Friday, February 12, 2010

ရှင်သီဝလိ (ထေရုပ္ပတ္တိ)

ဗုဒ္ဓဘာသာဝင်များက ရှင်သီဝလိကို ကိုးကွယ်ပူဇော်လျှင် အရောင်းအ၀ယ် ကောင်းသည်။ လာဘ်လာဘ ပေါများသည်ဟု ယုံကြည်ရင်းစွဲ ရှိကြသည်။ ယင်းသို့ယုံကြည်သည့်အလျောက် ရှင်သီဝလိပုံတော်ကို ထုလုပ်ကိုးကွယ်၍ အဆောင်ကောင်းအဖြစ် သွားလေရာသို့ ယူဆောင်သွားကြသည်။ ရှင်သီဝလိဆိုသည်မှာ လာဘ်လာဘ ဖွံ့ဖြိုးသော ရဟန္တာတပါးဖြစ်ကြောင်းကိုမူ အားလုံးက သိထားကြ၏။ ရှင်သီဝလိနှင့်ပတ်သက်၍ တောင်းခဲ့သော ဆု၊ ပြုခဲ့သော ကုသိုလ်၊ ကျူးလွန်ခဲ့သော အပြစ်၊ စံစားရသော အကျိုးပေး၊ ခံစားရသော ဒဏ်ချက်များကိုလည်း အပြည့်အစုံ လေ့လာမှတ်သားဖို့ ကောင်းပေသည်။

( တောင်းခဲ့သော ဆု)
ရှင်သီဝလိ အလောင်းတော်သည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ လာဘ်လာဘအရာ၌ ဧတဒဂ်ဘွဲ့ ပေးခဲ့ရသော ရဟန်းတပါးကို အားကျပြီး ထိုဧတဒဂ်မျိုး ရလိုကြောင်း ပဒုမုတ္တရဘုရားထံ ဆုတောင်း၍ ပါရမီကို စတင်ဖြည့်ခဲ့လေသည်။

(ပြုခဲ့သော ကုသိုလ်)
ဝိပဿီမြတ်စွာဘုရား လက်ထက်သို့ ရောက်သောအခါ ကျေးလက်ဇနပုဒ်တခု၌ အညတရ တောသားတဦး ဖြစ်ခဲ့ရ၏။ ထိုအချိန်၌ ဗန္ဓုမတီမြို့သူ မြို့သားတို့က ဗန္ဓုမတီမင်းကြီးနှင့် သူနိုင်ငါနိုင် အပြိုင်ကြဲ၍ ဒါနပွဲကို ဆင်နွှဲနေချိန်ဖြစ်၏။ ၆-ကြိမ်တိတိ ဘုရင်ကလည်း ပြည်သူတွေကို နိုင်အောင်မလုပ်နိုင်။ ပြည်သူတွေကလည်း ဘုရင်ထက်သာအောင် မလုပ်နိုင်။ အားပြိုင်၍ နေလေ၏။ ၇-ကြိမ်မြောက် ဒါနပြိုင်ပွဲတွင်မူ ပြည်သူများဘက်မှ ထူးခြားချက်တခု ဖြစ်ပေါ်လာလေသည်။

ဘုရင်မင်းမြတ်၏ အလှူထက်သာစေရန် ပြည်သူတို့၏ဒါနပွဲတွင်လောလောလတ်လတ် ပျားရည်နှင့် နွားနို့ခဲ မပါဘဲရှိရာ ထိုပစ္စည်းရလျှင် ဘုရင်မင်းမြတ်၏အလှူထက် သာပေလိမ့်မည်။ ထို့ကြောင့် လမ်းဆုံလမ်းမတွင် အစောင့်ချ၍ ပြည်သူတို့က ဦးအောင်ဝယ်ရန် ငံ့လင့်နေကြသည်။ ထိုအခိုက် တောမှ မြို့သို့ တက်လာသော သီဝလိအလောင်း လုလင်က ထိုပစ္စည်း ၂-မျိုးကို ယူဆောင်၍လာရာ မြို့သူမြို့သားတို့က တကျပ်ပေး၍ ၀ယ်ယူကြ၏။ ထိုခေတ်ပေါက်ဈေးအရ တကျပ်မတန်သောပစ္စည်းကို တကျပ်ပေး၍ ၀ယ်ယူသောကြောင့် တောသားလုလင်၏ စိတ်တွင် အထူးအဆန်းဖြစ်ပြီး ရုတ်တရက် မရောင်းဘဲ ဈေးကိုင်ထားလိုက်၏။

မြို့သူ မြို့သားတို့က တဖြည်းဖြည်း ဈေးတက်ပေး၍ အနည်းငယ်မျှသာတန်သော တောသားလုလင်၏ ပျားရည်နှင့် နွားနို့သည် တထောင်အထိ ဈေးနှုန်းမြင့်တက်သွားလေသည်။ ထိုအခါ တောသားလုလင်က-မြတ်စွာဘုရား လှူရန် ၀ယ်သည်ဆိုပါက ငွေဖြင့် မရောင်းလိုဘဲ ကျွန်ုပ်ကိုယ်တိုင် အခမဲ့ကုသိုလ်ပါဝင် လှူဒါန်းပါမည်-ဟု ပြောကြားရာ အားလုံကပင် သဘောတူလက်ခံပြီး ရွှင်ရွှင်ပျပျ လှူဒါန်းခွင့်ပေးလေသည်။ တောသားလုလင်က -လာဘ်လာပေါများရပါလို၏-ဟု ဆုတောင်းရာ ၀ိပဿီမြတ်စွာဘုရားက-သင် ဆုတောင်းသည့်အတိုင်း ဖြစ်စေသတည်း-ဟု မိန့်ကြားတော်မူသည်။

ဤဒါနနှင့် ဤဆုတောင်းကြောင့် ဖြစ်လေရာဘ၀ အကျိုးပေးကောင်းမွန်ပြီး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် လာဘ်ပေါများသည့်အရာ၌ သူမတူအောင် အကျိုးပေး ကောင်းမွန်သည့် ဧတဒဂ်ဘွဲ့ရ ရှင်သီဝလိ ဖြစ်ခဲ့ရလေသည်။

(ကျူးလွန်ခဲ့သော အပြစ်)
ရှင်သီဝလိဖြစ်မည့် နောက်ဆုံးဘ၀တွင် အမိဝမ်းတွင်း၌ ၇-နှစ်ကြာမျှ ၀ဋ်ဒုက္ခ ခံစားရခြင်း၊ ဖွားမြင်သောအခါမှာလည်း အမိ၏ ယောနိဝတွင် ကန့်လန့်ခံ ပိတ်ဆို့၍ ၇-ရက်ကြာမျှ ဒုက္ခကြီးစွာ ရောက်ရခြင်းတို့နှင့် ကြုံကြိုက်ရသည်။ ဤသည်တို့မှာ ဆိုးကျိုး ဆိုးပြစ်ဖြစ်၍ အကြောင်းကို သုံးသပ်လျှင် ဤသို့ တွေ့မြင်ရပါမည်။

တခုသောအတိတ်ဘ၀က သီဝလိနှင့် မယ်တော် သုပ္ပ၀ါသာတို့မှာ ဗာရာဏသီမင်း၏ မိဖုရားကြီးနှင့် သားတော်ဖြစ်ခဲ့ကြလေသည်။ တချိန်တွင် ကောသလမင်းက စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီမင်းကို တိုက်ခိုက်လုပ်ကြံ၍ ထိုမင်း၏ မိဖုရားကြီးကို သိမ်းပိုက်ယူငင်လေသည်။ ဗာရာဏသီမင်း၏ သားသည် သူ၏ဖခင် ဗာရာဏသီမင်းကြီး စစ်ရှုံး၍ နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် ဗိုလ်ပါအလုံးအရင်းကို စုရုံးလျက် ဗာရာဏသီမြို့ကို ပြန်လည်တိုက်ခိုက်လေသည်။ အတွင်းရှိ မယ်တော်ကြီးက မြို့ကို ၀ိုင်းထားရန် အကြံပေးလေသည်။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း သားဖြစ်သူက မြို့တံခါးမကြီး လေးပေါက်တို့ကို အ၀င်အထွက်မရှိ ပိတ်ဆို့ထားရာ ၇-နှစ်မျှ ကြာသွားလေသည်။

မည်သို့မျှ အကြောင်းမထူး၍ မယ်တော်ကြီးထံ ထပ်မံ၍ အကြံဉာဏ်တောင်းခံရာ အတွင်းနေ မယ်တော်ကြီးက တံခါးငယ် (မလွယ်ပေါက်) ပါ မကျန် အားလုံး ပိတ်ဆို့ ၀န်းရံထားရမည်ဟု အကြံပေးလေ၏။ မယ်တော်ကြီး အကြံပေးသည့်အတိုင်း ၀င်ပေါက်ထွက်ပေါက် မရှိအောင် (၀င်မရ ထွက်မရအောင်) ပိတ်ဆို့ ၀န်းရံထားလေရာ မြို့သူမြို့သားတွေမှာ အစာရေစာအတွက် ဒုက္ခရောက်ပြီး အနေကျပ်သောကြောင့် ကောသလမင်း၏ ဦးခေါင်းကို ဖြတ်၍ သီဝလိအလောင်း ဗာရာဏသီမင်းသားအား ဆက်သပြီး ထီးနန်းကို ထိုးအပ်ရလေသည်။ ဤမကောင်းမှု အကုသိုလ်ကံကြောင့် ကိုယ်တိုင်ကျူးလွန်သူ ဗာရဏသီမင်းသားမှာ ငရဲ၌ ခံရပြီ ရှင်သီဝလိအလောင်းအလျာ ဖြစ်လာသည်။

( ရှင်သီဝလိ မယ်တော်နှင့် ခမည်းတော်)
ရှင်သီဝလိ ဖွားရာဒေသမှာ ကုဏ္ဍိကာမြို့ ဖြစ်သည်။ ရှင်သီဝလိ၏ မျိုးရိုးမှာ ကောလိယမင်းမျိုး ဖြစ်သည်။ ဖခင်၏အမည်ကို ကျမ်းဂန်တို့၌ သီခြားမပြပါ။ ကောလိယမင်းသား-တပါးဟုသာ သာမန်ပြဆိုသည်။ မယ်တော်၏အမည်ကိုမူသုပ္ပ၀ါသာ-ဟု သီးခြားပြဆိုသည်။ သုပ္ပ၀ါသာသည်လည်း ဆွေကြီးမျိုးကောင်း ကောလိယဘုရင်တပါး၏ သမီးတော်ဖြစ်သည်။ အလွန်သဒ္ဓါတရား ကောင်း၏။ ဖွယ်ဖွယ်ရာရာ မွန်မွန်မြတ်မြတ် လှူတတ်သောသဘောရှိ၏။ ထို့ကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတွင် မွန်မွန့်မြတ်မြတ် ပေးလှူတတ်သောအရာ ဧတဒဂ်ဘွဲ့ ချီးမြှင့်ခံရသူ ဖြစ်သည်။

မြတ်စွာဘုရားနှင့် သံဃာတော်များအတွက် ခဲဘွယ်ဘောဇဉ်နှင့် ဆေးဝါးဓာတ်စာများကို သင့်လျော်အောင် စီမံ၍ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း သံဃာတော် ၁၀၈-ပါးကို နိစ္စဘတ် ဆွမ်းလောင်းလှူလေ့ ရှိသည်။ ဆွမ်းခံကြွလာသော ဘိက္ခုဖြစ်စေ၊ ဘိက္ခုနီဖြစ်စေ အချည်းနှီး ပြန်မသွားရ။ ကန်တော့ဆွမ်း မလောင်း။ အကယ်၍ ဆွမ်းနှင့် ဆွမ်းဟင်း ကုန်သွားသော် အခြားစားဖွယ် တမျိုးမျိုးကို လောင်းလှူလေ့ရှိသည်။ လှူသည့်အခါမှာလည်း ဖြစ်ကတတ်ဆန်း မလှူ။ မွန်မွန်မြတ်မြတ် ရိုရိုသေသေ လှူတတ်သည်။ ဒါနနှင့် ပျော်မွေ့သူဖြစ်သည်။

ဤမျှ သဒ္ဓါတရားကောင်းပြီး ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူ ဖြစ်ပါလျက် ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသည်မှာ သနားဖို့ပင် ကောင်းတော့သည်။ အဖြေကား မြို့ကို ၀န်းရံပိတ်ဆို့ထားပါ-ဟု တိုက်တွန်း မိသော အကုသိုလ်ပြစ်ချက်၏ အကျိုးဆက်ပင် ဖြစ်တော့သည်။

ရှင်သီဝလိသည်လည်း ကျပ်တည်းကျဉ်းမြောင်းသော အမိဝမ်းထဲတွင် သွေးအလူးလူးဖြင့် ၇-နှစ်ကြာမျှ ဒုက္ခကြီးစွာ ၀ဋ်ဆင်းရဲကို ခံရရှာသည်။ မွေးဖွားရာတွင်လည်း သက်သာလွယ်ကူခြင်း မရှိဘဲ ကမ္မဇလေကြောင့် ဦးစောက်ပြောင်းပြန် ခြေထောက်မိုးမျှော် ကျွမ်းထိုးမှောက်ခုံ ဖြစ်ရရုံမျှမက အမိ၏ယောနိတွင် ကန့်လန့်ခံ၍ ၇-ရက်ကြာ ဒုက္ခဝေဒနာကို အလူးအလဲ ခံရပြန်လေသည်။

( အံ့ဖွယ် ဖြစ်ရပ်ထူးများ)
ရှင်သီဝလိ၏ ကုသိုလ်ကံအကျိုးပေးကောင်းပုံမှာလည်း ထူးထူးခြားခြား ရှိလှ၍ အံ့သြဖွယ် ကောင်းလွန်းလှပေသည်။
ရှင်သီဝလိအလောင်း သန္ဓေတည်မိသည်နှင့်တပြိုင်နက် ၀မ်းတွင်းရှိ သန္ဓေသား၏ ကုသိုလ်ကံကြောင့် မယ်တော် သုပ္ပ၀ါသာမင်းသမီးအထံသို့ ဟိုမှသည်မှ ရာပေါင်းများစွာသော လက်ဆောင်ပစ္စည်းများ နေ့စဉ်အမြဲ ည-နံနက် ဆက်ကာဆက်ကာ ပေးပို့လာကြလေသည်။ ဆွေမျိုးများက သုပ္ပ၀ါသာမင်းသမီး၏ ဘုန်းကံကိုစမ်းလို၍ မျိုးစေ့ထည့်ထားသော တောင်းကို မင်းသမီး၏ လက်ထဲသို့ ထည့်စေကြကုန်၏။ သုပ္ပ၀ါသာမင်းသမီး၏ လက်ဖြင့် ထိမိသမျှ မျိုးစေ့တို့သည်အံ့သြယူရလောက်အောင် တစေ့တစေ့မှ အပင်အညှောက် အရာအထောင်ပေါက်ပွား လာကြကုန်၏။ မင်းပယ်တပယ် ကျယ်ဝန်းသော လယ်မြေတကွက်မှ လှည်းအစီးပေါင်း ငါးဆယ်ခြောက်ဆယ် တိုက်ယူရလောက်အောင် ကောက်စပါးများ အထွက်တိုး၍ လာလေသည်။

စပါးကျီထဲသို့ စပါးများကို သွင်းသည့်အခါမှာလည်း မင်းသမီးလက်ဖြင့် တံခါးပေါက်ကို အကိုင်ခိုင်းကြည့်ရာ ၀မ်းတွင်းရှိ သီဝလိ၏ ဘုန်းကံကြောင့် ပြောင်း၊ စပါး၊ စသော ကောက်ပဲသီးနှံများမှ (ထုတ်ယူသယ်ဆောင်သွားသည့်တိုင်) မူလအတိုင်း လျော့သွားသည်မရှိ၊ ပြည့်မြဲပြည့်၍ နေတတ်လေသည်။ ချက်ပြီးသား ထမင်းအိုးမှ ထမင်းကို ခူးခပ်ကာ-ဟောဒါ-မင်းသမီး၏ ဘုန်းကံပါပဲ-ဟု ပါးစပ်မှ ပြောဆို၍ ပေးကမ်းလှူဒါန်းပါလျှင် ကုန်ခန်းသည်မရှိ၊ ပြည့်စုံလုံလောက်သော ဟူ၏။

ဤသို့ အံ့ဖွယ်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ပေါ်ရခြင်းမှာ ၀ိပဿီဘုရားလက်ထက်က နွားနို့ခဲနှင့် ပျားရည်ကို လှူခဲ့ဖူးသော ကုသိုလ်၏ အကျိုးဆက်ပင် ဖြစ်လေသည်။

(ဂုဏ်တော်ပွား၍ သည်းခံခြင်း)
ကိုယ်ဝန်သန္ဓေကို ခုနစ်နှစ်ကြာမျှ လွယ်ထားရသော သုပ္ပ၀ါသာမင်းသမီး၏ ဆင်းရဲဒုက္ခ မည်မျှကြီးမားသည်ကို စာရှုသူတို့ ကိုယ်ချင်းစာကြည့်လျှင်သိနိုင်ရာပါသည်။ ဤ၌ သုပ္ပ၀ါသာ မင်းသမီး၏ သဘောထားခံယူချက်မှာ အတုယူ မှတ်သားဖို့ ကောင်းပါသည်။ သုပ္ပ၀ါသာမင်းသမီးသည် သန္ဓေလွယ်ရသော ဒုက္ခဝေဒနာကို အခြားနည်းဖြင့် မဖြေဖျာက်ဘဲ ဂုဏ်တော်ပွားများခြင်းဖြင့် အာရုံပြောင်းလဲအောင် ပြုလုပ်၍ သည်းခံခဲ့လေသည်။

ဂုဏ်တော်ပွားများ ဆင်ခြင်ပုံမှာ-
(က) မြတ်စွာဘုရားသည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် တရားဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် ပြည့်စုံတော်မူပါပေစွတကား။

(ခ) မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ယခု ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးကို ပယ်စွန့်ဖို့ရန် ကြံစည်ကြိုးကုတ် အားထုတ်တော်မူ၏။ ထိုမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် သုံးပါးသိက္ခာ ကျင့်ဖွယ်ရာကို ကောင်းစွာ ကျင့်တော်မူပါပေစွတကား။

(ဂ) အကြင်တရားမြတ်၌ ငါခံစားနေရသော ဆင်းရဲဒုက္ခမျိုးမရှိ။ ထိုနိဗ္ဗာန်တရားမြတ်သည် အလွန့်အလွန် ချမ်းသာပေစွတကား။

သုပ္ပ၀ါသာမင်းသမီးသည် မြတ်စွာဘုရားဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ သံဃာတော်၏ သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့်စပ်သော ကောင်းသောအကြံ၊ နိဗ္ဗာန်၏ သန္တိသုခဂုဏ်နှင့် စပ်သော ကောင်းသောအကြံ ဤအကြံ သုံးမျိုးတို့ဖြင့် ကိုယ်ဝန်လွယ်ရသော ဒုက္ခဝေဒနာကို သည်းခံဖြေဖျောက်၍ နေလေသည်။

သန္ဓေလွယ်ရသော အချိန်ကာလ ခုနစ်နှစ်ကြာမျှ ကြာညောင်းပြီး မွေးဖွားရန် ကမ္မဇလေ လှုပ်ရှား၍ အခံရခက်အောင် ဝေဒနာ ပြင်းထန်လာသောအခါ သူ၏ ခင်ပွန်းဖြစ်သူ ကောလိယမင်းသားကို အနားသို့ ခေါ်ယူပြီး အောက်ပါ စကားကို ပြောကြားလေသည်။

အမောင်-ကိုယ်ဝန်ဒုက္ခ ကြီးမားလှ၍ သေရမည်၊ ရှင်ရမည် အတပ်မသိနိုင်ပါ။ ဒါကြောင့် မသေမီ (အသက်ရှင်ခိုက်) အလှူပေးသွားချင်ပါတယ်။ မြတ်စွာဘုရားထံသွား၍ အကျိုးအကြောင်း လျှောက်ထားပြီး အလှူရက်ကို သတ်မှတ်ပါ။ မြတ်စွာဘုရား မိန့်ကြားသမျှကိုလဲ တလုံးမကျန် မှတ်သားပြီး ကျွန်ုပ်ကို ပြန်ပြောပါ။

(အလှူ ၂-ခု ဆုံနေခြင်း)
ကောလိယမင်းသားသည် ဇနီးဖြစ်သူ သုပ္ပ၀ါသာ၏ စကားကို ယူဆောင်၍ မြတ်စွာဘုရားထံသို့ သွားရောက်ကာ အကျိုးအကြောင်းကို လျှောက်ထားလေ၏။ သုပ္ပ၀ါသာမင်းသမီး၏ သဒ္ဓါတရားကိုငဲ့၍ နေအိမ်သို့ အလှူခံ
ကြွရောက်ပါရန်လည်း ပင့်လျှောက်လေ၏။ မြတ်စွာဘုရားက သုပ္ပ၀ါသာမင်းသမီး၏ အလှူကို ချက်ချင်း လက်မခံသေးဘဲ ဆိုင်းငံ့ထား၏။ ဤသို့ဆိုင်းငံ့ထားခြင်းမှာ သုပ္ပ၀ါသာမင်းသမီးထံမှ အပင့်မရောက်မီ အရှင်မောဂ္ဂလာန်ကို ဆည်းကပ်ကိုးကွယ်သော ဒကာတဦးက ပင့်ထားပြီးဖြစ်၍ ချက်ချင်း ၀န်မခံခြင်း ဖြစ်သည်။

အလှူ ၂-ခု တိုက်ဆိုင်နေသောအခါ မြတ်စွာဘုရားက အရှင်မောဂ္ဂလာန်ကို ခေါ်၍ အလှူရက် နောက်ဆုတ် ပေးရန် သူ၏ ဒကာထံသို့ စေလွှတ်လိုက်သည်။ အရှင်မောဂ္ဂလာန်က သူ၏ဒကာကို ပြောပြသည်မှာ အလှူ ၂-ခု တိုက်ဆိုင်နေသည့်အတွက် ဝေဒနာသည်ကို ဦးစားပေးသောအားဖြင့် ဒကာကြီး၏ အလှူရက်ကို ၇-ရက်မျှ နောက်သို့ ရွှေ့ပေးပါရန် ပြောကြားလေသည်။

အလှူ့ဒကာကြီးက ပြတ်ပြတ်သားသား ပြန်၍လျှောက်ထားလိုက်သည်မှာ-
အရှင်ဘုရားများ ဖြစ်စေချင်သလို တပည့်တော်၏ အလှူရက်ကို နောက်သို့ ရွှေ့ဆိုင်းပေးပါမည်။ သို့ရာတွင် ခုနစ်ရက်အတွင်း တပည့်တော်၏ အသက်ရယ်၊ စည်းစိမ်ဥစ္စာရယ်၊ သဒ္ဓါတရားရယ် ဤသုံးမျိုး မပျက်စီးစေရပါဘူး-လို့ အရှင်ဘုရားတို့ အာမခံနိုင်ပါ့မလား၊ အာမခံနိုင်ရင် တပည့်တော်ရဲ့ အလှူရက်ကို ရွှေ့ပေးပါမယ်ဘုရား။

အလှူ့ဒကာကြီးက အာမခံချက် ၃-မျိုးကို တင်ပြတောင်းဆိုလာသောအခါ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်က-
ဒကာကြီးရဲ့ တင်ပြချက်ဟာ သဘာဝကျပါပေတယ်။ ဒါပေမဲ့ အသက်နှင့် စည်းစိမ်ကိုတော့ ၇-ရက်အတွင်း မပျက်စီးစေရပါဘူးလို့ အာမခံမယ်ဆိုလျှင် ခံနိုင်စရာ ရှိပါတယ်။ သဒ္ဓါတရားကိုတော့ အာမမခံနိုင်ပါ။ ဒကာကြီးဘာသာ လိမ္မာသလို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ ဤသို့ ပြန်လည် ရှင်းပြတော် မူပေသည်။

ထိုဒကာကြီးသည် အရှင်မောဂ္ဂလာန်နှင့် ရင်းနှီးရုံမျှမက ကြည်ညိုရင်းစွဲရှိသည့်အပြင် မြတ်စွာဘုရားကို ရိုသေလေးစာသောအားဖြင့် ဝေဒနာသည်ကို ဦးစားပေးကာ သူ၏ အလှူရက်ကို နောက်သို့ ၇-ရက်မျှ ရွှေ့ပေးလိုက်လေသည်။

( မေတ္တာဓာတ်ကြောင့် ဖွားမြင် )
အရှင်မောဂ္ဂလာန်၏ ဒကာအထံမှ သဘောတူ ခွင့်ပြုချက်ရသောအခါ မြတ်စွာဘုရားက သုပ္ပ၀ါသာ မင်းသမီး၏ အလှူကို လက်ခံတော်မူပြီး-
သုပ္ပ၀ါသာ မင်းသမီးသည် ရောဂါမရှိ ပကတိချမ်းသာစေသတည်း။
ရောဂါမရှိ ပကတိချမ်းသာလျက် ရောဂါကင်းသော သားကို လွယ်ကူစွာ ဖွားစေသတည်း-ဟု မေတ္တာဓာတ် အပြည့်အ၀ဖြင့် မိန့်ကြားတော်မူလေသည်။

မြတ်စွာဘုရား မိန့်ကြားတော်မူလိုက်သည်နှင့် တပြိုင်နက် မရှေးမနှောင်း နေအိမ်တွင် ကျန်ရစ်သော သုပ္ပ၀ါသာမင်းသမီးသည် ၇-နှစ်လွယ်ထားရပြီး ၇-ရက်တိုင်တိုင် မီးမဖွားနိုင်ဘဲ အခက်အခဲကြုံနေရသော သန္ဓေသားကို လွယ်ကူချောမောစွာ ဖွားမြင်လေ၏။

ထိုအခါကျမှ မီးနေအိမ်အနားတွင် အကဲခတ်စုရုံးနေကြသော ဆွေတစု မျိုးတသိုက်မှာ အကြည်ဓာတ်ဆိုက်ပြီး ပြုံးနိုင် ရွှင်နိုင်ကြလေသည်။ သားကလေး မွေးပြီဆိုသော သတင်းကို ဖခင်ဖြစ်သူ ကောလိယမင်းသားထံသို့ အပြေးအလွှားပြောသူက ပြောကြ၏။ ထိုသူများ၏ လှုပ်လှုပ်ရှားရှား ၀မ်းပန်းတသာ ပြေးလွှားကြသောမြင်ကွင်းကို ကျောင်းတော်မှ ပြန်လာသော ကောလိယမင်းသားက တွေ့မြင်လိုက်ရသောအခါ ငါ၏ဇနီး မီးဖွားပြီဟု သဘောပေါက်ပြီး ဖြစ်လေသည်။ ဆွေမျိုးတို့၏ ပူပန်မှု စိတ်သောကကို ငြိမ်းအေးစေလျက် ဖွားမြင်သန့်စင်လာ သောကြောင့် သူငယ်၏ အမည်ကို ( သီဝလိ) ဟု အမည်ပေးကြသည်။
သီဝလိ=သောကအပူကို ငြိမ်းအေးစေးသူ (၀ါ) မောင်ငြိမ်းချမ်း။

( မွေးဖွားစသူငယ် စကားပြောခြင်း )
သုပ္ပ၀ါသာမင်းသမီးသည် သီဝလိသတို့သား ဖွားမြောက်သည့် အထိမ်းအမှတ်အဖြစ် မြတ်စွာဘုရားနှင့် သံဃာတော်များကို နေအိမ်သို့ပင့်၍ ၇-ရက်တိုင်တိုင် အလှူကြီးကို ပေးလေသည်။ ရှင်သီဝလိ သတို့သားမှာ အမိဝမ်း၌ ၇-နှစ်မျှနေခဲ့ရပြီးဖြစ်၍ ဖွားမြောက်လာချိန်တွင် ၇-နှစ်အရွယ်ရှိ သူငယ်တို့ ပြုလုပ်ရမည့် အမှုလုပ်ငန်းမှန်သမျှကို ပြုလုပ်နိုင်စွမ်း ရှိပေပြီ။ ထို့ကြောင့် သံဃာတော်များကို သီဝလိသူငယ်ကိုယ်တိုင် ရေစစ်၍ သောက်ရေဆက်ကပ်ခြင်း၊ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် စကားပြောခြင်းများကို ပြုလုပ်လေသည်။ ထိုအံ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရသော မယ်တော်သုပ္ပ၀ါသာ မင်းသမီးအဖို့ ၀မ်းမြောက် ကြည်နူးမဆုံး ရှိလေသည်။ (အံ-ဋ္ဌ-၁၊ နှာ-၁၉၄)

မြတ်စွာဘုရားက -ချစ်သမီး သုပ္ပ၀ါသာ၊ ကိုယ်ဝန်ဒုက္ခကို ၇-နှစ်မျှ လွယ်ထားရပြီးဖြစ်၍ နောက်ထပ် ကိုယ်ဝန်ဆောင်လိုစိတ် ရှိပါသေးသလား-ဟု မေးတော်မူရာ သုပ္ပ၀ါသာမင်းသမီးက -မှန်ပါဘုရား၊ သီဝလိလို သားမျိုးကိုသာ ရမည်ဆိုပါက နောက်ထပ် ၇-ခါ ပဋိသန္ဓေလွယ်ပြီး ၇-ယောက်တိတိ ဖွားလိုပါသေးကြောင်း-မိန်းမပီပီ လျှောက်ထားလေသည်။ ဤသို့လျှောက်ထားခြင်းမှာ သားဖွားခြင်း၌ ရောင့်ရဲတင်းတိမ်မှုမရှိသော မိန်းမတို့၏ ဓမ္မတာသဘောအရ လျှောက်ထားခြင်း ဖြစ်ပေသည်။

( သီဝလိ သင်္ကန်းဝတ် )
အလှူကြီး ၇-ရက်မြောက်သော နောက်ဆုံးနေ့တွင် ရှင်သာရိပုတ္တရာကို သီဝလိသူငယ်က အမိဝမ်းတွင်း၌ ဒုက္ခကြီးစွာ နေထိုင်ရပုံအကြောင်းများကို လျှောက်ထားပြီး မိဘ ၂-ပါးက ခွင့်ပြုပါလျှင် သင်္ကန်းဝတ်လိုကြောင်း လျှောက်ထားလေ၏။ ခွင့်ပြုချက်ရသောအခါ ရှင်သာရိပုတ္တရာက ကျောင်းတော်သို့ခေါ်သွားပြီးလျှင် တစပဉ္စက ကမ္မဋ္ဌာန်းကို ပေးကာ ရှင်သာမဏေပြုရန် ဆံချပေးလေ၏။

ပထမဆံဝန်းအချတွင် သောတာပန်၊
ဒုတိယဆံဝန်းအချတွင် သကဒါဂါမ်၊
တတိယဆံဝန်းအချတွင် အနာဂါမ်၊
ဆံရိတ်အပြီးတွင် ရဟန္တာဖြစ်လေ၏။

ရှင်သီဝလိကို ရဟန်းပြုသောနေ့မှစ၍ ကျောင်းတိုက်ရှိ သံဃာအားလုံး ရှင်သီဝလိ၏ ဘုန်းကံကြောင့် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး ခက်ခဲမှုမရှိဘဲ အလျှံပယ်ပေါများလေ၏။ ရှင်သီဝလိ၏ အကြောင်းအရာ ဇာတ်လမ်းစုံသည် မြတ်စွာဘုရားသခင် ကုဏ္ဍိကာမြို့တွင် သီတင်းသုံးနေထိုင်စဉ်က ဖြစ်ပေါ်လာခဲ့ပေသည်။

( ဘုန်းကံကို စုံစမ်းခြင်း )
ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ရှင်သီဝလိကို လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် အားလုံးက လက်ခံထားကြ၏။ မှန်ပေ၏။ မြတ်စွာဘုရားသည်ပင် ပစ္စည်းလေးပါး ခက်ခဲအံ့ထင်သော မြို့ရွာများသို့ သာသနာပြု ကြွသည့်အခါ ရှင်သီဝလိကို ခေါ်သွားလေ့ရှိ၏။ ရှင်သီဝလိပါလျှင် စားဝတ်နေရေး ခက်ခဲမှုမရှိ။ အားလုံးပြီးပြည့်စုံ၏။ လူ့ရွာကို မဆိုထားဘိ လူနေအိမ်ခြေမရှိသည့် တောအရပ်မျိုးမှာပင် ရုက္ခစိုးနတ်တို့က ဆီးကြိုကာ လှူဒါန်းကြ၏။ ရှင်သီဝလိ ဘုန်းကံမှာ ဤမျှ အံ့ဖွယ်ကောင်းအောင် ထူးခြားလှဘိ၏။

တခါက ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာရာ ရှင်သီဝလိကိုယ်တော်လည်း နောက်တော်မှ ပါလာ၏။ ရှင်သီဝလိက-မြတ်စွာဘုရား၊ တပည့်တော်၏ ဘုန်းကံကို စုံစမ်းလိုပါ၍ တပည့်နှင့် အတူ သံဃာအပါး ၅၀၀-ထည့်ပေးတော်မူပါဘုရား-ဟု လျှောက်ထားရာ မြတ်စွာဘုရားက ရှင်သီဝလိနောက်သို့ သံဃာအပါး ၅၀၀-ထည့်ပေးလိုက်၏။

ရှင်သီဝလိသည် လူတို့နေထိုင်ရာ မြို့ရွာများသို့ မကြွမူ၍ ဟိမ၀န္တာသို့ ရှေးရှုကာ တောလမ်းခရီးမှ ကြွသွားလေသည်။ ဤသို့ ကြွသွားရာ လမ်းခရီးရှိ ဆိုက်ရောက်ရာ နေရာအားလုံး၌ပင် ဆိုင်ရာဆိုင်ရာ နတ်တို့က ရှင်သီဝလိ မထေရ်အား ခုနစ်ရက်စီ၊ ခုနစ်ရက်စီ အလှူဒါနကို အကြီးအကျယ် ပေးလှူကြလေသည်။ ရှင်သီဝလိအတွက် ပေးလှူသော ပစ္စည်းများသည် နောက်ပါ သံဃာ ၅၀၀-တို့ပင် သုံးစွဲ၍ မကုန်အောင် ပြည့်စုံလုံလောက်ရုံမျှမက အလျှံပယ်ဖြစ်၍ နေလေ၏။ ရှင်သီဝလိဘုန်းကံကား ဤမျှ ကြီးမားလှပေ၏။ လူများသာမက နတ်များကပင် လှူဒါန်းကြသောကြောင့် လာဘ်လာဘ ပေါများရာ၌ ရှင်သီဝလိမထေရ်အား ဧတဒဂ်ဘွဲ့ထူး ပေး၍ ချီးမြှင့်တော်မူလေသည်။

( မာဂဓီ-သာစည် )

Tuesday, February 2, 2010

ဗုဒ္ဓဘာသာဝင် နိုင်ငံတွေ ဘာကြောင့်ဆင်းရဲနေရတာလဲ?

ဘုန်ဘုန်း.. တပည့်တော်မ သိချင်တာလေး တစ်ခုလျှောက်ထားခွင့်ပြုပါ၊ ဗုဒ္ဓရဲ့ တရားတော်တွေက သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ ဆင်းရဲနေရတာလဲ၊ လိုအပ်တဲ့နေရာတွေမှာ မပေးလှူဘဲ အရမ်းကြီးမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့ ဆင်းရဲနေတာလား၊ တပည့်တော်မ စိတ်ထဲမရှင်းလို့ ဖြေကြားပေးပါ ဘုရား။
ပူစူး အင်္ဂလန်

အီးမေးလ်နဲ့ မေးထားတဲ့ မေးခွန်းပါ၊ ဒီလိုမေးခွန်းမျိုး မကြာခဏအမေးခံခဲ့ရဖူးတယ်၊ ဘာသာရေးကို အလေးအနက်ထားသူများကြားမှာလဲ ဒီမေးခွန်းက စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်။ မေးခွန်းရှင်ရဲ့ မေးခွန်းကို အပိုင်း ၂ ပိုင်းခွဲပြီး ဖြေကြရအောင်၊ ပထမ အပိုင်းက ဘုရားရှင်ဟောကြားတဲ့ တရားတွေ သန့်စင်မွန်မြတ်ပါလျှက် ဘာဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲနေရတာလဲ ဆိုတာပါ။

တကမ္ဘာလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေသာ ဆင်းရဲတာ မဟုတ်ဘဲ ခရစ်ယာန်နိုင်ငံများ အစ္စလာမ်ဘာသာဝင်နိုင်ငံများ ဟိန္ဒူဘာသာဝင်နိုင်ငံများလည်း ဆင်းရဲနေကြတာကို တွေ့မြင်နိုင်တယ်၊

တကယ်ဆိုရင် တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးမှု နောက်ကျခြင်း ဆင်းရဲမွဲတေခြင်းဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ အဲဒီတိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လှုမှုရေးတွေကြောင့် ဖြစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ နိုင်ငံရေး စီးပွားရေးစနစ်ကောင်းနေတဲ့ ဂျပန် ကိုရီးယား တရုတ် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေ တိုးတက်နေတာကိုလဲ သတိထားကြည့်နိုင်တယ်။

တကယ်တော့ ဘာသာရေးဆိုတာ အိမ်ပေါ်မှာတင်ထားတဲ့ ပစ္စည်းလိုပါပဲ၊ အိမ်တစ်လုံးဟာ အမိုးကလဲကောင်း အကာလဲကောင်း ခိုင်ခိုင်ခန့်ခန့် ရှိနေမယ်ဆိုရင် အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ အရောင်ထွက်နေပါလိမ့်မယ်၊ အမိုးအကာမဲ့ပြီး ယိုင်နဲ့ ချည့်နဲ့နေတဲ့ အိမ်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းဟာ မိုးဒဏ် လေဒဏ်ကြောင့် အရောင်ညှိုးမှိန် ရမှာ အမှန်ပါ။ နိုင်ငံရေး စနစ် စီးပွားရေးစနစ် လှုမှုရေးစနစ် အစစ အရာရာ နိမ့်ကျ(အရည်အသွေးမမှီ)တဲ့ နိုင်ငံမှာရှိနေတဲ့ ဘာသာရေးကလဲ အများလေးစားစရာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်၊

တစ်ခုတော့ ပြောစရာရှိပါတယ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို တန်ဖိုးထားရှာဖွေနေကြသူများကတော့ မွန်မြတ်တဲ့တရား ဘယ်နေရာမှာရှိရှိ ဘယ်နိုင်ငံမှာရှိရှိ တန်ဖိုးထားကြမှာပါ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု တစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာကြောင့်ပဲ တိုးပြည်ဆင်းရဲနေရသလို မြင်ပါလိမ့်မယ်၊
လိုရင်းပြောရရင်တော့ ဗုဒ္ဓဘာသာကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းပြည်တွေဆင်းရဲ နေရတာမဟုတ်ဘဲ အိမ်မကောင်းလို့ အိမ်ထဲက ပစ္စည်းများ အရောင်မှိန်နေခြင်းသာဖြစ်ပါတယ်လို့ ဖြေကြားပါရစေ။

ပူစူးရဲ့ မေးခွန်း အပိုင်းနှစ်က လိုအပ်တဲ့နေရာတွေမှာ မလှူဘဲ အရမ်းမလိုအပ်တဲ့ စေတီ ဘုရားကျောင်းကန်တွေမှာ လှူနေလို့ တိုင်းပြည်ဆင်းရဲနေရတာလား ဆိုတာပါ၊ ဒီနေရာမှာ အမြင်တွေ အမျိုးမျိုး ကွဲနိုင်ပါတယ်၊

အနော်ရထားမင်းကြီး ကျန်စစ်သားမင်းကြီးတို့လက်ထက်က တည်ထားခဲ့တဲ့ စေတီတွေ အများကြီးပါ၊ ဒီလို စေတီတွေ အများကြီးတည်ခဲ့လို့ တိုင်းပြည်မွဲတာလို့ တချို့က မြင်တယ်။ အေဒီ ၇ ရာစု ၈ ရာစု ၀န်းကျင်က တည်ထားခဲ့တဲ့ ဒီစေတီတွေရဲ့ အနုပညာလက်ရာတွေ။ မြစေတီလို ဘာသာ သုံးမျိုးနဲ့ရေးစိုက်ခဲ့တဲ့ ကျောက်စာတွေဟာ အဲဒီခေတ်ကို ကိုယ်စားပြုခဲ့တာတွေပါ၊

ပုဂံခေတ်ရဲ့ ပညာရေးအဆင့်အတန်း အနုပညာအဆင့်အတန်းနဲ့ မြန်မာတို့ရဲ့ တိုးတက်မှုကို ဖော်ကျူးပြခဲ့တာပါ၊ တကယ်လို့သာ အဲဒီစေတီတွေ အများကြီးမတည်ဖြစ်ခဲ့ရင် ဒီနေ့ခေတ်မှာ ပုဂံဆိုတာကို ကမ္ဘာက သိမှာမဟုတ်ဘူး၊ဒီလိုဆိုတော့ သမိုင်းတန်ဖိုးအရ ကြည့်ရင် လူသားတို့ရဲ့ ယုံကြည်မှုအရကြည့်ရင် တကယ့်ကို လုပ်သင့်တဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်လို့ တိုင်းပြည်ဆင်းရဲခြင်း ချမ်းသာခြင်းဟာ ဘုရားစေတီတွေကို လှူခြင်း မလှူခြင်းနဲ့တော့ အများကြီး မသက်ဆိုင်ပါဘူး၊
ဘကြီးတော်မင်းတရား လက်ထက်က ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး စတာတွေ မဆောက်ဖြစ်ခဲ့ရင် မလုပ်ဖြစ်ခဲ့ရင် မင်းကွန်းဆိုတဲ့ ရွာသိမ် ရွာငယ်လေးကို ကမ္ဘာက သိမှာမဟုတ်ဘူး။
လူသားဆိုတာ ကိုယ်ကျေနပ်မှုရအောင် စိတ်ချမ်းသာအောင်အမြဲ လုပ်ဆောင်လေ့ရှိတဲ့ သတ္တ၀ါမျိုးပါ၊

ဘုရား စေတီတွေ တည်ဆောက်ခြင်းဖြင့် ရလာတဲ့ စိတ်ချမ်းသာမှုမျိုးကို တန်ဖိုးထားကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဘုရား စေတီတည်တာကြောင့် ချမ်းသာ ဆင်းရဲဖြစ်ရတာ မဟုတ်ဘူး၊ လူတိုင်းလဲ ဘုရား စေတီတည်နေကြတာ မဟုတ်သလို လူတိုင်းလဲ ပရဟိတ ခေါင်းပါးနေတာ မဟုတ်လို့ပါပဲ။ ဟန်ချက်ညီတဲ့ လုပ်ဆောင်မှုတွေ ဖန်တီးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။

အင်္ဂလန်က ပူစူးကျေနပ်မည်ဟု မျှော်လင့်ပါသည်၊ နားလည် တတ်ကျွမ်းသည့် အခြားအခြား ဆရာတော်များကိုလဲ မေးမြန်းသင့်ပါ၏။

Wednesday, January 13, 2010

လောက၀ိဒူဂုဏ်တော်နှင့် ဆင့်ပွားအတွေးများ

နေ့စဉ် ဘုရားဂုဏ်တော် ကိုးပါးကို သက်စေ့ရွတ်ဖြစ်တယ်၊ အချိန်များများ ရတဲ့နေ့တွေမှာ ပိုပြီးရွတ်ဖတ် ပူဇော်ဖြစ်တယ်၊ အလုပ်မရှိဘဲ စိတ်ကိုဒီအတိုင်း လွှတ်ထားမယ့်အစား စိတ်ကို ပုံမှန်အလုပ်ပေးတဲ့ သဘောထက် မပိုပါဘူး၊ တစ်ခါတရံ လေးလေးနက်နက် ဂုဏ်တော်ကို ဆင်ခြင်မိတဲ့အခါလည်း ရှိတယ်၊ တစ်ခါတရံ (စိတ်တွေလေးနေ ပျင်းနေတဲ့အချိန်) ရွတ်ဖတ်ရင်တော့ နှုတ်ကသာ ဂုဏ်တော်တွေထွက်နေတာ ဘယ်နှစ်ကြိမ်ရှိသွားပြီဆိုတာတောင် သတိမထားနိုင်ဘူး၊

ဘုရားရှင်ရဲ့ ဂုဏ်တော်ကို လေးလေးနက်နက် ကြည်ညို စဉ်းစား ရွတ်ဖတ်နိုင်တဲ့နေ့တွေမှာ စိတ်ကကြည်လင်နေတယ်၊ ကိုယ့်ယုံကြည်ချက်အတိုင်း ကောင်းတာလေး လုပ်ခွင့်ရတာပဲလို့ တွေးပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေတတ်တယ်၊

တကယ်တော့ ဂုဏ်ဆိုတာ ဥုံဖွ မန်းမှုတ်ပြီး ပေါ်လာတာမျိုးတော့မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်(စွမ်းဆောင်ချက်) နောက်က လိုက်လာတဲ့ အရည်အချင်းတစ်ခုသာ ဖြစ်တယ်။

ဘုရားရှင်ရဲ့ စိတ်တော်မှာ အညစ်အကြေး(ကိလေသာ) မရှိတဲ့အတွက်
လောကအပေါ် ပြည့်ပြည့်၀၀ နားလည် သိမြင်လာတယ်( သမ္မာသမ္ဗုဒ္ဓ- Really Fully understanding ) သဘာဝလွန် သိမြင်ခြင်း မဟုတ်ဘဲ လောကကို အရှိတိုင်း သိလာမြင်လာတယ်၊

အရှိကို အရှိအတိုင်း သိမြင်လာဖို့အတွက် အသိနဲ့ အကျင့်ကို တွဲပြီး လေ့ကျင့်ခဲ့တယ်၊(၀ိဇ္ဇာ စရဏ သမ္ပန္နော)

အသိ အကျင့်နှစ်ခုကို တွဲပြီးလေ့ကျင့်တော့ ဥာဏ်အလင်းတစ်ခု ဖြစ်ပေါ်လာပြီး ရုပ် နာမ် လောကမရှိတဲ့ ငြိမ်းအေးတဲ့ သဘောကို ရှာဖွေနိုင်ခဲ့တယ်၊(သုဂတော)

ပြီးတော့ လောကကြီးအကြောင်းကို ပိုပြီးသိမြင်လာတယ်၊(လောက၀ိဒူ)
လောကအကြောင်းကို ပိုသိတဲ့သူဖြစ်တဲ့အတွက် လောကထဲမှာ ရှိတဲ့သူ အားလုံးကို ဆုံးမ လမ်းညွှန်နိုင်သူ ဖြစ်လာတယ်၊(အနုတ္တရော ပုရိသဒမ္မသာရထိ)

လမ်းကောင်းကို လမ်းညွှန်နိုင်သူဖြစ်တဲ့အတွက် လောကရဲ့ဆရာတစ်ဆူဖြစ်တော်မူတယ်၊ (သတ္ထာဒေ၀ မနုဿာနံ)
လောကရဲ့ဆရာတစ်ဆူဖြစ်လာဖို့ အမှန်တရားတွေကို ပြတ်ပြတ်သားသား ဥာဏ်နဲ့သိအောင် ရှာဖွေခဲ့ လေ့ကျင့်ခဲ့တယ်၊(ဗုဒ္ဓေါ)
ဒါကြောင့် ဘုရားရှင်ဟာ ဂုဏ်တော်အစုံ ပြည့်စုံသူဖြစ်လာတယ်။(ဘဂ၀ါ)

စဉ်းစားမိတာလေးတစ်ခုက လောက၀ိဒူ- လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်လာတယ် ဆိုတဲ့နေရာမှာ ဒီကမ္ဘာကြီးအပါအ၀င် Universe တွေရဲ့ အကြောင်း ဒီကမ္ဘာကြီးထဲ နေကြတဲ့ ပုဂ္ဂိုလ်များရဲ့အကြောင်း ယင်းပုဂ္ဂိုလ်များရဲ့ စိတ်သဘောထား ခန္ဓာဘေဒ သဘောတရားတွေကိုပါ ပြည့်ပြည့်စုံစုံ သိတော်မူတယ်လို့ နားလည်နိုင်ပါတယ်၊

မျက်မှောက်ခေတ် ၀ိပဿနာတရားထွန်းကား လာချိန်မှာ ရုပ် နာမ်အကြောင်းသိရင် ဘ၀က ကျေနပ်စရာ ကောင်းတယ်လို့ ဆိုလာကြတယ်၊ တကယ်တော့ ဒါဟာပြည့်စုံတဲ့ ဘုရားရှင်ရဲ့ အလိုတော်ကျ မဟုတ်သေးပါဘူး၊ ရုပ် နာမ်အကြောင်း သိဖို့လိုသလို မျက်မှောက်ခေတ် ကမ္ဘာအကြောင်းကို မျက်ခြေမပြတ်ဖို့ လိုပါတယ်၊ပြီးတော့ မျက်မှောက်ကမ္ဘာမှာ ရှိကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကိုလဲ သိအောင်လုပ်ထားဖို့ လိုပါတယ်(အချိန်ရသလောက် လေ့လာရပါမယ်)

ရုပ် နာမ်အကြောင်းကိုတော့ သိပါရဲ့ ဒီကမ္ဘာကြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မသိရင် မိမိတို့ရဲ့ သာသနာကို ပြန့်ပွားအောင် တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး၊ တချို့က ဆိုကြတယ် သာသနာတည်ဖို့ အရေးမှာ အဆောက်အဦးတွေက ဆောက်နေဖို့ မလိုပါဘူးဆိုတာမျိုးပေါ့.. မှန်ပါတယ်..အဓိကအကြောင်းတရားအဖြစ် မပါဝင်ပေမယ့် သာသနာပြု သာသနာပြန့်ပွားဖို့မှာ အဆောက်အဦးတွေဟာလဲ ပယ်လို့မဖြစ်တဲ့ သာမညထက်ပိုတဲ့အကြောင်းတွေလို့ ဆိုနိုင်ပါမယ်၊
ဇေတ၀န်ကျောင်းတော်ကို မဆောက်ဘဲ တောထဲမှာနေပြီး သာသနာပြန့်ပွားအောင် လုပ်ခဲ့ရင် ဒီနေ့ခေတ်မှာ ဂေါတမဗုဒ္ဓ ဘုရားအဖြစ် ပွင့်သွားတယ်ဆိုတာကို ယုံကြည်လက်ခံဖို့ ခက်ခဲပါလိမ့်မယ်၊ တဲအို တဲပျက်လေးထဲမှာနေပြီး ကမ္ဘာကို သာသနာဖြန့်ချင်ပါတယ်ဆိုရင် ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး၊ တဲစုတ်ထဲမှာ အနေစုတ်တဲ့ ရဟန်းတစ်ပါးကို ဘယ်သူမှ အထင်ကြီးလေးစားမှာ မဟုတ်ပါဘူး၊

မိမိပြောချင်တဲ့ ဘုရားရှင်ရဲ့ သစ္စာတရားကို လက်ခံလာဖို့ အဆင့်မှီတဲ့ အဆောက်အဦး အဆင့်ရှိတဲ့ အနေအထိုင် အပြောအဆို အဆင့်မှီတဲ့ ဘာသန္တရ ဒါတွေပြည့်စုံဖို့ လိုပါလိမ့်မယ်၊
ဘုရားရှင် သာသနာပြုတဲ့အခါမှာလဲ ရောက်ရာဒေသက ပြောကြတဲ့သူတွေရဲ့ စကား(ဒေသိယစကား)တွေ သုံးပြီး သာသနာပြုတော်မူခဲ့တာ ပိဋကတ်ကျမ်းစာတွေမှာတွေ့နိုင်ပါတယ်၊

ဒီနေရာမှာ စဉ်းစားသင့်တာက တစ်ယောက်ထဲ လွတ်မြောက်ဖို့ ကြိုးစားမလား၊ ဘုရားလောင်းဝါဒလို အများအတွက်ပါ လွတ်မြောက်ဖို့ ကြိုးစားမလားဆိုတာပါ၊ တစ်ယောက်ထဲအတွက်ဆိုရင်တော့ ဘာသာစကားတတ်ကျွမ်းဖို့ အဆောက်အဦးကောင်းတွေ တည်ဆောက်ဖို့ ကမ္ဘာကြီးအကြောင်းသိဖို့ ဒီကမ္ဘာနေတဲ့ ပုဂ္ဂိုလ်တွေအကြောင်း သိဖို့ အဆင့်မှီမှီ နေထိုင် သွားလာ စားသောက်ဖို့ မလိုအပ်ပါဘူး၊

အများအတွက်ပါ စဉ်းစားပြီး တတ်နိုင်သလောက် သစ္စာတရားဖြန့်ဝေမယ် သာသနာပြုမယ်ဆိုရင်တော့ လောကအကြောင်းကို သိသင့်သလို အဆင့်အမှီတဲ့ နေရာ အ၀တ် အသွား အလာ အပြုအမူတွေ တကယ့်ကို လိုအပ်လှပါတယ်၊ ဒါကြောင့် အကျိုးရှိတဲ့နေရာမှာ အသုံးချနိုင်ဖို့ အင်တာနက်ကိုလဲ သုံးရပါလိမ့်မယ်၊(အွန်လိုင်းတရားပွဲနဲ့ ဆွေးနွေးခန်းများ ဆောင်ရွက်နေကြတာကို သိမြင် နားလည်နိုင်ပါတယ်) အဆင့်မြှင့် အင်္ဂလိပ်စာသင်တန်း ဟိန္ဒီ တရုတ် ဂျပန်စတဲ့ ဘာသန္တရ သင်တန်းတွေလဲ ဖွင့်လှစ်ရပါမယ်၊

နည်းပညာတွေအသုံးချပြီး သာသနာပြုရာမှာ အထောက်အကူဖြစ်စေဖို့ ကွန်ပြူတာသင်တန်းတွေလဲ ပေးကြရပါမယ်(ကျွမ်းကျင်အဆင့်မဟုတ်တောင် ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိဖို့လိုပါတယ်) အဆင့်မှီ အများလေးစားတဲ့ အဆောက်အဦးကောင်းတွေလဲ တည်ဆောက်ရပါမယ်၊

ဘုရားရှင်က တစ်နေ့ကို နှစ်ကြိမ် လောကကြီးကို ကြည့်တော်မူသလို သာသနာပြုရဟန်းတော်များလည်း လောကကြီးကို မြင်သလောက် ထွင်းဖောက်ကြည့်နေရပါမယ်၊ စိတ်စင်ကြယ်မှ အရာရာကို ပြည့်ပြည့်၀၀ နားလည်လာနိုင်တာမို့ စိတ်စင်ကြယ်သန့်စင်ဖို့ ကိုယ်ကျင့်တရားကောင်းလဲ ရှိရပါလိမ့်မယ်၊

ဘုရားရှင်ကိုယ်တော်တိုင် လမ်းကြို လမ်းကြားသွား လယ်ထဲဆင်းပြီး တရားဟောတော်မူသလို သာသနာပြုလိုသူရဟန်းတော်များလဲ ကျောင်းထဲမှာတင် ထိုင်မနေဘဲ ခရီးများများသွားပြီး ရောက်တဲ့နေရာမှာ သစ္စာဆီမီး ထွန်းညှိပေးဖို့ လိုပါမယ်၊( Public Relationship) လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိ ရှိရပါမယ်( သီဟနာဒ)။

ဒါတွေကတော့ ဂုဏ်တော်ပွားရင်းတွေးမိတဲ့ ဆင့်ပွားအတွေးတွေပါ၊ လောက၀ိဒူကို နေ့စဉ်ရွတ်ဆိုနေပြီး ဟိုဟာမလုပ်သင့်ဘူး ၊ရဟန်းတွေနဲ့ ဘာဆိုင်လို့လဲ၊ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပေါ့လို့ ပြောနေကြတာကတော့ ဘုရားရှင်ကို မယုံကြည်လို့ လောက၀ိဒူကို နားမလည်လို့ပြောတာ ဖြစ်ပါလိမ့်မယ်၊
ဘုရားရှင်ရဲ့ လောက၀ိဒူဂုဏ်တော်ကို နားလည်တယ်ဆိုရင်တော့ သာသနာပြု သာသနာပြန့်ပွားဖို့အရေးမှာ သာသနာပြုရဟန်းတော်များ ဘာတွေလိုအပ်တယ် ဘယ်လိုဖြည့်ကျင့်ရမယ်ဆိုတာ သိမြင်လာပါလိမ့်မယ်၊

ဟုတ်ပါတယ်။ လောကအကြောင်းကို ပြည့်ပြည့်၀၀ နားလည်တော် မူလို့ လောက၀ိဒူဂုဏ်တော်ပိုင်ရှင်ဖြစ်တော်မူခဲ့ရတာပါ။ ။။

Wednesday, December 30, 2009

အမေများနေ့ ကျေးဇူးတရား



နှစ်ဟောင်းကို နှုတ်ဆက် နှစ်သစ်ကိုကြိုဆိုရင်း မြန်မာ့ယဉ်ကျေးမှုအရ ကျရောက်လာတဲ့ ပြာသိုလ်လပြည့် အမေနေ့အတွက် အွန်လိုင်းကနေ တိုက်ရိုက်လွှင့်ထုတ်ဟောကြားခဲ့တဲ့ အမေ့ဂုဏ်ရည်ပြ ကျေးဇူးတရားကို စာဖတ်ပရိသတ်များ နာယူနိုင်ရန် မျှဝေလိုက်ပါတယ်၊

ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ

Tuesday, December 29, 2009

ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ Lotus ညီအကိုမောင်နှမများ




အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ စင်္ကာပူနိုင်ငံကို ကြွရောက်လာပါတယ်၊ စင်္ကာပူနိုင်ငံမှာရှိတဲ့ တရုတ်မိသားစုတွေကို အဘိဓမ္မာ ပို့ချပေးဖို့ ကြွလာတာပါ၊ ဆရာတော် ရောက်လာတဲ့ သတင်းကြားတာနဲ့ ဆရာတော့်ခြေတော်ရင်းကို ရောက်ဖြစ်ခဲ့တယ်၊ Lotus Foundation အဖွဲ့တွေနဲ့ အတူပေါ့၊

Lotus Foundation ၊Dhamma Download အဖွဲ့တွေ ဦးဆောင်ပြီး အဝေးရောက် ရွှေမြန်မာများ အဘိဓမ္မာလေ့လာနိုင်ဖို့ Abhidhamma Foundation ကို တည်ထောင်ကြမှာပါ၊ မြန်မာပြည်က အဘိဓမ္မာပို့ချ သင်ကြားပေးနေတဲ့ ဆရာတော်များ လူဆရာများရဲ့ ပို့ချချက် အသံဖိုင် ရုပ်ဖိုင် စာဖိုင်တွေကို စုစည်းပြီး အွန်လိုင်းမှာ တင်ပေးသွားမှာဖြစ်ပါတယ်၊ ဒီကိစ္စတွေအတွက် ဆရာတော်ဦးနန္ဒမာလာဆီ ရောက်လာခဲ့တယ်၊ ဆရာတော်ရဲ့ ဩ၀ါဒ ဆရာတော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံအဥာဏ်ကို ရယူကြခြင်းလဲ ဖြစ်ပါတယ်၊

အဘိဓမ္မာပို့ချချက်တွေကို အင်္ဂလိပ်လိုရော မြန်မာလိုပါ အွန်လိုင်းမှာ စုစည်းတင်ပြပေးတော့မှာမို့ အဘိဓမ္မာစိတ်ဝင်စားသူများအတွက် ၀မ်းမြောက်ဖွယ်သတင်းတစ်ခုပါ။
နည်းပညာရှင်များရဲ့ အကြံအဥာဏ်ကို ရယူပြီး နောက်ထပ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာက Online Library သို့မဟုတ် Online University လုပ်ဖို့ပါ၊

ပထမခြေလှမ်းအနေနဲ့ အဝေးရောက် စာသင်သားတွေအတွက် ကျမ်းကိုးစာအုပ်တွေလိုအပ်လာရင် လွယ်ကူစွာကြည့်နိုင်ဖို့ Online library မှာ စုစည်းသွားမှာပါ၊ ကမ္ဘာ့တက္ကသိုလ်အသီးသီးက Buddhist studies နဲ့ပတ်သက်တဲ့ ပို့ချချက်တွေကိုလဲ အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းကာ Online Library မှာ စုစည်းတင်ပြနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီအကြောင်းလေးတွေကိုလဲ ဆရာတော့်ကိုလျှောက်ထားတင်ပြ ဖြစ်တယ်၊ ဆရာတော်က လိုအပ်တဲ့ အကူအညီတွေ အကြံအဥာဏ်တွေချီးမြှင့်ခဲ့တယ်၊ တဆက်တည်းမှာပဲ ဆရာတော်အမိန့်ရှိတာက ပြည်တွင်းမှာ အဘိဓမ္မာလေ့လာလိုက်စားသူတွေအတွက် လိုအပ်နေတဲ့ ဋီကာကျော်မြန်မာပြန်ကို ဒီနှစ်ဝါတွင်းသုံးလမှာ အပြီးရေးမယ်လို့ အမိန့်ရှိသွားပါတယ်၊ ဋီကာကျော်မြန်မာပြန်က ရှိတော့ရှိပြီးသားပါ၊

မြန်မာလိုရေးထားတာကို မြန်မာတွေ သဘောမပေါက်နိုင်ဖြစ်နေလို့ ဒီလိုထပ်ရေးတာပါလို့ မိန့်ပါတယ်။မြန်မာပြည်ရဲ့ လိုအပ်ချက်ကွက်လပ်တစ်ခုကို ဖြည့်စည်းပေးမှာမို့ တကယ့်ကို ကြည်နူးဝမ်းသာဖြစ်ရပါတယ်၊

မြန်မာပြည်မှာ တနှစ်ကို မြွေကိုက်လို့ သေဆုံးရတာ လေးထောင်ကျော် ငါးထောင်ကျော်ရှိပါတယ်၊ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ထုတ်ပြန်ချက်အရပါ၊ ဘာကြောင့် မြွေကိုက်ပြီး သေဆုံးရတဲ့နှုန်း မြှင့်တက်လာရသလဲဆိုတော့ မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် မပေးနိုင်တော့လို့ပါပဲ၊(အမှန်ဆိုရင်တော့ လုံးဝကို မပေးနိုင်တော့တာပါ)၊ မြွေဆိပ်ဖြေဆေး တစ်လုံးကို မြန်မာငွေ ခြောက်သောင်းခွဲ ရှိပါတယ်၊ မြွေကိုက်တဲ့လူနာကို ဆေးခြောက်လုံးလောက်ထိုးပေးမှ ဒီလူနာအသက်ရှင်ပါတယ်၊(သတိပြုရန်။ ။ ပြည်တွင်းမှာတော့ မြွေဆိပ်ဖြေဆေး အတုတွေပေါ်နေပါတယ်)

အဲဒီလိုအပ်ချက်လေးတွေကို ဖြည့်စည်းပေးချင်လို့ မြွေကိုက်ခံရတာများတဲ့ မြို့နယ်ဆယ်မြို့နယ်မှာ မြွေဆိပ်ဖြေဆေးတွေ လုံလုံလောက်လောက် ရရှိနိုင်ဖို့ Lotus Foundation ညီအကိုမောင်နှမများက လှူဒါန်းနေပါတယ်၊ ဆရာတော်ဦးနန္ဒမာလာကတော့ လိုအပ်တဲ့နေရာမှာ လိုအပ်တာကို ဖြည့်စည်းပေးနေတာ သိရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်၊

ပြီးတော့ မြွေဆိပ်ဖြေဆေးတင် လှူတာမဟုတ်ဘဲ..မြွေမကိုက်နိုင်အောင် မြွေဒဏ်ကာကွယ်နိုင်တဲ့ဖိနပ် အရှည်ကြီးတွေလှူတာ ပညာပေးတာ စသည်တွေလဲ တတ်နိုင်သလောက် လုပ်ကြဖို့ ဩ၀ါဒပေးပါတယ်၊
ပြိးတော့ ဗုဒ်ဓဘာသာဝင် မိသားစုများ တရားနာယူနိုင်ရန် Dhamma centre တွေလဲ ဆောက်ပေးနေပါတယ်၊

စက်ပစ္စည်း အစုံ ဓမ္မစင်တာ တစ်ခုအတွက် သိန်း ၂၀လောက် လှူဒါန်းရပါတယ်၊ လယ်တီဆရာတော်ကြီးရဲ့ ဖွားရာမြေ စိုင်ပြင်ရွာက စတင်လို့ ဓမ္မစင်တာတွေ ဆောက်လုပ်လှူဒါန်းတာ အခုဆိုရင် ဓမ္မစင်တာ ငါးခုတည်ဆောက်ပြီးသွားပါပြီ၊ Lotus Foundation ညီအကိုမောင်နှမများရဲ့ စေတနာတွေပါ၊

ဆရာတော်ဦးနန္ဒမာလာကတော့ ကိုယ်လုပ်တဲ့အလုပ်တစ်ခုရဲ့ တန်ပြန်သက်ရောက်မှုကို သတိထားပြီး First Unity Second Unity Third Unity ဖြစ်ဖို့ ဩ၀ါဒချီးမြှင့်ပါတယ်၊

နောက်ဆုံးမှာတော့ ပါမောက္ခချုပ်ဆရာတော်ကြိးနဲ့ စုပေါင်းဓာတ်ပုံရိုက်ပြီး ဆရာတော်ကြီးကို ဦးချကန်တော့ကာ ပြန်လာခဲ့တယ်၊ အပြင်ဖက်မှာတော့ စင်္ကာပူရဲ့ ဒီဇင်ဘာက ချမ်းအေးခြင်းမရှိဘဲ အုံ့နွေးနွေးဖြစ်နေတယ်၊ ည ကိုးနာရီထိုးတော့မှာမို့ သွားလာလှုပ်ရှားသူတွေလဲ လျော့နည်းစပြုလို့ပေါ့၊
လူသားတွေကို တတ်နိုင်သလောက် နွေးထွေးမှုပေးပြီး အားနည်းနေတဲ့ လူတွေကို ကရုဏာနှလုံးသားနဲ့ ကူညီနိုင်ဖို့ အပြန်လမ်းခရီးရဲ့ အတွေးတွေထဲမှာ ကျယ်ကျယ်လောင်လောင် မြည်သွားတာကိုလဲ သတိပြုမိလိုက်ပါရဲ့၊

lotus Foundation ညီအကိုမောင်နှမများရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာလိုတယ်ဆိုရင် http://www.lotusfoundationmm.org မှာလေ့လာနိုင်ပါတယ်

Tuesday, December 22, 2009

သာသနာတော်ရဲ့ လိုအပ်ချက်

တခါတုန်းက သာသနာတော်ရဲ့ အကြီးအမှူးဖြစ်တဲ့ မြတ်စွာဘုရား စာတုမဆိုတဲ့ ရွာငယ်လေးမှာ သီတင်းသုံးနေတော်မူချိန် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ်ဂလာန် ဦးဆောင်တဲ့ ရဟန်းငါးရာ မြတ်စွာဘုရားရှင်ကို ဖူးမြော်ဖို့ စာတုမ ဆိုတဲ့ရွာငယ်လေးကို ရောက်လာကြတယ်၊

အဝေးကနေ ကြွရောက်လာကြတဲ့ အာဂန္တုရဟန်းငါးရာနဲ့ အိမ်ရှင် သံဃာတော်များ သာကြောင်း မာကြောင်းပြောကြ ဆိုကြ နေရာထိုင်ခင်း စီမံကြတဲ့ အသံတွေဟာ ဆူညံလို့နေတယ်၊ ဒီအသံတွေကိုကြားတော်မူတဲ့ မြတ်စွာဘုရားက အနီးနားမှာ ရှိနေတဲ့
အရှင်အာနန္ဒာကို..အာနန္ဒာ..ကျောင်းထဲမှာ အသံတွေ ဆူလို့ ညံ့လို့ ဘာဖြစ်တာလဲ လို့ မေးတော်မူတယ်၊

အရှင်အာနန္ဒက..မှန်လှပါ မြတ်စွာဘုရား အရှင်သာရိပုတ္တရာ အရှင်မောဂ်ဂလာန်ဦးဆောင်တဲ့ သံဃာတော်များ ဘုရားရှင်ကို ဖူးမြော်ဖို့ ရောက်လာကြတာပါဘုရား၊ သူတို့အတွက် နေရာထိုင်ခင်း စီမံပေးကြတဲ့ အိမ်ရှင်သံဃာတော်များ ပြောသံ ဆိုသံတွေကြောင့် ဆူညံတော်မူတာပါလို့ ပြန်လည်လျှောက်ထားတယ်၊

ဒါဆိုရင် ဒီသံဃာတွေကို သွားခေါ် ဆိုတော့ အရှင်အာနန္ဒာက မှန်လှပါ့ဘုရားဆိုပြီး သံဃာတွေကို သွားခေါ်တယ်၊ ဘုရားရှေ့ရောက်လာတဲ့ ဒီသံဃာတော်တွေကို ..ငါးတွေကို လုယက်ရောင်းချတဲ့ ငါးစိမ်းသည်တွေလို အသံတွေ ဆူလို့ ညံလို့ပါလား၊ (ငါဘုရားရှင်က ငြိမ်းချမ်းခြင်းကို လိုလားတယ်ဆိုတာ သင်တို့သိပြီးသားပါ) ဟုတ်ပြီ..သင်တို့ ငါဘုရားဆီကို မလာကြနဲ့ သွားကြတော့လို့ နှင်ထုတ်တော်မူပါတယ်၊

(ဒီနေရာမှာ ဘာကြောင့် ဆူညံတယ်ဆိုတာကို မသိလို့ အရှင်အာနန္ဒာကို မေးတာမဟုတ်ပါဘူး၊ ဘုရားရှင်က အလုံးစုံသိတဲ့ဘုရားရှင် တန်ခိုးရှင်ဖြစ်ပေမယ့် ဘာလုပ်လုပ် သက်သေထူပြီးမှ ဆုံးဖြတ်ချက်ချတော်မူချင်လို့ အရှင်အာန္ဒာကို မေးခဲ့ခြင်းဖြစ်ပါတယ်)

ဘုရားရှင်က ဆူညံ ပူညံလုပ်လို့ နှင်ထုတ်ခံရတဲ့ ရဟန်းတော်တွေလဲ ကျောင်းထဲကနေပြန်ထွက်သွားရပါတယ်၊ အဲဒါကို သိကြတဲ့ စာတုမရွာသား သာကီဝင်တွေရယ် နောက်ပိုင်းမှာ သဟမ္ပတိဗြဟ္မာရယ်က မြတ်စွာဘုရားကို ဖြောင်းဖြလျှောက်ထားကြတယ်..အရှင်ဘုရား သံဃာတော်တွေကို ခွင့်လွှတ် သနားတော်မူပါ အရင်တုန်းက အရှင်ဘုရားကိုယ်တော်တိုင် သံဃာတွေကို ချီးမြှောက်တော်မူသလိုပါဘုရားပေါ့..မြတ်စွာဘုရားက ငြိမ်တော်မူနေတယ်။

နောက်တော့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ်ဂလာန် တို့ ဘုရားရှေ့ ရောက်လာပြီး ရှိခိုးကန်တော့ကြတယ်၊ အဲဒီအခါမှာ မြတ်စွာဘုရားက..အရှင်သာရိပုတ္တရာ မထေရ်ကို မေးတော်မူတယ်..ချစ်သား သာရိပုတ္တရာ.ငါဘုရားရှင်က သံဃာတော်တွေကို နှင်ထုတ်လိုက်တော့ ချစ်သားအနေနဲ့ ဘယ်လို ဖြစ်သလဲ လို့မေးတော်မူတော့….အရှင်သာရိပုတ္တရာ မထေရ်မြတ်က ..မှန်လှပါဘုရား မြတ်စွာဘုရားက ဒီသံဃာတော်တွေကိုနှင်ထုတ်ပြီး သမာပတ်ဝင်စားကာ အေးဆေးစွာနေတော်မူသလို ဘုရားတပည့်တော်လို့ ကြောင့်ကြမဲ့ နေပြီး မြတ်စွာဘုရားလိုပဲ ဈာန်သမာပတ်နဲ့ အေးအေးဆေးဆေး နေမယ်လို့ စိတ်ကူးဖြစ်ပေါ်မိပါတယ် ဘုရားလို့ လျှောက်ထားတော့

မြတ်စွာဘုရားက… နေပါအုံး ချစ်သား သာရိပုတ္တရာ၊နေပါအုံး ချစ်သား သာရိပုတ္တရာနေပါအုံး ချစ်သား သာရိပုတ္တရာ လို့ သုံးကြိမ်တိုင်တိုင် မိန့်တော်မူတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်က ကြောင့်ကြ ပူပင်မရှိဘဲ အေးအေးဆေးဆေး ကိုယ်ရှိတဲ့တရားနဲ့ ဈာန်သမာပတ်ဝင်စားပြီးနေမယ်ဆိုတာကို ဘုရားရှင်က အားပေးတော်မမူသလို တားမြစ်တော်မူခဲ့တယ်၊

ချစ်သား မောဂ်ဂလာန်ကကော ဘယ်လိုလဲ ဆိုတော့…မှန်လှပါဘုရား ဘုရားတပည့်တော်ကတော့..မြတ်စွာဘုရားက သံဃာတော်တွေကို နှင်ထုတ်လိုက်တော့..တပည့်ကြီးများဖြစ်တဲ့ ဘုရားတပည့်တော်နဲ့ အရှင်သာရိပုတ္တရာက ဒီသံဃာတော်တွေကို ဦးဆောင်ပြီးစောင့်ရှောက်မယ် အရှင်ဘုရားရဲ့ သာသနာတော်ကို ထိန်းသိမ်းဆောင်ရွက်မယ်လို့ စိတ်ကူးမိကြောင်းပါဘုရားလို့လျှောက်တော့ သာဓု သာဓု မောဂ်ဂလာန…ကောင်းလိုက်တာ မောဂ်ဂလာန် ကောင်းလိုက်တာ မောဂ်ဂလာန်လို့ သာဓုခေါ်တော်မူပြီး အသိအမှတ်ပြုတော်မူတယ်၊

ဒီနေရာမှာ သာသနာ့အရေးနဲ့ ကြုံလာရင် အေးဆေးစွာနေ ကြောင့်ကြမဲ့နေ ကိုယ်နဲ့မဆိုင်သလိုနေတာကို ဘုရားရှင် သဘောကျတော်မမူပါဘူး။ သာသနာ့အရေးကြုံလာရင် သာသနာတော်အတွက် ရှေ့ထွက်ပြီး ခေါင်းဆောင်မည့် တာဝန်ယူမည့် သူတွေကိုသာ ဘုရားရှင်လိုလားတော်မူတယ်။ ဒီလိုလူတွေသာ ဘုရားရှင် အလိုကျ သာသနာပြုတာဝန်ကို ထမ်းဆောင်တယ်လို့လဲ ဆိုနိုင်တယ်၊

တရားဟော တရားပြ စာသင် စာချနေတာဟာ ဒီလို သာသနာ့အရေးတွေ ကြုံလာရင် အသုံးပြုဖို့သာဖြစ်ပါတယ်၊ ကိုယ့်တရားလေးနဲ့ကိုယ် ငြိမ်ငြိမ်လေး အမြဲတမ်းနေဖို့ မဟုတ်ပါဘူး၊
လောကမှာ ဘုရားပွင့်ပြီဆိုတော့ မာရ်နတ်ကြီးက ပရိနိဗ်ဗန်စံဝင်ဖို့ တခါတည်းလျှောက်တဲ့အခါ..ငါဘုရားရဲ့ သာသနာတော်မှာ သူတစ်ပါးတို့ တင်လာတဲ့ အယူဝါဒတွေကို ပြန်လည်ခုခံ ချေပနိုင်တဲ့သူတွေ မပေါ်သေးသမျှ ပရိနိဗ်ဗန်စံတော်မမူဘူးလို့ မိန့်တော်မူခဲ့တာ အားလုံးလဲ သိပြီးသားပါ၊

အခုတလောကြုံနေရတဲ့ အုံနဲ့ကျင်းနဲ့ ဘုရားသာသနာကိုဖျက်ဆီးနေတဲ့ အတွင်းကျကျ သာသနာတော်ကိုနှောင့်ယှက်တဲ့သူတွေ ပေါ်လာနေပါပြီ၊ သာသနာဝန်ထမ်းများ ဘုရားသာသနာကို ယုံကြည်လက်ခံသူ လူအများက အရှင်မောဂ်ဂလာန်လို ရှေ့တန်းကထွက်ပြီး တာဝန်ယူဖြေရှင်းသင့်ကြပါတယ်၊ ကိုယ်နိုင်သလောက် ကိုယ်စွမ်းသလောက် တာဝန်ယူလိုက်ရင် အဓမ္မတွေကို သေချာပေါက်နှိမ်နင်းနိုင်ပါလိမ့်မယ်၊

အဲလိုမှ မဟုတ်ဘဲ သာသနာပြုဆိုတာကို ပါးစပ်က တွင်တွင်အော်ပြီး အသာလေးငြိမ်နေကြတာကတော့ ဘုရားရှင်ရဲ့ အလိုတော်ကျမှာ မဟုတ်ပါဘူး၊ သာသနာတော်က လိုအပ်နေတာ အရှင်မောဂ်ဂလာန်လို သံဃာတော်များ လူအများပါ၊ သာသနာတော်က တောင်းဆိုနေတာ အရှင်မောဂ်ဂလာန်လို သူရဲကောင်းများ တာဝန်ယူရဲ့သည့်စိတ်ဓာတ်ပိုင်ရှင်များသာ ဖြစ်ပါတယ်၊

သာသနာတော်ကိုမှီပြီး ရယူသုံးဆောင်နေတဲ့ ပစ္စည်းလေးပါးကို စိတ်သန့်သန့်နဲ့ သုံးဆောင်နိုင်ဖို့ ကြုံတွေ့နေရတဲ့ သာသနာ့အရေး သာသနာ့လိုအပ်ချက်မှာ တတ်နိုင်သလောက် ပူပေါင်းပါဝင်ကြဖို့ မ၀ံ့မရဲ တောင်းဆိုလျှောက်ထား ပြောကြားရင်းဖြင့်….

စာတုမသုတ်နဲ့ မဟာပရိနိဗ်ဗာနသုတ်များကို ကိုးကားပါသည်။

Monday, December 21, 2009

သာသနာတော် အရေးပေမို့..


အယသာဝ မလံ သမုဋ္ဌိတံ
တတုဋ္ဌာယ တမေ၀ ခါဒတိ။
သံကြောင့် အညစ်အကြေးဖြစ်ပေါ်လာ၏၊
ထိုအညစ်အကြေးကပင် ထိုသံကို ဖျက်ဆီး၏။ ။


သံကို သံဖျက် သံချေးတက် ဆိုတဲ့ မြန်မာစကားပုံဟာ အထက်မှာဖော်ပြထားတဲ့ ဘုရားဟော စကားတော်က ဆင်းသက်လာတာပါ၊ သံကိုအကြောင်းပြုပြီး သံချေုးဆိုတာ ဖြစ်ပေါ်လာပါတယ်၊ အဲဒီသံချေးကပဲ ခိုင်ခန့်လှဒီသံတွေကို ဆွေးမြေ့သွားအောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်.

မြတ်စွာဘုရားရှင်ဟာ မရေမတွက်နိုင်လောက်အောင် ပေးဆပ်မှုများစွာ ပေးဆပ်ပြီး သာသနာတော်ကို တည်ထောင်ခဲ့တယ်၊ အားလုံးသိကြတဲ့ ပရိယတ္တိသာသနာ(သင်ကြားပို့ချ ဟောပြောဖြန့်ဝေ)၊
ပဋိပတ္တိသာသနာ(လက်တွေ့ ကျင့်ကြံ ပွားများ အားထုတ်) ပဋိဝေဓသာသနာ(ထိုးထွင်းသိ မျက်မှောက်ပြု) တို့ပဲဖြစ်ပါတယ်။

ဒီသာသနာတော် သုံးရပ်ကို မပျောက်အောင် မပျက်အောင် စာပေသင်ကြားပို့ချခြင်း ဟောပြောဖြန့်ဝေခြင်းနဲ့ ဆောင်ရွက်ရသလို စာပေအသိကို လက်တွေ့ကျင့်ကြံခြင်းနဲ့လဲ ကြိုးစားထိန်းသိမ်းကြရပါတယ်။
ဒီနေရာမှာ သာသနာပြုဆိုတာ လူတွေက ပြုလို့မရနိုင်ပါဘူး၊ လူဒကာ ဒကာမတွေက သာသနာတော်ကို မပျောက်အောင် ထောက်ပံ့ကူညီပေးနိုင်ရုံ အဆင့်ပဲ ရှိပါတယ်၊

ရေကန်ပေါင်း ရှစ်သောင်းလေးထောင် ကျောင်းပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင် လှူခဲ့တဲ့ အသောကမင်းကြီးက ဘုရားတပည့်တော် သာသနာပြုရာ ရောက်ပါပြီလားလို့ မေးရာ ဒီလိုလှူရုံ တန်းရုံနဲ့ သာသနာပြုရာ မရောက်သေးဘူး။ မိမိရဲ့ သားတွေ သမီးတွေကို သာသနာဘောင်တွင်း သွတ်သွင်းမှ သာသာနာပြုရာ ရောက်ကြောင်း မိန့်တော်မူခဲ့တာကို ထောက်ဆရင် လူတွေက သာသနာပြု မဖြစ်နိုင်ဘူး၊ သာသနာဝန်ထမ်းတဲ့ သံဃာတော်များကသာ သာသနာတော်ကို ရေရှည်တည်တံ့အောင် ပြုစုစောင့်ရှောက်နိုင်ပါတယ်။

စာသင် စာချ တရားဟော တရားပြလို့ဖြစ်ဖြစ် ၊စာသိကို ကိုယ်ပိုင်သိဖြစ်အောင် အားထုတ်လို့ဖြစ်ဖြစ်၊ စာသိကိုယ်ပိုင်သိကို တဆင့်ဟောပြောဖြန့်ဝေလို့ပဲ ဖြစ်ဖြစ် သာသနာ့အလုပ်ကို စိတ်ကောင်း စေတနာကောင်း ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာမှန်သမျှ သာသနာတော်အရေးကို ကြိုးစားအားထုတ်နေသူလို့ ဆိုနိုင်ပါတယ်၊

ဒီနေရာမှာ စာသင်စာချလုပ်နေတဲ့ ပရိယတ္တိ သမားတွေက…ပဋိပတ်အလုပ် ကြိုးစားအာထုတ်သူတွေကို ဟန်ဆောင် ပန်ဆောင် ဟန်ရေးပြသမားတွေလို့ မြင်သလို ပဋိပတ်သမားများကလဲ စာသင် စာချ လုပ်နေကြတဲ့ သံဃာတော်တွေကို နွားကျောင်းသားတွေလို့မြင်ကြ ပြောကြပြန်ပါတယ်၊ နွားကိုကျောင်း၇ုံသာ ကျောင်းပြီး နို့ရည်မသောက်ရသူတွေလို့ ဆိုလိုတာပါ။

ဒီလိုဖြစ်နေတဲ့အထဲမှာ စာတွေ့မပြောနဲ့ လက်တွေ့ပဲ ပြောဆိုတဲ့ ပဋိပတ္တိ လက်ဘက်ရည်ကြမ်းဝိုင်း စကားလုံးတွေကလဲ ပေါ်လာပါသေးတယ်။ ပေါဋ္ဌိလမထေရ်ကြီးတို့ စာခံလို့ တရားထူးမရတာဆိုပြီး ရိပ်သာသမား အချို့က သနားတောင် သနားနေကြပြန်တယ်။

တကယ်တော့ မြတ်စွာဘုရားလက်ထက်တော် မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကတည်းက …သာသနာ့ဘောင်ဝင်လာသူကို ..ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မိမိရဲ့ဥာဏ်ပညာအစွမ်းအရ နိကာယ်တခုခုကိုဖြစ်ဖြစ် အကုန်လုံးကိုဖြစ်ဖြစ် ပိဋကတ်သုံးပုံလုံးကိုဖြစ်ဖြစ် သင်ကြား ပို့ချခြင်းဆိုတဲ့ ဂန္ထဓုရတာဝန်။ အသက်မွေးမှုပေါ့ပေါ့ ပါးပါးနဲ့ တောရပ်အစွန်အဖျားကျတဲ့ တောကျောင်းမှာ ၀ိပဿနာတရားကို တိုးပွားအောင် ကျင့်ကြံခြင်းဆိုတဲ့ ၀ိပဿနာဓုရ.. ဆိုတဲ့ တာဝန်နှစ်ရပ်ရှိကြောင်း...မိန့်တော်မူလေ့ရှိပါတယ်။

ဒီလိုမိန့်တော်မူတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှာ ပရိယတ်သမား ပဋိပတ်သမားတွေ အချင်းချင်း သူနိုင် ငါပြိုင် စကားရည်လုနေဖို့ မလိုအပ်ပါဘူး၊ နိုင်ရာ သာသနာ့တာဝန်ကို စေတနာမှန်မှန်ဆောင်ရွက်နေဖို့သာ အရေးကြီးပါတယ်။

အဲဒီအထဲကမှ စေတနာမမှန် သဘောထားမမှန်ဘဲ ဘုရားဟောတွေကို ဘုရားဟောလုပ်ချင်တဲ့ ဂိုဏ်းစတားကြီးများက ထေရ၀ါဒသာသနာ ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးပြီး ပရိသတ်စုနေကြတာတွေ့ရတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပြန်ပါတယ်၊

အဲဒီဂိုဏ်းစတားကြီးတွေကို အမှန်တရားမြတ်နိုးသူ သာသနာတော်ကို ကာကွယ်စောင့်ရှောက်လိုသူတို့က ထေရ၀ါဒ ပိဋကတ်ကျမ်းစာနဲ့ မညီကြောင်း ကျိုးကြောင်းဖော်ပြ ပြောဆိုပြန်တော့ ဂိုဏ်းစတားများရဲ့ ပရိသတ်တွေက လေထဲကနေ ထအော်ကြပြန်ပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာ အွန်လိုင်းက လေလှိုင်းတိုက်ပွဲခေါ်သံတွေ ပလူပျံ ဆူညံနေတာကို မြင်နိုင်တွေ့နိုင်ကြားနိုင် သိနိုင်ကြပါတယ်။

အဲဒီလူတွေကိုယ်တိုင်က တချိန်တုန်းက ကာလာမသုတ် သို့မဟုတ် ကေသမုတ္တိသုတ္တန်တွေကို ကိုးကားပြီး ငါတို့လေးစားလောက်တဲ့ ဆရာ့ရဲ့ စကားတိုင်းကိုလဲ မယုံကြည်နဲ့လို့ တွင်တွင်ကြီး ထအော်နေကြတာပါ၊ အခု သူတို့ရဲ့ ဆရာကြီးများကို ဝေဖန်ထောက်ပြလာတော့..အရှင်ဘုရားတို့က သူ့လောက် သီလ သမာဓိ ပညာ ရှိလို့လား သာသနာအတွက် ဘာတွေလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းတွေကို တွင်တွင်ကြီး မေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာဖို့ကြိုးစားနေတာကို တွေ့ရပြန်တော့ အော်..အစွဲတရား ကြောက်စရာကောင်းလှပါလားလို့ သံဝေဂဖြစ်မိပါတယ်။

ထေရ၀ါဒဗုဒ်ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသူ အချင်းချင်း…အမှန်တရားဟောပြောဖြန့်ဝေသူကို တကယ့်ကို ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပါ..ဒါပေမယ့် အမှန်ကို အမှားလုပ်.ငါပြောတာမှ အမှန် လူများပြောတာ အမှားလုပ် ဟောပြောနေသူတွေကိုတော့ ဘုရားရှင်ရဲ့ စကားတော် ပိဋကတ်ကျမ်းစာတွေနဲ့ တိုင်းတာပြီး ဝေဖန်ထောက်ပြကြမှာပါ၊ မဟုတ်ရင် မဟုတ်ဘူး ဟုတ်ရင် ဟုတ်တယ်လို့ ဖြေရှင်းရမယ်ဆိုတဲ့ ဘုရားစကားတော်ကလဲ ရှိနေပြန်တာကိုး။ ဒီလို အမှန်တရားအတွက် ဖြေရှင်းပေးနေသူတွေကိုလဲ အားပေးနိုင်ရပါမယ်။ သာသနာတော်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်ပေါ့..

အခုနောက်ပိုင်း တခေတ်ဆန်းလာပြန်တာက…တရားထူး တရားမြတ်ရသူဆိုသူတို့က အွန်လိုင်းပေါ်တက်ပြီး ကြေငြာနေကြတာပါ။ ဥတ္တရိမနုဿဓမ္မ- ၀ါကြွားလိုတဲ့စိတ်နဲ့ တကယ်တရားထူးမရဘဲ ရတယ်လို့ပြောရင် ရဟန်းဘ၀ဆုံးရှုံးပါတယ်..အမှန်တကယ်တရားထူးရလို့ ရှင်လူရဟန်းတွေကို ပြောမိရင် ပါစိတ်အာပတ်သင့်ပါတယ်၊ အရိယာသူတော်စင်တွေဟာ အသက်သာအသေခံမယ် ဘုရားဟောဝိနည်း စည်းကမ်းကို မဖောက်ဖျက်ဘူးဆိုတဲ့ ဘုရားဟောစကားနဲ့ သုံးသပ်ကြည့်သင့်ပါတယ်။ ၀ိနည်းတရားကို မလေးစားဘဲ ၀ိနည်းကိုအရေးမထား မလေးစားဘဲ လုပ်ချင်ရာလုပ်နေတယ်ဆိုရင် ဒီလူဟာ တကယ်တရားထူးရတာ ဟုတ်နိုင်ပါ့မလားဆိုတာ အလွန့်အလွန်ကို စဉ်းစားစရာကောင်းပါတယ်။
သံကို သံဖျက် သံချေးတက်..အသားထဲက လောက်ထွက်ဆိုသလိုမျိုး သာသနာတ်ာကို တွင်းတွင်းကျကျ ဖျက်ဆီးပစ်နိုင်တာ သဘောထားမမှန် စေတနာမမှန်တဲ့ သာသနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ပထမသံင်္ဂါယနာတင်စဉ်က ကြုံခဲ့ရတဲ့ သုဘဒ္ဒလို တောထွက်ရဟန်းမျိုး၊ ဒုတိယသံဂါယနာတင်စဉ်က ဆုံတွေ့ရတဲ့ ဝေသာလီရဟန်းတို့ထက် ဆိုးဝါးတဲ့ ရဟန်းတော်များ လူများ ကို သတိထားပြီး သာသနာအရေးအတွက် နှလုံးအေးတော်မမူကြဘဲ တတ်နိုင်သမျှ အမှန်တရားဖက်က ပါဝင်ကြဖို့ အားလုံးကို ရိုသေစွာ တောင်းပန်ပါရစေ။

ပထမသံဂါယနာတင်စဉ်က သံင်္ဂါယနာပွဲရဲ့ မူအဖြစ်ချမှတ်ခဲ့တဲ့…..
ပုရေ အဓမ္မော ဒိပ္ပတိ - အဓမ္မတွေ မထွန်းကားသေးခင်
ဓမ္မော ပဋိဗာဟိယျတိ- ဓမ္မတွေ မကွယ်ပျောက်ခင်
အ၀ိနယော ဒိပ္ပတိ- ၀ိနည်းမဟုတ်တဲ့တရား မထွန်းကားခင်
ဝိနယော ပဋိဗာဟိယျတိ- ၀ိနည်းတရားတွေ မပျောက်ပျက်ခင်
ပုရေ အဓမ္မ၀ါဒိနော ဗလ၀န္တာ ဟောန္တိ- အဓမ္မ၀ါဒသမားတွေ အင်အား မကြီးသေးခင်
ဓမ္မ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ဓမ္မကိုချစ်မြတ်နိုးသူတို့ အင်အားနည်း မသွားသေးခင်
အ၀ိနယ၀ါဒိနော ဗလ၀န္တော ဟောန္တိ- ၀ိနည်းကို မလိုက်နာသူတို့ အင်အားမကြီးသေးခင်
ဝိနယ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ၀ိနည်းကိုချစ်မြတ်နိုးသူတို့ အားမနည်းသေးခင်
သာသနာတော် အရှည်ခံတည်တံအောင် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့..

သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သီလ သမာဓိ ပညာကျင့်စဉ်တွေ ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ သာသနာတော်အရေးပေမို့ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ ရင်ထဲကဆန္ဒစကား လျှောက်ထား ပြောကြားရင်းဖြင့်…….

Tuesday, December 8, 2009

ကမ္မဋ္ဌာန်းထိုင်နည်း

www.kannifoundation.orgမှကူးယူဖော်ပြသည်။

ပုံတွင် ပြထားသည့်အတိုင်း ခန္ဓာကိုယ်တွင် တဘက်ဖြူတစ်ခုကို သိုင်း၍ထားပါ။ အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။ (မှတ်ချက်….မျက်စိနှင့်ပတ်သက်၍ မြေဇင်းဆရာတော်ဘုရားကြီးက မျက်စိကို မှိတ်ရုံသာမက ပ၀ါကိုပါ စည်းပေးဖို့ ညွှန်ကြားထားသည်။)



နှာသီးဝအဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်းတရား အားထုတ်သည်မည်ပါတော့သည်။



ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး တစ်နာရီကျော်ခန့် သို့မဟုတ် ၅-၆ ပတ်ခန့်ထိုင်ပါ။ တစ်ပတ်ဆိုသည်မှာ အဋ္ဌကထာဆရာပြသည့်နည်းအတိုင်း ဂဏန၏အစွမ်းဖြင့် ထွက်လေ၀င်လေ- ၁၊ ထွက်လေ၀င်လေ- ၂၊ ထွက်လေ၀င်လေ- ၃၊ ထွက်လေ၀င်လေ- ၄၊ ထွက်လေ၀င်လေ-၅၊ ထွက်လေ၀င်လေ- ၆၊ ထွက်လေ၀င်လေ- ၇၊ ထွက်လေ၀င်လေ- ၈ ဟု ရေတွက်၍ ရှုမှတ်ပါ။ ရှစ်သို့ ရောက်လျှင် ဘယ်ဘက် ဒူးတွင် မှတ်၍ထားပါ။ ဒုတိယရှစ်ပြီးလျှင် ဘယ်တံတောင်မှာ မှတ်၍ ထားပါ။ တတိယရှစ်ကို ဘယ်ပုခုံး၊ စတုတ္ထရှစ်ကို ဘယ်ချိုစောင်း၊ ပဉ္စမရှစ်ကို ညာချိုစောင်း၊ ဆဋ္ဌရှစ်ကို ညာပုခုံး၊ သတ္တမရှစ်ကို ညာတံတောင်၊ အဋ္ဌမရှစ်ကို ညာဒူးဟု မှတ်သားပြီး ရှုမှတ်အားထုတ်ရမည်။ ဘယ် ၅-ဌာန၊ ညာ ၅-ဌာနအားဖြင့် ၁၀-ဌာနဖြစ်ပါသည်။ ၎င်း ၁၀-ဌာနမှာ တစ်ဝါရ သို့မဟုတ် တစ်ပါတ်ဖြစ်ပါသည်။ တစ်ပါတ်လျှင် အသိအမှတ်ပေါင်း ၈၀-ဖြစ်သည်။ ၅-ပါတ်ပြည့်လျှင် အသိအမှတ်ပေါင်း ၄၀၀-ဖြစ်လေတော့သည်။ ဤကား တစ်ဝါရသာ တင်နိုင်သော ယောဂီများအတွက် ဖြစ်ပါသည်။

အချို့ အလွန်သန့်ရှင်းစွား အားထုတ်နိုင်သော ယောဂီထူးများလည်း ရှိပါသည်။ တစ်ဌာနလျှင် ရှစ်နှစ်ကြိမ်စီ နှစ်ဝါရတင်၍လည်းကောင်း၊ ရှစ်သုံးကြိမ်၊ လေးကြိမ်စီ သုံးဝါရလေးဝါရတင်၍လည်းကောင်း၊ တချို့ ဆယ်ဝါရအထိတင်၍လည်းကောင်း အားထုတ်နိုင်ကြပေသည်။ ထိုယောဂီတို့မှာ မြန်မြန်ရလွယ်ခြင်း သက်သာခြင်းများဖြစ်၍ သတိမြဲကြရလေသည်။

အထူးမှာ ရှစ်ရောက်အောင် အားထုတ်ရမည်ဆိုသော်လည်း တစ်မှစ၍ ရှစ်အထိ ရေတွက်စဉ် အကြားတွင် မမှားမယွင်း အတွေးမဖက် သန့်ရှင်းစွာအားထုတ်ရေတွက်နိုင်မှသာ ဌာန၀ါရတင်၍ မှတ်ရမည်။ မသန့်ရှင်းဘူးဟုထင်လျှင် အရေအတွက်စာရင်း မသွင်းသင့်ပါ။ တစ်ကပြန်စ၍ ရေတွက်မှတ်ရှုပါ။ အကျယ်ကို သိလိုလျှင် ယောဂီပါရဂူကျင့်စဉ်ကျမ်း၊ ကျွန်ုပ်တို့ရေးသားသော အာနာပါနပါရဂူကျမ်းကြီးများတွင် လေ့လာဖတ်ရှုနိုင်ပါသည်။

မှတ်ချက်….ဤကျမ်းတွင် တစ်မှရှစ်အထိ အရေအတွက်ကို ဘယ်ဒူး၊ ဘယ်တံတောင်၊ ဘယ်ပုခုံး၊ ဘယ်ချိုစောင်း၊ ညာချိုစောင်း၊ ညာပုခုံး၊ ညာတံတောင်၊ ညာဒူးဟု ဆယ်ဌာနထား၍ ရေတွက်ခိုင်းထားသည်။ ယခုတင်ပြသူကို နည်းပေးလမ်းပြခဲ့သော ဆရာတော်ဦးဇနိတကမူ ဘယ်လက်ကောက်ဝတ်၊ ……..ညာလက်ကောက်ဝတ်ဟု ဆယ်ဌာနထား၍ ရှုမှတ်ခိုင်းခဲ့သည်။ အမှန်စင်စစ် နေရာထားမှုသည် အရေးမကြီးလှပါ။ အဓိကမှာ သတိမြဲဖို့သာ လိုရင်းဖြစ်ပါသည်။

Tuesday, December 1, 2009

ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်

လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ပြောကြ ဆိုကြရတာပါ၊ တစ်ခါတရံ ပြောသူက ပြောပြီးရင် ပြီးရောဖြစ်သွားပေမယ့် ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊
တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့် မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို ပေးတတ်ပြန်ပါတယ်။

ကကစူပမသုတ်မှာ ဘုရားရှင်ဟောပြတော်မူတာကတော့..
လူတချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊

လူတချို့က မှန်တာရော မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတို်င်းပေါ့၊

လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်၊(လိုရင်တမျိုး မလိုရင်တမျိုး)

လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်၊

လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့..

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ ဒီငါးမျိုးထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ
ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့..
ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လဲ စိတ်ကို ဘာမှမဖြစ်စေပါနဲ့၊

သူတို့ဘာပြောပြော ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့စကားကိုလဲ မပြောမိစေနဲ့(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)

ပြောချင်သလိုသာ ပြောကြပါတော့ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်၊
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ၊

ရန်လိုမှု မုန်းတီးမှု မကျေနပ်မှု မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တ၀ါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်. တဲ့။ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊

လူဆိုတာ ခံစားချက်ရယ် တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ မှန်တာ မခွဲခြားနိုင်ဘဲ လိုရင် လိုသလို မလိုရင် မလိုသလို ပြောတတ်ဆိုတတ်ကြပါတယ်၊ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့.လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ပြောတာနဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့လို့လဲ မိန့်တော်မူလိုတာဖြစ်ပါတယ်။
ကိုယ့်ပေါ်ကို မကျေနပ်သူ အထင်အမြင်လွဲသူ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ၊ ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊

မကျေမနပ်ဖြစ်ချိန်မှာရော..မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာမြောင်းကာ ပြုမူပြောဆိုချိန်မှာရော အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး၊ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက…ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်လို့ ပြောဆိုစွပ်စွဲခံရဖူးပါတယ်၊ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို..နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာ ငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်၊

တကယ်တော့ စိတ်အရည်အသွေးပြည့်ဝသူ စိတ်သဘောထားကြီးမြတ်သူဆိုတာ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ မတုန်းမလှုပ်ရှိနိုင်ရမှာပါ၊ ဘယ်လိုပဲကြုံကြုံ ဘာတွေပဲပြောပြော ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘ၀ဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်၊ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ၊

Friday, November 27, 2009

ဖြူးဆရာတော်ကြီးအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြု




27-11-2009 သောကြာနေ့ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် ကျေးဇူးတော်ရှင် နိုင်ငံကျော်နယ်လှည့် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ဆွမ်းသင်္ကန်း န၀ကမ္မ၀တ္ထု လှူဒါန်းခဲ့သလို ဆရာတော်ကြီး၏ တပည့် ဒေါက်တာ ဥတ္တမသီရိမှ သာသနာတော်အတွက် ဆရာတော်ကြီးဆောင်ရွက်ခဲ့ပုံများကို ဂုဏ်ရည်တမ်းတ ပြောပြခဲ့ပါတယ်။ ၎င်းနောက်အရှင်တိက္ခဥာဏာလင်္ကာရမှ ရေစက်သွန်းချကာ တပည့်ဒကာ ဒကာမများကကျေးဇူးရှင်ဖြူးဆရာတော်ကြီးအား ကောင်းမှုအစုစုအတွက် အမျှအတမ်းပေးဝေခဲ့ကြပါတယ်။