Tuesday, March 9, 2010

အတ္တကို ဗဟိုပြု၍

လူဆိုတာ ကိုယ့်ကိုယ်ကို ချစ်တာသဘာဝပါ၊ ကိုယ့်ကိုယ်ကျော်ပြီး ချစ်တာဆိုတာ လက်တွေ့ဘ၀ထဲမှာ လွယ်ကူတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းလို့မရ၊ ပတ်ဝန်းကျင်နဲ့နေပြီး ပတ်ဝန်ကျင်မှာ ကျင်လည်ကြရသကိုး၊ ဒီလိုအခြေအနေမျိုးမှာ အတ္တကို ဗဟိုပြုတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်တွေဟာ အထီးကျန်ဆန်တဲ့ အခန်းကျဉ်းထဲကို ပို့ပစ်တတ်တယ်၊
တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘ၀မှာ ဗြောင်းဆန်နေရသူဟာ ပတ်ဝန်းကျင်ကိုလဲ အကောင်းအမြင်၊ လောကကြီးကိုလဲ အဆိုးထင်ဖြစ်တော့တာပါ၊ ဒီလို စရိုက်၇ှင်တွေဟာ လူများက ကိုယ့်ကို ဂရုစိုက်ခံချင်၊ကိုယ့်ကိုအကောင်းပြောစေချင်ကြတာ ဓမ္မတာပါ၊ အပြုသဘောဆောင်တဲ့ဝေဖန်မှုကိုတောင် လက်မခံနိုင်တဲ့ အနေအထားပါ။


ကိုယ့်ကို ဂရုစိုက်စေချင်ရင် ကိုယ်ကကော သူများတွေအပေါ် ဘယ်လောက်ဂရုတစိုက် အလေးထားဆက်ဆံဖူးပြီလဲ ဆိုတာလဲ ထည့်တွက်စဉ်းစားရလိမ့်မယ်၊ ဗုဒ္ဓ၀ါဒမှာတော့ မေတ္တာလို့ပြောတယ်.နယူတန်ရဲ့ နိယာမကတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် လို့ မှတ်ဖူး ဖတ်ဖူးရဲ့။

လက်တွေ့လေ့ကျင့်မှု အားနည်းတဲ့ စာအသိတွေဟာ တကယ့်လက်တွေ့ဘ၀မှာ အံဝင်ဂွင်ကျ မဖြစ်လှဘူး၊ မေတ္တာ သဘော ကရုဏာသဘောတွေ သောသောညံပြောဖြစ်နေပေမယ့် တကယ့်လက်တွေ့မှာ မေတ္တာစိတ် မဖြစ်နိုင်ကြဘူး၊ ဒေါသတွေ မနာလို ၀န်တိုတာတွေဟာ မကောင်းဘူးလို့ သိပေမယ့် တကယ့်လက်တွေ့မှာ ဒေါသဖြစ်စရာကို နည်းနည်းလေးမှ လျှော့မပစ်နိုင်ဘူး၊ ကိုယ်သိတဲ့ သညာသိကို စဉ်းစားထိုက်ပေစွ။

သမထ ၀ိပဿနာ(တရားထိုင် တရားမှတ်) ဆိုတဲ့ စကားလုံးတွေကို အသာထားဦး၊ အဲဒီရဲ့ အခြေခံ မေတ္တာ သဘောတရားကို ငါးရာခိုင်နှုန်းလောက် လေ့ကျင့်နိုင်ပြီလားလို့ ကိုယ့်ကိုယ်ကို စီစစ်သင့်လှတယ်၊ နေ့စဉ်ဘ၀မှာ ဘာသာရေးအဆုံးအမတွေနဲ့ နေရင် တော်တော်ကောင်းမယ်ဆိုတာ သိတော့သိပါရဲ့၊ ဒါပေမယ့် လက်တွေ့ဘယ်လောက် လုပ်ဖြစ်လဲဆိုတာ စီစစ်ကြည့်ရလိမ့်မယ်၊ စကားလုံးတွေ ဖောင်းဖွနေတဲ့ လောကမှာ ကိုယ့်ရဲ့ကိုယ်ကျင့်တရား၊ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို သတိထားမိပြီလား ဆိုတာကလဲ စဉ်းစားစရာပါ၊

မကောင်းတာကို ငါတို့က ဘယ်တော့မှ မလုပ်ဘူးဟေ့လို့ ကြွေးကြော်နေရုံနဲ့ မလုံလောက်သေးဘူး၊ ကောင်းတာကို ဘယ်လောက်လုပ်ဖြစ်လဲ ဆိုတာနဲ့ချိန်ထိုးပေးရအုံးမယ်၊ ကိုယ့်အတွက်ပဲ အကောင်းတွေလုပ်နေလို့လဲ မလုံလောက်သေးဘူး၊ သူများတွေ ကောင်းဖို့အတွက်လဲ လုပ်ရလိမ့်အုံးမယ်၊သင်ဟာ ဘုရားရှင်ရဲ့ တပည့်လို့ လက်ခံထားရင်ပေါ့၊ ဆ၀ါလတ သုတ္တန်မှာ ကိုယ့်အတွက်ရော လူအများအတွက်ရော ထည့်တွက်စဉ်းစား လုပ်ကိုင်မှ လူတော် လူမြတ်လို့ ဆိုထားတယ်။

အတ္တကို ဗဟိုပြုစဉ်းစား လုပ်ကိုင်သမျှ အမှားသံသရာမှာ ကျင်လည်နေရအုံးမယ်၊ ကိုယ့်ဖက်ကိုသာကြည့်ပြီး လူများအပေါ်ဆုံးဖြတ် သုံးသပ်နေသမျှ မကျေနပ်ချက်တွေ တပွေ့တပိုက်နဲ့ အိပ်စက်နေရအုံးမယ်။ကျေနပ်တဲ့စိတ်နဲ့ လောကကြီးမှာ နေနိုင်ဖို့ အရေးကြီးတယ် မဟုတ်လား။ ။

0 comments: