ယွန်းတာရာ ရေးစပ်ပူဇော်သည့် မွေးနေ့ပူဇာ ဆုတောင်းနှင့် မွေးနေ့ကိတ်
Tuesday, May 26, 2009
Monday, May 25, 2009
Happy Everyday
(ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရ (ယောဆရာတော်ဘုရား) ရဲ့  (၃၁) နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ရေးသားပူဇော်ပါသည်။)
လောကကြီးထဲကို လူသားတစ်ယောက် မိခင်ရဲ့ ဝမ်းကြာတိုက်ကနေ ရောက်ရှိလာတဲ့နေ့ ကို မွေးနေ့  (Birthday) ရယ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ နှစ်စဉ် အဲဒီနေ့ ရက်ကို ပြန်ရောက်တိုင်း ရောက်တိုင်းလည်း ဘယ်နှစ်နှစ်မြောက် မွေးနေ့ ရယ်လို့ လည်း သတ်မှတ်တတ်ကြပြန်ပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီကြပေမယ့်လို့  မိမိတို့ အနေအထားအလျှောက် အခြေအနေပေးသလောက် မွေးနေ့ အမှတ်တရ အဖြစ် အဲဒီနေ့ မှာ သတ်သတ်မှတ်မှတ်လေး တစ်ခုခုတော့ လုပ်တတ်ကြပါတယ်။ တချို့ က မွေးနေ့ ကိတ်လှီးမယ်၊ တချို့ က ဘုရားသွားမယ်၊ အလှူဒါန လုပ်မယ်။ တချို့ က ကိုယ့်ဖာသာကိုယ်ဘဲ အမှတ်တရ တစ်ခုခုလုပ်ကြမယ်။ စသည်ဖြင့်ပေါ့...။
ဒါပေမယ့် လူတွေအားလုံးတူညီနိုင်တဲ့အချက်ကတော့ မွေးနေ့  မှာ တတ်နိုင်သလောက် တစ်နေ့ လုံး ကောင်းတဲ့အာရုံတွေနှင့် ဖြစ်နေအောင်၊ မင်္ဂလာရှိအောင်၊ ပျော်ရွှင်စရာကောင်းတဲ့နေ့ လေး တစ်နေ့ ဖြစ်အောင် လုပ်တတ်ကြတာပါဘဲ။
တခြားသူတွေတော့မပြောတတ်ပါဘူး။ ကျွန်တော်ငယ်ငယ် ကလေးဘဝတုန်းကတော့ မွေးနေ့ ကိုရောက်ပြီဆိုရင် မနက်စောစောထ၊ မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ သောက်တော်ရေကပ်၊ ပြီးတော့ သီလယူ၊ မေတ္တာပို့ ၊ တရားနှလုံးသွင်း စတာတွေလုပ်၊ ပြီးတော့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်း၊ ပြီးတာနှင့် သူငယ်ချင်းတွေကို ခေါ်ပြီးကျွေး၊ နောက်ပြီးတော့ တစ်နေရာရာကို လျှောက်လည် စသည်ဖြင့် အဲဒီနေ့ လေးကို ထူးထူးခြားခြား ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေနှင့် ပြည့်နေအောင် ကြိုးစားနေထိုင်ပါတယ်။ အဲဒီမွေးနေ့ ပြီးနောက်ရက်တွေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ ပါဘဲ။
အခုအသက်ကြီးလာတဲ့အချိန်ရောက်တော့လည်းဘဲ မွေးနေ့ ရောက်ပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကို တခြားနေ့ တွေကထက်စာ ပိုသတိထားလုပ်ရင်း မိမိစိတ်ကိုလည်း ကောင်းတဲ့အာရုံတွေမှာ ပိုပြီး ဂရုစိုက်ထားရင်း အကုသိုလ်ဖြစ်စရာတွေကို တတ်နိုင်သလောက်ရှောင်ရင်း အဲဒီတစ်နေ့ စာကို စိတ်ချမ်းသာအောင် နေထိုင်းရင်း ဖြတ်သန်းတတ်ပါတယ်။ အဲဒီနေ့ ပြီးလို့  နောက်ရက်တွေမှာတော့ ကောင်းဆိုးအာရုံတွေကြားထဲမှာ စိတ်ညစ်လိုက်၊ ပျော်လိုက်နှင့် ဒုံရင်းဘဝကို ပြန်ရောက်သွားတတ်ပါတယ်။
ကျွန်တော် ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူက “မွေးနေ့ မှာ Happy Birthday ပျော်ရွှင်စရာ မွေးနေ့ လို့ ပြောကြတယ်။ ပျော်လည်း ပျော်ကြတယ်။ နေ့ တိုင်း အဲဒီလိုပျော်လို့  မဖြစ်ဘူးလား။” လို့  တွေးစရာလေး ရေးထားပါတယ်။ ကျွန်တော်တို့ တွေ ကိုယ့်မွေးနေ့ မှာ ထူးထူးခြားခြား ကုသိုလ်ကောင်းမှုတွေလုပ်၊ စိတ်ချမ်းသာစရာတွေလုပ်သလို နေ့ တိုင်း နေ့ တိုင်း ဒီလိုမျိုး လုပ်လို့ ၊ နေထိုင်လို့  မဖြစ်နိုင်ဘူးလားလို့  ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်။
နောက်ပြီးတော့ရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းပေးကြတဲ့အခါမှာ “အသက် ၁၂၀ ရှည်ပါစေ” ဆိုတာလေး ပြောလေ့ပြောထရှိကြပါတယ်။ ကျွန်တော်တို့ တွေကိုယ်တိုင်လည်း အသက်တစ်ရာတမ်းမှာ သက်တမ်းစေ့နေချင်ကြတဲ့ စိတ်ကူးလေးတော့ ရှိတတ်ကြပါတယ်။
ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့ ရတတ်တဲ့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေကို တစေ့တစောင်းလေ့လာမိဖူးပါတယ်။ တချို့ လူကြီးတွေကတော့ သေဆုံးတဲ့အချိန်အထိ စီးပွားရေး၊ ကြီးပွားရေးတွေနှင့်ဘဲ အချိန်ကို ကုန်ဆုံးကြပါတယ်။ တချို့ တွေကတော့ အိပ်၊ စား၊ ပျော်ပါးပြီးဘဲ သေချိန်ရောက်ခဲ့ကြ ပါတယ်။ တချို့ တွေကျတော့ ကျန်းမာရေးမကောင်းတော့လို့  နာတာရှည်ရောဂါသည် ဘဝနှင့် အိပ်ယာထဲမှာဘဲ အချိန်ကုန်လွန်သွားကြပါတယ်။ တချို့ ကျတော့ သူငယ်ပြန်သလိုမျိုးတွေဖြစ်ပြီး မေ့မေ့လျော့လျော့နှင့် သက်တမ်းကုန်ကြပြန်ပါတယ်။ ရှားရှားပါးပါး တချို့ တလေသာ သတိကောင်းကောင်းနှင့် မိမိအကျိုး အများအကျိုးရှိတဲ့ ကိစ္စတွေကို လုပ်ရင်း သက်တမ်းကုန်လို့ သေကြရပါတယ်။
တကယ်လို့ များ ကျွန်တော်တို့ တွေ သက်တမ်းစေ့နေထိုင်နိုင်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမှာလဲ။ ဘယ်လို နေ့ စဉ်ဘဝကို ဖြတ်သန်းကြမှာလဲ။ ဒီနေရာမှာ အရေအတွက် (Quantity) နှင့် အရည်အချင်း (Quality) ကို ထည့်သွင်းစဉ်းစားရမယ့် အပိုင်းလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဗုဒ္ဓအလိုကျ ဘယ်လို နေထိုင်ရင်ကောင်းမလဲလို့ တွေးမိပြီး စာပေထဲမှာ ကျွန်တော်ရှာတော့ ဂါထာ သုံးပုဒ်ကို သတိထားမိပါတယ်။
၁။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
၂။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
၃။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။
မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။
ဒီတရားဂါထာတော် သုံးပိုဒ်ကတော့ မြတ်စွာဘုရားရှင်က ကျွန်တော်တို့ ကိုဖြစ်စေချင်တဲ့၊ ဗုဒ္ဓအလိုကျ ကျွန်တော်တို့ တွေ အသက်ရှင်နေရမယ့် ရက်တွေကိုအသုံးချဖို့  ဆုံးမထားတာလေးဖြစ်ပါတယ်။
ကျွန်တော် ကိုယ့်ကိုယ်ကို ထပ်ကွန့် ပြီးစဉ်းစားမိတာ၊ မေးခွန်းမေးမိတာ တစ်ခုက တကယ်လို့ များ မနေရလို့  အခုနေ (ဒါမှမဟုတ်) နောက် ၂၄ နာရီအတွင်းများ သေရတော့မယ်ဆိုပါရင် အဲဒီအဆုံးအမ (၃) ပိုဒ်ထဲက ဘယ်တစ်ခုခုကိုများ လိုက်နာကျင့်ကြံအားထုတ်ဖြစ်ခဲ့ပြီလဲလို့ ပါခင်ဗျား။
ဘုန်းဘုန်း မွေးနေ့ အတွက် အမှတ်တရဖြစ်အောင် တစ်ခုခု ရေးမယ်လို့ စိတ်ကူးရင်း ခေါင်းထဲပေါ်လာတာလေးတွေကို ချရေးလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း၊ ခင်မင်ရတဲ့ ဓမ္မမောင်နှမတွေကိုလည်း တွေးစရာလေးတွေပေးရင်းပေါ့ခင်ဗျား။
(ဒီဆောင်းပါးလေးနှင့်ဘဲ ဘုန်းဘုန်းမွေးနေ့ အတွက် တပည့်တော် ဓမ္မပူဇာအနေဖြင့် ပူဇော်ဂါရ၀ပြုပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါဘုရား။ ဘုန်းဘုန်းရေ…Happy Everyday! ပါ။)
ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ
Sunday, May 24, 2009
အရှင်တိက္ခဉာဏာလင်္ကာရ (သို့မဟုတ်) ထွန်းတောက်သောအလင်းနိမိတ်
-သာသနာ့ အာဇာနည်တစ်ဦး
မမြင်ဘူး၊ မတွေ့ဘူး၊ မဖူးမျှော်ဘူးခဲ့ပါ---။
-ဤအရှင်မြတ်ရဲ့စေတနာ…ဒါပေမဲ့မြင်သာနေတယ်။
-ဤအရှင်မြတ်ရဲ့ မေတ္တာ…..ဒါပေမဲ့သိသာနေတယ်..။
-ဤအရှင်မြတ်၏စရဏ……ဒါပေမဲ့- မှန်းဆကြည်ညိုနေမိတယ်။
-ဤအရှင်မြတ်၏ ခံယူချက်(ရိုးသာမှုသာ၊ချစ်စရာ)….နှစ်သက်လေးစားမိနေတယ်။
-ဤအရှင်မြတ်၏ ရဲရင့်ခြင်း၊ ကြောက်ရွံခြင်းပယ်ရှား၊ ဗုဒ္ဓသားတော် ပီပြင်တယ်။
-ဤအရှင်မြတ်ရဲ့ တည်ကြည်မှု၊ ခံ့ညားမှုတွေရှိနေတယ်။
-ကိုယ်တွေ့ စစ်စစ်၊ အနှစ်သာရအမှန် ဘာဝနာမယဉာဏ်ဖြင့်
အလင်းများသယ်ဆောင်၊အမှောင်တစ်ချို့လင်းစေတယ်။
ဉာဏ်ရောင်တစ်ချို့လက်စေတယ်။
-ဤအရှင်မြတ်၏တရား၊နှလုံးသားထဲ မှ အသံလှိုင်းတွေ--
လေထဲမှာစီးဆင်း ၊ရင်နှီးကျွမ်းဝင်။ ဦးတင်ကိုးစား၊တန်ဘိုးထားခဲ့ဘူးပါတယ်။
-သာသနာမထွန်းသစ်ဘူးရယ်လို့
ပစ္စန္တရာဇ်ခံစားမှု၊သက်သာမှုလည်းရခဲ့ဘူးတယ်။
-ဤအရှင်၏မွေးနေ့ အချိန်၊၃၁ကြိမ် ပြည့်မြောက်၊မကြာခင်ကျရောက်တော့မယ်။
-မွေးနေ့ဟုဆိုပါလျင်
မိခင်နွယ်ဖွား မိန်းမသားတစ်ဦးရဲ့ အနာကျင်ဆုံးဝေဒနာခံစားရတဲ့ နေ့တစ်နေ့…
အမေ့ အတွက် ပေါင်းစု၊ဂုဏ်ပြုရမဲ့ ဝိသေသ၊အခါသမယလည်းဖြစ်နေတယ်။
-အနာကျင်ဆုံးဝေဒနာ-----အမေတစ်ကာ----အမေများစွာထဲတွင် ....
-ဤအရှင်မြတ်၏မိခင်
သင်၏နာကျင်ခြင်း၊မြင့်မြတ်ခြင်းများပြည့်နှက်
လောကအတွက် လက်ဆောင် ၊ ဆောင်ယူခဲ့ခြင်း---ပေးဆက်ခြင်း---
အလင်းရောင် ထွန်းတောက်
အာဇာနည်သားတစ်ယောက်အတွက်၊
လေးနက် ညွတ်နူး ကျေးဇူး အထူးတင်ပါရစေ။
၂၇.၅.၂၀၀၉တွင်ကျရောက်မည့်-အရှင်တိက္ခဉာဏလင်္ကာရ (Yaw Community) ၏ (၃၁) နှစ်မြောက်မွေးနေ့ ကိုဂုဏ်ပြုလျက် အရှင်မြတ်၏ သာသနာပြုလုပ်ငန်းများ အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါသသည်။
သစ္စာအလင်း ရေးသားသည့် မွေးနေ့ပူဇာ စာကဗျာကို အားလုံးအတွက် ပြန်လည်မျှဝေပါသည်။ ။
Thursday, May 21, 2009
မှတ်သားဖွယ်ရာ ဖောင်ဥပမာ
မဇ္ဈိမ နိကာယ် မူလပဏ္ဏာသပါဠိတော်.
အလဂဒ္ဒူပမသုတ္တန် ကောက်နှုတ်ချက်
ရဟန်းတို့ !! သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြားကြကုန်၊ ကောင်းစွာနှလုံးသွင်းကြကုန်။ ဟောကြားအံ့ဟု မိန့်တော်မူ၏ ၊ အရှင်ဘုရား ကောင်းပါပြီ ဟု ထိုရဟန်းတော်တို့သည် မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားကုန်၏။
မြတ်စွာဘုရား သည် ဤတရားကို ဟောကြားတော်မူ၏ ။
ရဟန်းတို့ ဥပမာသော်ကား ခရီးရှည်သွားသော ယောကျာင်္ားသည် ရေပင်လယ်ကြီးကို မြင်ရာ၏၊ ဤဘက် ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းကား အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊
ထိုယောင်္ကျားမှာ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်းမရှိ၊ ‘ ထိုယောင်္ကျားအား ‘ ဤကား ရေပင်လယ်ကြီးတည်း။ ဤဖက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းက အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်း မရှိပေ၊ ငါသည် မြက် သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြုလျက် လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ ကူးရမူ ကောင်းပေမည်’ ဟု အကြံအစည် ဖြစ်ပေါ်ရာ၏၊
ရဟန်းတို့ ထို့နောက် ထိုယောင်္ကျားသည် မြက်သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ကူးရာ၏၊
ကမ်းတဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘`ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတဖက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ခေါင်းပေါ်၌ တင်ရွက်၍သော်လည်းကောင်း
ပခုံးပေါ်၌ ထမ်း၍သော်လည်းကောင်း အလိုရှိရာ အရပ်သို့ ဖဲသွားရမူ ကောင်းပေမည်ဟု အကြံအစည် ဖြစ်ပြန်ရာ၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောင်္ကျားသည် ဤသို့ပြုသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသလော ဟု မေးတော်မူ၏။
အရှင်ဘုရား မဖြစ်ပါ ဟု လျှောက်ကြကုန်၏၊ ရဟန်းတို့ ထိုယောင်္ကျားသည် အဘယ်ပုံ ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသနည်း၊ ရဟန်းတို့ ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘ ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဖက်သို့ ကူးခဲ့၏၊
ငါသည် ဤဖောင်ကို ကုန်း၌ဆယ်တင်၍သော်လည်းကောင်း ရေ၌ ပေါလောမျှော၍သော်လည်းကောင်း အလိုရှိသော အရပ်သို့ ဖဲသွားရမူ ကောင်းပေမည် ဟု အကြံအစည် ဖြစ်ရာ၏။
ရဟန်းတို့ ထိုယောင်္ကျားသည် ဤသို့ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူဖြစ်ရာ၏၊ ရဟန်းတို့ ဤအတူပင် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ငါဟောကြား၏၊ ရဟန်းတို့ သင်တို့အား ဟောကြားထားသော ဖောင် ဥပမာရှိသော တရားကိုသိသော သင်တို့သည် တရားမှု ( သမထ ၀ိပဿနာ၌ ဖြစ်သော ဆန္ဒရာဂ )တို့ကို ပယ်သော်လည်း ပယ်စွန့်ရမည်၊ မတရားမှု ( ကာမဂုဏ်၌ ဖြစ်သော ဆန္ဒရာဂ ) တို့ကိုကား ပြောဆိုဖွယ်ပင် မရှိတော့ပေ။
Wednesday, May 20, 2009
အိပ်မက်ပြဿနာ ရှင်းတမ်း
အခုရက်ပိုင်းအတွင်း ထူးထူးဆန်းဆန်း အိပ်မက် မြင်မက်ကြသူတွေက မေးခွန်းတွေ မေးခဲ့ကြပါတယ်၊ သူတို့တတွေရဲ့ မေးခွန်းတွေကို အဖြေပေးရင်း စိတ်ဝင်စားစရာ ကောင်းတာမို့ ဘုရားရှင်ဟောကြားတော်မူတဲ့ ပါဠိတော်နဲ့ အဋ္ဌကထာဆရာများရဲ့ စာပေတွေကို လေ့လာဖတ်ရှုဖြစ်ပါတယ်၊
ဝိပလ္လာသ (၁၂ ) ပါးကို မပယ်သတ်ရသေးတဲ့ ပုထုဇဉ်နဲ့ သေက္ခပုဂ္ဂိုလ်များဟာ အိပ်မက် မက်ကြပြီး ရဟန္တာပုဂ္ဂိုလ်ကတော့ အိပ်မက် မမက်တော့ဘူးလို့်လို့ဆိုပါတယ်၊ အိပ်မက် မက်ရခြင်း အကြောင်းကို ပြဆိုရမှာတော့..
ဓာတုက္ခောဘ - သည်းခြေစသည်တို့ တုန်လှုပ်ခြောက်ခြားတဲ့အတွက်၊
အနုဘူတ ပုဗ္ဗ- ရှေးကခံစားခဲ့ဖူးတဲ့ အာရုံဖြစ်တဲ့အတွက်၊
ဒေ၀တောပသံဟာရ - နတ်တို့ရဲ့ တန်ခိုးနဲ့ ကောင်းကျိုး ဆိုးကျိုးကို သိစေလိုတဲ့အတွက်၊
ပုဗ္ဗနိမိတ္တ - ကိုယ်ပြုလုပ်ထားတဲ့ ကောင်းကံ ဆိုးကံရဲ့ အစွမ်းနဲ့ ကောင်းကျိုး ဆိုးကျိုးကို
ကို ကြိုတင် သိရှိစေတဲ့ ပုဗ္ဗနိမိတ်ကြောင့်…အိပ်မက် မြင်မက်တယ်လို့ စာပေတွေမှာ ဖော်ပြထားပါတယ်၊ ( အံ.ပဉ္စက.ပါ၊ ဋ္ဌ ) မိလိန္ဒပဥှ ပါဠိတော်မှာတော့ အိပ်မက် မက်ခြင်း အကြောင်းကို (၆) မျိုးခွဲခြားပြပါတယ်၊
အဲဒီအထဲမှာ ပုဗ္ဗနိမိတ်လို့ခေါ်တဲ့ ကိုယ်လုပ်ခဲ့တဲ့ ကောင်းကံ ဆိုးကံရဲ့ အစွမ်းနဲ့ ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်သိရှိစေတဲ့ အိပ်မက် မျိုးဟာ မှန်ကန်တယ်လို့ ဆိုပါတယ်၊ ပြီးတော့ အချိန်ကာလအနေနဲ့ မနက်ပိုင်း မက်တဲ့ အိပ်မက်က ပိုမှန်တယ်လို့ စာပေတွေမှာ ဖော်ပြပါတယ်၊ ဥပမာပြောရရင် မှန်ထဲမှာ အရိပ်ပေါ်လာတာဟာ အဲဒီအရိပ်ကိုယ်တိုင်က မှန်ရှေ့ကို ရောက်လာလို့ မှန်ထဲမှာ ပေါ်လာသလို ကိုယ်လုပ်တဲ့ကံတွေက ကိုယ့်စိတ်ထဲမှာ အရိပ်လို လာပေါ်တာကို ပုဗ္ဗနိမိတ်ကြောင့် အိပ်မက် မြင်မက်တယ်လို့ ဆိုရပါတယ်၊ အိပ်မက် မက်ချိန်ဟာ နိုးတ၀က် ပျော်တ၀က် ကာလလေးမှာ မြင်မက်တတ်ပါတယ်၊
ဘုရားလောင်းကိုယ်တော်တိုင် ဘုရားမဖြစ်ခင်မှာ အိပ်မက်ကြီး ငါးမျိုးကို မြင်မက်တော်မူခဲ့ပါတယ်
( အံ.ပဉ္စက ပါဠိ ).
သဗ္ဗညုတ ဥာဏ်တော်မြတ်ကို ထိုးထွင်းသိခြင်းရဲ့ ကြိုတင်နိမိတ် အဖြစ်နဲ့ ဘုရားလောင်း မြင်မက်ခဲ့တာက ဒီမြေကြီးကို အိပ်ယာလုပ် ဟိမ၀န္တာတောင်ကို ခေါင်းအုံးလုပ်ကာ အရှေ့ အနောက် သမုဒ္ဒရာမှ လက်နှစ်ဖက်ကို ထားပြီး တောင်သမုဒ္ဒ၇ာမှာ ခြေတောက် နှစ်ဖက်ကို ထားရတယ်လို့ မြင်မက်ခဲ့ပါတယ်၊
မဂ္ဂင် ရှစ်ပါးကို ထိုးထွင်းသိပြီး လူ နတ် ဗြဟ္မာတွေကို တရား ဟောပြရမယ်ဆိုတဲ့ ကြိုတင် နိမိတ်အနေနဲ့ တိဏ မြက်က ဘုရားလောင်းရဲ့ ချက်တော်ကနေ ထိုးထွက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်လို့ မြက်မက်ခဲ့ပါတယ်။
လူနတ်ဗြဟ္မာတွေ သရဏဂုံတည်ပြီး ရတနာသုံးပါးကို ဆည်းကပ်လာကြမယ်ဆိုတဲ့ ကြိုတင် နိမိတ်အနေနဲ့ ဦးခေါင်းမှာ အမည်းရောင်ရှိတဲ့ ပိုးကောင်လေးတွေဟာ ဘုရားလောင်းရဲ့ ပုဆစ် ဒူးဝန်းတခုလုံးကို ဖုံးလွှမ်းပြီး တက်တယ်လို့ မြင်မက်ပါတယ်၊
အမျိုးလေးပါးက လူတွေ ဘုရားရှင် သာသနာတော်မှာ ရဟန်းပြုကြမယ်ဆိုတဲ့ ကြိုတင်နိမိတ်အနေနဲ့ အရပ်လေးမျက်နှာက အရောင်သွေးစုံတဲ့ ငှက်တွေဟာ ဘုရားလောင်းရဲ့ ခြေတော်ရင်းမှာ တကိုယ်လုံး အဖြူရောင် ဖြစ်သွားကြတယ်လို့ အိပ်မက်ထဲမှာ မြင်တော်မူတယ်
ပစ္စည်း လေးပါး အပေါ်မှာ ကပ်ငြိခြင်းမရှိဘဲ သုံးစွဲတော်မူမည့် အကြိုနိမိတ်အနေနဲ့ ဘုရားလောင်းမြင်မက်တာက မစင်ပုံကြီးအပေါ်မှာ မစင်တွေမလူးဘဲ လမ်းလျှောက်နေရတယ်လို့ မြင်မက်တော်မူပါတယ်…ဒါကတော့ ဘုရားလောင်း ဘ၀က ကြိုတင်နိမိတ်အနေနဲ့ မြက်မက်ခဲ့သလို တကယ်လည်း ဘုရားဖြစ်လာတဲ့အခါမှာ တကယ့်ကို ကွက်တိမှန်ကန်နေတာကို တွေ့မြင် ကြည်ညိုနိုင်ပါတယ်။
ပြီးတော့ ကောသလ အိပ်မက် ဟာလည်း ယနေ့ခေတ်မှာ မှန်ကန်နေတာကို ထောက်ချင့်သိနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်.
ဘယ်လိုပဲ ဖြစ်ဖြစ်.. မလွန်ဆန်နိုင်တဲ့ သဘာဝလောကကြီးထဲမှာ ရှင်သန်နေရသူများမို့ အိပ်မက်တွေ မြင်မက်တိုင်း ဒီတရားတော်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အကောင်း အဆိုး ကံအမျိုးမျိုးအတွက် ပြင်ဆင်နိုင်ကြပါလိမ့်မယ်၊
ကောင်းကောင်း ဆိုးဆိုး အိပ်မက်မျိုးစုံကို တွေ့ကြုံ မြင်မက်ရတိုင်း ကိုယ့်ကံတွေကို မြှင့်တင်နိုင်အောင် သို့မဟုတ် အိပ်မက်က ပြောတဲ့ သံဝေဂတွေနဲ့ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြပါစို့လို့သာ စေတနာစကားနဲ့ တိုက်တွန်းပရစေလား၊။
ကျမ်းညွှန်း၊ ၊အဘိ-၂ ဋ္ဌ-၃၈၉
အံ ပဉ္စက ပါဠိ-၂၀၉
မဟာနိ ပါ-၂၉၇
Tuesday, May 19, 2009
ထိုင်းဆရာတော်ဘုရားကြီး ဖရအာဂျန်မန်း သို့မဟုတ် Acariya Mum
သာသနာကို လက်ဆင့်ကမ်း သယ်ဆောင်တော်မူခဲ့ကြသည့် ဆရာတော်သံဃာတော်များ ပရိယတ္တိဝန်ဆောင် ပဋိပတ္တိဝန်ဆောင်သံဃာတော်များစွာ အနက် (1870-1949 ) ကာလမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ထိုင်းဆရာတော်ကြီး ဖရအာဂျန်မန်းအကြောင်းကို ပြောပြလိုပါတယ်.
ထိုင်းနိုင်ငံမှာံ ပရိယတ္တိသံဃာတော်များ မြန်မာနိုင်ငံလောက်ထွန်းပေါက်ခြင်း မရှိခဲ့ပေမယ့် ပဋိပတ္တိသံဃာတော် အတော်များများ နေလိုလလို ထွန်းပေါက်ခဲ့ကြတာကို သမိုင်းမှတ်တမ်းများအရ သိရပါတယ်။
ထိုင်းဆရာတော်ကြီး. ဖရအာဂျန်မန်း အမှုးပြုတဲ့ ရဟန်းမြတ်များဟာ မြန်မာနိုင်ငံတောင်တန်းများပေါ်နှင့် လောနိုင်ငံတောင်တန်းများပေါ်မှာ် နှစ်ပေါင်းများစွာနေပြီး ဂူများစွာ ကျိန်းစက်လျက် တရားများ ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ကြပါတယ်၊
ဖရအာဂျန်မန်းဟာ သူရဲ့ လက်ရင်းငယ် သံဃာတစ်ပါးအား သူတွေ့ရှိခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်များကို အမြဲပြောကြားခဲ့ပါတယ်၊ ဒါပေမယ့်လဲ သူ့မှာ စိုးရိမ်စိတ်ကတော့ ရှိနေခဲ့ပါတယ်. သူ့ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြောပြနေရင် မယုံကြည်တဲ့ သူတွေရှိနေမယ်ဆိုတာပါပဲ၊ ( ဘုရားလက်ထက်တော်အခါကလဲ အရှင်မဟာမောဂ္ဂလာန်နဲ့ အရှင်လက္ခဏတို့က သူတို့တွေ့မြင်တဲ့ ဂိဇ္ဈကိုဋ်တောင်စောင်းက ပြိတ္တာတွေ အကြောင်းလျှောက်တဲ့အခါ ငါဘုရား စောစောကပင် မြင်တော်မူကြောင်း သို့သော် မျက်မြင်သက်သေမရှိလို့ မပြောဆိုသေးတာဖြစ်ကြောင်း မြတ်စွာဘုရား ပြန်လည်မိန့်ကြားရတဲ့ သာဓကတွေအများကြီးရှိပါတယ်၊ )
ဒါကြောင့်တပည့်ဖြစ်သူ âcariya Mahà Boowa ¥àõasampannoကိုသူပျံတော်မူရင် သူ့ကိုယ်တွေ့ဖြစ်စဉ်တွေကို စာအုပ်ရေးသားပါလို့ မိန့်မှာတော်မူခဲ့ပါတယ်.. တပည့်ဖြစ်သူကလဲ စာမျက်နှာပေါင်း ၆၈၀ ကျော်ခန့်ရှိ စာအုပ်တအုပ်ကို ရေးသားခဲ့ပါတယ်။.
ဆရာတော်အာဂျန်မန်းကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ မွေးဖွားခဲ့တာပါ။
မိသားစုကိုးယောက်မှာ အကြီးဆုံးသားဖြစ်ပြီး အသက် ၁၅ နှစ်မှာ ကိုရင်ဝတ်ခဲ့ပါတယ်။ ကိုရင်ဝတ်နဲ့ ၂ နှစ်လောက် တရားကျင့်ကြံ အားထုတ်ခဲ့ပြီး မိဘအလုပ်ဖြစ်တဲ့ တောင်သူအလုပ်ကို ကူညီလုပ်ကိုင်ဖို့် သူ့ကို လူထွက်ခိုင်းခဲ့ပါတယ်
အသက် ၂၂ နှစ်အရွယ်မှာ မိဘများကို ခွင့်ပန်ပြီး ရဟန်းဘောင်သို့ ၀င်ခဲ့ပြန်ပါတယ်၊ ရဟန်းဘ၀ကို ရောက်ပြီဆိုတာနဲ့ ကမ္မဋ္ဌာန်း ၀ိပဿနာကို နေ့စဉ်မပြတ်အားထုတ်ခဲ့တယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း တောကလည်းနက် ရေတံခွန်များ ဂူများပေါများတဲ့ နခနရုတ်ဒေသကို သွားရောက်ပြီး သာယာတဲ့ ဂူကြီးတခုကိုတွေ့တော့ ဒီမှာပဲ တရားအားထုတ်တော့မယ်ဆိုပြီး တောင်ခြေမှာ ရှိတဲ့ ဒကာတချို့ကို ပြောပါတယ်.. ဒကာ ဒကာမတွေက ဒီဂူမှာ တရားအားမထုတ်ပါနဲ့ ဒီဂူမှာ တရားအားထုတ်တဲ့ သံဃာတော်တွေ ရုတ်တရက် ပျံလွန်တော်မူကြတယ်ဘုရား အခုဆိုရင် ပျံတော်မူတာ လေးပါးတောင် ရှိနေပါပြီလို့ လျှောက်ထားပြီး ဒီဂူမှာ တရားအားမထုတ်ရန် တားမြစ်ကြပါတယ်.
ဆရာတော် ဖရအာဂျန်မန်းကတော့ သတ္တ၀ါဆိုတာ တနေ့သေရမှာပဲ ရဟန်းဘ၀နဲ့ တရားရှုမှတ်ပြီးသေတာ ပိုပြီးမြင့်မြတ်ပါတယ် လို့ အမိန့်ရှိကာ ဒီဂူမှာပဲ ပထမည ဒုတိယည တတိယည သုံးညလွန်မြောက်ခဲ့ပါတယ်. ဆရာတော်အတွက်လဲ အေးချမ်းသာယာစွာ တ၇ားများ ပွားများအားထုတ်နိုင်ခဲ့တယ်
စတုတ္ထညမှာတောူ့ ဆရာတော့် ၀မ်းတွင်းက ပူလောင်လာပြီး ဓာတ်များမရပ်မနား သွားပါတော့တယ်. ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများနေရာက ဝေဒနာကို ပြောင်းပြီး ရှုမှတ်ခဲ့ရာ ကိုယ်တွင်းမှာတောက်ပြောင်တဲ့ အလင်းရောင်ကို ရှုမြင်ရပြီး ခန္ဓာကိုယ်မှာလဲ ပေါ့ပါးလာကာ. ဝေဒနာလည်း ကင်းပျောက်ပြီး နေထိုင်၍ အလွန်ကောင်း တရားပွား၍ အလွန်ကောင်းလာပါတယ်။
ထိုစဉ်အခါတွင် ဂူကြီးထဲကို ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တ၀ါကြီး ၀င်လာပါတယ် နတ်လား ဘီးလူးလား မခွဲခြားနိုင်ပါဘယး ပြီးတော့ ဒီသတ္တ၀ါကြီးက ဆရာတော့်ကို ပြောပါတယ်.. သူဟာ ဒီတောတောင်မှာ တန်ခိုးအာဏာကြီးတဲ့ တောင်စောင့်ဘီးလူးကြီးပါတဲ့..ဒီလိုပြောပြီး သူ့လက်ထဲမှာပါလာတဲ့ တင်းပုတ်ကြီးကို ပြပြီး ဒီတင်းပုတ်နဲ့ ဆင်ကိုတောင် မြေကြီးထဲဝင်သွားအောင် ၀င်သွားအောင် ရိုက်သတ်ခဲ့ဖူးကြောင်း ဒီဂူထဲကို လာပြီးတရားအားထုတ်တဲ့ သံဃာလေးပါးကိုလည်း ဒီတင်းပုတ်နဲ့ ရိုက်သတ်ခဲ့တာ ဖြစ်ကြောင်းလျှောက်ထားပါတယ်......
.အခုလဲ ဆရာတော်အနေနဲ့ ဒီဂူကနေ ချက်ချင်းထွက်သွားပါ..ထွက်မသွားရင် ဒီတင်းပုတ်ကြီးနဲ့ ရိုက်သတ်ပစ်မည် ဖြစ်ကြောင်းလျှောက်ထားပါတယ်… ဆရာတော် အာဂျန်ချမ်းကတော့ ကြောက်ရွံမှုမရှိ တည်ငြိမ်တဲ့လေသံနဲ့… အသင်ဘီလူး… သတ္တ၀ါမှန်ရင် တနေ့သေကြရမှာပါ… ရဟန်းဘ၀နဲ့ မြတ်စွာဘုရားရဲ့ တရားတွေကို ပွာများအားထုတ်ရင်း ကိလေသာစစ်တပ်ကို အောင်နိုင်ဖို့ ဒီဂူကို ရောက်လာခြင်းသာဖြစ်ပါတယ်၊
သင့်ကို နှောင့်ယှက်ဖို့ ရောက်လာတာမဟုတ်ဘဲ ငြိမ်းချမ်းစွာ အားထုတ်ဖို့လာတာဖြစ်ပါတယ်…သင်ပြောသလို သင်ဟာတကယ် တန်ခိုးကြီးတယ်ဆိုရင် သင့်ကိုယ်တွင်းက ကိလေသာတွေကို အောင်နိုင်အောင် ဖြိုခွင်းနိုင်သူ ဖြစ်ပါရဲ့လား…သင် သတ်လိုက သတ်ပါ.. ငါ့အတွက်တရားပွားများရင်း မြတ်သောသေခြင်းနဲ့ သေရမှာမို့ ငါ့မှာ ကြောက်ရွံစရာ လုံးဝမရှိပါဘူး သင်ကသာ ရဟန်းမြတ်ကို သတ်လို့ ဒုက္ခကြီးစွာ ရလိမ့်မယ်. မမိုက်ပါနဲ့ ကောင်းမှုကုသိုလ်များ အားထုတ်ပါဟု တရားဟောလိုက်တော့ ဒီတောင်စောင့်ဘီလူးကြီးဟာ သေးငယ်သွားပြီး ဆရာတော်ကို ဦးချကန်တော့ပါတယ်.
ပြီးတော့ ဒီဂူမှာပဲ ဆက်ပြီးတရားအားထုတ်ပါလို့ လျှောက်ထားပြီး ပျောက်ကွယ်သွားပါတယ်၊ နောက်ပိုင်းမှာတော့ သူ့ရဲ့ တပည့်တပန်းတွေကို ပါခေါ်လာပြီး ဆရာတော်ထံမှာ တရားတွေ နာကြားပါတယ်၊. ရုက္ခစိုးပေါင်း ထောင်သောင်းများစွာလည်း ဆရာတော့်တရားကို နာယူဖို့ လာရောက်ကြပါတယ်၊
ဆရာတော် ကမ္မဋ္ဌာန်းစတင်ပွားများစဉ်က သူ့ဆရာ အာဂျန်စောက ၀င်သက်ရှုသည့်အခါ ဗု ဟူ၍မှတ်ပြီး ထွက်သက်မှာ ဓော ဟုမှတ်ရန် ပြောပြထားလို့ စိတ်ကိုမလွှင့်စေပဲ ဗုဓော ဗုဓော ဟု ပွားများသလို၊ လမ်းလျှောက်ရာတွင်လည်း ဘယ်ခြေတွင် ဗု ဟုမှတ်ကာ ညာခြေတွင် ဓော ဟု မှတ်ကာပွားများအားထုတ်တယ်။ ဒီလို သုံးလလောက် ပြင်းပြင်းထန်ထန် အားထုတ်လိုက်တော့ ပိုးလောက်တွေ လူသေကောင်တွေ အလောင်းကောင်တွေ့မြင်ရတော့ ဆရာဖြစ်သူ အာဂျန်စောကို လျှောက်ဖြစ်ပါတယ်.. ဆရာက
ကာယဂတာ သတိပဋ္ဌာန်ကို ပွားများအားထုတ်ဖို့ လမ်းညွှန်ပြတယ်။ တခါတရံ ဦးခေါင်းမှအောက်သို့ နှလုံး အသည်း အူ စသည်များကို စူးစိုက်ပြီး ပွားများအားထုတ်ပါတယ်၊ တခါတရံ ကျောကိုသာ အာရုံစူးစိုက်လျက်၎င်း တခါတရံ ဆံပင်ကိုသာ အာရုံစူးစိုက်လျက်၎င်းပွားများအားထုတ်ပါတယ်
ဒီကမ္မဋ္ဌာန်းကို ပျံလွန်တော်မူသည်အထိ ပွားများအားထုတ်ပြီး ဘယ်သောအခါမှ စိတ်ကို ကိုယ်တွင်းမှ ထွက်မသွားအောင် စိတ်ကို သတိဖြင့်ထားကြောင်းကို လည်းမိန့်ကြားပါတယ်၊
. နုနယ်စဉ်က စိတ်မှာ စူးစမ်းလိုစိတ်များ ပေါ်ပေါက်ခဲ့ဖူးတယ်၊ တနေ့မှာတော့ စိတ်ပျံလွင့်သွားပြီး ငရဲဘုံသို့ ရောက်သွားခဲ့တယ်။ ငရဲမှာ ခံစားနေရတဲ့ သူတွရဲ့ ဆင်းရဲမှုဝေဒနာတွေကို မြင်တွေ့ရပြီး သံဝေဂရ ငေးမောနေမိခဲ့တယ်။ အဲဒီနေ့မှာ မွန်းလွဲသွားလို့ ဆွမ်းမစားလိုက်ရပါဘူး
တခါမှာလည်းစိတက်ပျံလွင့်ပြီး နတ်ဘုံသို့ရောက်သွားပါတယ်. နတ်ဘုံမှာလည်း နတ်သားများက သူ့အား အရေးတယူ ကြည့်ရှုခြင်းမရှိကြောင်း သွားမြဲ လာမြဲ အလုပ်များ လုပ်ဆောင်နေကြကြောင်း သူတို့ဘာသာ နေကြကြောင်း တွေ့ရှိခဲ့တယ်လို့ မိန့်တော်မူပါတယ်၊
ဤဖြစ်ရပ်များကို သူ၏ဆရာ အာဂျန်စောအား လျှောက်ထားတဲ့အခါ ဆရာတော်က မင်းစိတ်ဟာ မျောက်စိတ်လိုပဲ ဟိုရောက် ဒီရောက်နဲ့ ကိုယ်ထဲက စိတ်ကို ဘယ်တော့မှ အပြင်မထွက်စေနဲ့လို့ ငါပြောထားသားပဲ ဟု မိန့်တော်မူလိုက်ပါတယ်၊
ဖရအာဂျန်မန်းဟာ် ကာယဂတာသတိပဋ္ဌာန်ကို ပွားများလို့ အတော်အတန် အသားကျပြီး မိမိကိုယ်ကို ယုံကြည်အားထားမှု ရှိလာတဲ့အခါ မြောက်ဖက်ဒေသသို့ တပါးတည်းကြွလာခဲ့တယ်
. နောက်ပိုင်း မြန်မာပြည်ဖက်ကိုကူးလာပြီး တောနက်နယ်စပ်တခုတွင် တရားများ ငါးနှစ်တိုင်တိုင် အားထုတ်ခဲ့တယ်။ ထိုစဉ်က မြန်မာကျေးရွာများမှ ဒကာ ဒကာမများနှင့် စကားပင်ပြောကြားနိုင်ခဲ့တယ်၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့်အခါ ထိုင်းနိုင်ငံဘက်သို့ ပြန်ကြွလာခဲ့တယ်။ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီးသုံးရက် သုံးည တိုင်တိုင်ကြွလာခဲ့တယ်
. ကျမ်းဂန်များမှာ ရုက္ခစိုးများက ဒီလို ရဟန်းတော်တွေကို ဆွမ်းကပ်ကြောင်းဖတ်ဖူးပေမယ့် ငါ့မှာ တစ်ယောက်မှ မရှိဟု စဉ်းစားလျက် ကျောက်ဖျာ တစ်ခုပေါ်မှာ အနားယူနေခိုက် ဘယ်သူမှန်းမသိရတဲ့ လူရည်သန့်တစ်ဥိးက ဆရာတော့်အား ဆွမ်းကပ်ပါတော့တယ်
. ဆရာတော်ကလည်း ဆွမ်းကို လက္ခံပြီး ဘယ်အရပ်က လာပါသလဲ ဟုမေးရာ မည်သို့မျှ ပြန်မပြောပဲ ခမ်းလှမ်းလှမ်းကို လက်ညှိုးထိုးပြပြီး လမ်းလျှောက်သွားပါတယ်. ဆွမ်းမှာလည်းအလွန်အရသာရှိတယ်. ဆရာတော်ကလည်း တောကြီးမျက်မည်းထဲ အိမ်တွေမရှိပါပဲ ဘယ်ကလာသလဲလို့ သိချင်တာနှင့် ထိုလူသွားရာကို ကြည့်နေရာ ခပ်လှမ်းလှမ်း သစ်ပင်တပင်ရင်းရောက်တော့ ပျောက်ကွယ်သွားပါတော့တယ်၊
ဆ၇ာတော်အာဂျန်ချမ်းဟာ ကမ္မဋ္ဌာန်းနှင့်သာ မွေ့လျော်လေ့ရှိတယ်။ ညဖက်မှာ နတ်ဒေ၀ါများ နဂါးများ လာရောက် တရားနာလေ့ရှိပါတယ်။်။ ဆရာတော်ဟာ် တနေရာ တဒေသတွင် ကြာကြာ သီတင်းသုံးတော်မမူပါဘူး။ ဇင်းမယ်နယ်ဖက်မှာတော့ ကြာကြာသီတင်းသုံးပါတယ်.
ဇင်းမယ်နယ်ဖက်မှာ် ဒေ၀တာများ များပြားစွာလာရောက်တရားနာယူကြသည်ကို သတိပြုမိကြောင်း အရှေ့မြောက်ပိုင်းတွင် ဒေ၀တာများ မများပဲ နဂါးများ လာရောက်သည်ကများပြားကြောင်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ နဂါးတွေဟာ ညဖက် ၁၀ နာရီမှ ၁၁ နာရီခန့်တွင် လာရောက်တရားနာလေ့ရှိသလို ၊ဒေ၀တာများကတော့ ညသန်းခေါင်ယံအချိန်မှ လာရောက်ကြပြီး နံက်မိုးသောက် ၂ နာရီခန့်ရှိမှ ပြန်လေ့ရှိကြောင်း အမိန့်ရှိတော်မူပါတယ်.
နတ်များ နဂါးများဟာ် အလွန်စည်းကမ်းသေ၀ပ်ကြသလို တရားနာယူသည့်အခါမှာ် လူများကဲ့သို့လှုပ်ရှားခြင်းမရှိပဲ နာယူကြပါတယ်။ နတ်များဟာ လာရောက်တဲ့အခါ ဆရာတော်ကို သုံးပတ်လှည့်၍ ကန်တော့ကြတယ်၊ တည်ငြိမ်စွာ တရားနာပြီးသည့်အခါ သာဓု သုံးကြိမ်ခေါ်ကြပြီး နောက်သို့ ရွေ့လျားသွားကြပြီး တခဏချင်းပင်လျှင် ၀ါဂွမ်းပုံလေးကဲ့သို့ဖြစ်ပြီး လျင်မြန်စွာ ကောင်းကင်၌ ပျောက်ကွယ်သွားကြပါတယ်၊
တခါက နဂါးမင်းနှင့် နဂါးပရိသတ်များ နေ့စဉ်ရက်ဆက် တရားနာလာကြပါတယ် လာတဲ့်အခါ နဂါးမင်းက သူ့ရဲ့ ရာဇပလ္လင်ကိုပါ ယူလာပြီ်း သူ၏ ရာဇပလ္လင်ပါ သူ့ပရိသတ်နဲ့ တရားနာယူပါတယ်။ သူသောက်ဖို့ယူလာတဲ့ ရေကို ဆရာတော် အာဂျန်ချန်းကို အရင်ဆက်ကပ်ပြီးမှ သူသောက်လေ့ရှိပါတယ်။သုတ္တန်ဒေသနာတော်နှင့် အောင်ခြင်းရှစ်ပါး တရားကို နတ်များအလွန်နှစ်သက်ကြတယ်လို့ အမိန့်ရှိပါတယ်။ ပဋိပတ်စခန်းကို ကျွမ်းကျင်စွာ ကျင့်ကြံတော်မူတဲ့ ဆရာတော် ဖရအာဂျန်ချမ်းဟာ ၁၉၄၉ခုမှာ လူ့ဘ၀ဇာတ် သိမ်းတော်မူပါတယ်၊။
ဆရာတော်ကြီးရဲ့ ကိုယ်တွေ့ ထူးဆန်းထွေလာ ပရလောကကမ္ဘာကို သိရှိနိုင်ဖို့ ဒီစာအုပ်မူရင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်၊
Ven. Acariya Mun - Spiritual Biography + photos
"HOW BIG ARE YOU?
ဓမ္မမောင်နှမတို့ ရေ
(ခေါင်းစဉ်ကိုကြည့်ပြီး လန့် တော့မသွားကြပါနဲ့ နော်။)
၁၆၊ ၅၊ ၂၀၀၉ (စနေနေ့ ) တုန်းက ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (ယောဆရာတော်) ရဲ့ “ကူညီဖေးမ ပရဟိတ” ခေါင်းစဉ်နှင့် တရားတော်ကို အွန်လိုင်းကနေ နာယူလိုက်ရပါတယ်။ ဆရာတော်က “ဆ၀ါလာတ သုတ္တန်” ကိုအခြေခံပြီး ဟောာကြားဆုံးမသွားခဲ့ပါတယ်။
ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားကို နာယူနေရင်းက ကျွန်တော်တရားတိပ်ခွေလေးတစ်ခုကို ချက်ချင်းသတိရလိုက်တယ်။ ဆရာတော်ဦးဇောတိက ၁၉၉၇ခုနှစ်လောက်က သြစတြေးလျမှာ ဟောထားတဲ့တရားလေးပါ။ "Giving & Loving" တဲ့။ ကျွန်တော် မကြာမကြာနာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ထဲမှာ ကိုယ့်အတ္တတွေနှင့် ပိတ်လှောင်မွန်းကြပ်မှုတွေ ဖြစ်လာတဲ့ အချိန်တွေမှာပေါ့။
တရားထဲမှာ ဆရာတော်က လူတစ်ယောက်အကြောင်းကို အဓိကပြောသွားပါတယ်။ Dr. Albert Schweitzer အကြောင်းပါ။ အာဖရိကကိုသွားပြီး ဘ၀ကိုမြှုပ်နှံပြီး လူသားအကျိုးပြုအလုပ်တွေ လုပ်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်းပါ။ ကျွန်တော် သူ့ အကြောင်းကို နားထောင်မိတိုင်း အားကျကြည်ညိုစိတ်ဖြစ်ရပါတယ်။ သူ့ ဘ၀နှင့် သူ့ လုပ်ဆောင်မှုတွေကို စာပေမှာရှာဖတ်တော့လည်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတုယူဖို့ ကောင်းပါတယ်။ ကြည်ညိုစရာကောင်းပါတယ်။
သူဟာ တခြားဘာသာဝင်တစ်ယောက်ပါ။ တခါတလေ သူ့ လုပ်ငန်းအတွက် ပိုက်ဆံလိုရင် ဥရောပနိုင်ငံတွေမှာ လိုက်တရားဟောပြီးတောင် ရံပုံငွေရှာတဲ့သူပါ။ ဒါပေမယ့် သူ့ ရဲ့ လုပ်ဆောင်မှုတွေကတော့ ဗုဒ္ဓအလိုကျဖြစ်နေပါတယ်။ သူ့ ရဲ့ စိတ်ဓါတ်ကလည်း ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာနေသူလိုပါဘဲ။ တခါက သူ့ အကြောင်းကို ဦးဇင်းလေးတစ်ပါးနှင့် ပြောဖြစ်တော့ သူက တကယ်လို့ သာ ဒီပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုရင် ဦးဇင်းတို့ က ဆုကြီးပန်လို့ တောင် ပြောချင်တာတဲ့။
ဟုတ်ပါတယ်။ ဒီဆရာဝန်ကြီးဟာ တကယ်ကိုကိုယ်ကျိုးစွန့် ပြီး အများအကျိုးကိုလုပ်သွားခဲ့သူပါ။ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံထားတဲ့ ကျွန်တော်တောင် သူ့ စိတ်ဓါတ်ရဲ့  တစ်စိတ်တစ်ပိုင်းကို မှီဖို့  အချိန်တော်တော်ယူပြီး ကြိုးစားရအုံးမှာပါ။
ဆရာတော်ဦးဇောတိက က သူ့ ရဲ့ တရားကို ကဗျာတစ်ပုဒ်နှင့် အဆုံးသတ်ထားပါတယ်။ ကဗျာနာမည်က "Splendid Torch" တဲ့။ George Bernard Shaw ရဲ့ လက်ရာပါ။ အဲဒီကဗျာကို နားထောင်ရင်း၊ ဖတ်ကြည့်ရင်း အဲဒီကဗျာထဲမှာသုံးထားတဲ့ "Use Up" ဆိုတဲ့စကားလုံးလေးက ကျွန်တော့်ကို စဉ်းစားစရာတွေ အများကြီးဖြစ်စေခဲ့ပါတယ်။
ကျွန်တော်တို့ ဒီဘ၀ ကံအလျောက်ရလာတဲ့ ခန္ဓာကြီးကို ဘယ်လောက်ထိအသုံးချခဲ့ပြီးပြီလဲ။ ဘာတွေအတွက်အသုံးချခဲ့ပြီးပြီလဲ။ မြတ်စွာဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းကြီးများကတော့ သူတို့ ရရှိလာတဲ့ခန္ဓာကိုယ်ကို မိမိအကျိုး၊ သူတစ်ပါးအကျိုးတွေအတွက် အကုန်အသုံးချပြီး ဖယောင်းတိုင် တစ်တိုင်ရဲ့  မီးစာရော၊ ဖယောင်းရော ကုန်တော့မှ မီးငြိမ်းသလိုမျိုး အသုံးချလို့ ရသမျှ အကုန်ထုတ်ပြီး သုံးသွားခဲ့ကြပါတယ်။ နောက်ဆုံး ခန္ဓာဝန်ချမယ့်အချိန်အထိ အများဝေနေယျတို့ ရဲ့ အကျိုးကို ရှေ့ ရှုဆောင်ရွက်တော်မူသွားခဲ့ကြပါတယ်။
မြတ်စွာဘုရား နှင့် အရိယာသူတော်ကောင်းတို့ ရဲ့ တပည့်ဖြစ်ချင်ကြတဲ့ ကျွန်တော်တို့ ကရော ဘယ်အတိုင်းအတာအထိ ကျွန်တော်တို့ ဘ၀တွေကို ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲဆိုတာ ပြန်သုံးသပ်စရာကောင်းပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရဲ့ နောက်ပိုင်း မျိုးဆက်သစ်တွေအတွက်ကော ဘာတွေ ပြင်ဆင်ပေးပြီးပြီလဲ။ လက်ဆင့်ကမ်းပေးရမယ်ဆိုရင်ကော ဘာတွေကို ပေးခဲ့မှာလဲ။
ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားတော်ကို အဲဒီညကနာလိုက်ရာက အချိန်တော်တော်ကြာ ကိုယ့်ကိုယ်ကို မမေးဖြစ်တော့တဲ့ ဒီမေးခွန်းတွေခေါင်းထဲ ပြန်ရောက်လာအောင် သတိပေးလိုက်သလို ဖြစ်သွားပါတယ်။
"Giving & Loving" တရားခွေထဲမှာ ဆရာတော် ဦးဇောတိက က "How big are you?" လို့ မေးထားပါတယ်။ ကျွန်တော်လည်း ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုရော၊ ညီအကိုမောင်နှမအားလုံးကိုပါ ထပ်ဆင့်ပြီး မေးလိုက်ပါတယ်ခင်ဗျား။ "HOW BIG ARE YOU?" လို့ ။
Splendid Torch
This is the true joy in life:
the being used for a purpose
recognized by yourself as a mighty one.
The being a force of nature,
instead of a feverish, selfish little clod of ailments and grievances
complaining that the world will not devote itself to making me happy.
I am of the opinion that
my life belongs to the whole community,
and as long as I live,
it is my privilege to do for it whatever I can.
I want to be thoroughly used up when I die -
for the harder I work, the more I live.
I rejoice in life for its own sake.
Life is no "brief candle" to me;
it is a sort of splendid torch
which I have got hold of for the moment,
and I want to make it burn as brightly as possible
before handing it on to future generations.
(George Bernard Shaw)
ရိုသေလေးစားရပါသော ဘုန်းဘုန်းဦးတိက္ခဉာဏလင်္ကာရ နှင့် ပရဟိတလုပ်ငန်းများကို အားကျိုးမာန်တက်လုပ်ဆောင်နေကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ဒီဆောင်းပါး၊ ဒီကဗျာလေးဖြင့် ရိုသေစွာဂါရ၀ပြုလိုက်ပါသည်။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
(ကိုဝိမုတ္တိသုခ ပေးပို့လာတဲ့ အီးမေးလ်ကို ပြန်လည်မျှဝေပါသည်၊ လူသားပီသတဲ့ နှလုံးသားတွေကို ဖော်ထုတ်ကြပါစို့ )
Sunday, May 17, 2009
ကူညီဖေးမ ပရဟိတ
(စင်္ကာပူ ယော အသင်း တနှစ်ပြည့်မြောက်ခြင်း နှစ်ပတ်လည်အတွက် ဂုဏ်ပြုရေးသားပါသည် )
၁၉-၀၅-၂၀၀၈ ယောအသင်း စတင်ဖွဲ့စည်းသည့်နေ့က မှတ်တမ်းပုံရိပ်များ
ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောကျားင်္ အတွက် တကိုယ်ထည်းကူးမြောက်၍ အဘယ်ကဲ့သို့အကျိုးရှိအံ့နည်း။ငါသည် သဗ္ဗညုတဥာဏ် ရပြီးနောက် နတ်နှင့်တကွသော လောကကို ကူးမြောက်စေအံ့.( ဇာတက နိဒါန်း )
၁၆-၀၅-၂၀၀၉ စနေနေ့မှာ ကနေဒါ နော်ဝေ ထိုင်ဝမ် ထိုင်း ဖီလစ်ပိုင် မော်စကို စင်္ကာပူ ဂျပန် အီတလီမှ ဓမ္မချစ်ခင် ညီအကို မောင်နှမတို့ကို ကူညီဖေးမ ပရဟိတ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်၊ လောကလူသား တစ်ယောက်အတွက် ရှိသင့်တဲ့ လူ့အရည်အသွေးမှာ တိုင်းတာစရာ အဖြစ်ပါဝင်နေတဲ့ ပရဟိတဟာ လူသားမှန်ရင် အသိဥာဏ်ရှိသူမှန်ရင် ဆောင်ရွက်ကြရပါလိမ့်မယ်..
လူ့သားတစ်ယောက် တန်ဖိုးကို တိုင်းတာရာမှာ အတ္တကိုယ်ဖယ်ရှားပြီး အများအကျိုး ဘယ်လောက်လုပ်နိုင်သလဲဆိုတာနဲ့လည်း တိုင်းတာရပါမယ်. ရှင်သန်သမျှ ကာလလေးမှာ လူဟာ အမြဲကိုလှုပ်ရှား ရုန်းကန်နေရပါတယ်. အသာလေးထိုင်ပြီး အိပ်စား လုပ်နေခွင့်မရှိပါဘူး၊ ဗုဒ္ဓအလိုတော်အရဆိုရင်တော့ ဥဋ္ဌာနဖလူပဇီဝီ ဖြစ်နေလို့ပါပဲ၊
ဆ၀ါလာတ သုတ္တန်မှာ မြတ်ဗုဒ္ဓ ဟောပြတဲ့ ပုဂ္ဂိုလ် ၄ ယောက်ဟာ လည်း စိတ်ဝင်စားစရာကောင်းပါတယ်.
၁။ ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ
၂။ ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ
၃။ ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ
၎။ ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ..ဆိုပြီး ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ လူသားပေါင်း သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုရင် ဒီ လေးမျိုးသာ ရကြောင်းဟောပြတော်မူပါတယ်..ဒီလေးယောက်ထဲမှာ ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတလည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓသတ်မှတ်တော်မူပါတယ်.
ဘ၀တခုကို ရောက်လာတဲ့ မိမိတို့လဲ လူဖြစ်ရကျိုးနပ်အောင် လူပီသအောင် လူ့နှလုံးသားပီပြင်အောင် ပရဟိတ လုပ်ကြရပါမယ်…ဘုရားလောင်း ကြွေးကြော်ခဲ့တဲ့ အထက်ဖော်ပြပါ စကားဟာ ပရဟိတဆောင်ရွက်ဖို့ တွန်းအားတခုဖြစ်သလို ငါလိုယောကျာင်္းက တယောက်တည်း နိဗ္ဗာန်သွားလို့အကျိုးမရှိဘူး ဒီလောကကြီးထဲက နတ်လူဗြဟ္မာတွေကိုလဲ ကူးမြောက်စေမယ် ဆိုတဲ့ ကျူးရင့်သံဟာ တကယ့်ကို မိမိတို့ နှလုံးသားကို လှုပ်နှိုးနေခဲ့ပါတယ်…
လောကကြီးထဲက သစ်ပင်တွေဟာ အသီးနဲ့ လောကကြီးကို အကျိုးပြုနေပါတယ်.မြစ်တွေ ချောင်းတွေဟာ အမြဲစီးဆင်းပြီး သန့်စင်တဲ့ရေစင်နဲ့ လောကကြီးကို အကျိုးပြုသလို နေဟာလည်း နေရောင်ခြည်နဲ့ လောကြီးကို အကျိုးပြုနေပါတယ်. လရောင်ဟာလည်း အေးမြတဲ့အလင်းရောင်နဲ့ လောကကြီးကိုအကျိုးပြုနေပါတယ်.. ဒါတွေဟာ သက်ရှိတွေမဟုတ်သလို အသိဥာဏ်ရှိတဲ့လူတွေလည်း မဟုတ်ပါဘူး..ဒီလို သက်မဲ့တွေတောင် လောကကြီးကို ကျေးဇူးပြုနိုင်သေးရင် အသိဥာဏ်ရှိတဲ့ လူသားဖြစ်တဲ့ မိမိတို့က လူလူချင်း ကျေးဇူးမပြုသင့်ဘူးလား….လူပီသတဲ့လူ… မြတ်ဗုဒ္ဓသတ်မှတ်တဲ့ လူမြတ်စာရင်းဝင်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်..
မိမိတို့တတွေဟာ တခဏမျှ လူ့ဘ၀ရကြ။လူထဲသူထဲ လူနဲ့သူနဲ့နေကြ။လူ့ကိစ္စ လူ့ဝတ္တရား လူ့တာဝန်ယူကြရ။လူ့အတွေး လူ့အမြင် လူ့အသိတွေ သိကြရစဉ်ကာလမှာ ဘယ်လောက်ကြာအောင် မျိုးဆက်ရှည် တည်တံ့ဦးမယ်မှန်း မသိတဲ့ လူ့လောကအတွင်း လူသားအချင်းချင်း ရိုင်းပင်းကူညီမှု၊ လူသား အချင်းချင်း ချစ်ကြည်ရင်းနှီးစေမှုတွေနဲ့ လူ့သတင်း လူချင်းဆောင်ကာ လူ့သမိုင်းကောင်းစေဖို့ အလုပ်ကောင်းတွေ လုပ်ကြရပါမယ်. အလုပ်ကောင်းလုပ်နိုင်ဖို့ အဓိက က စိတ်ကောင်းရှိဖို့ ထက်သန်တဲ့ဆန္ဒရှိဖို့ စေတနာသန့်ဖို့တော့လိုပါတယ်..
ပြီးတော့ လူလောကကြီးထဲက ဘာတွေယူသွားကြမလဲ ဘာတွေထားသွားမလဲဆိုတာလဲ စဉ်းစားကြရပါမယ်..မြတ်ဗုဒ္ဓကတော့ အချိန်များစွာ အသက်များစွာ ဘ၀များစွာ စည်းစိမ်ဥစ္စာများစွာ ပေးဆပ်ခဲ့ပြီး ဓမ္မဆိုတာကို ထားပစ်ခဲ့ပါတယ်.သူထားခဲ့တဲ့ ဓမ္မဆိုတာ ဘယ်လောက်များ လောက လူသားတွေကို ကျေးဇူးပြုနေသလဲဆိုတာ အားလုံးနားလည် သိနိုင်ပါတယ်…မိမိတို့တတွေက ကော ဘာတွေယူပြီး ဘာတွေထားရစ်ခဲ့ကြမလဲ…..
မေတ္တာသုတ်မှာတော့ နာညမညဿ ဒုက္ခမိစ္ဆေယျ..လူများရဲ့ ဒုက္ခကို မလိုလားပါနဲ့..အပြန်အားဖြင့်တော့ ကူညီဖေးမ ပရဟိတ လုပ်ကြပါလို့ ပြောနိုင်ပါတယ်. လူသားဒုက္ခရောက်တာကို ကိုယ့်နှလုံးသားက ဘာမှမဖြစ်ဘူးဆိုရင် ဒီလူနှလုံးသားဟာ သူတော်စင် နှလုံးသားလို့ မဆိုနိုင်ပါဘူး..သူတပါး ဒုက္ခရောက်တာကို မြင်ရရင် ရင်ထဲမှာ တကယ့်ကို နာကြင်စွာခံစား တုန်လှုပ်မှ သူတော်စင်နှလုံးသားလို့ ဆိုရပါမယ်…
ဘုရားလောင်းတော် ကတော့ ဥဒါန်းကျူးရင့်တော်မူနေပါတယ်……. ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောကျားင်္ အတွက် တကိုယ်ထည်းကူးမြောက်၍ အဘယ်ကဲ့သို့အကျိုးရှိအံ့နည်း။ငါသည် သဗ္ဗညုတဥာဏ် ရပြီးနောက် နတ်နှင့်တကွသော လောကကို ကူးမြောက်စေအံ့….
အိုစာရှုသူ….သင်ရော အကျွန်ုပ်တို့ရော တတ်နိုင်တဲ့ ပရဟိတတွေ လက်တွဲဆောင်ရွက်ကြပါစို့…လူ့တန်ဖိုးတွေကို ဖော်ထုတ်ကြပါစို့…..သူတပါး ဒုက္ခရောက်တာကို မလိုလားသူ ကူညီသူ ဖေးမသူ ပရဟိတ ဆောင်ရွက်သူ ဖြစ်အောင် ကြိုးစားကြပါစို့……….
(၁၉-၀၅-၂၀၀၉ ရက်နေ့ဟာ စင်္ကာပူနိုင်ငံရောက် ယောအသင်းကို တည်ထောင်ဖွဲ့စည်းခဲ့တာ တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ..အတူဆင်နွှဲတဲ့ ကောင်းမှုပွဲလေးတွေ ဆောင်ရွက်နိုင်ခဲ့တာ စုစည်းတဲ့ ယောညီအကို မောင်နှမတို့ရဲ့ ညီညွတ်ရေး စိတ်ဓာတ်များကြောင့်သာဖြစ်ပါတယ်.ထက်သန်တဲ့ဆန္ဒတွေနဲ့ လူသားတန်ဖိုးတွေကို ဆက်လက်မြှင့်တင် ဖော်ထုတ်နိုင်ကြမယ်လို့ ယုံကြည်နေပါတယ်.)
ု
Friday, May 8, 2009
သီရိလင်္ကာ ၀ိဆတ်ဒေးပွဲတော်
လမ်းတွေပေါ်မှာတော့ လူတွေစည်ကားနေပါတယ်။ လမ်းတိုင်း လမ်တိုင်းမှာ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်ငွေနဲ့ ကြီးမားတဲ့ မဏ္ဍပ်ကြီးတွေမှာ ဗုဒ္ဓ၀င်( ဘုရားရှင် အကြောင်း )ရုပ်ကြွတွေနဲ့ ပူဇော်ပြီး ဓမ္မတေးများနဲ့
သရုပ်ဖော်ပါတယ်။ အချို့ မဏ္ဍပ်တွေမှာ ဆင်ဟာလိ လူမျိုး မိန်းကလေးတွေက ဘုရားရှင်အကြောင်းကို သရုပ်ဖော် ပြောဆိုနေပါတယ်။ အချို့ မဏ္ဍပ်တွေမှာတော့ ဘုရားရှင် ဟောကြားခဲ့တဲ့ ဇာတ်တော်တွေထဲက အကြောင်းအရာတွေ သရုပ်ဖော်နေကြတယ်။ လူများစွာက သောက်စား ရမ်းကားခြင်းမရှိဘဲ မဏ္ဍပ်ကြီးတွေ ရှေ့မှာ ငြိမ်သက်စွာ လာရောက်နားထောင်ကြပါတယ်။