Monday, May 4, 2009

ဝိပဿနာ ရှုမှတ်ပုံ

၀၅- ၀၅- ၂၀၀၉

မနေ့က သမထပိုင်း ရှုမှတ်ပုံ အဆင့်ဆင့်ကို ပြောပြီးသွားပါပြီ ၊ သတိရအောင် ပြန်ပြော ရရင် သမထကို အပိုင်းလေးပိုင်းနဲ့သွားခဲ့ပါတယ်၊ သတိမြဲရာ ပထမာ ဆိုတဲ့ အတိုင်း ပထမဆုံး နှာသီးဖျားလေးမှာ မိမိရဲ့ သတိကို မြဲနေအောင် ကြိုးစား ရှုမှတ်ရပါတယ်၊ ဒီလို ရှု့မှတ်ရင်း ၇ ရက် ၈ ရက် သို့မဟုတ် ၁၀ ရက်လောက် အားထုတ်ပြီးသွားလို့ သတိတွေမြဲနေပြီဆိုရင်( သတိမြဲဆိုတာ ဆိုတာ --၀င်လေ ၀င်တိုင်း, ထွက်လေ ထွက်တိုင်း နှာသီးဖျားကို ထိထိပြီး ၀င် ထွက်တာကို တရစပ်သိနေတာကို ပြောတာပါ ) သမထ ဒုတိယအဆင့်ကို အားထုတ်ရပါတယ်။

ဒုမှာ တို ရှည် သိ ဆိုတဲ့အတိုင်း ကိုယ်ထိုင်နေတဲ့ ရှေ့တည့်တည့်ု၂ တောင် ၃ တောင်အကွာဝေးတဲ့ နံရံမှာ အမှတ်အသားလေး တခု ပြုပြီး ထွက်လေကို အဲဒီအမှတ်အသားလေး အရောက် တွန်းပို့ရပါတယ် ပြီးရင် အဲဒီလေကို ၀င်လေနဲ့ ပြန်သိမ်းပါ ဒီလိုနည်းနဲ့ ၃ တောင်ကနေ အတောင် ၅၀ အတောင် ၅၀ ကနေ အတောင် ၁၀၀ စသည် ပို့လိုက် ယူလိုက်ပြုလုပ်ရပါတယ်။ ဒီနေရာမှာ တချက်သတိထားခဲ့စေချင်တာက လေကို ပို့ ယူ လုပ်တဲ့အခါ နှာခေါင်းက အောက်ကို စိုက်နေတော့ အစပိုင်းမှာ ခက်ပါတယ်။

ဒါပေမယ့် စိတ်အလုပ်ဖြစ်တဲ့အတွက် ရောက်စေ ဆိုရင်ေ၇ာက်သွားပါတယ်။ ပြန်လာလို့ စိတ်ကညွတ်လိုက်ရင် ပြန်လာပါတယ် ဒါကတော့ မြေဇင်းဆရာတော်တို့နည်းပါ၊ မူရင်း ပါဠိတော်မှာတော့……ငါရဲ့ထွက်လေကို ရှည်ရှည် ရှူမည်ဆိုပြီး ရှည်ရှည်နှာသီးဖျားကနေ လွှတ်လိုက်ရမှာပါ ။ ပြီးတော့ ငါ့ရဲ့ ၀င်လေကို ရှည်ရှည် ရှိုက်သွင်းမယ် ဆိုပြီး ရှည်ရှည် ပြန်ရှိုက်လိုက်ရမှာပါ၊ တိုတိုသွင်းမည် တိုတို ပြန်ထုတ်မည်ပေါ့။

နောက်တဆင့်က - သုံးချက်သိမှာ တတိယာ ဆိုတဲ့အတိုင်း အလင်းနိမိတ်ကို နှာခေါင်းမှ ရင်ချိုင့်၊ ရင်ချိင့်မှ ချက် တဖြည်းဖြည်းချင်း ရှိုက်သွင်းလိုက်တဲ့ အခါ
နှာသီးဖျားမှာ စပြီး ၀င်နေသည်ကိုလည်း သိ၊ ရင်ချိုင့်ရောက်သည်ကိုလည်း သိ၊ ချက်ရောက်သွားသည်ကိုလည်း သိ၊ သုံးဌာနလုံး၌ သိနေအောင် အားထုတ်ရမှာပါ၊
ပြီးတော့ ပါးဖောက် နားဖောက် ဖြတ်စား လှီးစား စေ ၁၀ ချက်စတာတွေနဲ့ အလင်းနိမိတ်ကို လိုသလိုစေခိုင်းနိုင်အောင် အားထုတ်ရပါတယ်

နောက်တဆင့် သမထက လေးမှာ ငြိမ်းစေဘိ ဆိုတဲ့အတိုင်း ၀င်လေ ထွက်လေကို ဖြေးဖြေးလေး ရှူသွင်းရ ထုတ်ရပါတယ်၊ မိမိတို့ ပုံမှန် ၀င်လေ ထွက်လေက ကြမ်းတမ်းပါတယ်။ ဒါကို မိမိက ငါ၏ ထွက်လေ၊ ၀င်လေတို့ကို ငြိမ်းစေအံ့၊ ငြိမ်းစေအံ့”ဟု ရှုမှတ်နေရုံပါ။ ပါရမီဥာဏ်ရင်သန်သူများကတော့ ရှေု့ပိုင်းသမထကျင့်စဉ်တွေမှာပဲ ၀င်လေ ထွက်လေ ငြိမ်းနေတာကို တွေ့ရတတ်ပါတယ်။

ဒီလိုအားထုတ်နေရင်း တခါတရံ ထွက်သက် ၀င်သက်တွေ ပျောက်သွားသလို ထင်တတ်ပါတယ်။ ဒီလိုသမထအဆင့်လေးဆင့်ကို အားထုတ်ပြီးသွားပြီဆိုရင်အညစ်အကြေးမရှိတဲ့ မှန်သားပြင်ကြီးလို တိမ်တိုက်ကြားက ထွက်လာတဲ့ လပြည့်ဝန်းကြီးလိုထင်မှတ်နေရပြီး မိမိရဲ့ အလင်းနိမိတ်ဟာ အလွန်ကို ကြည်လင်တောက်ပနေပါတယ်။ဒီလိုပဋိဘာဂနိမိတ်အဆင်အခိုက်အတန့်မှာ စိတ်ညစ်ညူးကြောင်း နီဝရဏတရားတွေ ကင်းနေပါတယ်။ .


ဝိပဿနာပိုင်း ရှုမှတ်ပုံများ


သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ၀ိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့်ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ။် သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ၀ိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။

ဝိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့အတွက်ကြောင့်ပါ်။ ၀ိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။

ကန္နီနည်းမှာ သမထယာနိကလမ်းစဉ်ဖြစ်၍ နာမ်ကိုပင် ရှုမှတ်ပွားများရမည်ဟု မှတ်ရမည့်အနေအထား ရှိပါတယ်။ဒါပေမယ့် ကန္နီဆရာတော်ဘုရားကြီးက ယောဂိပါရဂူကျမ်းတွင် ရုပ်ကိုပဲ ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထယာနိကလမ်းစဉ် ဖြစ်ပေမယ့် သမထကို အဆုံးစွန် အပ္ပနာဈာန်ရသည်အထိ အားမထုတ်နိုင်ခဲ့ကြ။ ဥပစာရဈာန်အဆင့်မျှသာရှိ၍ ရုပ်ကိုပင် ရှုမှတ်နိုင်သည်ဟု ကျမ်းအကိုးအကားများပြ၍ မိန့်တော်မူထားပါတယ်။

ရှု့နည်း ၃ မျိုး

၁-သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂအလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း
၂- ခြေဖျား မှ ချက်
ချက်မှ လည်မျို
လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း
၃- လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း ၃ မျိုးရှိပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။

၁- မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း
၂- မိမိခန္ဓာကိုယ်ရဲ့ ငယ်ထိပ်ခြေတောက်လက်စတဲ့နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကို မှတ်ခြင်း
၃- နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။

ကန္နီဆရာတော်ကြီး မြေဇင်းဆရာတော်ကြီးတို့ရဲ့နည်းကတော့ နှလုံးအိမ်ကို ရှုမှတ်တဲ့နည်းပါ။ အစပိုင်းမှာတော့ ခက်သလိုရှိပါတယ် နောက်ပိုင်းမှာ အလွန်လွယ်ကူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်တခုလုံးရဲ့ ဗဟိုချက်မဟာ နှလုံးအိမ်ဖြစ်နေလို့ပါ၊ နှလုံးအိမ်ကနေ ခန္ဓာကိုယ်တခုလုံး ဖြန့်ကြည့်လိုက်ရင် ရုပ်တရား နာမ်တရားတွေ တဖွဲဖွဲ တသဲသဲ ဖြစ်ပျက်နေတာကို တွေ့ရပါတယ်
ဥပမာငါးမျိုး

အထက်တွင် ပြဆိုခဲ့သည့်အတိုင်း မိမိ၏ နှလုံးအိမ်တွင် အာရုံကပ်၍ ရုပ်နာမ်တို့၏အဖြစ်အပျက်ကို ရှုမှတ်ပွားများနေသော ယောဂီပုဂ္ဂိုလ်အား တရိပ်ရိပ်ဖြစ်၍ တရိပ်ရိပ်ပျက်ပုံကိုလည်းကောင်း၊ အသစ်အသစ်ဖြစ်၍ အဟောင်းအဟောင်းတို့ ချုပ်ပျက်နေပုံကို မိမိ၏ ပကတိမျက်စိဖြင့် ကြည့်၍မြင်နေရသကဲ့သို့ မုချထင်ထင် သိမြင်ရလေတော့သည်။ ထိုသို့ ထင်မြင်လာသောယောဂီအား အောက်ပါဥပမာငါးမျိုးတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ၊ ရော၍ဖြစ်စေ ထင်မြင်လာတတ်ပါသည်။ ၎င်းတို့မှာ -

၁။ နေအရုဏ်တက်၍ နေထွက်သောအခါ ပြိန်းမြက်ပင်တို့၏ အဖျား၌ တသားတည်းခဲနေသော ဆီးနှင်းပေါက်တို့ တဖြောက်ဖြောက်ကြွေကျနေသည်ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၂။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့၌ရှိသော ၀ဲကွေ့၌ ရေများတိုးဝှေ့ခြင်းကြောင့်ဖြစ်ပေါ်လာသော ရေမြှပ်၊ ရေပွက်တို့ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၃။ ကြည်လင်ငြိမ်သက်နေသောရေပြင်တွင် တုတ်၊ တောင်ဝှေးစသည်တို့ဖြင့် ရေးခြစ်၊ ရိုက်ပုတ်လိုက်သောအခါ အလွှာအလွှာလိုက် တရိပ်ရိပ်ဖြစ်ပေါ်လာသော ရေလှိုင်းတို့ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၎။ ပွတ်ဆောက်ဖျား၌ တင်ထားသော မုံ့ညှင်းစေ့၊ လေတွင်ဝဲပါနေသော လူးနှမ်းစေ့တို့၏ တရွေ့ရွေ့၊ တရိပ်ရိပ်၊ တဖိတ်ဖိတ်ကြွေကျသည်ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၅။ ညိုပြာရီမှောင်နေသော တိမ်လိပ်တို့အတွင်း၌ တ၀င်းဝင်း၊ တဖျက်ဖျက် လက်လက်နေသော လျှပ်စစ်နွယ်တို့ကို တွေ့မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း တို့ဖြစ်ပါသည်။

ဒီဥပမာ ငါးမျိုးကို အားထုတ်ဖူးတဲ့ ယောဂီများ သေသေချာချာ နားလည်နိုင်ပါတယ်။ ထူးဆန်းသည့် ဓမ္မ သံသရာကလွတ်မြောက်နိုင်သည့် ဓမ္မများကို စာသိမှ သည် ကျင့်သိ ကျင့်သိမှ သည် ထိုးထွင်းသိ အဆင့်ရောက်အောင် ကြိုးစားကြပါစို့လို့ အဖြူရောင် မေတ္တာများနဲ့ တိုက်တွန်းချင်ပါတယ်။

ကျမ်းကိုး။ ယောဂီပါရဂူကျမ်း

0 comments: