Monday, August 31, 2009

အလုပ်သမား သုံးမျိုး

အလုပ်သမား သုံးမျိုးရှိပါတယ်၊

၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၂။ လုပ်ရမယ်ထင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုး
၃။ လုပ်ရမယ်မြင်လို့ လုပ်တဲ့ အလုပ်သမားက တစ်မျိုးလို့ သုံးမျိုးရှိပါတယ်။


၁။ လုပ်ရမယ်ဆိုလို့ လုပ်တဲ့ အလုပ်သမားဆိုသည်မှာ တာဝန်ပေးချက်အရ စေခိုင်းချက်အရ ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်များဖြစ်တယ်။ တာဝန်ကျေအောင်တော့ လုပ်တတ်ကြ လုပ်နိုင်ကြတယ်၊
အချိန်စေ့အောင် လုပ်ငန်းပြီးအောင်တော့ ကြိုးစားပြုလုပ်အားထုတ်တတ်ကြတယ်၊ သို့သော်လည်း ကိုယ့်အတွက် တရားစွမ်းအား အနှစ်ပါအောင် ယူဖို့ကျတော့ သတိမပြုမိတတ်ဘဲ နေကြပါတယ်။

၂။ လုပ်ရမယ်ထင်လို့ လုပ်တဲ့ အလုပ်သမားဆိုတာ အထင်လေးပါလာတော့ စိတ်ဝင်စားမှုရှိတယ်၊ သို့သော်လည်း အထင်ဟာ အမြင်မဟုတ်တဲ့အတွက် စွမ်းအားတွေ တိတိကျကျ ပြည့်ပြည့်၀၀ ရအောင်ယူနိုင်ဖို့ ခက်ခဲနေပါတယ်၊ အထင်ဆိုတာ စာစကားနဲ့ပြောရင် တဏှာ မာန ဒိဋ္ဌိ သံသာရာနယ်ချဲ့တွေ နေရာတိုင်းမှာ ဘောင်ကန့်သတ်ချက်ချည်းပါနေတဲ့ ဆောင်ရွက်မှုမျိုးစုံတွေပါပဲ၊
ငါ့အတွက်ပါမှ လုပ်နိုင်မယ်၊ ငါ့အတွက် မပါရင် မလုပ်နိုင်ဘူး ငါနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်အတွက် ခံစားခွင့်ပါမှ လုပ်နိုင်မယ်၊ ခံစားခွင့်မပါရင် မလုပ်နိုင်ဘူး စသည်ဖြင့် ဘောင်တံတိုင်း ကျဉ်းမြောင်းမှု ဘောင်ခတ်မှုတွေပါနေတယ်၊
အဲဒီပုဂ္ဂိုလ်များရဲ့ ဆောင်ရွက်ချက်သည် စိတ်ဝင်စားမှုရှိသော်လည်း ကိုယ့်ဝန်ကိုယ်ထမ်း လူ့အစွမ်းဆိုတဲ့ကိုယ်ပိုင်တရား အနှစ်အထိရအောင် ယူနိုင်တဲ့ အင်အားဆိုတာ ပါချင်မှ ပါမှာပေါ့။

၃။ လုပ်ရမယ် မြင်လို့လုပ်တဲ့ အလုပ်သမားဆိုတာကတော့ ပညာဦးစီးလာတယ်၊ သဒ္ဓါတရားပါလာတယ်၊ မေတ္တာတရားပါလာတယ်၊ ရောက်တဲ့နေရာ ကိုယ့်အရပ် တွေ့တဲ့သူဟာကိုယ့်ဆွေမျိုး ကိုယ်လုပ်တဲ့အလုပ်မှန်သမျှွှ ကိုယ့်အလုပ်ဆိုတဲ့ အဲသလိုကြည်လင် ပြတ်သားတဲ့ ဆုံးဖြတ်ချက် အမြင်များနဲ့ ပြုလုပ်အားထုတ်တတ်ကြတယ်၊ ဘောင်တံတိုင်း ကန့်သတ်ချက်မရှိ၊ အကုန်လုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ စစ်မှန်တဲ့ စေတနာ သဒ္ဓါ မေတ္တာ ပညာများနဲ့ ဆောင်ရွက်တတ်တယ်၊ အဲဒီတော့ အလုပ်လည်းပြီးတယ် အမှားအယွင်းလည်းနည်းတယ်၊ အချိန်လုပ်ငန်းတို့အတွက်လည်း တွက်ကိန်းကိုက်တယ်၊ အားရစရာကောင်းပုံကတော့ ကိုယ်ပိုင်တရားစွမ်းအားတွေ တစ်ခါတည်းပါသွားတယ်။

တိပိဋက ယောဆရာတော်

Sunday, August 30, 2009

ကောတ(Kota) ရာဇမဟာဝိဟာရသို့ လေ့လာရေးခရီး










ကိုလံဘိုကနေ ရှစ်ကီလိုမီတာလောက် ဝေးတဲ့ ရွာလေးတရွာကို ညပိုင်း ၇ နာရီခွဲ လောက်မှာ သူငယ်ချင်းများနဲ့အတူ လေ့လာရေးခရီး သွားဖြစ်တယ်၊ ချစ်စရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းလေ့ရှိတဲ့ သီရိလင်္ကာ နိုင်ငံသားတွေရဲ့ ဓာတ်တော် စွယ်တော်လှည့်ပွဲကို သွားရောက် ဖူးမြော်ကြတာပါ၊ သူတို့ကြွေးကြော်သံက Buddhism From Generation to Generation ပါ၊

မျိုးဆက်သစ်တွေကို မွန်မြတ်တဲ့ ဘာသာရေး အမွေပေးဖို့ အဓိကရည်ရွယ်ပြီး ယဉ်ကျေးမှုတွေ ထိန်းသိမ်းနေတာကို လေ့လာသိရှိရတယ်. စိတ်ထဲမှာ မြန်မာနိုင်ငံမှာလည်း ဘာသာရေးဖက်မှာ ဒီလို စနစ်တကျလေး ထိန်းသိမ်းနိုင်ရင် ကောင်းမှာပဲလို့ တွေးနေမိတယ်၊

တကယ်တော့ မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်က ကန္ဒီမြို့မှာ ရှိတာပါ၊ တချိန်က ကောတရာဇ မဟာဝိဟာရမှာ ဘုရားရှင်ရဲ့ စွယ်တော်အစစ် သီတင်းသုံးဖူးတယ်လို့ သမိုင်းတွေက ဆိုပါတယ်၊ အခု စွယ်တော် ဓာတ်တော်လှည့်ပွဲကလည်း ကန္ဒီမြို့ စွယ်တော်လှည့်ပွဲလိုပဲ ဆင်တွေအမြောက်အများ လူတွေအမြောက်အများ အသုံးပြုပြီး လှည့်လည်ပူဇော်ကြပါတယ်၊

ခေတ်မှီ လျှပ်စစ်တွေ ထိန်ထိန်ညီးအောင် ရနေပေမယ့် ဒီလှည့်လည်ပူဇော်ခံပွဲမှာ သူတို့သုံးနေတာက ဟိုး-ရှေးခေတ် ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့.. အုန်းသီးအခွံခြောက်ကို ဓာတ်ဆီလောင်းပြီး သံခြင်းထဲမှာ ထည့်ပြီး ထွန်းညှိပူဇော်ပါတယ်၊ ဘုရား ရဟန္တာတွေရဲ့ ဓာတ်တော်တွေ စွယ်တော်ပွားတွေကိုတော့ ဆင်ပေါ်မှာတင်ပြီး လှည့်လည်ပါတယ်၊ အဲဒီ ဆင်တွေရဲ့နောက်မှာမှ ရိုးရာယဉ်ကျေးမှု အကအဖွဲ့တွေက လမ်းလျှောက်ရင်း ကပြဖျော်ဖြေကြတယ်၊

အဲဒီနောက်ကမှ ရှင်ဘုရင်ကြီးပုံစံ မှူးမတ်တွေခြံရံကာ လိုက်ပါလာကြပါတယ်၊ လိုက်လံပို့ဆောင်ပေးတဲ့ သီရိလင်္ကာ ဒကာတစ်ယောက်ကို မေးကြည့်တော့.. ရှင်ဘုရင်တော့ မဟုတ်ပါဘူး.. ရွာသူကြီးက ဓာတ်တော်တွေ စွယ်တော်ပွားတွေကို ပူဇော်ပြီး ရွာသူ ရွာသားတွေကိုလဲ ပူဇော်စေတဲ့ ပုံကို သရုပ်ဖော်တာလို့ ပြောပြပါတယ်၊ လှည့်လည်ပူဇော် ကပြဖျော်ဖြေရေး အဖွဲ့တွေကလည်း တကယ့်ကို များလှပါတယ်.. ဟန်နုမာ မျောက်မင်းအက၊ ပန်ချာပီအက၊ သီရိလင်္ကာ ခေတ်အဆက်ဆက် ရိုးရာအက၊ ဟိန္ဒူအက၊ ဆင်ဟာလိလူမျိုးတွေရဲ့ တတ်အပ်တဲ့ အတတ်ပညာအက စသည်ဖြင့် စုံလင်လှတယ်. လမ်းဘေးဝဲယာ တစ်လျှောက် ကြည့်ရှုနေတဲ့ ပရိသတ်ကလည်း တိုးမပေါက်အောင်ကို စည်ကားလှတယ်၊ ကန္ဒီစွယ်တော် လှည့်ပွဲကိုတော့ ကမ္ဘာက Incredible ceremony လို့ တင်စားပြောဆိုကြပါတယ်..

ယခု ကောတရာဇ မဟာဝိဟာရ -က ဓာတ်တွေစွယ်တော် လှည့်ပွဲကိုလဲ ဒုတိယ Incredible ceremony လို့ ပြောနိုင်ပါတယ်၊ သူ့ဓလေ့ သူထုံးစံ သူ့ရိုးရာကို အစဉ်အလာမပျက် ထိန်းသိမ်းနိုင်တာဟာလည်း ဂုဏ်ယူစရာ တစ်ခုလို့ မြင်ပါတယ်၊ ယဉ်ကျေးမှု စာပေ ဂီတဟာ လူမျိုး တစ်မျိုးရဲ့ တန်ဖိုးကို တိုင်းတာနိုင်တယ်လို့ဆိုရင် ကောတရာဇ မဟာဝိဟာရ-က ဓာတ်တော်စွယ်တော်လှည့်ပွဲ သို့မဟုတ် ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ပွဲဟာလည်း တကယ့်ကို တန်ဖိုးကို ဖော်ပြနိုင်တဲ့ ပွဲလို့ ဆိုရမှာပါ၊

လူများတွေရဲ့ ရိုးရာယဉ်ကျေးမှု မြတ်နိုးထိန်းသိမ်းတာကို တွေ့ရတော့ စိတ်ထဲမှာ အတွေးတွေ နယ်ချဲ့တွေးနေတုန်း..
ဟေး-ပြန်ကြစို့ဆိုတဲ့ သူငယ်ချင်းရဲ့ အသံကိုကြားလို့ နာရီကြည့်လိုက်တော့ ည ၁၂ နာရီတောင် ထိုးခါနီးနေပါပြီ၊ အတွေးကို ခဏရပ်ပြီး နေရာကျောင်းကို ပြန်လှည့်အလာမှာတော့ ကောတရာဇ မဟာဝိဟာရ လေ့လာခရီးက ပြောနေတဲ့ Buddhism From Generation to Generation ဆိုတဲ့ အသံက ပဲ့တင်ထပ် ကျန်ရစ်ခဲ့တယ်။ ။

အရှင်တိက္ခဉာဏာလင်္ကာရ

Monday, August 24, 2009

သီတဂူအယုဒါနဆေးရုံအလှူတော်



ဟိုလွန်ခဲ့တဲ့တချိန်တုန်းက စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင် ကောင်းစွာမရသေး၊ သွားလမ်း လာလမ်း လည်း ကောင်းစွာမရှိသေး၊ တယ်လီဖုန်းအဆက်အသွယ်လည်း မရှိသေး၊ ဆေးရုံလည်း မရှိသေး။ ထိုကဲ့သို့သော အခါက သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် ၁၀-ဝါမျှသာ ရှိသေးသည်။ အနီးစခန်းဆရာတော်ထံ၌ အထက်တန်းပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို လေ့လာဆည်းပူးနေချိန် ဖြစ်ပေသည်။


မိုးတစိမ့် စိမ့်ရွာနေသည့် တစ်ခုသော နံနက်ခင်းဝယ် သီလရှင် ဆရာလေးတစ်ပါးသည် နံနက်ဆွမ်း ချက်ရန်အတွက် ထင်းပုံကို လက်နှင့် နှိုက်လိုက်ရာ အမှတ်မထင် မြွေဟောက်က ကိုက်လေ၏။ ဆရာလေးသည် အဆိပ်တက်ပြီး မေ့မျောလဲကျသွားလေတော့၏။ ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်တော့၏။ ထို့ကြောင့် သီတဂူဆရာတော် အလောင်းအလျာ ဦးပဉ္စင်းလေးကို အကူအညီတောင်းပါတော့သည်။

ဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်သွားပြီး မြွေကိုက်သည့်ဒဏ်ရာ၏အထက်၌ ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေ၏။

ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဂိတ်သို့ ထမ်းပို့လိုက်ကြ၏။ မနက်အစောကြီး ဖြစ်သောကြောင့် မြင်းလှည်းသမားကိုလည်း အိမ်ထိ သွားခေါ်ရသေး၏။ ထိုမှတဖန် မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရ၏။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။ ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။

ထိုအခက်ခဲတို့တွေ့ရခြင်းမှာ တောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ် တကူ ဆေးကုသနိုင်ပါသည်။ ``တောင်ရိုးမှာ ဆေးရုံရှိသင့်တယ်´´ဟု စိတ်ထဲ၌ တွေးမိလေသည်။ ဤကား ဆေးရုံဆောက်လုပ် ရန်စိတ်ကူး၏ ပထမဆုံး အကြံဖြစ်၏။

ဒုတိယမ္ပိ ကြံစည်မိ

သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မသီတဂူချောင်ကို ၁၃၃၈-ခုနှစ်တွင် တည်ဆောက်ခဲ့ သည်။ နှစ်စဉ် တော်သလင်းလတွင် ကျင်းပသည့် မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲသို့ မြန်မာပြည်တဝှမ်း မလွန် ဆန်လှူ အသင်းထောက်များမှ တချို့အသင်းဝင်လူများသည် ထိုသီတဂူချောင်သို့ လာရောက် တည်းခိုကြ၏။

ဧရာဝတီတိုင်း မလွန်ဆန်လှူအသင်းထောက်တစ်ခုမှ ဆွမ်းဆန်အလှူရှင် ဒကာကြီးတစ်ယောက်သည် တစ်ညတွင် ဝမ်းလျှောလေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ်သွားလေသည်။ ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။ ထိုက် သလောက် သက်သာသွားလေ၏။

သို့သော် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်း ဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ခက်ရာ ခက်ဆစ်ပို့ရ၏။ ယင်းသို့ပို့ရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ``တောင်ရိုး မှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ´´ဒုတိယမ္ပိ အကြံဖြစ်မိပြန်ပါသည်။

တတိယမ္ပိ ကြံစည်မိ

သီတဂူဆရာတော်သည် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့သို့ ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးဂရေး၏ ဆေးရုံကြီးကို တွေ့ခဲ့ရသဖြင့် တအံ့တဩ ငေးမောကြည့်ရှုခဲ့ရ ပေသည်။ ``ငါတို့နိုင်ငံမှာ ဘာသာခြားဆေးရုံတွေ ရှိနေပြီး ငါတို့ ဗုဒ္ဓဘာသာပိုင်ဆေးရုံမရှိတာဟာ ငါတို့ ရဟန်းတော်များရဲ့ အားနည်းချက်ပဲ´´ဟု စဉ်းစားမိခဲ့ပါသည်။

သီတဂူဆရာတော်သည် အူကျရောဂါဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့ တက်ရောက်၍ ကုခဲ့ရသေးသည်။ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ အမျိုး ဘာသာ သာသနာမျက်စိဖြင့် ကြည့်လျှင် အောက်တန်းကျ လှပေသည်။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာတက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်း လေပင်တည်း။

ထို့ကြောင့် ``ငါတို့နိုင်ငံမှာ ဗုဒ္ဓသားတော် ရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်´´ဟူသော ခိုင်မာသော အဓိဋ္ဌာန် ချလိုက်မိပါသည်။

ဘာသာခြားများ ပိုင်ဆိုင်သည့် ထိုဆီးဂရေးဆေးရုံနှင့် ဂန္ဓီဆေးရုံတို့က သီတဂူဆရာတော်ကို သီတဂူ အာယုဒါနဆေးရုံဆောက်လုပ်ဖို့အတွက် မဖြစ်ဖြစ်အောင် တိုက်တွန်းခဲ့ကြသည်။ ယင်းသို့ တိုက်တွန်း ခဲ့သော ကြောင့် သီတဂူဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၀-ခုနှစ်တွင် ပန္နက်ရိုက်၍ ၁၃၅၁-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။



ယနေ့သီတဂူဆေးရုံ

ယနေ့အချိန်၌ သီတဂူဆေးရုံသည် ရဟန်း, သာမဏေ, သူတော်, သီလရှင်, ဗုဒ္ဓဘာသာဝင် လူအများ၏ အားကိုးရာဖြစ်၍ နေပေတော့သည်။ မန္တလေးမြို့မှ အထူးကုဆရာဝန်ကြီးများကလည်း နေ့စဉ် လုပ်အားဒါန ပြုလုပ်၍ ကုသပေးလျက် ရှိပေသည်။ သဒ္ဓါတရားကောင်းလှသည့် ထိုဆရာဝန်များကလည်း ဘုရားလက်ထက်က သမားတော်ကြီး ဆရာဇီဝကကို အားကျအတုယူဟန်ရှိလေ၏။

ပြည်ပနိုင်ငံအသီးသီးမှ အထူးကုဆရာဝန်ကြီးများကလည်း ဤဆေးရုံကြီးသို့ လာရောက်၍ နှစ်စဉ် နှစ်တိုင်း လုပ်အားဒါနပြုနေကြပါသည်။ ဆေးရုံအုပ်, ဆရာဝန်, သူနာပြု ဝန်ထမ်းပေါင်း ၇၀-ကျော်တို့က နေ့စဉ် အတွင်းလူနာ ၈၀-ခန့်၊ အပြင်လူနာ ၂၀ဝ-ခန့်တို့ကို ကုသပေးလျက်ရှိပါသည်။ အထူးသဖြင့် သီတဂူ အာယုဒါနဆေးရုံတော်မှ မျက်စိအလင်း ရရှိသူပေါင်း ၁၅၀ဝ-ခန့် ရှိသွားပေပြီ။

ယခုအချိန်၌ ဆေးရုံ၏ အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် ပျမ်းမျှ ကျပ်သိန်း ၇၀-ကျော် ဝန်းကျင် ရှိပါသည်။ မြန်မာပြည်တွင်းမှ အလှူရှင်များ၊ ပြည်ပနိုင်ငံအသီးသီးမှ အလှူရှင်များက စေတနာထက်သန်စွာ လှူ ဒါန်းလျက်ရှိပေသည်။

-----------------

သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ

(ashindevindabhivamsa@gmail.com)

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း

(၂၄ - ၀၈ - ၂၀၀၉)

Saturday, August 22, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၄)

ဗုဒ္ဓသာသနာနှင့် စိတ်ကောင်းရှိသူ

ဗုဒ္ဓသာသနာမှာ စိတ်ကောင်းထားသူတွေ အများကြီးလိုပါတယ်၊ သာသနာသည် စိတ်ကောင်းထားသူတို့
လက်ထဲ၌သာနေပါတယ်။ ပိုက်ဆံပေါင်တိုင်း သာသနာနေလို့ မရဘူး၊ ပစ္စည်းပေါတိုင်း သာသနာနေလို့
မရဘူး၊ လောကီပညာတွေ လျှမ်းလျှမ်းတောက်တတ်တိုင်းလည်း သာသနာဝင်ရောက်ခိုလှုံလို့ မရပါ။
ဗုဒ္ဓသာသနာသည် စိတ်ကောင်းရှိသူတို့၏ သန္တာန်မှာသာ ခိုအောင်း၍ နေနိုင်သော အံ့ဖွယ်စွမ်းအားပါ။

အဆင့်မြင့်စိတ်

သူတော်ကောင်း တစ်ယောက်ဖြစ်ဖို့(အမှန်တော့) မလွယ်ဘူး၊ ကိလေသာနဲ့ စိတ်ကိုလုတဲ့ အလုပ်က
သာမန်အင်အားနဲ့ ဖြစ်တာမှမဟုတ်ပဲ၊ စိတ်ကလေးကို ကိလေသာလက်ထဲက မနည်းကို ကြိုးကြိုးစားစား
လုယူပြီးတော့ သီလ သမာဓိ ပညာစွမ်းအားနဲ့ ပြုပြင်ရတယ်၊ ပြုပြင်လို့ အဆင့်မြင့်စိတ်ကလေး ဖြစ်လာပြန်
တော့ စိတ်ထားလေးတွေ ထားတတ်လာတယ်၊ အာရုံနဲ့စိတ် အဆင်ပြေလာတယ်၊ လူလည်းမြင့်မြတ်သွားတယ်
အဆင့်မြင့်သွားတယ်။

အဖိုးတန်စိတ်

စိတ်ကောင်းစိတ်မြတ်လေးကို သီလနဲ့ သန့်စင် သမာဓိနဲ့ဆေးကြော ၀ိပဿနာနဲ့ထက်အောင် သွေးလိုက်တော့
အရောင်တဖိတ်တဖိတ်တောက်တဲ့ ကျောက်မျက်ရတနာလေးလို အဖိုးတန်စိတ်လေးဖြစ်လာတယ်၊ အဖိုးတန်စိတ်ကလေးအဖြစ် ရောက်လာတဲ့အခါ မိမိသူတပါး လောကသာသနာကောင်းကျိုး ပြုအင်အားတွေ
အကွက်စေ့စေ့ ထိထိရောက်ရောက် တိတိကျကျ ပြည့်ပြည့်၀၀ ရအောင်ဆောင်ရွက်နိုင်တယ်၊
စိတ်ထားတတ်လာတယ်၊ အာရုံနဲ့စိတ်အဆင်ပြေအောင် နေတတ်လာတယ်၊လူလည်းမြင့်မြတ်သွားတယ်၊
စိတ်ထားတတ်လို့ မြင်မြတ်တော့ လူပါဂုဏ်တက်သွားတယ်၊ ပစ္စုပ္ပန်မှာလည်း ချမ်းသာအောင် နေတတ်လာတယ်။

Friday, August 21, 2009

ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေ

ရက်စက်လွန်းတဲ့ ကံကြမ္မာရယ်လို့သာ အော်ဟစ်လိုက်ချင်ပါရဲ့၊ လောကကြီးထဲကို လူသားအဖြစ် ရောက်ရှိအောင် မွေးထုတ်ပေးတဲ့ မေမေနဲ့ ဖေဖေ ရှိခဲ့တယ်ဆိုတာ သိရပေမယ့် သူမဘ၀အတွက်တော့ တစ်ခြမ်းပဲ့ မေတ္တာကိုပဲ လက်ခံရရှိပါတယ်.. သူများတွေလို မိဘက မွေးဖွားပေးလို့ ဖေဖေ မေမေ ပြည့်စုံအောင် ခေါ်ခွင့်မရခဲ့ဘူး။

ဖေဖေနဲ့ မေမေတို့က မြန်မာပြည် မြောက်ပိုင်း မြို့လေးတစ်မြို့ကပါ၊ ငယ်ရွယ်သူတို့ သဘာဝ ချစ်ခင် စုံမက်ခဲ့တာကို မေမေရဲ့ မိဘတွေက သဘောမတူခဲ့ဘူး၊ မေမေထက် ဖေဖေက အသက်ကြီးတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုနဲ့ လူငယ်တွေရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားခဲ့တယ်၊ တကယ်ချစ်ကြပြီ ဆိုတော့လည်း နှစ်ယောက်သား ဝေးကွာဖို့ထက် နီးစပ်ဖို့သာ ကြိုးစာခဲ့တဲ့ ဖေဖေနဲ့ မေမေ.. နောက်ဆုံးတော့လည်း မောင်ခေါ်ရာ မယ်လိုက်ပြီး မေမေက ခိုးရာကို လိုက်ပြေးခဲ့တယ်၊ ဖေဖေနဲ့ မေမေ အတူနေလို့ ကျွန်မကိုယ်ဝန်ကို လွယ်ထားရချိန်မှာ မေမေ့ မိဘတွေက မေမေ့ကို သူတို့အိမ် ပြန်ခေါ်သွားခဲ့တယ်.. ဒါကို ဖေဖေက လုံးဝ သဘောမတူခဲ့ဘူး၊ တစ်ဦးတည်းသော သမီးဖြစ်တဲ့ မေမေကလည်း မိဘတွေ စိတ်ချမ်းသာဖို့ ဦးစားပေးမိခဲ့တယ်..

ဒီလိုနဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ ဆက်ဆံရေးက တင်းမာတဲ့ အဆင့်ရောက်ခဲ့တယ်၊ နောက်ဆုံးတော့ ဖေဖေ့မေတ္တာကို ခံယူခွင့်မရသူ ကျွန်မကို လူ့လောကထဲ မေမေက မွေးဖွားပေးခဲ့တယ်.. ကျွန်မ သိတတ်စ အရွယ်ရောက်တော့ ဖေဖေခေါ်စရာ မရှိဘူး၊ ဖွားဖွားကတော့ နင့် အဖေ သေပြီ တဲ့၊ ဖွားဖွားပြောတဲ့ စကားကို တကယ်ထင်ပြီး ငါ့အဖေ သေသွားပြီလို့သာ မှတ်ထားခဲ့တယ်။


ကျွန်မလည်း အရွယ်ရောက်လာလို့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်း ဆက်ဆံလာတော့ ကျွန်မကို လူ့လောက ရောက်အောင် ပို့ပေးလိုက်တဲ့ ဖေဖေ ရန်ကုန်မှာ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ ဖေဖေ့ဆီကို စာတွေ ရေးပို့လိုက်တယ်.. စာတွေ ဆယ်စောင်လောက် ရေးပြီးတဲ့ အထိ ပြန်စာမရခဲ့ဘူး၊ ကျွန်မလည်း ဖေဖေ့ကို ရအောင်ရှာမယ်.. ဖြစ်အောင်ကို တွေ့မယ်လို့ ဆုံးဖြတ်ပြီး ဖေဖေရှိတဲ့ ရန်ကုန်ကို သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ အရောက်လာခဲ့တယ်.

ဖေဖေနေတဲ့ အိမ်ကိုရှာတွေ့တော့ ဘယ်လိုဝမ်းသာရမှန်း မသိအောင်ကို ပျော်သွားတယ်. ဖေဖေလို့ ခေါ်ခွင့် ရတော့မယ်လေ၊ ဒါပေမယ့် ကျွန်မထင်တာတွေဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး၊ အိမ်ထဲဝင်ပြီး ဖေဖေနဲ့အတူနေသူ တစ်ယောက်ထင်ပါရဲ့.. သူ့ကိုမေးကြည့်တော့.. ဦး… မရှိပါဘူးခင်ဗျား.. အပြင်ကို သွားနေပါတယ်ဆိုတဲ့ အဖြေကိုပဲ လက်ခံ ရရှိလိုက်တယ်၊ ဖေဖေ့ကို မနက်ဖြန် လာတွေ့မယ်.. ချစ်သမီး လို့ စာရေးပြီး ထားခဲ့လိုက်တယ်၊ မနက်ဖြန် ဖေဖေ့ကို တွေ့ရတော့မယ် ဆိုတဲ့အသိကြောင့် ကျွန်မ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး.. ငါဖေဖေ့ကို တွေ့ရတော့မယ်ဆိုပြီး ၀မ်းသာနေခဲ့တယ်၊ မနက်ဖြန် ဖေဖေနေတဲ့ အိမ်လေးဆီ အရောက်သွားခဲ့တယ်.. ဖေဖေ မရှိဘူး အပြင်သွားနေပါတယ် တဲ့လေ၊ သမီးကို မစောင့်ရှောက်ချင်နေပါ.. ဖေဖေ့ကို ဖေဖေလို့ ခေါ်ခွင့်ရရင် ကျေနပ်ပါပြီ… လို့စာလေးတစ်စောင် ထပ်ပြီး ရေးထားခဲ့တယ်.. ဒါပေမယ့် ကျွန်မရဲ့ ကြိုးစားချက်က မအောင်မြင်ခဲ့ပါဘူး.. ကျွန်မ ရန်ကုန်မှာ တစ်ပတ်နေပေမယ့် ဖေဖေနဲ့ လုံးဝ မတွေ့ခဲ့ရဘူး၊ သမီးကိုတောင် သမီးလို့ အသိအမှတ် မပြုနိုင်တော့ဘူးလား ဖေဖေရယ်၊


ဖေဖေ့ သမီးကျွန်မ အခုဆို တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီလေ.. ဖေဖေ ၀မ်းမသာဘူးလား..လို့ ကျွန်မ ပြောပြချင်ပေမယ့် ပြောခွင့်မရခဲ့ဘူး၊ ဒီလိုနဲ့ မေမေ့အိမ်ကို ပြန်ရောက်လာတော့.. သမီးရယ် သူကမှ မတွေ့ချင်တာ မေ့လိုက်ပါတဲ့.. ပြောရက်လိုက်တာ မေမေရယ်.. ဖေဖေ သက်ရှိထင်ရှား ရှိနေသေးတာကို သမီးဘယ်လို မေ့လို့ရမှာလဲ၊ ဖေဖေလို့ တစ်ခါခေါ်ခွင့် ရရင်တောင် သမီးသေပျော်ပါပြီ၊

တခါတရံတော့လည်း.. ကံကြမ္မာတွေက ရက်စက်လွန်းလှပါလားရှင်.. အပြစ်မဲ့တဲ့ ကျွန်မဘ၀.. ဖေဖေ့မေတ္တာတွေ ငတ်နေတဲ့ကျွန်မဘ၀.. ဘယ်ဘ၀က ဘယ်လို ကံကြမ္မာတွေများ ပါလဲလို့သာ အော်ဟစ်လိုက်ချင် ပါတော့တယ်၊ ကျွန်မအနေနဲ့ ကတော့ မေမေ့ကိုလည်း အပြစ်မဆိုချင်၊ ဖွားဖွားကိုလဲ လုပ်ရက်လိုက်တာလို့ မပြောချင်.. ဖေဖေရဲ့ ခံစားချက်ကိုလည်း ကျွန်မ နားလည်သင့်သလောက် နားလည်နိုင်ပါရဲ့.. ဒါပေမယ့်.. ဒီဘ၀မှာ ဖေဖေ့ကို ဖေဖေလို့ တစ်ကြိမ်ခေါ်ခွင့်ရရင် ကျေနပ်ပါပြီရှင်…တကယ်လို့များ ၀ဋ်ကြွေးပါလာတယ် ဆိုရင်လဲ ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေ လို့ ဆုတောင်းပါတယ်ရှင်။

(တကယ့်အဖြစ်အပျက် ဇာတ်လမ်းတစ်ပုဒ်ကို နေရပ်လိပ်စာပြောင်းပြီး သူငယ်ချင်း ပြောပြသည့်အတိုင်း ပြန်လည်မျှဝေပါသည်။)

Wednesday, August 19, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၃)

ပျက်စီးခြင်း ၅- မျိုး

ပျက်စီးခြင်း ၅-မျိုးရှိတယ်။

(၁) ဆွေမျိုးပျက်စီးခြင်း၊
(၂)ဥစ္စာပျက်စီးခြင်း၊
(၃)ကျန်းမာရေးပျက်စီးခြင်း၊
(၄)ကိုယ်ကျင့်တရားပျက်စီးခြင်း၊
(၅)အသိ(ပညာ)တရားပျက်စီးခြင်း၊

အဲဒီပျက်စီးခြင်း ၅-မျိုးမှာ ရှေ့သုံးမျိုးကြောင့်တော့ စိတ်သာချ၊
အပါယ်မရောက်စေရဘူး၊ အားမခံတယ်၊
နောက်အပျက်နှစ်မျိုးဝင်လာရင် အပါယ်ရောက်မယ်၊ ဆင်းရဲဒုက္ခ သံသရာ
မဆုံးနိုင်အောင် လာကြတော့မယ်။
ဒါကြောင့် ရှေ့အပျက် သုံးမျိုးကို တရားနဲ့မြင်အောင်ကြည့်၊ နောက် နှစ်မျိုး
ပျက်တာကို ကောင်းအောင်ချက်ချင်းပြင်။ ။

ရက်ရာဇာ ပြဿဒါး

လောကမှာ ကောင်းကင်က နက္ခတ် အသွားအလာကို ကြည့်ပြီးတော့ ဒီနေ့က
ရက်ရာဇာ၊ ဒီနေ့က ပြဿဒါးစသည်ဖြင့် သတ်မှတ်ထားကြတယ်၊
သာသနာကတော့ ကောင်းမှုကုသိုလ်ကို ဖြစ်အောင်လုပ်နေတဲ့ အချိန်ဟာ
အမြဲတမ်း ရက်ရာဇာချည်းပဲ။
အကုသိုလ် မကောင်းမှုတွေကို ပြုလုပ်နေချိန်ဟာ အမြဲတမ်း ပြဿဒါးတွေချည်းပါ။
ကောင်းကင်က နက္ခတ်က ဘာလုပ်ပေးနိုင်မှာမို့လဲ၊ ကိုယ့်ရဲ့စိတ်ကောင်းကြောင်ံ ရလာတဲ့ ကုသိုလ်ကသာ ကောင်းကျိုးပေးမှာပဲ။

ဓမ္မနည်းအရတော့ ပြဿဒါးက မကောင်းကျိုးပေးမှာ မဟုတ်ဘူး၊ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်မိုက် စိတ်ရိုင်းတွေကြောင့်ရလာတဲ့ အကုသိုလ်တွေကသာ မကောင်းကျိုးပေးမှာ ဒါကြောင့်၊

* စိတ်ကောင်းရှိသူမှာ အမြဲတမ်း ရက်ရာဇာ
*စိတ်ကောင်းရှိသူအတွက် အချိန်ကောင်းတွေချည်းပဲ၊
*သတိဦးစီးတဲ့ သဒ္ဓါ ၀ီရိယ ပညာစတဲ့ တရားတွေ
*၀င်ရောက်နေချိန်မှာ
*ကောင်းကင်ကို မော်မကြည့်နဲ့
*ကိုယ့်မှာ ရက်ရာဇာချည်းပဲ။

ကိုယ့်စိတ်က မကောင်းတဲ့ လောဘ ဒေါသ မောဟ စတဲ့ အပူအခိုးအငွေ့ ၀င်နေတဲ့အချိန်ဟာ
ကောင်းကင်ကို မော့မကြည့်နဲ့ ကိုယ့်အတွက် ပြဿဒါးဖြစ်နေပြီ။ ။

တိပိဋက ယောဆရာတော်

Monday, August 17, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၂)

သတိဖြင့် ဘ၀ပင်လယ် ကူးသူ

ကုသိုလ်တရားတို့၌ မမေ့မလျော့မပေါ့မတန် ထက်သန်သော
သတိရှိရင် ဘ၀ပင်လယ် မြစ်ပြင်ကျယ်ကြီးကို ကူးနိုင်တယ်၊
ခန္ဓာဝန်ထမ်းဆောင်ရင်း စားဝတ်နေရေး အလုပ်လုပ်ရင်းနဲ့တောင်မှ
အပ္ပမာဒဆိုတဲ့ သတိလေးကိုင်ထားတဲ့ ပုဂ္ဂိုလ်ဟာ တရားအလုပ်လုပ်နေတာ၊
ဘ၀ပင်လယ်ကူးနေတဲ့ ပုဂ္ဂိုလ်ပဲ။

မအားလို့ ကုသိုလ်မရဘူးဆိုပြီး အားငယ်စရာမလိုပါဘူး၊ ပိုက်ဆံမရှိလို့ ကုသိုလ်
မလုပ်ရဘူးဆိုပြီး အားငယ်စရာမလိုဘူး၊ နေ့တိုင်းကုသိုလ်ထုပ်ပေါ် တက်ထိုင်နေကြတာ၊
အပ္ပမာဒ သတိရှိသူအတွက် စိတ်မနိုင်လို့ ကိလေသာဖြစ်တာတောင်မှ အမြတ်ထွက်တယ်၊
သတိပဋ္ဌာန်လုပ်ငန်းစဉ် အသိလေးတွေပါလာတဲ့အခါ ကိလေသာဖြစ်တာတောင်မှ ဘာဝနာ
အာရုံဖြစ်သွားတယ်၊

အပ္ပမာဒသတိရှိသူတွေအတွက် တကယ်လို့ လူမမာကြီး ဖြစ်သွားရင်တောင်မှ ဝေဒနာနုပဿနာ
သတိပဋ္ဌာန်လေးကိုင်ပြီး ရှုမှတ် ပွားများ အားထုတ်တတ်ရင် လူမမာဘ၀နဲ့ အမြတ်ထွက်တယ်။
သာသာနာအတွင်း လူဖြစ်တဲ့ သတိရှိသူအတွက် ဘာမှအရှုံးမထွက်တာမရှိဘူး၊
အမှိုက်ပုံထဲက ရွှေထုပ်ကောက်တယ်ဆိုတာ ဒါပေါ့။


လူ့ကိစ္စမျိုးစုံကို ထိန်းချုပ်တာသတိ

လောကရှိသစ်ပင်များမှာ သီးနေတဲ့ သစ်သီးများဟာ အညှာခိုင်ခိုင်မာမာ ရှိနေသမျှ
သူတို့ဟာ တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါ ပေါင်းစုပြီး ကြည့်လို့ကောင်းရှုလို့ကောင်းတာပေါ့။
အညှာမခိုင်လို့ ပြုတ်ကျသွားပြန်တော့လည်း အဲဒီအညှာကို မှီနေကြတဲ့သစ်သီးတွေဟာ ဖရိုဖရဲကျကွဲ
ကမောက်ကမတွေ ဖြစ်ကုန်ကြတယ်၊

ဒါမျိုးလိုပေါ့ ရေတွက်မရအောင်များပြားလှတဲ့ လူ့ကိစ္စမျိုးစုံဆိုသည်မှာ အသီးတစ်ရာနဲ့တူတယ်၊
အဲဒီအသီးတစ်ရာ အားလုံးကိုထိန်းချုပ်ထားသော အရာသည်ကား သာသနာက နံပတ်တစ်တောင်းထားတဲ့
အပ္ပမာဒခေါ်တဲ့ သတိတရားပေါ့။ ။

ကံတရားသည် စည်းကမ်းအတိကျဆုံး

လောကမှာကံတရားဟာ စည်းကမ်းအတိကျဆုံးပါ၊ ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး၊
ဘယ်တော့မှလည်း မျက်နှာမလိုက်ပါဘူး၊ သူရှိတာပေးမှာပါ၊ မရှိတာကိုလည်း သူမပေးဘူး၊
ရှိလျက်သားနဲ့လည်း လျှို့ဝှက်မထားဘူး၊ ကံတရားဟာ ကိုယ့်အပေါ်မှာ အင်မတန်စည်းကမ်း
ရှိပါတယ်၊ ကောင်းတဲ့ကံတရားဆိုတာ အလွန်သစ္စာရှိပါတယ်၊မကောင်းတဲ့ ကံတရားကတော့
ကိုယ့်အပေါ်အလွန်သစ္စာဖောက်ပါတယ်၊ ဖြစ်ချင်တိုင်းဖြစ်တာမဟုတ်ဘဲ အကြောင်းကံ အရင်းခံ
ရှိသလောက်သာ ဖြစ်နေကြရပုံတွေ မဖြစ်ချင် မလိုချင်သော်လည်း အကြောင်းကံရှိသလို ရနေကြပုံ
တွေဟာ ဥာဏ်ရှိသလောက် ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတဲ့ ဥာဏ်မှန်ပြောင်းတပ်ပြီး ကြည့်လိုက်လို့
ရှိရင် ပြတ်ပြတ်သားသား မြင်ရပါတယ်။

(တိပိဋကယောဆရာတော်)

Sunday, August 16, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၁)

`ဩ၀ေဒယ် နဳသာေသယ်၊ အသဗၻာ စ နိ၀ါရေယ။
သတံ ဟိ သော ပိယော ဟောတိ၊အသတံ ဟောတိ အပ္ပိယော။

မကောင်းမှုကို တားမြစ်ပြီး ကောင်းမှုတွေဖြစ်အောင် ဆုံးမ သွန်သင်ရာ၏။ ဒီလို သွန်သင်ဆုံးမသူကို သူတော်ကောင်းတို့က ချစ်နှစ်သက်ပြီး မသူတော်တို့က မုန်းတီးကြ၏၊ (ဓမ္မပဒ)

အသိ အကျင့်ဘက်စုံမြှင့်ပြီး မြန်မာ့သာသနာကျက်သရေဆောင် တိပိဋက ယောဆရာတော် အရှင် သိရိန္ဒာဘိဝံသရဲ့ ဩ၀ါဒများကို အခန်းဆက် အဖြစ် ဖော်ပြပေးမှာပါ. တရားချစ်ခင် သူတော်စင်တို့ အသိမှသည် အကျင့် . အကျင့်မှသည် ထိုးထွင်းသိသို့ လျှောက်လှမ်းနိုင်ကြပါစေ. ...

တရားနှင့် အကြပ်အတည်း


လောကမှာ လူတွေဆိုတာ ရံဖန်ရံခါ အခက်အခဲ အကြပ်အတည်း တွေ့ရစမြဲပဲ၊
အခက်အခဲအကြပ်အတည်းဆိုသည်မှာတရားမရှိသူအတွက်ဘ၀ကိုပျက်သွား စေတတ်တယ်၊
တရားရှိသူအတွက် ဘ၀ကို တစ်ဟုန်ထိုး တက်သွားစေတယ်။ ။


လောကဓံမုန်တိုင်း


လောကဓံမုန်းတိုင်း သောကအပူတွေဆိုတာ
တချို့ရှောင်လို့ရတယ်၊
တချို့ ရှောင်လို့မရဘူး၊
ရှောင်လို့ရတာကို ရှောင်၊
ရှောင်လို့မရတာကို တရားနဲ့ ကာကွယ်ခုခံ။


တရားရဲ့ အဓိက ကုန်ကြမ်းပစ္စည်း


တရားရဲ့ အဓိက ကုန်ကြမ်းပစ္စည်းဆိုတာ စိတ်ကောင်းလို့ သိကြပါတယ်နော်၊
စိတ်ကောင်းကို သဒ္ဓါတရားကသာ ဖော်ထုတ်နိုင်တာ၊
စိတ်ကောင်းအရင်းအနှီး မရှိရင် ပိုက်ဆံဘယ်လောက်ပေါပေါ
အချိန်ဘယ်လောက်ရရ ပညာရှိတွေ လက်မြှောက်တယ်၊ မတတ်နိုင်ဘူးတဲ့၊
သဒ္ဓါတရားဆိုတဲ့ စိတ်ကောင်းရှိရင် ပညာရှိတွေ ချီးမြှောက်တယ်၊ သူတော်ကောင်းတွေ ချီးမြှောက်တယ်။


ဓမ္မလမ်းကြောင်းပေါ်ကလူ


ဓမ္မလမ်းကြောင်းပေါ်ရောက်တဲ့ပုဂ္ဂိုလ် ဘယ်တော့မှ အချိန်မဖြုန်း ဘယ်တော့မှ
ဘ၀ကို အလကားမဖြုန်း အသုံးဘက်ရောက်အောင် လိမ်မာပါးနပ်စွာ ယူတတ်တယ်။



Thursday, August 13, 2009

အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာ

ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှု ပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်း မှန်ကန်သူများဟာ စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများ ကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွှင်မှုနဲ့လည်း ဝေးနေတတ်ပါတယ်၊ လောကအရေးဖြစ်ဖြစ် လောကုတ္တရာ အရေးမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကို လေ့ကျင့်ထားသင့်ပါတယ်။

ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာ အရေးမှာလည်း တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်. (ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဥာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင် ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်.. မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတာတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေ ကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ်လို့ ကဲ့ရဲ့ ပြစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်.. တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲ ပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင် ကိုယ်တိုင်လည်း အကုသိုလ် တိုးပွားရပါတယ်။ အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့ လူကတော့ မပြောခင်လည်း စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လည်း နောင်တတွေ တပွေ့တပိုက် ဖြစ်နေတတ်တယ်. ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့် ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကို ရောက်လာပါတယ်.. ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေ၀တ တဲ့. ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာ နေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင် သာရိပုတ္တရာဆီ သွားပါတယ်.. အရှင် သာရိပုတ္တရာ ကတော့ အဘိဓမ္မာနဲ့ ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့.. ဒီလောက် ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလား ဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. အရှင်အာနန္ဒာဆီ ရောက်တော့ အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရား ဟောတာက တိုလိုက်တာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင် ပြန်လျှောက်ပြတော့.. ဘုရားရှင်က.. လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူးလို့ ဟောပြလိုက်ပါတယ်..

ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ.. တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ.. တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခု ကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစု အတွင်းမှာလည်း မနက်မိုးလင်း အိပ်ယာထပြီ ဆိုကတည်းက.. တပူပူ တဆူဆူ လုပ်တတ်တဲ့ သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျည်းတန်ရပါတယ်..

အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့ အတွက်ကြောင့် ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တယ်လို့ ဘုရားရှင် ဟောပြတော် မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံ လုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံ ပူညံသံပဲကြားရ.. ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလည်း သူကိုယ်တိုင် ဘ၀အတွက် ယုံကြည်မှု နည်းပါး.. ယုံကြည်မှု နည်းပါးလာတော့ အာရုံ တွေ့သမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ ပါဘူး..

အာရုံတွေ အပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်..

သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..

သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ.. သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..

ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှု တိုးတက်ပါမယ်..

ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်..

အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဥာဏ်ယှဉ်နိုင်ပါမယ်..

ဒီလို ဥာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ..

ဒီလိုစောင့်စည်းနိုင်ပါမှ ကောင်းတာလုပ်နိုင် ပြောနိုင် ကြံစည်နိုင်ပါမယ်..

ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်..

ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။

တိုတောင်းတဲ့ ဘ၀မှာ ပျော်ရွှင်အောင် နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ လိုသလို ဘ၀လွတ်မြောက်ဖို့ အတွက်လည်း အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်. အတ္တ မာန လွန်ကဲလာရင် အပေါင်းအသင်းကောင်း တွေကို လက်လွတ် ဆုံးရှုံးရနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလည်း အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး. ယောနိသော မနသိကာရ မရှိလေ ဘ၀ဟာ ပိုပြီး အထီးကျန် ဆန်လေဖြစ်တော့မှာပါ. ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဥာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

အရှင်တိက္ခဉာဏာလင်္ကာရ

Sunday, August 2, 2009

နတ်လူသာဓုခေါ်စေသော် (သို့) အနာဂတ်ပန်းလေးများ ရှင်သန်နိုင်ဖို့ (၂)




မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းရဲ့ ပထမ ဦးဆုံး အလှူအဖြစ် လှည်းကူးမြို့နယ် ရဲမွန်မြို့ ရဲမွန်တပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အမှန်တကယ် လိုအပ်နေတဲ့ လီတာ တစ်ထောင်ဆန့် ရေသန့်စက်ကို လှူဒါန်းခဲ့ပါတယ်၊ မြန်မာကျပ်ငွေ ရှစ်သိန်း ငါးသောင်းတန်ဖိုးရှိ သောက်ရေသန့်စက်ကို မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းက စေတနာအပြည့် မေတ္တာဖြည့်ပြီး လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်လို့ မန်ဘာများ အလှူရှင်များနဲ့ ဓမ္မချစ်ခင် သူတော်စင်တို့ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းက မျှဝေအပ်ပါတယ်။

ကလေးငယ်ပေါင်း တစ်ရာကျော်ရဲ့ အသိဥာဏ်ရှင်သန်နိုင်ဖို့ ကြိုးစားနေတဲ့ အမှန်တကယ်လည်း လိုအပ်နေတဲ့ နေရာလေးမှာ ကူညီခွင့်ရလို့ တကယ့်ကို ၀မ်းသာပီတိ ဖြစ်ရပါတယ်၊ မေတ္တာကမ္ဘာရဲ့ ကူညီမှုဟာ ပုဂ္ဂိုလ်စွဲ ဒေသစွဲ ဆရာစွဲ ဂိုဏ်းစွဲမပါဘဲ မွန်မြတ်တဲ့ စေတနာနဲ့ ကူညီခဲ့တာမို့ ဒီကောင်းမှုရဲ့အကျိုးဟာ မွန်မြတ်သန့်စင်ပြီး အမြတ်ဆုံးဖြစ်တဲ့ ငြိမ်းအေးမှုကို လျင်မြန် လွယ်ကူစွာ ရရှိမှာဖြစ်ပါတယ်။

မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်း ပုံမှန် လှူဒါန်းနိုင်ရန်အတွက်လည်း အလှူရှင်များကို ဖိတ်ခေါ်အပ်ပါတယ်. လက်တွေ့ကျတဲ့ မေတ္တာနှလုံးသားကို အတူတကွ ဖော်ဆောင်ကြပါစို့။ အလှူရှင်များ အနေဖြင့်လည်း မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းကို ပါဝင် လှူဒါန်းလိုတယ်ဆိုရင် အောက်ပါ အီးမေးလ် ဖုန်းနံပါတ်တွေကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ ။


အရှင်တိက္ခဥာဏာလင်္ကာရ
mail.. bhikkhu.tikkhanana@gmail.com
rev.tikkha@yahoo.com
Ph. 94-71 36 00 9 88
65-8266 2972

ကိုမျိုးမင်းကျော်
mail. myominkyaw2008@gmail.com
ph. 65-9235 5291

ကိုဝေယာလင်း
mail; waiyar@gmail.com
ph. 65-9295 0857

မအိမီကို
mail; eimeko@gmail.com
ph. 65-9189 5772