မထေရ်ကို မေးတော်မူတယ်..ချစ်သား သာရိပုတ္တရာ.ငါဘုရားရှင်က သံဃာတော်တွေကို နှင်ထုတ်လိုက်တော့ ချစ်သားအနေနဲ့ ဘယ်လို ဖြစ်သလဲ လို့မေးတော်မူတော့….အရှင်သာရိပုတ္တရာ မထေရ်မြတ်က ..မှန်လှပါဘုရား မြတ်စွာဘုရားက ဒီသံဃာတော်တွေကိုနှင်ထုတ်ပြီး သမာပတ်ဝင်စားကာ အေးဆေးစွာနေတော်မူသလို ဘုရားတပည့်တော်လို့ ကြောင့်ကြမဲ့ နေပြီး မြတ်စွာဘုရားလိုပဲ ဈာန်သမာပတ်နဲ့ အေးအေးဆေးဆေး နေမယ်လို့ စိတ်ကူးဖြစ်ပေါ်မိပါတယ် ဘုရားလို့ လျှောက်ထားတော့

မြတ်စွာဘုရားက… နေပါအုံး ချစ်သား သာရိပုတ္တရာ၊နေပါအုံး ချစ်သား သာရိပုတ္တရာနေပါအုံး ချစ်သား သာရိပုတ္တရာ လို့ သုံးကြိမ်တိုင်တိုင် မိန့်တော်မူတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်က ကြောင့်ကြ ပူပင်မရှိဘဲ အေးအေးဆေးဆေး ကိုယ်ရှိတဲ့တရားနဲ့ ဈာန်သမာပတ်ဝင်စားပြီးနေမယ်ဆိုတာကို ဘုရားရှင်က အားပေးတော်မမူသလို တားမြစ်တော်မူခဲ့တယ်၊

ချစ်သား မောဂ်ဂလာန်ကကော ဘယ်လိုလဲ ဆိုတော့…မှန်လှပါဘုရား ဘုရားတပည့်တော်ကတော့..မြတ်စွာဘုရားက သံဃာတော်တွေကို နှင်ထုတ်လိုက်တော့..တပည့်ကြီးများဖြစ်တဲ့ ဘုရားတပည့်တော်နဲ့ အရှင်သာရိပုတ္တရာက ဒီသံဃာတော်တွေကို ဦးဆောင်ပြီးစောင့်ရှောက်မယ် အရှင်ဘုရားရဲ့ သာသနာတော်ကို ထိန်းသိမ်းဆောင်ရွက်မယ်လို့ စိတ်ကူးမိကြောင်းပါဘုရားလို့လျှောက်တော့ သာဓု သာဓု မောဂ်ဂလာန…ကောင်းလိုက်တာ မောဂ်ဂလာန် ကောင်းလိုက်တာ မောဂ်ဂလာန်လို့ သာဓုခေါ်တော်မူပြီး အသိအမှတ်ပြုတော်မူတယ်၊

ဒီနေရာမှာ သာသနာ့အရေးနဲ့ ကြုံလာရင် အေးဆေးစွာနေ ကြောင့်ကြမဲ့နေ ကိုယ်နဲ့မဆိုင်သလိုနေတာကို ဘုရားရှင် သဘောကျတော်မမူပါဘူး။ သာသနာ့အရေးကြုံလာရင် သာသနာတော်အတွက် ရှေ့ထွက်ပြီး ခေါင်းဆောင်မည့် တာဝန်ယူမည့် သူတွေကိုသာ ဘုရားရှင်လိုလားတော်မူတယ်။ ဒီလိုလူတွေသာ ဘုရားရှင် အလိုကျ သာသနာပြုတာဝန်ကို ထမ်းဆောင်တယ်လို့လဲ ဆိုနိုင်တယ်၊

တရားဟော တရားပြ စာသင် စာချနေတာဟာ ဒီလို သာသနာ့အရေးတွေ ကြုံလာရင် အသုံးပြုဖို့သာဖြစ်ပါတယ်၊ ကိုယ့်တရားလေးနဲ့ကိုယ် ငြိမ်ငြိမ်လေး အမြဲတမ်းနေဖို့ မဟုတ်ပါဘူး၊
လောကမှာ ဘုရားပွင့်ပြီဆိုတော့ မာရ်နတ်ကြီးက ပရိနိဗ်ဗန်စံဝင်ဖို့ တခါတည်းလျှောက်တဲ့အခါ..ငါဘုရားရဲ့ သာသနာတော်မှာ သူတစ်ပါးတို့ တင်လာတဲ့ အယူဝါဒတွေကို ပြန်လည်ခုခံ ချေပနိုင်တဲ့သူတွေ မပေါ်သေးသမျှ ပရိနိဗ်ဗန်စံတော်မမူဘူးလို့ မိန့်တော်မူခဲ့တာ အားလုံးလဲ သိပြီးသားပါ၊

အခုတလောကြုံနေရတဲ့ အုံနဲ့ကျင်းနဲ့ ဘုရားသာသနာကိုဖျက်ဆီးနေတဲ့ အတွင်းကျကျ သာသနာတော်ကိုနှောင့်ယှက်တဲ့သူတွေ ပေါ်လာနေပါပြီ၊ သာသနာဝန်ထမ်းများ ဘုရားသာသနာကို ယုံကြည်လက်ခံသူ လူအများက အရှင်မောဂ်ဂလာန်လို ရှေ့တန်းကထွက်ပြီး တာဝန်ယူဖြေရှင်းသင့်ကြပါတယ်၊ ကိုယ်နိုင်သလောက် ကိုယ်စွမ်းသလောက် တာဝန်ယူလိုက်ရင် အဓမ္မတွေကို သေချာပေါက်နှိမ်နင်းနိုင်ပါလိမ့်မယ်၊

အဲလိုမှ မဟုတ်ဘဲ သာသနာပြုဆိုတာကို ပါးစပ်က တွင်တွင်အော်ပြီး အသာလေးငြိမ်နေကြတာကတော့ ဘုရားရှင်ရဲ့ အလိုတော်ကျမှာ မဟုတ်ပါဘူး၊ သာသနာတော်က လိုအပ်နေတာ အရှင်မောဂ်ဂလာန်လို သံဃာတော်များ လူအများပါ၊ သာသနာတော်က တောင်းဆိုနေတာ အရှင်မောဂ်ဂလာန်လို သူရဲကောင်းများ တာဝန်ယူရဲ့သည့်စိတ်ဓာတ်ပိုင်ရှင်များသာ ဖြစ်ပါတယ်၊

သာသနာတော်ကိုမှီပြီး ရယူသုံးဆောင်နေတဲ့ ပစ္စည်းလေးပါးကို စိတ်သန့်သန့်နဲ့ သုံးဆောင်နိုင်ဖို့ ကြုံတွေ့နေရတဲ့ သာသနာ့အရေး သာသနာ့လိုအပ်ချက်မှာ တတ်နိုင်သလောက် ပူပေါင်းပါဝင်ကြဖို့ မ၀ံ့မရဲ တောင်းဆိုလျှောက်ထား ပြောကြားရင်းဖြင့်….

စာတုမသုတ်နဲ့ မဟာပရိနိဗ်ဗာနသုတ်များကို ကိုးကားပါသည်။

Monday, December 21, 2009

သာသနာတော် အရေးပေမို့..


အယသာဝ မလံ သမုဋ္ဌိတံ
တတုဋ္ဌာယ တမေ၀ ခါဒတိ။
သံကြောင့် အညစ်အကြေးဖြစ်ပေါ်လာ၏၊
ထိုအညစ်အကြေးကပင် ထိုသံကို ဖျက်ဆီး၏။ ။


သံကို သံဖျက် သံချေးတက် ဆိုတဲ့ မြန်မာစကားပုံဟာ အထက်မှာဖော်ပြထားတဲ့ ဘုရားဟော စကားတော်က ဆင်းသက်လာတာပါ၊ သံကိုအကြောင်းပြုပြီး သံချေုးဆိုတာ ဖြစ်ပေါ်လာပါတယ်၊ အဲဒီသံချေးကပဲ ခိုင်ခန့်လှဒီသံတွေကို ဆွေးမြေ့သွားအောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်.

မြတ်စွာဘုရားရှင်ဟာ မရေမတွက်နိုင်လောက်အောင် ပေးဆပ်မှုများစွာ ပေးဆပ်ပြီး သာသနာတော်ကို တည်ထောင်ခဲ့တယ်၊ အားလုံးသိကြတဲ့ ပရိယတ္တိသာသနာ(သင်ကြားပို့ချ ဟောပြောဖြန့်ဝေ)၊
ပဋိပတ္တိသာသနာ(လက်တွေ့ ကျင့်ကြံ ပွားများ အားထုတ်) ပဋိဝေဓသာသနာ(ထိုးထွင်းသိ မျက်မှောက်ပြု) တို့ပဲဖြစ်ပါတယ်။

ဒီသာသနာတော် သုံးရပ်ကို မပျောက်အောင် မပျက်အောင် စာပေသင်ကြားပို့ချခြင်း ဟောပြောဖြန့်ဝေခြင်းနဲ့ ဆောင်ရွက်ရသလို စာပေအသိကို လက်တွေ့ကျင့်ကြံခြင်းနဲ့လဲ ကြိုးစားထိန်းသိမ်းကြရပါတယ်။
ဒီနေရာမှာ သာသနာပြုဆိုတာ လူတွေက ပြုလို့မရနိုင်ပါဘူး၊ လူဒကာ ဒကာမတွေက သာသနာတော်ကို မပျောက်အောင် ထောက်ပံ့ကူညီပေးနိုင်ရုံ အဆင့်ပဲ ရှိပါတယ်၊

ရေကန်ပေါင်း ရှစ်သောင်းလေးထောင် ကျောင်းပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင် လှူခဲ့တဲ့ အသောကမင်းကြီးက ဘုရားတပည့်တော် သာသနာပြုရာ ရောက်ပါပြီလားလို့ မေးရာ ဒီလိုလှူရုံ တန်းရုံနဲ့ သာသနာပြုရာ မရောက်သေးဘူး။ မိမိရဲ့ သားတွေ သမီးတွေကို သာသနာဘောင်တွင်း သွတ်သွင်းမှ သာသာနာပြုရာ ရောက်ကြောင်း မိန့်တော်မူခဲ့တာကို ထောက်ဆရင် လူတွေက သာသနာပြု မဖြစ်နိုင်ဘူး၊ သာသနာဝန်ထမ်းတဲ့ သံဃာတော်များကသာ သာသနာတော်ကို ရေရှည်တည်တံ့အောင် ပြုစုစောင့်ရှောက်နိုင်ပါတယ်။

စာသင် စာချ တရားဟော တရားပြလို့ဖြစ်ဖြစ် ၊စာသိကို ကိုယ်ပိုင်သိဖြစ်အောင် အားထုတ်လို့ဖြစ်ဖြစ်၊ စာသိကိုယ်ပိုင်သိကို တဆင့်ဟောပြောဖြန့်ဝေလို့ပဲ ဖြစ်ဖြစ် သာသနာ့အလုပ်ကို စိတ်ကောင်း စေတနာကောင်း ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာမှန်သမျှ သာသနာတော်အရေးကို ကြိုးစားအားထုတ်နေသူလို့ ဆိုနိုင်ပါတယ်၊

ဒီနေရာမှာ စာသင်စာချလုပ်နေတဲ့ ပရိယတ္တိ သမားတွေက…ပဋိပတ်အလုပ် ကြိုးစားအာထုတ်သူတွေကို ဟန်ဆောင် ပန်ဆောင် ဟန်ရေးပြသမားတွေလို့ မြင်သလို ပဋိပတ်သမားများကလဲ စာသင် စာချ လုပ်နေကြတဲ့ သံဃာတော်တွေကို နွားကျောင်းသားတွေလို့မြင်ကြ ပြောကြပြန်ပါတယ်၊ နွားကိုကျောင်း၇ုံသာ ကျောင်းပြီး နို့ရည်မသောက်ရသူတွေလို့ ဆိုလိုတာပါ။

ဒီလိုဖြစ်နေတဲ့အထဲမှာ စာတွေ့မပြောနဲ့ လက်တွေ့ပဲ ပြောဆိုတဲ့ ပဋိပတ္တိ လက်ဘက်ရည်ကြမ်းဝိုင်း စကားလုံးတွေကလဲ ပေါ်လာပါသေးတယ်။ ပေါဋ္ဌိလမထေရ်ကြီးတို့ စာခံလို့ တရားထူးမရတာဆိုပြီး ရိပ်သာသမား အချို့က သနားတောင် သနားနေကြပြန်တယ်။

တကယ်တော့ မြတ်စွာဘုရားလက်ထက်တော် မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကတည်းက …သာသနာ့ဘောင်ဝင်လာသူကို ..ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မိမိရဲ့ဥာဏ်ပညာအစွမ်းအရ နိကာယ်တခုခုကိုဖြစ်ဖြစ် အကုန်လုံးကိုဖြစ်ဖြစ် ပိဋကတ်သုံးပုံလုံးကိုဖြစ်ဖြစ် သင်ကြား ပို့ချခြင်းဆိုတဲ့ ဂန္ထဓုရတာဝန်။ အသက်မွေးမှုပေါ့ပေါ့ ပါးပါးနဲ့ တောရပ်အစွန်အဖျားကျတဲ့ တောကျောင်းမှာ ၀ိပဿနာတရားကို တိုးပွားအောင် ကျင့်ကြံခြင်းဆိုတဲ့ ၀ိပဿနာဓုရ.. ဆိုတဲ့ တာဝန်နှစ်ရပ်ရှိကြောင်း...မိန့်တော်မူလေ့ရှိပါတယ်။

ဒီလိုမိန့်တော်မူတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှာ ပရိယတ်သမား ပဋိပတ်သမားတွေ အချင်းချင်း သူနိုင် ငါပြိုင် စကားရည်လုနေဖို့ မလိုအပ်ပါဘူး၊ နိုင်ရာ သာသနာ့တာဝန်ကို စေတနာမှန်မှန်ဆောင်ရွက်နေဖို့သာ အရေးကြီးပါတယ်။

အဲဒီအထဲကမှ စေတနာမမှန် သဘောထားမမှန်ဘဲ ဘုရားဟောတွေကို ဘုရားဟောလုပ်ချင်တဲ့ ဂိုဏ်းစတားကြီးများက ထေရ၀ါဒသာသနာ ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးပြီး ပရိသတ်စုနေကြတာတွေ့ရတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပြန်ပါတယ်၊

အဲဒီဂိုဏ်းစတားကြီးတွေကို အမှန်တရားမြတ်နိုးသူ သာသနာတော်ကို ကာကွယ်စောင့်ရှောက်လိုသူတို့က ထေရ၀ါဒ ပိဋကတ်ကျမ်းစာနဲ့ မညီကြောင်း ကျိုးကြောင်းဖော်ပြ ပြောဆိုပြန်တော့ ဂိုဏ်းစတားများရဲ့ ပရိသတ်တွေက လေထဲကနေ ထအော်ကြပြန်ပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာ အွန်လိုင်းက လေလှိုင်းတိုက်ပွဲခေါ်သံတွေ ပလူပျံ ဆူညံနေတာကို မြင်နိုင်တွေ့နိုင်ကြားနိုင် သိနိုင်ကြပါတယ်။

အဲဒီလူတွေကိုယ်တိုင်က တချိန်တုန်းက ကာလာမသုတ် သို့မဟုတ် ကေသမုတ္တိသုတ္တန်တွေကို ကိုးကားပြီး ငါတို့လေးစားလောက်တဲ့ ဆရာ့ရဲ့ စကားတိုင်းကိုလဲ မယုံကြည်နဲ့လို့ တွင်တွင်ကြီး ထအော်နေကြတာပါ၊ အခု သူတို့ရဲ့ ဆရာကြီးများကို ဝေဖန်ထောက်ပြလာတော့..အရှင်ဘုရားတို့က သူ့လောက် သီလ သမာဓိ ပညာ ရှိလို့လား သာသနာအတွက် ဘာတွေလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းတွေကို တွင်တွင်ကြီး မေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာဖို့ကြိုးစားနေတာကို တွေ့ရပြန်တော့ အော်..အစွဲတရား ကြောက်စရာကောင်းလှပါလားလို့ သံဝေဂဖြစ်မိပါတယ်။

ထေရ၀ါဒဗုဒ်ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသူ အချင်းချင်း…အမှန်တရားဟောပြောဖြန့်ဝေသူကို တကယ့်ကို ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပါ..ဒါပေမယ့် အမှန်ကို အမှားလုပ်.ငါပြောတာမှ အမှန် လူများပြောတာ အမှားလုပ် ဟောပြောနေသူတွေကိုတော့ ဘုရားရှင်ရဲ့ စကားတော် ပိဋကတ်ကျမ်းစာတွေနဲ့ တိုင်းတာပြီး ဝေဖန်ထောက်ပြကြမှာပါ၊ မဟုတ်ရင် မဟုတ်ဘူး ဟုတ်ရင် ဟုတ်တယ်လို့ ဖြေရှင်းရမယ်ဆိုတဲ့ ဘုရားစကားတော်ကလဲ ရှိနေပြန်တာကိုး။ ဒီလို အမှန်တရားအတွက် ဖြေရှင်းပေးနေသူတွေကိုလဲ အားပေးနိုင်ရပါမယ်။ သာသနာတော်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်ပေါ့..

အခုနောက်ပိုင်း တခေတ်ဆန်းလာပြန်တာက…တရားထူး တရားမြတ်ရသူဆိုသူတို့က အွန်လိုင်းပေါ်တက်ပြီး ကြေငြာနေကြတာပါ။ ဥတ္တရိမနုဿဓမ္မ- ၀ါကြွားလိုတဲ့စိတ်နဲ့ တကယ်တရားထူးမရဘဲ ရတယ်လို့ပြောရင် ရဟန်းဘ၀ဆုံးရှုံးပါတယ်..အမှန်တကယ်တရားထူးရလို့ ရှင်လူရဟန်းတွေကို ပြောမိရင် ပါစိတ်အာပတ်သင့်ပါတယ်၊ အရိယာသူတော်စင်တွေဟာ အသက်သာအသေခံမယ် ဘုရားဟောဝိနည်း စည်းကမ်းကို မဖောက်ဖျက်ဘူးဆိုတဲ့ ဘုရားဟောစကားနဲ့ သုံးသပ်ကြည့်သင့်ပါတယ်။ ၀ိနည်းတရားကို မလေးစားဘဲ ၀ိနည်းကိုအရေးမထား မလေးစားဘဲ လုပ်ချင်ရာလုပ်နေတယ်ဆိုရင် ဒီလူဟာ တကယ်တရားထူးရတာ ဟုတ်နိုင်ပါ့မလားဆိုတာ အလွန့်အလွန်ကို စဉ်းစားစရာကောင်းပါတယ်။
သံကို သံဖျက် သံချေးတက်..အသားထဲက လောက်ထွက်ဆိုသလိုမျိုး သာသနာတ်ာကို တွင်းတွင်းကျကျ ဖျက်ဆီးပစ်နိုင်တာ သဘောထားမမှန် စေတနာမမှန်တဲ့ သာသနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ပထမသံင်္ဂါယနာတင်စဉ်က ကြုံခဲ့ရတဲ့ သုဘဒ္ဒလို တောထွက်ရဟန်းမျိုး၊ ဒုတိယသံဂါယနာတင်စဉ်က ဆုံတွေ့ရတဲ့ ဝေသာလီရဟန်းတို့ထက် ဆိုးဝါးတဲ့ ရဟန်းတော်များ လူများ ကို သတိထားပြီး သာသနာအရေးအတွက် နှလုံးအေးတော်မမူကြဘဲ တတ်နိုင်သမျှ အမှန်တရားဖက်က ပါဝင်ကြဖို့ အားလုံးကို ရိုသေစွာ တောင်းပန်ပါရစေ။

ပထမသံဂါယနာတင်စဉ်က သံင်္ဂါယနာပွဲရဲ့ မူအဖြစ်ချမှတ်ခဲ့တဲ့…..
ပုရေ အဓမ္မော ဒိပ္ပတိ - အဓမ္မတွေ မထွန်းကားသေးခင်
ဓမ္မော ပဋိဗာဟိယျတိ- ဓမ္မတွေ မကွယ်ပျောက်ခင်
အ၀ိနယော ဒိပ္ပတိ- ၀ိနည်းမဟုတ်တဲ့တရား မထွန်းကားခင်
ဝိနယော ပဋိဗာဟိယျတိ- ၀ိနည်းတရားတွေ မပျောက်ပျက်ခင်
ပုရေ အဓမ္မ၀ါဒိနော ဗလ၀န္တာ ဟောန္တိ- အဓမ္မ၀ါဒသမားတွေ အင်အား မကြီးသေးခင်
ဓမ္မ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ဓမ္မကိုချစ်မြတ်နိုးသူတို့ အင်အားနည်း မသွားသေးခင်
အ၀ိနယ၀ါဒိနော ဗလ၀န္တော ဟောန္တိ- ၀ိနည်းကို မလိုက်နာသူတို့ အင်အားမကြီးသေးခင်
ဝိနယ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ၀ိနည်းကိုချစ်မြတ်နိုးသူတို့ အားမနည်းသေးခင်
သာသနာတော် အရှည်ခံတည်တံအောင် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့..

သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သီလ သမာဓိ ပညာကျင့်စဉ်တွေ ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ သာသနာတော်အရေးပေမို့ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ ရင်ထဲကဆန္ဒစကား လျှောက်ထား ပြောကြားရင်းဖြင့်…….