Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, December 1, 2009

ဘယ်လိုပြောပြော မေတ္တာမပျက်နှင့်

လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ပြောကြ ဆိုကြရတာပါ၊ တစ်ခါတရံ ပြောသူက ပြောပြီးရင် ပြီးရောဖြစ်သွားပေမယ့် ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊
တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့် မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကို ပေးတတ်ပြန်ပါတယ်။

ကကစူပမသုတ်မှာ ဘုရားရှင်ဟောပြတော်မူတာကတော့..
လူတချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊

လူတချို့က မှန်တာရော မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတို်င်းပေါ့၊

လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်၊(လိုရင်တမျိုး မလိုရင်တမျိုး)

လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်၊

လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့..

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာ ဒီငါးမျိုးထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ
ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့..
ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လဲ စိတ်ကို ဘာမှမဖြစ်စေပါနဲ့၊

သူတို့ဘာပြောပြော ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့စကားကိုလဲ မပြောမိစေနဲ့(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)

ပြောချင်သလိုသာ ပြောကြပါတော့ ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်၊
အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ၊

ရန်လိုမှု မုန်းတီးမှု မကျေနပ်မှု မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တ၀ါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်. တဲ့။ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊

လူဆိုတာ ခံစားချက်ရယ် တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ မှန်တာ မခွဲခြားနိုင်ဘဲ လိုရင် လိုသလို မလိုရင် မလိုသလို ပြောတတ်ဆိုတတ်ကြပါတယ်၊ ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့.လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ပြောတာနဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့လို့လဲ မိန့်တော်မူလိုတာဖြစ်ပါတယ်။
ကိုယ့်ပေါ်ကို မကျေနပ်သူ အထင်အမြင်လွဲသူ သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ၊ ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊

မကျေမနပ်ဖြစ်ချိန်မှာရော..မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာမြောင်းကာ ပြုမူပြောဆိုချိန်မှာရော အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။ သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး၊ ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက…ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်လို့ ပြောဆိုစွပ်စွဲခံရဖူးပါတယ်၊ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို..နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာ ငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်၊

တကယ်တော့ စိတ်အရည်အသွေးပြည့်ဝသူ စိတ်သဘောထားကြီးမြတ်သူဆိုတာ ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ မတုန်းမလှုပ်ရှိနိုင်ရမှာပါ၊ ဘယ်လိုပဲကြုံကြုံ ဘာတွေပဲပြောပြော ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘ၀ဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်၊ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ၊

Saturday, November 21, 2009

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့သွားသော ယာဉ်(၂)မျိုး

htpp://www.kannifoundation.orgကူးယူဖော်ပြသည်။


မီးတစ်ဆယ့်တစ်ပါး ၀ဋ်ဆင်းရဲတရားတို့မှ ထွက်မြောက်လိုသောကြောင့် သမထ၊ ၀ိဿနာတရားအားထုတ်ကြရာ၌ နိဗ္ဗာန်သွားရောက်နိုင်သော ယာဉ်(၂)မျိုး ရှိပေသည်။ ထိုနှစ်မျိုးတို့တွင် တစ်ခုခုသောယာဉ်ဖြင့် သွားမှသာလျှင် ဧကန်မုချ မဂ်တံခါး၊ ဖိုလ်တံခါးသို့ ဆိုက်ရောက်နိုင်ပေသည်။ ထိုယာဉ်(၂)ဟူသည်မှာ

၁။ သမထယာနိက

၂။ သုဒ္ဓ၀ိပဿနာယာနိက…တို့ဖြစ်ပါသည်။ အဆူဆူသောဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါများ၊ အဂ္ဂသာဝကအရှင်မြတ်များ…..စသော သံသရာတစ်ဖက်ကမ်းသို့ အရောက်ကူးသွားကြသူတိုင်း ဤယာဉ်နှစ်မျိုးဖြင့်သာ ကူးသွားခဲ့ကြသည်။ ဤယာဉ်နှစ်မျိုးမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပြီ။ မိမိကြိုက်နှစ်သက်ရာတစ်ခုခုကို ရွေးချယ်၍ သွားကြရလေသည်။ ဥပမာအားဖြင့် အမေရိကန်၊ ပြင်သစ်နိုင်ငံကြီးများသို့ ရေလမ်းက သင်္ဘောဖြင့်ဖြစ်စေ၊ လေလမ်းက လေယာဉ်ဖြင့်ဖြစ်စေ သွားနိုင်သကဲ့သို့ ဖြစ်သည်။ ထိုနှစ်မျိုးတို့တွင် တစ်မျိုးကို ရွေးချယ်၍ သွားရောက်နိုင်ပေသည်။ မည်သည့်နည်းဖြင့်သွားသွား နိဗ္ဗာန်ရောက်သည်ဖြစ်စေ၊ မဂ်ရသည်ဖြစ်စေ အကျိုးကား အတူတူပင် ဖြစ်ပါသည်။

သမထယာနိကလမ်းသွားလိုပါက (၃၈)ပါးသော သမထတို့တွင် ဆရာရှာ၍ ဆရာပြသည့်အတိုင်း အားထုတ်ရမည်။ ဆရာညွှန်ပြသည့်အတိုင်း ပထမဈာန်၊ ဒုတိယဈာန်စသည့် အပ္ပနာဈာန်များကို ပါဒက၊ သမသိတ၊ ပုဂ္ဂလဇ္ဈာသယတို့၏အစွမ်းအားဖြင့် ရုပ်နာမ်ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ဆိုက်ရောက်အောင် အားထုတ်ကြသည်။ အချို့မှာ အပ္ပနာဈာန်များကို ရအောင်အားမထုတ်တော့ဘဲ ဥပစာရဈာန်မှထ၍ ရုပ်နာမ်တို့ကို သင်္ခါရတင်ပြီး မဂ်၊ ဖိုလ်ရအောင် အားထုတ်ကြသူများလည်း ရှိပါသည်။ သို့ဖြစ်၍ သမထယာနိကနည်းတွင်ပင် အမျိုးမျိုး အားထုတ်ကြသည်များ ရှိသည်။

သမထယာနိကဟူသည်မှာ သမထပဋိဘာဂနိမိတ်ကို အားထုတ်ပြီးနောက် ၀ိပဿနာကို စီးဖြန်းအားထုတ်ရသောနည်း ဖြစ်သည်။ ၀ိပဿနာယာနိကဟူသည်မှာ သမထပိုင်းကို လုံးဝအားထုတ်မှုမပြုဘဲ ၀ိပဿနာသက်သက်ကိုသာ အားထုတ်ရသောနည်းဖြစ်ပေသည်။ (၀ိသုဒ္ဓိမဂ်၊ မဟာဋီကာ - ၂၊ နှာ - ၃၅၀။ ၃၅၁)

ပထမနည်း သမထယာနိကဖြင့် အားထုတ်လိုလျှင် အာကာသကသိုဏ်းနှင့် အာလောကကသိုဏ်းဟူသော သမထနှစ်မျိုးမှတစ်ပါး ကျန် (၃ဂ)ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်မျိုးမျိုးကို မူတည်အားထုတ်ပြီး ဥပစာရဈာန် သို့မဟုတ် အပ္ပနာဈာန်ရအောင် အားထုတ်ရသည်။ ဤကျမ်းတွင် အာနာပါန၏ ငြိမ်းစေဘိဟူသော ဥပစာရဘာဝနာမှ ၀ိပဿနာကူးပုံကို ပြသထားပါသည်။

ဤနေရာ၌ အချို့ဆရာတို့က `သမထဟာ နိဗ္ဗာန်ကို မရနိုင်၊ မဂ်မရနိုင်´ဟု ပြောလည်း ပြောရဲ၏။ ရေးလည်း ရေးရဲကြ၏။ သမထကို သာသနာပတရားဟူ၍တောင် စွပ်စွဲလိုက်ကြသေး၏။ ဤအချက်၌ သတိထားပါ။ ကျွန်ုပ်တို့ရွာက စံဖြိုးကြီးတွင် ပိုက်ဆံတစ်ပဲတည်းသာ ရှိလေသည်။ တစ်နေ့ ထိုပိုက်ဆံတစ်ပဲနှင့် မုန့်ဆိုင်သို့သွားပြီး မုန့်တစ်ခုကို ၀ယ်စားခဲ့သည်။ ထို့နောက် သူတစ်ပါးအား ပြောပြသည်မှာ `ဒီမုန့်ဆိုင်ကြီး တစ်ဆိုင်လုံးမှာ ငါဝယ်စားတဲ့ မုန့်တစ်ခုသာ အကောင်းဆုံး၊ ကျန်တဲ့မုန့်တွေဟာ ငါဝယ်စားတဲ့မုန့်လောက် အရသာမရှိဘူး၊ ဒါကြောင့် ငါဝယ်စားတာ´ဟု ကြွားလိုက်သေး၏။ အမှန်မှာ ပိုက်ဆံမရှိ၍သာ ထိုကဲ့သို့ ပြောခြင်းဖြစ်ပေသည်။

တစ်အိုးတည်း တစ်ဦးတည်းက အတူတူဖျော်ပြီး ကြော်ထားပါလျှက် သူစားသည့်မုန့်သာ အကောင်းဆုံးဟု ဆိုခြင်းမှာ ယုတ္တိမရှိလှချေ။ ထိုကဲ့သို့ပြောခြင်းကို အခြားမည်သည့်ပုဂ္ဂိုလ်ကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားရှင်တစ်ပါးတည်း ခံတွင်းတော်တစ်ခုတည်းမှ ဟောကြားထားအပ်သော ဓမ္မက္ခန္ဓာချင်းတူပါလျှက် `ဘယ်ဓမ္မက္ခန္ဓာက မဂ်မရဘူး၊ ဘယ်ဓမ္မက္ခန္ဓာကမှ မဂ်ရတယ်´ဟု ပြောဆို၍ ယုတ္တိရှိနိုင်ပါမည်လော။

မဟာသမုဒ္ဒရာသို့ ဆင်းလိုလျှင် ဆင်းရာဌာန ဆိပ်ကမ်းကို ရှာစရာမလိုဘဲ ရောက်ရာဌာနမှ ဆင်းလိုတိုင်း ဆင်းနိုင်ပေသည်။ ထို့အတူပင် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂီပုဂ္ဂိုလ်အား တရားရွေးချယ်ရန်မလို၊ မည်သည့်ကမ္မဋ္ဌာန်းကို အားထုတ်အားထုတ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ချည်းဖြစ်ပါသည်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သော ကမ္မဋ္ဌာန်းဟူ၍ မရှိပါ။ (သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ - ၁၊ နှာ ၃၂၅။ မူလပဏ္ဏာသ အဋ္ဌကထာ - ၂၊ ၃၂၀)

မဟာသတိပဋ္ဌာနသုတ်တော်ကြီးတွင်လည်း `ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ = ရဟန်းတို့ (ယောဂီအပေါင်းတို့) သတ္တ၀ါတို့၏ ဉာဏ်အမြင်စင်ကြယ်ဖို့ရန်အတွက် လမ်းသည် တစ်ကြောင်းတည်းသာရှိ၏´ဟု ဟောကြားထားသည်။ အာနာပါနပဗ္ဗ-ကစပြီး သစ္စပဗ္ဗတိုင်အောင် သတိပဋ္ဌာန်အားဖြင့် လေးပါး၊ တရားကွက်အားဖြင့် (၂၁)ပါးတို့သည် ခရီးတူ၊ စခန်းတူ၊ လမ်းအတူ၊ အကျိုးတူ ဧကာယန မဂ္ဂဟု ဟောကြားထားသည်။ ထိုသို့ဖြစ်ပါလျှက် အာနာပါနက သမထအလုပ်၊ မဂ်မရနိုင်ဘူး၊ နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်ဘူး…စသည်ဖြင့် မပြောကြားသင့်ပေ။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် `အာနာပါနကျင့်စဉ်ကို သတိလက်လွတ်၊ အဆင်အခြင်နည်းသူတို့အား ငါမဟော´ဟု မိန့်တော်မူထားသည်။ မဂ်ရကြောင်းမဟုတ်ဘူး၊ သာသနာပတရားကြီးဟု မဟောခဲ့ပေ။ ပါရမီထူးခြားသူတို့ကို ဟောသောတရားဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

`အာနာပါနကမ္မဋ္ဌာန်းသည် ၀န်လေး၏၊ ခဲယဉ်း၏၊ ခဲခဲယဉ်းယဉ်း အားထုတ်မှသာလျှင် ဖြစ်နိုင်၏၊ လေးလေးစားစား ကြိုးပမ်းအားထုတ်မှသာ ဖြစ်နိုင်၏၊ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓနှင့် အာဇာနည်ပါရမီရှင်များသာ နှလုံးသွင်းနိုင်သော ကမ္မဋ္ဌာန်းဖြစ်၏´ဟု အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသကလည်း မိန့်တော်မူထားသည်။ (ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ - ၂၊ နှာ ၉၈။ ပါရာဇိကကဏ္ဍ အဋ္ဌကထာ - ၂၊ ၂၈။ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ - ၁၊ ၂၇၅)

ယခုကာလပေါ်ပေါက်နေသော ကိုစံဖြိုးကြီးတို့ကဲ့သို့ ပြောထားသည်များ ရှိပါသလော။ ထိုကဲ့သို့ ဟောကြားထားချက်များကို ပဋိသမ္ဘိဒါမဂ်စသော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ များစွာရှိပါသေးသည်။ ကိုးကားပြ၍သော်မှ ကုန်နိုင်စရာ မရှိပါချေ။ ထို့ကြောင့် `အာနာပါနကမ္မဋ္ဌာန်းသည် မဂ်ကိုလည်း ရစေနိုင်တယ်၊ ဖိုလ်ကိုလည်း ရစေနိုင်တယ်၊ နိဗ္ဗာန်ချမ်းသာသို့လည်း သွားနိုင်သော ဆိပ်ကမ်းကြီးသဖွယ်ဖြစ်တယ်´ဟု ဧကန်မှတ်ယူနိုင်ကြပေသည်။ (အကျယ်သိလိုပါမူ ပါရဂူကျမ်းများတွင် ဖတ်ရှုနိုင်ကြပါသည်။)

Thursday, November 19, 2009

ကျမ်းပြုရခြင်းအကြောင်းရင်း

http://www.kannifoundation.orgမှ ကူးယူဖော်ပြသည်။


ဤသမထယာနိက ၀ိပဿနာဖြတ်လမ်း အာနာပါနသရုပ်ပြဋီကာ လက်စွဲကျမ်းကို ခမ်းခမ်းနားနား ရုပ်ပုံအမြောက်အမြားနှင့် ရေးသားရခြင်းအကြောင်းမှာ ကျေးဇူးရှင်၊ ကန္နီမြို့၊ ရွှေသိမ်တော်တောရဆရာတော်ဘုရား ရေးသားတော်မူအပ်သော ယောဂိပါရဂူကျမ်း၊ သစ္စပါရဂူကျမ်း၊ ၀ဋ္ဋပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်း၊ ရွှေဘိုမြို့၊ ပုသိမ်တောကျောင်းဆရာတော် အရှင်ဗုဒ္ဓ၀ံသထေရ်ရေးသားသော ယောဂိပါရဂူကျင့်စဉ်ကျမ်းတို့တွင် ဖော်ပြထားချက်များကို ယောဂီအပေါင်းတို့ ခဲရာခဲဆစ် အဖုအထစ်မရှိဘဲ ကောင်းစွာလိုက်နာကျင့်ကြံနိုင်ကြစေရန် ရေးသားရခြင်း ဖြစ်ပါသည်။

ခဲရာခဲဆစ် အဖုအထစ်ဟူသည်မှာ သံသရာဝဋ်မှာ ကျွတ်လွတ်လိုကြသဖြင့် အာနာပါနစသော သမထ၊ ၀ိပဿနာတရားများကို ကျင့်ကြံကြရာတွင် အားထုတ်သူယောဂီတို့က တရားကိုယ်တရားကွက် လိုအပ်သည်ထက် ပိုသောကြောင့်လည်းကောင်း၊ လိုနေသောကြောင့်လည်းကောင်း ခရီးမပေါက်ဖြစ်တတ်ကြရပေသည်။ ထိုသို့မဖြစ်ဘဲ အာရုံသဘောမှန်ကန်မှသာ မဂ်ဖိုလ်နိဗ္ဓာန်ကို မျက်မှောက်ပြုရပေမည်။

ဘုရားရှင်လက်ထက်တော်က ကြီးခါမှ ရဟန်းပြုရသော တောထွက်အရှင်တစ်ပါးကို မြတ်စွာဘုရားက ဥဒယဗ္ဗယ-ဖြစ်ပျက်တရားကို ပေးသနားတော်မူလတ်သော် ထိုရဟန်းသည် ဂင်္ဂါမြစ်ကမ်းမှ အေးချမ်းသောကျောက်ဖြာထက်တွင် ရေပြင်ကိုကြည့်ရင်း ငါးလာရှာသော ဗျိုင်းအပေါ်တွင် စိတ်ရောက်လျှက် ဥဒယဗ္ဗယ(ဖြစ်-ပျက်)မှ ဥဒကဗက (ရေ-ဗျိုင်း)ဟု အာရုံရောက်သွားတော့သည်။ ထိုသို့ အာရုံလွဲသွားသောကြောင့် တရားမရဖြစ်ခဲ့လေသည်။ မမှားမယွင်း ဖြောင့်စင်းတော်မူကြပါစေ။
အမှန်တကယ်လိုချင်လှသဖြင့် ဤနည်းများအတိုင်း အားထုတ်ကြပါသော်လည်း တရားမတွေ့ဖြစ်ခဲ့ပါလျှင် ဆရာ၏အထံသို့ အမြန်ဆုံး လာရောက်၍ စုံစမ်းမေးမြန်းတော်မူကြပါ။ ၉-ရက်နှင့်အပြီး အားထုတ်နည်းကို ပေးအပ်ပါမည်။ ဤနေရာ၌ အထူးမှာလိုသည်မှာ စာကိုဖတ်၍ အားထုတ်ရခြင်းထက် ဆရာနှင့်အားထုတ်ခြင်းက ပိုကောင်းပါသည်။

ထိုအကြောင်းနှင့်စပ်၍ ဘုရားရှင်လက်ထက်တော်က ဇာတ်ကြောင်းတစ်ခုကို တင်ပြလိုပါသည်။ ဘုရားရှင်လက်ထက်တော်အခါက သံဃာ့ဂိုဏ်းကြီးများကို ပရိယတ်စာပေများကို ပို့ချနေသော မဟာသီဝမထေရ်ကြီးသည် မိမိပို့ချလိုက်သော တရားများဖြင့် ရဟန္တာဖြစ်သွားကြသူများရှိသော်လည်း မိမိကိုယ်တိုင်မူကား တရားမရဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် `မိမိသည် စာတတ်ပေတတ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် အားထုတ်လိုက်လျှင် ခဏချင်း တရားထူးရလိမ့်မည်´ဟု အထင်ကြီးနေသောကြောင့် ဖြစ်ပေသည်။ တပည့်ရဟန္တာများချည်း သုံးသောင်းကျော်ရှိသည်ဟု ဆိုပါသည်။

နောင်သောအခါ မိမိကိုယ်တိုင် အားထုတ်ကြည့်သောအခါ တစ်နေ့ရလိမ့်နိုးနိုး၊ တစ်ညရလိမ့်နိုးနိုး အားထုတ်ပါသော်လည်း တစ်နှစ်မရ၊ နှစ်နှစ်မရ၊ နှစ်ပေါင်း ၃၀-တိုင်တိုင် အားထုတ်ပြီး သုံးခါငိုပြီးနောက်မှ တရားရခဲ့သကဲ့သို့ ဖြစ်တတ်ပါသည်။ သတိပြုသင့်ပါသည်။

Saturday, October 3, 2009

အဘိဓမ္မာ ရှင်းစရာ


အဘိဓမ္မာ ရှင်းစရာ

သံကိုသံဖျက် သံချေးတက်သလို စိတ်ကို မှီပြီး စိတ်ကို ဖျက်ဆီးနေတာက စိတ်ရဲ့အပူ အခိုးအငွေ့ဖြစ်တဲ့ကိလေသာပါ။ စိတ်ထဲကိလေသာဝင်လာတာနဲ့ စိတ်ရဲ့ထိန်းချုပ်နိုင်တဲ့ စွမ်းအားတွေ ပျက်ပြယ်သွားတယ်။ ကိလေသာဟာ အေးမြတဲ့စိတ်ကို ပူလောင်စေတယ်။ စင်ကြယ်တဲ့စိတ်ကို ညစ်နွမ်းစေတယ်။ တရား အရှိကို မမြင်ရအောင် ဖုံးအုပ်ထားတယ်။ ကောင်းမှုပြုခွင့်ကို တားမြစ်ပိတ်ပင်ထားတယ်။ စိတ်ကိုနာကျင်အောင် နှိပ်စက်ညှင်းပန်း တယ်။ မလိုချင်တာတွေပေးတယ်။

ရှေ့ကိုသွားသယောင်ယောင် ဟန်ဆောင်ပြီး နောက်ကိုသာ ပြန်ပို့နေတတ်တယ်။
တရားအလုပ် မလုပ်ရင် ကိလေသာဟာ ဘယ်သူ့ကိုမှ မငဲ့ညှာ မထောက်ထားဘူး။
အသက်ကြီးရုံ အချိန်ကုန်ရုံနဲ့ အလိုအလျောက် ရပ်တန့် နောက်ဆုတ် သွားတာမဟုတ်ဘူး။ ဘ၀ကူးအာမခံချက်ကိုတောင် မွှေနှောက်ဖျက်ဆီးပစ်တတ်တယ်။ တရားကင်းကွာရင် အသက်ကြီးတော့ ပိုသောင်းကျန်းတတ်တယ်။ ကြီးလေ ဆိုးလေ ဖြစ်တတ်တယ်။ မောဟ အမှောင်ကို အကာအကွယ်ယူထားတဲ့ ကိလေသာဟာ စိတ်ရဲ့အကျိုးကို လိုလားသယောင် မိတ်ဆွေ ဟန်ဆောင်ပြီး ၀င်လာတတ်တယ်။

စိတ်နှင့်ယှဉ်တွဲမိတာနဲ့ တပြိုင်နက် အတွေးအပြောအလုပ်လွဲအောင် စိတ်ကို အလဲတွန်းချတတ်တယ်။ ကိုယ့်စိတ်ကို ကိုယ်လိုသလို မသုံးနိုင်တော့ဘူး။ ကိလေသာဆိုတာ မျက်စိနဲ့ကြည့်လို့လဲ မမြင်ရဘူး။ လက်နဲကိုင်ကြည့်လို့လဲ မတွေ့ရဘူး။ ခေတ်မီစက်ကိရိယာမျိုးစုံနဲ့ စမ်းကြည့်လို့လဲ မရဘူး။

စိတ်မှာ ကိလေသာဝင်လာရင် ပူလောင်ညစ်နွမ်း ပင်ပန်းရှုပ်ထွေးရတာလဲ အမှန်ပဲ။ ဗုဒ္ဓကျေးဇူးကြောင့် သာ ကိလေသာကို သိရတာပါ။ ကိလေသာ အကျဉ်း ၁၀၊ အကျယ် ၁၅၀၀-ဆိုတာ ဆင်းရဲအပူ တည်ဆောက်ရေးအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ အ၀ိဇ္ဇာဆိုတဲ့ မောဟက ဥက္ကဋ္ဌ-ပါ။ တဏှာဆိုတဲ့ လောဘက အတွင်းရေးမှူးပါ။ ကျန်တဲ့ကိလေသာတွေက အဖွဲ့ဝင်တွေ ပါ။ ဥက္ကဋ္ဌ အ၀ိဇ္ဇာက အမှန်သဘောကို ဘာမှမသိ။

အတွင်းရေးမှူး တဏှာက အလိုပြီးပြည့်စုံနိုင်တယ်လို့ လုံးဝမရှိ။ ခန္ဓာပစ္စည်းရှာလို့ မပြီးစီး မပြည့်ဝမီမှာပဲ အိုနာသေကြရတယ်။ အဲဒီမသိနဲ့ မပြည့်ဆိုတဲ့ အ၀ိဇ္ဇာတဏှာနဲ့ပဲ သံသရာလည်နေကြရတယ်။ သံသရာဒုက္ခ မပြတ်နိုင်အောင် ချည်နှောင်ဆက်စပ် ပေးနေတဲ့ အခိုင်မာဆုံး သံသရာ ကြိုး နှစ်ချောင်းဖြစ်ပါတယ်။

ကိလေသာကို နိုင်တဲ့လက်နက်က စည်းကမ်းလိုက်နာတဲ့ သီလ၊ အာရုံပေါ် စူးစိုက်တဲ့ သမာဓိ၊ အရှိကို မြင်အောင်ကြည့်နိုင်တဲ့ ပညာ၊ အဲဒီ သိက္ခာသုံးပါးပဲ ရှိတယ်။ လောကမှာ အဖိုးတန် ကျောက်မြက် ရတနာဆိုတာ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ တူးဖော်ပြီး ပြုပြင်ပေးနိုင်မှ အဖိုးတန်အဆင့် ရောက်လာနိုင်သလို လူ့စိတ်ဓာတ်လည်း ကိလေသာဆိုတဲ့ ကျောက်ခဲ သဲထဲ မြေထဲက ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး ပြုပြင်ပေးနိုင်မှ စိတ်ကောင်းပေါ်လာပါတယ်။ လူကောင်း ဖြစ်ခွင့် ရနိုင်ပါတယ်။

ကိလေသာဆိုတာ တကယ်ကြောက်ရတဲ့ ကြောက်ခဲ-အစစ်ပါ။ ယပင့်ကျောက် မဟုတ်ဘူး။ ရရစ်ကြောက်ပါ။ လူအချင်းချင်းကြောက်ရတာ ကိလေသာကြောင့်ပါ။ သူ့ကိုတွေးကြောက်နေရတာလဲ ကိလေသာကြောင့်, ကိုယ်က တွေးကြောက်နေရတာလဲ ကိလေသာကြောင့်ပါ။ ကြောက်စရာ ဆင်းရဲအပူ အားလုံး ကိလေသာကြောက်ခဲက မြစ်ဖျားခံတာပါ။

(ယောဆရာတော်၏ -အဘိဓမ္မာ သိစရာ -စာအုပ်မှ ထုတ်နှုတ် ပူဇော်ပါသည်။)

Friday, September 18, 2009

ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း

http://www.kannifoundation.org http://tknn.org/ မှာလဲ ဖတ်ရှုနိုင်ပါတယ်၊

ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတို့သည် အမြဲ နိစ္စ ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။

၁။ အိုအိမ်တိုက်တာ (နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။

၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။

၎။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို

အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော

ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက်

သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။

၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့် နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။

၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။

၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။

၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။

၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊

လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅ နှစ်အရွယ်မှာတည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။

၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။

၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ

အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့် လက်ညှိုးမှ နို့ထွက်သည်။

၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူက

အပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။

၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။

၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊

ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွှန်ူသို့ ယူဆောင်သွားကြသည်။

၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)

Tuesday, September 15, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၅)


ပန်ဆင်သင့်တဲ့ ပန်းပွင့်လေးများ အကြောင်းကို ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တာ အပိုင်းလေးပိုင်း ပြီးခဲ့ပါပြီ၊ တနည်းပြောရရင်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ် သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ ဆိုတဲ့ ကျင့်စဉ်တွေကို မိမိကိုယ်တိုင် အသိရှင်းရှင်း လက်တွေ့သွားနိုင်ဖို့နဲ့ စာရှုသူတွေကိုလဲ သိသမျှလေး ဖြန့်ဝေချင်လို့ ဖတ်မိသမျှနဲ့ လက်တွေ့ဘ၀ ပေါင်းစပ်ပြီး ဖော်ပြခြင်းမျှလည်း ဖြစ်ပါတယ်၊

မိမိတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အမြတ်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပါ၊ ဒီနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ကျင့်ကြံရမယ့် ကျင့်စဉ်တွေက သီလ သမာဓိ ပညာဆိုတဲ့ သိက္ခာသုံးပါး ကျင့်စဉ်တွေဆိုတာ အားလုံးလည်း နားလည်ပြီးသား၊ ဒါပေမယ့် အဲဒီကျင့်စဉ်တွေကို ဘယ်လို ကျင့်ရမယ်ဆိုတာ မိမိနားလည်သလို ပြန်လည်ပြောပြချင်လို့ ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီတွေ ဖြစ်လာခဲ့တာ၊

ရှေ့မှာ အပိုင်းလေးအထိ ဖော်ပြခဲ့တာတွေက သီလပန်းတစ်ပွင့်နဲ့ သမာဓိပန်းတစ်ပွင့်ရဲ့ အကြောင်းတွေပါ၊ အခု ကျန်နေတဲ့ ပညာပန်းတစ်ပွင့် သို့မဟုတ် ပညာသိက္ခာအကြောင်းကို သိသလောက်လေး တင်ပြပါရစေ၊

ကျင့်စဉ်ပိုင်းမှာ ပြောနေတဲ့ ပညာဆိုတာ.. ၀ိပဿနာပညာ သို့မဟုတ် ထိုးထွင်းသိပညာကို ရည်ရွယ်တာပါ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ရဲ့ ကျင့်စဉ်ပိုင်းတွေကို ကျင့်တဲ့နေရာမှာလည်း အလွဲအလွဲ အချော်ချော်ဖြစ်မှုတွေ အုတ်ရောရော ကျောက်ရောရော ဖြစ်မှုတွေ ပရိယတ်သမားနဲ့ ပဋိပတ်သမားတို့ရဲ့ ငြင်းခုံမှုတွေကြောင့် စာပေအသိနည်းသူအချို့ ယောင်ဝါးဝါး ဖြစ်ရပြန်တယ်၊ စာတွေ့မပြောနဲ့ လက်တွေ့ပဲပြော ဆိုတဲ့ ပဋိပတ် လ္ဘက်ရည်ကြမ်းဝိုင်း စကားတွေ.. ပေါဋ္ဌိလမထေရ်ကြီးတို့ အရှင်နာဂတို့ စာခံလို့ တရားထူး မရတာဆိုတဲ့ စကားတွေကလည်း သာသနာကို အမှန်တကယ် စောင့်ရှောက်နေတဲ့ ပရိယတ် သံဃာတော်များကို သနားသလိုလို ဖြစ်နေကြပြန်တယ်၊

တကယ်တော့ အသိကော အကျင့်ပါ လက်တွေ့တွဲပြီး သွားနိုင်ရင် အကောင်းဆုံးပါပဲ၊ တခါတရံ နိဗ္ဗေဓိကပညာ ခေါ်တဲ့ ထိုးထွင်းသိ ကျင့်ကြံသိမပါတဲ့ အပေါ်ယံစာသမား တချို့က တရားထူးဆိုတာ ဒီနေ့ခေတ်မှာ မရနိုင်တော့ဘူးလို့ လုပ်လာပြန်တယ်.. ဘုရားရှင် သုဘဒ္ဒရဟန်းကို ဟောခဲ့တဲ့ ဒေသနာတော်ကို မေ့နေကြတယ် ထင်ပါတယ်..

ဘုရားရှင်က.. တရားစစ် တရားမှန်များ တည်ရှိ၍ ကျင့်ကြံညွှန်ပြသူများ ရှိနေသမျှ ခေတ်၊ နှစ်၊ အကန့်အသတ်မရှိ အချိန်အခါမရွေး ဖြစ်နိုင် အရာမရွေးဖြစ်နိုင်တယ် (မဟာပရိနိဗ္ဗာနသုတ်) ဆိုတဲ့ စကားက အလွန်ရိုးရှင်းစွာ သိနိုင်ပါတယ်၊ တစ်ဖက်မှာ သတိထားကြည့်ပြန်ရင်လည်း.. တရားထူးရ ပုဂ္ဂိုလ်ကြီး ဆိုပြီး ဆိုင်းဘုတ်တင်ကာ ပဋိပတ်မာန်ထောင်ပြ နေပြန်တယ်..

ဟန်ချက်ညီတဲ့ အရေးအသား အဟောအပြော ကျင့်ကြံမှုများနဲ့ တရားထူး သိဖို့အရေးမှာ ဆရာအစစ် အမှန်ကို ရှာဖွေနိုင်ဖို့ အရေးကြီးတယ် (ယထာဘူတံ ဥာဏာယ သတ္ထာ ပရိယေသိတဗ္ဗော)

မိမိဂုဏ်သိက္ခာ နာမည်ကျော်ကြားလိုမှုကြောင့် အမှားကို အမှန်ဖြစ် အမှန်ကို အမှားဖြစ်အောင် ဟောပြော ဖြန့်ဝေ လုပ်ကြံနေတဲ့ ၀ါဒတွေကို သတိထားနိုင်ဖို့လဲ လိုအပ်တယ်. ဆရာအစစ် အမှန်အရေးကြီးသလို မိတ်ကောင်းဆွေကောင်းဟာလဲ သီလ သမာဓိ ပညာကျင့်စဉ်ကို ကျင့်တဲ့နေရာမှာ ရာနှုံးပြည့် အင်အားဖြစ်တယ် ဆိုတာကို မမေ့သင့် (သကလမေ၀ ဟိဒံ… ယဒိဒံ ကလျာဏမိတ္တတာ)။

ပညာသိက္ခာကို ဖြည့်ကျင့်နိုင်ဖို့ သီလသိက္ခာ-ကိုယ်ကျင့်တရား ကျင့်စဉ်နဲ့ သမာဓိသိက္ခာ. စိတ်စွမ်းရည်မြှင့်တဲ့ကျင့်စဉ်တွေကို အစဉ်အတိုင်း ကျင့်ယူရမယ်၊ သီလကို အခြေပြုပြီးကျင့်တဲ့ အကျင့်မှလဲ ရုပ်နာမ် တရားအပေါ်မှာ ထိုးထွင်းသိတဲ့ ပညာကို ရနိုင်မှာပါ၊ မဟာသတိပဋ္ဌာန သုတ်မှာ ဘုရားရှင် ရဲရဲတောက် ၀န်ခံခဲ့တာက..

၁။ သတ္တ၀ါတို့ရဲ့ စိတ်စင်ကြယ်ဖို့
၂။ ၀မ်းနည်းခြင်း ပူဆွေးခြင်း စိုးရိမ်ခြင်း ကြောင့်ကြနေရခြင်းတွေကို ကျော်လွှားနိုင်ဖို့
၃။ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတွေ အပြီးသတ် ချုပ်ငြိမ်းသွားဖို့
၎။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ထိုးထွင်းသိဖို့
၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့… တစ်ခုတည်းသော လမ်းက သတိပဋ္ဌာန်တရား ရှုမှတ်ပွားများခြင်းပါ-လို့ တိတိကျကျ မိန့်တော်မူခဲ့တာမို့ ယုံကြည်စွာ ကျင့်ကြံအားထုတ်ရင် သေချာတဲ့ အကျိုးတရားတွေ ရောက်လာပါလိမ့်မယ်၊ လောကီ အကျိုးစီးပွား ဆိုတာကတော့ ပြောစရာ မလိုလောက်အောင် ဖြစ်လာမှာပါ။

ဘုရားရှင်ဟောပြတဲ့ သတိပဋ္ဌာန်တရား လေးပါးဆိုတာ..

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်- အဲဒီအပိုင်းမှာ ၀င်လေ ထွက်လေကို ရှုမှတ်မှု၊ သွားရင် သွားတယ် စားရင် စားတယ်လို့ရှုမှတ်မှု၊ သတိသမ္ပဇဉ်နဲ့ ဆင်ခြင်ပိုင်းခြားမှု၊ မိမိရဲ့ ခန္ဓာမှာရှိတဲ့ အစိတ်အပိုင်းတွေကို စက်ဆုပ်ဖွယ်ရာ အဖြစ်ရှုမှတ်မှု ၊ မာမှု ပျော့မှု အေးမှု ပူမှုစတဲ့ ဓာတ်သဘောတွေကို နှလုံးသွင်းပိုင်းခြားမှု အသုဘကိုးမျိုးကို ဆင်ခြင်းပိုင်းခြားမှု ဆိုပြိး ပညာသိက္ခာဖြည့်ကျင့်မှုအတွက် နည်းလမ်းတွေ အမြောက်အများ ပါဝင်ပါတယ်၊ (အသေးစိတ် ကျင့်စဉ်တွေကိုတော့ ဆိုင်ရာစာအုပ်များမှာသာ ဆက်လက် လေ့လာစေလိုပါတယ်)။

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်-ကိုယ့်ရဲ့ Feeling- ကို အစပြုပြီး ဆင်းရဲခြင်း ချမ်းသာခြင်း စတဲ့သဘောတရား၊ ဒီသဘောတရား ဝေဒနာနဲ့တွဲပြီးဖြစ်ပေါ်တဲ့ ရုပ်နာမ်တွေကို မြင်အောင် ရှုရပါမယ်။

၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်- လိုချင်မှုဖြစ်ရင် ငါလိုချင်မှုဖြစ်နေတယ်..ဒေါသဖြစ်ရင် ငါဒေါသဖြစ်နေတယ် စသည်ဖြင့် သိအောင်ရှုမှတ်ရပါမယ်.

၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်- ရုပ်နာမ်တရားတို့ရဲ့ ဖြစ်ခြင်း အကြောင်းကို သိမ်းဆည်းပြီး အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာကို ရှုမှတ်ရမှာပါ။

ဒီသတိပဋ္ဌာန်တရား လေးပါးကို အနှစ်ချုပ် ရှုမှတ်နိုင်တာက ခန္ဓာငါးပါးကို အနိစ္စ-မမြဲ၊ ဒုက္ခ-ဆင်းရဲ၊ အနတ္တ- အစိုးမရ ဒီလိုရှုမှတ်ရင် သတိပဋ္ဌာန်တရား လေးပါးလုံး အကျုံးဝင်သွားတယ်လို့ မှတ်ယူနိုင်တယ်။ (ကာယ- ရူပက္ခန္ဓာ။ ဝေဒနာ- ဝေဒနာက္ခန္ဓာ။ စိတ္တ-၀ိညာဏက္ခန္ဓာ၊ ဓမ္မ- သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ- လို့ မှတ်ထားနိုင်ပါတယ်)

ဘုရားရှင် ဟောကြားတော်မူတဲ့ သစ္စာတရားဟာ ဒီကမ္ဘာမှာ အကြီးကျယ်ဆုံး ကြောင်းကျိုး ဆက်စပ်မှုတရားဖြစ်လို့ ဒီအမှန်သစ္စာ တရားကို ထိုးထွင်းသိအောင် ပညာသိက္ခာ ပန်းတစ်ပွင့်ကို ပန်ဆင်နိုင်မှ.. တော်ကာကျမှာပါ၊

သီလပညာနဉ္စ လောကသ္မိံအဂ္ဂမက္ခာယတိ- သီလနဲ့ ပညာဟာ လောကမှာ အမြတ်ဆုံးလို့ ဆိုတဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုကြည့်ရင် ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုထက် စိတ်ပိုင်းစိတ်ရာ တိုးတက်မှုကို ပိုပြီးတန်ဖိုးထားကြောင်း နားလည်နိုင်ပါတယ်၊

မိမိရဲ့ဘ၀မှာ ကိုယ့်ကျင့်တရား-သီလသိက္ခာကို ဖြည့်ကျင့်ပြီး စိတ်စွမ်းရည် မြှင့်တင်အသုံးချမှု- သမာဓိသိက္ခာကို ဆက်ကျင့်ရပါမယ်၊ ပြီးမှ ပညာသိက္ခာကို ဖြည့်ကျင့်ရင် ဒီလူဟာ လောကမှာ အမြတ်ဆုံး လူသား ဖြစ်ခွင့်ရပါပြီ၊ ဒီလို ကျင့်စဉ်တွေကို ဖြည့်ကျင့်တဲ့ နေရာမှာလဲ လွယ်ကူခြင်း ခက်ခဲခြင်းဆိုတာ မိမိတို့ရဲ့ စိတ်အပေါ်မှာပဲ မူတည်ပါတယ်.. စိတ်ဆောင်တော့ အောင်ဆိုတဲ့ လောက စကားပုံရှိတယ် မဟုတ်လား၊

ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားခြင်း၊ စိတ်စွမ်းရည် မြှင့်တင် ဖော်ထုတ်ခြင်းနဲ့ တရားရှုမှတ်ခြင်းဟာ လူပျင်းတို့ရဲ့ အလုပ်-အလုပ်မရှိ အကိုင်မရှိသူတို့ရဲ့ အလုပ်လည်း မဟုတ်ပါဘူး အမှန်တရားကို မြတ်နိုးသူတို့ ဘ၀ဆင်းရဲအပေါင်းက လွတ်မြောက်လိုသူတိုင်း ကျင့်ယူရမယ့် မွန်မြတ်တဲ့ ကျင့်စဉ်တွေ ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူး၊ ဒါကြောင့် သာသနာတော်နဲ့ ကြုံနေတုန်း ဆရာကောင်းတွေ ပေါများနေတုန်း အခွင့်အရေးကို မိမိအတွက် အရယူကာ သီလပန်း သမာဓိပန်း ပညာပန်းပွင့်လေးတွေကို မြတ်နိုးစွာ ပန်ဆင်ရင်း အခက်အခဲတွေကို ကျော်လွှားကြပါစို့ လို့ ဆန္ဒပြုပါရစေ။

(၀န်ခံချက်) ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီဆောင်းပါးကို ရေးသားရာမှာ.. ငါသိ ငါတတ်လုပ်၍ ရေးခြင်းမဟုတ်ဘဲ၊ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များ၊ ၀ိသုဒ္ဓိမဂ် ဘာသာပြန်၊ ဒေါက်တာမင်းတင်မွန်ရဲ့ အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်၊ ဆရာကြီးဦးဋ္ဌေးလှိုင်ရဲ့ ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ၊ တည်တော ဆရာတော်ကြီးရဲ့ သီလဟူသည်.. စာအုပ်များကို ဖတ်ရှု၍. မိမိနားလည်သလို ပြန်လည် ဖြန့်ဝေခြင်းမျှသာဖြစ်ပါတယ်၊ အမှားအယွင်း တစ်စုံတစ်ရာပါရှိက မိမိတာဝန်သာ ဖြစ်ပါတယ်။)

အရှင်တိက္ခဉာဏာလင်္ကာရ

Tuesday, September 8, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၄)


သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ရဟန်းတို့! သမာဓိကို ပွားများကြလော့၊ သမာဓိရှိတဲ့ ရဟန်းဟာ အမှန်သဘောတရားကို ခွဲခြားသိနိုင်၏။ (အင်္ဂုတ္တရနိကာယ်)

ဗုဒ္ဓသာသနာတော်ရဲ့ သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ ဆိုတဲ့ သိက္ခာသုံးမျိုး ကျင့်စဉ်သုံးမျိုးကို ပန်းပွင့်နဲ့ တင်စားပြီး သီလပန်းတစ်ပွင့်ရဲ့ အကြောင်းအရာကို မိမိနားလည်သလို ဖော်ပြခဲ့တယ်၊ ဒီနေရာမှာ မိမိတို့ရဲ့ကျင့်စဉ် တစ်ခုကို လေ့ကျင့်တဲ့နေရာမှာ ကိုယ်လုပ်ရမယ့် ကိုယ်ကျင့်ရမယ့် လမ်းစဉ်ကို ရှင်းရှင်း လင်းလင်း သိထားဖို့လိုအပ်ပါတယ်၊ သမာဓိဆိုတာ ဘာလဲ၊ ဘာကြောင့်သမာဓိကို ပွားများသင့်တာလဲ၊ သမာဓိကို ပွားများတော့ ဘာဖြစ်မှာလဲ၊ သမာဓိကို မပွားများရင်ကော ဘယ်လိုဖြစ်မလဲ ဆိုတဲ့ မေးခွန်းတွေနဲ့အတူ သမာဓိပန်းတပွင့်ရဲ့ အကြောင်းကို တင်ပြချင်ပါတယ်။ အဘိဓမ္မာမှာတော့ သမာဓိ ဆိုတာကို ဧကဂ္ဂတာ- အာရုံတစ်ခုတည်း အပေါ်မှာ စိတ်ကိုထားမှုလို့ ဖော်ပြတယ်၊ မဂ်ဥာဏ်ရဲ့ အသင်းအပင်း (ဗောဓိပက္ခိယ) (၃၇)ပါးမှာလဲ သမာဓိဆိုတာကို သမာဓိနြေ္ဒ၊ သမာဓိဗိုလ်၊ သမာဓိဗောဇ္ဈင် သမ္မာသမာဓိမဂ္ဂင် စတဲ့ နာမည် အမျိုးမျိုးနဲ့ ဟောထားတာကို တွေ့ရပါတယ်။

စိတ်သည် လောကကို ဦးဆောင်၏၊ စိတ်သည် လောကကို ဆွဲငင်၏၊ အလုံးစုံသောတရား တို့သည် စိတ်ဟုဆိုအပ်သည့် တစ်ခုတည်းသော တရား၏အလိုသို့ အစဉ်လိုက်ပါကြရ၏ လို့ ဟောပြတော်မူတဲ့ ဒေသနာတစ်ခု ရှိပါတယ်။ ဆိုလိုတာက စိတ်ဟာ အစွမ်းအထက်ဆုံး တန်ခိုးအရှိဆုံး အရာဖြစ်တယ်လို့ မီးမောင်းထိုးပြတဲ့ သဘောပါ၊ ဒီလိုဆိုရင် မိမိတို့ရဲ့ စိတ်က ဘာဖြစ်လို့ အစွမ်းမထက်တာလဲ မေးစရာရှိလာတယ်၊ အဖြေကတော့ မိမိတို့ရဲ့ စိတ်ဟာ တည်ငြိမ်မှုမရှိလို့ လို့ ဖြေဆိုရုံပါပဲ၊ မိမိစိတ်လေး အစွမ်းထက်ချင်တယ် သစ္စာဆိုက်ရေးအတွက် ကျင့်ကြံချင်တယ်ဆိုရင် အာရုံတွေအပေါ်မှာ ပြေးလွှားနေတဲ့စိတ် မပျံ့လွင့်အောင် တည်ငြိမ်အောင် လေ့ကျင့်ယူဖို့ပါပဲ၊ ဒီလို စိတ်ကို အာရုံတစ်ခုတည်း အပေါ်မှာ ကောင်းမွန်စွာ ထားနိုင်ခြင်းကိုပဲ သမာဓိလို့ ခေါ်တာပါ၊ သူ့ရဲ့ ကိစ္စတာဝန်က စိတ်ကို မပျံ့လွင့်အောင် ပယ်ရှားပေးခြင်းဖြစ်ပြီး တရားဘာဝနာ ကျင့်ကြံသူရဲ့ ဥာဏ်မှာတော့ တည်ငြိမ်ရင့်ကျက်ခြင်းဆိုတဲ့ အာရုံ ရှေးရှု ပေါ်ပေါက်လာပါတယ်၊ သမာဓိဖြစ်ဖို့ အနီးဆုံး အကြောင်းတရား ကတော့ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းပါ၊ ဗုဒ္ဓရဲ့ မိန့်မှာချက်ကတော့ ချမ်းသာသောသူ၏ စိတ်သည် တည်ကြည်၏-လို့ မိန့်တော်မူတယ်။

ပြန့်ကျဲနေတဲ့ နေရောင်ခြည်တွေကို စုစည်းလိုက်တဲ့အခါ အံ့ဩစရာကောင်းတဲ့ ပူလောင်စေတဲ့ စွမ်းရည်တွေ ဖြစ်လာသလို ပြန့်ကျဲနေတဲ့စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်တဲ့အခါ အံ့ဩစရာ စိတ်စွမ်းရည်တွေ စိတ်ထက်မြက်မှုတွေ မြင့်တက်လာမှာ သေချာလှပါတယ်။ ဒီနေရာမှာ ဘာကြောင့် သမာဓိကို ပွားများသင့်တာလဲလို့ မေးရင် စိတ်စွမ်းရည် မြင့်တက်လာဖို့ မြင့်တက်လာတဲ့ စိတ်စွမ်းအားနဲ့ အမှန်ကို အမှန်အတိုင်းသိနိုင်ဖို့ သမာဓိကို ပွားများပါတယ်လို့ ဖြေဆိုဖို့ပါပဲ၊ သမာဓိ ပွားများပုံကို ဘုရားရှင်က နည်းလမ်းပေါင်း လေးဆယ် ရှိတယ်လို့ လမ်းညွှန်ပြခဲ့တယ်၊ စာလိုကတော့ ကမ္မဋ္ဌာန်း လေးဆယ်ပေါ့၊ ဒီနည်းလမ်းတွေကို သိသူတွေ စိတ်ငြိမ်းချမ်းမှု လိုလားသူတွေ လက်တွေ့ကျင့်ကြံ ခရီးပေါက်နေကြပြီး မသိသူတွေလည်း အမှန်တရားနဲ့ ဝေးနေကြဆဲပါ။

သမာဓိ ပွားများတဲ့နေရာမှာ နည်းလမ်း လေးဆယ်လုံးကို တပြိုင်နက် ပွားများစရာ မလိုဘဲ နည်းလမ်းတစ်ခုမှာ ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိ အဆင့်ရောက်အောင် လေ့ကျင့်ယူပြီးရင် ကျန်တဲ့နည်းလမ်းတွေကို အလွန်လွယ်ကူစွာ လေ့ကျင့်နိုင်ပြီ ဖြစ်ပါတယ်၊ အဲဒီ သမာဓိပွားများနည်း နည်းလမ်းလေးဆယ်ထဲက အာနာပါနဿတိ ကမ္မဋ္ဌာန်းလို့ခေါ်တဲ့ ၀င်လေ ထွက်လေ ရှုမှတ်နည်း သမာဓိ လေ့ကျင့်ခန်းဟာ လူသိများတဲ့ သမာဓိပွားများနည်းဖြစ်ပါတယ်၊ အာနာပါနပွားများပုံ အစီအစဉ်တွေကို ဒီလင့်လေးမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ် http://tknn.org/index.php?PHPSESSID=e1a737738d616474b3037e8390d34e44&topic=2.0

ဘာဝနာပွားများသူ စိတ်လေ့ကျင့်သူရဲ့ အဆင့်အလိုက် သမာဓိတွေ အဆင့်အတန်းတွေလည်း အမျိုးမျိုး ကွဲသွားနိုင်ပါတယ်၊ တရားရှုမှတ်ဖူးသူများ သိပြီးတဲ့ သမာဓိတွေကတော့ ပရိကမ္မသမာဓိ-စပြီး အခြေပြုမိတဲ့ သမာဓိ၊ ဥပစာရ သမာဓိ-စိတ်အတော် တည်ငြိမ်လာပြီး ဈာန်ကိုကူးရန် နီးစပ်တဲ့ သမာဓိ။ အပ္ပနာသမာဓိ-စိတ် အလွန်တည်ငြိမ်လာပြီး ဈာန်ကို ၀င်ရောက်နေသော သမာဓိမျိုးတွေနဲ့ လောကီသမာဓိ လောကုတ္တရာ သမာဓိ စသည်ဖြင့် ကွဲပြားသွားပါ လိမ့်မယ်၊ ဒီလိုလေ့ကျင့်ရင်း မိမိတို့ရဲ့ စိတ်စွမ်းရည်တွေ မြင့်မားလာတာကို ကိုယ်ပိုင်ဥာဏ်နဲ့ သိလာတဲ့အခါ တိုးပြီးလေ့ကျင့်လိုတဲ့ စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာမှာ သေချာပါတယ်၊ စမိဖို့ ခက်ပေမယ့် စလိုက်ပြီးလို့ သမာဓိရဲ့ စွမ်းဆောင်နိုင်မှုကို နားလည်သွားပြီ ကိုယ်တိုင်သိသွားပြီ ဆိုရင်တော့ ဘယ်သူတားတား တားလို့မရလောက်အောင် သမာဓိပွားများတဲ့ စိတ်လေ့ကျင့်ခန်းကို လေ့ကျင့်နေတော့မှာ သေချာတယ်၊ ဒီလိုဆိုတော့ ယခု စာရှုနေသူတို့ရဲ့ ဘ၀အောင်မြင်ရေး စိတ်စွမ်းရည်မြင့်မားရေး ငြိမ်းချမ်းစွာ နေနိုင်ရေးဟာ စာရှုနေသူတို့ရဲ့ စိတ် စေတသိက်ထဲမှာ ရှိနေတယ်လို့ နားလည်ရပါလိမ့်မယ်၊ ငုပ်လျှိုးနေတဲ့ စိတ်စွမ်းရည်တွေကို အခုလို ဘုန်းကံကြီးတဲ့ သာသနာတော်ကြီးနဲ့ ကြုံခိုက် အစွမ်းကုန် ဖော်ထုတ်ထားသင့်လ ပါတယ်၊ ဒီလို စိတ်စွမ်းအင်တွေ စိတ်စွမ်းအားတွေ ဖော်ထုတ်နိုင်မယ် သမာဓိတွေပွားများနိုင်မယ်ဆိုရင် အံ့ဩစရာ စိတ်စွမ်းအားတွေကို ပိုင်ဆိုင်မှာ မလွဲပါဘူး။

သစ္စာတရား ရှာပုံတော်မှာ လျှောက်လှမ်းကျင့်ရမယ့် မဂ္ဂင်ရှစ်ပါး လမ်းကြောင်းမှာလည်း သီလမဂ္ဂင် သုံးပါး ပါဝင်သလို သမာဓိမဂ္ဂင် သုံးပါးလည်း ပါဝင်တာကို အားလုံးနားလည်နိုင်ပါမယ်၊ မဂ္ဂင်ထိုက်တဲ့ သီလဟာ အကြမ်းစားကိလေသာ လွန်ကျူးတဲ့ ကိလေသာကို ဖယ်ရှားနိုင်သလို မဂ္ဂင်ထိုက်တဲ့ သမာဓိဟာလည်း အပြင်ဖက်မှာ လွန်ကျူးတဲ့ အဆင့်မရောက်ပေမယ့် စိတ်ထဲမှာ ထကြွ သောင်းကျန်းနေတဲ့ ကိလေသာ တွေကို ဖယ်ရှားနိုင်သွားမှာ အသေအချာပါ၊ နောက်ဆုံး ဒီသမာဓိဟာ လောကုတ္တရာ အဆင့်ရောက်ပြီ ဆိုရင်တော့ ကာမနဲ့ ပတ်သက်တဲ့ စိတ်ကူးတွေ မကျေမနပ် ဖြစ်တာတွေ ထိုင်းမှိုင်းလေးလံ မလှုပ်ချင် မကိုင်ချင်ဖြစ်တာတွေ စိတ်ပျံ့လွင့်တာ လူနဲ့စိတ် ကပ်မနေတာတွေ သံသယတွေကိုပါ ပယ်ရှားပစ်နိုင်မှာပါ (လက်တွေ့ ကျင့်ကြည့်ရင် လက်တွေ့ ဒီသဘောတရားတွေကို သိလာပါလိမ့်မယ်) ဒါကြောင့် သမာဓိဆိုတာ စိတ်စွမ်းရည် မြင့်စေတဲ့ အလုပ်တစ်ခုဖြစ်ပြီး လေ့ကျင့်ရင် လေ့ကျင့်သလောက် ပွားများရင် ပွားများသလောက် ကိုယ့်စိတ်ကို တစ်ကန့်စီ သန့်ရှင်းနိုင်မှာဖြစ်ပြီး သမာဓိ မပွားများ မလေ့ကျင့်ရင်တော့ စိတ်တွေမော လူတွေမော စိတ်ညစ် စိတ်မချမ်းသာ စတဲ့ သဘောတွေနဲ့ ကြုံတွေ့ရမှာပါ။

ဘုရားရှင်က အရေးတကြီး မိန့်တော်မူနေတာက…. သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ရဟန်းတို့! သမာဓိကို ပွားများကြလော့၊ သမာဓိရှိတဲ့ ရဟန်းဟာ အမှန်သဘောတရားကို ခွဲခြားသိနိုင်၏ တဲ့။ ကဲ.. စာရှုသူရော စာရေးသူရော သန့်စင်တဲ့ အမှန်တရား စွမ်းရည်မြင့်မားတဲ့ လူ့စိတ်စွမ်းအားကို ရယူနိုင်ဖို့ သမာဓိပန်းတစ်ပွင့်ကို ပန်ဆင်နိုင်အောင် ကြိုးစားကြစို့။

ဆက်လက်ဖော်ပြပါမည်။

အရှင်တိက္ခဉာဏာလင်္ကာရ

Sunday, September 6, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၃)


ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ကုသိုလ် တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊ ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊ စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ် စောင့်ထိန်းထားတဲ့ သီလ ညှိုးနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင် သီလပျက်စီးဖို့ သေချာသလောက် ရှိပါပြီ။

ဒီနေရာမှာ ကိုယ် စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို လွန်ကျူးဖောက်ဖျက်မှ သီလ ညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲ ဖြစ်ဖြစ် အလယ် သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲ ဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ် စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ တွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ ပြီဆိုရင်တော့ သီလဟာ လုံးဝ ပျက်စီးတော့မှာပါ။

ဒီလို သီလ ညှိုးနွမ်းစေတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့ မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊ အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့ အမွှေးအကြိုင်တွေနဲ့ ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊
၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊
၃။ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊
၎။ စောင့်စည်းဆင်ခြင်မှု မရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊
၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊
၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊
၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ် ရမှာပဲလို့ တောင့်တ သာယာခြင်း တို့ပဲဖြစ်ပါတယ်။

ဒီမေထုန်ငယ် ၇ ပါးဟာ သီလဖြူစင်ရေး သစ္စာရှာဖွေရေးမှာ အလွန် သတိထားသင့်သလို တရားကို လက်တွေကျကျ ကျင့်ကြံနေသူ လူဖြစ်စေ ရဟန်း သီလရှင်ဖြစ်စေ ကိုယ့်သီလလေး မညှိုးနွမ်းဖို့ ဂရုစိုက်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်၊ ကိုယ့်စိတ်ကို အကောင်းဆုံး အရည်အသွေး ရအောင် ပြုစုလေ့ကျင့်တဲ့နေရာမှာ မထင်မှတ်တာလေး တွေကလည်း အတားအဆီး ဖြစ်နေတတ်တယ် ဆိုတာကို ဘုရားရှင်က မီးမောင်းထိုးပြတာပါ၊ မိမိတို့ ရဟန်းတော်များ သီလရှင်များအနေနဲ့ကတော့ သီလနဲ့ပတ်သက်ပြီး အထူးထူး ဆင်ခြင် သတိပြုရပါတယ်၊ စောင့်ထိန်းစရာ စည်းကမ်း သိက္ခာပုဒ်တွေ များပြားရုံသာမက အာရုံတွေအပေါ် စောင့်စည်းမှု စားသုံးဆင်ခြင်ရာမှာ စောင့်စည်းမှုစတဲ့ သီလတွေကလဲ ရှိနေပြန်တာမို့ ပိုလို့ သတိထားကြရပါတယ်၊ ဒီနေရာမှာ ရဟန်းတစ်ပါး (သီလရှင်တစ်ပါးက) လူတွေအထင်ကြီး အံ့ဩလာအောင် ကြည်ညိုစရာလေး နေပြတာ၊ ဒကာ ဒကာမတွေကို မြှောက်ပင့် ပြောဆိုတာ၊ ကိုယ်လိုချင်တာကို အရိပ်အရောင်ပြ ပြောဆိုတာ၊ ဒကာ ဒကာမတွေ ကြောက်ရွံ့ပြီး ပေးလှူလာအောင် ဖိနှိပ်ပြောဆိုတာ ကဲ့ရဲ့တာ တွေဟာလည်း သာသနာ့ ဝန်ထမ်းများရဲ့ သီလ ညှိုးနွမ်းကြောင်းတွေ ဖြစ်လို့ သတိထားသင့် ပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊ ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန် လေးပါးကို ပွားများလေလော့။

လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့ ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်နိုင်အောင် ကြိုးစားကြပါစို့။ ။


ဆက်လက်ဖော်ပြပါမည်။

အရှင်တိက္ခဉာဏာလင်္ကာရ

Saturday, September 5, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ (၂)


တောင်ဇလပ်ပန်း ကြက်ရုံးပန်း စပယ်ပန်းတို့၏ ရနံ့သည် လေညာသို့မရောက်၊ သူတော်ကောင်းတို့၏ သီလရနံ့သည် လေအောက် လေညာ အရပ်မျက်နှာ အားလုံး၌ သင်းပျံမွှေးကြိုင် ရနံ့လှိုင်၏၊
( ဓမ္မပဒ)

သီလပန်းတစ်ပွင့် ဖြူစင်လန်းဆန်းဖို့ (သို့မဟုတ်) သီလသိက္ခာ ပြည့်စုံရေးအတွက် သီလမဂ္ဂင် သုံးပါးကို ဖြည့်ကျင့်ရပါမယ်၊ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံး ဟောကြားတဲ့ ဓမ္မစကြာ တရားတော်မှာ ရှောင်ရမယ့် အစွန်းနှစ်ပါး လျှောက်လှမ်းရမယ့် မဂ္ဂင်ရှစ်ပါး တရားတွေကို လမ်းညွှန်ပြတော်မူခဲ့တာ အားလုံး သိနားလည်ပြီး သားပါ၊ ဘုရားရှင် လမ်းညွှန်တော် မူတဲ့အတိုင်း မဂ္ဂင်ရှစ်ပါး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ပါမှ စတ္တာရိ အရိယသစ္စာနိ လို့ခေါ်တဲ့ သစ္စာလေးပါးကို ထိုးထွင်း သိမြင်နိုင်မှာပါ၊
ဘုရားရှင် လမ်းညွှန်တော်မူတဲ့ မဂ္ဂင် ရှစ်ပါး ဆိုတာ…

သမ္မာဒိဋ္ဌိ- ကောင်းစွာ သိမြင်မှု
သမ္မာသင်္ကပ္ပ- ကောင်းစွာ ကြံစည်မှု
သမ္မာဝါစာ- ၀စီဒုစရိုက် လေးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြောဆိုမှု
သမ္မာကမ္မ န္တ- ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီး ကောင်းစွာ ပြုလုပ်မှု
သမ္မာအာဇီဝ- ကာယဒုစရိုက် သုံးပါး ၊၀စီဒုစရိုက်လေးပါးကလွတ်တဲ့ အသက်မွေးမှု
သမ္မာဝါယာမ- သမ္မပ္ပဓာန် တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အားထုတ်မှု
သမ္မာသတိ- သတိပဋ္ဌာန်တရားလေးပါးနဲ့ ပြည့်စုံဖို့ ကောင်းစွာ အောက်မေ့မှု
သမ္မာသမာဓိ- ဥပစာရ သမာဓိ အပ္ပနာသမာဓိနဲ့ ပြည့်စုံအောင် ကောင်းစွာတည်ကြည်မှု
တို့ပဲဖြစ်ပါတယ်၊

မဂ္ဂင်ဆိုတာ သစ္စာလေးပါး တရားကို ထိုးထွင်းသိမြင်ဖို့ ကျင့်ကြံတဲ့ အကျင့်လမ်းစဉ်ရဲ့ အင်္ဂါရှစ်ပါးလို့ မှတ်သားနိုင်ပါတယ်၊ ဒီနေရာမှာ သီလပန်းတစ်ပွင့် သို့မဟုတ် သီလသိက္ခာ အကြောင်း တင်ပြဆွေးနွေးနေတာ ဖြစ်လို့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ဘယ်လို စောင့်ထိန်းရမလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ မိမိတို့ စောင့်ထိန်းနေကျ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလတွေက မဂ္ဂင်ထိုက်တဲ့ သီလတွေမဟုတ်လား လို့ တွေးစရာ မေးစရာပါ။

စောင့်ထိန်းဆောက်တည်နေကျ ငါးပါးသီလ ကိုပဲ ကြည့်ကြစို့၊ ရှေ့သိက္ခာ သုံးပါးကို စောင့်ထိန်းလိုက်ရင် ကာယဒုစရိုက် သုံးပါးက ရှောင်ကြဉ်ပြီးသား ဖြစ်သွားတယ်၊ မုသာဝါဒ ဆိုတဲ့ သိက္ခာကို စောင့်ထိန်းလိုက်တာနဲ့ ၀စီဒုစရိုက်လေးပါးက အထူးရှောင်ကြဉ်စရာ မလိုတော့ပါဘူး၊ သုရာ မေရယ သိက္ခာပုဒ်ကတော့ ကာမဂုဏ်ကို မှားယွင်းစွာ ခံစားတာဖြစ်လို့ ကာမေသု မိစ္ဆာ စာရထဲမှာ အကျုံးဝင်သွားပါတယ်၊ ဒီနေရာမှာ ကာမဂုဏ်ဆိုတာ ၀တ္ထုကာမဂုဏ်ကို မှားယွင်းစွာ သုံးစွဲတယ်လို့ ဆိုလိုတာပါ၊ ဒီလို ငါးပါးသီလကို ဖြူဖြူ စင်စင် သန့်သန့်ရှင်းရှင်း စောင့်ထိန်းသူဟာ အသက်မွေးမှုလည်း စင်ကြယ်လာမှာ သေချာလှပါတယ်၊ ဒါဆိုရင် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းသူဟာ သီလမဂ္ဂင်ကို ဖြည့်ကျင့်နေတာလို့ ပြောနိုင်တယ်။

ဘုရားရှင် ဟောကြားတဲ့ စာပေတွေမှာ သီလနဲ့ပတ်သက်ပြီး သုံးတဲ့နေရာမှာ အာဒိဗြဟ္မစရိယက သီလ- မြတ်သော အရိယာမဂ်အကျင့်ရဲ့ အစဦးဆုံး သီလ လို့ သုံးပါတယ်၊ အာဒိဗြဟ္မစရိယက သီလဆိုတာ ယနေ့ခေတ်မှာ ထင်ရှားတဲ့ အာဇီဝဋ္ဌမက သီလကို ပြောတာပါ၊ မိစ္ဆာဇီဝ- မှားယွင်းတဲ့ အသက်မွေးမှုမှ ရှောင်ကြည်ခြင်းလျှင် ရှစ်ခုမြောက်ရှိသော သီလ လို့ ဆိုလိုပါတယ်၊ အာဇီဝဋ္ဌမက သီလရှစ်ပါး ဆိုတာ တခြားမဟုတ်ပါဘူး.. ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးနဲ့ မိစ္ဆာဇီဝ တစ်ပါး ဒီရှစ်ပါးကို အာဇီဝမဋ္ဌမက သီလ လို့ခေါ်တာပါ၊ ဒီလိုဆိုတော့ မဂ္ဂင်ထိုက်တဲ့ သီလဖြစ်ဖို့ ကာယဒုစရိုက် သုံးပါး ၀စီဒုစရိုက်လေးပါးနဲ့ မိစ္ဆာဇီဝ-အသက်မွေးမှု မှားခြင်း ဆိုတာကို ရှောင်ကြဉ်လိုက်ရင် မဂ္ဂင် သီလဖြစ်သွားပါတယ်၊ (အာဇီဝဋ္ဌမက သီလရှင်းတမ်းနဲ့ ဆောက်တည်ပုံကို www.tknn.org မှာ ကြည့်ရှု လေ့လာနိုင်ပါတယ်)၊ မဂ္ဂင် ကျင့်စဉ် အနေနဲ့ သီလကို ပြောပြတာပါ။

ပါရမီထိုက်တဲ့ သီလဖြစ်ဖို့လည်း ဒီအတိုင်းပါပဲ ၊ ပါရမီမှာ အဆင့် သုံးဆင့်ရှိပါတယ်၊ ရိုးရိုးပါရမီ် အဆင့်မြင့် ဥပပါရမီနဲ့ အမွန်မြတ်ဆုံး ပရမတ္ထပါရမီ ဆိုပြီး သုံးမျိုးကွဲပြား ပါတယ်၊ ဒီနေရာမှာ သီလကို ရိုးရိုး စောင့်ထိန်းရင် သီလ ရိုးရိုးပါရမီ ပါ၊ ကိုယ့်ရဲ့ လက်တွေကို ဖြတ် ခြေတွေကိုဖြတ် ကျောက်ကပ်တွေ ထုတ်ပေမယ့် ကိုယ့်ရဲ့ သီလကို ဆက်ပြီး စောင့်ထိန်းတာက အဆင့်မြင့် သီလဥပပါရမီပါ၊ အသက်ကိုစွန့်ပြီး စောင့်ထိန်းတဲ့ သီလကိုတော့ အမွန်မြတ်ဆုံး သီလ ပရမတ္ထပါရမီ လို့ ခေါ်ပါတယ်၊ ကိုယ့်အသက် သေချင် သေသွားပါစေ ကိုယ့်စောင့်ထိန်းတဲ့ သီလ ကိုယ်ကျင့်တရားကို မစွန့်လွှတ်တဲ့ သူမျိုးပေါ့၊ ဘုရားလောင်းရဲ့ ဖြစ်တော်စဉ်တွေမှာ ဒါန အရာပဲဖြစ်ဖြစ် သီလအရာပဲ ဖြစ်ဖြစ် ဉာဏ်ယှဉ်ပြီး ပါရမီ မြောက်ဖြစ်အောင် စောင့်ထိန်းလာတာကို လေ့လာ တွေ့ရှိနိုင်ပါတယ်၊

ဒီလို မဂ္ဂင်ထိုက်တဲ့ သီလ၊ ပါရမီ မြောက်တဲ့သီလ သစ္စာတရားတို့ရဲ့ လမ်းစဖြစ်တဲ့သီလကို ဖြူဖြူ စင်စင် ကြိုးစားစောင့်ထိန်းရင် မိမိတို့ရှာဖွေနေတဲ့ သစ္စာရှာပုံတော်ခရီးက ဖြောင့်ဖြူးမှာဖြစ်သလို တကယ်လို့ ဒီဘ၀မှာ သစ္စာတရားကို ရှာမတွေ့သေးဘဲ သံသရာမှာ ကျင်လည်ရအုံးမယ်ဆိုရင်….

၁။ သီလပြည့်စုံသူဟာ မမေ့မလျော့ ကြိုးစားတဲ့အတွက် စည်းစိမ် ဥစ္စာများ ရရှိခြင်း၊
၂။ မိမိရဲ့ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ သတင်းဟာ နေရာတိုင်းကို ပျံ့နှံခြင်း၊
၃။ ဘယ်နေရာ ဘယ်ပရိသတ်တွေဆီကို သွားသွား ကြည်လင်ရွှင်ပြ ရဲတင်းစွာ သွားလာနိုင်ခြင်း၊
၎။ မတွေ မဝေသေရခြင်း၊(ကြည်ကြည်လင်လင် သေရခြင်း)
၅။ သေပြီးနောက် နတ်ပြည်ရောက် ရခြင်း- စတဲ့ အကျိုးထူးတွေကို ခံစားရမယ်လို့ ဘုရားရှင် ဟောပြတော်မူတယ်၊ မွေးဖွားလာရင် သေရမှာ သေချာပါတယ်၊ မသေခင် ကြားကာလလေး တစ်ခုမှာ ကောင်းသတင်းတွေ ကောင်းတဲ့လုပ်ရပ်တွေ ချန်ထားနိုင်အောင် ကြိုးစားရပါတယ်၊ ဆရာတော်ကြီး တစ်ပါး အမိန့်ရှိသလို များများလည်းယူသွား များများလည်း ချန်ထားနိုင်အောင် တန်ဖိုးရှိတဲ့ လူ့ဘ၀လေးကို အကျိုးကျိုးရှိရှိ အသုံးချနိုင်အောင် ကြိုးစားကြပါစို့.. ဘုရားရှင် ဟောပြနေတာကတော့… တောင်ဇလပ်ပန်း ကြက်ရုံးပန်း စံပယ်ပန်းတို့ရဲ့ ရနံ့ဟာ လေညာကို မရောက်နိုင်၊ သူတော်တို့ရဲ့ သီလရနံ့ ကသာ လေအောက် လေညာပျံ့နှံ့ပြီး အရပ်မျက်နှာတိုင်း ဂုဏ်သတင်းမွှေး ပါတယ် -တဲ့။ သင်းပျံ့တဲ့ မွှေးကြိုင်တဲ့ ဂုဏ်သတင်းအတွက် သီလပန်းတစ်ပွင့်ကို အမြဲလန်းဆန်းအောင် ကြိုးစားစောင့်ရှောက်ရင်း ပန်ဆင်ကြစို့လား။ ။

ဆက်လက်ဖော်ပြပါမည်။

အရှင်တိက္ခဉာဏာလင်္ကာရ

Friday, September 4, 2009

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ(၁)


မြတ်စွာဘုရားရှင် သာသနာမှာ ကျင့်ရမယ့် အကျင့်သုံးမျိုး ( သို့မဟုတ်) သိက္ခာသုံးပါး ရှိပါတယ်၊ သီလသိက္ခာ၊ သမာဓိသိက္ခာနဲ့ ပညာ သိက္ခာတို့ပဲ ဖြစ်ပါတယ်၊ အဲဒီအထဲမှာ သီလဟာ သိက္ခာသုံးရပ်မှာ အခြေခံ အကျဆုံး ဖြစ်သလို ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် လောကုတ္တရာ ကုသိုလ်လို့ ခေါ်တဲ့ ကုသိုလ်အားလုံးရဲ့ အစ မူလ ပဓာနလည်း ဖြစ်ပါတယ်၊ နောက်သိက္ခာနှစ်ပါးကို ဖြည့်ကျင့်လိုတယ်ဆိုရင် သီလသိက္ခာကို အရင် ဖြည့်ကျင့်ရပါတယ်၊ ဘုရားရှင်ရဲ့ တရားတော်တွေမှာတော့ သီလေ ပတိဋ္ဌာယ နရော သပညော စိတ္တံ ပညဉ္စ ဘာဝယေ- ဆိုပြီး မိန့်တော်မူပါတယ်၊ သီလမှာ အခြေခံပြီး သမာဓိနဲ့ ပညာကို ပွားများကျင့်ရင် စိတ်အရှုပ်တွေကို ရှင်းလင်းနိုင်မယ်လို့ ဆိုလိုတာပါ၊ အများသိနေတဲ့ သီလအကြောင်းကိုပဲ မိမိနားလည်သလို ပြောပြချင်ပါတယ်၊

တကယ်တော့ သီလဆိုတာ ကိုယ်နှုတ် အမူအရာတွေနဲ့ မကောင်းမှု ဒုစရိုက် မလွန်ကျူးမိအောင် ကောင်းစွာထားခြင်း စောင့်ထိန်းခြင်းကို သီလလို့ ခေါ်ဆိုတာပါ၊ ခြင်၊ ကြမ်းပိုးစတဲ့ သတ္တ၀ါ အငယ်လေးတွေက စလို့ သက်ရှိသတ္တ၀ါ အားလုံးရဲ့ အသက်ကို မသတ်တာ၊ လူများပစ္စည်းကို ပိုင်ရှင်မပေးဘဲ ပိုင်ရှင်မသိအောင် မခိုးယူတာ၊ သူတစ်ပါး သားမယားကို မပြစ်မှားတာ၊ မဟုတ် မမှန်တဲ့စကား၊ အကျိုးမရှိတဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊ ညီညွတ်နေသူတွေကို ကွဲပြားအောင် ကုန်းတိုက်တဲ့စကား စတာတွေကို မပြောမဆိုတာ၊ သေရည် အရက် မူးယစ်ဆေးဝါးကို မမှီဝဲ မသုံးဆောင်ဘဲ မိမိရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားတာဟာ သီလပါ၊

မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းကောင်း မွန်မွန်ထားပြီး စောင့်စောင့်စည်းစည်း နေတော့ သူ့အသက် သတ်ဖြတ်တာ ထိခိုက်နာကျင်အောင် ပြုလုပ်တာ လူများပစ္စည်း အတင်းအဓမ္မ မရယူတာ အိမ်ထောင်ရေး လူမှုရေးဖောက်ပြန်တာ နှုတ်မစောင့်စည်းဘဲ လိမ်ညာ လှည့်ဖျား လှည့်ပတ်ပြောဆိုတာ၊ အရက်သေစာ သောက်စား မူးယစ်တာတွေ မပြုမိတော့ပါဘူး၊ ဒီလို ကာယဒုစရိုက်၊ ၀စီဒုစရိုက်ကို မပြု မပြော မလွန်ကျူးတော့ဘဲ နေတာကို မိမိရဲ့ ကိုယ်နှုတ်အမူအရာကို ကောင်းစွာထားတယ်လို့ ပြောဆိုကြတာပါ၊ လူကြီး လူကောင်းဆန်လိုသူ ရင့်ကျက်တည်ငြိမ်လိုသူ ဘ၀မှာ စိတ်ချမ်းမြေ့စွာ နေလိုသူဟာ မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကို ကောင်းကောင်း ထားဖို့ အမှန်တကယ် လိုအပ်လှတယ်. ဒီလို ကောင်းကောင်း ထားတတ်သွားပြီဆိုရင် ဒီလူရဲ့ အပြူအမူဟာ ယဉ်ကျေး သိမ်မွေ့ ချိုသာနူးညံ့ပြီး သူတစ်ပါး ထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး၊ ဒီလို လူတစ်ယောက်ရဲ့ စိတ်ဟာလည်း တကယ့်ကို ကြည်လင်အေးချမ်း လန်းဆန်းတက်ကြွနေမှာ အမှန်ပါ။

မိမိရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ တွေကို ဒုစရိုက် မလွန်ကျူးမိစေဘဲ ကောင်းကောင်းမွန်မွန် စောင့်ထိန်းတဲ့သူဟာ ကောင်းမှုကုသိုလ်တွေ (ကောင်းတာတွေ)ကို ဆင့်ကာ မြှင့်ကာ ကြိုးစားပြုလုပ်လာမှာ သေချာလှပါတယ်၊ ဒါကြောင့် ဘုရားရှင်က သီလံ အာဒိမှိ ကလျာဏံ- ကောင်းမှုအားလုံးရဲ့ အစဟာ သီလပဲလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

သီလရဲ့ အဓိက ဆောင်ရွက်မှုကတော့ ဒုဿီလ လို့ခေါ်တဲ့ သီလမရှိခြင်း ကိုယ့်ကျင့်တရား ဖောက်ပြန်ခြင်းကို ပယ်ရှားပေးပါတယ်၊ ဒီနေရာမှာလဲ ဒုဿီလ သီလမရှိခြင်း ကိစ္စကို ပယ်ရှားတယ် ဆိုရာမှာ ငါးပါးသီလ ရှစ်ပါးသီလ ကိုးပါးသီလ ဆယ်ပါးသီလ စတဲ့ ရှောင်ကြဉ်ရမယ့် ၀ါရိတ္တသီလကို ရည်ရွယ်တာပါ၊

တကယ့်တော့ လက်တွေ့ပြုကျင့်ရမယ့် စာရိတ္တသီလ လို့ခေါ်တဲ့ မိဘကျင့်ဝတ် ဆရာ့ကျင့်ဝတ် လင့်ကျင့်ဝတ် မယားကျင့်ဝတ် တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်တွေ ကျေပွန်သူကို လူတိုင်းက ကဲ့ရဲ့ ပြစ်တင် ပြောဆိုခြင်း မရှိသလို ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့သူ ကိုယ့်ကျင့်တရားနဲ့ ပြည့်စုံလို့ လေးစား ချီးကျူး ပြောဆိုကြမှာ သေချာပါတယ်၊ ဒီလို ချီးကျူးပြောဆိုခြင်းကို သီလရဲ့ ရသ အဖြစ် မှတ်သားနိုင်ပါတယ်၊ သီလကို ပြည့်ပြည့်၀၀ စင်စင်ကြယ်ကြယ် စောင့်ထိန်းသူဟာ ကိုယ့်ရဲ့ စင်ကြယ်တဲ့သီလကို သတိရတိုင်း ဆင်ခြင်တွေးမိတိုင်း ၀မ်းမြောက် ၀မ်းသာဖြစ်ရ သလို သီလ စောင့်ထိန်းနေစဉ်လည်း လောဘ၊ ဒေါသစတဲ့ စိတ်ညစ်ညူးစရာတွေ ၀င်မလာအောင် အတတ်နိုင်ဆုံး စောင့်စည်း တားမြစ်တာဖြစ်လို့ စိတ်နှလုံးကြည်ရွှင် အေးမြ လန်းဆန်းရပါတယ်၊ ဒုစရိုက်အမှုကို မလွန်ကျူးဘဲ ကိုယ်တွေ နှုတ်တွေကို ကောင်းစွာ စောင့်ထိန်းထားသူဟာ တရား အားထုတ်စဉ်မှာလည်း မိမိရဲ့ စင်ကြယ်တဲ့ အပြစ်ကင်းတဲ့ ကိုယ်နှုတ်အမူအရာ တွေဟာ ဥာဏ်မှာထင်လာပြီး တရားဘာဝနာ ရှုမှတ်ရာမှာ အလွန်ထိရောက်တာကို တွေ့ရပါတယ်၊ ဒီလို သီလပြည့်စုံသူ ကိုယ့်ကျင့်တရားကောင်းသူ မိမိရဲ့ ကိုယ်နှုတ် အမူအရာတွေကို ကုသိုလ်ကောင်းမှုမှာ ကောင်းစွားထားနိုင်သူဖြစ်ဖို့ အဓိက အခြေခံအကြောင်းတရား နှစ်မျိုး ရှိဖို့လိုအပ်တယ်။ အဲဒါကတော့ ဟိရီနဲ့ ဩတ္တပ္ပ ဆိုတဲ့ တရား နှစ်မျိုးပါ၊

ဟိရီ-ဆိုတာကတော့ မကောင်းမှုလုပ်ရမှာကို ရှက်တတ်ခြင်း ဖြစ်ပြီး ဩတ္တပ္ပကတော့ မကောင်းမှု ပြုလုပ်ရမှာကို ကြောက်တာဖြစ်ပါတယ်၊ အရှက် အကြောက်ကင်းမဲ့သူရဲ့ အပြူအမူဟာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတယ် လက်ရဲ ဇက်ရဲ နိုင်လှပါတယ်၊ ဒီနေရာမှာ ရှက်သင့်တာကို ရှက်ခြင်း ကြောက်ခြင်းနဲ့ မရှက်သင့်တာကို မရှက်ခြင်း မကြောက်ခြင်းကိုလဲ ခွဲခြား နားလည်သင့်ပါတယ်၊ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်က ဘုန်းတော်ကြီးကျောင်းသွားရမှာ ရဟန်းသံဃာတွေကို ရှိခိုးရမှာ စေတီတော်တွေကို ဖူးမြော်ရမှာ တရားစခန်းဝင်ရမှာ ဥပုသ်စောင့်ရမှာ မိဘတွေကို ရိုသေရမှာ စတာတွေဟာ ကုသိုလ်အလုပ်တွေဖြစ်လို့ မရှက်သင့် မကြောက်သင့်တဲ့အလုပ်တွေပါ၊

သူတစ်ပါးကို လိမ်လည်လှည့်ဖျား မဟုတ်တာပြော မိဘဆရာတွေရဲ့ စကားကို နားမထောင် မိဘတွေကို စိတ်ဆင်းရဲအောင်လုပ် ကျောင်းပြေး ကျူရှင်ပြေး စတာတွေဟာ မကောင်းမှုတွေဖြစ်လို့ ဒါတွေကို လုပ်ရမှာကို ရှက်တတ် ကြောက်တတ်ရမှာပါ၊ အင်္ဂလိပ် စကားလုံးမှာတော့ Shy နဲ့ Shame လို့ ခွဲခြားပြထားပါတယ်၊ ဒီလို ရှက်သင့်တဲ့နေရာမှာ ရှက်ခြင်း ကြောက်ခြင်းဟာ သီလရဲ့ အနီးကပ်ဆုံး အကြောင်းတရားတွေပါ၊ သီလရဲ့ ဝေးတဲ့ အကြောင်းတွေ အနေနဲ့ သူတော်ကောင်းကို ပေါင်းဖော် ဆည်းကပ်ခြင်း သူတော်ကောင်း တရားကို ကြားနာခြင်း ကံ ကံရဲ့ အကျိုးကိုယုံကြည်ခြင်း ရတနာသုံးပါး အပေါ် သက်ဝင်ယုံကြည်ခြင်း သတ္တ၀ါ အားလုံးပေါ် မေတ္တာ ကရုဏာထားခြင်း ရှေးက စောင့်ထိန်းခဲ့ဖူးတဲ့ သီလအထုံ ရှိခြင်းတွေဟာ ကိုယ်နှုတ်အမူအရာ ကောင်းစွာ ထားနိုင်ဖို့ရဲ့ ဝေးသော အကြောင်းတွေပါပဲ။

ဒီနေရာမှာ ပြောပြချင်တာက- ငါကတော့ မကောင်းတာ မလုပ်ဘူး၊ သူတစ်ပါး နစ်နာအောင် မလုပ်ဘူး ဘုန်းကြီးကျောင်းသွားစရာ မလို သီလခံယူ ဆောက်တည်စရာ မလိုဘူး ဆိုတဲ့ စကားတွေကို ကြားရဖူးပါတယ်၊ တကယ်တော့ သီလ စင်ကြယ်ပြီးသူလည်း ထပ်ပြီး စင်ကြယ်အောင် ပါရမီထိုက်တဲ့ သီလဖြစ်အောင် အထုံဝါသနာပါတဲ့ သီလဖြစ်အောင် စောင့်ထိန်း ဆောက်တည်သင့်တာမို့ လူတိုင်း လူတိုင်း မိမိတို့ရဲ့ သီလလေးကို အမြဲဖြူစင်နေအောင် စောင့်ထိန်းသင့်တယ် ဆိုတာပါပဲ၊ သိက္ခာသုံးပါးဟာ ပန်းသုံးပွင့်နဲ့ တူတယ်ဆိုရင် အခုပြောပြတာကတော့ သီလသိက္ခာ ပန်းတစ်ပွင့်အကြောင်းလို့ ဆိုပါစို့။ ။

(ဆက်လက်ဖော်ပြပါမည်)

အရှင်တိက္ခဉာဏာလင်္ကာရ

Wednesday, September 2, 2009

ဂရုဓမ္မ အခါတော်နေ့


နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မတူညီတဲ့ ဘာသာရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ ရှိပါတယ်၊ လူမျိုးတိုင်းကလည်း မိမိရဲ့ ဘာသာရေးပွဲတော် ယဉ်ကျေးမှု ဓလေ့ထုံတမ်း စဉ်လာတွေကို အမြတ်တနိုး ထိန်းသိမ်းကြပါတယ်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမှာတော့ ဘာသာရေး ပွဲတော် အခါကြီး ရက်ကြီးများ အဖြစ် ရာသီ ၁၂ လ တိုင်းမှာ ဆင်နွှဲကျင်းပလေ့ ရှိပါတယ်.. မြန်မာ့ယဉ်ကျေးမှုနဲ့ သတ်မှတ်ထားတဲ့ ဘာသာရေးပွဲတော်တွေကတော့

တန်ခူးလ- နှစ်သစ်ကူးပွဲတော်
ကဆုန်လ- (ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်
နယုန်လ- မဟာသမယနေ့
ဝါဆိုလ- ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လ- မေတ္တာအခါတော်နေ့
တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လ- အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလ- သာမညဖလ အခါတော်နေ့
နတ္တော်လ- ဓမ္မစာဆိုတော်များနေ့
ပြာသိုလ်လ- ရှင်တစ်ထောင်အခါတော်နေ့
တပို့တွဲလ- ဩ၀ါဒပါတိမောက်အခါတော်နေ့
တပေါင်းလ- မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ တို့ဆိုပြီး သတ်မှတ်ထားပါတယ်။

အဲဒီပွဲတော်များအနက် ယနေ့ မြန်မာကောဇာ သက္ကရာဇ် ၁၃၇၁ ခု တော်သလင်း လပြည့်နေ့မှာ ကျရောက်တဲ့ ဘာသာရေး ပွဲတော်ကတော့ ဂရုဓမ္မ အခါတော်နေ့ဖြစ်ပါတယ်

ဘုရားရှင် လက်ထက်တော် အခါက ရဟန်းငယ်နှစ်ပါး အစီရ၀တီမြစ်မှာ ရေချိုးပြီး နေပူဆာလှုံနေတဲ့ အချိန်မှာ ဟင်္သာငှက် နှစ်ကောင်ဟာ ကောင်းကင်ကနေ ပျံသန်းလာပါတယ်၊ ရဟန်းငယ်တစ်ပါးက- တပည့်တော် ဒီငှက် ကျောက်ခဲနဲ့ ပစ်ပြမယ်လို့ဆိုတော့ ကျန်တဲ့ ရဟန်းငယ်တစ်ပါးက ဒါကတော့ မဖြစ်နိုင်ပါဘူး လို့ ပြန်ပြောပါတယ်။ ပြောပြောဆိုဆိုနဲ့ ရဟန်းငယ်တစ်ပါးက ကျောက်ခဲကို ကောက်ကိုင်ပြီး ကောင်းကင်မှာ ပျံသန်းနေတဲ့ ဟင်္သာငှက်ကို ပစ်လိုက်ရာ ဘယ်ဖက်မျက်စိကနေ ဖောက်ဝင်သွားပြီး ညာဖက်မျက်စိကနေ ထွက်သွားပါတယ်၊ ဒါကို ကျန်တဲ့ အခြားရဟန်းတွေ မြင်ပြီး .. ဘုရား သာသနာတော်မှာ ရဟန်းပြုနေပြီး ဒီလို လူများအသက်ကို သတ်ရသလား လို့ ကဲ့ရဲ့ကြပြီး ဘုရားရှင်ထံ ခေါ်သွားပါတယ်၊ ဘုရားရှင်က ရှေးရှေး ပညာရှိ သူတော်ကောင်းတွေဟာ မကောင်းမှုကို အနည်းငယ် လုပ်ရုံမျှနဲ့ နောင်တရတတ်ကြတယ်.. သင်တို့က ငါဘုရား သာသနာမှာနေပြီး ဒီလို အမှုကို လုပ်ကြတယ်လို့ မိန့်တော်မူတော့ ရဟန်းတော်များက ရှေးပညာရှိ သူတော်ကောင်းတွေရဲ့ ပြုမူပုံကို ပြန်လည် ဟောပြပါလို့ လျှောက်ထားတဲ့အတွက်…

တချိန်က.. ဘုရားလောင်းတော်ဟာ ကုရုတိုင်း ဣန္ဒပတ္တမြို့ ဓနဉ္စယမင်းကြီးနဲ့ မိဖုရားကြီးတို့ရဲ့ သားတော်တစ်ပါး ဖြစ်ပါတယ်၊ တက္ကသိုလ်ပြည်မှာ ပညာသင်ယူပြီး ပြန်လာတော့ ကုရုတိုင်းမှာ အိမ်ရှေ့မင်းသား ဖြစ်ပါတယ်.. နောက်ပိုင်း ခမည်းတော် မင်းတရားကြီး နတ်ရွာစံတော့ တိုင်းပြည်ရဲ့ ရှင်ဘုရင်ကြီး ဖြစ်လာတယ်.. သူဘုရင်ဖြစ်တဲ့ အချိန်ကစပြီး မင်းကျင့်တရားဆယ်ပါးနဲ့ တိုင်းပြည်ကို အုပ်ချုပ်သလို ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ကိုယ်တိုင်လည်းစောင့် တိုင်းသူပြည်သားတွေ ကိုလည်း လုံလုံခြုံခြုံစောင့်စည်း စေခဲ့တယ်၊ ဘုရားလောင်းအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူတိုင်းငါးပါးသီလ လုံခြုံတဲ့အတွက် မိုးလေ၀သ မှန်ကန်ပြီး တိုင်းပြည်သာယာ ၀ပြောခဲ့တယ်၊

တစ်ဖက်မှာတော့ မိတ်ဆွေ ကလိင်္ဂမင်း အုပ်ချုပ်တဲ့ ကလိင်္ဂတိုင်း ဒန္တပုရမြို့မှာတော့ မိုးလေ၀သ မမှန်လို့ လူတွေ တိရိစ္ဆာန်တွေ ဒုက္ခ ရောက်ကြရပါတယ်၊ မိတ်ဆွေ (ဘုရားလောင်း) အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးတွေ မှန်နေတယ်ဆိုတာ သိရတော့. ကလိင်္ဂတိုင်းသူ တိုင်းသားတွေ အထင်က အဲဒီကုရုတိုင်းမှာ အဉ္စနသန္နိဘ ခေါ်တဲ့ ဆင်ဖြူတော်ကြီးကြောင့် မိုးမှန်တာဖြစ်တယ်.. အဲဒီဆင်ကို ကလိင်္ဂတိုင်းကို ရအောင်ယူရင် မိုးမှန်မယ်လို့ ဆိုတဲ့အတွက် ဘုရားလောင်းပိုင်တဲ့ ဆင်ဖြူတော်ကြီးကို ကလိင်္ဂတိုင်း သယ်ဆောင် လာပါတော့တယ်။ ဒါပေမယ့်လဲ ကလိင်္ဂတိုင်းမှာ မိုးရွာသွန်းခြင်း မရှိခဲ့ဘူး။

နောက်ဆုံးတော့ ဘုရားလောင်း အုပ်ချုပ်တဲ့ ကုရုတိုင်းမှာ မိုးရွာရခြင်းရဲ့ လျှို့ဝှက်ချက်က ရှင်ဘုရင် အပါအ၀င် တိုင်းသူ ပြည်သားအားလုံး ကုရုဓမ္မခေါ်တဲ့ ငါးပါးသီလကို စောင့်ထိန်းလို့ မိုးမှန်တယ်ဆိုတာ သိရတော့ ကလိင်္ဂမင်းလည်း ကုရုဓမ္မကို ရွှေပေလွှာမှာ ကူးယူစေပြီး ကိုယ်တိုင်လည်းကျင့် သူတစ်ပါးကိုလည်း ကျင့်သုံးစေတဲ့အတွက် တိုင်းပြည်သာယာပြီး မိုးမှန် လေမှန် ဖြစ်ခဲ့ပါတယ်၊ ဒီလို ကုရုတိုင်းသားတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းခဲ့တဲ့ တရားမို့ ကုရုဓမ္မလို့ ခေါ်တွင်ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ငါးပါးသီလဟာ လူတိုင်း အမြတ်တနိုး စောင့်ထိန်းအပ်တဲ့အတွက် ဂရုဓမ္မလို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ ဒီတရားတော်ကို ဟောကြားချိန်ဟာ တော်သလင်း လပြည့်နေ့ဆိုတာ တိကျတဲ့ စာပေ အထောက်အထား မရှိပေမယ့် မိုးတွင်းကာလ မိုးခေါင်တဲ့အချိန်မှာ ဒီ ဂရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို လူတိုင်း စောင့်ထိန်းတဲ့ အတွက် မိုးလေ၀သ မှန်ကန်တာကို အကြောင်းပြုလို့ မိုးကာလမှာ ပါဝင်တဲ့ တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ အဖြစ် မြန်မာ့ယဉ်ကျေးမှု က လက်ခံခဲ့တယ် ဆိုတာကို နားလည်နိုင်ပါတယ်၊ လူတိုင်း လိုက်နာသင့်တဲ့ အခြေခံလူ့ကျင့်ဝတ် ငါးပါးသီလကို ကြိုးစား စောင့်ထိန်းခြင်းဖြင့် ယနေ့ကျရောက်တဲ့ ဂရုဓမ္မ အခါတော်နေ့ကို ဆင်နွှဲကြပါစို့။ ။

အရှင်တိက္ခဉာဏာလင်္ကာရ

Friday, August 21, 2009

ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေ

ရက်စက်လွန်းတဲ့ ကံကြမ္မာရယ်လို့သာ အော်ဟစ်လိုက်ချင်ပါရဲ့၊ လောကကြီးထဲကို လူသားအဖြစ် ရောက်ရှိအောင် မွေးထုတ်ပေးတဲ့ မေမေနဲ့ ဖေဖေ ရှိခဲ့တယ်ဆိုတာ သိရပေမယ့် သူမဘ၀အတွက်တော့ တစ်ခြမ်းပဲ့ မေတ္တာကိုပဲ လက်ခံရရှိပါတယ်.. သူများတွေလို မိဘက မွေးဖွားပေးလို့ ဖေဖေ မေမေ ပြည့်စုံအောင် ခေါ်ခွင့်မရခဲ့ဘူး။

ဖေဖေနဲ့ မေမေတို့က မြန်မာပြည် မြောက်ပိုင်း မြို့လေးတစ်မြို့ကပါ၊ ငယ်ရွယ်သူတို့ သဘာဝ ချစ်ခင် စုံမက်ခဲ့တာကို မေမေရဲ့ မိဘတွေက သဘောမတူခဲ့ဘူး၊ မေမေထက် ဖေဖေက အသက်ကြီးတယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုနဲ့ လူငယ်တွေရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားခဲ့တယ်၊ တကယ်ချစ်ကြပြီ ဆိုတော့လည်း နှစ်ယောက်သား ဝေးကွာဖို့ထက် နီးစပ်ဖို့သာ ကြိုးစာခဲ့တဲ့ ဖေဖေနဲ့ မေမေ.. နောက်ဆုံးတော့လည်း မောင်ခေါ်ရာ မယ်လိုက်ပြီး မေမေက ခိုးရာကို လိုက်ပြေးခဲ့တယ်၊ ဖေဖေနဲ့ မေမေ အတူနေလို့ ကျွန်မကိုယ်ဝန်ကို လွယ်ထားရချိန်မှာ မေမေ့ မိဘတွေက မေမေ့ကို သူတို့အိမ် ပြန်ခေါ်သွားခဲ့တယ်.. ဒါကို ဖေဖေက လုံးဝ သဘောမတူခဲ့ဘူး၊ တစ်ဦးတည်းသော သမီးဖြစ်တဲ့ မေမေကလည်း မိဘတွေ စိတ်ချမ်းသာဖို့ ဦးစားပေးမိခဲ့တယ်..

ဒီလိုနဲ့ ဖေဖေနဲ့ မေမေတို့ရဲ့ ဆက်ဆံရေးက တင်းမာတဲ့ အဆင့်ရောက်ခဲ့တယ်၊ နောက်ဆုံးတော့ ဖေဖေ့မေတ္တာကို ခံယူခွင့်မရသူ ကျွန်မကို လူ့လောကထဲ မေမေက မွေးဖွားပေးခဲ့တယ်.. ကျွန်မ သိတတ်စ အရွယ်ရောက်တော့ ဖေဖေခေါ်စရာ မရှိဘူး၊ ဖွားဖွားကတော့ နင့် အဖေ သေပြီ တဲ့၊ ဖွားဖွားပြောတဲ့ စကားကို တကယ်ထင်ပြီး ငါ့အဖေ သေသွားပြီလို့သာ မှတ်ထားခဲ့တယ်။


ကျွန်မလည်း အရွယ်ရောက်လာလို့ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်း ဆက်ဆံလာတော့ ကျွန်မကို လူ့လောက ရောက်အောင် ပို့ပေးလိုက်တဲ့ ဖေဖေ ရန်ကုန်မှာ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ ဖေဖေ့ဆီကို စာတွေ ရေးပို့လိုက်တယ်.. စာတွေ ဆယ်စောင်လောက် ရေးပြီးတဲ့ အထိ ပြန်စာမရခဲ့ဘူး၊ ကျွန်မလည်း ဖေဖေ့ကို ရအောင်ရှာမယ်.. ဖြစ်အောင်ကို တွေ့မယ်လို့ ဆုံးဖြတ်ပြီး ဖေဖေရှိတဲ့ ရန်ကုန်ကို သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ အရောက်လာခဲ့တယ်.

ဖေဖေနေတဲ့ အိမ်ကိုရှာတွေ့တော့ ဘယ်လိုဝမ်းသာရမှန်း မသိအောင်ကို ပျော်သွားတယ်. ဖေဖေလို့ ခေါ်ခွင့် ရတော့မယ်လေ၊ ဒါပေမယ့် ကျွန်မထင်တာတွေဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး၊ အိမ်ထဲဝင်ပြီး ဖေဖေနဲ့အတူနေသူ တစ်ယောက်ထင်ပါရဲ့.. သူ့ကိုမေးကြည့်တော့.. ဦး… မရှိပါဘူးခင်ဗျား.. အပြင်ကို သွားနေပါတယ်ဆိုတဲ့ အဖြေကိုပဲ လက်ခံ ရရှိလိုက်တယ်၊ ဖေဖေ့ကို မနက်ဖြန် လာတွေ့မယ်.. ချစ်သမီး လို့ စာရေးပြီး ထားခဲ့လိုက်တယ်၊ မနက်ဖြန် ဖေဖေ့ကို တွေ့ရတော့မယ် ဆိုတဲ့အသိကြောင့် ကျွန်မ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး.. ငါဖေဖေ့ကို တွေ့ရတော့မယ်ဆိုပြီး ၀မ်းသာနေခဲ့တယ်၊ မနက်ဖြန် ဖေဖေနေတဲ့ အိမ်လေးဆီ အရောက်သွားခဲ့တယ်.. ဖေဖေ မရှိဘူး အပြင်သွားနေပါတယ် တဲ့လေ၊ သမီးကို မစောင့်ရှောက်ချင်နေပါ.. ဖေဖေ့ကို ဖေဖေလို့ ခေါ်ခွင့်ရရင် ကျေနပ်ပါပြီ… လို့စာလေးတစ်စောင် ထပ်ပြီး ရေးထားခဲ့တယ်.. ဒါပေမယ့် ကျွန်မရဲ့ ကြိုးစားချက်က မအောင်မြင်ခဲ့ပါဘူး.. ကျွန်မ ရန်ကုန်မှာ တစ်ပတ်နေပေမယ့် ဖေဖေနဲ့ လုံးဝ မတွေ့ခဲ့ရဘူး၊ သမီးကိုတောင် သမီးလို့ အသိအမှတ် မပြုနိုင်တော့ဘူးလား ဖေဖေရယ်၊


ဖေဖေ့ သမီးကျွန်မ အခုဆို တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီလေ.. ဖေဖေ ၀မ်းမသာဘူးလား..လို့ ကျွန်မ ပြောပြချင်ပေမယ့် ပြောခွင့်မရခဲ့ဘူး၊ ဒီလိုနဲ့ မေမေ့အိမ်ကို ပြန်ရောက်လာတော့.. သမီးရယ် သူကမှ မတွေ့ချင်တာ မေ့လိုက်ပါတဲ့.. ပြောရက်လိုက်တာ မေမေရယ်.. ဖေဖေ သက်ရှိထင်ရှား ရှိနေသေးတာကို သမီးဘယ်လို မေ့လို့ရမှာလဲ၊ ဖေဖေလို့ တစ်ခါခေါ်ခွင့် ရရင်တောင် သမီးသေပျော်ပါပြီ၊

တခါတရံတော့လည်း.. ကံကြမ္မာတွေက ရက်စက်လွန်းလှပါလားရှင်.. အပြစ်မဲ့တဲ့ ကျွန်မဘ၀.. ဖေဖေ့မေတ္တာတွေ ငတ်နေတဲ့ကျွန်မဘ၀.. ဘယ်ဘ၀က ဘယ်လို ကံကြမ္မာတွေများ ပါလဲလို့သာ အော်ဟစ်လိုက်ချင် ပါတော့တယ်၊ ကျွန်မအနေနဲ့ ကတော့ မေမေ့ကိုလည်း အပြစ်မဆိုချင်၊ ဖွားဖွားကိုလဲ လုပ်ရက်လိုက်တာလို့ မပြောချင်.. ဖေဖေရဲ့ ခံစားချက်ကိုလည်း ကျွန်မ နားလည်သင့်သလောက် နားလည်နိုင်ပါရဲ့.. ဒါပေမယ့်.. ဒီဘ၀မှာ ဖေဖေ့ကို ဖေဖေလို့ တစ်ကြိမ်ခေါ်ခွင့်ရရင် ကျေနပ်ပါပြီရှင်…တကယ်လို့များ ၀ဋ်ကြွေးပါလာတယ် ဆိုရင်လဲ ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေ လို့ ဆုတောင်းပါတယ်ရှင်။

(တကယ့်အဖြစ်အပျက် ဇာတ်လမ်းတစ်ပုဒ်ကို နေရပ်လိပ်စာပြောင်းပြီး သူငယ်ချင်း ပြောပြသည့်အတိုင်း ပြန်လည်မျှဝေပါသည်။)

Thursday, August 13, 2009

အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာ

ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှု ပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်း မှန်ကန်သူများဟာ စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများ ကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွှင်မှုနဲ့လည်း ဝေးနေတတ်ပါတယ်၊ လောကအရေးဖြစ်ဖြစ် လောကုတ္တရာ အရေးမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကို လေ့ကျင့်ထားသင့်ပါတယ်။

ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာ အရေးမှာလည်း တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်. (ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဥာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင် ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်.. မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတာတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေ ကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ်လို့ ကဲ့ရဲ့ ပြစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်.. တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲ ပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင် ကိုယ်တိုင်လည်း အကုသိုလ် တိုးပွားရပါတယ်။ အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့ လူကတော့ မပြောခင်လည်း စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လည်း နောင်တတွေ တပွေ့တပိုက် ဖြစ်နေတတ်တယ်. ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့် ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကို ရောက်လာပါတယ်.. ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေ၀တ တဲ့. ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာ နေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင် သာရိပုတ္တရာဆီ သွားပါတယ်.. အရှင် သာရိပုတ္တရာ ကတော့ အဘိဓမ္မာနဲ့ ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့.. ဒီလောက် ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလား ဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. အရှင်အာနန္ဒာဆီ ရောက်တော့ အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရား ဟောတာက တိုလိုက်တာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင် ပြန်လျှောက်ပြတော့.. ဘုရားရှင်က.. လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူးလို့ ဟောပြလိုက်ပါတယ်..

ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ.. တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ.. တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခု ကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစု အတွင်းမှာလည်း မနက်မိုးလင်း အိပ်ယာထပြီ ဆိုကတည်းက.. တပူပူ တဆူဆူ လုပ်တတ်တဲ့ သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျည်းတန်ရပါတယ်..

အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့ အတွက်ကြောင့် ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တယ်လို့ ဘုရားရှင် ဟောပြတော် မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံ လုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံ ပူညံသံပဲကြားရ.. ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလည်း သူကိုယ်တိုင် ဘ၀အတွက် ယုံကြည်မှု နည်းပါး.. ယုံကြည်မှု နည်းပါးလာတော့ အာရုံ တွေ့သမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ ပါဘူး..

အာရုံတွေ အပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်..

သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..

သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ.. သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..

ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှု တိုးတက်ပါမယ်..

ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်..

အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဥာဏ်ယှဉ်နိုင်ပါမယ်..

ဒီလို ဥာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ..

ဒီလိုစောင့်စည်းနိုင်ပါမှ ကောင်းတာလုပ်နိုင် ပြောနိုင် ကြံစည်နိုင်ပါမယ်..

ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်..

ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။

တိုတောင်းတဲ့ ဘ၀မှာ ပျော်ရွှင်အောင် နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ လိုသလို ဘ၀လွတ်မြောက်ဖို့ အတွက်လည်း အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်. အတ္တ မာန လွန်ကဲလာရင် အပေါင်းအသင်းကောင်း တွေကို လက်လွတ် ဆုံးရှုံးရနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလည်း အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး. ယောနိသော မနသိကာရ မရှိလေ ဘ၀ဟာ ပိုပြီး အထီးကျန် ဆန်လေဖြစ်တော့မှာပါ. ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဥာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။

အရှင်တိက္ခဉာဏာလင်္ကာရ

Monday, July 13, 2009

နေ့တစ်နေ့ကို ဖြတ်သန်းခြင်း

ဓမ္မ၀ိဟာရီ ညီတော်အရှင်ကုသလသာမိရဲ့ဆောင်းပါးကို ပြန်လည်မျှဝေပါသည်။ ။

(စာတွေရေးထားပြီးတော့ ပြန်စစ်ဖို့ အချိန်မရဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဖတ်မိသူတွေ၊ ကြည့်မိသူတွေ အေးမြသော တောရနံ့လေးတွေနဲ့ အေးမြမှုလေးတွေ ရရှိပါစေဆိုတဲ့ စေတနာနဲ့ ဖြစ်သလို ရေးထားတဲ့ ဆောင်းပါးလေးတွေ တင်လိုက်ပါတယ်။ အမှားများပါခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ဖြစ်ပါတယ်)


တရားပြဆရာတော် ဒေါက်တာအရှင်ဇနိတနှင့် စာရေးသူတို့အဖွဲ့













ဒေါက်တာအရှင်ဇနိတ (သြစတေးလျ)မှ စာရေးသူတို့အား တရားစစ်မေးနေစဉ်

စိတ္တလတောင်ရဲ့ အရှေ့ဘက်တောင်ခြေမှာ သဘာဝရေကန်ကြီးတစ်ခု ရှိတယ်။ အဲဒီရေကန်ကြီးကနေ သောက်ရေသုံးရေကို ယူကြရတာ။ ညနေဆိုရင် အဲဒီရေကန်ဘေးက သစ်ပင်တွေမှာ ငှက်ကြီးတွေ ရောက်ရောက်လာပြီး တစ်ညတာ ခိုနားလေ့ရှိကြတယ်။ စာရေးသူတို့ရဲ့ နေ့ခင်းတရားအားထုတ်ချိန်က ညနေ ခြောက်နာရီဆို ပြီးပါတယ်။ စာရေးသူတို့မှာ ညနေဆိုရင် နာရီမလိုဘူး။ တရားထိုင်ရင်း အဲဒီငှက်ကြီးတွေ အရပ်လေးမျက်နှာ မိမိတို့ကျက်စားရာအရပ်မှ ပြန်လာပြီး အော်မြည်နေတဲ့အသံကြားရင် ခြောက်နာရီထိုးတော့မယ်ဆိုတာ သေချာသိရတယ်။ အကောင်ရေကလဲ မနည်းဘူး။ အနည်းဆုံး အကောင်တစ်ရာဝန်းကျင်တော့ ရှိမယ်။ အကောင်ကကြီးလို့လားတော့ မသိဘူး။ အော်မြည်တဲ့အသံကလဲ အကျယ်ကြီးပဲ။ များသောအားဖြင့် အိပ်တန်းကို ပြန်လာကြတာကတော့ အုပ်စုလိုက်အုပ်စုလိုက်တွေပဲ။ ဒါပေမယ့် သစ်ပင်ပေါ်နားကြပြီဆိုရင်တော့ နှစ်ကောင်တစ်တွဲတွေ များတယ်။ သူတို့က အချိန်မှန်တယ်။ မနက်ဆိုရင်လဲ ငါးနာရီဝန်းကျင်လောက် အိပ်ယာထ အသံတွေပေးပြီး ခြောက်နာရီလောက်ဆိုရင် အရပ်မျက်နှာအသီးသီးကို အုပ်စုဖွဲ့ ပျံသန်းသွားလေ့ရှိကြတယ်။ သူတို့တွေ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီအတွင်း ဘယ်ကို သွားလို့၊ ဘာတွေ လုပ်နေကြသလဲ။ နေ့တစ်နေ့စာမှာ ဘာတွေ ရသွားခဲ့ကြသလဲ။
စိတ္တလတောင်ဟာ သားရဲတိရစ္ဆာန်မျိုးစုံ ကျက်စားတဲ့တောကြီး ဖြစ်ပါတယ်။ သီရိလင်္ကာမှာလဲ အကြီးဆုံးတောကြီးပေါ့။ အဲဒီသတ္တ၀ါတွေထဲမှာမှ လူနဲ့အနီးဆုံး ကျက်စားတဲ့ သတ္တ၀ါကတော့ မျောက်တွေပဲ ဖြစ်ပါတယ်။ မျောက်တွေက မနက်ဆိုရင် ငါးနာရီခွဲလောက်စပြီး အိပ်ယာထကြတယ်။ နေတော့လဲ သူ့အုပ်စုနဲ့သူ နေကြတာ။ အိပ်ယာထတာနဲ့ အဲဒီအထဲက မျောက်အထီးကြီးတွေက ကြောက်စရာအသံတွေနဲ့ အော်ဟစ်ပြီး နီးရာ သစ်ပင်၊ ကျောက်ဆောင်တွေပေါ်ကို အားရပါးရ ခုန်ပေါက်ပြေးလွှားလေ့ ရှိပါတယ်။ ငယ်ရွယ်တဲ့မျောက်လေးလေးတွေကလဲ အကြီးဆုံးမျောက်ကြီး လုပ်သလို တတ်နိုင်သလောက် လိုက်လုပ်လေ့ရှိတယ်။ မျောက်ကြီးတွေလောက် ခုန်လဲ မခုန်နိုင်၊ အော်လဲ မအော်နိုင်ဘူးပေါ့။


ရဟန္တာများစွာ သီတင်းသုံးခဲ့သည်ဆိုသော ကျောက်ဂူများအနီး အမှတ်တရ














နောင်တော်ကြီး အရှင်စန္ဒောဘာသ ကျောက်ဂူအတွင်းအိပ်ယာပေါ် တရားရှုမှတ်နေစဉ်













စင်္ကာပူရောက်နေသော နောင်တော်ကြီး အရှင်တိက္ခဉာဏာလင်္ကာရ တရားထိုင်ခဲ့သော နေရာ











နောင်တော်ကြီး ဦးတေဇောဘာသ (ဂျာမဏီ) နေ့စဉ် တစ်ရေးတမော မှေးစက်ခဲ့တဲ့ နေရာ

အဲဒီလို အော်နေကြ၊ ခုန်ပျံကျော်လွှားလုပ်နေကြတာဟာ အကြောင်းမသိသူဆိုရင် အတော်ခြောက်ခြားစရာကောင်းပါတယ်။ ရောက်စကဆိုရင် အဲဒါကို အထူးအဆန်းလုပ်ပြီး လိုက်ကြည့်ဖြစ်ပါတယ်။ အကြီးဆုံးမျောက်ကြီးတွေဟာ ငယ်တဲ့မျောက်တွေကို ခုန်ပျံကျော်လွှားနည်းပညာပဲ သင်ပြနေသလား၊ သို့မဟုတ် အင်အားပဲ ပြနေသလားတော့ မသိနိုင်ဘူး။ ပထမဆုံး မျောက်ကြီးတွေက သစ်ပင်ဆိုရင် အမြင့်ဆုံးကိုင်းဖျား၊ အမြင့်ဆုံးကျောက်တောင်အစွန်းတွေရဲ့ အထက်ကို တက်၊ ပြီးရင် အောက်ပိုင်းတော်တော်ဝေးတဲ့ သစ်ကိုင်း၊ ကျောက်ဖျာတွေပေါ်ကို ခုန်ဆင်းပြတာတွေဟာ ကြည့်လို့တော့ အတော်ကောင်းပါတယ်။ အဲဒီလို အချိန်ဆိုရင် အဲဒီဝန်းကျင်ကတော့ ဆူညံပွက်နေတော့တာပဲ။ အဲဒါဟာ မျောက်တွေရဲ့ နေ့တစ်နေ့ အစ။
ပြီးရင် သူတို့တစ်နေ့တာ နေထိုင်ကျက်စားမယ့်နေရာကို အကြီးဆုံမျောက်ကြီးက ဦးဆောင်ပြီး သွားတော့တာပဲ။ ငယ်တဲ့မျောက်တွေ၊ မျောက်မတွေက နောက်ကလိုက်လို့ပေါ့။ စားကျက်ကို သွားရင်လဲ မျောက်တွေဟာ ဟိုခုန်၊ ဒီကူးနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ တစ်ခါတစ်လေ ဓာတ်ကြိုးတန်းပေါ်ကနေ မျောက်အုပ်ကြီးအစဉ်အတိုင်း ကျော်ဖြတ်သွားနေတာကို တွေ့ရတယ်။


တောရဆောက်တည်နေသော ဆင်ဟာလရဟန်းတော်လေးနဲ့ အမှတ်တရ












ဒီသမင်လေးကို ၀ိုင်းချစ်ကြတယ်














တရားထိုင်ခဲ့ကြတဲ့ ကျောက်ဂူကြီး

အဲဒီအခါမျိုးမှာ ဇာတကမှာလာတဲ့ ကပိဇာတ်ကို သွားသွားအမှတ်ရတတ်ပါတယ်။ ကပိဇာတ်ထဲမှာ ဘုရားလောင်းဦးဆောင်တဲ့ မျောက်အုပ်ကြီးဟာ ချောင်းတစ်ခုကို နွယ်ကြိုးလေးနဲ့ ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီအခါ ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီပီ နောက်ဆုံးမှ ဖြတ်ကူးဖို့ ဆုံးဖြတ်ပြီး ငယ်ရွယ်တဲ့မျောက်တွေနဲ့ သားသည်မိခင်မျောက်တွေကို အရင် ကူးစေပါတယ်။ နောက်ဆုံးမှာ ဒေ၀ဒတ်လောင်းမျောက်ရဲ့ အကြံပက်စက်မှုကြောင့် ဘုရားလောင်းဟာ ဘုရင်ရဲ့အဖမ်းအဆီးခံခဲ့ရပါတယ်။
ဒီမျောက်အုပ်တွေမှာလဲ အကြီးဆုံး မျောက်ခေါင်းဆောင်ကြီးတွေ ရှိပါတယ်။ စာရေးသူတွေ့ရတဲ့ မျောက်ခေါင်းဆောင်ကြီးတွေကတော့ တော်တော်အတ္တဆန်ကြတာတွေ့ရတယ်။ ကောင်းမွန်တဲ့အစားအသောက်ဆိုရင် သူချည်းပဲ အရင်စားပါတယ်။ သူစားလို့ မကုန်မှ ကျန်တဲ့မျောက်တွေကို မျှဝေပါတယ်။ ကာမဂုဏ်အရာမှာလဲ ငယ်တဲ့မျောက်ထီးတွေဆိုရင် အလစ်မပေးပါဘူး။ ရက်ရက်စက်စက် ကိုက်လေ့ရှိပါတယ်။ သူ့ဆီမှာ စားစရာတစ်ခုခုရပြီဆိုရင် မျောက်မတွေကလွဲပြီး အောက်လက်ငယ်သားမျောက်တွေကို အနားကပ်ခွင့်မပေးပါဘူး။
ဒါပေမယ့် လေးစားစရာကောင်းတဲ့မျောက်ခေါင်းဆောင်တစ်ကောင်ကိုလဲ တွေ့ခဲ့ရတယ်။ တစ်နေ့ မျောက်တွေ ကျောင်းဆောင်နားမှာ သောင်းကျန်းကြလို့ ကျောင်းသားတွေက ခဲနဲ့ထုပြီး မောင်းထုတ်ကြပါတယ်။ အဲဒါအခါ မျောက်တွေဟာ ကြောက်အားလန့်အား ပြေးကြပါတယ်။ အန္တရာယ်ကြားနေ သူ့တပ်ဖွဲ့တွေ ပြေးနေကြတာကို ခေါင်းဆောင်လုပ်သူမျောက်ကြီးက ဓာတ်ကြိုးလေးကို အကာအကွယ်ယူပြီး ကြည့်နေပါတယ်။ သူ့ဘေးနားမှာ ခဲလုံးတွေ ပလူပျံနေတာကိုလဲ သူ့မှာ ဂရုမစိုက်နိုင်အားဘူး။ သူများတွေ ကြောက်အားလန့်အားပြေးနေကြပေမယ့် သူ့စိတ်ထဲမှာ ငယ်သားတွေအတွက် စိတ်ပူနေတာ အထင်းသားတွေ့ရတယ်။ ငယ်သားမျောက်တွေအားလုံး ဘေးလွတ်ရာကို ရောက်သွားတော့မှ သူ့လဲနောက်ကနေလိုက်ပြီး ပြေးပါတော့တယ်။


ဝါး....အိပ်ချင်လိုက်တာ















မိခင်ရင်ခွင်လောက် လုံခြုံတာ ဘယ်မှာမှ မရှိဘူး

ဒီနေရာမှာ ခေါင်းဆောင်ကောင်းကိစ္စကို ပြောချင်တာ မဟုတ်ဘူး။ မျောက်တွေရဲ့တစ်နေ့တာ လှုပ်ရှားရုန်းကန်ရပုံကို ပြောချင်တာ။ မျောက်တွေမှာ နေ့စဉ်တစ်အုပ်စုနဲ့တစ်အုပ်စု စားကျက်လုရင်း တိုက်ခိုက်ကြ၊ ခြိမ်းခြောက်ကြတာဟာလဲ သံဝေဂယူမယ်ဆို ယူစရာပဲ။ တောအုပ် ဒီလောက်အကျယ်ကြီးထဲမှာ စားစရာသစ်ပင်တွေက အများကြီး။ ဒါပေမယ့် သူတို့မှာ တစ်စုနဲ့တစ်စု သစ်ပင်လုကြရတယ်။ သစ်ပင်လုပြီး အားရပါးရစားသောက်ကြ။ ကာမဂုဏ်မှီဝဲကြ။ နေ့ခင်း နေပူပြီဆိုရင် သစ်ပင်ရိပ်တွေမှာ ကိုယ့်အုပ်စုနဲ့ကိုယ် အနားယူကြတယ်။ တစ်ကောင်နဲ့တစ်ကောင် သန်းရှာပေးသူပေးကြနဲ့ပေါ့။ ညနေ နေအေးပြီဆိုရင်တော့ တစ်ညတာမှာ မဆာဖို့အတွက် သစ်ပင်တွေပေါ်ကို ပြန်တက်၊ အလုအယက် စားသောက်ကြပြန်တာပေါ့။ ဒီလိုနဲ့ တစ်နေ့တာ ရုန်းကန်လှုပ်ရှားရင်း နေစောင်းတာနဲ့ နေ့စဉ်အိပ်နေကြ အိပ်တန်းကို အုပ်စုလိုက် ပြန်ကြတော့တာပဲ။ သူတို့ရဲ့ တစ်နေ့တာမှာ ဘာတွေများ ရသွားခဲ့ကြပါလိမ့်။
စိတ္တတောင်ဘေးက ကျောင်းမှာ ကပ္ပိယကြီးတစ်ယောက်ရှိတယ်။ ကပ္ပိယကြီးကြည့်လိုက်ရင် အားတယ်ကို မရှိဘူး။ လူက သန့်သန့်ပြန်ပြန့်နေရင် ဥပဓိ ဒီလောက်မဆိုးလောက်ဘူး။ အခုဟာက အ၀တ်စားနဲ့တစ်ကိုယ်လုံးက ညစ်ပေနေတယ်။ မီးဖိုချောင်မှာချည်း တစ်နေကုန် နေရတာလဲ ပါမှာပေါ့။ ရဟန်းတော်တွေနဲ့ ဧည့်သည်တွေ စားဖို့သောက်ဖို့ ချက်ပြုတ်ပြင်ဆင်နေရတာနဲ့ မီးဖိုက ထွက်ရတယ်ကို မရှိဘူး။ သူ့အလုပ်နဲ့သူတော့ ပျော်နေပုံရပါတယ်။ သူ့ကြည့်လိုက်ရင် အမြဲတမ်းပြုံးနေတာပဲ။ သူ့ရဲ့တစ်နေ့တာဟာ ဒီမီးဖိုချောင်လေးမှာပဲ လူးလားခေါက်တုန့် သွားလာရင်း အချိန်ကုန်သွားတော့တာပဲ။ သူ့မှာ အသက်ကြီးမှ ယူထားတဲ့ ဇနီးငယ်တစ်ယောက်နဲ့ သားသမီးတွေ ရှိတယ်လို့ ဆိုပါတယ်။ မီးဖိုချောင်လေးမှာ ပေပေရေရေ လုပ်ကိုင်ရင် ရတဲ့လခလေးနဲ့ မိသားစုကို အချိန်တန်ရင် လခပေး၊ သားသမီးတွေကို ကျောင်းထားရတယ်လို့ ဆိုပါတယ်။ သူ့မှာ အိမ်ထောင်ပြုထားပေမယ့် ဒီလိုတောကြီးထဲက ဘုန်းကြီးကျောင်းမှာ ကပ္ပိယအလုပ်လာလုပ်ရတာဆိုတော့ မိသားစုနဲ့ နွေးနွေးထွေးထွေးနေချိန်ဆိုတာလဲ ဘယ်မှာရှိနိုင်တော့မလဲ။


စစ်ထွက်ပြီး မြန်မာမှာ ဘုန်းကြီးဝတ်ချင်တယ်ဆိုတဲ့ စိတ်ကောင်းရှိတဲ့ စစ်ဗိုလ်














သမင်းလေးကို ကျားဆွဲသွားသတဲ့

သတ္တလောကသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ တွေးကြည့်ရင် ရင်သပ်ရှုမောဖွယ်ရာကောင်းသလို သာမန်ကြည့်ရင်လဲ မထူးခြားတဲ့ ဇာတ်လမ်းတွေပါပဲ။ တကယ်တော့ လူဆိုတာ အနှစ်သာရတွေအကြောင်း သိပ်ပြောလွန်းတဲ့ အမျိုးအစားတွေ ဖြစ်ပေမယ့် လက်တွေ့ဘ၀တွေမှာတော့ အနှစ်သာရနဲ့ဝေးလွန်းနေကြပါတယ်။ အနှစ်သာရကို ဘာပေတံနဲ့ တိုင်းတာမလဲလို့ မေးလာရင်တောင် နှုန်းစံ(Ideal)တွေက တစ်ဦးနဲ့တစ်ဦး ကွဲပြားနေပါအုံးမယ်။
တစ်နေ့က သူငယ်ချင်းက ရင်လာဖွင့်တယ်။ “အသက်တွေက ကြီးလာပြီကွာ။ လောက ကောင်းကျိုးအတွက် ငါဘာတွေလုပ်ပြီးပြီလဲလို့ စဉ်းစားကြည့်တော့ ငါ တစ်ခါတစ်လေ အိပ်လို့တောင်မရဘူး”တဲ့။ သူကတော့ ဘ၀ရဲ့ နှုန်းစံကို လောကကောင်းကျိုးအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်း၊ မပေးခြင်းနဲ့ တိုင်းတာပုံရပါတယ်။ “သူငယ်ချင်းက အဲဒီလို စဉ်းစားဖော်ရသေးတယ်။ တစ်ချို့အတွက် အဲဒီလို စဉ်းစားဖို့ကို အချိန်မပေးနိုင်ကြဘူး”လို့ ပြောလိုက်တော့ တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးသွားပုံရပါတယ်။
လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခေတ်ကာလရဲ့ အဖြစ်အပျက်မြန်နှုန်းတွေကြားမှာ မရူနိုင်မကယ်နိုင်နဲ့ ဖြစ်နေကြသလိုပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုအတွက် အနှစ်သာရရှိမရှိလဲ အချိန်ယူ စဉ်းစားမပေးနိုင်။ ဒီလိုနဲ့ပဲ ကျင်လည်ရာရပ်ဝန်းမှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀တစ်ခုကို မယောင်မလည်နဲ့ လက်စသိမ်းလိုက်ကြရတာက များပါတယ်။


ရေအိုင်ရှိရင် မိကျောင်းရှိတယ်














လှပတဲ့ ကိုရွှေဥဒေါင်း















ကျိန်းစက်ရာကျောင်းဆောင်နားကို ရောက်လာတတ်တဲ့ဖွတ်ကြီးတွေ















ညအခါ လာရောက်အစာတောင်းလေ့ရှိတဲ့ တောဆင်ကြီး











မိမိတို့သွားလေရာ ဖ၀ါးမကွာလိုက်လေ့ရှိတဲ့ ချစ်စရာရွှေသမင်










တစ်နေ့တာ လှုပ်ရှားမှုတွေအကြောင်းတွေးရင် ဗုဒ္ဓမြတ်စွာရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို သွားသတိရမိပါတယ်။ မိုးမလင်းခင် မနက် နှစ်နာရီလောက်ကတည်းက အိပ်ယာကထ၊ အိပ်ယာထပြီးတာနဲ့ “ငါ့အတွက် ဘာလုပ်ရမလဲ”လို့ မစဉ်းစားဘူး။ “ဒီနေ့ ဘယ်သူ့ကို ထာဝရချမ်းမြေ့ပျော်ရွှင်ခြင်း အမြိုက်အရသာကို ပေးရပါ့မလဲ”လို့ စဉ်းစားပါတယ်။ တွေးသမျှလုပ်သမျှဟာ အတ္တမပါတော့ဘူး။ ကိုယ်ကျိုးအတွက် တစ်ခုမှ မပါတော့ဘူး။ အများအကျိုးကိုပဲ ရှေ့တန်းတင်လုပ်ဆောင်ခြင်းအားဖြင့် တစ်နည်းတစ်ဖုံ ကိုယ်တိုင်ချမ်းမြေ့ရခြင်းဆိုတဲ့ ကိုယ့်ကျိုးတွေ ပြည့်စုံနေတတ်တာကတော့ ဓမ္မရဲ့ သဘာဝပါပဲ။ ဒီလိုနဲ့ တစ်နေကုန် သတ္တလောကရဲ့ ကောင်းရာမွန်ရာတွေကိုလမ်းညွှန်ပြသရင်း တစ်နေ့တာ ကုန်လွန်သွားတော့တာပဲ။ အားကျလေးစားမိပါတယ်။
လူတွေက သမိုင်းအကြောင်း သိပ်ပြောကြတယ်။ ကိုယ့်သမိုင်းကိုယ်ရေးတာ ဘာညာနဲ့ပေါ့။ သမိုင်းအကြောင်းပြောကြတာဟာ သူများအတင်းပြောမှ ထွက်လာကြတာများပါတယ်။ “အေးကွာ..သူများအကြောင်းတွေ ပြောမနေပါနဲ့၊ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာ”လို့ ဆိုတတ်ကြတယ်။ အမှန်တကယ် ပြောသူကိုယ်တိုင်ကတော့ သမိုင်းတွင်ရစ်စရာ ဘာမှ လုပ်ဆောင်ခြင်းမရှိ ဖြစ်နေတာကိုလဲ မိမိတို့ ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေကြရတာပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဧရာမအရာကြီးနှစ်ခုရဲ့အလယ် မယောင်မလယ် ရပ်တည်နေကြရတဲ့ သတ္တလောကသားတွေအတွက် သမိုင်းတွေအကြီးအကျယ်မရေးထိုးနိုင်ကြရင်တောင်မှ မိမိတို့ရဲ့ တစ်နေ့တာလုပ်ငန်းမှာ အတ္တ၊ ပရမျှတအောင် လုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။
တိရစ္ဆာန်တွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ထူးမခြားနားဖြစ်တဲ့ ကိုယ့်ဝမ်းကိုယ့်ခါးလှဖို့၊ ကိုယ့်မိသားစု ကောင်းစားဖို့ စတဲ့ ကိုယ့်ဖို့တွေအကြောင်းပဲ ခေါင်းထဲမှာထားပြီး လောကကြီးကို လည်သူစားလောင်းကစားဝိုင်းလို သတ်မှတ်လိုက်ကြတော့မလား။ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေကို အိပ်ယာဝင်ခါနီးတိုင်း စဉ်းစားကြဖို့မသင့်ပေဘူးလား။

နေ့တစ်နေ့ကို အဓိပ္ပာယ်ရှိစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ....

Wednesday, July 8, 2009

ဗြဟ္မ၀ိဟာရလမ်းစဉ်နဲ့ လူသား

လူသားတို့ရဲ့ ဖြစ်စဉ်တစ်ခုကို ပြန်လည်သုံးသပ်ကြည့်ရင် ဟိုး ..ကမ္ဘာဦးအစမှ ယနေ့ထိ ယဉ်ကျေးတဲ့လူ့ဘောင်တစ်ခုဖြစ်ဖို့ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာတွေတိုးတက်ဖို့ ကြိုးစားလာကြတာကိုတွေ့မြင်နိုင်ပါတယ်၊ နည်းမျိုးစုံနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်ဖို့ ကြိုးစားတဲ့နေရာမှာ ဘာသာရေးဟာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တယ်ဆိုတာ ငြင်းဆိုနိုင်မှာ မဟုတ်ပါဘူး။

ယဉ်ကျေးတဲ့ စိတ်ပိုင်းဆိုင်ရာတွေ အဆင့်ဆင့်မြင့်တက်ဖို့ ခရစ်ယန် အစ္စလာမ် ဟိန္ဒူ ဗုဒ္ဓဘာသာ စတဲ့ ဘာသာကြီးတွေက လမ်းညွှန်ပြသလို လူပီသတဲ့လူဖြစ်ဖို့ အချင်းချင်း အပြန်အလှန်အကူအညီပေးနိုင်ဖို့ကိုလဲ ဒီဘာသာကြီးတွေက အလေးပေး ဖော်ပြခဲ့ပါတယ်။

ဘီစီ ခြောက်ရာစု ၀န်းကျင်မှာတော့ သိဒ္ဓတ္ထဆိုတဲ့ မဟာလူသားတစ်ယောက် ဒီကမ္ဘာကြီးအတွင်းကို ရောက်ရှိလာပြီး ဂေါတမဗုဒ္ဓ ဆိုတဲ့အမည်နဲ့ ဘုရားအဖြစ်ကို ရောက်ရှိခဲ့ပါတယ်. သူ့ရဲ့ သွန်သင် လမ်းညွှန်ချက်တွေက အများနှင့်မတူ တမူထူးခြားပြီး ယဉ်ကျေးတဲ့လူဘောင်အတွက် သွန်သင်လမ်းညွန်ချက်တွေ အများကြီး ပြောပြခဲ့တယ်။

သူ့ရဲ့သွန်သင်ချက်တွေမှာ…ကိုယ့်လောက်အဆင်မပြေသူတွေကို အကြင်နာနှလုံးသားနဲ့ ကူညီရေး .. တန်းတူပုဂ္ဂိုလ်တွေအပေါ်မှာ ရွှင်ပြုံးကြည်သာစွာ ဆက်ဆံရေး.. ကိုယ့်ထက်အဆင်ပြေနေသူတွေ အပေါ်မှာ ကြည်နူးကျေနပ်စိတ်နဲ့ အသိအမှတ် ပြုရေး..အချို့ ပုဂ္ဂိုလ်တွေအပေါ်မှာ လျစ်လျူရှုပြီး နေရေး ..စတဲ့ စိတ်ဝင်စားဖွယ်လမ်းညွှန်ချက်တွေကို ကမ္ဘာ့လူသားထုအတွက် နေ့မနား ညမနား လမ်းညွှန်ဟောပြောခဲ့ပါတယ်. .

သူရဲ့ သွန်သင်ချက်တွေက ယဉ်ကျေးတဲ့လူ့ဘောင်ဖြစ်ပေါ်ရေး စိတ်အဆင့်ဆင့်မြင့်တက်ရေး အခက်အခဲအားလုံးကို ကျော်လွှားရေးအတွက် တကယ့်ကို အသုံးဝင်တဲ့ နည်းလမ်းတွေအဖြစ်တည်ရှိခဲ့တယ်. .
ဂေါတမဗုဒ္ဓကိုယ်တိုင်လဲ ဒုက္ခရောက်နေသူ လူတန်းစားများဖက်မှ ရပ်တည်ကူညီခဲ့တဲ့ သာဓကတွေ ကို သူ့ရဲ့ညွှန်ကြားချက် စာပေတွေမှာ မြောက်များစွာတွေ့ရှိနိုင်ပါတယ်။

ကျန်းမာရေးချို့ တဲ့ပြီး ဝေဒနာ အသည်းအသန်ခံစားနေရတဲ့ ပူတိဂတ္တလို ရဟန်းမျိုးကို ကိုယ်တိုင်ပြုစုခဲ့တာတွေ .ရာဓ လို ဥပါသကာတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်စည်းပေးခဲ့တာတွေကို တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ဒုက္ခရောက်နေသူ မကျန်းမာသူတွေကို ကူညီစောင့်ရှောက်တာဟာ ငါဘုရားကို စောင့်ရှောက်တာ ပြုစုတာနဲ့ အတူတူပါပဲဆိုတဲ့ မိန့်ဆိုချက်ဟာ အကြင်အနာတရား ထွန်းကားဖို့ မေတ္တာကမ္ဘာ ပြန့်ပွားဖို့ မီးမောင်းထိုးပြခဲ့တဲ့ သာဓက တစ်ခုလို့ ဆိုနိုင်ပါတယ်။

တခါက..ဘုရားရှင်ကိုယ်တိုင် သူ့ရဲ့ ဆုံးမမှုကို မလိုက်နာတဲ့ ရဟန်းတော်တွေကိုအကြောင်းပြုပြီး တစ်ပါးတည်းအေးဆေးစွာ နေလိုစိတ်ဖြစ်တဲ့အကြောင်း မိန့်ကြားပါတယ်၊ သူရဲ့ ပြောပြချက်ကို နားထောင်ကြတဲ့ တပည့်ကြီးတွေကို ပြန်ပြီး မေးတော်မူတာက.. သာရိပုတ္တရာ..ငါဘုရားက တစ်ပါးတည်း အေးဆေးစွာ နေတော်မူမယ်လို့ မိန့်တဲ့အခါ သင့်ရဲ့စိတ်မှာ ဘယ်လိုတွေ ခံစားရပါလဲလို့မေးတော့..တပည့်ကြီး အရှင်သာရိပုတ္တရာက..တပည့်တော်လဲ ဘုရားရှင်ကိုယ်တော်လိုပဲ တစ်ပါးတည်းနေတော့မယ်လို့ စိတ်ဖြစ်ပေါ်ကြောင်း ပြန်လျှောက်တော့ သာရိပုတ္တရာ..ဆိုင်းငံ့ပါအုံးလို့ ပြန်လည်မိန့်တော်မူပါတယ်..

အရှင်မောဂ္ဂလာန် ကိုမေးတော့..တပည့်တော်ကတော့ ဘုရားရှင်မရှိတဲ့အချိန် ဒီတပည့်သံဃာတွေကို စောင့်ရှောက်ပြီး အများအကျိုးဆောင်ရွက်နေမယ်လို့ စိတ်ဖြစ်ပေါ်ကြောင်း မိန့်တော်မူတော့ ဘုရားရှင်ကိုယ်တော်တိုင် သာဓု သုံးကြိမ်ခေါ်တော်မူပါတယ်..

ဒါကိုကြည့်ရင် ဘုရားရှင်ဟာ တကိုယ်တည်းလွတ်မြောက်မှု အဆင်ပြေမှု ငြိမ်းအေးမှုထက် အများအတွက် အကျိုးဆောင်ရင်း ဘ၀အတွက်အသုံးချတာကို ဘယ်လောက်မြတ်နိုးတော်မူကြောင်း သိသာထင်ရှားလှပါတယ်။
ဘုရားလက်ထက်တော်အခါက သိင်္ဂါရ၀ ပုဏ်ဏားက ဗုဒ္ဓဘာသာဟာ တကိုယ်ကောင်းဆန်တဲ့ဝါဒ တကိုယ်တော်လွတ်မြောက်မှုကို ဦးစားပေးတဲ့ ဘာသာဖြစ်ကြောင်းလျှောက်တဲ့အခါ..ဘုရားရှင်က ဗုဒ္ဓဘာသာဟာ တကိုယ်ကောင်းဆန်ဝါဒ တကိုယ်တော်လွတ်မြောက်မှုကိုပေးတဲ့ ဘာသာမဟုတ်ကြောင်း..အဆင့်မြင့်အသိတွေကို ဖြန့်ဝေပြီး အများချမ်းသာဖို့ အများအကျိုးဆောင်ရွက်ဖို့ စိတ်ပိုင်းဆိုင်ရာ မြင့်တက်ဖို့အတွက် ဦးစားပေးတဲ့အကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။

ဘုရားလောင်းဖြစ်စဉ်ကို ပြန်ကြည့်ရင်လည်း နိဗ္ဗာန်ကို တကိုယ်တော် ကူးမယ်ဆိုရင် ကူးမြောက်နိုင်တဲ့ အားအစွမ်းရှိပါလျက်.ငါကိုယ်တိုင်အခက်အခဲတွေက ကျော်လွှားနိုင်သလို ကမ္ဘာ့လူသားတွေကို ကျော်လွှားစေမယ်.. ငါကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးသိမ်မွေ့သလို ကမ္ဘာ့လူသားတွေကိုလဲ ယဉ်ကျေးစေမယ် စတဲ့ မြင့်မြတ်တဲ့နှလုံးသား သူမတူတဲ့ အကြင်နာ နှလုံးသားနဲ့ စွန့်လွှတ်မှုပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာ ပေးဆပ်တော်မူခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ။

ဒီလို ဗုဒ္ဓရဲ့သွန်သင်ချက်တွေကို နားလည်ခွင့် လေ့လာခွင့်ရပါလျက် တကယ်ဒုက္ခရောက်နေသူတွေကို တွေ့မြင်ပေမယ့် ကိုယ့်နှလုံးသားက တုန်လှုပ်မှုမရှိ ခံစားမှုဘာမှ မဖြစ်ပေါ်ဘူးဆိုရင် အကြင်နာနှလုံးသား ကင်းမဲ့သူလို့ဆိုနိုင်ပါတယ်. ဒုက္ခရောက်သူကို ကူညီပေးလိုတဲ့စိတ်မဖြစ်ရင် ဒုက္ခရောက်သူကို နှိမ်လိုတဲ့စိတ် အထင်သေးတဲ့စိတ်တွေဖြစ်ပေါ်လာမှာ သေချာလှပါတယ်။

အဆင်ပြေသူကိုတွေ့လို့ မေတ္တာမထားနိုင် ၀မ်းမြောက်ဝမ်းသာ မဖြစ်နိုင်ရင် မနာလိုတဲ့စိတ် ကျေးဇူးကန်းတဲ့စိတ် အပြစ်ပြောတဲ့စိတ်တွေဖြစ်ပေါ်တော့မှာပါ.. ဒါဟာ စိတ်ဖြစ်စဉ် စိတ်သဘာဝရဲ့ နိယာမတစ်ခုလို့ ပြောနိုင်ပါတယ်..

ဘုရားရှင် ဟောပြတဲ့ ဗြဟ္မ၀ိဟာရလမ်းစဉ်ဆိုတာ
၁-ကိုယ့်လောက်အဆင်မပြေသူတွေကို အကြင်နာနှလုံးသားနဲ့ ကူညီရေး ..
၂-တန်းတူပုဂ္ဂိုလ်တွေအပေါ်မှာ ရွှင်ပြုံးကြည်သာစွာ ဆက်ဆံရေး..
၃-ကိုယ့်ထက်အဆင်ပြေနေသူတွေ အပေါ်မှာ ကြည်နူးကျေနပ်စိတ်နဲ့ အသိအမှတ် ပြုရေး..
၎ အချို့ ပုဂ္ဂိုလ်တွေအပေါ်မှာ လျစ်လျူရှုပြီး နေရေး- ပဲဖြစ်လို့ ဘုရားရှင်ရဲ့ တပည့်ဖြစ်တဲ့ လူသားအပေါင်းကလဲ ဘုရားရှင်ရဲ့ လမ်းညွှန်ချက် ဗြဟ္မ၀ိဟာရလမ်းစဉ်ပေါ်မှာ လျှောက်လှမ်းနိုင်အောင်ကြိုးစားရင်း မေတ္တကမ္ဘာ ပြန့်ပွားဖို့ ကြိုးစားသင့်သလို ဗြဟ္မ၀ိဟာရလမ်းစဉ်နဲ့လူသား ...လူသားနဲ့ ဗြဟ္မ၀ိဟာရလမ်းစဉ် ခွဲခြားမရကြောင်း အပြောထက် အလုပ်နဲ့သက်သေပြချိန်ရောက်နေပြီဆိုတာကို သတိထားသင့်လှပါတယ်။ ။

Wednesday, May 27, 2009

မွေးနေ့ပူဇာ ဓမ္မစာ

မွေးနေ့ပူဇာ ဓမ္မစာ

ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရ ရဲ့ ၂၇-မေလ-၂၀၀၉ မှာကျရောက်တဲ့ ၃၁-နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ရေးသားလိုက်တာပါ။

ကျွန်တော်လည်း ဆရာတော်နဲ့ အွန်လိုင်းပေါ်ကပဲ ခင်မင်ရင်းနှီးခဲ့တာပါ။ ဗုဒ္ဓတရားတော်တွေနဲ့ ပတ်သက်လာရင် မေးသမျှ ဖြေပေးပြီး ကူညီတတ်တဲ့ ဆရာတော်ပါ။ ဆရာတော်အတွက် မွေးနေ့အမှတ်တရ ပို့စ်တွေဖတ်ရပါတယ်။ ဆရာတော်ဟာ ၂၇-မေလ-၂၀၀၉ မှာ သက်တော် ၃၁-နှစ် ပြည့်တော့မှာဖြစ်ပြီး မွေးနေ့ အမှတ်တရ အင်တာနက် စာမျက်နှာတစ်ခုဖွင့်မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ အဲဒီ စာမျက်နှာမှာ ဖော်ပြထားတဲ့ ဆရာတော်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် ကိုလည်း ဖတ်ရှုကြည်ညိုခဲ့ရပါတယ်။

ဆရာတော်ဟာ ဘုရားရှင်ရဲ့ သားတော်ပီပီ စရိယာ ၃-ပါးစုံအောင် ဖြည့်ကျင့်ဆည်းပူးသူပါ။

ငယ်စဉ်ကစလို့ ယနေ့ထိ ပရိယတ္တိလုပ်ငန်းနဲ့ သာသနာ့ဝန်ကို ကောင်းစွာထမ်းဆောင်ခြင်း၊ ဇာတိမြေမှာ ရိပ်သာဖွင့်၍ တရားဟောခြင်း၊ တရားဆွေးနွေးမေးမြန်းလိုသူ လူငယ်များကို ကိုယ်ကျိုးမျှော်ကိုးမှု လုံးဝမရှိဘဲ မညည်းမညူ ဖြေကြားပေးခြင်း၊ ကွန်ပြူတာ အင်တာနက်ခေတ်မှာ အွန်လိုင်းရေဒီယိုများက တရားတောင်းတဲ့အခါ ဟောကြားပေးခြင်းတို့ဖြင့် လောကအကျိုးအတွက် ဆောင်ရွက်လျှက်ရှိပါတယ်။

ဉာတတ္ထစရိယာ အနေနဲ့ကတော့ ယောနယ်ဇာတိဖြစ်တဲ့ ပြည်ပရောက်မြန်မာများကို စုစည်းပြီး ယောအသင်းကို ဦးဆောင်ကာ ဆွေတော်မျိုးတော် ယောနယ်သားများအကြား ဒါနကစလို့ သူတော်ကောင်းတရားအမျိုးမျိုး ထွန်းကားအောင် ထမ်းဆောင်နေသူဖြစ်ပါတယ်။

ဆရာတော်ဟာ အချိန်ရရင်ရသလို မိမိကိုယ်တိုင် နိဗ္ဗာန်ချမ်းသာမြတ်ကို မျက်မှောက်ပြုနိုင်ဖို့ ဗောဓိဉာဏ်အကျိုးတွက်လည်း ပဋိပတ္တိ အလုပ်ကို အားထုတ်ပါသေးတယ်။ လူသူဝေးတဲ့ တောထဲမှာ ကာလကြာရှည်စွာ သတင်းသုံးပြီး တရားအားထုတ်တတ်ပါတယ်။

ဆရာတော်နဲ့ ပတ်သက်ပြီး ကျွန်တော်သိသမျှကို စာဖတ်သူများ ကြည်ညိုပွားနိုင်အောင် စရိယာသုံးပါး ခွဲခြားပြီး ရေးသားပူဇော်လိုက်တာပါ။ တကယ်တော့ ဆရာတော်ရဲ့ စွမ်းဆောင်ချက်တွေက ကျွန်တော့်ရေးသမျှနဲ့ မပြည့်စုံနိုင်သေးပါ။

စာဖတ်ပရိတ်သတ်များလည်း ကြည်ညိုနိုင်အောင် ထေရုပ္ပတ္တိ အကျဉ်းချုပ်ကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

အရှင်တိက္ခဉာဏာလင်္ကာရ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

မြန်မာကောဇာသက္ကရာဇ် ၁၃၄၀ ခု ကဆုန်လပြည့်ကျော် (၆)ရက်၊ ခရစ်နှစ် ၁၉၇၈ ခု မေလ ( ၂၇ ) ရက်နေ့တွင် မကွေးတိုင်း ဂန့်ဂေါမြို့ ခင်သာရပ်ကွက်၌ ခမည်းတော် ဦးအံ့မော် မယ်တော် ဒေါ်ဟန်အေးတို့မှ ဖွားမြင်သည်။ အသက် ၁၁ နှစ်အရွယ်တွင် သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့သည်။ ရန်ကုန် မန္တလေးမြို့များ၌ စာပေကျန်းဂန်များ လေ့လာသင်ယူခဲ့သည်။ သာမဏေကျော်ဘွဲ့၊ ၀ိနယ၀ိဒူဘွဲ့၊ သာသနာဓဇဓမ္မာစရိယဘွဲ့ တို့ကိုရရှိ အောင်မြင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကေလနိယ တက္ကသိုလ်၌ M.A တန်းကို တက်ရောက်သင်ယူခဲ့သည်။

ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်၊ ဗဟန်း ၀ိသုဒ္ဓါရုံတိုက်သစ် နှင့် မန္တလေးမြို့ ၀ိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း၌ စာပေများပို့ချခဲ့သည်။

ဇာတိရပ်ရွာ၌ အုံ့တုံးတောင်တောရ ဓမ္မရိပ်သာကို ဆရာနှင့်တွဲကာ ဦးဆောင်ပြုဖွင့်လှစ်ခဲ့ပြီး တရားဓမ္မများ ဟောပြောပြသခဲ့သည်။ မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ နည်းအတိုင်း ကျင့်ကြံအားထုတ်ခဲ့သည့် အတွေ့အကြုံကို အဖြူရောင်သံစဉ် ရေဒီယိုမှ ကမ္ဘာတ၀ှန်း တရားချစ်ခင် သူတော်စင်တို့သိအောင် ဟောပြောခဲ့သည်။ လူမှုရေး လုပ်ငန်းများအဖြစ် ပြည်ပရောက် ယောနယ်အသင်းများကို ဦးဆောင် ဖွဲ့စည်းခဲ့သည်။

မွေးနေ့ပူဇာ တေးကဗျာ

(အရှင်)တိက္ခဉာဏ၊ မည်ရထေရ်သည်
ဗုဒ္ဓဘုရား၊ ချစ်သားဂုဏ်ညီ
လောကာ, ဉာတိ၊ ဗောဓိသုံးလီ၊
စရိယတရား ပွားများနေပေသည်။

၂၀၀၉ နှစ် သက္ကရာဇ်မှာ၊ ၂၇ ရက် မေလချိန်ခါ
၃၁ ပြည့် မွေးနေ့မင်္ဂလာ၊ စာဖတ်သူများ သဒ္ဓါပွားစေရာ
(ထေရုပ္ပတ္တိကျဉ်းမျှဖော်ကာ)
ဆရာတော်အတွက်၊ မွေးရက်ပူဇာ
ရေးလိုက်ရ၊ ပြုကြ နုမောဒနာ။

၃၁-နှစ်ပြည့် မွေးနေ့မင်္ဂလာမှ အစပြု၍ အရှင်တိက္ခဉာဏာလင်္ကာရ (ဆရာတော်ဦးယော) ကျမ်းမာပျော်ရွှင်စွာဖြင့် သာသနာ့အကျိုးကို ဆထက်တံပိုးတိုးကာ ထမ်းဆောင်နိုင်ပါစေ။

စာဖတ်သူများလည်း ဆရာတော်ရဲ့ ထေရုပ္ပတ္တိအကျဉ်းချုပ်ကို ဖတ်ရှုကာ သံဃာရတနာမြတ်အပေါ်ထားရှိသော သဒ္ဓါတရား တိုးပွားနိုင်ကြပါစေ။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကာ ကုသိုလ်တရားတို့ ပွားများနိုင်ကြပါစေ။

ကိုရွက်ဝါ

အကောင်းဆုံးသာ ယူသွားပါ

ကုသိုလ်နဲ့ အသက်ဆက်တဲ့ မွေးနေ့ပွဲလေး ဖြစ်ဖို့ ဓမ္မပို့စ်များ မွေးနေ့ပူဇာရေးပို့ကြ မွေးနေ့ဆုတောင်း မွေးနေ့ကဒ်များပေးပို့ကြတဲ့ ကနေဒါ နော်ဝေ အီတလီ ထိုင်ဝမ် မော်စကို ဂျပန် ဖီလစ်ပိုင် စင်္ကာပူ ထိုင်း သီရိလင်္ကာ အမေရိကန် နိုင်ငံမှ ဓမ္မမိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်..

မွေးနေ့အမှတ်တရ အဖြစ် အွန်လိုင်းတရားပွဲလေး ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ကိုဝင်းမြင့်နဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်..

ပြောင်းလဲနေတဲ့ လောက.. အကျိုးရှိ အကျိုးမဲ့နှစ်မျိုးပြတတ်တဲ့ လောကကြီးမှာ ကောင်းတဲ့ပြောင်းလဲမှုတွေကို ရှာဖွေနေကြပြီး ဘ၀မှာ အကောင်းဆုံး အကျိုးတရားတွေကို ကျင့်ကြံနေကြ တဲ့ သူတော်စင် ညီအကို မောင်နှမတွေကို တတ်နိုင်သလောက် ဓမ္မစကား ပြောကြားခွင့်ရလို့လဲ ဦးဇင်းရဲ့ ၃၁ နှစ်ပြည့် မွေးနေ့ပွဲလေးဟာ ပိုပြီး စိုပြေခဲ့ရပါတယ်.

သံဃာတွေကို ဆက်ကပ်တဲ့ အစာအာဟာရတွေကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ရဟန်းညီအကိုများကိုလဲ ကျေးဇူးတင်ရပါတယ်..

စက္ကန့်တိုင်းမှာ စိန်စီထားနိုင်ဖို့ အကောင်းဆုံးတွေကို ဥာဏ်မှီသလောက် ဥာဏ်ရှိသလောက် ယူနိုင်သလောက် လောကကြီးထဲကနေ ယူသွားကြပါစို့လို့သာ ဆန္ဒပြုချင်ပါတယ်.....

အရှင်တိက္ခဥာဏ

အချိန်ကို ပြန်လည်ဝါးမြို အသုံးချနိုင်ပါစေ

ယနေ့ ၂၇ရက်မေလ ၂၀၀၉နေ့သည်
သူငယ်ချင်း ယောကြီး၏ မွေးနေ့ဖြစ်သည်။ ရင်းနှီး
သည့် သူငယ်ချင်းတစ်ယောက်အနေဖြင့် အရှင်တိက္ခဥာဏကို ယောနယ်သားဖြစ်၍
ယောကြီးဟု ဘော်ဒါအသိုင်းဝိုင်းများ သမုတ်သည့် အမည်သညာဖြစ်သည်။

သူငယ်ချင်း
ရေ..ကိုယ့်မွေးနေ့အတွက် ဆောင်းပါးလေး ရေးပေးပါဦးလို့ တောင်ဆိုးနေတာ မွေးနေ့
မတိုင်ခင် နှစ်ပတ်ကျော်ကျော်လောက်ကဖြစ်သည်။ ရေးမယ်ရေးမယ်နဲ့ ကြံစည်လိုက်
တိုင်း ခေါင်းထဲမှာ ဘာမှပေါ်သဖြင့် နောက်မှပဲ နောက်မှပဲလို့အချိန်တွေများစွာ ကျော်
ဖြတ်လာခဲ့သည်မှာ ယနေ့မနက်သည် သူငယ်ချင်း၏ မွေးနေ့ပင်ဖြစ်နေပါတော့သည်။

ညကပဲ အွန်လိုင်းမှာ တွေ့သဖြင့် မွေးနေ့ဆောင်းပါး ဘယ်လိုလဲမေးမှ အင်းဟုတ်သားပဲ
လို့သတိဝင်လာပြီး သူငယ်ချင်း အိပ်ယာထရင် ဖတ်ရပါစေမယ်လို့ ကတိပေးလိုက်
သဖြင့် ယခု ယောကြီးမနိုးခင် ကြိုးစားကာ ရေးလိုက်ရသည့် မွေးနေ့ဆောင်းပါးမဟုတ်
သော်လည်း မွေးနေ့အတွက် ရင်ထဲမှပေါ်လာသည့် ၀ိဇာတပတ္ထနာသ၀ဏ်လွှာ ဖြစ်ပါ
သည်။

“ကာလသည် သတ္တ၀ါတို့ကို စား၏’’ စာပေလေ့လာသူအများပညာရှင်တို့ အကျွမ်း
ဝင်သည့် စကားလုံးတစ်ခုဖြစ်သည်။ ကာလော ဃသတိ ဘူတာနိ ဆိုသည့် ပညာရှင်တို့
မိန့်ဆိုသည့် စကားကို ဘာသာပြန်ဆိုခြင်းပါ။ မွေးနေ့ဆိုသည့် ဝေါဟာရသည် အချိန်ကို
ဖေါ်ပြသည့် စကားလုံးဖြစ်သည်။ မွေးဖွားသည့်နေ့ရောက်တိုင်း နှစ်၏ တကျော့ပြန်
လည်ပတ်ခြင်းဖြစ်သည်။ တကျော့ပြန်လည်ပတ်သည်ဟု ဆိုသော်လည်း နောက်ဆုတ်
သွားခြင်းမဟုတ်ပါ။ ရှေ့သို့သာ တိုးကာတိုးကာ ရွေ့လျားခြင်းဖြစ်သည်။

ယခု သူငယ်ချင်း၏ ၃၀နှစ်မွေးနေ့မှ ၃၁ နှစ်မွေးနေ့အဖြစ် ရှေးသို့တိုးကာ နှစ်၏ တပတ်
ပြန်လည်လာခြင်းဖြစ်သည်။ အသက်အားဖြင့် ရှေးသို့တိုးလာသော ရက်နှစ်တို့၏
တပတ်လည်လာသော သူငယ်ချင်း၏ မွေးနေ့တွင် သူငယ်ချင်း တယောက်နေဖြင့်
ထုံးတမ်း စဉ်လာအတိုင်း မွေးနေ့ဆိုတောင်းပေးချင်ပါတယ်… သူငယ်ချင်း သကလရဋ္ဌ
သာသနောပကာရ ၀ိသိဋ္ဌပုဂ္ဂလ ဖြစ်ပါစေလို့။

တိုင်းပြည်အကျိုး သာသနာအကျိုးကို သယ်ဆောင်နိုင်သည့် အာဇာနည်ကောင်း
တယောက် ဖြစ်စေချင်သည်မှာ သူငယ်ချင်း၏ အွန်လိုင်းတရားပွကို ကြားနာပြီးကတည်း
ကရင်ထဲမှာ ပေါက်ဖွားလာသည့် ဆန္ဒ တစ်ခုပါ။

သူငယ်ချင်း၏ တရားနာသူအပေါင်းကို နားလည်အောင် ပြောပြရှင်းပြနိုင်သည့် စွမ်းရည်
ရှိနေသည်ကို ရိပ်စားမိသည်။ သူငယ်ချင်းကို မြှောက်ပင့်ကာပြောချင်းမဟုတ်။
ဖြစ်လာမည် မဖြစ်လာမည်ကိုတော့ မပြောနိုင်သော်လည်း သူငယ်ချင်း စွမ်းရည်ကို
အထင်ကြီးမိသဖြင့် အထက်ပါအတိုင်း ဆုတောင်းပေးခြင်းဖြစ်သည်။

သူငယ်ချင်းအတွက် ဆုတောင်းပေးသည့် စကားလုံးသည် ဒေါက်တာနန္ဒမာလာဘိဝံသ
(ရန်ကုန် ထေရ၀ါဒတက္ကသိုလ်၊ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့၏
ပါမောက္ခချုပ်) အရှင်သူမြတ် ရွေးချယ်ကာ ရွှေကျင်နိကာယ အဓိပတိ သာသနာပိုင်
ဝါဆိုဆရာတော် ဘုရားကြီးမှ သီတဂူဆရာတော်ကို အပ်နှင်းသည့် ဘွဲ့ဖြစ်သည်။
မိမိအရမ်းပင် နှစ်သက်မြတ်နိုးသည့် နာမည်ဖြစ်သည်။

ထို့ကြောင့် နောင်တချိန်
တိုင်းပြည်နှင့် သာသာနာကို သူငယ်ချင်း စွမ်းစွမ်းတမံဆောင်ရွက်မည့် စိတ်ဓာတ်အင်
အားများစွာ ကိန်းအောင်းလာစေဖို့ သူငယ်ချင်းအတွက် ဆုတောင်းပေးခြင်းလည်း
ဖြစ်သည်။

သူငယ်ချင်းရေ..ကာလတွေက ၀ါးမျိုးခြင်းကိုခံလာခဲ့တာ ယခုသူငယ်ချင်း ၃၁နှစ်ပင်ရှိခဲ့
ပြီ။ သူငယ်ချင်းကလည်း အချိန်ကို ပြန်လည် အသုံးချဝါးမျိုးနိုင်ခဲ့လို့ မာစတာဘွဲ့ကြီးကို
အောင်မြင်စွာ ဆွတ်ခူး၊ ဗုဒ္ဓ၏ ဓမ္မတွေကို ဖြန့်ဖြူနိုင်တဲ့ ရဟန်းတပါးဖြစ်နေပါပြီ။

ရှေ့ဆက်၍လည်း အချိန်က ဒို့တတွေကို ၀ါးမျိုနေဦးမှာပဲ။ ဒို့ကိုဝါးမျိုးတဲ့အချိန်တွေကို
အကျိုးရှိရှိ အသုံးချပြီး. ကိုယ်ဆုတောင်းပေးတဲ့ ပတ္ထနာသ၀ဏ်လွှာလေး သူငယ်ချင်းဖြစ်
ပါစေ…အချိန်ကိုပြန်လည် ၀ါးမျိုး အသုံးချနိုင်တဲ့ ၀ိသိဋ္ဌပုဂ္ဂလဖြစ်ပါစေ..

မနက်ဖြန်

အနေလည်းတတ် အသေမြတ်ဖို့

ရာသီစက်ဝန်းကား တရွေ့ရွေ့နှင့် ပြောင်းလဲလည်ပတ်လာခဲ့ရာ ယနေ့ဆိုလျှင် မြန်မာသက်ကရာဇ် ၁၃၇၁ ခု နယုန်လဆန်း ၄ ရက် ၊ ( 27 May 2009) သို့ပင် ရောက်ခဲ့ပေပြီ...။ယနေ့သည် ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရ၏ (၃၁) နှစ်မြောက် မွေးနေ့မင်္ဂလာ နေ့ထူး နေ့မြတ်လည်း ဖြစ်ပေသည်။

သက္ကရာဇ်တွေ တစ်နှစ်ပြီး တစ်နှစ်တိုးလာသလို လောကကြီးမှာနေဖို့ရန်လည်း တစ်နှစ်ယုတ်လျှော့ခဲ့ပေပြီ...။မလွဲမသွေ ကြုံတွေ့ရမည့် သေခြင်းတရားကို ရဲဝံ့စွာရင်ဆိုင်နိုင်ဖို့၊ အသေတက်ဖို့မှာလဲ လွန်စွာမှအရေးကြီးလှပေသည်။

အနေတက်မှလည်း အသေတက်ပါလိမ့်မည်... ဟူသော စကားအတိုင်း ဆရာတော်အရှင်သည် သီရိလင်္ကာနိုင်ငံ တွင်သတင်းသုံးနေထိုင်လျှက်ရှိပြီး တရားဓမ္မချမ်းသာကို ရှာမှီးလိုကြကုန်သော တိုင်းနိုင်ငံအသီးသီးမှ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ဓမ္မမိတ်ဆွေ ဒကာ၊ဒကာမတို့အား အသေလည်းတက်၊အနေလည်းမြတ်စေရန် မြတ်စွာဘုရားရှင်၏ တရားဓမ္မများကို မိမိတက်စွမ်းသလောက် လက်လှမ်းမှီသလောက် ဟောပြလမ်းညွန်တော် မူခဲ့ပါသည်။ တပည့်နောင်လာနောင်သားတို့ အားထားလေးစားရသော သာသနာ့ အာဇာနည် တစ်ပါးပေတည်း...။

မွေးနေ့အမှတ်တရ အဖြစ် ~
ဆရာတော် ၏ သက်တော် (၃၁)နှစ်မှသည် နောင်နှစ်ပေါင်း များစွာထိ ဘာသာ၊သာသနာ ၏ တာဝန် များကို ကျန်းမာစွာဖြင့် ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေကြောင်း အဝေးတစ်နေရာမှ ဆုမွန်ကောင်း တောင်းလိုက်ပါသည် ဘုရား။

EI MI KO
Design & Application Engineer