Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, January 9, 2009

အမေနေ့ အပိုင်း (၂)

အမေလို့ခေါ်ခွင့်ရနေတဲ့ အချိန်လေးမှာ အမေစိတ်ချမ်းသာအောင် အမေကျေနပ်မှုရအောင် ပြုမူ ပြောဆို ပြီး ကျေးဇူးဆပ်ထားသင့်ပါတယ်၊ ဆရာတော်ကြီးတပါး အမိန့်ရှိတာကို မှတ်သားဖူးပါတယ်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ၁၀ နှစ်တိတိ တာဝန်ထမ်းဆောင်ဖူးတဲ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်အကြောင်းပေါ့၊

သူဟာ များပြားလှတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နေရပေမယ့် အမေကို အမြဲဦးထိပ်ထားသူတယောက်ပါ၊ တနေ့သူမြန်မာပြည်ကို ခဏပြန်လာတဲ့ အချိန် ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုနေကြတဲ့ ပရိဿတ်ကြီးရဲ့ရှေ့မှာ အမေကိုတွေ့တွေ့ချင်း အမေ့ခြေဖမိုးကို သူ့ခေါင်းနဲ့ထိပြီး ပြားပြားဝပ် ကန်တော့တဲ့ ပုံရိပ်ဟာ အဲဒီအချိန်က မြန်မာသတင်းစာတွေရဲ့ ခေါင်းစီးပိုင်းမှာ ဖော်ပြခဲ့ပါတယ်တဲ့၊ ပြီးတော့ ဆရာတော်ကြီးက ဆက်ပြီးအမိန့်ရှိပါတယ် ဥာဏ်ရှိတဲ့သူမှန်ရင် မိဘကျေးဇူးကို သိရပါမယ်တဲ့၊ဆရာတော်ကြီးတပါးအမိန့်ရှိခဲ့တာလေးပါ၊

ဘုရားရှင်ဟောကြားတဲ့ တရားတော်တွေမှာလည်း မိဘကျေးဇူးကြီးမားကြောင်းဟောကြားခဲ့တဲ့ ဒေသနာတော်တွေဟာ အများကြီးပါဘဲ၊ အားလုံးသိကြတဲ့ မင်္ဂလသုတ်ထဲမှာ မာတာပိတု ဥပဋ္ဌာနံ ဆိုတဲ့ စကားလေးရှိပါတယ် အမေနဲ့ အဖေကို ပြုစုလုပ်ကျွေးရင် မင်္ဂလာတပါးလို့ဆိုလိုပါတယ်၊ သိဂါင်္လောဝါဒ သုတ္တန်မှာတော့ တကယ်လို မိဘတွေမရှိတော့ရင်တောင် (ကွန်လွယ်သွားပြီဖြစ်တဲ့ ) မိဘတွေအတွက် ကုသိုလ်ကောင်းမှု ပြုပြီး အမျှအတမ်းပေးဝေခြင်းဖြင့် ကျေးဇူးဆပ်ရမယ်လို့ ဟောကြားတော်မူခဲ့ပါတယ်၊

ဘယ်လိုအနေအထား ဖြစ်ဖြစ် မိဘဟာ သားသမီးတွေ အတွက်ဆိုရင် ဘာအရာကို မဆိုရင်ဆိုင်ရဲတဲ့ သတ္တိတွေအပြည့်ရှိပါတယ် သားသမီးတိုင်းကို ကောင်းစားစေချင်တာ မိဘတိုင်းရဲ့ ရင်ထဲကဆန္ဒ၊ ဗုဒ္ဓရဲ့ အလိုအရ မိဘတွေဟာ ဗြဟ္မာကြီးနဲ့တူတယ်လို့ ဟောပြတော်မူပါတယ်၊ ကြင်နာတတ်တဲ့နှလုံးသား ကြီးပွားစေလိုတဲ့ဆန္ဒဟာ မိဘတိုင်းမှာ ရှိတဲ့စိတ်ထားပါ၊ တကယ်သာ လူသားအားလုံးမှာ မိခင်စိတ်ရှိကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးဟာ ငြိမ်းချမ်းနေမှာ မလွဲပါဘူး၊
အမေကိုချစ်ရင် အမေစိတ်ချမ်းသာအောင် တတ်နိုင်သလောက်ကျေးဇူးဆပ်ခြင်းဖြင့် အမေနေ့ကို ကြိုဆိုကြပါစို့၊

Wednesday, January 7, 2009

အမေနေ့



အမေနေ့- အမေနေ့ အမေနေ့- ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုတဲ့နေ့, အထီးကျန်ဆန်နေတဲ့ အမေအားလုံးကို သားသမီးတွေက နွေးထွေးတဲ့ မေတ္တာတွေနဲ့ ထွေးပွေ့ယုယပြီး အမေ့ဂုဏ်ကျေးဇူးတွေကို ထုတ်ဖော်ပြောဆိုတဲ့နေ့ကို အမေနေ့အဖြစ် သတ်မှတ်ကြပါတယ်၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီတဲ့ ရက်တွေမှာ အမေနေ့ကို ကျင်းပကြပါတယ်၊

ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်လို့ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်ပါတယ် နောင်မှာလဲ ဒီလိုဘဲ အမေ့ကျေးဇူး ထုတ်ဖော်တဲ့ နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပါဘူး၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူက တော့ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်ပါတယ်၊ သူမဟာ ကျော်ကြားတဲ့ စာရေးဆရာမကြီးတဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ဖို့ ကလောင်စွမ်းနဲ့ ကြိုးပမ်းခဲ့သူဖြစ်ပါတယ်၊

အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home ရဲ့ သမီး Anna Jarvis ကတော့ အမေ့ရဲ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်လို့ သူမဟာလဲ မမေ့သင့်တဲ့ ကျေးဇူးရှင် တဦးဖြစ်ပါတယ်၊ Juil Ward Home နဲ့ Anna Jarvis တို့ရဲ့ ကြိုးပမ်းမှုတွေကြောင့် နောက်ပိုင်းမှာ ကမ္ဘာနဲ့ အ၀ှမ်း အမေနေ့ရယ်လို့ ကျင်းပနေခဲ့ကြတာဖြစ်ပါတယ်၊

အင်္ဂလန်နိုင်ငံမှာတော့ မယ်တော်မယ်ရီကို ဂုဏ်ပြုတဲ့အနေ့နဲ့ ကျင်းပလေ့ရှိပါတယ်၊ အဲဒီနေ့မှာ အမေအားလုံးဟာ တူညီဝတ်စုံတွေကို ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပတဲ့နေရာကို ရောက်လာတဲ့အခါ သားသမီးတွေက အမေတွေရဲ့ ကျေးဇူးတွေကို ထုတ်ဖော်ပြောဆိုကြပါတယ်၊

မြန်မာပြည်မှာတော့ စာရေးဆရာ ဒါရိုက်တာ ဆရာကြီး ဦးသုခရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်မှာ ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့တာပါ၊ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနဲ့ တဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြတာပါ၊ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါတယ်၊

တကယ်တော့ အမေရဲ့ ဂုဏ်ကျေးဇူးဟာ စကားလုံးတွေနဲ့ ဖော်ပြလို့ မပြည့်စုံနိုင်ပါဘူး၊ တကယ်တော့ အမေဟာ မိန်းမသားတယောက်ပါ၊ အများအမြင်နဲ့ ဗီဇစိတ်ကတော့ အားနွဲ့သူတယောက်၊ ဒါပေမယ့် သားတို့ သမီးတို့အတွက်ဆိုရင် အမေဟာ သမုဒ္ဒရာကိုလဲ လက်ပစ်ကူးရဲတယ် ဘယ်လောက်ကြမ်းတမ်းတဲ့ခရီးဘဲ ဖြစ်ဖြစ် အမေဟာ သွားရဲတယ်။ အမေ့မှာ သိမ်မွေ့တဲ့ ထူးခြားတဲ့ စွမ်းအားတွေ အပြည့်ရှိတယ်။

အမေဟာ မိန်းမသား ဒါပေမယ့် စစ်သူကြီးတဦးရဲ့ စိတ်ဓာတ် အပြည့်ရှိတယ် ၊ အမေဟာ မိန်းမသား ဒါပေမယ့် သူတော်စင်တဦးလို သိမ်မွေ့နူးညံ့တယ်၊ အမေဟာ မိန်းမသား ဒါပေမယ့် ဘယ်အရာကို မဆို စွန့်လွှတ်ရဲတယ် အမေဟာ မိန်းမသား ဒါပေမယ့် ဘယ်လိုလောကဓံကို မဆိုရင်ဆိုင်ရဲတယ်၊

အမေရဲ့ စွန့်လွှတ်မှုတွေက သားတွေ သမီးတွေကို လောက အလယ်တင့်တယ်စေခဲ့တယ်၊ အမေရဲ့ ကြည်သာချိုမြတဲ့ ညအိပ်တေးတွေက သားတို့ သမီးတို့ရဲ့ နှလုံးသားတွေကို နူးညံ့စေခဲ့တယ်၊ အမေရဲ့ နို့ချိုတွေက သားတို့ သမီးတို့ရဲ့ အသက်ကို ကြာရှည်အောင် အသက်ဆက်နိုင်ခဲ့တယ်၊ အော် တကယ်တော့- အမေဟာ ဘယ်အရာနဲ့မှ အစားထိုးမရနိုင်တဲ့သူပါ၊
(ဆက်လက်ဖော်ပြပါမည်)

Saturday, January 3, 2009

လွတ်လပ် -ကျေးဇူး

04.01.2009



ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူးကို ကျေးဇူးသိမှု ကတညုတည်း ၊
ထိုသူ့ထက်ပင် ကျေးဇူးအင်ကို ထင်ထင်မချွတ် ပြောဆိုတတ်က
ကတဝေဒီ ဟူတုံပြီရှင့်။

စာဆိုအကျော် မန်လည်ဆရာတော်ကြီး မဃဒေ၀လင်္ကာမှာ ဖော်ပြထားတဲ့ လင်္ကာလေးပါ၊ ၃၈ ဖြာ မင်္ဂလာထဲက ကတညုတ ကတဝေဒိတာ မင်္ဂလာကို ဖွဲ့ဆိုထားတာပါ၊ ဘုရားရှင်ကိုယ်တော်တိုင် ဟောထားတဲ့ ဒီမင်္ဂလာတရားတော်မှာ ကျေးဇူးရှင်ရဲ့ ကျေးဇူးကို ကိုယ်က သိတတ်ရင် ကတညုတ မင်္ဂလာလို့ ခေါ်ဆိုပြီး သိပြီးတဲ့ ကျေးဇူးကို သိတဲ့အတိုင်း ပြောပြတတ် ပြန်လည်ကျေးဇူးဆပ်တတ်တာကို ကတဝေဒိတာ မင်္ဂလာလို့ ခေါ်ဆိုကြောင်း ဟောပြတော်မူပါတယ်၊

ဗုဒ္ဓဘာသာ ၀င်တွေက မင်္ဂလာတရားတော်နဲ့ အညီပြုမူနေထိုင်ရင် ဘ၀အောင်မြင်တိုးတက်မှု ရှိ မယ်လို့ ယုံကြည်လက်ခံထားတာပါ၊
အမှောင်ထဲရောက်နေမှ အလင်းရဲ့တန်းဖိုးကို တမ်းတမိသလို လွပ်လပ်မှုရဲ့ တန်ဖိုးကို မလွတ်လပ်တဲ့ အချိန်ရောက်မှ သိကြရတာပါ၊ အမိမြန်မာပြည်ဟာ နှစ်များစွာ လွတ်လပ်မှုရဲ့ တန်ဖိုးတွေ နှစ်များစွာ ဆုံးရှုံးခဲ့ရတာပါ၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ လွတ်လပ်ရေး ဗိသုကာ ကျေးဇူးကြောင့် မြန်မာပြည်သူ ပြည်သားတွေ လွတ်လပ်မှုကို ရရှိခဲ့တာဖြစ်ပါတယ်၊

ဒီလိုဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမိမြန်မာပြည်ရဲ့ ကျေးဇူးရှင်အစစ်၊ အဲဒီကျေးဇူးရှင်ရဲ့ ကျေးဇူးကို မြန်မာမှန်ရင် သိတတ်ရပါမယ် သိပြီးရင် ပြန်လည်ပေးဆပ်ကြရမှာပါ၊ ဒါဟာ ဘုရားရှင်ဟောကြားတဲ့ မင်္ဂလာတရားတော်နဲ့အညီ ပြုမှုနေထိုင်ခြင်း ဖြစ်လို့ သေချာပေါက် ဘ၀တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်၊

လွတ်လပ်ခြင်းရဲ့ ကျေးဇူးကို နားလည်ရင် လွတ်လပ်ရေး ဗိသုကာ လွတ်လပ်ရေး ဖခင်ကြီးဟာ မြန်မာပြည်သူတွေရဲ့ ကျေးဇူးရှင် အစစ်တယောက်ဖြစ်တယ်ဆိုတာ နားလည်ကြရပါလိမ့်မယ်၊

အီးမေးလ်းက ပို့လာတဲ့ Forward မေးလ်ကို မျှဝေခြင်း

04.01.2009


လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊

၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ မမေ့နဲ့။"" . . . . .

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

* * * * * * *



Wednesday, December 31, 2008

နှုတ်ဆက် ကြိုဆို နှစ်သစ်ကို


01.01.2009

လူအများရဲ့ သတ်ချက်ကာလ တခုအရ ၂၀၀၈ ခုဆိုတဲ့ ခရစ်နှစ်တခု ကုန်ဆုံးခဲ့ပါပြီ ၊ ကိုယ်ရောက်ရှိ နေထိုင်ရာ နိုင်ငံအလိုက် Happy New Year အသံတွေ လွှင့်ပျံ ၀ဲလွှင့်နေခဲ့တာ တကယ့်ကို ကြည်နူးစရာပါ၊ အကောင်အထည် ဖော်လို့ရတဲ့ နှစ်သစ်လက်ဆောင်တွေ, နှစ်သစ်ကို ကြိုဆိုဖို့ ဆုတောင်းပေးကြတာတွေဟာ တကယ့်ကို မြတ်နိုးစရာ ကောင်းလှပါတယ်။ ကမ္ဘာနှင့် အ၀ှမ်း ကျင်းပနေတဲ့ နှစ်သစ်ကြိုဆိုပွဲ အခန်းနားတွေက TV channel များမှာ လှပတဲ့ အခန်းနားတွေ အဖြစ် နေရာယူခဲ့ကြတယ်၊

စာရေးသူဆီကိုလည်း နှစ်သစ် တောင်းဆုခြွေ ဖုန်း message တွေ ပေးပို့ခဲ့ကြပါတယ်၊ ရောက်လာတဲ့ နှစ်သစ် တောင်းဆုခြွေသံလေးတွေကို အမှတ်တရ ကျန်ခဲ့စေချင်လို့ ဒီဘလော့ စာမျက်နှာပေါ်မှာ မှတ်တမ်းတင်လိုက်ပါတယ်၊

Happy New Year 2009 Best of luck and Exam.( TTM )

Good Bye 2008, Welcome 2009
Happy New Year and Best Wishes to you and your family (Fri)

2009 is at your doorstep… Remember, Life is short, break the rules, forgive and forget quickly, love truly, laugh uncontrollably, and never regret anything that made you smile ( MS)

Wish you Happy New Year 2009, 12 months of Happiness
52 weeks of Fun,365 days of Success,8760 Hours of Good health,
525600 minutes of Good Luck, 31536000 Seconds of Joy.
Wishing you in Advance for the up coming , Happy New Year !! (Egg)

“New” day.
“New morning”.
“New” hopes.
“New” plans.
“ New” efforts.
“ New success.
“ New” feelings.
I wish you a ‘ Happy “ and .. Successful year. ( TTK)

နှစ်သစ်အတွက် တောင်းဆုခြွေပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်၊ မိမိတို့တတွေက နှစ်ဟောင်းကို နှုတ်ဆက်ခဲ့ကြပါပြီ၊ ဘာသာရေးရှုဒေါင့်က ပြောမယ်ဆိုရင်တော့ နှစ်ဟောင်းက မကောင်းတာတွေကို နှုတ် ပြီး အကောင်းတွေနဲ့ ဆက် ပေးခြင်းဖြင့် နှစ်သစ်ကို ကြိုဆိုကြရမှာပါ၊ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ မကျေနပ်မှုတွေ စိတ်ဆင်းရဲ စရာတွေ အလိုမကျမှုတွေ သောကရောက်မှုတွေကို နှုတ်ပြီး (မေ့ထားခဲ့ ချန်ထားခဲ့ပြီး ) စိတ်သစ် လူသစ် ခွန်အားသစ်နဲ့ ၂၀၀၉ ဆိုတဲ့ ခရီးရှည်ကို မိမိတို့တတွေ ဖြတ်သန်းကြရပါလိမ့်မယ်၊

အဟောင်း သို့မဟုတ် အတိတ်ဆိုတာဟာ တန်ပြန်သက်ရောက်မှု အငွေ့အသက် မကင်းပေမယ့် ပစ္စုပ္ပန်အချိန်ကို ရာနှုံးပြည့် ရိုက်ခတ်နိုင်ခြင်းမရှိပါဘူး၊ ဗုဒ္ဓရဲ့ အဘိဓမ္မာမှာတော့ ပုရိမာ ပုရိမာ ဓမ္မာ ….. အစချီပြီး ဟောပြတော်မူပါတယ်၊ နှုတ်ဆက်ထွက်ခွါတယ် ဆိုရင် အပြုံးနဲ့ နှုတ်ဆက်ခြင်းက ပိုပြီး စိတ်ချမ်းသာ စရာကောင်းပါတယ်၊ နာကျည်းမှုတွေ ရင်မှာပိုက်ပြီး နှုတ်ဆက်ထွက်ခွါခြင်းက မိမိရော သူတပါးပါ စိတ်ငြိမ်းအေးမှုကို မဖြစ်နိုင်ပါဘူး၊ ဒီလိုဆိုရင် မိမိတို့တတွေက ၂၀၀၈ ဆိုတဲ့ နှစ်ဟောင်းက မကောင်းတာမှန်သမျှ နှုတ်ပြီး အကောင်းတွေ ကံကောင်းတွေဖန်တီးခြင်းဖြင့် ၂၀၀၉ နှစ်သစ်ကို ကြိုဆိုကြမယ်လေ၊

၂၀၀၉ နှစ်သစ်ကို အကောင်းဆုံး ကြိုဆိုမယ်ဆိုတာထက် ၂၀၀၉ နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် မိမိတို့ရဲ့ ဘ၀ကို ဘယ်လိုအကောင်အထည် ဖော်ကြမလဲဆိုတဲ့ အတွေးနဲ့လုပ်ဆောင်ချက်က ပိုပြီး သဘာဝကျမယ်ထင်ပါတယ်၊
၂၀၀၈ -ရေ နှုတ်ဆက်ပါတယ်
၂၀၀၉ - ရေ အကောင်းဆုံးတွေ ယူလာပေးပါ၊

နှစ်သစ်မှသည် အသက်ရှင်သမျှ ဘ၀အတွက် အကောင်းဆုံး ဖန်တီးနိုင်ပါစေ၊

Monday, December 29, 2008

မဟီမြစ်ကမ်းမှ ကျူးရင့်သံ


29.12.2008


ဥဒါန ဆိုတဲ့ ပါဠိစကားလုံးကို မြန်မာသက် ဝေါဟာရအနေနဲ့ ဥဒါန်းလို့ခေါ်ပါတယ်၊ ဥဒါန်းဆိုတာ ကိုယ့်အလုပ်တခု (သို့မဟုတ် ) ကိုယ့်အောင်မြင်မှု တစ်ခုကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်လိုက်ရ လုပ်လိုက်ရလို့ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပျော်ရွှင်မှုတွေ စိတ်ထဲမှာတင် သိမ်းဆည်း မထားနိုင်တော့ဘဲ အပြင်ဖက်ကို အန်ထုတ်လိုက်တာကို ဥဒါန်းလို့ ခေါ်ပါတယ်၊ ဒါကိုပဲ မြန်မာတွေက ကျူးရင့်ဆိုတဲ့ စကားလုံးနဲ့တွဲပြီး ဥဒါန်းကျူးတယ်လို့ ပြောဆိုကြပါတယ်၊

တခါတရံ ကိုယ့်ရဲ့အဆင်ပြေမှုလေးတွေ များလာတဲ့ အခါမှာ ဒီနေ့တော့ ပျော်တယ်ဟေ့ ဆိုပြီး ကိုယ့်ဟာကိုယ် ကျေနပ်လွန်းလို့( စိတ်ထဲမှာ သိမ်းဆည်းမထားနိုင်တော့ဘဲ) အပြင်ဖက်ကို ထုတ်ပြောလိုက်တာဟာ ဥဒါန်းကျူးရင့် ခြင်းတမျိုးပါဘဲ၊

ဘုရားရှင်ကိုယ်တော်တိုင် ဥဒါန်းကျူးရင့်တော်မူခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်၊ လေးသင်္ချေ နဲ့ ကမ္ဘာတသိန်း လိုချင်မှုတဏှာကို တွန်းလှန်နိုင်ဖို့ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ကြိုးစားလာခဲ့တာ လိုချင်မှုတဏှာကို တွန်းလှန်နိုင်တဲ့ (ဘုရားအဖြစ်ကိုရောက်တော်မူတဲ့)နေ့မှာ အနေက ဇာတိသံသာရံ စတဲ့ ဥဒါန်းကို ကျူးရင့်တော်မူခဲ့ပါတယ်၊ ဘ၀များစွာ သံသရာကို ကျင်လည်စေတဲ့ ဒီတဏှာလက်သမားကို ဒီနေ့တော့ ငါချိုးဖြတ်နိုင်ခဲ့ ပြီဆိုပြီး ဥဒါန်းကျူးရင်တော်မူခဲ့တာပါ၊

အခုလည်း စာဖတ်သူတို့ကို ဝေငှချင်တာက မဟီမြစ်ကမ်းက နွားကျောင်းသား ဓနိယနဲ့ ကိလေသာမရှိသူ ဗုဒ္ဓ တို့ အပြန်အလှန်ကျူးရင့်ကျတဲ့ ဥဒါန်းစကားလေးတွေကို ဓမ္မဒါနဝေငှချင်ပါတယ်၊ ဒါကို ခုဒ္ဒကနိကာယ် ဓနိယသုတ္တန်မှာ ဒီလို ဖော်ပြထားပါတယ်၊

ဓနိယ၊ ၊ ငါသည် ထမင်းချက်ပြီးလေပြီ ၊နွားနို့လည်းညှစ်ယူ ပြီးလေပြီ ၊ မဟီမြစ်ကမ်းနား၌ အခြံအရံနဲ့ နေထိုင်သူ ငါ့အား မီးလည်းထွန်းညှိပြီးလေပြီ ၊ ငါ၏အိမ်ကိုလည်း လုံခြုံစွာ မိုးပြီးခဲ့လေပြီ.. အို… မိုးမင်းဒေ၀ါ ရွာလိုက ရွာချပါလော့။

ဗုဒ္ဓ၊ ၊ ငါသည်အမျက် မထွက်သူဖြစ်၏ ၊ ငါ့၏စိတ်၌ (မကျေနပ်မှု ) ဆူးငြောင့်ကို ပယ်နှုတ်ပြီးသူလည်းဖြစ်၏ ၊ မဟီမြစ်ကမ်း၌ တညတာမျှသာ နေထိုင်သူဖြစ်၏၊ ငါ၏ခန္ဓာအိမ်ကို ဖုံးလွှမ်းနေတဲ့ ကိလေသာ အမိုးကို ဖွင့်လှစ်ခဲ့ပြီး စိတ်ကို ညစ်နွမ်းစေတတ်တဲ့ မီးဆယ့်တပါးကိုလည်း ငြိမ်းအေးအောင်လုပ်ပြီးသူဖြစ်၏ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန် သင်ရွာသွန်းလိုမူ ရွာသွန်းလေလော့၊

ဓနိယ၊ ၊ ဤအရပ်၌ မှင်ခြင်တို့ မရှိကုန်၊မြက်ပင်တို့ ပေါ်က်ရောက်ရာ အရပ်၌ နွားတို့ကျက်စားကုန်၏ ထိုနွားတို့သည် မိုးကြီးရွာချလျင် ခံနိုင်ရည် ရှိနေကြသည်၊ အို…. မိုးမင်းဒေ၀ါ ရွာလိုက ရွာချပါလော့၊

ဗုဒ္ဓ၊ ၊ ငါသည် အရိယာမဂ်တည်းဟူသော ဖောင်ကို ကောင်းစွာဖွဲ့ထားပြီးလေပြီ ၊ ဩဃတည်းဟူသော ရေအလျင်ကို ကူးမြောက်၍ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ ထို့ကြောင့် ငါ့အားဖောင်ဖြင့် အကျိုးမရှိတော့ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန်.. သင်ရွာလိုက ရွာသွန်းလေလော့…….

ဓနိယ၊ ၊ ငါ၏အိမ်ရှင်မ ဂေါပီသည် လင့်အလိုကို လိုက်တတ်၏ ၊ လော်လီမှုကင်း၏ ၊ ကာလကြာရှည်စွာ ပေါင်းသင်းခဲ့၏၊ ငါ့ကိုလည်း မြတ်နိုးတတ်၏၊ ထိုမယား၏ အပြစ်ကို တစုံတရာ မကြားခဲ့ဖူး၊ အို…. မိုးမင်း သင်ရွာလိုက.. ရွာပါလေလော၊

ဗုဒ္ဓ၊ ၊ ငါ၏စိတ်သည် ငါ၏အလိုသို့လိုက်၏၊ ကိလေသာအနှောင်အဖွဲ့မှလွတ်၏၊ ကာလကြာရှည်စွာ ပွားများပြီးဖြစ်၍ ကောင်းစွာ ယဉ်ကျေးပြီးဖြစ်၏၊ ထိုကြောင့်ငါ့အား မကောင်းမှုဟူ၍ မရှိတော့ ၊ အို…. မိုးမင်း သင်ရွာလိုက.. ရွာပါလေလော၊

ဓနိယ၊ ၊ ငါသည်ကိုယ်ပိုင် အလုပ်ဖြင့် အသက်မွေး၏၊ သားသမီးတို့သည် အနာရောဂါကင်းစွာ ငါနှင့်နေထိုင်ကြ၏၊ ထိုသားသမီးတို့သည် အပြစ်ကင်းစင်ကြကုန်၏၊ အို…. မိုးမင်းဒေ၀ါ ရွာလိုက ရွာချပါလော့၊

ဗုဒ္ဓ၊ ၊ ငါသည် တစုံတယောက်သောသူ၏ အခစားမဟုတ်၊ သဗ္ဗညုတဥာဏ် လောကုတ္တရာချမ်းသာဖြင့် လောကအားလုံး၌ လှည့်လည်နိုင်သူဖြစ်၏၊ ထို့ကြောင့်ငါ့အား အဖိုးအခဖြင့် အကျိုးမရှိတော့၊ အို…. ကိလေသာတည်းဟူသော မိုးပဇ္ဇုန် ရွာသွန်းလိုက ရွာသွန်းလေလော့၊

ဒီဥဒါန်းတွေကို ကျူးရင့်ရခြင်းရဲ့ အကြောင်းကတော့ မဟီမြစ်ကမ်းမှာ နေတဲ့ ဓနိယတစ်ယောက် ကုဋင်ပေါ်တက် နဖူးပေါ်လက်တင်ပြီး သူရဲ့လုပ်ဆောင်ချက်တွေကို ကျေနပ်လွန်းလို့ အသံကျယ်ကြီးနဲ့ သူဟာသူ ပြောနေတာပါ၊ အဲဒါကို ဗုဒ္ဓမြတ်စွာက သိတော်မူတော့ (သူဒီလို ပြန်ပြောရင် ဓနိယတယောက် အသိဥာဏ်ထူး တရားထူး ရမယ်ဆိုတာ မြငိတော်မူလို့) ဓနိယတယောက် ဥဒါန်းတခု ကျူးရင့်တိုင်း မြတ်စွာဘုရားက ပြန်လည်ကျူးရင့်တော်မူခဲ့တာဖြစ်ပါတယ်၊

မိမိတို့တွေလည်း နှစ်ဟောင်းလုပ်ဆောင်ချက်တွေကို ပြန်လည်တွေးတောရင် ဘယ်လောက်အတိုင်း အတာထိ ဥဒါန်းကျင့်နိုင်မလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ မကြာမှီရောက်လာတော့မယ် နှစ်သစ်အတွင်းမှာကော ကိုယ့်လုပ်ဆောင်ချက်အတွက် ကျေနပ်လောက်တဲ့ ဥဒါန်းမျိုး ဘယ်လောက်ကျူးရင့်နိုင်မလဲ (ကျေနပ်တဲ့ ဥဒါန်းလေးတွေ ကျူးရင့်နိုင်အောင် ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ) စဉ်းစားတွေးတော ပြင်ဆင်ရင်း နှစ်သစ်မင်္ဂလာကို ပျော်ရွှင်စွာ ကြိုဆိုကြပါစို့။

Friday, December 26, 2008

ပစ္စုပ္ပန်

27.12.2008

လက်ရှိရောက်ဆဲ အချိန် လုပ်နေဆဲ အဖြစ်အပျက် ကာလတခုကို ပစ္စုပ္ပန် (သို့မဟုတ် ) Present လို့ သတ်မှတ်ပြောဆိုကြပါတယ်၊ အချိန်တိုင်းဟာ အရေးကြီးနေတာမှန်ပေမယ့် အချိန်အားလုံးဟာ ပစ္စုပ္ပန်ကို ဖြစ်သန်းခဲ့ရ / ဖြတ်သန်းကြရမှာချည်းပါ၊

အောင်လက်မှတ် တခုရဖို့ စာမေးပွဲတခုကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၂၃ ရက်အထိ ဖြေဆိုခဲ့ရပါတယ်၊ စာမေးပွဲအတွင်း စာဖတ်ဖို့ အရေးကြီးနေတဲ့ အချိန်တွင်းမှာ စိတ်တွေက ပစ္စုပ္ပန် တည့်တည့်အပေါ်မှာ အချိန်ပြည့်မထားနိုင်ခဲ့ပါဘူး၊ စာမေးပွဲ ပြီးရင် လုပ်ရမယ့် အစီအစဉ်တွေပေါ်မှာ ပြေးလွှားနေခဲ့တယ်၊ တကယ်လည်း စာမေးပွဲပြီးရော ကိုယ်တွေးထားခဲ့တာတွေ အတော်များများ ဘာမှ အကောင်အထည် မပေါ်ခဲ့ဘူး၊ တကယ့်တော့ ထူးချွှန်အောင်မြင်လိုသူတိုင်းဟာ ကိုယ့်ရဲ့စိတ်ကို လုပ်ဆဲ အလုပ် ရောက်ဆဲအာရုံတခု အပေါ်မှာ နှစ်မြုပ်လုပ်ဆောင်နိုင်ရမှာပါ၊

လူအများစု ဖြစ်လေ့ရှိတာက ပစ္စုပ္ပန်အချိန်ကို ပီပီပြင်ပြင် အသုံးမချနိုင်ကြတာပါ တကယ်သာ ပစ္စုပ္ပန်အချိန်ကို ပီပီပြင်ပြင် အသုံးချနိုင်မယ်ဆိုရင် ဒီလိုဟာ စီးပွားရေးဖြစ်ဖြစ် ပညာရေးဘဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ ဖြစ်ဖြစ် အဆင်ပြေသူ အောင်မြင်သူ ဖြစ်လာမှာ မလွဲပါဘူး၊

အချိန်ဟာ လူတွေကို တကယ့်ကို ၀ါးမြိုစားသောက်နေပါတယ်၊ ကိုယ်အသုံးချသည်ဖြစ်စေ အသုံးမချသည် ဖြစ်စေ အချိန်ကတော့ ကုန်ဆုံးနေမှာပါ ၊ ဒီလိုဆိုတော့ မိမိတို့တတွေဟာ အဲဒီအချိန်တွေကို အကျိုးရှိရှိ အသုံးချသင့်တယ်လို့ထင်ပါတယ် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ ရောက်ဆဲကာလ ရောက်ဆဲအချိန်ကို မိမိရရ ဖမ်းဆုပ်နိုင်အောင် ကြိုးစားရပါလိမ့်မယ်၊

ဗုဒ္ဓရဲ့ တရားတော်တွေမှာ လူမိုက်(ဗာလ) ဆိုတာကို မရောက်လာသေးတဲ့ ကိစ္စကို ကြိုတင်တွေးတော ပူပန်နေသူ ရောက်လာတဲ့ တာဝန်ကိစ္စတွေကို လက်တွေ့မဆောင်ရွက်သူကို လူမိုက် (ဗာလ)လို့ခေါ်ကြောင်း မိန့်ဆိုချက်ရှိပါတယ်၊
အတွေးတခုဟာ လူသားတယောက်အတွက် လိုအပ်တာမှန်ပေမယ့် လုပ်သင့်တာကိုတွေးပြီး ချက်ချင်းလုပ်နိုင်ပါမှ ဘ၀ဟာ အဓိပ္ပါယ်ပိုပြီးရှိလာမှာပါ၊ အတွေးပေါ် အတွေးဆင့် အိပ်မက်အပေါ် အိပ်မက်တွေချည်းဆက်နေလို့ကတော့ စိတ်ချမ်းသာမှုကို ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး ဒါကြောင့် အတွေးအာရုံမှာချည်း နစ်မြောမနေဘဲ လက်ရှိရောက်ဆဲ အချိန်ကို အကျိုးရှိရှိ အသုံးချရင်း ဘ၀အတွက် အဆင်ပြေအောင် ကြိုးစားကြပါစို့၊ လက်ရှိပစ္စုပ္ပန်အချိန်ကို ပီပီပြင်ပြင် အသုံးချရင်း ၂၀၀၉ ခုနှစ်သစ်ကို ကြိုဆိုကြပါစို့၊

Sunday, October 19, 2008

သီရိလင်္ကာယဉ်ကျေးမှုနဲ့ ဆွမ်း (ဒါန)

ကမ္ဘာလောကကြီး ဘယ်အချိန်က စတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာ မသိရပေမယ့် ကမ္ဘာ့လူသားတို့ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု တိုးတက်မြင့်မားဖို့ ဆည်းကပ်ကိုးကွယ်ရာ ဘာသာရေးတွေ ပေါ်ပေါက်လာခဲ့ပါတယ်၊ အဲဒီထဲမှာ ဟိန္ဒူဘာသာဟာ ရှေးအကျဆုံးဖြစ်သလို တည်ထောင်သူဘယ်သူဆိုတာလဲမသိရပါဘူး၊ ဘီစီ ၆ ရာစုခန့်မှာတော့ ဗုဒ္ဓဘာသာ ပေါ်ပေါက်လာခဲ့ပါတယ်၊ အဲဒီနောက်မှာ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေ ပေါ်ပေါက်ခဲ့ပါတယ်၊ ဘာသာကြီးတွေအားလုံးဟာ သူ့အနှစ်သာရနဲ့သူ ရပ်တည်ကြပါတယ်၊ထူးခြားတာက ဘာသာကြီး လေးခုလုံးဟာ အာရှတိုက်မှာပေါ်ပေါက်ခဲ့တယ်ဆိုတာပါပဲ၊

တချိန်ကတော့ ဗုဒ္ဓဘာသာဟာ အီရန် အီရတ်နဲ့ ဂရိနိုင်ငံတွေအထိ ပြန့်နှံ့ရောက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းအထောက်အထားများအရသိရှိရပါတယ်၊ ဒီနေ့ခေတ်မှာတော့ မဟာယာန ဗုဒ္ဓဘာသာ ထေရ၀ါဒဗုဒ္ဓဘာသာ ဆိုပြီးနှစ်မျိုးရှိပါတယ်၊ တရုတ် ထိုင်ဝမ် ဟောင်ကောင် ဂျပန် ကိုရီးယားတို့က မဟာယာန ဗုဒ္ဓဘာသာကိုကိုးကွယ်ကြပါတယ်။ မြန်မာ သီရိလင်္ကာ ထိုင်း လာအို ကမ္ဘောဒီးယား တို့က ထေရ၀ါဒဘာသာကို ကိုးကွယ်ကြပါတယ်၊ သူနည်းသူ့ဟန်နဲ့ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုလေးတွေတော့ ကွဲပြားမှု့ ရှိပါတယ်၊

သီရိလင်္ကာနိုင်ငံမှာ စနေ တနင်္ဂနွေနေ့တိုင်း ဒကာ ဒကာမတွေက ဆွမ်းဆက်ကပ်လှူဒါန်းကြပါတယ် သူ့တို့ယဉ်ကျေးမှုအရ ဆွမ်းစားကို ဒါနလို့ခေါ်ပါတယ်၊ ဘုရားဟောကျန်းဂန်များနဲ့ ညီညွတ်တာကို လေ့လာတွေ့ရှိရပါတယ်။ သံဃာတော်များကို ကားနဲ့ အိမ်ကိုပင့်ပါတယ်၊ အိမ်ရောက်ပြီဆိုတာနဲ့ အုန်းရွက်အနုလေးတွေ စီရက်လုပ်ထားတဲ့ အပြားလေးပေါ်မှာ ခြေတောက်ကိုရပ်ပေးရပါတယ် ပြီးမှခြေတောက်ကို ရေဆေးပေးကြတယ်၊ ပါဠိတော်များမှာ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်းစားပင့်ပြီဆိုရင် မဉ္ဇေ အတ္ထရိတွာ အဓောပါဒေ ပေက္ခာလေတွာ ဆိုပြီး မှတ်တမ်းတင်ပါတယ်။ ခြေဆေးအင်းပျဉ်ကိုခင်းပြီး ခြေဆေးပေးတယ်လို့ဆိုလိုပါတယ်၊

ပြီးတော့ ဆွမ်းမစားခင် ဘုရားဆွမ်းတော် စုပေါင်းကပ်လှူကြပြီး တရားနာယူကြတယ် ၊ ပြီးရင်သံဃာတော်တွေကို ဆွမ်းဆက်ကပ်ပါတယ်၊ ဆွမ်းကပ်ပုံက မြန်မာပြည်မှာလို စားပွဲဝိုင်းတွေနဲ့မဟုတ်ပဲ ပုဂံထဲကို ဆွမ်းရော ဆွမ်းဟင်းတွေရော လိုက်ထည့်ပေးပါတယ် သံဃာတော်များက ပုဂံကိုပေါင်ပေါ်မှာတင်ပြီးစားရပါတယ် လိုက်ထည့်တဲ့ဟင်းကို မကြိုက်ရင် လက်ကာပြရုံပါဘဲ ဟင်းရည်ကို ဆွမ်းမစားခင် ကော်ဖီခွက်ထဲ ထည့်ပြီးကပ်ပါတယ် တခါတည်းမော့သောက်လိုက်ရပါတယ်၊ ဆွမ်းစားနေဆဲမှာတော့ အုံးရည်ကိုကပ်ပါတယ် (အတုယူသင့်တဲ့ ဆွမ်းဆက်ကပ်မှုလေးပါ သံဃာဘယ်နှစ်ပါး ပင့်ပင့် တာဝန်မကြီးတော့ပါဘူး)

ပြီးရင် အချိုပွဲကပ်ပါတယ် အသီးတွေကို ပန်းကန်ထဲမှာ တခါတည်းထည့်ပြီး ကပ်တာပါ တပါးကို တခုနှုန်းပါဘဲ သရက်သီးတစိပ် သင်္ဘောသီးတစိပ် ငှက်ပျောသီးတလုံးပါ၊ ပြီးရင် ခိရီ ဆိုတာကိုကပ်ပါတယ် မြန်မာပြည်က ဒိန်ချည်လိုမျိုးပါဘဲ ပြီးရင် ရေခဲမုန့်ကပ်ပါတယ် local monks တွေက ဆွမ်းစားတာအရမ်းမြန်တော့ စာရေးသူမှာတော့ ဒုက္ခရောက်ပါတယ် အစားနှေးတာကိုး၊ တခါတရံတော့ပြောရတယ် သူတို့နဲ့ဆွမ်းစားရတာလဲကွာ မာရသွန်ပြေးနေရသလိုဘဲလို့။

သူတို့ဆွမ်းကပ်ပုံကလဲ ဒီလိုမြန်မြန်စားမှ အဆင်ပြေတာပါ၊ တခုကပ်လိုက် လာသိမ်းသွားလိုက် နောက်တခုရောက်လာလိုက် သိမ်းသွားလိုက်နဲ့ပေါ့။ အားလုံးပြီးပြီဆိုရင် အလှူရံတွေကပ်လှူပါတယ် ဆွမ်းစားပြီးသွားရင် နောက်တကြိမ်တရားဟောပေးရပါတယ်၊အတုယူစရာကောင်းတာကတော့ ကလေးငယ်တွေအားလုံးကို ရှေ့တန်းတင်ပြီး ဆွမ်းကပ်တာ အလှူရံကပ်တာတွေပြုလုပ်စေပါတယ်။ ကလေးငယ်တွေကလဲ သံဃာတော်တွေကို ကြောက်ရွံ့နေတာမျိုး လုံးဝမရှိပါဘူး၊ မျိုးဆက်သစ်တွေကို ဘာသာရေး အမွေပေးပုံက တကယ့်ကို အတုယူစရာပါ၊ ဆွမ်းဆက်ကပ် လှူဒါန်းတဲ့အခါ အားလုံးနီးပါးဟာ အဖြူရောင် အ၀တ်တွေကို ၀တ်ဆင်ကြတာပါ၊

လူဆိုတာ ကိုယ့်ရွေးချယ်တဲ့ အလုပ်ပေါ်မှာ ကျေနပ်မှု ဂုဏ်ယူမှုရှိနေရမှာပါ ကိုယ်လုပ်တာကိုမှ ကိုယ်မကျေနပ်ရင် ဒီလူဟာ လောကကြီးကို ဘယ်တော့မှ အကောင်းမြင်နိုင်မှာမဟုတ်ပါဘူး ။ မိမိတို့တတွေဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူတွေမို့ ဘာသာတရားရဲ့ အနှစ်သာရဖြစ်တဲ့ ငြိမ်းချမ်းရေးတွေဆီ ဦးတည်လျှောက်လှမ်းနေကြရအုံးမှာပါ၊ မတူညီတဲ့ယဉ်ကျေးမှုတွေ မတူညီတဲ့အတွေးတွေ မတူညီတဲ့ လူ့စိတ်ဓာတ်တွေကို ဆက်လက်လေ့လာရင်းနဲ့ပေါ့။

Sunday, October 12, 2008

အဘိဓမ္မာအခါတော်နေ့




ဘုရားလောင်းတော်ဟာ သက်တော် ၃၅ နှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ် ၊ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေတော်မူပြီး( ၃၅+၄၅ ) သက်တော် ၈၀ မှာ ပရိနိဗ္ဗာန်စံတော်မူတယ်၊ ဘုရားအဖြစ်နဲ့ သီတင်းသုံးတော်မူတဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို ဆောင်ရွက်တော်မူခဲ့တယ် ။

၁- ဓမ္မ( တရား ) ကို ဟောကြား, ပို့ချ,ဖြန့်ဝေခြင်း၊
၂- သံဃာ့အဖွဲ့အစည်းထူထောင်ခြင်း, ဟောကြားပြီးတဲ့တရားများကို သံဃာ့အဖွဲ့အစည်းထံအပ်နှံခြင်း တို့ကို ပြုလုပ်တော်မူခဲ့ပါတယ်။
ဘုရားရှင်ဟောကြားတဲ့ ဓမ္မတွေကို မှတ်တမ်းတင်တဲ့အခါ ပိဋကတ် ၃ ပုံ, နိကာယ် ၅ ရပ်ဆိုပြီးမှတ်တမ်းတင်ပါတယ်။

ပိဋကတ် သုံးပုံဆိုတာကတော့

၁- ၀ိနယပိဋက ( ၀ိနည်းပိဋကတ် )
၂- သုတ္တန္တ ပိဋက ( သုတ္တန် ပိဋကတ် )
၃-အဘိဓမ္မ ပိဋက ( အဘိဓမ္မာပိဋကတ်) တို့ဖြစ်ပါတယ်၊

နိကာယ (တရားတော်များကိုစုပေါင်းခြင်း ) ကို ပါဠိသက်ဝေါဟာရ အနေနဲ့ နိကာယ်လို့ခေါ်ကြတာပါ၊ ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတွေကို မှတ်တမ်းတင်တဲ့အခါ နိကာယ်အားဖြင့် ၅ ခု ရှိပါတယ်၊ အဲဒီ ၅ ခု ကတော့

၁- ဒီဃနိကာယ်
၂-မဇ္ဈိမနိကာယ်
၃ သံယုတ္တနိကာယ်
၎-အဂုင်္တ္တရနိကာယ်
၅-ခုဒ္ဒကနိကာယ် တို့ပဲဖြစ်ပါတယ်၊ အဲဒီ နိကာယ် ၅ ခုလုံးဟာ သုတ္တန်ပိဋကတ်မှာ အကျုံးဝင်ပါတယ်။
ပိဋကတ်သုံပုံထဲက ၀ိနည်းပိဋကတ်မှာတော့ သာသနာ့ဝန်ထမ်းများအတွက် လိုက်နာရမည့်စည်းကမ်းတွေကို ဘုရားရှင်ညွှန်ပြတော်မူခဲ့ပါတယ်။
သုတ္တန်ပိဋကတ်မှာတော့ တရားနာယူသူတို့ရဲ့ ၀ါသနာ အကြိုက် စရိုက် စိတ်နေစိတ်ထား အခြေအနေကို ကြည့်ပြီး ၀တ္ထုဇာတ်လမ်းများ ဥပမာများပေးကာ ဘ၀လွတ်မြောက်ရေးကို ရှေးရှုကာ တရားတော်များကို ဟောကြားတော်မူခဲ့ပါတယ်၊ ယနေ့ခေတ်မှာ အဲဒီသုတ္တန်တရားတော်များကို Women in Buddhist, Buddhist economic, Social Dimensions of Buddhism, Early Buddhism, Buddhist Education, စတဲ့နာမည်အမျိုးမျိုး သုံးပြီးလေ့လာနေကြပါတယ်။

အဘိဓမ္မာပိဋကတ်မှာတော့ တရားနာယူသူ( ပုဂ္ဂိုလ် သတ္တ၀ါ) တို့ရဲ့အကြိုက် စရိုက်ကိုဦးစားပေးဟောတော်မမူဘဲ သဘာဝ အရှိတရားတို့ကို ပြည့်စုံအောင်ဟောတော်မူခဲ့ပါတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာ လို့ခေါ်ဆိုရတာပါ၊ အဘိ- ဆိုတာက အခြားဝိနည်း သုတ္တန်တရားများထက် သာလွန်သော ဓမ္မ- သဘောတရား လို့ဆိုလိုပါတယ်၊ အဘိဓမ္မာမှာ ကျမ်းစာအုပ်ပေါင်း ၇ အုပ်ရှိပါတယ်
၁- ဓမ္မသင်္ဂဏီကျမ်း
၂- ၀ိဘင်းကျမ်း
၃- ဓာတုကထာကျမ်း
၎- ပုဂ္ဂလ ပညတ်ကျမ်း
၅- ကထာဝတ္ထုကျမ်း
၆- ယမိုက်ကျမ်း
၇- ပဋ္ဌာန်းကျမ်း တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်ဟာ အဘိဓမ္မာအခါတော်နေ့ပါ၊ အဲဒီနေ့မှာ ဆီးမီးထွန်းညှိပူဇော်ခြင်း မီးပုံးပျံတွေလွှတ်ခြင်း ဘုရားကျောင်းကန်သွားခြင်းတွေကို ပြုလုပ်ကြပါတယ် ၊ အဘိဓမ္မာအခါတော်နေ့ဖြစ်လာပုံက - ဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီး ၂၂ ရက်မြောက်နေ့ ရတနာဃရ သတ္တာဟမှာ သီတင်းသုံးတော်မူစဉ် သူသိပြီးတဲ့အဘိဓမ္မာတရားတော်များကို ဆင်ခြင်သုံးသပ်တော်မူပါတယ်၊ ဒါပေမယ့် လူနတ်ဗြဟ္မာတွေကို ဟောကြားတော်မမူသေးပါဘူး၊

ဘုရားဖြစ်တော်မူပြီး (၇) ၀ါမြောက်- မဟာသက္ကရာဇ် (၁၀၉)ခုနှစ် ၊ ဘီစီ ( ၅၈၁) နှစ်မှာ အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်မှာ ဟောတော်မူခဲ့ပါတယ်၊ ဘုရားရှင်ရဲ့မယ်တော် မာယာဟာ ဘုရားရှင်ကို မွေးဖွားပြီး(၇)ရက်မြောက်နေ့မှာ လူပြည်ကနေစုတေပြီး ဒီတာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်နေတာပါ၊ မယ်တော်ဖြစ်ခဲ့ဘူးတဲ့ နတ်သားကို ကျေးဇူးဆပ်ချင်လို့ ဒီနတ်ပြည်မှာလာပြီး အဘိဓမ္မာတရားကို ၀ါတွင်းသုံးလ လုံးဟောကြားတော်မူပါတယ်။ နတ်ပြည်မှာ အဘိဓမ္မာတရားဟောပြီးချိန်ဟာ လူ့ပြည်မှာ သီတင်းကျွတ်လပြည့်နေ့ပါ။

အဲဒီနေ့မှာပဲ မြတ်စွာဘုရားရှင်ဟာ လူ့ပြည်ကိုပြန်လည် ကြွတော်မူပါတယ်၊ အဋ္ဌကထာများမှာတော့ ရွှေစောင်းတန်း ငွေစောင်းတန်း ပတ္တမြားစောင်းတန်း သုံးသွယ်နဲ့ နတ်ဗြဟ္မာများ ခြံရံကာ ကြွတော်မူကြောင်း ပြဆိုပါတယ်။ ဒီနေ့သီတင်းကျွတ်လပြည့်မှာ မြတ်စွာဘုရား လူပြည့်ကို ပြန်လည်ကြွရောက်တာကို အစွဲပြုပြီး ဗုဒ္ဓဘာသာဝင်တွေက မြတ်စွာဘုရားကို ပူဇော်တဲ့ အနေနဲ့ သီးတင်းကျွတ်မီးထွန်းပွဲတွေ မီးပုံးပျံလွှတ်တာတွေ ပြုလုပ်ကြသလို အဘိဓမ္မာအခါတော်နေ့ပါ အဲဒီနေ့မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒီနေ့အချိန်ထိ အဘိဓမ္မာတရားတော်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၅၈၉ ရှိသွားပါပြီ၊ ဒါကတော့ ထေရ၀ါဒရှုဒေါင့်ကနေတင်ပြခြင်းမျှသာပါ၊ ရှိတဲ့အသိကို ရှင်းဖို့သာရည်ရွယ်ပါတယ်၊ အဘိဓမ္မာတရားတော်အတွက် အငြင်းပွားမှုတွေ ဘယ်လိုပင်ရှိရှိ နက်နသိမ်မွေဲ့တဲ့ သဘောတရားတွေကို လေ့လာပြီး စိတ်ရဲ့ချမ်းမြေ့မှု ဘ၀လွတ်မြောက်မှုအတွက် ကျင့်ကြံလိုက်နာရင်း ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားကြပါစို့။

ပျော်ရွှင်သော သီတင်းကျွတ်ဖြစ်ပါစေ

Monday, October 6, 2008

အကြွေစောသူ




သူဟာ ၂၀၀၈ ခု နှစ်ဦးပိုင်းမှာ သီရိလင်္ကာမှာ ဗုဒ္ဓစာပေတွေကို မွမ်းမံသင်ယူဖို့ ရောက်လာခဲ့တယ် ၊ first term အပြီးမှာ ဒေသန္တရ ဗဟုသုတရဖို့ စင်္ကာပူနဲ့ မလေးရှားကို ခရီးထွက်ခဲ့တယ် မတူညီတဲ့ မြို့ပြတွေမှာ မတူညီတဲ့ သဘောတရားတွေကို လေ့လာခွင့်ရလို့ သူဟာအရမ်းကို ပျော်ရွှင်နေခဲ့တယ်၊ ပျော်ရွှင်မှုတွေဟာ သူ့အတွက်ရေရှည် မခံလိုက်ပါဘူး ကွာလာလမ်ပူရောက်တဲ့နေ့မှာပဲ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်တဲ့သတင်းက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်၊

ပြီးတော့ ဆရာဘုန်းကြီးလဲ နာဂစ်ထဲပါသွားသလို သူ့ရဲ့ ရဟန်းဒကာ, ရဟန်းဒကာရဲ့သားဟာလဲ နာဂစ်ထဲမှာပါသွားတယ်ဆိုတဲ့ သတင်းပါရလို့ မြန်မာပြည်ကို အပြေးအလွှားပြန်သွားခဲ့ရတယ်။ မပြန်ခင်မှာ စာရေးသူကို တဖွဖွမှာနေသေးတယ် ‘ အမြဲအဆက်အသွယ်လုပ်ဖို့ ရယ် ကျောင်းကိစ္စတွေအဆင်ပြေအောင်ဆောင်ရွက်ပေးဖို့ဆိုတာတွေပေါ့။ ကိုယ့်ရပ်ကိုယ့်ရွာကို ကူညီချင်တဲ့ နှလုံးသားလှသူ သူငယ်ချင်းဟာ နေ့မနား ညမနား ရေထဲနစ်မြုပ်နေတဲ့ ရွာထဲမှာ ရွာသူ ရွာသားတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေခဲ့တယ်၊ ပုံမှန်မစားရ သန့်ရှင်းတဲ့သောက်ရေမရတဲ့ သူဟာ နာဂစ်လွန် တလကျော်မှာ ရောဂါ တွေစတင် ဖိစီးခံရတော့တာပါ၊ ဒါပေမယ့် သူဟာ ဆေးရုံပေါ်ရောက်လိုက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်လိုက်နဲ့ သူ့ရောဂါဟာ အဆိုးဆုံးအနေအထားကို ရောက်လာတော့ စင်္ကာပူမှာ ဆေးကုခံရတဲ့အထိဖြစ်လာပါတယ်၊

စင်္ကာပူဆရာဝန်တွေက အသဲကင်ဆာဖြစ်ကြောင်း နောက် ၂ လ သာ ရှင်သန်ခွင့်ရှိတော့ကြောင်း သိရတော့ သူဟာမြန်မာပြည်ကို ပြန်သွားရတယ်။ ဆေးရုံပေါ်မှာ သူ့ရဲ့အနာဂတ်အိပ်မက်တွေကို တဖွဖွပြောနေခဲ့သေးတယ်၊ ခုတော့သူဟာ ဘယ်သူမှမလွန်ဆန်နိုင်တဲ့ သေခြင်းတရားနောက်ကို ၃- ၁၀ - ၂၀၀၈ နေ့မှာ လိုက်သွားခဲ့ရပါပြီ ၊ သူပျံလွန်တော်မူချိန်မှာ သူ့အသက်ဟာ ၃၁ သာ ရှိသေးတာပါ ၊ နေမယ်ဆိုရင်နေလို့ ရနိုင်သေးတဲ့အနေအထားမှာ ရှိပါသေးတယ် ဒါပေမယ့် လူသားတိုင်းမလိုချင်ဆုံး မကြားချင်ဆုံး သေခြင်းတရားကတော့ ဘယ်သူကိုမှ မျက်နှာသာမပေးခဲ့ပါဘူး ၊မိမိတို့သူငယ်ချင်းတွေကတော့ သူဟာအကြွေစောလွန်းသူရယ်လို့သာ နှမြောတမ်းတနေမိပါတော့တယ်။ ဒီနေ့ ၆-၁၀-၂၀၀၈ မှာ သူ့အတွက်ရည်စူးပြီး သူငယ်ချင်းတွေပေါင်းစုလို့ ဆွမ်းဒါနပြုကြတယ်။ သူငယ်ချင်းရေ ရောက်ရာဘုံဘ၀က သာဓုခေါ်နိုင်ပါစေ။

Tuesday, September 23, 2008

လောကအပေါ် ထားရှိသည့် ဓမ္မသဘောထား

သတ္တလောက သင်္ခါရလောက ဩကာသလောက ဆိုပြီး လောက သုံးမျိုးရှိကြောင်း ဗုဒ္ဓစာပေ ကျမ်းဂန်များမှာ ဖော်ပြထားပါတယ် ၊ ဒီကမ္ဘာလောကကြီး ကို ဩကာသလောက လို့ခေါ်ဆိုပြီး ၎င်းကမ္ဘာပေါ်မှာ နေကြသူအားလုံးကို သတ္တလောက ၊ ၎င်း သတ္တ၀ါတို့ သန္တာန်မှာ ရှိတဲ့ စိတ် စေတသိက် ရုပ်တရားတွေကို သင်္ခါရလောကလို့ ခေါ်ပါတယ် ၊

ဓမ္မဆိုတာ လောကအတွင်း အမှန်တကယ် ဖြစ်ပျက်နေတဲ့ သဘောတရား အမှန်တွေကို အရှိအတိုင်းသိအောင် ဖော်ပြပေးနေတာပါ ၊ ဓမ္မရဲ့ သဘောထားက ဘက်လိုက်မှု မရှိပါဘူး၊ အရှိကို အရှိတိုင်း သိအောင်မီးမောင်းထိုးပြပါတယ် ၊

၁- ဘယ်သူမဆို ( လူ ၊နတ် ၊ဗြဟ္မာ၊ တိရိစ္ဆာန် ) ငယ်ရာကနေကြီးရင့်ပြီး နောက်ဆုံးမှာ သေခြင်းသဘောတရားနဲ့ ရင်ဆိုင်ရမယ် ၊

၂- အားကိုးရာ အစစ်အမှန်ဆိုတာ မရှိဘူး ကိုယ့်ကိုယ်ကို အစိုးမရဘူး ၊

၃- ရှိသမျှ ပစ္စည်းတွေကို ထားခဲ့ပြီးသွားရမယ် ၊

၎ - ကိုယ့်အလိုဆန္ဒပြည့်ဝခြင်း ရောင့်ရဲခြင်း မရှိဘဲ လိုခြင်မှုရဲ့ ကျေးကျွန်ဖြစ်နေရတယ် - ဒါဟာ လောကအပေါ်မှာ ထားရှိတဲ့ ဓမ္မရဲ့ သဘောတရားပါ ။

လူသားတိုင်း ဘ၀တခုကို ရရှိခဲ့ပါတယ် ရရှိပြီးတဲ့ ဒီဘ၀တခု ပုံမှန်လည်ပတ်နိုင်ဖို့ လှုပ်ရှားရုန်းကန်ကြရတယ် လူဆိုတာ လှုပ်လှုပ်ရှားရှားနဲ့ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရတဲ့ သတ္တ၀ါပါ ပါဠိမှာတော့ ဒါကို ဥဋ္ဌာနဖလူပဇီဝီလို့ခေါ်ပါတယ် ၊ ( နတ်တွေ ဗြဟ္မာတွေကတော့ ကံအဟောင်းကို ထိုင်စားရတဲ့ ကမ္မဖလူပ ဇီဝီ ပုဂ္ဂိုလ်တွေပါ ၊ ) ဒီလိုလှုပ်ရှား ရုန်းကန်ရင်းနဲ့ ကိုယ့်အလိုဆန္ဒ မပြည့်ဝခင် လောကကြီးကို နှုတ်ဆက်ထွက်ခွါရတာပါ ၊

ဗုဒ္ဓကတော့ ရောင့်ရဲကျေနပ်ကြဖို့ မိန့်မှာတော်မူပါတယ် ၊ ဗုဒ္ဓ ဆိုလိုတဲ့ ရောင့်ရဲခြင်းက အကြောင်းကို အကောင်းဆုံးဖြစ်အောင် ကြိုစား ၊ ရလာတဲ့ အကျိုးတရားပေါ်မှာ ရသလောက်နဲ့ ကျေနပ်ကြလို့ ဆိုလိုတာဖြစ်ပါတယ် အကျိုးတရားပေါ်မှာ ရောင့်ရဲခြင်း မရှိရင် ဘ၀မှာ ပျော်ရွှင်မှုတွေနဲ့ ဝေးနေတတ်တယ် ဘာမှမလုပ်ဘဲနဲ့ ငါက ရောင့်ရဲတင်းတိမ် တတ်တယ်ကွ ဆိုတာ ဗုဒ္ဓအလိုကျ ရောင့်ရဲခြင်းမဟုတ်ဘဲ လူးပျင်းတို့ရဲ့ အကြောင်းပြချက်တခုသက်သက်ပါ။

် လောကအပေါ်မှာထားတဲ့ ဓမ္မသဘောထား နောက်တခုက အားကိုးရာမရှိဘူး ကိုယ့်ကိုယ်ကို အစိုးမရဘူး တဲ့ ၊ ဟုတ်ပါတယ် သေခါနီးလူတယောက်ရဲ့ အခြေအနေနဲ့ မှန်းဆသိနိုင်ပါတယ် သူ့ကိုချစ်တဲ့လူတွေလဲ မကယ်နိုင်ပါဘူး အကောင်းဆုံး ဆေးဝါးတွေလဲ မကယ်နိုင်ပါဘူး ကိုယ်ပြုလုပ်ထားတဲ့ ကောင်းမှုကလွဲပြီး ကျန်တဲ့ သက်ရှိသက်မဲ့ဟာ သူ့ကို အနည်းငယ် အကူအညီပေးနိုင်တာ ကလွဲလို့ သူ့အတွက် အားကိုးရာ အစစ်မဟုတ်တော့ပါဘူး ၊

နောက်တချက်ကတော့ ကိုယ်ပိုင်တဲ့ ပစ္စည်းမှန်သမျှကို စွန့်လွှတ်ပြီး သွားရမယ် တဲ့ ၊ ပစ္စည်းဥစ္စာဆိုတာ လက်ထဲကနေ ခဏဖြတ်သန်းသွားတဲ့ အရာတခုမျှသာပါ အဲဒီပစ္စည်းတွေကို အကြောင်းပြုပြီး ကိုယ်တိုင်အဆင်ပြေဖို့ မိသားစုအဆင်ပြေဖို့ ကျေးဇူးရှင်တွေကို ကျေးဇူးတုံ့ဆပ်နိုင်ဖို့ ကုသိုလ်ကောင်းမှု လုပ်နိုင်ဖို့ သာ အသုံးချကြရမှာပါ ၊ ဒီထက်ပိုပြီး ပစ္စည်းဥစ္စာက လုပ်ဆောင်ပေးနိုင်စွမ်းမရှိပါဘူး သေတော့လဲ ဒါတွေအားလုံးဟာ ထားရစ်ခဲ့ရတာဘဲ မဟုတ်လား ၊

့ - ဘ၀ဆိုတာ လိုတာဘဲ အမြဲပြနေတယ် ရောင့်ရဲကျေနပ်ခြင်းမရှိဘူး လိုချင်မှုရဲ့ကျေးကျွန်ဘဲ ဖြစ်နေရတယ်တဲ့ ဓမ္မဟာ တကယ့်အရှိတရားကို ဖော်ပြတာဖြစ်လို့ တကယ်ကို မှန်ကန်လှပါတယ် မွေးဖွားချိန်ကစ ယခုကြီးပြင်းလာတဲ့ အချိန်ထိ မလိုချင်တဲ့နေ့ရက်ဆိုတာ လက်ချိုးရေတွက်လို့ ရနိုင်ပါတယ် ၊ ထမင်းကောင်း ဟင်းကောင်းကောင်းလေးတွေ စားချင်တာ ကျောင်းနေအရွယ်မှာ စာအုပ်လှလှ ဘောပင်လှလှ လေးတွေလိုချင်တာ အရွယ်ရောက်လာတော့ လိုချင်မှုတွေက တကယ့်ကို အရောင်အသွေးစုံလှပါတယ် ဟိုဟာကစ -----ဒါအထိ အကုန်လိုချင်တာပါ ဒါပေမယ့် ကိုယ့်ဆန္ဒမပြည့်ဝခင် လိုချင်မှုရဲ့ ကျေးကျွန်အဖြစ် အမှုတော်ထမ်းရင်း ဘ၀တခု အဆုံးသတ်ကြရပြန်ပါတယ်

လောကအပေါ်မှာထားတဲ့ ဓမ္မရဲ့ သဘောထားအမြင်တွေက တကယ့်ကို ရှင်းလင်းပါတယ် အရှိကို အရှိအတိုင်းပဲ သတိပေးလမ်းညွှန်နေတာပါ ၊ လောကမှာ ကိုယ်မလိုချင် ကိုယ်လက်မခံချင်ပေမယ့် တကယ့် အရှိသဘာဝ ကိုတော့ ငြင်းပယ်နိုင်စွမ်း မရှိပါဘူး အဲဒီ အရှိသဘာဝဆိုတာ ဓမ္မပါဘဲ။ ဓမ္မဟာ လူမျိုးတမျိုး ဘာသာတခုရဲ့ ကိုယ်ပိုင်မဟုတ်ပါဘူး လူသားအားလုံး သိရှိလိုက်နာသင့်တဲ့ ဘ၀လမ်းညွှန် တခုဖြစ်ပါတယ်၊ ဒါကြောင့် လောကအပေါ်ထားရှိတဲ့ ဓမ္မသဘောထားအမြင်ကို လက်ခံနိုင်အောင်ကြိုးစားကြပါစို့။

Monday, September 22, 2008

'' စိတ်ဖတ်စာ ''

အသွင်သဏ္ဍာန်ဆိုတာ အစိုင်အခဲလေ
အတွေးပညာမှာ ကိုင်တွယ်ခြင်းဆိုတာမရှိ
သိကြောင်းဓမ္မဟာ သိခြင်းတရားရဲ့မိတ်ဆွေ၊

အမှန်တရားဆိုတာ...
ထိတွေ့လို့မရတဲ့ အကောင်အထည် တစ်ခု
ကိုယ်တွယ်လို့မရတဲ့ ဒြပ်တစ်ခု။
ငါ လို့သုံးစွဲလို့ မရလောက်အောင်
သူ ယောင်္ကျား မိန်းမ စသည်နဲ့
သုံးစွဲလို့မရလောက်အောင်
အမှန်တရားကပြေးလွှားနေတယ်။

ဖမ်းနှောင်ထောက်ပြလို့မရ
သက်ရှိတွေထဲက ဗဟိုဥာဏ်သမားတွေသာသိတဲ့
သက်မဲ့အမှန်တရား၊
အာရုံငါးပါးနဲ့ ထိတွေ့လို့မရတဲ့
အာရုံငါးပါးထဲက ပြေးလွှားမှု ဖြစ်စဉ်ဟာ
အမှန်တရားပေါ့ ၊

တည်ငြိမ်နေတဲ့ အရာအားလုံးပြေးလွှားနေတယ်
ပြေးလွှားနေတဲ့ အရာအားလုံးမတည်ငြိမ်
မတည်ငြိမ်တာကို လိုက်သိနေမှ
ပြေးလွှားမှုကိုသိမယ်။

ပြေးလွှားနေတာကို ပြေးမကြည့်ပါနဲ့
ရောက်တဲ့နေရာက ဥာဏ်စိုက်ပြီးကြည့်ပါ
တည်ငြမ်မှုကို ဆုပ်ကိုင်ထားပါ
တည်ငြိမ်လာရင် …
တည်ငြိမ်လာရင် …။

ဖမ်းကိုင်လို့မရတဲ့ ပြေးလွှားမှုဖြစ်စဉ်ကိုတွေ့မယ်
ပြေးလွှားမှုဖြစ်စဉ်မှ ပြေးလွှားနေမယ်
ဆဋ္ဌမ အာရုံက တည်ငြိမ်နေမယ်
အဲဒီအချိန်မှာ
အမှန်တရားက
ပြုံး ရပ် ပျောက်သွားလိမ့်မယ် ။

သေချင်းတရားသည် ရှင်သန်ခြင်းရဲ့အစ
ရှင်သန်ခြင်းသည် သေချင်းတရားရဲ့ တံခါးဝ
အမည်နာမ တံခါးဝမှာ ထိုင်ပါ
အကောင်အထည် မရှိသူများ မမြင်နိုင်သူများ
ဝင်သွားထွက်လာ ရှိနေမည် ။

အကောင်မရှိခြင်းမုဒ်ဝမှာ
ဒြပ်မဲ့အကောင်များကို ခွစီးလိုက်ပါသွားပါ ၊
ဌာနမရှိတဲ့နေရာကို
ဌာနလို့သတ်မှတ်ထားပါ ။
မတ်တပ်ရပ်သူလဲ ပြေးလွှားနေတယ်
ပြေးလွှားနေသူလဲ ပြေးလွှားနေတယ်
ထိုင်နေသူလဲ ပြေးလွှားနေတယ်
မင်းလဲပြေးလွှားနေတယ်
ငါလဲပြေးလွှားနေတယ်
သက်ရှိသက်မဲ့ အကုန်လုံးပြေးလွှားနေတယ်
ပြေးလွှားနေတာကိုသိရင်
ရပ်တန့်သွားလိမ့်မယ်။

ဘယ်နေရာမှာ ရပ်မှာလဲ မမေးပါနဲ့ …
ရပ်တန့်စရာမရှိတဲ့နေရာမှာ
ရပ်တန့်သွားလိမ့်မယ်။
မိုးဇော်ကို

Yawcommunity အတွက် ကဗျာရေးသားပေးပို့သည့် ညီငယ် မိုးဇော်ကို အား အထူးကျေးဇူးတင်ပါသည်၊

Sunday, September 21, 2008

လူထဲကလူ

ဒီရက်ပိုင်းအတွင်း ၀ိမာန၀တ္ထုပါဠိတော်ကို အဋ္ဌကထာနဲ့တွဲပြီး ဖတ်ဖြစ်တယ် ၊ လူထဲမှာ လူဖြစ်သွားကြပြီး လူသားရဲ့စိတ် ရောင်ပြန်ဟပ်မှု အတိုင်း နောင်ဘ၀မှာ ဖြစ်ကြရပုံတွေကို ပြောပြထားတဲ့ ကိုယ့်တွေ့ဖြစ်ရပ်လေး တွေပါ၊ ဘုရားရှင်ထံ သူတို့ရောက်လာ ကြပြီဆိုရင် အဟံ မနုေဿသု မနုဿဘူတော - တပည့်တော် လူဘ၀တုန်းက လူဖြစ်နေစဉ်မှာ လို့ နိဒါန်းလေးသွယ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို လျှောက်ထားလေ့ ရှိပါတယ်။

မနုေဿသု မနုဿဘူတော ဆိုတဲ့ ပါဠိစကားလုံးလေးကို အရမ်းကို သဘောကျမိပါတယ် ၊ လူဆိုတာကို ပါဠိလို မနုဿ လို့ခေါ်ပါတယ် ၊ မနုဿ ကို အဓိပ္ပါယ် သုံးမျိုးဖွင့်ဆိုနိုင်တယ်
၁- အကြောင်းနဲ့ အကျိုးကို ခွဲခြားသိတာလူ ၊( ကာရဏာ ကာရဏံ မနတိ ဇာနာတီိတိ မနုေဿာ )
၂- လုပ်ရပ်တခုကို လုပ်လိုက်ရင် - အကျိုးရှိတယ် မရှိဘူးလို့ ခွဲခြားနိုင်တာ လူ ( အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ )
၃- သက်ရှိသတ္တ၀ါတွေထဲမှာ အသိဥာဏ် အများဆုံး အသာဆုံး ရှိတာ လူ ( မနော ဥေဿာ ဥဿန္နော ယေသံတိ မနုေဿာ )။
ဒီဖွင့်ဆိုချက်တွေဟာ လူပီသတဲ့လူအတွက် ရည်ရွယ်ပါတယ် ၊

လူဖြစ်ပြီး ကိုယ်ပိုင်ဦးဏှောက် အသိဥာဏ်ကို ပတ်ဝန်းကျင် ရိုက်ခတ်မှုပေါ်မှာ လွှတ်ထားတဲ့လူ, ရာထူးဌာနန္တရ အပေါ်မှာ အပ်ထားတဲ့လူ, လက်ထဲက ခဏဖြတ်သန်းသွားတဲ့ ငွေကြေးပေါ်မှာ အပ်နှံထားသူတွေဟာ လူထဲမှာ လူဖြစ်နေကြပေမယ့် လူမပီသတဲ့ လူစာရင်း ၀င်တွေလို့ ခေါ်ရမှာပါ ၊ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ၀ိမာန၀တ္ထု အဋ္ဌကထာမှာ ဖော်ပြထားတဲ့ လူလေးမျိုးအကြောင်း ပြောပြချင်ပါတယ် ။

၁- လူ့ငရဲသား - လူ့ရယ်လို့ဖြစ်လာ ပေမယ့် ဘ၀မှာ ဆင်းဆင်းရဲရဲ နဲ့ ချမ်းသာမှု သာယာမှုဆိုတာ လုံးဝမရှိတဲ့ လူမျိုးပေါ့ ဒီလိုလူတွေလဲ လောကမှာအများကြီးတွေ့မြင်နိုင်ပါတယ်၊

၂- လူ့ပြိတ္တာ - ဘ၀မှာ စားရမယ့် သောက်ရမယ့်နဲ့ တ၀မ်းတခါးစားရ ဖို့ ၀တ်ရဖို့ အရေးမှာ လူများတွေကို မှီခိုပြီး တောင်းရမ်းစားသောက်ရတဲ့လူမျိုးပါ။

၃- လူ့တိရိစ္ဆာန် - လူရယ်လို့သာဖြစ်လာရတာ အာဏာပါဝါအတွက် သူတပါးတွေ ဘယ်လိုဒုက္ခရောက်ရောက် လုပ်ရက်တဲ့လူ, ကိုယ်ပိုင်အသိဥာဏ်နဲ့ ဦးဏှောက်ကို အကြောက်တရားအောက်မှာ မြုပ်နှံထားရတဲ့လူမျိုးဟာ လူပီသတဲ့လူမျိုးမဟုတ်ပါဘူး လူ့တိရိစ္ဆာန် အဆင့်မျှသာဖြစ်ပါတယ်။

၎- လူပီသတဲ့လူ - ကိုယ့်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အသက်ရှင်ဆဲ အချိန်လေးမှာ အကောင်းဆုံး ကြိုးစားတဲ့လူမျိုးကို လူပီသတဲ့လူလို့ခေါ်တွင်ကြောင်း ၀ိမာန၀တ္ထု အဋ္ဌကထာမှာ ဖော်ပြထားပါတယ်၊

မိမိတို့တတွေဟာ လူပီသတဲ့လူ လူထဲက လူသားအစစ်တွေဖြစ်အောင် ကြိုးစားကြရမှာပါ ၊ကိုယ့်ရဲ့အသိကို ဟန်ချက်ညီအောင်ထိန်းသိမ်းရင်း လောက သာသနာ နိုင်ငံ ကောင်းကျိုးတွေကို တတ်နိုင်သလောက်လုပ်နေကြမှာပါ ၊ လူ့ဘ၀ဆိုတာ ခရီးရှည်ကြီးတခုလို့ဆိုရင် လက်ရှိ မိမိတို့လျှောက်လှမ်းနေသမျှဟာ ခရီးတိုလေးတွေပါပဲ ဒီလိုကာလလေးတွေ အတွင်းမှာ မိမိဘ၀အတွက် ပျော်ရွှင်ကျေနပ်အောင် ကြိုးစားသင့်သလို လူများတွေကို ပျော်ရွှင်ကျေနပ်လိုစိတ်လေးလဲ မွေးမြူရပါလိမ့်မယ် ဒါမှ လူထဲကလူ့ အစစ်တွေဖြစ်ကြမှာပါ ။

နောင်တချိန် ရောက်ရာဘ၀ကနေ အဟံ မနုေဿသု မနုဿဘူတော - တပည့်တော်လူ့ဘ၀တုန်းက လူဖြစ်နေချိန်မှာလို့ ဘုရားရှင် တဆူဆူရဲ့ ရှေ့တော်မှောက်မှာ လျှောက်ခွင့်ရရင် ကောင်းတာလေးတွေကို လျှောက်ထားနိုင်အောင်ပေါ့။

Tuesday, September 2, 2008

အဝေးကွာဆုံး

ဒီနေ့ ကိစ္စတခုရှိတာနဲ့ အိန္ဒိယသမုဒ္ဒရာ (ပင်လယ်ကမ်းခြေ )ဖက်ကို ရောက်ခဲ့တယ် ၊ ကမ်းခြေမှာ ခဏရပ်ပြီး ပင်လယ်ပြင်ရဲ့  လေနုအေးတွေကို တ၀ကြီးရှုရှိုက်ရင်း ဒီပင်လယ်ပြင်ကို အကြောင်းပြုလို့ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တွေ အကြောင်း စဉ်းစားနေခဲ့တယ်၊ ဘုရားရှင်ကိုယ်တော်တိုင်လည်း ပင်လယ်ပြင်ကြီးတွေ သမုဒ္ဒရာတွေရဲ့  အကြောင်းကိုစဉ်းစားမိလို့ ဒီလိုတရားတော်တွေကို ဟောခဲ့တာနေမှာပါ၊ အဲဒီထဲမှာ လောကကြီးရဲ့  အဝေးကွာဆုံးအရာလေးမျိုးဆိုတာကိုလဲ ဟောပြခဲ့တယ်၊စိတ်ဝင်စားစရာကောင်းလို့ မျှဝေလိုက်ပါတယ်.
၁၊ ကောင်းကင်နဲ့ မြေကြီး
၂၊ သမုဒ္ဒရာ ဟိုဖက်ကမ်းနဲ့ ဒီဖက်ကမ်း
၃၊ နေထွက်ရာအရပ်နဲ့ နေ၀င်ရာ အရပ်
၎၊သူတော်ကောင်းတရားနဲ့ မသူတော်တရား (သို့) သူတော်ကောင်းနဲ့ သူယုတ်မာ--ဒီလေးမျိုးဟာ လောကကြီးမှာ အဝေးဆုံးတွေလို့ ဘုရားရှင်ဟောပြတော်မူခဲ့တယ်။

ဒီနေ့ခေတ်ကမ္ဘာမှာ ကောင်းကင်နဲ့ မြေကြီး ဘယ်လောက်ဝေးကွာတယ် ဆိုတဲ့ တိုင်းတာ သတ်မှတ်ချက် တိတိကျကျ မရှိပေမယ့် စတုရန်းမိုင်ပေါင်း ၁၉၆ သန်းကျယ်ဝန်းတဲ့ ဒီကမ္ဘာမြေကြီးနဲ့ လ ကမ္ဘာဟာ မိုင်ပေါင်း နှစ်သိန်းငါးသောင်း ( ၂၅၀၀၀၀ ) ကွာဝေးတယ် ဆိုတာကို ထောက်ဆပြီး ကောင်းကင်နဲ့ မြေကြီးဟာ အဝေးဆုံးဘဲဆိုတဲ့ ဘုရားရှင် ဟောကြားချက်ကိုလက္ခံရပါလိမ့်မယ်၊
ကမ္ဘာပေါ်မှာ အကျယ်ဝန်းဆုံး ပစိဖိတ်သမုဒ္ဒရာ ဟာ စတုရန်းမိုင်ပေါင်း ၆၈ သန်း ကျယ်ဝန်းပါတယ် ဒါကြောင့်သမုဒ္ဒရာ ဟိုဖက်ကမ်းနဲ့ ဒီဖက်ကမ်းဟာ လောကရဲ့ အဝေးဆုံးထဲမှာ တခုအပါအ၀င်လို့ဘုရားရှင် ဟောကြားခဲ့တာပါ၊်
နေကိုဗဟိုပြုပြီး ကမ္ဘာမြေကြီးက လည်ပတ်တဲ့နေရာမှာ ၂၄ နာရီ ပြည့်မှ နေကို တပတ် ပတ်မိတာပါ ဒါကြောင့်နေထွက်ရာ နဲ့ နေ၀င်ရာ အရပ်ဟာလဲ ဝေးကွာတယ်လို့ ဘုရားရှင်ဟောကြားတော်မူခဲ့တာပါ ၊့

ရုပ်ပိုင်းဆိုင်ရာဝေးကွာမှုတွေကိုပြောပြပြီး နောက်ဆုံး အဝေးကွာဆုံးတခုကတော့ သူတော်ကောင်းတရားနဲ့ သူယုတ်မာတရားပါ သူတော်ကောင်းတရားရှိတဲ့သူကို သူတော်ကောင်းလို့ သတ်မှတ်ပြီး သူယုတ်မာတရားရှိတဲ့သူကို မသူတော် သို့ သူယုတ်မာလို့ သတ်မှတ်ရမှာပါ ၊ သူတော်ကောင်းရဲ့ အကြံအစီ အပြောအဆို အပြုအမူတွေဟာ လောကကြီးကို သာယာငြိမ်းချမ်းစေသလို သူရဲ့  ဘ၀လွတ်မြောက်မှုကိုလဲ ရှေးရှုပါတယ် နောက်ဆုးံတော့ သူတော်ကောင်းဟာ စစ်မှန်တဲ့ငြိမ်းအေးမှုကို ရရှိသွားပါတယ် သူယုတ်မာ ကတော့ပြေင်းပြန်ကြီးပါဘဲ သူကြောင့် လောကကြီး အနှေင့်အယှက်ဖြစ်ရ သလို သူကိုယ်တိုင်လဲ စိတ်ရဲ့ ငြိမ်းအေးမှုကိုမရဘဲ ဆင်းရဲအဖုံဖုံကို ခံစားရတာပါ

ဗုဒ္ဓ၀င်တွေကိုကြည့်ရင် ဒီသာဓကတွေထင်ရှားပါတယ် ဘုရားရှင်နဲ့ ဒေ၀ဒတ်ဟာ လောကဆွေမျိုးစကားနဲ့ပြောရင် ညီအကိုတ၀မ်းကွဲပါ ဘုရားရှင်က လောကကောင်းကျိုး မနားမနေဆောက်ရွက်ပြီး နိဗ္ဗာန်ုကိုဝင်စံခဲ့ပေမယ့် ဒေ၀ဒတ်ကတော့ လောကဆိုးကျိုးကို လုပ်ဆောင်ခဲ့ပြီး အခုတော့ငရဲမှာ ဆင်းဆင်းရဲရဲ ခံစားနေရတာပါ သူတော်ကောင်းနဲ့ သူယုတ်မာ ဘယ်လောက်ဝေးကွာသလဲဆိုတာ ဒီသာဓကတွေကိုကြည့်ရင် သိနိုင်ပါတယ် ဒါကြောင့်သူတော်ကောင်းတရားတွေ နှလုံးသားမှာ ကိန်းဝပ်အောင်ကြိုးစားပြီး စစ်မှန်တဲ့ငြိမ်းအေးမှုကို ဆက်လက်ရှာဖွေကြပါစို့။

Sunday, August 17, 2008

ကန္ဒီမြို့ရှိ မြတ်ဗုဒ္ဓ၏ စွယ်တော်သမိုင်း





ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီး ဓါတ်တော် မွေတော်များ ကြွင်းကျန် ရစ်ရာ ဘုရားရှင်၏ စွယ်တော်လေးဆူလည်း ပါရှိလေသည်၊ ၎င်းစွယ်တော်လေးဆူမှာ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ ,တရုတ်နိုင်ငံ, နတ်ပြည်, နဂါး ပြည် တို့၌ ယခုတိုင် ရှိနေကြဆဲ ဖြစ်ပါသည်၊

အိန္ဒိယနိုင်ငံ ကာလိင်္ဂတိုင်းမှ စွယ်တော်သည် သာသနာနှစ် (၈၈၅)တွင် သိရီလင်္ကာနိုင်ငံသို့ ရောက်ရှိ၏၊ မြတ်ဗုဒ္ဓ၏ ရုပ်အလောင်းတော်ကို မီးသင်္ဂြီုဟ်၍ မီးဟုန်းဟုန်း တောက်လောင်နေစဉ် ခေမ အမည်ရှိသော ရဟန္တာမထေရ်မြတ်သည် စန္ဒကူး နံ့သာ ထင်းပုံမှ မြတ်ဗုဒ္ဓ၏ လက်ဝဲအောက် စွယ်တော်ကို ယူကာ ကာလိင်္ဂတိုင်း ဒန္တပူရမြို့ ဗြဟ္မဒတ်မင်းအား လက်ဆင့်လွဲ ခံယူစေပြီး ပူဇော်ခဲ့သည်၊

၎င်း ဗြဟ္မာဒတ်မင်းမှ စ၍ သားစဉ်မြေးဆက် မပြတ်ကိုးကွယ်ခဲ့ရာ ဂုဟသိဝ မင်းလက်ထက်၌ စွယ်တော်ကို အကြောင်းပြု၍ စစ်ပွဲများစွာဖြစ်ရလေသည်၊ စွယ်တော်ကို အသက်ပေး ကြည်ညိုသော ဂုဟသိဝမင်းက နောက်ဆုးံစစ်ပွဲ မထွက်မှီ သမီးတော် ဟေမမာလာနှင့် တူတော် ဒန္တကုမာရ ဇနီးမောင်နံတို့ နှစ်ဦးအား အကယ်၍ စစ်ပွဲရှုံးပါက စွယ်တော်ကို သီရိလင်္ကာနိုင်ငံ မဟာသေန မင်းထံ ပို့ဆောင်ကြရန် စ်ီထားခဲ့သည်၊

ထိုဂုဟသိဝမင်း စစ်ပွဲအတွင်း ကျရှုံးသည်နှင့် တစ်ပြိုင်နက် သမီးတော်တို့ ဇနီးမောင်နှံစွယ်တော်ကိုပင့်ကာ သီရိလင်္ကာနိုင်ငံ အနုရာဓမြို့သို့ ရောက်လာခဲ့သည်၊ ထိုအချိန်၌ အဆွေတော် မဟာသေနမင်း နတ်ရွာစံပြီး သားတော် ကိတ္တိသီရိမေဃ၀ဏ္ဏ-က နန်းတက်လျှက်ရှိနေပေပြီ၊ သားတော်မင်းလည်း စွယ်တော်တိုက်ကြီးဆောက်ကာ ပူဇော်လေသည် ၊ပထမဦးဆုံး စွယ်တော်ထားရာ နေရာမှာ ထူပါရုံ စေတီတော်နှင့် မလှမ်းမကန်းတွင်တည်ရှိဆဲဖြစ်ပါသည်၊

သီရိလင်္ကာနိုင်ငံ မင်းအဆက်ဆက်တို့ မိမိတိုနန်းစိုက်ရာ နေပြည်တော်အလိုက် စွယ်တော်ကို ပင့်ဆောင်ကိုးကွယ်ကြရာ နောက်ဆုံးတွင်ယခုလက်ရှိ ကန္ဒီမြို့စွယ်တော်တိုက်တွင် ကိန်းဝပ် စံပယ်တော်မူလျှက်ရှိပါသည်၊ ထိုမြတ်ဗုဒ္ဓ၏ လက်ဝဲအောက် စွယ်တော်အစစ်ကို ယနေ့တှိင် ဖူးမြော်တွေ့ ရှိနိုင်ပါသည်၊

Tuesday, August 12, 2008

တစ်ကိုယ်တော်

ဘ၀ကို တစ်ခါတစ်ခါ
အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်...။

ဖျားနာမှုကို မှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ...?

မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။

ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်...။

လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။

“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။

လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ

မင်းခိုက်စိုးစန်

Monday, August 4, 2008

ထေရ၀ါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်



(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center မှာ ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲလေး ကျင်းပခဲ့ပါတယ်၊ အဲဒီနှီးနှောဖလှယ်ပွဲမှာ ဦးဇင်း ဖတ်ကြားတင်သွင်းခဲ့တဲ့ စာတမ်းလေးကို ခုမှ ပြန်ရှာတွေ့လို့ မျှဝေလိုက်ပါတယ်)

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့ပါတယ်၊

အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင် ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊

ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့.....

(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။

လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက် ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။

အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......

(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။

တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီး ကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။ နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့ စိတ်မှာမွေးမြူနိုင်ဖို့ မီမောင်ထိုးပြသွားတာပဲဖြစ်ပါတယ်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့် ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို ချမှတ်တော်မူခဲ့ပါတယ်---
ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူ အပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများက မကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်
တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ “ကောင်းကင်က ရေစီး မြေ ကီး က လသာမယ့်အချန်တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။

(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။

ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…
သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…

(၁) လုံလောက်တဲ့ နေရောင်ခြည်
(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-

ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါက သမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာ တန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။

(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့ ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင် လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။
မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေ နတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ် ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့် နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊

ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင် ဦးဇင်းက လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ် လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပ၊ဲ
ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။

ဘဝ







ဘ၀ဆိုတာ
အဟောင်းတွေကျန်
အသစ်တွေဖြစ်
အထစ်တွေရှိနေတဲ့
လောက အတွင်းမှာ
လက်ကျန်ဖြစ်နေတဲ့
မနက်ဖြန်များစွာအတွက်
ဆက်ရန်ရှိနေသေးသ၍ ကတော့
ခက်ထန်တဲ့ လောကဓံလည်း
ကြုံနိုင်သလို
တက်မှန်လှေလိုလည်း
ဖြစ်နို်င်ပါတယ်
ဘာပဲကြုံကြုံ
ယက်ကန်ကန် ဖြစ်မနေဖို့ပဲ လိုတာပါ။

Wednesday, July 30, 2008

အတွေးအပိုင်းအစများ




အတွေးအခေါ် အကြံအစီဆိုတာ လူသားတစ်ယောက်အတွက် အရေးကြီးတယ်လို့ ယုံကြည် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတွေးကောင်းက အပြောကောင်း အလုပ်ကောင်းကို ဖြစ်စေလို့ပါပဲ။ လက်တွေ့မဆန်တဲ့ အတွေးထဲမှာနစ်မျောပြီး ဘာမှ အကောင်အထည်မဖေါ်တဲ့ အတွေးမျိုးကိုလည်း လက်မခံချင်ပါဘူး။ အတွေးကောင်းဆိုတာကို ဘာပေတံနဲ့တိုင်းတာမလဲလို့ မေးလာရင်တော့ ဒါဟာ တော်တော်အဖြေရခက်မယ့် Question တစ်ခုပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ အတွေးကို အကောင်အထည်ဖေါ်တဲ့အခါ အပြစ်မရှိဘူး၊ ကောင်းတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတယ် ဆိုရင်တော့ ဒါဟာ အတွေးကောင်းလို့ ဆိုရမှာပါ။ လူသားတိုင်းဟာ အတွေးနဲ့ ကင်းလို့ မရပါဘူး။

ပြဿနာတစ်ခု(သို့) အလုပ်တစ်ခုကို တစ်ယောက်ထည်းတွေးပြီး ဖြေရှင်းမရရင် သူငယ်ချင်းတွေ မိသားစု ၀င်တွေ အတွေးအကူအညီကို ရယူပြီး ဖြေရှင်းဆောင်ရွက်ကြရတာပါ။ ဒီနေ့ ကမ္ဘာမှာတော့ ခေါင်းတစ်ခုရဲ့ အတွေးတစ်ခုနဲ့ လုံလောက်မှုမရှိတော့လို့ Society, Community, United Nation, Organization, ဆိုပြီး ခေါင်းပေါင်းစုံ စုစည်းပြီး အတွေးကောင်းတွေကို ရွေးချယ် အကောင်အထည်ဖေါ်ဆောင်ရွက်နေကြပါပြီ။ ဒါက တွေးပြီးဆောင်ရွက်လို့ရတဲ့ ကိစ္စကိုပြောရတာပါ။ ဗုဒ္ဓရဲ့တရားတော်တွေမှာတော့ နေရာတိုင်း အကြောင်းအရာတိုင်းမတွေးဖို့ ဟောပြထားပါတယ်။

(၁) ဘုရားရှင်ရဲ့ သဗ္ဗညုတ ညာဏ်အရာ
(၂) ဈာန် အဘိညာဉ်ကိစ္စ
(၃) ကံတရားရဲ့ အကျိုးပေးမှု
(၄) လောကကြီးအကြောင်း- အဲဒီလေးမျိုးကိုတော့မတွေးနဲ့ ၊ တွေးလွန်းရင် စိတ်တွေ ပြန့်လွင့် ပြီး ရူးသွားနိင်တယ်လို့ ဟောပြထားပါတယ်။ ဆိုကြပါစို့-
မြတ်စွာဘုရားက သဗ္ဗညုတ ညာဏ်တော်ကိုရတယ်။ သဗ္ဗညုတဆိုတာ အကုန်လုံးကို သိနိုင်တဲံ ညာဏ်ကို ဆိုလိုတာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေ လက်ခံတဲ့ သံသရာရဲ့ အစ (သို့) သံသရာ ဆိုတဲ့အရာရဲ့ ဘယ်တုံးက စတယ်ဆိုတာ မိန့်ဆိုချက် အတိအကျ မရှိပါဘူး။(အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော) တချို့အတွေးသမားတွေ ပြောနေကြတာ သဗ္ဗညုတညာဏ်ဟာ အကုန်လုံးကို သိတယ်ဆိုရင် သံသရာရဲ့ အစကိုလည်း သိရမှာပေါ့။ အဲဒီလူတွေကို ပြန်မေးချင်ပါတယ်။ ကြက်ဥ တစ်လုံးရဲ့အစကို သိသလားလို့။ ပြီးတော့ မြတ်စွာဘုရားရဲ့ တန်ခိုးတော်အရာတွေဟာလည်း မြတ်စွာဘုရားရှင်ကို လက်တွေ့ မသိတဲ့သူတွေအတွက် ဘယ်လောက် တွေးတွေး တွေးလို့မရနိုင်ပါဘူး။ hypothesis နည်းနဲ့တော့ သိလို့ ရနိုင်တာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မဆန်လွန်းတဲ့ hypothesis နည်းဟာလည်း အမြဲတမ်းသုံးနေလို့ မရပါဘူး။ အဲဒီနည်းတွေချည်း သုံးနေရင်တော့လည်း အမှန်တရားဆိုတာ အလှမ်းကွာနေဦးမှာပါ။

လောယာဉ်ပျံ မမြင်ဘူးတဲ့လူတစ်ယောက်အတွက် တန်နှစ်ဆယ်ကျော်ရှိတဲ့ သံထည်ကြီး ကောင်းကင်ကို ပျံတက်သွားတယ်လို့ပြောရင် လက်ခံနိုင်မှာမဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ သဗ္ဗညုတ ညာဏ်အရာ ဟာလည်း တန်နှစ်ဆယ်ကျော် ရှိတဲ့ သံထည်ကြီး ကောင်းကင်ကို ပျံတက်တာ ရောပေါ်မှာ ပေါ်နေတာကို မမြင်ဘူးတဲ့ သူတွေရဲ့ အတွေးမျိုးနဲ့တော့ ဘယ်လောက်တွေးတွေး မရနိုင်ပါဘူး။
ဈာန် အဘိညာဏ်တွေ ကံတရားရဲ့ အကျိုးပေးမှုတွေဟာလည်း အရမ်းကို ဆန်းကြယ်ပါတယ်။ ဈာန်ရရင် ဘာ့ကြောင့် ကောင်းကင်ကို ပျံနိုင်တာလဲ၊ ဘာကြောင် မြေကို ရှိုးနိုင်တာလဲ၊ လို့ တွေးနေရင် စိတ်ပျံ့လွင့်တာထက် ပိုတဲ့ အကျိုးတော့ မရနိုင်ပါဘူး။ လက်တွေ့ ကျင့်ကြံအားထုတ်မှသာ သိနိုင်တဲ့ အရာမို့ပါ။ နောက်တစ်ခုက လောကကြီးအကြောင်းကိုလည်း မတွေးပါနဲ့တဲ့။ အုံးသီးထိပ်က အပေါက်တွေကို ဘယ်သူဖေါက်တာလဲ? ပင်လယ်သမုဒ္ဒရာကြီးတွေကို ဘယ်သူက စပြီး တူးခဲ့တာလဲ?
လူသားဟာ မွေးဖွါးပြီး ဘာ့ကြောင့် သေဆုံးတာလဲ? လူသားတစ်ယောက်နဲ့တစ်ယောက်ဟာ ဘာ့ကြောင့် စိတ်ချင်း မတူကြတာလဲ? စတဲ့ လောကကြီးနဲ့ ပက်သက်တဲ့ အတွေးတွေဟာ မဆုံးနိုင်သလို တိကျတဲ့အဖြေဟာလည်း ရလာမှာ မဟုတ်ပါဘူး ဒါ့ကြောင့် မြတ်စွာဘုရားက ဗုဒ္ဓရဲ့ သဗ္ဗညုတ ညာဏ်အရာ ဈာန် အဘိညာဏ်ကိစ္စ ကံတရားရဲ့ အကျိုးပေးမှု လောကကြီးအကြောင်းကို မတွေးဖို့ ဟောကြားခဲ့တာပါ။
ဘုရားရှင်အဓိက ရည်ရွယ်တော်မူတာက အကျိုးမရှိတဲ့ တွေးသလောက် အကျိုးမရနိုင်တဲ့ အတွေးမျိုးကို အားပေးတော်မမူတာပါ။ လူသားတစ်ယောက်အတွက် အတွေးဆိုတာ ရှိနေမှာပါ။ ဒါပေမယ့် တွေးသင့်တဲ့အတွေးထက် ပိုတဲ့ အတွေးတွေဟာ လူသားတစ်ယောက်ကို အထီးကျန် ဆန်စေတယ်။ ပျော်ရွှင်မှုတွေလည်း ကင်းဝေးစေပါတယ်။ တွေးချင်တဲ့အတွေးထဲက တွေးသင့်တဲ့ အတွေးကောင်းတွေကို ရွေးချယ်ပြီး အပြောကောင်း အလုပ်ကောင်းဖြစ်လာအောင် ကျိုးစားကြရမှာပါ။

Uzin

Thursday, July 17, 2008

Who am I ?

ကျွန်တော်ဘယ်သူလဲ? ကျွန်မဘယ်သူလဲ ? ဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာ ကောင်းတယ်လို့ထင်ပါတယ်၊ လူဆိုတာ ကိုယ်ဟာကို ဘယ်သူလဲ ဘာလဲဆိုတာတော့ သိသင့်တယ်လို့ ထင်တယ်လေ၊ ကိုယ့်အခြေအနေကို ကိုယ်သိရင် ပြုပြင်လို့ ရတာပေါ့၊ ကိုယ့်အခြေ အနေမှန်ကို သတိထားမိဖို့ သပ္ပုရိသသုတ္တန် ရှုထောင့်ကနေ ပြောပြချင်ပါတယ်၊

သပ္ပုရိသလို့ပြောရင် ဗုဒ္ဓဘာသာဝင်တွေက သိပြီးသားပါ၊ သပ္ပုရိသဆိုတာကို မြန်မာလို သူတော်ကောင်းလို့ ဘာသာပြန်ပါတယ်၊ သူတော-်အောင်ကို ကောင်းပေးရမယ်ဆိုတဲ့ သဘောပါ၊ သူတော်မှ ကိုယ်ကောင်းတာက သူတော်ကောင်း အစစ်လို့ မဆိုနိုင်ပါဘူး၊ သူတော်ကောင်းဆိုတာ ကိုယ်နှုတ်အမူအရာလဲ သိမ်မွေ့နုညံ့ရသလို ထိန်းထိန်းသိမ်းသိမ်းလဲ ရှိရပါတယ်၊ သူတော်ကောင်းဆိုတာကို တိုင်းတာတဲ့ ဗုဒ္ဓဒေသနာတော်တွေ အများကြီးထဲက စိတ်ဝင်စားစရာကောင်းတဲ့ သပ္ပုရိသသုတ္တန်မှာ……….

၁။ သူတော်ကောင်းဆိုတာ-- သူတပါးရဲ့အပြစ်ကို လူတယောက်က လာပြီးမေးပေမယ့် ဒီလူရဲ့ အပြစ်ကို ထင်ထင်ရှားရှားဖြစ်အောင် ပြောမပြဘူး၊ မမေးဘဲနေရင်တော့ လုံးဝကို မပြောဘူး၊ တကယ့်ကို မပြောမဖြစ်လို့ ပြောရမယ်ဆိုရင် အရိပ်အမြွက်လေးဘဲ ပြောပြတယ်။
၂။ သူတော်ကောင်းဆိုတာ-- တဖက်သားရ ဂုဏ်ကျေးဇူးကို လူတယောက်က မမေးပေမယ့် အဲဒီလူရဲ့ ဂုဏ်ကျေးဇူးကို ကျေကျေနပ်နပ်ကြီး ပြောပြတယ်၊ လာမေးတယ်ဆိုရင်တော့ ဒီလူရဲ့ ဂုဏ်ကျေးဇူးအကြောင်းကို အကျယ်တဝင့်ပြောပြတယ်။
၃။ သူတော်ကောင်းဆိုတာ-- ကိုယ့်ရဲ့အပြစ်ကို မမေးပေမယ့် ပြောပြတယ်၊ မေးလာရင်တော့ အဖြစ်အပျက်အကုန်အစင်ကို မခြွင်းမချန်ပြောပြတယ်၊
၎။ သူတော်ကောင်းဆိုတာ-- ကိုယ့်ရဲ့ဂုဏ်ကို မေးပေမယ့် နည်းနည်းဘဲ ပြောပြတယ်၊ မမေးဘဲနေရင်တော့ လုံးဝကို မပြောဘူး၊ မေးလာလို့ မပြောမဖြစ် ပြောရမယ်ဆိုရင် အရိပ်အမြွက်လောက်ဘဲ ပြောဆိုတယ်၊ ဒါဟာ သူတော်ကောင်းရဲ့ လက္ခဏာ သူတော်ကောင်းရဲ့စိတ်ဓာတ် သူတော်စင်တွေ ကျင့်သုံးတဲ့ နည်းလမ်းတွေပါဘဲ။

ဘုရားရှင်က သူတော်ကောင်းရဲ့ လက္ခဏာကို ပြောပြသလို မသူတော်ရဲ့လက္ခဏာတွေကိုလဲ ပြောပြပါသေးတယ်၊
၁။ မသူတော်ဆိုတာ-- လူများအပြစ်ကို မမေးဘဲပြောတယ်၊ မေးလာရင်တော့ ပုံမှန်အနေအထားထက် ပိုပြီးပြောတယ်၊
၂။ မသူတော်ဆိုတာ-- လူများရဲ့ဂုဏ်ကို မေးပေမယ့် ပြောမပြချင်ဘူး၊ မမေးဘဲနေရင်တော့ အသာလေးဘဲ ငြိမ်နေလိုက်တယ်၊
၃။ မသူတော်ဆိုတာ-- ကိုယ့်ရဲ့အပြစ်ကို မေးပေမယ့် ပြောမပြဘူး၊ မပြောမဖြစ်လို့ ပြောရမယ်ဆိုရင် ကိုယ့်အပြစ်ကို နည်းနည်းလေးဘဲပြောပြတယ်။
၎။ မသူတော်ဆိုတာ-- ကိုယ့်ရဲ့ဂုဏ်ကို မမေးပေမယ့် ခပ်ကြွားကြွားပြောတယ်၊မေးလာရင်တော့ ပုံမှန်အနေအထားထက် ပိုပြီးပြောတယ်၊

ဒီသဘောတရားတွေကို နှိုင်းယှဉ်ကြည့်ရင် ဘယ်ဟာက သူတော်ကောင်း ဘယ်ဟာက မသူတော်ဆိုတာ သိနိုင်ပြီလို့ ထင်ပါတယ်၊ လူ့သဘာဝ လူ့စိတ်သဘောအရ လူများအပြစ်ကို လွယ်လွယ်မြင် လွယ်လွယ်ပြောပြီး ကိုယ့်အပြစ်ကိုတော့ အသာလေး ဖုံးဖိထားတတ်တာပါ၊ ဒါဟာ သူတော်စင်ရဲ့ လက္ခဏာမှ မဟုတ်တာ၊ လူဟာ လူများတွေထက် သာအောင်ကြိုးစားတဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကောပါ သာအောင်ကြိုးစားရမှာပါ၊
ပထမဆုံး ငါဘယ်သူလဲဆိုတာ သိအောင်ကြိုးစားရပါမယ်၊ ဘယ်သူလဲဆိုတာ သိရင် ကိုယ့်စိတ်ရဲ့ဟာကွက် ပျော့ကွက်တွေကို ပြုပြင်ရမှာပါ၊ လူများအပြစ်ကို လွယ်လွယ်မြင် လွယ်လွယ်ပြောတတ်တဲ့ ကိုယ်စိတ်ကို ပြန်ပြီး ပြုပြင်ပေးရပါမယ်၊ လူများအဆင်ပြေတာ ကြီးပွားတာ အောင်မြင်တာကို အသိအမှတ်မပြုနိုင် ဝမ်းမမြောက်နိုင် ချီးမွမ်းစကားမဆိုနိုင်တဲ့ စိတ်ကိုလဲ ပြန်ပြီး ပြုပြင်ရအုံးမှာဘဲပေါ့၊

အပြစ်မပြောဘဲ လူတဖက်သား ကြီးပွားအောင်မြင်တာကို အသိအမှတ်ပြုနိုင်ပြီ ဆိုရင်တော့ စိတ်အရည်အသွေးပြည့်ဝတဲ့ လူကောင်းတယောက်လို့ သတ်မှတ်နိုင်ပါပြီ၊ ဒီလိုဆိုရင် ကျွန်တော်ကကော ဘယ်သူလဲ သူတော်စင်လက္ခဏာထဲမှာ ပါဝင်သူဖြစ်ရဲ့လား……………ဆိုတဲ့မေးခွန်းကတော့ စိတ်အရည်အသွေး ပြည့်ဝလိုသူတိုင်း မေးသင့်တဲ့မေးခွန်းလို့ ထင်ပါရဲ့လေ။

စိတ်အရည်အသွေးပြည့်ဝတဲ့ လူကောင်းတယောက်ဖြစ်အောင် ကြိုးစားကြပါစို့

မေတ္တာဖြင့်
ဦးဇင်း