Sunday, October 12, 2008

အဘိဓမ္မာအခါတော်နေ့




ဘုရားလောင်းတော်ဟာ သက်တော် ၃၅ နှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ် ၊ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေတော်မူပြီး( ၃၅+၄၅ ) သက်တော် ၈၀ မှာ ပရိနိဗ္ဗာန်စံတော်မူတယ်၊ ဘုရားအဖြစ်နဲ့ သီတင်းသုံးတော်မူတဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို ဆောင်ရွက်တော်မူခဲ့တယ် ။

၁- ဓမ္မ( တရား ) ကို ဟောကြား, ပို့ချ,ဖြန့်ဝေခြင်း၊
၂- သံဃာ့အဖွဲ့အစည်းထူထောင်ခြင်း, ဟောကြားပြီးတဲ့တရားများကို သံဃာ့အဖွဲ့အစည်းထံအပ်နှံခြင်း တို့ကို ပြုလုပ်တော်မူခဲ့ပါတယ်။
ဘုရားရှင်ဟောကြားတဲ့ ဓမ္မတွေကို မှတ်တမ်းတင်တဲ့အခါ ပိဋကတ် ၃ ပုံ, နိကာယ် ၅ ရပ်ဆိုပြီးမှတ်တမ်းတင်ပါတယ်။

ပိဋကတ် သုံးပုံဆိုတာကတော့

၁- ၀ိနယပိဋက ( ၀ိနည်းပိဋကတ် )
၂- သုတ္တန္တ ပိဋက ( သုတ္တန် ပိဋကတ် )
၃-အဘိဓမ္မ ပိဋက ( အဘိဓမ္မာပိဋကတ်) တို့ဖြစ်ပါတယ်၊

နိကာယ (တရားတော်များကိုစုပေါင်းခြင်း ) ကို ပါဠိသက်ဝေါဟာရ အနေနဲ့ နိကာယ်လို့ခေါ်ကြတာပါ၊ ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတွေကို မှတ်တမ်းတင်တဲ့အခါ နိကာယ်အားဖြင့် ၅ ခု ရှိပါတယ်၊ အဲဒီ ၅ ခု ကတော့

၁- ဒီဃနိကာယ်
၂-မဇ္ဈိမနိကာယ်
၃ သံယုတ္တနိကာယ်
၎-အဂုင်္တ္တရနိကာယ်
၅-ခုဒ္ဒကနိကာယ် တို့ပဲဖြစ်ပါတယ်၊ အဲဒီ နိကာယ် ၅ ခုလုံးဟာ သုတ္တန်ပိဋကတ်မှာ အကျုံးဝင်ပါတယ်။
ပိဋကတ်သုံပုံထဲက ၀ိနည်းပိဋကတ်မှာတော့ သာသနာ့ဝန်ထမ်းများအတွက် လိုက်နာရမည့်စည်းကမ်းတွေကို ဘုရားရှင်ညွှန်ပြတော်မူခဲ့ပါတယ်။
သုတ္တန်ပိဋကတ်မှာတော့ တရားနာယူသူတို့ရဲ့ ၀ါသနာ အကြိုက် စရိုက် စိတ်နေစိတ်ထား အခြေအနေကို ကြည့်ပြီး ၀တ္ထုဇာတ်လမ်းများ ဥပမာများပေးကာ ဘ၀လွတ်မြောက်ရေးကို ရှေးရှုကာ တရားတော်များကို ဟောကြားတော်မူခဲ့ပါတယ်၊ ယနေ့ခေတ်မှာ အဲဒီသုတ္တန်တရားတော်များကို Women in Buddhist, Buddhist economic, Social Dimensions of Buddhism, Early Buddhism, Buddhist Education, စတဲ့နာမည်အမျိုးမျိုး သုံးပြီးလေ့လာနေကြပါတယ်။

အဘိဓမ္မာပိဋကတ်မှာတော့ တရားနာယူသူ( ပုဂ္ဂိုလ် သတ္တ၀ါ) တို့ရဲ့အကြိုက် စရိုက်ကိုဦးစားပေးဟောတော်မမူဘဲ သဘာဝ အရှိတရားတို့ကို ပြည့်စုံအောင်ဟောတော်မူခဲ့ပါတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာ လို့ခေါ်ဆိုရတာပါ၊ အဘိ- ဆိုတာက အခြားဝိနည်း သုတ္တန်တရားများထက် သာလွန်သော ဓမ္မ- သဘောတရား လို့ဆိုလိုပါတယ်၊ အဘိဓမ္မာမှာ ကျမ်းစာအုပ်ပေါင်း ၇ အုပ်ရှိပါတယ်
၁- ဓမ္မသင်္ဂဏီကျမ်း
၂- ၀ိဘင်းကျမ်း
၃- ဓာတုကထာကျမ်း
၎- ပုဂ္ဂလ ပညတ်ကျမ်း
၅- ကထာဝတ္ထုကျမ်း
၆- ယမိုက်ကျမ်း
၇- ပဋ္ဌာန်းကျမ်း တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်ဟာ အဘိဓမ္မာအခါတော်နေ့ပါ၊ အဲဒီနေ့မှာ ဆီးမီးထွန်းညှိပူဇော်ခြင်း မီးပုံးပျံတွေလွှတ်ခြင်း ဘုရားကျောင်းကန်သွားခြင်းတွေကို ပြုလုပ်ကြပါတယ် ၊ အဘိဓမ္မာအခါတော်နေ့ဖြစ်လာပုံက - ဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီး ၂၂ ရက်မြောက်နေ့ ရတနာဃရ သတ္တာဟမှာ သီတင်းသုံးတော်မူစဉ် သူသိပြီးတဲ့အဘိဓမ္မာတရားတော်များကို ဆင်ခြင်သုံးသပ်တော်မူပါတယ်၊ ဒါပေမယ့် လူနတ်ဗြဟ္မာတွေကို ဟောကြားတော်မမူသေးပါဘူး၊

ဘုရားဖြစ်တော်မူပြီး (၇) ၀ါမြောက်- မဟာသက္ကရာဇ် (၁၀၉)ခုနှစ် ၊ ဘီစီ ( ၅၈၁) နှစ်မှာ အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်မှာ ဟောတော်မူခဲ့ပါတယ်၊ ဘုရားရှင်ရဲ့မယ်တော် မာယာဟာ ဘုရားရှင်ကို မွေးဖွားပြီး(၇)ရက်မြောက်နေ့မှာ လူပြည်ကနေစုတေပြီး ဒီတာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်နေတာပါ၊ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ နတ်သားကို ကျေးဇူးဆပ်ချင်လို့ ဒီနတ်ပြည်မှာလာပြီး အဘိဓမ္မာတရားကို ၀ါတွင်းသုံးလ လုံးဟောကြားတော်မူပါတယ်။ နတ်ပြည်မှာ အဘိဓမ္မာတရားဟောပြီးချိန်ဟာ လူ့ပြည်မှာ သီတင်းကျွတ်လပြည့်နေ့ပါ။

အဲဒီနေ့မှာပဲ မြတ်စွာဘုရားရှင်ဟာ လူ့ပြည်ကိုပြန်လည် ကြွတော်မူပါတယ်၊ အဋ္ဌကထာများမှာတော့ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်း သုံးသွယ်နဲ့ နတ်ဗြဟ္မာများ ခြံရံကာ ကြွတော်မူကြောင်း ပြဆိုပါတယ်။ ဒီနေ့သီတင်းကျွတ်လပြည့်မှာ မြတ်စွာဘုရား လူပြည့်ကို ပြန်လည်ကြွရောက်တာကို အစွဲပြုပြီး ဗုဒ္ဓဘာသာဝင်တွေက မြတ်စွာဘုရားကို ပူဇော်တဲ့ အနေနဲ့ သီးတင်းကျွတ်မီးထွန်းပွဲတွေ မီးပုံးပျံလွှတ်တာတွေ ပြုလုပ်ကြသလို အဘိဓမ္မာအခါတော်နေ့ပါ အဲဒီနေ့မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီနေ့အချိန်ထိ အဘိဓမ္မာတရားတော်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၅၈၉ ရှိသွားပါပြီ၊ ဒါကတော့ ထေရ၀ါဒရှုဒေါင့်ကနေတင်ပြခြင်းမျှသာပါ၊ ရှိတဲ့အသိကို ရှင်းဖို့သာရည်ရွယ်ပါတယ်၊ အဘိဓမ္မာတရားတော်အတွက် အငြင်းပွားမှုတွေ ဘယ်လိုပင်ရှိရှိ နက်နသိမ်မွေဲ့တဲ့ သဘောတရားတွေကို လေ့လာပြီး စိတ်ရဲ့ချမ်းမြေ့မှု ဘ၀လွတ်မြောက်မှုအတွက် ကျင့်ကြံလိုက်နာရင်း ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားကြပါစို့။

ပျော်ရွှင်သော သီတင်းကျွတ်ဖြစ်ပါစေ

0 comments: