Friday, September 25, 2009

မိမိကိုယ်ကို ဆင်ခြင်နည်း

ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး ၏ ဩ၀ါဒကထာကို ပြန်လည်ဖော်ပြပါသည်၊

၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။

ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။

Thursday, September 24, 2009

ပဋိသန္ဓေအခါ စိတ်ဖြစ်ပုံ


ပဋိသန္ဓေအခါ စိတ်ဖြစ်ပုံ

မေး။ ။ လူတို့ ပဋိသန္ဓေ (အမိဝမ်း၌) နေသည့်အခါ ပဋိသန္ဓေစိတ်သည် သန္ဓေစတင်ရာ ကလလရေကြည် စတင်ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာချင်း အတူတကွ ဖြစ်ပါသလား။ (ကလလရေကြည်နှင့် တပြိုင်နက် ဖြစ်ပါသလား)။

အချို့ဆရာတို့ အဆိုအရ ခက်မငါးဖြာစုံသောအခါ ၄၉-ရက်ကြာမှ (ဟဒယ ဝတ္ထုရုပ်အတွင်း နှလုံးစတင်ခုန်သောအခါမှသာ) ပဋိသန္ဓေစိတ် စတင်ဖြစ်ပေါ်သည်ဟု ဆိုကြပါသည်။

အရပ်ထဲ၌ ကိုယ်ဝန်ဆောင်ဖူးသူ အမျိုးသမီးများ၏ အဆိုအရမူ ၃-လ ကျော်မှ သန္ဓေသား ကလေးငယ်မှာ လှုပ်ရှားလာကြောင်း သိရပါသည်။ ပဋိသန္ဓေ အခါ ဖြစ်သောစိတ်ဟု သာမာန်မျှ ဆိုထားခြင်းကြောင့် ကျွန်တော်တို့အတွက် မရှင်းခြင်း ဖြစ်ပါလိမ့်မည်။

ဦးခင်မောင်နိုင်နှင့် ဓမ္မမိတ်ဆွေများ

ဖြေ။ ။ ဘုရားရှင်လက်ထက်တော်က အတ္တဝါဒအယူရှိသော ဣန္ဒကမည်သော ဘီလူးသည် အတ္တက ပြုပြင်စီမံလို့သာ ခန္ဓာကိုယ်သည် အမိဝမ်းထဲ၌ တဖြည်းဖြည်း ကြီးထွားလာပြီး ရှင်သန်ရပ်တည်နိုင်၏-ဟု ယူဆသည့်အတွက် မြတ်ဗုဒ္ဓအား ဤသို့ လျှောက်ထားခဲ့ဖူး၏။

“အရှင်ဘုရား၊ မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဟောတော်မမူကုန်၊ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊ ထိုသတ္တဝါအား အရိုးစု အသားစိုင်သည် အဘယ်မှ ရောက်လာသနည်း၊ အဘယ် အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း”

“ဘီလူး၊ ရှေးဦးစွာ ကလလရေကြည် ဖြစ်၏။ ကလလရေကြည်မှ အမြှုပ်ဖြစ်၏။ အမြှုပ်မှ အသားတစ်ဖြစ်၏။ သားတစ်မှ အခဲဖြစ်၏။ အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏။ ဆံ အမွေး ခြေသည်း လက်သည်းတို့လည်း ဖြစ်ကုန်၏။
ဤသတ္တဝါတို့၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကိုလည်းကောင်း စား၏။ အမိ၏ဝမ်း၌ တည်သော ထိုသတ္တဝါသည် ထို(အမိစားသော)အစာဖြင့် မျှတ၏”ဟု (မိန့်တော်မူ၏)။

(ယက္ခသံယုတ်၊ ဣန္ဒကသုတ်)

အထက်ပါဟောကြားတော်မူချက်တွင် “ပဌမံ ကလလံ ဟောတိ = ရှေးဦးစွာ ကလလရေကြည် ဖြစ်၏” ဟူသည်ကို အဋ္ဌကထာဖွင့်ရာတွင် “တတ္ထ ပဌမန္တိ ပဌမေန ပဋိသန္ဓိဝိညာဏေန သဒ္ဓိံ = ထိုတွင် ရှေးဦးစွာ -ဟူသည် ရှေးဦးစွာသော ပဋိသန္ဓေဝိညာဉ်နှင့်အတူ- စသည်ဖြင့် ဖွင့်ဆို၏။

ဆိုလိုသည်မှာ ပဋိသန္ဓေဝိညာဉ်နှင့်အတူ မောင်ဖြူ မောင်မဲ စသည် ဖြစ်လာမည့်သူများ ကိုယ်လက်အင်္ဂါ အပြည့်အစုံဖြင့် မိခင်ဝမ်းတိုက်တွင် ဖြစ်နေသည်မဟုတ်၊ ရှေးဦးစွာ ပဋိသန္ဓေဝိညာဉ်ဖြစ်သည်နှင့် တပြိုင်နက် ဖြစ်သော၊ သေးငယ်သော အပ်ဖျားထိပ်၌ တည်သော၊ ဆီပေါက်ပမာဏမျှ လောက်သော ကလလရေကြည်အဖြစ်ဖြင့် ၇-ရက်ခန့်ကြာ၏။ ထို့နောက်မှ အမြှုပ်-သားတစ် စသည်ဖြင့် တဖြည်းဖြည်း ကြီးထွားလာ၏။

ထိုသို့ တဖြည်းဖြည်း ကြီးထွားလာခြင်းသည်လည်း အတ္တကြောင့်မဟုတ်၊ ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းလေးမျိုးကြောင့် ကြီးထွားလာခြင်း ဖြစ်၏။ မှန်၏။ လူသားတစ်ယောက်အဖြစ် ဘဝသစ်၌ ပဋိသန္ဓေစိတ် စဖြစ်သည်နှင့် တစ်ပြိုင်နက် ထိုစိတ်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသော စေတသိက်များ၊ ရုပ်ခန္ဓာအဖြစ်တည်ဆောက်မည့် ကာယဒသကကလာပ်၊ ဖိုမခွဲခြားမည့် ဘာဝဒသကကလာပ်၊ ပဋိသန္ဓေစိတ်နှင့် စေတသိက်ဟူသော နာမ်တရားများ မှီ၍ဖြစ်ဖို့ရာ ဝတ္ထုဒသကကလာပ်ဟူသော ကမ္မဇကလာပ်စည်း သုံးစည်းသည် အဝိဇ္ဇာ တဏှာ အရင်းခံသော ကံတရားကြောင့် ဖြစ်ပေါ်လာ၏။ ထိုကမ္မဇကလာပ်စည်း သုံးစည်းကိုပင် ကလလရေကြည်ဟု ခေါ်၏။

ထိုကမ္မဇကလာပ်ရုပ်များ ပဋိသန္ဓေစိတ် ဥပါဒ်ခဏမှ စ၍ ခဏတိုင်း ခဏတိုင်း ဆက်လက်ဖြစ်ပေါ်နေကြ၏။ ပဋိသန္ဓေစိတ်၏ ဌီခဏမှ စ၍ ဥတုဇရုပ်များ စ၍ဖြစ်ကြ၏။ အမိဝမ်း၌ တည်သော သတ္တဝါတို့အား မိခင်စားသမျှ အစာသည် တစ်သတ္တာဟ နှစ်သတ္တာဟ (၁၄-ရက်ခန့်) လောက်ကြာလျှင် သူငယ်၏ကိုယ်၌ ပျံ့နှံ့၏။ ထိုအခါမှစ၍ အာဟာရဇရုပ်များ စ၍ဖြစ်ကြ၏။ (ချက်ကြိုးမှတဆင့် ပျံ့နှံ့သည်ဟု ဆိုပါသည်။)

ဗုဒ္ဓဝါဒီတို့ လက်ခံထားသော သုံးဆယ်တစ်သားများကို ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ဘုံသား၊ နာမ်သက်သက်ဖြင့် ပဋိသန္ဓေနေသော ဘုံသား၊ ရုပ်နာမ် နှစ်ပါးစုံဖြင့် ပဋိသန္ဓေနေသော ဘုံသားဟု သုံးစုခွဲနိုင်၏။

ထိုတွင် အသညသတ်ဘုံသားများသည် ရုပ်သက်သက်ဖြင့် ပဋိသန္ဓေနေကြရ၏။ တစ်ဘဝလုံး ရုပ်တုံးရုပ်ခဲကြီး သက်သက်ဖြင့်သာ နေထိုင်ကာ ဘဝဆုံးကြရ၏။ အရူပဘုံသားတို့ကား နာမ်သက်သက်ဖြင့် ပဋိသန္ဓေနေကာ နာမ်သက်သက်ဖြင့် ဘဝတစ်ခု အဆုံးသတ်ကြရ၏။ လူအပါအဝင် ကြွင်းဘုံသားတို့ကား ရုပ်နာမ် နှစ်ပါးစုံဖြင့် ပဋိသန္ဓေနေကာ ရုပ်နာမ်နှစ်ပါးစုံဖြင့်ပင် အသက်ရှင်ရပ်တည်ကြပြီး ဘဝအဆုံးတွင်လည်း ရုပ်နာမ်နှစ်ပါးလုံး ပျက်သုဉ်းကြရ၏။

ပဋိသန္ဓေကိစ္စနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒ ဗုဒ္ဓစာပေတွင် အာစရိယဝါဒ၊ အဋ္ဌကထာ+ဋီကာဝါဒ စသည်ဖြင့် ကွဲပြားခြားနားချက် လုံးဝမရှိပါ။ “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ” စသော ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” စသော ပဋ္ဌာန်းဒေသနာတော်များမှာ ခိုင်မာသော အထောက်အထားများ ဖြစ်ပါသည်။

ဝိနည်းဒေသနာတော်တွင်လည်း ကလလရေကြည် အခိုက်အတန့်တွင်ပင် ရဟန်းတစ်ပါးသည် ကိုယ်ဝန်ကျဆေး ပေးကာ ဖျက်ဆီးခိုင်းလျှင် လူသတ်မှုမြောက်ကာ ပါရာဇိကကျသည်ဟု ဆုံးဖြတ်ပါသည်။
ဘာသာဋီကာဆရာတော်၏ အခြေပြုပဋ္ဌာန်းတရားတော်မှ မေးခွန်းနှင့် သက်ဆိုင်သော အကြောင်းအရာတို့ကို ကောက်နှုတ်ဖော်ပြပါဦးမည်။

ခန္ဓာကိုယ်ဖြစ်ပေါ်ပုံ။ ။ (ဒီမိဘသွေးသားက) ကိုယ်ကလေးဖြစ်ဖို့ရန် ကြီးကျယ်သော အထောက်အပံ့ဖြစ်တယ်ဆိုတာကတော့ မှန်တယ်။ ကိုယ်ကလေးဖြစ်လာတာကတော့ ပထမနေ့တုန်းက ပြောတဲ့အတိုင်း ဟိုဘဝက လွန်ခဲ့တဲ့ဘဝက ကံ ကမ္မနိမိတ်တွေ ထင်လို့၊ ပဋိသန္ဓေဖြစ်ဖို့ရန် ကံတစ်ခုခုက ရှေးရှုလို့၊ အဲဒီကံရဲ့အစွမ်းကြောင့် ခုနက မိဘနှစ်ပါးရဲ့ သွေးသားတည်ရှိတယ် ဆိုပါတော့၊ သားအိမ်ထဲမှာ ပထမဝိညာဏ်စိတ်ရယ်၊ စေတသိက် သုံးဆယ့်သုံးပါး လောက်ရယ် ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်စည်းရယ်၊ ဒါပဲ စခဲ့တယ်။ ဒါ အမိအဖ သွေးသားမဟုတ်ဘူး၊ ခန္ဓာကိုယ်လေးရဲ့ အစဟာ ဒီတရားပဲ ပထမဆုံး။

ထပ်ပြောမယ်နော်၊ စိတ်ဝိညာဏ်၊ စိတ်ဝိညာဏ်နဲ့ အတူဖြစ်တဲ့ စေတသိက်၊ ဆိုပါတော့ သုံးဆယ့်သုံးပါးလောက်၊ ဒါပဲ၊ ဒါနာမ်တရားခေါ်တယ်။ ဒီစိတ်ဝိညာဏ်နဲ့ စေတသိက်ကို နာမ်ခန္ဓာခေါ်တယ်။ ပြီးတော့ ဒီရုပ်ကလာပ်က အထည်ကိုယ် ခန္ဓာကိုယ် ဖြစ်ဖို့ရန် ကာယဒသကကလာပ်၊ ဒီကလာပ်တစ်ခု ပါတယ်။ ရုပ်ဆယ်ခု စုနေတဲ့ ကလာပ်တစ်ခုပါတယ်။

တစ်ခါ စိတ်ဝိညာဏ်ရဲ့ တည်တံ့ဖို့ရန် ဘုန်းကြီးတို့ ဟို `ဝတ္ထုပုရေဇာတနိဿယ’ တို့ ဘာတို့နဲ့ ကျေးဇူးပြု ဖို့ရန် ယခုတော့ သဟဇာတနိဿယ-နှင့် ကျေးဇူးပြုဖို့ရန် ဝတ္ထုဒသကကလာပ် တစ်ခု၊ ဟဒယဝတ္ထုပါတဲ့ ရုပ်ဆယ်ခု စုနေတဲ့ ကလာပ်တစ်ခု၊ ယောက်ျားဖြစ်လို့ ရှိရင်လည်း ယောကျာ်းနှင့်ဆိုင်တဲ့ ပုရိသဘာဝရုပ်ကလာပ်တစ်ခု၊ ကာယ-ဘာဝ- ဝတ္ထု ဟောဒီ ကလာပ်သုံးစည်း ရှိတယ်။ အဲဒီ ပဋိသန္ဓေစိတ်၊ စေတသိက်၊ ရုပ်ကလာပ်သုံးစည်းဟာ တစ်ပြိုင်နက် ဖြစ်တာပဲ။ (စာ-၂၇၈)

ကလလရေကြည် ၇-ရက်။ ။ အဲဒီ ပထမဆုံးဖြစ်တဲ့ ရုပ်ကလာပ်လေးတွေ ပြောကြစို့၊ ရုပ်ကလာပ်လေးတွေ သုံးစည်းရှိတယ်၊ ယောက်ျား မိန်းမ ဒီမှာ ကွာသွားပြီနော်၊ နောက်တော့ ဒီလိုနဲ့ နေလိုက်တာ ဒါကလေးက ဘာခေါ်တုန်းဆိုတော့ ဗုဒ္ဓမြတ်စွာက ကလလရေကြည်တဲ့ ၊ ပုံသဏ္ဌာန်လေးက နည်းနည်း အချိန်ကြာလာလို့ရှိရင် ရေကြည်လေးသဘောပဲ ရှိတယ်။ ခန္ဓာကိုယ် ကလေးဟာ အဲဒီရေကြည်လေးသဘောနဲ့ ဘယ်လောက်ကြာကြာ နေတုံးဆိုတော့--

“ပဌမံ ကလလံ ဟောတိ” ခုနစ်ရက်လုံး ကလလရေကြည်လေး ဖြစ်နေတယ်။ အဲဒီ ရေကြည်လေးပေါ်လာရင်တော့ ဟိုလောကဓါတ် ဆရာဝန်တို့ မှန်ပြောင်းက မြင်ကောင်း မြင်လိမ့်မယ်ထင်တယ်။ စောစောက ဘုန်းကြီးပြောနေ တဲ့ ရုပ်ကလာပ်သုံးစည်းကိုတော့ မမြင်နိုင်ပါဘူး။ သူတို့ မှန်ပြောင်းတင် မဟုတ်ဘူး၊ အဏုမြူမြင်နိုင်တဲ့ မှန်ပြောင်းလည်း မမြင်နိုင်ပါဘူး။

အဲဒါတွေ တော်တော်လေးများမှ ၊ ဆိုပါတော့ တစ်ရက် နှစ်ရက်လောက် ကြာလို့ ရုပ်ကလေးတွေက အစုလေးတွေ တော်တော်လေး အစိုင်အခဲစုမိမှ မြင်မယ်။ မှန်ပြောင်းကလည်းပဲ ဟို ပထမဆုံးတည်တဲ့ ရုပ်ကလာပ်သုံးစည်းတုန်း ကတော့ မှန်ပြောင်းလည်း မမြင်နိုင်ပါဘူး။ စိတ်ဝိညာဏ်နဲ့ စေတသိက်ဆိုတာ ကတော့ ဝေးလို့ ဝေးလို့ ဝေးလို့။ ခုကို မှန်ပြောင်းနဲ့ လာကြည့် ဘုန်းကြီး ဘာစိတ် ဖြစ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ (စာ-၂၈၀)

ဤမျှဖြင့် မေးခွန်းရှင်များ ကျေနပ်လောက်ပြီ ထင်ပါသည်။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ကြီးဖြင့် သိရှိတော်မူသည့်အတိုင်း ဟောထားတော်မူခြင်း ဖြစ်ပါသည်။ ထိုသို့ မသိမမြင်နိုင်ကြသဖြင့် နှလုံးခုန်မှ ကလေးလှုပ်ရှားမှ မိမိတို့ ထင်မြင်ချက်အတိုင်း ရမ်းသမ်းပြောရသော ဆရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ ၏ စကားနှင့် မြတ်ဗုဒ္ဓ၏ ဟောပြောချက်များကို နှိုင်းယှဉ်စဉ်းစားဖွယ် မရှိပါ။

အရှင်ကောဝိဒ (ယော)

Wednesday, September 23, 2009

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ်မြောက်အလှူတော်အတွက်နှိုးဆော်လွှာ

မေတ္တာကမ္ဘာ လူမှုကူညီရေးအသင်းရဲ့ စည်းရုံးရေးမှူး မနှင်းဟေမာhttp://hninhaymar.blogspot.com ရေးသားနှိုးဆော်မှုကို ပြန်လည် ဖော်ပြပါသည်။


စာနာထောက်ထားခြင်း၊ ဖေးမကူညီခြင်း၊ ငဲ့ညှာသနားခြင်း၊စွန့်လွှတ်အနစ်နာခံခြင်း၊ရက်ရောပေးကမ်းခြင်း၊ ချီးမြှောက်ကယ်တင်ခြင်း ၊ ဂရုဏာထားခြင်း တည်းဟူသော မေတ္တာတရား၏ အနှစ်သာရ နှင့် ဗုဒ္ဓ၏ အဆုံးအမများကို အခြေခံ၍

မိမိတို့ နိုင်ငံ၏ အမျိုးဘာသာ သာသနာတော်အား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသလောက် ထိန်းသိမ်း စောင့်ရှောက်သွားရန်၊

အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများအား မွန်မြတ်သော ပရဟိတစိတ်ဓါတ်ဖြင့် မိမိတို့ တတ်စွမ်းသလောက် ကူညီထောက်ပံ့ သွားရန်နှင့်

့်နွမ်းပါးသော ကလေးငယ်လေးများ၏ အနာဂတ် ဘ၀အခြခိုင်မာမှုအတွက် တတ်နိုင်သမျှ ကူညီဖေးမသွားကြရန်..

ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော. မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို ( 21-09-2009) စင်္ကာပူစံတော်ချိန် နေ့လည် ၂နာရီတွင် ပြုလုပ်ပြီးစီးသော အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြပါသည်...။

အသင်းသားအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ အောက်တိုဘာလကုန်၌ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။

အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့်ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်အပ်ပါသည်....။


ဒုတိယ အကြိမ်မြောက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ လှူဒါန်းမည့် နေရာ

မေတ္တကမ္ဘာအသင်း၏ ဒုတိယအကြိမ်မြောက် အလှူတော် အတွက် သတ်မှတ်ချက်နေရာမှာ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာ မူလတန်းလွန်ကျောင်း ဖြစ်ပါသည်။

ထိုကျောင်းလေးမှာ မြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးပြီး ယခင်က မူလတန်းအဆင့်၌သာရှိ၍ သူငယ်တန်းမှ စတုတ္ထတန်းထိ ကလေးငယ်လေးများ ပညာဆည်းပူးသင်ယူလျှက်ရှိကြပါသည်....။ စတုတ္ထတန်း အောင်မြင်ပြီးကြသော ကလေးငယ် လေးများမှာ ရွာနှင့် ၄ မိုင်ခန့်ကွာဝေးလှသော ဆီမီးကန်ကျေးရွာ ၊ အခြေခံပညာ တွဲဘက် အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင် တက်ရောက် ပညာသင်ကြားရပါသည်....။

လမ်းခရီးကြမ်းတမ်းမှု ၊ ရာသီဥတု ဆိုးရွားမှု နှင့် ချောင်း၊ မြောင်းဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်မှုတို့ ကြောင့် ထိုပတ်ဝန်းကျင် ကျေးရွာလေးများမှ ကလေးငယ် များသည် စတုတ္ထတန်းအောင်မြင်ပြီးလျှင် ကျောင်းဆက်လက်မတက်ရောက်နိုင်မှု နှုန်းထား ပိုမို များပြားလာခဲ့ပါသည် ...။ ထိုအခက်အခဲအမျိုးမျိုးတို့ကြောင့် ကျေးရွာ လူကြီးများမှ ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ ယခုနှစ်မှ စတင်၍ မူလတန်းလွန်ကျောင်းလေးအဖြစ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရပါသည်....။

ထိုကျောင်းလေးတွင် စုစုပေါင်း စာသင်ဆောင် ၂ဆောင်ရှိရာ မူလတန်း ကလေးငယ်လေးများ၏ စာသင်ဆောင်မှာ ဆိုးရွားစွာ ယိုယွင်းပျက်စီးနေမှု ၊ အမိုးမလုံ အကာမလုံမှု ၊ ကျောင်းသစ်သားတိုင်များမှာလည်း ဆွေးမြေ့ယိုင်နဲ့နေမှု နှင့် ကျေးရွာလေး၏ စီးပွားရေးအခြေအနေအရ ပြန်လည်ပြုပြင်ရန်အခက်အခဲရှိမှုတို့ ကြောင့် ထိုကျောင်းလေးတွင် ပညာသင်ကြားပေးကြရသော ဆရာ၊ဆရာမလေးများ နှင့် ပညာသင်ယူလျှက်ရှိကြသော ကျောင်းသား ကျောင်းသူ ကငယ်လေးများမှာ အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရပါသည်....။


ကျောင်း၏ လိုအပ်ချက်ကွက်လပ်နှင့် လက်ရှိအခြေအနေ


ဘေးပတ်လည်မှ ယိုယွင်းပျက်စီးနေသော ကျောင်း၏ လက်ရှိအနေအထား

ကျမတို့ အသင်းအနေဖြင့် မိမိတို့တတ်နိုင်သလောက် ငွေကြေးပမာဏလေးဖြင့် လက်ရှိကျောင်းဆောင်အဟောင်းလေးအား ပြန်လည်၍ စာသင်ဆောင်အသစ်လေးတစ်ဆောင် ကို ဆောက်လုပ်လှူဒါန်းသွားကြမည်ဖြစ်ပါသည်။ထိုကျောင်းဆောင်လေးအား
လာမည့်အောက်တိုဘာလကုန်မှ စတင်ပြီး ဆောက်လုပ်သွားမည်ဖြစ်ပါသည်။

လှူဒါန်းမည့်ကျောင်းဆောင်သစ်တွင် ကျောင်းအုပ်ရုံးခန်းအပါအ၀င် သူငယ်တန်းလေး၊ သူငယ်တန်းကြီး ၊ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း ၊ ကလေးငယ်လေးများ အတွက် စာသင်ခန်း ၅ ခန်း ပါဝင်မည် ဖြစ်ပါသည်.....။ကျမတို့ ကောက်ခံရရှိသော အလှူငွေအပေါ်တွင် မူတည်ပြီး စာသင်ဆောင်အနေအထားနှင့်ကလေးငယ်လေးများ သက်သာစွာ ပညာ သင်ယူနိုင်ရေးအတွက် စာရေးခုံလေးများပါ ထည့်ဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်....။

အတန်းအလိုက် ကလေးငယ်လေးများ စာသင်ယူနေကြပုံ

ကျောင်းလေးမှာ အမိုးမလုံသည့်အတွက် ကလေးငယ်လေးများမှာယခုကဲ့သို့ စာသင်ယူကြရပါသည်။ မိုးတွင်းကာလ၌လည်း စာသင်ကြားရန်အတွက် အခက်အခဲရှိသည်ဟု သိရပါသည်။

သို့ပါ၍ တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူမှ ရမည်ဟူသော စကားအတိုင်း အများ၏ ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန် ခိုင်ခံ့သော စာသင်ကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာစေရန် နှင့် ကလေးငယ်လေးများ၏ အနာဂတ် ပညာရေးအခက်အခဲလေးများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးကြရန်အတွက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အနေဖြင့် မိမိတို့၏ အလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းလိုကြသော အလှူရှင်အပေါင်းတို့အားလည်း လှိုက်လှဲစွာဖြင့် ကြိုဆိုဖိတ်ခေါ်အပ်ပါသည်....။

“အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်၊

အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာရောက် ပါတယ်၊

ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာရောက်ပါတယ်၊

အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးအားလုံးကို ပေးလှူရာ ရောက်ပါတယ်” ........ လို့

ကျမတို့ရဲ့ မြတ်စွာဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့တဲ့အတိုင်း အလွန်ကြီးကျယ်မြင့်မြတ်လှသော ကျောင်းအလှူတော်ကို အမှန်တစ်ကယ် ဖြည့်ဆည်းပေးရန်လဲ လိုအပ်နေသော နေရာလေးတစ်ခုကို မိမိတို့ချွေးနည်းစာများထဲမှ တက်နိုင်သလောက် ကူညီလှူဒါန်းကြပါရန် ကျမ၏ မောင်နှမ အားလုံးကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်.....။


လှူဒါန်းလိုသူများအနေဖြင့် ကျမ နှင်းဟေမာ ( mwf.hninhaymar@gmail.com ) Email ထံသို့ ဆက်သွယ်၍ မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်....။

“ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ...သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဌိကိလေသာ ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို ပါ အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့် ပရဟိတအများအကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် မိမိတို့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုနိုင်ကြရန် အတွက် ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ကိုယ်စား တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်.....။


အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

နှင်းဟေမာ ( စည်းရုံးရေးမှူး )

မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )

မေတ္တာကမ္ဘာအတွက် ပရဟိတများအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးမှုများ အတွက် အသင်းမန်ဘာများရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်။ ။

Saturday, September 19, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၅)

မသွားဘဲနဲ့ နီးနေတာ တစ်ခု

မသွားဘဲနဲ့ နီးနေတာ တစ်ခုရှိတယ်၊ ဒါကတော့ သုဿာန်ပေါ့၊
ဘယ်သူမှ သုဿာန်ကို သွားလည်း မသွားဘူး၊သွားလဲ မသွားချင်ဘူး
၊ဒါပေမယ့် သွားလဲမသွားဘဲနဲ့ အိမ်ထဲနေရင်း မနေ့ကထက် ဒီကနေ့ သုဿာန်နဲ့
နီးလာပြီ၊ အရင်လထက် ယခုလက သုဿာန်ဘက် နီးလာပြီ၊အရင်နှစ်တုန်းကထက်
ဒီနှစ်သုဿာန်နဲ့ ပိုနီးလာပြီ။ လောကမှာ မသွားဘဲနဲ့ အလိုအလျောက်နီးလာတာက
သုဿာန်၊ သင်္ခါရကြိုးကဆွဲ ဆွဲသွားတော့ အမြဲတမ်းနီးနေတာပဲ။

ခန္ဓာကို မိတ်ဆွေဖွဲ့ရတယ်

ခန္ဓာကြီးကို နေ့စဉ်ကျွေးရသလို ကျွေးရကျိုးနပ်အောင် ခိုင်းရတယ်၊
ခန္ဓာကို မိတ်ဆွေဖွဲ့ရတယ်။ ခန္ဓာက မိတ်ဆွေမဖွဲ့ ရင် အိုပစ်လိုက်ရမလား
နာပစ်လိုက်ရမလား သေပစ်လိုက်ရမလားနဲ့ အမြဲခြိမ်းခြောက်နေတာ။

အိုတာ နာတာ သေတာ ခန္ဓာရဲ့ အလုပ်ပဲ၊ ဒါပေမယ့် ခန္ဓာကို သီလဖြစ်အောင်
သမာဓိပေါ်အောင် ၀ိပဿနာပေါ်လာအောင် ကိုယ်ကကျွေးမယ်
ပြီးတော့ကျွေးရကျိုးနပ်အောင်

ဒါနစွမ်းအားနဲ့ ကျေးဇူးဆပ်ခိုင်း၊
သီလစွမ်းအားနဲ့ ပြန်တောင်း၊
သမာဓိစွမ်းအားနဲ့ ပြန်ထုတ်ခိုင်း၊
ဝိပဿနာစွမ်းအား ရအောင်တောင်းယူ

အဲသလို ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ခန္ဓာကို မိတ်ဆွေဖွဲ့ပြီး စွမ်းအားကို လိမ်မာပါးနပ်စွာယူတယ်။

တိပိဋကဓရ ယောဆရာတော်

Friday, September 18, 2009

ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း

http://www.kannifoundation.org http://tknn.org/ မှာလဲ ဖတ်ရှုနိုင်ပါတယ်၊

ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတို့သည် အမြဲ နိစ္စ ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။

၁။ အိုအိမ်တိုက်တာ (နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။

၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။

၎။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို

အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော

ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက်

သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။

၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့် နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။

၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။

၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။

၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။

၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊

လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅ နှစ်အရွယ်မှာတည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။

၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။

၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ

အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့် လက်ညှိုးမှ နို့ထွက်သည်။

၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူက

အပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။

၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။

၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊

ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွှန်ူသို့ ယူဆောင်သွားကြသည်။

၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)

Thursday, September 17, 2009

ရှင်ဥပဂုတ္တရှင်းတမ်း

အရှင်ကောဝိဒ(ယော)http://myatpanyagon.blogspot.com/မှ မြတ်ပန်းရဂုံစာစောင်တွင် အမေး အဖြေ ကဏ္ဍဖွင့်လှစ်ပြီး ဖြေကြားခဲ့သည်ကို စာဖတ်ပရိသတ်များအား ပြန်လည်မျှဝေပါသည်။


ရှင်ဥပဂုတ္တအကြောင်း

(၂၀၀၈- ခုနှစ်၊ ဧပြီလထုတ် မြတ်ပန်းရဂုံ စာစောင်ပါ မောင်ဇေယျာ (ရန်ကုန်)၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)

မေး။ ။ ရပ်ကွက်ဓမ္မာရုံကဖွင့်သော အလွန်နာမည်ကြီးသော ဆရာတော်ကြီးတစ်ပါး (ပျံလွန်ပြီး)၏ အရှင်ဥပဂုတ္တရဟန္တာဇာတ်တော် ကို နာကြားလိုက်မိသဖြင့် စိတ်ထဲမှာ မရှင်းလင်းသည့် အချက်များကို မေးချင်စိတ်ပေါ်ခဲ့ရပါသည်။

ထိုဆရာတော်ကြီးက အရှင်ဥပဂုတ္တသည် ယခုအထိ သက်ရှိထင်ရှားရှိနေသေးကြောင်း ၊
တောင်သမုဒ္ဒရာမှာ ကြေးပြာသာဒ်ဖြင့် သီတင်းသုံးနေကြောင်း၊ ပိယဒဿီခေါ် ကလေးငယ်အား အရှင်ဥပဂုတ္တအမည်ဖြင့် မာရ်နတ်ကို နှိမ်နင်းမည့်အကြောင်း မြတ်စွာဘုရားကိုယ်တိုင် ဗျာဒိတ်တော် ထားခဲ့ကြောင်း အကျယ်တဝင့် ဟောပါသည်။

သို့သော် ကျွန်တော်ဖတ်ဖူးသော ဓမ္မစာပေများတွင် အရှင်ဥပဂုတ္တ ဆိုသည်မှာ မဟာယာနတို့ ဖန်တီးထားသော ဇာတ်ဝတ္ထုသာဖြစ်ကြောင်းလည်း အကိုးအကားများစွာဖြင့် ပြထားပါသည်။ သို့သော် ပိဋကတ်စာပေတတ်ကျွမ်းသော ရဟန်ပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ကပင် အရှင်ဥပဂုတ္တ တကယ်ရှိကြောင်း ရေးကြပြောကြလေရာ ကျွန်တော်(တို့)မှာ မည်သည်ကို အတည်ယူရမည် မသိတော့ပါ။


ဖြေ။ ။ အရှင်ဥပဂုတ္တ ရှိကြောင်း ရေးသားသောစာပေပညာရှင်တို့၏ ကိုးကားရာ ကျမ်းစာများမှာ မဟာယာနကျမ်းများ ဖြစ်သောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် (ထိုမထေရ် တကယ်ရှိ မရှိ နောက်ထား)ထေရ၀ါဒ သင်္ဂါယနာတင် ပိဋကတ်တော်များ၌ ခိုင်ခိုင်မာမာ မပါရှိဟူသော အချက်ကို ရှေးဦးစွာ သိထားသင့်၏။

မြတ်ဗုဒ္ဓ၏ ဒေသနာတော်ကို လေ့လာရာ၌ ဘုရားရှင်၏ မူရင်းစကားတော်ဖြစ်သော ပါဠိတော်၊ ထိုပါဠိတော်၌ အသိခက်သော အနက်အဓိပ္ပာယ်တို့ကို ဖွင့်ပြသော အဋ္ဌကထာ၊ထိုအဋ္ဌကထာကိုပင် ထပ်ဆင့်ဖွင့်သော ဋီကာဟု အဆင့်ဆင့်ရှိရာ ဋီကာဆရာ၏ မှတ်ချက်သည် ပါဠိတော်၊ အဋ္ဌကထာလောက် မခိုင်မာသည်မှာ ထင်ရှားပါသည်။

အရှင်ဥပဂုတ္တ အကြောင်းအရာသည် ပိဋကတ်စာပေတွင် ၀ဇီရဗုဒ္ဓိဟူသော ၀ိနည်းဋီကာကျမ်းတစ်ဆောင်ထဲ၌သာ တွေ့ရ၏။ (သဒ္ဒါကျမ်းကိုကား စာရင်းမသွင်းတော့ပါ။ တချို့ကား မိလိန္ဒပဉှာကျမ်းတွင် လည်း ပါသည်ဆို၏။ သို့ရာတွင် ဆဋ္ဌမူ၌ သူတို့ထုတ်ပြသော ပါဠိကို မတွေ့ရ။)

အရှင်ဥပဂုတ္တဟူသော ရဟန္တာပုဂ္ဂိုလ်တစ်ပါးရှိခဲ့ မရှိခဲ့ကိစ္စကို မငြင်းလိုပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူထု လက်ခံထားသော အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ယုံကြည်ချက် လက်ခံထားချက်တို့ကိုသာ ပါဠိတော် အဋ္ဌကထာနှင့် ဆန့်ကျင်မှုရှိ မရှိ စီစစ်ကြည့်လိုပါသည်။

(၁) ရှေးဦးစွာ စီစစ်ပြလိုသည်မှာ ”အရှင်ဥပဂုတ္တသည် ယခုတိုင် အသက်ထက်ရှားရှိသေးလျက် တောင်သမုဒ္ဒရာတွင် ကြေးပြာသာဒ်၌ နေတော်မူ၏” ဟူသောအချက် ဖြစ်၏။
”မယှံ ဘိက္ခဝေ ဧတရဟိ အပ္ပကံ အာယုပ္ပမာဏံ ပရိတ္တံ လဟုကံ၊ ယော စီရံ ဇီဝတိ သော ၀ဿသတံ အပ္ပံ ဝါ ဘိယျော။”
”ဒီ။ ၂၊ ၃။သံ။၁၊ ၃၉၈။အံ။၂၊ ၅၀၃-စသည်)

ရဟန်းတို့ ယခုအခါ ငါဘုရား၏ အသက်အတိုင်းအရှည်သည် နည်းပါလှ၏၊ တိုတောင်းလှ၏၊လျှင်မြန်လှ၏၊ အသက်အရှည်ဆုံး သောသူသည် အနှစ်တစ်ရာသော်လည်း၊ အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်း (အသက်ရှင်နေရ၏) (ဒီ။ မြန်။၂၊၁၁)

အပ္ပံ ဝါ ဘိယျောတိ ဝဿသတတော ဝါ ဥပရိ အပ္ပံ အညံ ဝဿသတံ အပတွာ ဝီသံ ဝါ တိံသံ ဝါ စတ္တာလီသံ ဝါ ပဏ္ဏာသံ ဝါ သဋ္ဌိ ဝါ ၀ဿာနိ ဇီဝတိ။ဧဝံ ဒီဃာယုကော ပန အတိဒုလ္လဘော အသုကော ကိရ ဧဝံ စိရံ ဇီဝတိ တတ္ထ တတ္ထ ဂန္တွာ ဒဋ္ဌဗ္ဗော ဟောတိ။ (ဒီ၊ဋ္ဌ။၂၊၆)

အနည်းငယ်ပိုလွန်၍သော်လည်းကောင်း-ဟူသည် အနှစ်တစ်ရာ ထက်အနည်းငယ် ပိုလွန်၍သော်လည်းကောင်းတည်း။ နောက်ထပ် အနှစ်တစ်ရာသို့ မရောက်မူ၍ အနှစ် နှစ်ဆယ်သော်လည်းကောင်း၊ သုံး ဆယ်သော်လည်းကောင်း၊ လေးဆယ်သော်လည်းကောင်း၊ ငါးဆယ် သော်လည်းကောင်း၊ ခြောက်ဆယ်သော်လည်းကောင်း အသက်ရှင် တတ်၏။ သို့ရာတွင် `ဤသို့ အသက်ရှည်သူကား ရှားလှ၏။`ဤ သူသည် ဤမျှ ကြာမြင့်စွာ အသက်ရှင်သတတ်`ဟု ထိုထိုအရပ်သို့ (အထူးအဆန်းသဖွယ်) သွားရောက် ကြည့်ထိုက်၏။ ”

အထက်ပါ ပါဠိတော်အဋ္ဌကထာနှင့် မြန်မာပြန်ဆိုချက်များကို ထောက်ဆ၍ အရှင်ဥပဂုတ္တနှင့် ပတ်သက်သော ခံယူချက်ကို လက်ခံ လျှင် ဘုရားရှင် စကားကို လက်မခံရာရောက်၏။ ထေရ၀ါဒ ပိဋကတ်က မည်သူမဆို အသက်တစ်ရာတမ်းတွင် အသက်နှစ်ရာ ထက် မကျော်နိုင်ဟုဆို၏။ အရှင်ဥပဂုတ် လက်ခံသူတို့ကား နောင်ဘုရားပွင့်သည်အထိ အသက်ရှည်မည့်ပုဂ္ဂိုလ်အဖြစ်ယူဆကြ၏။ ဤကား ပထမကွဲလွဲချက်တည်း။

(၂) အချို့ကလည်း `ရဟန်းတို့ မကြံသင့်သော ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်၊ ယင်း(ဈာန်အရာ)ကို ကြံသူသည် ရူးသွပ်ရန် ဆင်းရဲပင်းပန်းရန်သာဖြစ်၏။“ (အင်၊ မြန်။ ၄၊ ၁၀၃)ဟူသော ပါဠိတော်ကို ထောက်ဆ၍ တန်ခိုးအရာ မကြံသာသည်မဟုတ်ပါလော- ဟု မေးလိုကြပေလိမ့်မည်။

တန်ခိုးအရာ မကြံသာသည်မှာ မှန်ပါသည်။ သို့သော်လည်း တန်ခိုးသည် တန်ခိုးအရာ၌သာ စွမ်းနိုင်ပါသည်။ မျက်စိမည်မျှပင် ကောင်းကောင်း အသံကို မမြင်နိုင်ပါ။ နားမည်မျှပင်ကောင်းကောင်း အနံ့ကို မရှုနိုင်ပါ။ အလားတူပင် တန်ခိုးမည်မျှပင်ကြီးကြီး “ပျက်တတ်သော သဘောကို မပျက်အောင် မတားနိုင်ပါ၊ သေတတ်သော သဘောကို မသေအောင် မစွမ်းဆောင်နိုင်ပါ။”

အောက်ပါစကားရပ်မှာ မဟာပရိနိဗ္ဗာနသုတ်လာ ဘုရားရှင် မိန့်တော်မူချက်ဖြစ်၏။
“အာနန္ဒာ၊ မြတ်စွာဘုရားသည်ကား ပြီးစီးခြင်း၏အခြေခံ ဣဒ္ဓိပါဒ် တရားလေးပါးတို့ကို ပွားများထားပြီး ဖြစ်၏။ လေ့ကျင့်ထားပြီးဖြစ်၏။ တည်ရာကဲ့သို့ ပြုထားပြီးဖြစ်၏။ ဆောက်တည်ထားပြီးဖြစ်၏။ ကောင်းစွာဆည်းပူးထားပြီး ဖြစ်၏။ ကောင်းစွာအားထုတ်ထားပြီး ဖြစ်၏။

အာနန္ဒာ- သို့ဖြစ်၍ မြတ်စွာဘုရားသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံးဖြစ်စေ၊ အာယုကပ်ထက် လွန်၍ဖြစ်စေ တည်နိုင်ပေ၏”ဟု (မိန့်တော်မူ၏)။” (ဒီ၊မြန်၊၂။၁၁၁)
ယင်းသုတ်အဋ္ဌကထာတွင် “ဧတ္ထ စ ကပ္ပန္တိ အာယုကပ္ပံ။ တသ္မိံ တသ္မိံ ကာလေ ယံ မနုဿာနံ အာယုပ္ပမာဏံ ဟောတိ၊ တံ ပရိပုဏ္ဏံ ကရောန္တော တိဋ္ဌေယျ၊ ကပ္ပါဝသေသံ ဝါ တိ -“အပ္ပံ ဝါ ဘိယျော” တိ ဝုတ္တဝဿသတတော အတိရေကံ ဝါ။” (ဒီ၊ဋ္ဌ၊ ၂။၁၄၄)ဟု ဖွင့်ဆိုထား၏။

ဆိုလိုရင်းမှာ ဣဒ္ဓိပါဒ်လေးပါး ပွါးများထားသူသည် ကပ်ပတ်လုံးဖြစ်စေ ကပ်ထက်လွန်၍ဖြစ်စေ တည်နိုင်ပေ၏-ဟူရာ၌ ကပ္ပ=ကပ်ဟူသော စကားအရ မဟာကပ်၊ ကပ်ကမ္ဘာစသည်ကို မယူရ၊ လူတို့၏ အသက်တမ်းဟူသော အာယုကပ်ကို ယူရမည်ဟု ဆိုလို၏။

အာယုကပ်ထက်လွန်၍ တည်နိုင်သည်ဟူရာ၌လည်း အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်ကာ နေနိုင်၏။ အနှစ်နှစ်ရာတိုင် အောင် မည်သူမျှ မနေနိုင်။ ဤသို့လျှင် ဘုရားရှင်သော်မှ အသက်နှစ်ရာကျော်အောင် မနေနိုင်ဘဲ ပရိနိဗ္ဗာန် ဝင်စံခဲ့ရပါလျက် အရှင်ဥပဂုတ္တက နေနိုင်သည်ဟု လက်ခံလျှင် အရှင်ဥပဂုတ္တသည် ဘုရားရှင်ထက် တန်ခိုးကြီး၏ဟု ယူဆရပေတော့မည်။

(၃) နောက်တစ်ချက် စိစစ်လိုသည်မှာ အရှင်ဥပဂုတ္တ တန်ခိုးပြသည့် ကိစ္စဖြစ်၏။
“န ဘိက္ခဝေ ဂိဟီနံ ဥတ္တရိမနုဿဓမ္မံ ဣဒ္ဓိပါဋိဟာရိယံ ဒေဿတဗ္ဗံ၊ ယော ဒေဿယျ၊ အာပတ္တိ ဒုက္ကဋဿ။” (ဝိ၊၄၊၂၄၇)
“ရဟန်းတို့၊ လူတို့၏ ကုသိုလ်ကမ္မပထ တရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို လူတို့အား မပြအပ်၊ ပြသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။” (ဝိ၊မြန်၊ ၄၊ ၂၇၈)
ဤကား ဘုရားရှင် ပညတ်တော်မူချက် ဖြစ်၏။

ယင်းအဋ္ဌကထာတွင် “ဣဒ္ဓပါဋိဟာရိယန္တိ ဧတ္ထ ဝိကုဗ္ဗနိဒ္ဓိပါဋိဟာရိယံ ပဋိက္ခိတ္တံ၊ အဓိဋ္ဌာနိဒ္ဓိ ပန အပဋိက္ခိတ္တာတိ ဝေဒိတဗ္ဗာ။” (ဝိ၊ဋ္ဌ၊၄၊ ၄၆) “တန်ခိုးပြာဋိဟာ -ဟူသော စကားရပ်၌ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးပြာဋိဟာကိုသာ ပယ်မြစ်ခြင်းဖြစ်၏။ အဓိဋ္ဌာန် တန်ခိုး ပြာဋိဟာကိုကား မပယ်မြစ်အပ်ဟု မှတ်အပ်၏။” ဟု ဖွင့်ပြထားပါသည်။

သို့ဆိုလျှင် ဘုရားရှင် ပယ်မြစ်တော်မူအပ်သော ဝိကုဗ္ဗနိဒ္ဓိ တန်ခိုး ပြာဋိဟာဟူသည် အဘယ်နည်း။
“သာ ဟိ `ပကတိဝဏ္ဏံ ဝိဇဟိတွာ ကုမာရကဝဏ္ဏံ ဝါ ဒေဿတိ နာဂဝဏ္ဏံ ဝါ၊ ဝိဝိဓမ္ပိ သေနာဗျူဟံ ဒေဿတီတိ” ဧဝံ အာဂတာ ဣဒ္ဓိ ပကတိဝဏ္ဏဝိဇဟနဝိကာရဝသေန ပဝတ္တတ္တာ ဝိကုဗ္ဗနိဒ္ဓိ နာမ။” (သာရတ္ထ၊၁။၁၃၉)ဟူသော ဋီကာအဖွင့်အရ ဝိကုဗ္ဗနိဒ္ဓိဟူသည် -တန်ခိုးရှင်သည် မိမိ၏ ပင်ကိုယ်အဆင်းကို စွန့်၍ မင်းသားသဏ္ဌာန်၊ နဂါးသဏ္ဌာန်ဖြစ်အောင် စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာ မျိုး၊ အထူးထူး အပြားပြားသော စစ်ဆင်ဟန် စသည်ကို စီမံပြုလုပ်ကြောင်းဖြစ်သော တန်ခိုးပြာဋိဟာမျိုးတည်း။”

ပင်ကိုယ်အဆင်းကို မစွန့်ဘဲ မိမိကိုယ်ကိုပင် အဆင်းအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရေအတွက်အများအပြားဖြစ်အောင် အဓိဋ္ဌာန်ကြောင်းဖြစ်သော အဓိဋ္ဌာနိဒ္ဓိကိုကား ပြကောင်း၏။
သို့ရာတွင် “မာရ်နတ်သားလည်း မိမိလွှတ်သော လက်နက်မရောက်သည်ကို မြင်လျှင် အမျက်ထွက်၍ ကြီးစွာသော နွားဥသဘအဟန် ဖန်ဆင်း၍ မီးကို ငြိမ်းစေခြင်းငှါ ပြေးလာ၏။ ရှင်ဥပဂုတ်လည်း ကျားအဟန် ဖန်ဆင်း၍ ကြောက်မက်ဖွယ်သော အသံကိုမြည်လျက် လိုက်၏။ လူအပေါင်းတို့လည်း ကြည့်ကြကုန်၏။

မာရ်နတ်သားလည်း နွားဥသဘအဖြစ်ကို စွန့်၍ ဦးခေါင်းခုနစ်လုံး ရှိသော နဂါးအဟန်ကို ဖန်ဆင်း၍ ကျားကို ကိုက်အံ့သောငှါ လိုက်၏။ ရှင်ဥပဂုတ်လည်း ကျားအသွင်ကို စွန့်၍ ဂဠုန်အဟန် ဖန်ဆင်းပြီး ဖမ်းလေ၏။” (ဇိနတ္ထ၊ ၇၉၃) စသည်ကို ထောက်ဆ၍ အရှင်ဥပဂုတ္တ၏ တန်ခိုးပြမှုမှာ ဝိကုဗ္ဗနိဒ္ဓိ တန်ခိုးဖြစ်ကြောင်း ထင်ရှား၏။

“အရိယာပုဂ္ဂိုလ်ဖြစ်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ ဟူသော ပုဂ္ဂိုလ်နှစ်ယောက်တို့သည် စေတနာရှိသည်ဖြစ်၍ အာပတ်သို့ ရောက်ခြင်းငှါ မထိုက်ကုန်။” (ဝိ၊မြန်၊၅။ ၃၂၉) ဟူသော ပါဠိတော်စကားအရ အရှင်ဥပဂုတ္တသည် အရိယာပုဂ္ဂိုလ်သာမှန်လျှင် အာပတ်သင့်မှန်းသိလျက် ကျူးလွန်မည်မဟုတ်ပါ။

ဤသို့လျှင် အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိသည် ထေရဝါဒပိဋကတ် နှင့် ဆန့်ကျင်သော အရာများစွာရှိသောကြောင့် ဆရာအများက တကယ်မရှိဘဲ လုပ်ကြံဖန်တီးထားသော ဇာတ်ကောင်အဖြစ် မှတ်ယူကြပါသည်။
(၄) “ဧတ္ထာဟ - ကိံ ဘဂဝတော မာရာဝဋ္ဋနပဋိဃာတာယ သတ္တိ နတ္ထီတိ ? အတ္ထိ။ တထာပိဿ ပစ္ဆာ ဥပဂုတ္တကာလေ ပသာဒဟေတုတ္တာ အဓိဝါသေတိ။” (ဝဇီရ၊ ၆၃)

အထက်ပါ ပါဠိသည် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်ဖြစ်၏။ မြတ်စွာဘုရားရှင် ဝေရဉ္စာပြည်တွင် ဝါဆိုခိုက် မာရ်နတ်၏ လှည့်ပတ်မှု ကြောင့် တစ်ဝါတွင်လုံး မြင်းကုန်သည်တို့၏ မြင်းဝိုင်းတို့၌ ဆွမ်းခံကာ မြင်းစာဖြစ်သော မုယောဆန်တို့ကို ထောင်းကာ ဘုဉ်းပေးကြရသည်ကို အများသိပြီးဖြစ်၏။

အဋ္ဌကထာတွင် ဘုရားရှင်သည် ဝေရဉ္စာပြည်၌ ဝါကပ်တော်မူရန် ပင့်ဖိတ်ထားသော ဝေရဉ္စသူဋ္ဌေးကြီးနှင့် ဝေရဉ္စပြည်သူတို့ မာရ်နတ်လှည့်ပတ်သဖြင့် ဆွမ်းလောင်းဖို့ မေ့လျော့ကြမည်ကို သိပါလျက် မြင်းကုန်သည်တို့အား ချီးမြှောက်တော်မူလို၍ ဝေရဉ္စာပြည် ၌ပင် ဝါကပ်တော်မူခဲ့ကြောင်း -စသည်ဖြင့် အချက်အလက်များစွာကို ဖွင့်ပြထား၏။

သို့ရာတွင် မာရ်နတ်လှည့်ပတ်ခြင်းကို ဘုရားရှင် တားနိုင်/မတားနိုင် ပြဆိုဆွေးနွေးထားခြင်း မရှိ။ ဝဇီရဗုဒ္ဓိဋီကာတွင်သာ အထက်၌ ထုတ်ပြထားသော ပါဠိအတိုင်း အမေးအဖြေပုံစံဖြင့် ဖွင့်ပြထား၏။
ထိုပါဠိရပ်၏ အဓိပ္ပါယ်မှာ “ဘုရားရှင်အား မာရ်နတ်လှည့်ပတ်ခြင်း ကို တားမြတ်နိုင်သော အစွမ်းသတ္တိ မရှိသလော? ရှိပါ၏။ ထိုသို့ရှိသော် လည်း နောင်အခါ အရှင်ဥပဂုတ္တလက်ထက်၌ ထိုမာရ်နတ်၏ ကြည်ညိုခြင်း၏ အကြောင်းဖြစ်သောကြောင့် သည်းခံတော်မူ၏။” ဟု ဖြစ်၏။

ထိုစကားရပ်သည် အဋ္ဌကထာ၌ မပါသလို ဝဇီရဗုဒ္ဓိဋီကာ၏ နောက်မှရေးသော အလားတူ ဝိနည်းအဋ္ဌကထာဖွင့် ဋီကာကြီးနှစ်စောင် ဖြစ်သော သာရတ္ထဒီပနီဋီကာနှင့် ဝိမတိဝိနောဒနီ ဋီကာတို့တွင်လည်း အရိပ်အမြွက်မျှပင် ထောက်ခံရေးသားမှုကို မတွေ့ရခြင်း၊ ဘုရားရှင်သည် ဝါတွင်းသုံးလပတ်လုံး မုယောဆွမ်းကို ဘုဉ်းပေးရခြင်းမှာ ဝိပါက်တော်ကြောင့် ဖြစ်၏။

မည်သူမျှတားမရသော ကံအကျိုးကို ဘုရားရှင်ရှောင်လွှဲတော်မူလေ့မရှိခြင်း၊ မာရ်နတ်ကိုလည်း သည်းညည်းမခံ တုန့်ပြန် တားမြစ်လေ့မရှိခြင်း စသောအကြောင်းများ ကြောင့် ဝဇီရဗုဒ္ဓိဋီကာလာ စကားရပ်သည် အားနည်းနေသည်ကို တွေ့ရ၏။ ထို့ကြောင့် ဆရာအများက ပမာဏမြောက်သော အကိုးအကားအဖြစ် မမှတ်ယူကြခြင်း ဖြစ်ပေမည်။



မေး။ ။ (၂) ကျွန်တော့်မိတ်ဆွေတစ်ယောက်ကမူ ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်သူ ဖြစ်နေရာ “တကယ်ရှိရှိ မရှိရှိ ကိုယ်စိတ်ထဲမှာ ရဟန္တာအနေနဲ့ ကြည်ညိုကိုးကွယ်တာပဲ အကျိုးရှိပါတယ်” ဟု ချေပပါ သည်။
ထို့ကြောင့် အမှန်တရားတစ်ခုကို ကိုင်စွဲလိုပါသောကြောင့် စာပေ ပညာရှင်များက ဉာဏ်အလင်းပြပေးတော်မူကြပါရန်။


ဖြေ။ ။ (၂) အရှင်ဥပဂုတ္တ တကယ်ရှိရှိ မရှိရှိ ကိုယ့်စိတ်ထဲတွင် ရဟန္တာအမှတ်ဖြင့် ကြည်ညိုကိုးကွယ်နိုင်လျှင် အကျိုးရှိသည် မှန်ပါသည်။ ရဟန္တာဟု အမှတ်ရှိပါလျက် မိုးတားပေးဖို့ အစောင့်ချသလို ဆက်ဆံလျှင်လည်း အပြစ်ဖြစ်နိုင်ပါသည်။


ဤတွင် ထေရဝါဒကိုးကွယ်မှု အရိုအသေပေးမှု အစဉ်အလာ တစ်ခုကို ဖော်ပြလိုပါသည်။ မိမိတို့စိတ်တွင် ကြည်ညိုစိတ်ဖြစ်ကာ အရိုအသေပေးရာ အလေးအမြတ်ပြုရာတွင် သီလ-သမာဓိ-ပညာစသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။ မိမိအပေါ် ကျေးဇူးများမှုဟူသော ဂုဏ်ကို အာရုံပြုရသည်လည်း ရှိ၏။

ဥပမာ-ဘုရားရှင်နှင့် သာဝကများရှိရာတွင် ဘုရားရှင်ကိုသာ အရိုအသေပြုရ၏။ အခြားသာဝကများအား ဘုရားရှင်နှင့် ထပ်တူမပြုရ။ ဘုရင်ကြွလာလျှင်လည်း ဘုရားရှင်ကို ကျောပေးကာ ဘုရင်ကို အရိုအသေမပြုရ။
“မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးသော် သင့်၍ ထင်ရှားရှိတော်မူ စဉ် မသင့်သောအာပတ်သည် ရှိ၏။”ဟု ပရိဝါပါဠိတော်တွင် လာရှိ၏။

အဘယ်ကြောင့် အဘယ်အာပတ်သင့်သနည်းဟူမူ မိမိထက် ဝါကြီးသော ရဟန်းကို ဘန္တေ= (အရှင်ဘုရား)ဟု ခေါ်ရမည့်အစား အာဝုသော= (ငါ့ရှင်)ဟု အငယ်ကို ခေါ်သည့် အာလုပ်ပုဒ်ဖြင့် ခေါ်ခြင်းကြောင့် ဒုက္ကဋ်အာပတ် သင့်ခြင်းဖြစ်၏။ သို့ရာတွင် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကမူ မိမိထက် မည်မျှပင် ဝါကြီးစေကာမူ ဘန္တေ-ဟု မခေါ်ရ။ အာဝုသော-ဟုပင် ခေါ်ရ၏။ ဘုရားရှင်ကိုလည်း ဘန္တေ၊ ရဟန်းအချင်းချင်းလည်း ဘန္တေ-ဟု ခေါ်လျှင် ဘုရားရှင်နှင့် ရဟန်းများကို တန်းတူထားရာရောက်၏။

သီလ သမာဓိ ပညာစသော ဂုဏ်ရည်အားဖြင့် များစွာမကွာခြားသော ပုဂ္ဂိုလ်အများကို ဆည်းကပ်ရာ အရိုအသေ ပေးရာ၌ကား အသက်သိက္ခာကြီးသူကို ရှေးဦးစွာ ဆည်းကပ်ရ၊ အရိုအသေပေးရ၏။ ထိုပုဂ္ဂိုလ်အပေါင်းတွင် မိမိအား အထူးကျေးဇူးများ သော ပုဂ္ဂိုလ်ကို အထူးဆည်းကပ်မှု ၊ အထူးအရိုအသေပေးမှု ပြုနိုင်၏။ အခြားပုဂ္ဂိုလ်များအား မထီလေးစား ပြုရာမရောက်။


အိမ်တစ်အိမ်တွင် အသက်သိက္ခာကြီးမားသော ဒေါ်ကြီး ဒေါ်လေးများ ရှိသော်လည်း မိမိအပေါ် အထူးကျေးဇူးများသော မိခင်ကိုသာ (အဒေါ်ကိုကျော်၍) အထူးဆည်းကပ်မှု အထူးအရိုအသေ ပေးမှု ပြုနိုင်၏။ ဂုဏ်သိက္ခာချင်းတူပါလျက် မိခင်ကိုကျော်၍ အဒေါ်ကိုသာ (တစ်ခုခု ပေးလိမ့်မည်အထင်ဖြင့်) ကပ်ဖားသမှု အထူးအရိုအသေပြုနေလျှင်ကား မိခင်ကို စော်ကားရာ အလေးမထားရာ ရောက်၏။

သီလ-သမာဓိ-ပညာ စသောဂုဏ်ဖြင့်ပင်ယှဉ်ယှဉ်၊ မိမိတို့အပေါ် (သာသနာတော်အပေါ်) ကျေးဇူးများသည့်ဂုဏ်ဖြင့်ပင် ယှဉ်ယှဉ် အရှင်ဥပဂုတ္တသည် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် စသော ပုဂ္ဂိုလ်များထက် မသာလွန်ပါ။ ဤသို့ မသာပါသည်ကို သာသည်ဆိုပြီး ပိုမိုကာ အလေးအမြတ်ထားပါလျှင် “အမေကိုကျော်ကာ ဒွေးတော် လွမ်းခြင်း” သာ ဖြစ်ပါလိမ့်မည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် စသည်တို့ကို စော်ကားရာ အလေးမထားရာ ရောက်ပါလိမ့်မည်။

ရုပ်တု ရုပ်ပွား ထုလုပ်ကိုးကွယ်သူတို့၏ မူလရည်ရွယ်ချက်မှာ ရုပ်ပွားတော်ရှေ့တွင်ထိုင်၍ ထိုရုပ်ပွားရှင်၏ ဂုဏ်ကို လွယ်ကူလျင်မြန်စွာ အာရုံပြုနိုင်ဖို့သာ ဖြစ်ပါသည်။ တနည်းအားဖြင့် မိမိတို့သန္တာန်တွင် သဒ္ဓါ-သတိစသော တရားကောင်းများ အလွယ်တကူ ဖြစ်ပွားနိုင်ဖို့သာ ဖြစ်ပါသည်။

ထိုသဒ္ဓါ၊ သတိ-စသော ကုသိုလ်တရားကောင်းများ မိမိတို့ သန္တာန်၌ ဖြစ်ပွားအားကောင်းလာသောအခါ ထိုကုသိုလ်တရားကောင်း တို့၏ စွမ်းအင်ကြောင့် အကျိုးပေးရန် အလှည့်စောင့်နေသော အကုသိုလ်ကံတို့ မှေးမှိန်၍ ကုသိုလ်ကံတို့ အကျိုးပေးခွင့်သာသဖြင့် ကောင်းကျိုးဖြစ်ပွားတတ်သည်လည်း ရှိ၏။ ထိုသူတော်ကောင်းကို နတ်ကောင်းတို့ စောင်မသည့်အခါလည်း ရှိ၏။

သို့ရာတွင် ထိုပုဂ္ဂိုလ်သည် ထိုသဘောတရားတို့ကို မသိမမြင်နိုင်ရကား မိမိကိုးကွယ်သော ရုပ်ပွားက မိမိကို စောင်မကယ်တင်သည်ဟု ထင်လာ၏။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အကြောင်းပြု၍ ရုပ်တုထုစရာ အရာဝတ္ထုသည် အမျိုးမျိုးအစားစား ကွဲပြားလာ၏။ ယင်း၏ ဂုဏ်သတ္တိလည်း ထူးခြားလာ၏။ တဖန် ရုပ်တု၏ ပုံသဏ္ဌာန်လည်း ကွဲပြားလာပြန်၏။ ဘုရားရှင်ကို ဆင်စီးစေ၏။ မြင်းစီးစေ၏။ မကိုဋ် စလွယ်တပ်ပေး၏။

ရတနာမျိုးစုံ စီခြယ်ပေး၏။ ပုံသဏ္ဌာန် အမျိုးမျိုးအလိုက် တန်ခိုးစွမ်းရည် အမျိုးမျိုး ကွဲပြားကြောင်း လုပ်ကြံဖန်တီးကြ၏။
ဤသို့ဖြင့် ကိုးကွယ်ဆည်းကပ်ရာတွင် အကျိုးရမှုသည် ကိုးကွယ်ဆည်းကပ်သူ၏ အဇ္ဈတ္တသန္တာန်၌ဖြစ်သော သဒ္ဓါ၊ သတိစသော ကုသိုလ်တရားတို့နှင့် မဆိုင်တော့ပဲ ဗဟိဒ္ဓသန္တာန်၌ရှိ သော အကိုးကွယ်ခံ ရုပ်တုပုံသဏ္ဌာန်နှင့် ဆိုင်လာ၏။

ဤသို့ဖြင့် ကောင်းနိုးရာရာ လက်ခံကိုးကွယ်လာခဲ့ကြရာ အပြစ်မဆိုသာသော ရှင်သီဝလိ၊ ရှင်ဥပဂုတ်တို့မှ အစပြု၍ သူရဿတီ နှင့် ကာဠီမယ်တော်လည်း ရောက်လာခဲ့၏။ ယခုအခါ ဥတည်ပွားနှင့် ကွမ်ယင်မယ်တော်လည်း ရောက်လာခဲ့ပြီဖြစ်၏။

ဤသို့ဖြင့် “သိပ်အရေးမကြီးပါဘူး၊ စာတတ်ပေတတ် ဆရာတော် ကြီးတွေတောင်မှ ဘာမှမပြောပဲ ကိုယ်ကရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူး” စသည်ဖြင့် လျစ်လျူရှုတတ်ကြရာ မကြာမီ ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစင်တွင် ရှီဝ၏ လိင်ရုပ်ကိုပါ ဖူးတွေ့ရတော့ မည်ဖြစ်သည်။

အရှင်ကောဝိဒ (ယော)

Tuesday, September 15, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၅)


ပန်ဆင်သင့်တဲ့ ပန်းပွင့်လေးများ အကြောင်းကို ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တာ အပိုင်းလေးပိုင်း ပြီးခဲ့ပါပြီ၊ တနည်းပြောရရင်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ် သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ ဆိုတဲ့ ကျင့်စဉ်တွေကို မိမိကိုယ်တိုင် အသိရှင်းရှင်း လက်တွေ့သွားနိုင်ဖို့နဲ့ စာရှုသူတွေကိုလဲ သိသမျှလေး ဖြန့်ဝေချင်လို့ ဖတ်မိသမျှနဲ့ လက်တွေ့ဘ၀ ပေါင်းစပ်ပြီး ဖော်ပြခြင်းမျှလည်း ဖြစ်ပါတယ်၊

မိမိတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အမြတ်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပါ၊ ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ကျင့်ကြံရမယ့် ကျင့်စဉ်တွေက သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးပါး ကျင့်စဉ်တွေဆိုတာ အားလုံးလည်း နားလည်ပြီးသား၊ ဒါပေမယ့် အဲဒီကျင့်စဉ်တွေကို ဘယ်လို ကျင့်ရမယ်ဆိုတာ မိမိနားလည်သလို ပြန်လည်ပြောပြချင်လို့ ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီတွေ ဖြစ်လာခဲ့တာ၊

ရှေ့မှာ အပိုင်းလေးအထိ ဖော်ပြခဲ့တာတွေက သီလပန်းတစ်ပွင့်နဲ့ သမာဓိပန်းတစ်ပွင့်ရဲ့ အကြောင်းတွေပါ၊ အခု ကျန်နေတဲ့ ပညာပန်းတစ်ပွင့် သို့မဟုတ် ပညာသိက္ခာအကြောင်းကို သိသလောက်လေး တင်ပြပါရစေ၊

ကျင့်စဉ်ပိုင်းမှာ ပြောနေတဲ့ ပညာဆိုတာ.. ၀ိပဿနာပညာ သို့မဟုတ် ထိုးထွင်းသိပညာကို ရည်ရွယ်တာပါ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ရဲ့ ကျင့်စဉ်ပိုင်းတွေကို ကျင့်တဲ့နေရာမှာလည်း အလွဲအလွဲ အချော်ချော်ဖြစ်မှုတွေ အုတ်ရောရော ကျောက်ရောရော ဖြစ်မှုတွေ ပရိယတ်သမားနဲ့ ပဋိပတ်သမားတို့ရဲ့ ငြင်းခုံမှုတွေကြောင့် စာပေအသိနည်းသူအချို့ ယောင်ဝါးဝါး ဖြစ်ရပြန်တယ်၊ စာတွေ့မပြောနဲ့ လက်တွေ့ပဲပြော ဆိုတဲ့ ပဋိပတ် လ္ဘက်ရည်ကြမ်းဝိုင်း စကားတွေ.. ပေါဋ္ဌိလမထေရ်ကြီးတို့ အရှင်နာဂတို့ စာခံလို့ တရားထူး မရတာဆိုတဲ့ စကားတွေကလည်း သာသနာကို အမှန်တကယ် စောင့်ရှောက်နေတဲ့ ပရိယတ် သံဃာတော်များကို သနားသလိုလို ဖြစ်နေကြပြန်တယ်၊

တကယ်တော့ အသိကော အကျင့်ပါ လက်တွေ့တွဲပြီး သွားနိုင်ရင် အကောင်းဆုံးပါပဲ၊ တခါတရံ နိဗ္ဗေဓိကပညာ ခေါ်တဲ့ ထိုးထွင်းသိ ကျင့်ကြံသိမပါတဲ့ အပေါ်ယံစာသမား တချို့က တရားထူးဆိုတာ ဒီနေ့ခေတ်မှာ မရနိုင်တော့ဘူးလို့ လုပ်လာပြန်တယ်.. ဘုရားရှင် သုဘဒ္ဒရဟန်းကို ဟောခဲ့တဲ့ ဒေသနာတော်ကို မေ့နေကြတယ် ထင်ပါတယ်..

ဘုရားရှင်က.. တရားစစ် တရားမှန်များ တည်ရှိ၍ ကျင့်ကြံညွှန်ပြသူများ ရှိနေသမျှ ခေတ်၊ နှစ်၊ အကန့်အသတ်မရှိ အချိန်အခါမရွေး ဖြစ်နိုင် အရာမရွေးဖြစ်နိုင်တယ် (မဟာပရိနိဗ္ဗာနသုတ်) ဆိုတဲ့ စကားက အလွန်ရိုးရှင်းစွာ သိနိုင်ပါတယ်၊ တစ်ဖက်မှာ သတိထားကြည့်ပြန်ရင်လည်း.. တရားထူးရ ပုဂ္ဂိုလ်ကြီး ဆိုပြီး ဆိုင်းဘုတ်တင်ကာ ပဋိပတ်မာန်ထောင်ပြ နေပြန်တယ်..

ဟန်ချက်ညီတဲ့ အရေးအသား အဟောအပြော ကျင့်ကြံမှုများနဲ့ တရားထူး သိဖို့အရေးမှာ ဆရာအစစ် အမှန်ကို ရှာဖွေနိုင်ဖို့ အရေးကြီးတယ် (ယထာဘူတံ ဥာဏာယ သတ္ထာ ပရိယေသိတဗ္ဗော)

မိမိဂုဏ်သိက္ခာ နာမည်ကျော်ကြားလိုမှုကြောင့် အမှားကို အမှန်ဖြစ် အမှန်ကို အမှားဖြစ်အောင် ဟောပြော ဖြန့်ဝေ လုပ်ကြံနေတဲ့ ၀ါဒတွေကို သတိထားနိုင်ဖို့လဲ လိုအပ်တယ်. ဆရာအစစ် အမှန်အရေးကြီးသလို မိတ်ကောင်းဆွေကောင်းဟာလဲ သီလ သမာဓိ ပညာကျင့်စဉ်ကို ကျင့်တဲ့နေရာမှာ ရာနှုံးပြည့် အင်အားဖြစ်တယ် ဆိုတာကို မမေ့သင့် (သကလမေ၀ ဟိဒံ… ယဒိဒံ ကလျာဏမိတ္တတာ)။

ပညာသိက္ခာကို ဖြည့်ကျင့်နိုင်ဖို့ သီလသိက္ခာ-ကိုယ်ကျင့်တရား ကျင့်စဉ်နဲ့ သမာဓိသိက္ခာ. စိတ်စွမ်းရည်မြှင့်တဲ့ကျင့်စဉ်တွေကို အစဉ်အတိုင်း ကျင့်ယူရမယ်၊ သီလကို အခြေပြုပြီးကျင့်တဲ့ အကျင့်မှလဲ ရုပ်နာမ် တရားအပေါ်မှာ ထိုးထွင်းသိတဲ့ ပညာကို ရနိုင်မှာပါ၊ မဟာသတိပဋ္ဌာန သုတ်မှာ ဘုရားရှင် ရဲရဲတောက် ၀န်ခံခဲ့တာက..

၁။ သတ္တ၀ါတို့ရဲ့ စိတ်စင်ကြယ်ဖို့
၂။ ၀မ်းနည်းခြင်း ပူဆွေးခြင်း စိုးရိမ်ခြင်း ကြောင့်ကြနေရခြင်းတွေကို ကျော်လွှားနိုင်ဖို့
၃။ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတွေ အပြီးသတ် ချုပ်ငြိမ်းသွားဖို့
၎။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ထိုးထွင်းသိဖို့
၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့… တစ်ခုတည်းသော လမ်းက သတိပဋ္ဌာန်တရား ရှုမှတ်ပွားများခြင်းပါ-လို့ တိတိကျကျ မိန့်တော်မူခဲ့တာမို့ ယုံကြည်စွာ ကျင့်ကြံအားထုတ်ရင် သေချာတဲ့ အကျိုးတရားတွေ ရောက်လာပါလိမ့်မယ်၊ လောကီ အကျိုးစီးပွား ဆိုတာကတော့ ပြောစရာ မလိုလောက်အောင် ဖြစ်လာမှာပါ။

ဘုရားရှင်ဟောပြတဲ့ သတိပဋ္ဌာန်တရား လေးပါးဆိုတာ..

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်- အဲဒီအပိုင်းမှာ ၀င်လေ ထွက်လေကို ရှုမှတ်မှု၊ သွားရင် သွားတယ် စားရင် စားတယ်လို့ရှုမှတ်မှု၊ သတိသမ္ပဇဉ်နဲ့ ဆင်ခြင်ပိုင်းခြားမှု၊ မိမိရဲ့ ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်းတွေကို စက်ဆုပ်ဖွယ်ရာ အဖြစ်ရှုမှတ်မှု ၊ မာမှု ပျော့မှု အေးမှု ပူမှုစတဲ့ ဓာတ်သဘောတွေကို နှလုံးသွင်းပိုင်းခြားမှု အသုဘကိုးမျိုးကို ဆင်ခြင်းပိုင်းခြားမှု ဆိုပြိး ပညာသိက္ခာဖြည့်ကျင့်မှုအတွက် နည်းလမ်းတွေ အမြောက်အများ ပါဝင်ပါတယ်၊ (အသေးစိတ် ကျင့်စဉ်တွေကိုတော့ ဆိုင်ရာစာအုပ်များမှာသာ ဆက်လက် လေ့လာစေလိုပါတယ်)။

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်-ကိုယ့်ရဲ့ Feeling- ကို အစပြုပြီး ဆင်းရဲခြင်း ချမ်းသာခြင်း စတဲ့သဘောတရား၊ ဒီသဘောတရား ဝေဒနာနဲ့တွဲပြီးဖြစ်ပေါ်တဲ့ ရုပ်နာမ်တွေကို မြင်အောင် ရှုရပါမယ်။

၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်- လိုချင်မှုဖြစ်ရင် ငါလိုချင်မှုဖြစ်နေတယ်..ဒေါသဖြစ်ရင် ငါဒေါသဖြစ်နေတယ် စသည်ဖြင့် သိအောင်ရှုမှတ်ရပါမယ်.

၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်- ရုပ်နာမ်တရားတို့ရဲ့ ဖြစ်ခြင်း အကြောင်းကို သိမ်းဆည်းပြီး အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာကို ရှုမှတ်ရမှာပါ။

ဒီသတိပဋ္ဌာန်တရား လေးပါးကို အနှစ်ချုပ် ရှုမှတ်နိုင်တာက ခန္ဓာငါးပါးကို အနိစ္စ-မမြဲ၊ ဒုက္ခ-ဆင်းရဲ၊ အနတ္တ- အစိုးမရ ဒီလိုရှုမှတ်ရင် သတိပဋ္ဌာန်တရား လေးပါးလုံး အကျုံးဝင်သွားတယ်လို့ မှတ်ယူနိုင်တယ်။ (ကာယ- ရူပက္ခန္ဓာ။ ဝေဒနာ- ဝေဒနာက္ခန္ဓာ။ စိတ္တ-၀ိညာဏက္ခန္ဓာ၊ ဓမ္မ- သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ- လို့ မှတ်ထားနိုင်ပါတယ်)

ဘုရားရှင် ဟောကြားတော်မူတဲ့ သစ္စာတရားဟာ ဒီကမ္ဘာမှာ အကြီးကျယ်ဆုံး ကြောင်းကျိုး ဆက်စပ်မှုတရားဖြစ်လို့ ဒီအမှန်သစ္စာ တရားကို ထိုးထွင်းသိအောင် ပညာသိက္ခာ ပန်းတစ်ပွင့်ကို ပန်ဆင်နိုင်မှ.. တော်ကာကျမှာပါ၊

သီလပညာနဉ္စ လောကသ္မိံအဂ္ဂမက္ခာယတိ- သီလနဲ့ ပညာဟာ လောကမှာ အမြတ်ဆုံးလို့ ဆိုတဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုကြည့်ရင် ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုထက် စိတ်ပိုင်းစိတ်ရာ တိုးတက်မှုကို ပိုပြီးတန်ဖိုးထားကြောင်း နားလည်နိုင်ပါတယ်၊

မိမိရဲ့ဘ၀မှာ ကိုယ့်ကျင့်တရား-သီလသိက္ခာကို ဖြည့်ကျင့်ပြီး စိတ်စွမ်းရည် မြှင့်တင်အသုံးချမှု- သမာဓိသိက္ခာကို ဆက်ကျင့်ရပါမယ်၊ ပြီးမှ ပညာသိက္ခာကို ဖြည့်ကျင့်ရင် ဒီလူဟာ လောကမှာ အမြတ်ဆုံး လူသား ဖြစ်ခွင့်ရပါပြီ၊ ဒီလို ကျင့်စဉ်တွေကို ဖြည့်ကျင့်တဲ့ နေရာမှာလဲ လွယ်ကူခြင်း ခက်ခဲခြင်းဆိုတာ မိမိတို့ရဲ့ စိတ်အပေါ်မှာပဲ မူတည်ပါတယ်.. စိတ်ဆောင်တော့ အောင်ဆိုတဲ့ လောက စကားပုံရှိတယ် မဟုတ်လား၊

ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားခြင်း၊ စိတ်စွမ်းရည် မြှင့်တင် ဖော်ထုတ်ခြင်းနဲ့ တရားရှုမှတ်ခြင်းဟာ လူပျင်းတို့ရဲ့ အလုပ်-အလုပ်မရှိ အကိုင်မရှိသူတို့ရဲ့ အလုပ်လည်း မဟုတ်ပါဘူး အမှန်တရားကို မြတ်နိုးသူတို့ ဘ၀ဆင်းရဲအပေါင်းက လွတ်မြောက်လိုသူတိုင်း ကျင့်ယူရမယ့် မွန်မြတ်တဲ့ ကျင့်စဉ်တွေ ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူး၊ ဒါကြောင့် သာသနာတော်နဲ့ ကြုံနေတုန်း ဆရာကောင်းတွေ ပေါများနေတုန်း အခွင့်အရေးကို မိမိအတွက် အရယူကာ သီလပန်း သမာဓိပန်း ပညာပန်းပွင့်လေးတွေကို မြတ်နိုးစွာ ပန်ဆင်ရင်း အခက်အခဲတွေကို ကျော်လွှားကြပါစို့ လို့ ဆန္ဒပြုပါရစေ။

(၀န်ခံချက်) ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီဆောင်းပါးကို ရေးသားရာမှာ.. ငါသိ ငါတတ်လုပ်၍ ရေးခြင်းမဟုတ်ဘဲ၊ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များ၊ ၀ိသုဒ္ဓိမဂ် ဘာသာပြန်၊ ဒေါက်တာမင်းတင်မွန်ရဲ့ အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်၊ ဆရာကြီးဦးဋ္ဌေးလှိုင်ရဲ့ ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ၊ တည်တော ဆရာတော်ကြီးရဲ့ သီလဟူသည်.. စာအုပ်များကို ဖတ်ရှု၍. မိမိနားလည်သလို ပြန်လည် ဖြန့်ဝေခြင်းမျှသာဖြစ်ပါတယ်၊ အမှားအယွင်း တစ်စုံတစ်ရာပါရှိက မိမိတာဝန်သာ ဖြစ်ပါတယ်။)

အရှင်တိက္ခဉာဏာလင်္ကာရ

Tuesday, September 8, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၄)


သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ရဟန်းတို့! သမာဓိကို ပွားများကြလော့၊ သမာဓိရှိတဲ့ ရဟန်းဟာ အမှန်သဘောတရားကို ခွဲခြားသိနိုင်၏။ (အင်္ဂုတ္တရနိကာယ်)

ဗုဒ္ဓသာသနာတော်ရဲ့ သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ ဆိုတဲ့ သိက္ခာသုံးမျိုး ကျင့်စဉ်သုံးမျိုးကို ပန်းပွင့်နဲ့ တင်စားပြီး သီလပန်းတစ်ပွင့်ရဲ့ အကြောင်းအရာကို မိမိနားလည်သလို ဖော်ပြခဲ့တယ်၊ ဒီနေရာမှာ မိမိတို့ရဲ့ကျင့်စဉ် တစ်ခုကို လေ့ကျင့်တဲ့နေရာမှာ ကိုယ်လုပ်ရမယ့် ကိုယ်ကျင့်ရမယ့် လမ်းစဉ်ကို ရှင်းရှင်း လင်းလင်း သိထားဖို့လိုအပ်ပါတယ်၊ သမာဓိဆိုတာ ဘာလဲ၊ ဘာကြောင့်သမာဓိကို ပွားများသင့်တာလဲ၊ သမာဓိကို ပွားများတော့ ဘာဖြစ်မှာလဲ၊ သမာဓိကို မပွားများရင်ကော ဘယ်လိုဖြစ်မလဲ ဆိုတဲ့ မေးခွန်းတွေနဲ့အတူ သမာဓိပန်းတပွင့်ရဲ့ အကြောင်းကို တင်ပြချင်ပါတယ်။ အဘိဓမ္မာမှာတော့ သမာဓိ ဆိုတာကို ဧကဂ္ဂတာ- အာရုံတစ်ခုတည်း အပေါ်မှာ စိတ်ကိုထားမှုလို့ ဖော်ပြတယ်၊ မဂ်ဥာဏ်ရဲ့ အသင်းအပင်း (ဗောဓိပက္ခိယ) (၃၇)ပါးမှာလဲ သမာဓိဆိုတာကို သမာဓိနြေ္ဒ၊ သမာဓိဗိုလ်၊ သမာဓိဗောဇ္ဈင် သမ္မာသမာဓိမဂ္ဂင် စတဲ့ နာမည် အမျိုးမျိုးနဲ့ ဟောထားတာကို တွေ့ရပါတယ်။

စိတ်သည် လောကကို ဦးဆောင်၏၊ စိတ်သည် လောကကို ဆွဲငင်၏၊ အလုံးစုံသောတရား တို့သည် စိတ်ဟုဆိုအပ်သည့် တစ်ခုတည်းသော တရား၏အလိုသို့ အစဉ်လိုက်ပါကြရ၏ လို့ ဟောပြတော်မူတဲ့ ဒေသနာတစ်ခု ရှိပါတယ်။ ဆိုလိုတာက စိတ်ဟာ အစွမ်းအထက်ဆုံး တန်ခိုးအရှိဆုံး အရာဖြစ်တယ်လို့ မီးမောင်းထိုးပြတဲ့ သဘောပါ၊ ဒီလိုဆိုရင် မိမိတို့ရဲ့ စိတ်က ဘာဖြစ်လို့ အစွမ်းမထက်တာလဲ မေးစရာရှိလာတယ်၊ အဖြေကတော့ မိမိတို့ရဲ့ စိတ်ဟာ တည်ငြိမ်မှုမရှိလို့ လို့ ဖြေဆိုရုံပါပဲ၊ မိမိစိတ်လေး အစွမ်းထက်ချင်တယ် သစ္စာဆိုက်ရေးအတွက် ကျင့်ကြံချင်တယ်ဆိုရင် အာရုံတွေအပေါ်မှာ ပြေးလွှားနေတဲ့စိတ် မပျံ့လွင့်အောင် တည်ငြိမ်အောင် လေ့ကျင့်ယူဖို့ပါပဲ၊ ဒီလို စိတ်ကို အာရုံတစ်ခုတည်း အပေါ်မှာ ကောင်းမွန်စွာ ထားနိုင်ခြင်းကိုပဲ သမာဓိလို့ ခေါ်တာပါ၊ သူ့ရဲ့ ကိစ္စတာဝန်က စိတ်ကို မပျံ့လွင့်အောင် ပယ်ရှားပေးခြင်းဖြစ်ပြီး တရားဘာဝနာ ကျင့်ကြံသူရဲ့ ဥာဏ်မှာတော့ တည်ငြိမ်ရင့်ကျက်ခြင်းဆိုတဲ့ အာရုံ ရှေးရှု ပေါ်ပေါက်လာပါတယ်၊ သမာဓိဖြစ်ဖို့ အနီးဆုံး အကြောင်းတရား ကတော့ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းပါ၊ ဗုဒ္ဓရဲ့ မိန့်မှာချက်ကတော့ ချမ်းသာသောသူ၏ စိတ်သည် တည်ကြည်၏-လို့ မိန့်တော်မူတယ်။

ပြန့်ကျဲနေတဲ့ နေရောင်ခြည်တွေကို စုစည်းလိုက်တဲ့အခါ အံ့ဩစရာကောင်းတဲ့ ပူလောင်စေတဲ့ စွမ်းရည်တွေ ဖြစ်လာသလို ပြန့်ကျဲနေတဲ့စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်တဲ့အခါ အံ့ဩစရာ စိတ်စွမ်းရည်တွေ စိတ်ထက်မြက်မှုတွေ မြင့်တက်လာမှာ သေချာလှပါတယ်။ ဒီနေရာမှာ ဘာကြောင့် သမာဓိကို ပွားများသင့်တာလဲလို့ မေးရင် စိတ်စွမ်းရည် မြင့်တက်လာဖို့ မြင့်တက်လာတဲ့ စိတ်စွမ်းအားနဲ့ အမှန်ကို အမှန်အတိုင်းသိနိုင်ဖို့ သမာဓိကို ပွားများပါတယ်လို့ ဖြေဆိုဖို့ပါပဲ၊ သမာဓိ ပွားများပုံကို ဘုရားရှင်က နည်းလမ်းပေါင်း လေးဆယ် ရှိတယ်လို့ လမ်းညွှန်ပြခဲ့တယ်၊ စာလိုကတော့ ကမ္မဋ္ဌာန်း လေးဆယ်ပေါ့၊ ဒီနည်းလမ်းတွေကို သိသူတွေ စိတ်ငြိမ်းချမ်းမှု လိုလားသူတွေ လက်တွေ့ကျင့်ကြံ ခရီးပေါက်နေကြပြီး မသိသူတွေလည်း အမှန်တရားနဲ့ ဝေးနေကြဆဲပါ။

သမာဓိ ပွားများတဲ့နေရာမှာ နည်းလမ်း လေးဆယ်လုံးကို တပြိုင်နက် ပွားများစရာ မလိုဘဲ နည်းလမ်းတစ်ခုမှာ ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိ အဆင့်ရောက်အောင် လေ့ကျင့်ယူပြီးရင် ကျန်တဲ့နည်းလမ်းတွေကို အလွန်လွယ်ကူစွာ လေ့ကျင့်နိုင်ပြီ ဖြစ်ပါတယ်၊ အဲဒီ သမာဓိပွားများနည်း နည်းလမ်းလေးဆယ်ထဲက အာနာပါနဿတိ ကမ္မဋ္ဌာန်းလို့ခေါ်တဲ့ ၀င်လေ ထွက်လေ ရှုမှတ်နည်း သမာဓိ လေ့ကျင့်ခန်းဟာ လူသိများတဲ့ သမာဓိပွားများနည်းဖြစ်ပါတယ်၊ အာနာပါနပွားများပုံ အစီအစဉ်တွေကို ဒီလင့်လေးမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ် http://tknn.org/index.php?PHPSESSID=e1a737738d616474b3037e8390d34e44&topic=2.0

ဘာဝနာပွားများသူ စိတ်လေ့ကျင့်သူရဲ့ အဆင့်အလိုက် သမာဓိတွေ အဆင့်အတန်းတွေလည်း အမျိုးမျိုး ကွဲသွားနိုင်ပါတယ်၊ တရားရှုမှတ်ဖူးသူများ သိပြီးတဲ့ သမာဓိတွေကတော့ ပရိကမ္မသမာဓိ-စပြီး အခြေပြုမိတဲ့ သမာဓိ၊ ဥပစာရ သမာဓိ-စိတ်အတော် တည်ငြိမ်လာပြီး ဈာန်ကိုကူးရန် နီးစပ်တဲ့ သမာဓိ။ အပ္ပနာသမာဓိ-စိတ် အလွန်တည်ငြိမ်လာပြီး ဈာန်ကို ၀င်ရောက်နေသော သမာဓိမျိုးတွေနဲ့ လောကီသမာဓိ လောကုတ္တရာ သမာဓိ စသည်ဖြင့် ကွဲပြားသွားပါ လိမ့်မယ်၊ ဒီလိုလေ့ကျင့်ရင်း မိမိတို့ရဲ့ စိတ်စွမ်းရည်တွေ မြင့်မားလာတာကို ကိုယ်ပိုင်ဥာဏ်နဲ့ သိလာတဲ့အခါ တိုးပြီးလေ့ကျင့်လိုတဲ့ စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာမှာ သေချာပါတယ်၊ စမိဖို့ ခက်ပေမယ့် စလိုက်ပြီးလို့ သမာဓိရဲ့ စွမ်းဆောင်နိုင်မှုကို နားလည်သွားပြီ ကိုယ်တိုင်သိသွားပြီ ဆိုရင်တော့ ဘယ်သူတားတား တားလို့မရလောက်အောင် သမာဓိပွားများတဲ့ စိတ်လေ့ကျင့်ခန်းကို လေ့ကျင့်နေတော့မှာ သေချာတယ်၊ ဒီလိုဆိုတော့ ယခု စာရှုနေသူတို့ရဲ့ ဘ၀အောင်မြင်ရေး စိတ်စွမ်းရည်မြင့်မားရေး ငြိမ်းချမ်းစွာ နေနိုင်ရေးဟာ စာရှုနေသူတို့ရဲ့ စိတ် စေတသိက်ထဲမှာ ရှိနေတယ်လို့ နားလည်ရပါလိမ့်မယ်၊ ငုပ်လျှိုးနေတဲ့ စိတ်စွမ်းရည်တွေကို အခုလို ဘုန်းကံကြီးတဲ့ သာသနာတော်ကြီးနဲ့ ကြုံခိုက် အစွမ်းကုန် ဖော်ထုတ်ထားသင့်လ ပါတယ်၊ ဒီလို စိတ်စွမ်းအင်တွေ စိတ်စွမ်းအားတွေ ဖော်ထုတ်နိုင်မယ် သမာဓိတွေပွားများနိုင်မယ်ဆိုရင် အံ့ဩစရာ စိတ်စွမ်းအားတွေကို ပိုင်ဆိုင်မှာ မလွဲပါဘူး။

သစ္စာတရား ရှာပုံတော်မှာ လျှောက်လှမ်းကျင့်ရမယ့် မဂ္ဂင်ရှစ်ပါး လမ်းကြောင်းမှာလည်း သီလမဂ္ဂင် သုံးပါး ပါဝင်သလို သမာဓိမဂ္ဂင် သုံးပါးလည်း ပါဝင်တာကို အားလုံးနားလည်နိုင်ပါမယ်၊ မဂ္ဂင်ထိုက်တဲ့ သီလဟာ အကြမ်းစားကိလေသာ လွန်ကျူးတဲ့ ကိလေသာကို ဖယ်ရှားနိုင်သလို မဂ္ဂင်ထိုက်တဲ့ သမာဓိဟာလည်း အပြင်ဖက်မှာ လွန်ကျူးတဲ့ အဆင့်မရောက်ပေမယ့် စိတ်ထဲမှာ ထကြွ သောင်းကျန်းနေတဲ့ ကိလေသာ တွေကို ဖယ်ရှားနိုင်သွားမှာ အသေအချာပါ၊ နောက်ဆုံး ဒီသမာဓိဟာ လောကုတ္တရာ အဆင့်ရောက်ပြီ ဆိုရင်တော့ ကာမနဲ့ ပတ်သက်တဲ့ စိတ်ကူးတွေ မကျေမနပ် ဖြစ်တာတွေ ထိုင်းမှိုင်းလေးလံ မလှုပ်ချင် မကိုင်ချင်ဖြစ်တာတွေ စိတ်ပျံ့လွင့်တာ လူနဲ့စိတ် ကပ်မနေတာတွေ သံသယတွေကိုပါ ပယ်ရှားပစ်နိုင်မှာပါ (လက်တွေ့ ကျင့်ကြည့်ရင် လက်တွေ့ ဒီသဘောတရားတွေကို သိလာပါလိမ့်မယ်) ဒါကြောင့် သမာဓိဆိုတာ စိတ်စွမ်းရည် မြင့်စေတဲ့ အလုပ်တစ်ခုဖြစ်ပြီး လေ့ကျင့်ရင် လေ့ကျင့်သလောက် ပွားများရင် ပွားများသလောက် ကိုယ့်စိတ်ကို တစ်ကန့်စီ သန့်ရှင်းနိုင်မှာဖြစ်ပြီး သမာဓိ မပွားများ မလေ့ကျင့်ရင်တော့ စိတ်တွေမော လူတွေမော စိတ်ညစ် စိတ်မချမ်းသာ စတဲ့ သဘောတွေနဲ့ ကြုံတွေ့ရမှာပါ။

ဘုရားရှင်က အရေးတကြီး မိန့်တော်မူနေတာက…. သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ရဟန်းတို့! သမာဓိကို ပွားများကြလော့၊ သမာဓိရှိတဲ့ ရဟန်းဟာ အမှန်သဘောတရားကို ခွဲခြားသိနိုင်၏ တဲ့။ ကဲ.. စာရှုသူရော စာရေးသူရော သန့်စင်တဲ့ အမှန်တရား စွမ်းရည်မြင့်မားတဲ့ လူ့စိတ်စွမ်းအားကို ရယူနိုင်ဖို့ သမာဓိပန်းတစ်ပွင့်ကို ပန်ဆင်နိုင်အောင် ကြိုးစားကြစို့။

ဆက်လက်ဖော်ပြပါမည်။

အရှင်တိက္ခဉာဏာလင်္ကာရ

Sunday, September 6, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၃)


ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ကုသိုလ် တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊ ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊ စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ် စောင့်ထိန်းထားတဲ့ သီလ ညှိုးနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင် သီလပျက်စီးဖို့ သေချာသလောက် ရှိပါပြီ။

ဒီနေရာမှာ ကိုယ် စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို လွန်ကျူးဖောက်ဖျက်မှ သီလ ညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲ ဖြစ်ဖြစ် အလယ် သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲ ဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ် စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ တွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ ပြီဆိုရင်တော့ သီလဟာ လုံးဝ ပျက်စီးတော့မှာပါ။

ဒီလို သီလ ညှိုးနွမ်းစေတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့ မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊ အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့ အမွှေးအကြိုင်တွေနဲ့ ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊
၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊
၃။ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊
၎။ စောင့်စည်းဆင်ခြင်မှု မရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊
၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊
၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊
၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ် ရမှာပဲလို့ တောင့်တ သာယာခြင်း တို့ပဲဖြစ်ပါတယ်။

ဒီမေထုန်ငယ် ၇ ပါးဟာ သီလဖြူစင်ရေး သစ္စာရှာဖွေရေးမှာ အလွန် သတိထားသင့်သလို တရားကို လက်တွေကျကျ ကျင့်ကြံနေသူ လူဖြစ်စေ ရဟန်း သီလရှင်ဖြစ်စေ ကိုယ့်သီလလေး မညှိုးနွမ်းဖို့ ဂရုစိုက်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်၊ ကိုယ့်စိတ်ကို အကောင်းဆုံး အရည်အသွေး ရအောင် ပြုစုလေ့ကျင့်တဲ့နေရာမှာ မထင်မှတ်တာလေး တွေကလည်း အတားအဆီး ဖြစ်နေတတ်တယ် ဆိုတာကို ဘုရားရှင်က မီးမောင်းထိုးပြတာပါ၊ မိမိတို့ ရဟန်းတော်များ သီလရှင်များအနေနဲ့ကတော့ သီလနဲ့ပတ်သက်ပြီး အထူးထူး ဆင်ခြင် သတိပြုရပါတယ်၊ စောင့်ထိန်းစရာ စည်းကမ်း သိက္ခာပုဒ်တွေ များပြားရုံသာမက အာရုံတွေအပေါ် စောင့်စည်းမှု စားသုံးဆင်ခြင်ရာမှာ စောင့်စည်းမှုစတဲ့ သီလတွေကလဲ ရှိနေပြန်တာမို့ ပိုလို့ သတိထားကြရပါတယ်၊ ဒီနေရာမှာ ရဟန်းတစ်ပါး (သီလရှင်တစ်ပါးက) လူတွေအထင်ကြီး အံ့ဩလာအောင် ကြည်ညိုစရာလေး နေပြတာ၊ ဒကာ ဒကာမတွေကို မြှောက်ပင့် ပြောဆိုတာ၊ ကိုယ်လိုချင်တာကို အရိပ်အရောင်ပြ ပြောဆိုတာ၊ ဒကာ ဒကာမတွေ ကြောက်ရွံ့ပြီး ပေးလှူလာအောင် ဖိနှိပ်ပြောဆိုတာ ကဲ့ရဲ့တာ တွေဟာလည်း သာသနာ့ ဝန်ထမ်းများရဲ့ သီလ ညှိုးနွမ်းကြောင်းတွေ ဖြစ်လို့ သတိထားသင့် ပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊ ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန် လေးပါးကို ပွားများလေလော့။

လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့ ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်နိုင်အောင် ကြိုးစားကြပါစို့။ ။


ဆက်လက်ဖော်ပြပါမည်။

အရှင်တိက္ခဉာဏာလင်္ကာရ

Saturday, September 5, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၂)


တောင်ဇလပ်ပန်း ကြက်ရုံးပန်း စပယ်ပန်းတို့၏ ရနံ့သည် လေညာသို့မရောက်၊ သူတော်ကောင်းတို့၏ သီလရနံ့သည် လေအောက် လေညာ အရပ်မျက်နှာ အားလုံး၌ သင်းပျံမွှေးကြိုင် ရနံ့လှိုင်၏၊
( ဓမ္မပဒ)

သီလပန်းတစ်ပွင့် ဖြူစင်လန်းဆန်းဖို့ (သို့မဟုတ်) သီလသိက္ခာ ပြည့်စုံရေးအတွက် သီလမဂ္ဂင် သုံးပါးကို ဖြည့်ကျင့်ရပါမယ်၊ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံး ဟောကြားတဲ့ ဓမ္မစကြာ တရားတော်မှာ ရှောင်ရမယ့် အစွန်းနှစ်ပါး လျှောက်လှမ်းရမယ့် မဂ္ဂင်ရှစ်ပါး တရားတွေကို လမ်းညွှန်ပြတော်မူခဲ့တာ အားလုံး သိနားလည်ပြီး သားပါ၊ ဘုရားရှင် လမ်းညွှန်တော် မူတဲ့အတိုင်း မဂ္ဂင်ရှစ်ပါး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ပါမှ စတ္တာရိ အရိယသစ္စာနိ လို့ခေါ်တဲ့ သစ္စာလေးပါးကို ထိုးထွင်း သိမြင်နိုင်မှာပါ၊
ဘုရားရှင် လမ်းညွှန်တော်မူတဲ့ မဂ္ဂင် ရှစ်ပါး ဆိုတာ…

သမ္မာဒိဋ္ဌိ- ကောင်းစွာ သိမြင်မှု
သမ္မာသင်္ကပ္ပ- ကောင်းစွာ ကြံစည်မှု
သမ္မာဝါစာ- ၀စီဒုစရိုက် လေးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြောဆိုမှု
သမ္မာကမ္မ န္တ- ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြုလုပ်မှု
သမ္မာအာဇီဝ- ကာယဒုစရိုက် သုံးပါး ၊၀စီဒုစရိုက်လေးပါးကလွတ်တဲ့ အသက်မွေးမှု
သမ္မာဝါယာမ- သမ္မပ္ပဓာန် တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အားထုတ်မှု
သမ္မာသတိ- သတိပဋ္ဌာန်တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အောက်မေ့မှု
သမ္မာသမာဓိ- ဥပစာရ သမာဓိ အပ္ပနာသမာဓိနဲ့ ပြည့်စုံအောင် ကောင်းစွာတည်ကြည်မှု
တို့ပဲဖြစ်ပါတယ်၊

မဂ္ဂင်ဆိုတာ သစ္စာလေးပါး တရားကို ထိုးထွင်းသိမြင်ဖို့ ကျင့်ကြံတဲ့ အကျင့်လမ်းစဉ်ရဲ့ အင်္ဂါရှစ်ပါးလို့ မှတ်သားနိုင်ပါတယ်၊ ဒီနေရာမှာ သီလပန်းတစ်ပွင့် သို့မဟုတ် သီလသိက္ခာ အကြောင်း တင်ပြဆွေးနွေးနေတာ ဖြစ်လို့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ဘယ်လို စောင့်ထိန်းရမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ မိမိတို့ စောင့်ထိန်းနေကျ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလတွေက မဂ္ဂင်ထိုက်တဲ့ သီလတွေမဟုတ်လား လို့ တွေးစရာ မေးစရာပါ။

စောင့်ထိန်းဆောက်တည်နေကျ ငါးပါးသီလ ကိုပဲ ကြည့်ကြစို့၊ ရှေ့သိက္ခာ သုံးပါးကို စောင့်ထိန်းလိုက်ရင် ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီးသား ဖြစ်သွားတယ်၊ မုသာဝါဒ ဆိုတဲ့ သိက္ခာကို စောင့်ထိန်းလိုက်တာနဲ့ ၀စီဒုစရိုက်လေးပါးက အထူးရှောင်ကြဉ်စရာ မလိုတော့ပါဘူး၊ သုရာ မေရယ သိက္ခာပုဒ်ကတော့ ကာမဂုဏ်ကို မှားယွင်းစွာ ခံစားတာဖြစ်လို့ ကာမေသု မိစ္ဆာ စာရထဲမှာ အကျုံးဝင်သွားပါတယ်၊ ဒီနေရာမှာ ကာမဂုဏ်ဆိုတာ ၀တ္ထုကာမဂုဏ်ကို မှားယွင်းစွာ သုံးစွဲတယ်လို့ ဆိုလိုတာပါ၊ ဒီလို ငါးပါးသီလကို ဖြူဖြူ စင်စင် သန့်သန့်ရှင်းရှင်း စောင့်ထိန်းသူဟာ အသက်မွေးမှုလည်း စင်ကြယ်လာမှာ သေချာလှပါတယ်၊ ဒါဆိုရင် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းသူဟာ သီလမဂ္ဂင်ကို ဖြည့်ကျင့်နေတာလို့ ပြောနိုင်တယ်။

ဘုရားရှင် ဟောကြားတဲ့ စာပေတွေမှာ သီလနဲ့ပတ်သက်ပြီး သုံးတဲ့နေရာမှာ အာဒိဗြဟ္မစရိယက သီလ- မြတ်သော အရိယာမဂ်အကျင့်ရဲ့ အစဦးဆုံး သီလ လို့ သုံးပါတယ်၊ အာဒိဗြဟ္မစရိယက သီလဆိုတာ ယနေ့ခေတ်မှာ ထင်ရှားတဲ့ အာဇီဝဋ္ဌမက သီလကို ပြောတာပါ၊ မိစ္ဆာဇီဝ- မှားယွင်းတဲ့ အသက်မွေးမှုမှ ရှောင်ကြည်ခြင်းလျှင် ရှစ်ခုမြောက်ရှိသော သီလ လို့ ဆိုလိုပါတယ်၊ အာဇီဝဋ္ဌမက သီလရှစ်ပါး ဆိုတာ တခြားမဟုတ်ပါဘူး.. ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးနဲ့ မိစ္ဆာဇီဝ တစ်ပါး ဒီရှစ်ပါးကို အာဇီဝမဋ္ဌမက သီလ လို့ခေါ်တာပါ၊ ဒီလိုဆိုတော့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးပါးနဲ့ မိစ္ဆာဇီဝ-အသက်မွေးမှု မှားခြင်း ဆိုတာကို ရှောင်ကြဉ်လိုက်ရင် မဂ္ဂင် သီလဖြစ်သွားပါတယ်၊ (အာဇီဝဋ္ဌမက သီလရှင်းတမ်းနဲ့ ဆောက်တည်ပုံကို www.tknn.org မှာ ကြည့်ရှု လေ့လာနိုင်ပါတယ်)၊ မဂ္ဂင် ကျင့်စဉ် အနေနဲ့ သီလကို ပြောပြတာပါ။

ပါရမီထိုက်တဲ့ သီလဖြစ်ဖို့လည်း ဒီအတိုင်းပါပဲ ၊ ပါရမီမှာ အဆင့် သုံးဆင့်ရှိပါတယ်၊ ရိုးရိုးပါရမီ် အဆင့်မြင့် ဥပပါရမီနဲ့ အမွန်မြတ်ဆုံး ပရမတ္ထပါရမီ ဆိုပြီး သုံးမျိုးကွဲပြား ပါတယ်၊ ဒီနေရာမှာ သီလကို ရိုးရိုး စောင့်ထိန်းရင် သီလ ရိုးရိုးပါရမီ ပါ၊ ကိုယ့်ရဲ့ လက်တွေကို ဖြတ် ခြေတွေကိုဖြတ် ကျောက်ကပ်တွေ ထုတ်ပေမယ့် ကိုယ့်ရဲ့ သီလကို ဆက်ပြီး စောင့်ထိန်းတာက အဆင့်မြင့် သီလဥပပါရမီပါ၊ အသက်ကိုစွန့်ပြီး စောင့်ထိန်းတဲ့ သီလကိုတော့ အမွန်မြတ်ဆုံး သီလ ပရမတ္ထပါရမီ လို့ ခေါ်ပါတယ်၊ ကိုယ့်အသက် သေချင် သေသွားပါစေ ကိုယ့်စောင့်ထိန်းတဲ့ သီလ ကိုယ်ကျင့်တရားကို မစွန့်လွှတ်တဲ့ သူမျိုးပေါ့၊ ဘုရားလောင်းရဲ့ ဖြစ်တော်စဉ်တွေမှာ ဒါန အရာပဲဖြစ်ဖြစ် သီလအရာပဲ ဖြစ်ဖြစ် ဉာဏ်ယှဉ်ပြီး ပါရမီ မြောက်ဖြစ်အောင် စောင့်ထိန်းလာတာကို လေ့လာ တွေ့ရှိနိုင်ပါတယ်၊

ဒီလို မဂ္ဂင်ထိုက်တဲ့ သီလ၊ ပါရမီ မြောက်တဲ့သီလ သစ္စာတရားတို့ရဲ့ လမ်းစဖြစ်တဲ့သီလကို ဖြူဖြူ စင်စင် ကြိုးစားစောင့်ထိန်းရင် မိမိတို့ရှာဖွေနေတဲ့ သစ္စာရှာပုံတော်ခရီးက ဖြောင့်ဖြူးမှာဖြစ်သလို တကယ်လို့ ဒီဘ၀မှာ သစ္စာတရားကို ရှာမတွေ့သေးဘဲ သံသရာမှာ ကျင်လည်ရအုံးမယ်ဆိုရင်….

၁။ သီလပြည့်စုံသူဟာ မမေ့မလျော့ ကြိုးစားတဲ့အတွက် စည်းစိမ် ဥစ္စာများ ရရှိခြင်း၊
၂။ မိမိရဲ့ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ သတင်းဟာ နေရာတိုင်းကို ပျံ့နှံခြင်း၊
၃။ ဘယ်နေရာ ဘယ်ပရိသတ်တွေဆီကို သွားသွား ကြည်လင်ရွှင်ပြ ရဲတင်းစွာ သွားလာနိုင်ခြင်း၊
၎။ မတွေ မဝေသေရခြင်း၊(ကြည်ကြည်လင်လင် သေရခြင်း)
၅။ သေပြီးနောက် နတ်ပြည်ရောက် ရခြင်း- စတဲ့ အကျိုးထူးတွေကို ခံစားရမယ်လို့ ဘုရားရှင် ဟောပြတော်မူတယ်၊ မွေးဖွားလာရင် သေရမှာ သေချာပါတယ်၊ မသေခင် ကြားကာလလေး တစ်ခုမှာ ကောင်းသတင်းတွေ ကောင်းတဲ့လုပ်ရပ်တွေ ချန်ထားနိုင်အောင် ကြိုးစားရပါတယ်၊ ဆရာတော်ကြီး တစ်ပါး အမိန့်ရှိသလို များများလည်းယူသွား များများလည်း ချန်ထားနိုင်အောင် တန်ဖိုးရှိတဲ့ လူ့ဘ၀လေးကို အကျိုးကျိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားကြပါစို့.. ဘုရားရှင် ဟောပြနေတာကတော့… တောင်ဇလပ်ပန်း ကြက်ရုံးပန်း စံပယ်ပန်းတို့ရဲ့ ရနံ့ဟာ လေညာကို မရောက်နိုင်၊ သူတော်တို့ရဲ့ သီလရနံ့ ကသာ လေအောက် လေညာပျံ့နှံ့ပြီး အရပ်မျက်နှာတိုင်း ဂုဏ်သတင်းမွှေး ပါတယ် -တဲ့။ သင်းပျံ့တဲ့ မွှေးကြိုင်တဲ့ ဂုဏ်သတင်းအတွက် သီလပန်းတစ်ပွင့်ကို အမြဲလန်းဆန်းအောင် ကြိုးစားစောင့်ရှောက်ရင်း ပန်ဆင်ကြစို့လား။ ။

ဆက်လက်ဖော်ပြပါမည်။

အရှင်တိက္ခဉာဏာလင်္ကာရ

Friday, September 4, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ(၁)


မြတ်စွာဘုရားရှင် သာသနာမှာ ကျင့်ရမယ့် အကျင့်သုံးမျိုး ( သို့မဟုတ်) သိက္ခာသုံးပါး ရှိပါတယ်၊ သီလသိက္ခာ၊ သမာဓိသိက္ခာနဲ့ ပညာ သိက္ခာတို့ပဲ ဖြစ်ပါတယ်၊ အဲဒီအထဲမှာ သီလဟာ သိက္ခာသုံးရပ်မှာ အခြေခံ အကျဆုံး ဖြစ်သလို ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာ ကုသိုလ်လို့ ခေါ်တဲ့ ကုသိုလ်အားလုံးရဲ့ အစ မူလ ပဓာနလည်း ဖြစ်ပါတယ်၊ နောက်သိက္ခာနှစ်ပါးကို ဖြည့်ကျင့်လိုတယ်ဆိုရင် သီလသိက္ခာကို အရင် ဖြည့်ကျင့်ရပါတယ်၊ ဘုရားရှင်ရဲ့ တရားတော်တွေမှာတော့ သီလေ ပတိဋ္ဌာယ နရော သပညော စိတ္တံ ပညဉ္စ ဘာဝယေ- ဆိုပြီး မိန့်တော်မူပါတယ်၊ သီလမှာ အခြေခံပြီး သမာဓိနဲ့ ပညာကို ပွားများကျင့်ရင် စိတ်အရှုပ်တွေကို ရှင်းလင်းနိုင်မယ်လို့ ဆိုလိုတာပါ၊ အများသိနေတဲ့ သီလအကြောင်းကိုပဲ မိမိနားလည်သလို ပြောပြချင်ပါတယ်၊

တကယ်တော့ သီလဆိုတာ ကိုယ်နှုတ် အမူအရာတွေနဲ့ မကောင်းမှု ဒုစရိုက် မလွန်ကျူးမိအောင် ကောင်းစွာထားခြင်း စောင့်ထိန်းခြင်းကို သီလလို့ ခေါ်ဆိုတာပါ၊ ခြင်၊ ကြမ်းပိုးစတဲ့ သတ္တ၀ါ အငယ်လေးတွေက စလို့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ အသက်ကို မသတ်တာ၊ လူများပစ္စည်းကို ပိုင်ရှင်မပေးဘဲ ပိုင်ရှင်မသိအောင် မခိုးယူတာ၊ သူတစ်ပါး သားမယားကို မပြစ်မှားတာ၊ မဟုတ် မမှန်တဲ့စကား၊ အကျိုးမရှိတဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊ ညီညွတ်နေသူတွေကို ကွဲပြားအောင် ကုန်းတိုက်တဲ့စကား စတာတွေကို မပြောမဆိုတာ၊ သေရည် အရက် မူးယစ်ဆေးဝါးကို မမှီဝဲ မသုံးဆောင်ဘဲ မိမိရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားတာဟာ သီလပါ၊

မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားပြီး စောင့်စောင့်စည်းစည်း နေတော့ သူ့အသက် သတ်ဖြတ်တာ ထိခိုက်နာကျင်အောင် ပြုလုပ်တာ လူများပစ္စည်း အတင်းအဓမ္မ မရယူတာ အိမ်ထောင်ရေး လူမှုရေးဖောက်ပြန်တာ နှုတ်မစောင့်စည်းဘဲ လိမ်ညာ လှည့်ဖျား လှည့်ပတ်ပြောဆိုတာ၊ အရက်သေစာ သောက်စား မူးယစ်တာတွေ မပြုမိတော့ပါဘူး၊ ဒီလို ကာယဒုစရိုက်၊ ၀စီဒုစရိုက်ကို မပြု မပြော မလွန်ကျူးတော့ဘဲ နေတာကို မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းစွာထားတယ်လို့ ပြောဆိုကြတာပါ၊ လူကြီး လူကောင်းဆန်လိုသူ ရင့်ကျက်တည်ငြိမ်လိုသူ ဘ၀မှာ စိတ်ချမ်းမြေ့စွာ နေလိုသူဟာ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း ထားဖို့ အမှန်တကယ် လိုအပ်လှတယ်. ဒီလို ကောင်းကောင်း ထားတတ်သွားပြီဆိုရင် ဒီလူရဲ့ အပြူအမူဟာ ယဉ်ကျေး သိမ်မွေ့ ချိုသာနူးညံ့ပြီး သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ဒီလို လူတစ်ယောက်ရဲ့ စိတ်ဟာလည်း တကယ့်ကို ကြည်လင်အေးချမ်း လန်းဆန်းတက်ကြွနေမှာ အမှန်ပါ။

မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ တွေကို ဒုစရိုက် မလွန်ကျူးမိစေဘဲ ကောင်းကောင်းမွန်မွန် စောင့်ထိန်းတဲ့သူဟာ ကောင်းမှုကုသိုလ်တွေ (ကောင်းတာတွေ)ကို ဆင့်ကာ မြှင့်ကာ ကြိုးစားပြုလုပ်လာမှာ သေချာလှပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလံ အာဒိမှိ ကလျာဏံ- ကောင်းမှုအားလုံးရဲ့ အစဟာ သီလပဲလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

သီလရဲ့ အဓိက ဆောင်ရွက်မှုကတော့ ဒုဿီလ လို့ခေါ်တဲ့ သီလမရှိခြင်း ကိုယ့်ကျင့်တရား ဖောက်ပြန်ခြင်းကို ပယ်ရှားပေးပါတယ်၊ ဒီနေရာမှာလဲ ဒုဿီလ သီလမရှိခြင်း ကိစ္စကို ပယ်ရှားတယ် ဆိုရာမှာ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ စတဲ့ ရှောင်ကြဉ်ရမယ့် ၀ါရိတ္တသီလကို ရည်ရွယ်တာပါ၊

တကယ့်တော့ လက်တွေ့ပြုကျင့်ရမယ့် စာရိတ္တသီလ လို့ခေါ်တဲ့ မိဘကျင့်ဝတ် ဆရာ့ကျင့်ဝတ် လင့်ကျင့်ဝတ် မယားကျင့်ဝတ် တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်တွေ ကျေပွန်သူကို လူတိုင်းက ကဲ့ရဲ့ ပြစ်တင် ပြောဆိုခြင်း မရှိသလို ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူ ကိုယ့်ကျင့်တရားနဲ့ ပြည့်စုံလို့ လေးစား ချီးကျူး ပြောဆိုကြမှာ သေချာပါတယ်၊ ဒီလို ချီးကျူးပြောဆိုခြင်းကို သီလရဲ့ ရသ အဖြစ် မှတ်သားနိုင်ပါတယ်၊ သီလကို ပြည့်ပြည့်၀၀ စင်စင်ကြယ်ကြယ် စောင့်ထိန်းသူဟာ ကိုယ့်ရဲ့ စင်ကြယ်တဲ့သီလကို သတိရတိုင်း ဆင်ခြင်တွေးမိတိုင်း ၀မ်းမြောက် ၀မ်းသာဖြစ်ရ သလို သီလ စောင့်ထိန်းနေစဉ်လည်း လောဘ၊ ဒေါသစတဲ့ စိတ်ညစ်ညူးစရာတွေ ၀င်မလာအောင် အတတ်နိုင်ဆုံး စောင့်စည်း တားမြစ်တာဖြစ်လို့ စိတ်နှလုံးကြည်ရွှင် အေးမြ လန်းဆန်းရပါတယ်၊ ဒုစရိုက်အမှုကို မလွန်ကျူးဘဲ ကိုယ်တွေ နှုတ်တွေကို ကောင်းစွာ စောင့်ထိန်းထားသူဟာ တရား အားထုတ်စဉ်မှာလည်း မိမိရဲ့ စင်ကြယ်တဲ့ အပြစ်ကင်းတဲ့ ကိုယ်နှုတ်အမူအရာ တွေဟာ ဥာဏ်မှာထင်လာပြီး တရားဘာဝနာ ရှုမှတ်ရာမှာ အလွန်ထိရောက်တာကို တွေ့ရပါတယ်၊ ဒီလို သီလပြည့်စုံသူ ကိုယ့်ကျင့်တရားကောင်းသူ မိမိရဲ့ ကိုယ်နှုတ် အမူအရာတွေကို ကုသိုလ်ကောင်းမှုမှာ ကောင်းစွားထားနိုင်သူဖြစ်ဖို့ အဓိက အခြေခံအကြောင်းတရား နှစ်မျိုး ရှိဖို့လိုအပ်တယ်။ အဲဒါကတော့ ဟိရီနဲ့ ဩတ္တပ္ပ ဆိုတဲ့ တရား နှစ်မျိုးပါ၊

ဟိရီ-ဆိုတာကတော့ မကောင်းမှုလုပ်ရမှာကို ရှက်တတ်ခြင်း ဖြစ်ပြီး ဩတ္တပ္ပကတော့ မကောင်းမှု ပြုလုပ်ရမှာကို ကြောက်တာဖြစ်ပါတယ်၊ အရှက် အကြောက်ကင်းမဲ့သူရဲ့ အပြူအမူဟာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတယ် လက်ရဲ ဇက်ရဲ နိုင်လှပါတယ်၊ ဒီနေရာမှာ ရှက်သင့်တာကို ရှက်ခြင်း ကြောက်ခြင်းနဲ့ မရှက်သင့်တာကို မရှက်ခြင်း မကြောက်ခြင်းကိုလဲ ခွဲခြား နားလည်သင့်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်က ဘုန်းတော်ကြီးကျောင်းသွားရမှာ ရဟန်းသံဃာတွေကို ရှိခိုးရမှာ စေတီတော်တွေကို ဖူးမြော်ရမှာ တရားစခန်းဝင်ရမှာ ဥပုသ်စောင့်ရမှာ မိဘတွေကို ရိုသေရမှာ စတာတွေဟာ ကုသိုလ်အလုပ်တွေဖြစ်လို့ မရှက်သင့် မကြောက်သင့်တဲ့အလုပ်တွေပါ၊

သူတစ်ပါးကို လိမ်လည်လှည့်ဖျား မဟုတ်တာပြော မိဘဆရာတွေရဲ့ စကားကို နားမထောင် မိဘတွေကို စိတ်ဆင်းရဲအောင်လုပ် ကျောင်းပြေး ကျူရှင်ပြေး စတာတွေဟာ မကောင်းမှုတွေဖြစ်လို့ ဒါတွေကို လုပ်ရမှာကို ရှက်တတ် ကြောက်တတ်ရမှာပါ၊ အင်္ဂလိပ် စကားလုံးမှာတော့ Shy နဲ့ Shame လို့ ခွဲခြားပြထားပါတယ်၊ ဒီလို ရှက်သင့်တဲ့နေရာမှာ ရှက်ခြင်း ကြောက်ခြင်းဟာ သီလရဲ့ အနီးကပ်ဆုံး အကြောင်းတရားတွေပါ၊ သီလရဲ့ ဝေးတဲ့ အကြောင်းတွေ အနေနဲ့ သူတော်ကောင်းကို ပေါင်းဖော် ဆည်းကပ်ခြင်း သူတော်ကောင်း တရားကို ကြားနာခြင်း ကံ ကံရဲ့ အကျိုးကိုယုံကြည်ခြင်း ရတနာသုံးပါး အပေါ် သက်ဝင်ယုံကြည်ခြင်း သတ္တ၀ါ အားလုံးပေါ် မေတ္တာ ကရုဏာထားခြင်း ရှေးက စောင့်ထိန်းခဲ့ဖူးတဲ့ သီလအထုံ ရှိခြင်းတွေဟာ ကိုယ်နှုတ်အမူအရာ ကောင်းစွာ ထားနိုင်ဖို့ရဲ့ ဝေးသော အကြောင်းတွေပါပဲ။

ဒီနေရာမှာ ပြောပြချင်တာက- ငါကတော့ မကောင်းတာ မလုပ်ဘူး၊ သူတစ်ပါး နစ်နာအောင် မလုပ်ဘူး ဘုန်းကြီးကျောင်းသွားစရာ မလို သီလခံယူ ဆောက်တည်စရာ မလိုဘူး ဆိုတဲ့ စကားတွေကို ကြားရဖူးပါတယ်၊ တကယ်တော့ သီလ စင်ကြယ်ပြီးသူလည်း ထပ်ပြီး စင်ကြယ်အောင် ပါရမီထိုက်တဲ့ သီလဖြစ်အောင် အထုံဝါသနာပါတဲ့ သီလဖြစ်အောင် စောင့်ထိန်း ဆောက်တည်သင့်တာမို့ လူတိုင်း လူတိုင်း မိမိတို့ရဲ့ သီလလေးကို အမြဲဖြူစင်နေအောင် စောင့်ထိန်းသင့်တယ် ဆိုတာပါပဲ၊ သိက္ခာသုံးပါးဟာ ပန်းသုံးပွင့်နဲ့ တူတယ်ဆိုရင် အခုပြောပြတာကတော့ သီလသိက္ခာ ပန်းတစ်ပွင့်အကြောင်းလို့ ဆိုပါစို့။ ။

(ဆက်လက်ဖော်ပြပါမည်)

အရှင်တိက္ခဉာဏာလင်္ကာရ

Wednesday, September 2, 2009

ဂရုဓမ္မ အခါတော်နေ့


နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မတူညီတဲ့ ဘာသာရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ ရှိပါတယ်၊ လူမျိုးတိုင်းကလည်း မိမိရဲ့ ဘာသာရေးပွဲတော် ယဉ်ကျေးမှု ဓလေ့ထုံတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းကြပါတယ်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမှာတော့ ဘာသာရေး ပွဲတော် အခါကြီး ရက်ကြီးများ အဖြစ် ရာသီ ၁၂ လ တိုင်းမှာ ဆင်နွှဲကျင်းပလေ့ ရှိပါတယ်.. မြန်မာ့ယဉ်ကျေးမှုနဲ့ သတ်မှတ်ထားတဲ့ ဘာသာရေးပွဲတော်တွေကတော့

တန်ခူးလ- နှစ်သစ်ကူးပွဲတော်
ကဆုန်လ- (ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်
နယုန်လ- မဟာသမယနေ့
ဝါဆိုလ- ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လ- မေတ္တာအခါတော်နေ့
တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လ- အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလ- သာမညဖလ အခါတော်နေ့
နတ္တော်လ- ဓမ္မစာဆိုတော်များနေ့
ပြာသိုလ်လ- ရှင်တစ်ထောင်အခါတော်နေ့
တပို့တွဲလ- ဩ၀ါဒပါတိမောက်အခါတော်နေ့
တပေါင်းလ- မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ တို့ဆိုပြီး သတ်မှတ်ထားပါတယ်။

အဲဒီပွဲတော်များအနက် ယနေ့ မြန်မာကောဇာ သက္ကရာဇ် ၁၃၇၁ ခု တော်သလင်း လပြည့်နေ့မှာ ကျရောက်တဲ့ ဘာသာရေး ပွဲတော်ကတော့ ဂရုဓမ္မ အခါတော်နေ့ဖြစ်ပါတယ်

ဘုရားရှင် လက်ထက်တော် အခါက ရဟန်းငယ်နှစ်ပါး အစီရ၀တီမြစ်မှာ ရေချိုးပြီး နေပူဆာလှုံနေတဲ့ အချိန်မှာ ဟင်္သာငှက် နှစ်ကောင်ဟာ ကောင်းကင်ကနေ ပျံသန်းလာပါတယ်၊ ရဟန်းငယ်တစ်ပါးက- တပည့်တော် ဒီငှက် ကျောက်ခဲနဲ့ ပစ်ပြမယ်လို့ဆိုတော့ ကျန်တဲ့ ရဟန်းငယ်တစ်ပါးက ဒါကတော့ မဖြစ်နိုင်ပါဘူး လို့ ပြန်ပြောပါတယ်။ ပြောပြောဆိုဆိုနဲ့ ရဟန်းငယ်တစ်ပါးက ကျောက်ခဲကို ကောက်ကိုင်ပြီး ကောင်းကင်မှာ ပျံသန်းနေတဲ့ ဟင်္သာငှက်ကို ပစ်လိုက်ရာ ဘယ်ဖက်မျက်စိကနေ ဖောက်ဝင်သွားပြီး ညာဖက်မျက်စိကနေ ထွက်သွားပါတယ်၊ ဒါကို ကျန်တဲ့ အခြားရဟန်းတွေ မြင်ပြီး .. ဘုရား သာသနာတော်မှာ ရဟန်းပြုနေပြီး ဒီလို လူများအသက်ကို သတ်ရသလား လို့ ကဲ့ရဲ့ကြပြီး ဘုရားရှင်ထံ ခေါ်သွားပါတယ်၊ ဘုရားရှင်က ရှေးရှေး ပညာရှိ သူတော်ကောင်းတွေဟာ မကောင်းမှုကို အနည်းငယ် လုပ်ရုံမျှနဲ့ နောင်တရတတ်ကြတယ်.. သင်တို့က ငါဘုရား သာသနာမှာနေပြီး ဒီလို အမှုကို လုပ်ကြတယ်လို့ မိန့်တော်မူတော့ ရဟန်းတော်များက ရှေးပညာရှိ သူတော်ကောင်းတွေရဲ့ ပြုမူပုံကို ပြန်လည် ဟောပြပါလို့ လျှောက်ထားတဲ့အတွက်…

တချိန်က.. ဘုရားလောင်းတော်ဟာ ကုရုတိုင်း ဣန္ဒပတ္တမြို့ ဓနဉ္စယမင်းကြီးနဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ပါး ဖြစ်ပါတယ်၊ တက္ကသိုလ်ပြည်မှာ ပညာသင်ယူပြီး ပြန်လာတော့ ကုရုတိုင်းမှာ အိမ်ရှေ့မင်းသား ဖြစ်ပါတယ်.. နောက်ပိုင်း ခမည်းတော် မင်းတရားကြီး နတ်ရွာစံတော့ တိုင်းပြည်ရဲ့ ရှင်ဘုရင်ကြီး ဖြစ်လာတယ်.. သူဘုရင်ဖြစ်တဲ့ အချိန်ကစပြီး မင်းကျင့်တရားဆယ်ပါးနဲ့ တိုင်းပြည်ကို အုပ်ချုပ်သလို ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ကိုယ်တိုင်လည်းစောင့် တိုင်းသူပြည်သားတွေ ကိုလည်း လုံလုံခြုံခြုံစောင့်စည်း စေခဲ့တယ်၊ ဘုရားလောင်းအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူတိုင်းငါးပါးသီလ လုံခြုံတဲ့အတွက် မိုးလေ၀သ မှန်ကန်ပြီး တိုင်းပြည်သာယာ ၀ပြောခဲ့တယ်၊

တစ်ဖက်မှာတော့ မိတ်ဆွေ ကလိင်္ဂမင်း အုပ်ချုပ်တဲ့ ကလိင်္ဂတိုင်း ဒန္တပုရမြို့မှာတော့ မိုးလေ၀သ မမှန်လို့ လူတွေ တိရိစ္ဆာန်တွေ ဒုက္ခ ရောက်ကြရပါတယ်၊ မိတ်ဆွေ (ဘုရားလောင်း) အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးတွေ မှန်နေတယ်ဆိုတာ သိရတော့. ကလိင်္ဂတိုင်းသူ တိုင်းသားတွေ အထင်က အဲဒီကုရုတိုင်းမှာ အဉ္စနသန္နိဘ ခေါ်တဲ့ ဆင်ဖြူတော်ကြီးကြောင့် မိုးမှန်တာဖြစ်တယ်.. အဲဒီဆင်ကို ကလိင်္ဂတိုင်းကို ရအောင်ယူရင် မိုးမှန်မယ်လို့ ဆိုတဲ့အတွက် ဘုရားလောင်းပိုင်တဲ့ ဆင်ဖြူတော်ကြီးကို ကလိင်္ဂတိုင်း သယ်ဆောင် လာပါတော့တယ်။ ဒါပေမယ့်လဲ ကလိင်္ဂတိုင်းမှာ မိုးရွာသွန်းခြင်း မရှိခဲ့ဘူး။

နောက်ဆုံးတော့ ဘုရားလောင်း အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးရွာရခြင်းရဲ့ လျှို့ဝှက်ချက်က ရှင်ဘုရင် အပါအ၀င် တိုင်းသူ ပြည်သားအားလုံး ကုရုဓမ္မခေါ်တဲ့ ငါးပါးသီလကို စောင့်ထိန်းလို့ မိုးမှန်တယ်ဆိုတာ သိရတော့ ကလိင်္ဂမင်းလည်း ကုရုဓမ္မကို ရွှေပေလွှာမှာ ကူးယူစေပြီး ကိုယ်တိုင်လည်းကျင့် သူတစ်ပါးကိုလည်း ကျင့်သုံးစေတဲ့အတွက် တိုင်းပြည်သာယာပြီး မိုးမှန် လေမှန် ဖြစ်ခဲ့ပါတယ်၊ ဒီလို ကုရုတိုင်းသားတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းခဲ့တဲ့ တရားမို့ ကုရုဓမ္မလို့ ခေါ်တွင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ငါးပါးသီလဟာ လူတိုင်း အမြတ်တနိုး စောင့်ထိန်းအပ်တဲ့အတွက် ဂရုဓမ္မလို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ ဒီတရားတော်ကို ဟောကြားချိန်ဟာ တော်သလင်း လပြည့်နေ့ဆိုတာ တိကျတဲ့ စာပေ အထောက်အထား မရှိပေမယ့် မိုးတွင်းကာလ မိုးခေါင်တဲ့အချိန်မှာ ဒီ ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို လူတိုင်း စောင့်ထိန်းတဲ့ အတွက် မိုးလေ၀သ မှန်ကန်တာကို အကြောင်းပြုလို့ မိုးကာလမှာ ပါဝင်တဲ့ တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ အဖြစ် မြန်မာ့ယဉ်ကျေးမှု က လက်ခံခဲ့တယ် ဆိုတာကို နားလည်နိုင်ပါတယ်၊ လူတိုင်း လိုက်နာသင့်တဲ့ အခြေခံလူ့ကျင့်ဝတ် ငါးပါးသီလကို ကြိုးစား စောင့်ထိန်းခြင်းဖြင့် ယနေ့ကျရောက်တဲ့ ဂရုဓမ္မ အခါတော်နေ့ကို ဆင်နွှဲကြပါစို့။ ။

အရှင်တိက္ခဉာဏာလင်္ကာရ