Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, May 27, 2009

ဘာဝနာမွေးနေ့ ဖြစ်ပါစေ

မွေးနေ့  မှာ တရားများနဲ့ ပျော်မွေ့ နိုင်ပါစေ။
မွေးနေ့ ဆိုတာလည်း နေ့ တိုင်းမွေးတဲ့ မွေးနေ့ ကို
ပြောချင်တာပါ။ တကယ်တမ်းမွေးခဲ့တာက တစ်ရက်ထဲ။
ခဏလေးမွေးခဲ့တဲ့ နေ့ ရက်ကို အကြောင်းပြု လို့  လူတွေက
ဘုန်းကြီးတွေက စမွေးခဲ့တဲ့နေ့ က ရေတွက်လျှင်
ဘယ်နှစ်နှစ်မြောက်ပြီ ဆိုတဲ့ နေ့ ကိုဘဲ မွေးနေ့ ကို လုပ်ကြလေရဲ .။
တရားနဲ့ ကြည့်ရင် ခဏမစဲ မွေးနေတာပါပဲ။

မွေးနေ့ မှာ မွေးနေ့ လက်ဆောင်တွေ အဖြစ်
အရှင့်ရဲ့  ဘလော့စပေါ့မှာ တွေ့ ရရဲ့ ။ လူတွေရဲ့ 
မွေးနေ့ လက်ဆောင်လေးတွေ။ကိတ်မုန့် တွေနဲ့ ။
မွေးနေ့ အတွက် ဆုတောင်းလေးတွေနဲ့ ။
ဓမ္မဘရားသား တစ်ပါးအနေနဲ့  စားမရတဲ့  ကိတ်မုံ့ ကို
လည်း မွေးနေ့  လက်ဆောင် အဖြစ်မပေးချင်။

သူတို့ အနေနဲ့ 
ပျော်စရာလည်းဖြစ်။အရှင်လည်း ကြည်နူးပီတိ ဖြစ်ကောင်းဖြစ်မယ်.။
အရှင် ဒီနေ့ ဆွမ်းးကပ်သလိုမျိုးသာ လက်တွေ့  ကပ်လိုက်ချင်ရဲ့ ။
သို့ သော် အဝေးရောက်နေပေမယ့် စိတ်က နီးစပ်နေတဲ့
တပည့်တော် အဖို့  အရှင်ကို မွေးနေ့ လက်ဆောင် အဖြစ်
တကယ်လက်တွေ့ ကျသော ယနေ့ လို ဆွမ်းးကပ်ခြင်းမျိုး။

နေ့ စဉ်စောင့်ထိန်းတဲ့ သီလ။ တရားဘာဝနာများ နှလုံးသွင်းခြင်း၊
နဲ့ တရားများ ဟောပြောပြသခြင်းများ၊ ဘလော့စာမျက်နှာကဖြန့် ဝေ
ခြင်းများ....အားလုံးကောင်းသော ဓမ္မ္မ များနဲ့  နေ့ စဉ် မွေးနေတဲ့
မွေးနေ့ တိုင်း ပျော်ရွှင် နိုင်ပါစေ ကြောင်း မွေးနဲ့ လက်ဆောင် တစ်ခု
အဖြစ် ပို့ သလိုက်ပါတယ်။

အရှင့်ရဲ့ 
ဓမ္မဘရားသား
အရှင်တေဇောဘာသ
ဂျာမဏီနိုင်ငံ

ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်

“နတ္ထိ ဇာတဿ အမရဏံ”
မွေးဖွားလာသူတိုင်း အမြဲတစေ ရှင်သန်ရတယ်ဆိုတာ မရှိဘူး။(Buddha)

အခု သူ ရောက်ရှိနေထိုင်နေတဲ့ နေရာက သီတဂူဝိဟာရကျောင်း(မင်နီဆိုးတာ ပြည်နယ်၊ အမေရိကန်)ဖြစ်လေတော့ စ ရောက်ရောက်ချင်းတော့ နေ့နဲ့ ည မှားနေတာ၊ ရာသီဥတုနဲ့ အစားအသောက်ကိစ္စတွေက မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး အနှောက်ယှက်ပေး တာတွေ ကြုံရပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အံဝင်ခွင်ကျဖြစ်အောင် ပြင်ရင်းနဲ့ နေထိုင်လာတာ အခုဆို တစ်လပြည့်ခဲ့ပါပြီ။ ဒီလိုနေခဲ့တဲ့တစ်လအတွင်းမှာ မှတ်မှတ်ရရ အဖြစ်ပျက်လေး တစ်ခုရှိပါတယ်။ အဲဒါက ကွယ်လွန်သွားတဲ့ အမေရိကန်မကြီးတစ်ယောက်ရဲ့ ပစ္စည်းတွေကို ကျောင်းရန်ပုံငွေရအောင် လာလှူတာပါပဲ။ အစတော့ သူ မသိပါ ဘူး။ ဒီလောက်များတဲ့ပစ္စည်းတွေ ဘာလုပ်မှာလဲပေါ့။ နောက်တော့ ဆရာတော် အရှင်နာယကာလင်္ကာရနဲ့ ဒကာအချို့က ရှင်းပြလို့ သိခွင့်ရပါတယ်။ အဲဒီပစ္စည်း တွေကို ပြန်ရောင်းရင် ရန်ပုံငွေထွက်တယ်တဲ့။ ဆရာတော်အရှင်နာယကာလင်္ကာရ ဘာမှ ၀င်ပြောစရာမလိုအောင် ဒကာတွေက ၀ိုင်းဝန်းလုပ်ဆောင်ကြလို့ တော်တော်လေးလည်း ကျောင်းအတွက် ဖန်ငွေရပါ တယ်။ အဲဒီပစ္စည်းတွေထဲက တော်တော်များများက လုံးဝမသုံးရသေးပဲ ပါကင် လိုက်လေးပဲ အသစ်အတိုင်းရှိနေဆဲပါ။ ပစ္စည်းတွေကို ကြည့်ပြီး သူတွေးမိပါ တယ်။ “ ဒီအဖွားကြီး ပစ္စည်းတွေ ၀ယ်ပြီး မသုံးရက် မစွဲရက်နဲ့ သေသွားရှာတာ၊ နှမြောစရာ” လို့လေ။ နောက်ထပ်ကြားရပါတယ်။ ကွယ်လွန်သွားတဲ့ အဖွားကြီး ဟာ သူ့ယောက်ျားဆုံးသွားတော့ ငွေတွေ တော်တော်များများ ကျန်ဆိုပဲ။ သူမ ကိုယ်တိုင်လည်း အသက်ကြီးလာတော့ ငယ်မူပြန်စိတ်နဲ့ Shopping ထွက်ပြီး ငွေတွေ ဖြုန်းပစ်တယ်တဲ့။ သူ့ရင်ထဲ ရှိတာတွေ ၀ယ်ပြီး စုခဲ့ပေမယ့် သူ လုံးဝသုံးမသွားရှာပါဘူး။ အခုကျန်တဲ့သားသမီးတွေက ကျောင်းကို လှူပစ်ခဲ့ပါရော လား။ တကယ်တော့ အမေရိကန်လို နိုင်ငံမျိုးမှာ ပစ္စည်းအဟောင်းတွေကို စွန့်ပစ်မယ်ဆိုရင်တောင် တော်တော် ငွေကုန်ကြေးကျများတဲ့နိုင်ငံလေ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေအနေနဲ့ သူတို့ မိဘပစ္စည်းတွေကို အကျိုးရှိအောင် လုပ်သွားတာဟာလည်း ချီးကျူးစရာမဖြစ်ခဲ့ရင်တောင် သူလည်းအကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိအောင် လုပ်ခဲ့တဲ့စိတ်ကလေးကိုတော့ လေးစားမိပါတယ်။
ဒီတော့ အစကို ပြန်ကောက်ရရင် အဖွားကြီးရဲ့ ပစ္စည်းပုံတွေကြားရောက် နေရင်းနဲ့ သူ တွေးမိတဲ့အတွေးလေးတစ်ခုက “ သြော်... မွေးလာရင် သေဆုံးရ မှာပဲ” ဆိုတာလေးပါ။ မွေးခြင်းနဲ့ သေခြင်းနဲ့အကြားလေးမှာ တစ်ယောက်ကို တစ်ယောက် မေတ္တာတွေ ထားနိုင်ကြမယ်ဆိုရင်၊ ပြီးတော့ တစ်ယောက်အမှား ကို တစ်ယောက်က နားလည်ခွင့်လွတ် ပေးနိုင်ရင်၊ ရှင်သန်ရတဲ့ ဘ၀တိုတိုလေး မှာ တော်တော်လေး စိမ်းချမ်းမြေ့စရာပါပဲလေ။

မွေးခြင်းနဲ့ သေခြင်းအကြားက အကြောင်းလေးတွေကို တွေးရင်း ရွှေပြည်ကြီး က လဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ပြောခဲ့တာလေးကို သတိရမိပါ တယ်။ (အခုတော့ အကြောင်းကြောင်းကြောင့် သူငယ်ချင်းတွေ ဝေး ကွာကုန် ပါပြီ) ချင်းမိုင်မှာကျောင်းတက်နေတဲ့ သူငယ်ချင်းက “ သေပြီးတဲ့ နောက် ဘာလုပ်လို့ ရတော့မှာလဲ ကိုမှူးရာ”တဲ့။ နေပြည်တော်မှာ နေတဲ့ သူငယ်ချင်းကတော့ “အဲဒီမသေခင်လေးကို ကိုယ်လုပ်ချင်တာ လုပ်သွားရရင် ကျေနပ်ပြီ”တဲ့။ သူငယ်ချင်းနှစ်ယောက် ပြောသွားတဲ့ စကားကို ကြည့်ရင် တစ်ယောက်က သေပြီးတဲ့နောက်ကို လှမ်းမျှော်ပြီး လက်ငင်းဘ၀မှာ အဓိပ္ပါယ်ရှိရှိနေသွားချင်တဲ့ ဆန္ဒကို သွယ်ဝိုက်ပြောသွားသလို ပဲ၊ နေပြည်တော်က သူငယ်ချင်းကတော့ မသေခင် လက်ရှိဘ၀ကိုပဲ ကိုယ့်အ တွက် တစ်ခုခုကျန်အောင်လုပ်သွားချင်တဲ့ ဝေဒနာလေးရှိနေတာကို တွေ့မြင်မိ မှာပါပဲ။
ခုနက ပစ္စည်းတွေ မသုံးစွဲပဲထားခဲ့တဲ့ အဖွားကြီးဟာ နေပြည်တော်က သူငယ် ချင်းပြောသွားသလိုပဲ နေထိုင်သွားတာပဲလား ဖြစ်နေမလားလို့ တွေးနေမိပါ တယ်။

ဘာပဲဖြစ်ဖြစ် ဘ၀မှာ တစ်ခါပဲ မွေးပြီး တစ်ခါပဲသေချင်တယ်ဆိုရင်တော့ ကိုယ် ဟာ အများအတွက်၊ နိုင်ငံနဲ့ ဘာသာ သာသနာအတွက်၊ စစ်မှန်တဲ့ အကျိုးလို လားတဲ့စိတ်နဲ့ ရှင်သန်သွားတတ်ဖို့တော့ သိပ်အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ် ရင်တော့ တစ်ခါပဲမွေးပြီး အခါခါသေရတဲ့ဘ၀နဲ့ ကြုံနေဦးမှာ ဖြစ်သလို ကိုယ့်ဘ၀သမိုင်း ၊ ကိုယ့်ပတ်ဝန်းကျင်သမိုင်းနဲ့ ကိုယ့်ရာဇ၀င်တစ်ခု လုံး မီးသွေးဖုတ်ခံရ ထားရတဲ့ ထင်းတွေလို မည်းညစ်စုတ်ပြတ်နေမှာတော့ အသေချာပါ။ ဘာကြောင့်လည်းဆိုတော့ ဘ၀တစ်ခုဟာ မွေးခြင်းနဲ့ စပြီး သေခြင်းနဲ့ဆုံးရတဲ့ ကာလလေးတစ်ခုဖြစ်ပြီး အဲဒီကာလလေးမှာပဲ အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ် သန်းကြရတာမို့ပါလေ။

ဘာပဲဖြစ်ဖြစ်၊ ဒီအကြောင်းလေးကို တွေးနေဆဲမှာပဲ စိတ်ထဲ သတိရဖြစ်လိုက် တာက သင်/ဖတ်လက်စ အင်္ဂလိပ်စာစာအုပ်ထဲက ၀ါကျလေးတွေကိုပါ။ ဘာတဲ့......
"DO NOT WASTE YOUR TIME."
"NOTHING IN THIS WORLD IS PERMANENT OR STILL."

(မွေးနေ့ရှင် အရှင်တိက္ခာဥာဏာလင်္ကာရ( M.A)အရှင်မြတ်လည်း မွေးနေ့မှသည် နှစ်ပေါင်း များစွာ အမျိုးဘာသာသနာအကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း)

ရိုသေစွာဖြင့်.....နေသစ်မှူး (အင်တာနေရှင်နယ်တောသားကြီး)

Tuesday, May 26, 2009

လူ့ဘုံရိပ်နန်း ပယ်ခွါလှမ်း၍

သာသနာကျိုး ရွက်သယ်ပိုးမည့်
လောင်းလျာအရှင် ဆရာသခင်ကို
ကဆုန်လပြည့် ကျော်သည့်နေ့ရက်
ခြောက်ရက်မြောက်တွင် မယ်တော်ဝမ်းမှ
ဖွားတော်မူသည် ဇာနည်တစ်ပါး ပေါ်တယ်လေး။

ဖွားမြင်မြောက်ကာ ဆယ့်တစ်နှစ်ရွယ်
ချိန်ခါရယ်၌ လူဘုံရိပ်နန်း
ပယ်ခွာလှမ်း၍ သာသနာ့ဘောင်
သွတ်သွင်းဆောင်၏ စာပေကျမ်းဂန်
ဆည်းပူးမှန်သည် နတ်လူအကျိုး ဆောင်တယ်လေး။

သာမဏေကျော် ဘွဲ့တော်နှင့်တူ
သာသနာဓဇ ဓမ္မာစရိယဟု
အပ်နှင်းခံယူ အောင်တော်မူ၍
သီရိလင်္ကာ မြေမဟာ၌
ထပ်ဆင့်ကွန့်မြူး အောင်ကာထူးသည် ဆီမီးရောင်သို့ ထွန်းတယ်လေး။

လောကုတ်လောကီ နှစ်လီဋ္ဌာန
ပြည့်ဝအကျိုး သယ်ပိုးသည့်ရှင်
မြတ်သခင်၏ မွေးနေ့ခါ၌
ရေနံ့သာမောင် ကာရံဆောင်၍
ညွှန်းဆိုဖွဲ့သီ ဂုဏ်ကိုရည်သည် နတ်လူသာဓု ခေါ်တယ်လေ။ ။

ရေနံ့သာမောင် ရေးဖွဲ့သည်.

ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရအတွက် မွေးနေ့ပူဇာ ဆောင်းပါးလွှာ

ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော်ကြီးမားပုံနှင့် သစ္စာတရားတော်အား ထုတ်ဖော် ဟောပြခဲ့သည်ကို နှလုံးသွင်း၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။

မြတ်စွာဘုရားရှင်၏ ရွှေနှုတ်တော်မှ မိန့်တော်မူပေထသော တရားဓမ္မများ၏ ဂုဏ်ကျေးဇူးကို ရည်စူး၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။

မြတ်စွာဘုရားရှင်၏ တရားဓမ္မများကို ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ သတ္တဝါ ဝေနေယျများကိုလည်း ကရုဏာ ရှေ့ထား ဟောပြညွှန်ပြပေးအပ်သော သံဃာတော်အရှင်မြတ်များ၏ ဂုဏ်ကျေးဇူးတော်အား ရည်စူးစိတ်ညွှတ်၍ ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးကန်တော့ပါ၏။

ကျေးဇူးရှင် ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရ၏ မွေးနေ့ပူဇာ ဆောင်းပါးလွှာကို ရေးသားပူဇော်ပါမည်ဟု စိတ်မှ ဆုံးဖြတ်လိုက်သည်နှင့် ဆရာတော်အား လက်ဆောင်ပေးလိုသော စိတ်သည် ဖြစ်၏။

ဘယ်လက်ဆောင်ကို ပေးရမည်နည်းဟု မေးခွန်းလေး ထုတ်ကြည့်သော်.. ရတနာ အား လက်ဆောင်ပေးလို၏။ ဆရာတော်၏ တရားဓမ္မကို ကြားနာရ၍ မသိရသည်ကို သိခွင့်ရကုန်၏။ ထိုသိခွင့်ရသော အသိသည် ဒုက္ခပိနေသော ဘေးမှ လွတ်ကင်းနိုင်သော သတ္တိကို ကျေးဇူးပြု၍ ဆရာတော်၏ ကျေးဇူးသည် လွန်စွာကြီးမား၏။ ထို့ကြောင့် ဆရာတော်အား လက်ဆောင်ပေးလိုသော ရတနာသည် တန်ဖိုးကြီးမြတ် မြင့်မားသော ရတနာ ကို ရွေးချယ်ပေးလိုသော ဆန္ဒသည် ရှိ၏။ ရတနာထဲမှ တန်ဖိုးကြီးမြတ်သော ရတနာကို စိတ်ကတ္တီပါ အလွှာလေးပေါ်မှာ တင်ကြည့်ပြီး ရွေးကြည့်သော်… ဘုရား၊ တရား၊ သံဃာ ဤရတနာသုံးပါးကို တပည့်တော် ရှာဖွေ တွေ့ရှိပါ၏။

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ဟု ဆိုအပ်သော ဤရတနာသုံးပါးအား ဆရာတော်အား လက်ဆောင်ပေးအပ်ပါ၏။ ဤရတနာအား ပကတိစက္ခုဖြင့် မမြင်အပ်နိုင်ပေ၊ ဉာဏစက္ခုဖြင့်သာ ရတနာ၏ အရည်အသွေး အားလည်း မြင်အပ်ပေ၏။ တန်းဖိုးကြီးမြတ်မှုကိုလည်း သိအပ်ပေ၏။ တပည့်တော်၏ မွေးနေ့လက်ဆောင်အား အရှင်ဘုရား၏ ဉာဏစက္ခုဖြင့် ဆောင်ယူတော်မူပါကုန်၊ မြင်အပ်ပါပေကုန်၊ သိအပ်ပါပေကုန်။
အရှင်ဘုရား၏ မွေးနေ့တော်အား ရည်စူး၍ တပည့်တော် အဘယ်သို့သော အကြောင်းအရာကို ရေးရမည်ကို မသိသေး၊ ရေးသာခဲ့သည်မှာ ဤအထိတော့ ရှိနေပြီ။ တပည့်တော် သုံးသပ်ကြည့်ပါသည်။ လူမိုက်နှင့် လူလိမ္မာ ဘာကွာလဲ မေး။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်မှ ကွာဟမှုကို တပည့်တော် သိခဲ့ရပါ၏။ ထိုကွာခြားချက်မှာ -
• လူမိုက်သည် အမှောင်ထဲမှ လာကြကုန်၏။ အမှောင်ထဲ၌ ကျင်လည်ကျက်စား ကြကုန်၏။ အမှောင်ရှိရာသို့ သွားကြကုန်၏၊ ဤသို့ အမှောင်ထဲမှလာ၍ အမှောင်ထဲသို့သာ သွားကြကုန်၏။
• လူလိမ္မာတို့သည် အမှောင်ထဲမှ လာကြကုန်။ အလင်းကို ရှာဖွေကြကုန်၏၊ အလင်းရှိရာသို့ သွားကြကုန်၏ ။ ဤသို့ အမှောင်ထဲမှာ လာကြသော်လည်း အလင်းကို ရှာဖွေတွေ့ရှိကြကုန်၏။
ဟု တပည့်တော် သိခဲ့ရပါသည်။ ဤအသိ ဖြင့် တပည့်တော် ယခုရေးသားမှုကို စတင်စ ပြုနေပါပြီ။
အရှင်ဘုရား၏ မွေးနေ့အတွက် ရည်စူး၍ ရေးသားပူဇော်သည့် ဆောင်းပါး ဖြစ်သောကြောင့် အရှင်ဘုရားကို ဦးတည်၍သာ တပည့်တော် ရေးပါရစေ အရှင်ဘုရား။ ဤနေ့သည် အရှင်ဘုရား၏ မွေးနေ့ဟုဆိုအပ်သော ကြောင့် ဤနေ့သည် အရှင်ဘုရား၏ အမှောင်ထဲမှ ရောက်လာခဲ့သောနေ့ (ဝါ) အလင်းရှာဖို့ ထွက်မြောက်လာသောနေ့ ဟု ဆိုအပ်သည်။ ထိုအမှောင် ထဲမှ ရောက်လာခဲ့ပြီးနောက် အရှင်ဘုရားသည် အလင်းကို ရှာဖွေသော သူဖြစ်၍ အလင်းရှိရာသို့ သွားနေသောသူ ဖြစ်၍နေပြီ။ အရှင်ဘုရားနှင့် ပါရမီအရင်းခံ တွေ့ဆုံကံပါ၍ တပည့်တော်တို့ ဤအခြင်းအရာအား သိခဲ့ရပါပြီ။ ဤသို့ လူလိမ္မာတို့ သွားသောလမ်း၌ အရှင်ဘုရား၏ ခြေဖဝါးရာကား ထင်ခဲ့လေပြီ။ ရှေ့က ကျင်လည်လာခဲ့သော သံသရာ၌ ဤသို့သောလမ်း၌ ခြေဖဝါးရာ မထင်ခဲ့၍ ကြီးစွာသော ဒုက္ခများဖြင့် သံသရာ၌ ဆင်းရဲခဲ့ရသည်ကို ယခုဘဝ ရထားသော ခန္ဓာ၏ သဘာဝလက္ခာဖြင့် ယှဉ်တွဲသုံးသပ်၍ သိမြင်အပ်ပေပြီ။

ကမ္ဘာကြီးအား Google Earth မှ zoom ဆွဲပြီးကြည့်သလို ဉာဏ်ဖြင့် လွှမ်းခြုံ၍ ဆင်ခြင်ကြည့်သော် လောကလူသားတစ်ချို့မှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီ၊ အရွယ်အားဖြင့် ရင့်နေပြီ။ သံဝေဂ ဉာဏ်ဒီဂရီအားဖြင့်ကား မတက်သေး၊ လောက၏ အမှန်တရားတစ်ခုကို မြင်နိုင်စွမ်းမရှိသေး၊ အမှောင်နယ်ထဲ၌သာ အဝိဇ္ဇာပြုံး ပြုံး၊ အဝိဇ္ဇာမဲ့ မဲ့လျက် လူမိုက်တို့သွားသည့် လမ်း၌ လျှောက်နေကြကုန်၏။ သူတို့သာ လျှောက်သည်မဟုတ်၊ အရွယ်နု လူငယ်ထုများကိုလည်း ဦးဆောင်ပြု ရှေ့ဆောင်မှု ရှိကြကုန်၏၊ ထိုသူတို့သည်ကား မိုက်ချက် ကန်းကုန် အကယ်ဒမီ နှစ်ထပ်ကွမ်း ပိုင်ရှင်များ ဖြစ်ကြ၏။

ဤအကယ်ဒမီ ပိုင်ရှင်များအား ဤလောက၌ မမြင်လိုသော်လည်း မြင်ရသည်။ ထိုသူတို့မှာ သဘာဝတစ်ခုကို ပုံဖော်ပေးသူများဟု ဆိုလျင် မမှားပေ။ အဘယ့်ကြောင့် ဆိုလျင် သဘာဝဟူသည်ကား အကောင်းနှင့် အဆိုးသည် ဒွန်တွဲလျက် ရှိသည်သာတည်း။ သံသရာပျော်သူ ဟု အမည်ပေးရမည်လား၊ သဘာဝသရုပ်ဖော်သူဟု အမည်ပေးရမည်လား ခွဲခြား၍မရချေ။

သေချာသည်က သူတို့မှာ သံသရာ၏ ဆင်းရဲဒုက္ခကို မမြင်အောင် ဖုံလွှမ်းထားသော အဝိဇ္ဇာတည်း ဟူသော တရားနှင့် ယှဉ်တွဲလျက် ပျော်နေသည့် တဏှာတရား၏ ပယောဂ လက်ချက် မိနေသော သူများသည်သာတည်း။

ဤသို့ ကမ္ဘာ့လူဦးရေအားဖြင့် ခြုံငုံ၍ မည်သည့်လမ်း၌ လျှောက်လှမ်းသူ ပမာဏ ပိုများသနည်းဟု ခွဲခြမ်းစီစစ်ကြည့်သော် လမ်းခင်းကျောက်နှင့် ပတ္တာမြားကဲ့သို့ လူမိုက်တို့လျှောက်သည့်လမ်း၌ လျှောက်သူပမာဏမှာ လွန်စွာ များပြား၏။ ပတ္တာမြား ပမာဏကား လွန်စွာနည်းပါး၏။

ဤသို့ အရေအတွက်သာ များ၍ အရည်အချင်းမရှိသော အစု၊ အရေအတွက်နည်းသော်လည်း အရည်အချင်းရှိသော အစု၊ ဤနှစ်စု၌ အရေအတွက်နည်းသော်လည်း အရည်အချင်းရှိသောသူအစု၌ အရှင်ဘုရား၏ ယခုအသက်အရွယ် မွေးနေ့ အချိန်အခါဝယ် ပါဝင်ခွင့်ရခဲ့ပြီ။ ဤသည်မှာ လွန်စွာပင် ဝမ်းသာဂုဏ်ယူစရာ ကောင်းသော အချက်ဟု တပည့်တော် သုံးသပ်၍ ဝမ်းမြောက်ရပါကုန်၏။ အားကျရပါကုန်၏။ အားကိုးရပါကုန်၏။

ဆက်လက်၍ မွေးနေ့ဟူသော နေ့တစ်နေ့၌ တွေ့ရသော လောကမြင်ကွင်း တစ်ချို့ကို သုံးသပ်ကြည့်သော်-

• တစ်ချို့မှာ ငယ်စဉ်အခါ၌သာ မွေးနေ့ရောက်တိုင်း လက်ဆောင်ရ၍ ပျော်ကြ၏။ အသက်အရွယ်ရလာသော် အရွယ်ကို မှန်မှာကြည့်၍ မျက်နှာမဲ့ကြ၏။ မပျော်နိုင်ကြ။
• တစ်ချို့မှာ ငယ်စဉ်အခါ၌ မွေးနေ့ရောက်တိုင်း လက်ဆောင်ရ၍ ပျော်ကြ၏။ အသက်အရွယ်ရလာသော် သေးမည့်ဘေးကို မျှော်တွေးသုံးသပ်၍ မသေမယ့်အရေးအားဖြင့် ရှိသေးလားဟု မေးမြန်း၍ မသေရာ အဇာတိဟု ဆိုအပ်သော နိဗ္ဗာန် ကို ဆန္ဒရည်သန်၍ တရားနာယူရန် သူတော်ကောင်းများထံသို့ ဆည်းကပ်ကြကုန်၏၊

နည်းနာခံယူ၍ တရားအားထုတ်ကြကုန်၏။ တသံသရာလုံးအားဖြင့် မကြားနာခဲ့ရသော သစ္စာတရားများကို ကြားနာရ၍ သူတို့မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏၊ သစ္စာတရားအား နှလုံးသွင်းခွင့် ရကြကုန်၍လည်း လွန်စွာပင် ထပ်လောင်း ဝမ်းမြောက်ကြရကုန်၏။

ဤသို့အားဖြင့် ”သူများပျော်လို့ မပျော်နိုင် အဝိဇ္ဇာမှိုင်းကပ်လို့ မှိုင်” စသည်ဖြင့် မြင်ကွင်းနှစ်ခု၏ ခြားနားပုံကို တွေ့မြင်ကြရ၏။
ဤသို့ စသည်ဖြင့် ရှိကြအဖြာဖြာ ရေးသားစာပြု ရေးသားမှု မကုန်နိုင်ပြီ။ နိဂုံးမှာ ဆင်ခြင်မှုဉာဏ်အသွားဖြင့် စာကို အဆုံးသတ်ရလျင်-
ဤသို့ မွေးနေ့ရောက်တိုင်း ငါသည် - ယခုအသက်အရွယ်ထိ ဝဋ်ပျော်ကြီးဘဝဖြင့် အရှက်မရှိ နေထိုင်ခဲ့လေပြီ၊ ဝဋ်ဘေးအား အကြောက်တရားမရှိ နေထိုင်ခဲ့လေပြီ။ ဤသို့ ”အရှက်၊ အကြောက်” ကင်းမဲ့စွာဖြင့် အနှစ်သာရမရှိ နေထိုင်လာရခြင်းသည် အဘယ်မှာ မြင့်မြတ်သော ဘဝ ဖြစ်အံ့နည်း၊ အဘယ်မှာ လူ့ဘဝနှင့် ထိုက်တန်အံ့နည်း။

တစ်ချို့သည် ဝဋ်ခန္ဓာကြီးထမ်း၍ နေရသည်ကို ရှက်ခြင်း၊ ဤဝဋ်ဘေးအား ကြောက်ရွံ့ခြင်းများ ကို ဉာဏ်ဖြင့် ဆင်ခြင်ဖြစ်ပေါ်၍ ဝဋ်ခန္ဓာဘေးမှ လွတ်မြောက်ရာကို မြတ်စွာဘုရားရှင် သာသနာ့အလင်းရောင်အောက်၌ ရှာဖွေကြကုန်၏။ တွေ့ရှိကြကုန်၊ ဒုက္ခခပ်သိမ်း ငြိမ်းအေးကြကုန်၏။ ဤသို့သော သူတို့သည်သာ မြင့်မြတ်သောဘဝ ကို ပိုင်ဆိုင်ကြကုန်၏၊ လူ့ဘဝနှင့် ထိုက်တန်ကြကုန်၏။

ဤသို့ မြင့်မြတ်ခြင်း၊ ထိုက်တန်ခြင်း သို့ရောက်အောင် ငါသည် ကြိုးစားအပ်ပေ၏ဟု တပည့်တော်တို့အနေဖြင့် ဆင်ခြင်သင့်သည် မဟုတ်ပါလော…?
ဤသို့ဆင်ခြင်ဉာဏ်သွင်း၍ အလင်းအားရှာဖွေသူဖြစ်လင့် မရဏမင်းဖြင့် ရှာမတွေ့နိုင်ပြီ။


ရိုသေမြတ်နိုး လက်စုံမိုးလျက်
တပည့်၊တပည့်မ
ဝင်းမြင့်၊မေဟန်

ကန်တော့ပန်းနှင့် ခွန်းခြွေဆက်၏



မြေဇင်းတောရ ဆရာ့ထံမှ

ဆည်းပူးပညာ နည်းယူကာဖြင့်

ကျင့်ကြံပွားများ ထိုတရားကို

နောင်လာနောက်သား သိစေသားလို့

ဘုရားသားတော် မည်တော်ရသည့်

အရှင်တိက္ခ ဆောင်ရွက်လေသည်။

သုံးဆယ်တစ်ဘုံ သတ္တ၀ါအစုံ

သုံးဖြာစေတနာ ရှေ့မှာထား၍

သာသနာကျိုး သယ်ပိုးရွက်ခါ

ဝါတော်တစ်ဆယ် ရောက်ခဲ့လေပြီ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဥာဏ်နှင့်လွှာကာ

ဆင်ခြင်ပြုတော့ သက်တော်၃၁သို့

တိုင်ခဲ့လေပြီ။


အိုခြင်းတရား မပျက်သေးခင်

မေတ္တာတရား ရှေ့ဝယ်ထား၍

တရားပြခါ ကယ်ချွတ်မည်ဟု

ဘုရားသားတော် အရှင်တိက္ခ

ကြံဆောင်ပြုသည် သတ္တ၀ါ အပေါင်း

မြတ်တရားထူး ရစေသတည်း ။

ကဆုန်လမြတ် နှစ်ဆယ့်ခွန်ဝယ်

ဘုရားကျေးဇူး တရားထူးနှင့်

မြတ်သောအလှူ ပြုလိုက်လေသည်။


မွေးနေ့ပိုင်ရှင် ဆရာတော်အား

တရားချစ်ခင် တပြည့်တော်သည်

သဒ္ဓါရိုကျိုး လက်စုံမိုး၍

ကန်တော့ပန်းနှင့် ခွန်းခြွေဆက်ဧ။်

ပျော်ရွှင်စရာ မွေးနေ့ပိုင်ဆိုင်

ပါစေသတည်း။




ဘုန်းဘုန်းဦးတိက္ခဧ။် မွေးနေ့ရက်မြတ် ၂၇.၅.၂၀၀၉ နေ့အား ဤကဗျာအား မွေးနေ့လက်ဆောင်အဖြစ်
ပူဇော်ပါသည်။






ချယ်ရီ ဆုတောင်း....



တည်ငြိမ်ရင့်ကျက် မြင့်မြတ်စိတ်ထား
စေတနာပွား၍ ဟောကြားဒေသနာ
အဖြာဖြာကို လွယ်ကူသိအောင်
လမ်းပြဆောင်သည့် ဆရာတော်……

မရှိခြင်းနှင့် ရှိခြင်းတွေကြား
ဗျာများ၍နေ များဝေနေကို
တရားအလင်း ဆောင်ကျဉ်းပေးသည့်
ဆရာတော်….

၃၁ ပြည့် မွေးနေ့မင်္ဂလာ
ဤအခါမှ
သာသနာအကျိုး ဘာသာကျိုးကို
စိတ်ရှိသမျှ ဆောင်ခွင့်ရ၍
သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့်
လိုရာဆန္ဒ ပြည့်စုံခလျက်
ရွှမ်းမြ ကျက်သရေ အထွေထွေလည်း
ခညောင်းပါကြောင်း ဆုမွန်တောင်းသည်
အေးငြိမ်းနိဗ္ဗာန်တိုင်…ပါဘုရား။ ။

နှင်းချယ်ရီ

မွေးနေ့ သံဝေကဗျာ


ကိုအောင်ဦး ပေးပို့သည့် မွေးနေ့ သံဝေဂ ကဗျာကို ပြန်လည်မျှဝေပါသည်။

မွေးနေ့ ဆုတောင်း



ယွန်းတာရာ ရေးစပ်ပူဇော်သည့် မွေးနေ့ပူဇာ ဆုတောင်းနှင့် မွေးနေ့ကိတ်

Monday, May 25, 2009

Happy Everyday

(ဘုန်းဘုန်း ဦးတိက္ခဉာဏာလင်္ကာရ (ယောဆရာတော်ဘုရား) ရဲ့  (၃၁) နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ရေးသားပူဇော်ပါသည်။)

လောကကြီးထဲကို လူသားတစ်ယောက် မိခင်ရဲ့ ဝမ်းကြာတိုက်ကနေ ရောက်ရှိလာတဲ့နေ့ ကို မွေးနေ့  (Birthday) ရယ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ နှစ်စဉ် အဲဒီနေ့ ရက်ကို ပြန်ရောက်တိုင်း ရောက်တိုင်းလည်း ဘယ်နှစ်နှစ်မြောက် မွေးနေ့ ရယ်လို့ လည်း သတ်မှတ်တတ်ကြပြန်ပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီကြပေမယ့်လို့  မိမိတို့ အနေအထားအလျှောက် အခြေအနေပေးသလောက် မွေးနေ့ အမှတ်တရ အဖြစ် အဲဒီနေ့ မှာ သတ်သတ်မှတ်မှတ်လေး တစ်ခုခုတော့ လုပ်တတ်ကြပါတယ်။ တချို့ က မွေးနေ့ ကိတ်လှီးမယ်၊ တချို့ က ဘုရားသွားမယ်၊ အလှူဒါန လုပ်မယ်။ တချို့ က ကိုယ့်ဖာသာကိုယ်ဘဲ အမှတ်တရ တစ်ခုခုလုပ်ကြမယ်။ စသည်ဖြင့်ပေါ့...။

ဒါပေမယ့် လူတွေအားလုံးတူညီနိုင်တဲ့အချက်ကတော့ မွေးနေ့  မှာ တတ်နိုင်သလောက် တစ်နေ့ လုံး ကောင်းတဲ့အာရုံတွေနှင့် ဖြစ်နေအောင်၊ မင်္ဂလာရှိအောင်၊ ပျော်ရွှင်စရာကောင်းတဲ့နေ့ လေး တစ်နေ့ ဖြစ်အောင် လုပ်တတ်ကြတာပါဘဲ။

တခြားသူတွေတော့မပြောတတ်ပါဘူး။ ကျွန်တော်ငယ်ငယ် ကလေးဘဝတုန်းကတော့ မွေးနေ့ ကိုရောက်ပြီဆိုရင် မနက်စောစောထ၊ မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ သောက်တော်ရေကပ်၊ ပြီးတော့ သီလယူ၊ မေတ္တာပို့ ၊ တရားနှလုံးသွင်း စတာတွေလုပ်၊ ပြီးတော့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်း၊ ပြီးတာနှင့် သူငယ်ချင်းတွေကို ခေါ်ပြီးကျွေး၊ နောက်ပြီးတော့ တစ်နေရာရာကို လျှောက်လည် စသည်ဖြင့် အဲဒီနေ့ လေးကို ထူးထူးခြားခြား ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေနှင့် ပြည့်နေအောင် ကြိုးစားနေထိုင်ပါတယ်။ အဲဒီမွေးနေ့ ပြီးနောက်ရက်တွေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ ပါဘဲ။

အခုအသက်ကြီးလာတဲ့အချိန်ရောက်တော့လည်းဘဲ မွေးနေ့ ရောက်ပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကို တခြားနေ့ တွေကထက်စာ ပိုသတိထားလုပ်ရင်း မိမိစိတ်ကိုလည်း ကောင်းတဲ့အာရုံတွေမှာ ပိုပြီး ဂရုစိုက်ထားရင်း အကုသိုလ်ဖြစ်စရာတွေကို တတ်နိုင်သလောက်ရှောင်ရင်း အဲဒီတစ်နေ့ စာကို စိတ်ချမ်းသာအောင် နေထိုင်းရင်း ဖြတ်သန်းတတ်ပါတယ်။ အဲဒီနေ့ ပြီးလို့  နောက်ရက်တွေမှာတော့ ကောင်းဆိုးအာရုံတွေကြားထဲမှာ စိတ်ညစ်လိုက်၊ ပျော်လိုက်နှင့် ဒုံရင်းဘဝကို ပြန်ရောက်သွားတတ်ပါတယ်။

ကျွန်တော် ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူက “မွေးနေ့ မှာ Happy Birthday ပျော်ရွှင်စရာ မွေးနေ့ လို့ ပြောကြတယ်။ ပျော်လည်း ပျော်ကြတယ်။ နေ့ တိုင်း အဲဒီလိုပျော်လို့  မဖြစ်ဘူးလား။” လို့  တွေးစရာလေး ရေးထားပါတယ်။ ကျွန်တော်တို့ တွေ ကိုယ့်မွေးနေ့ မှာ ထူးထူးခြားခြား ကုသိုလ်ကောင်းမှုတွေလုပ်၊ စိတ်ချမ်းသာစရာတွေလုပ်သလို နေ့ တိုင်း နေ့ တိုင်း ဒီလိုမျိုး လုပ်လို့ ၊ နေထိုင်လို့  မဖြစ်နိုင်ဘူးလားလို့  ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်။

နောက်ပြီးတော့ရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းပေးကြတဲ့အခါမှာ “အသက် ၁၂၀ ရှည်ပါစေ” ဆိုတာလေး ပြောလေ့ပြောထရှိကြပါတယ်။ ကျွန်တော်တို့ တွေကိုယ်တိုင်လည်း အသက်တစ်ရာတမ်းမှာ သက်တမ်းစေ့နေချင်ကြတဲ့ စိတ်ကူးလေးတော့ ရှိတတ်ကြပါတယ်။

ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့ ရတတ်တဲ့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေကို တစေ့တစောင်းလေ့လာမိဖူးပါတယ်။ တချို့ လူကြီးတွေကတော့ သေဆုံးတဲ့အချိန်အထိ စီးပွားရေး၊ ကြီးပွားရေးတွေနှင့်ဘဲ အချိန်ကို ကုန်ဆုံးကြပါတယ်။ တချို့ တွေကတော့ အိပ်၊ စား၊ ပျော်ပါးပြီးဘဲ သေချိန်ရောက်ခဲ့ကြ ပါတယ်။ တချို့ တွေကျတော့ ကျန်းမာရေးမကောင်းတော့လို့  နာတာရှည်ရောဂါသည် ဘဝနှင့် အိပ်ယာထဲမှာဘဲ အချိန်ကုန်လွန်သွားကြပါတယ်။ တချို့ ကျတော့ သူငယ်ပြန်သလိုမျိုးတွေဖြစ်ပြီး မေ့မေ့လျော့လျော့နှင့် သက်တမ်းကုန်ကြပြန်ပါတယ်။ ရှားရှားပါးပါး တချို့ တလေသာ သတိကောင်းကောင်းနှင့် မိမိအကျိုး အများအကျိုးရှိတဲ့ ကိစ္စတွေကို လုပ်ရင်း သက်တမ်းကုန်လို့ သေကြရပါတယ်။

တကယ်လို့ များ ကျွန်တော်တို့ တွေ သက်တမ်းစေ့နေထိုင်နိုင်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမှာလဲ။ ဘယ်လို နေ့ စဉ်ဘဝကို ဖြတ်သန်းကြမှာလဲ။ ဒီနေရာမှာ အရေအတွက် (Quantity) နှင့် အရည်အချင်း (Quality) ကို ထည့်သွင်းစဉ်းစားရမယ့် အပိုင်းလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဗုဒ္ဓအလိုကျ ဘယ်လို နေထိုင်ရင်ကောင်းမလဲလို့ တွေးမိပြီး စာပေထဲမှာ ကျွန်တော်ရှာတော့ ဂါထာ သုံးပုဒ်ကို သတိထားမိပါတယ်။

၁။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၂။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၃။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။

ဒီတရားဂါထာတော် သုံးပိုဒ်ကတော့ မြတ်စွာဘုရားရှင်က ကျွန်တော်တို့ ကိုဖြစ်စေချင်တဲ့၊ ဗုဒ္ဓအလိုကျ ကျွန်တော်တို့ တွေ အသက်ရှင်နေရမယ့် ရက်တွေကိုအသုံးချဖို့  ဆုံးမထားတာလေးဖြစ်ပါတယ်။

ကျွန်တော် ကိုယ့်ကိုယ်ကို ထပ်ကွန့် ပြီးစဉ်းစားမိတာ၊ မေးခွန်းမေးမိတာ တစ်ခုက တကယ်လို့ များ မနေရလို့  အခုနေ (ဒါမှမဟုတ်) နောက် ၂၄ နာရီအတွင်းများ သေရတော့မယ်ဆိုပါရင် အဲဒီအဆုံးအမ (၃) ပိုဒ်ထဲက ဘယ်တစ်ခုခုကိုများ လိုက်နာကျင့်ကြံအားထုတ်ဖြစ်ခဲ့ပြီလဲလို့ ပါခင်ဗျား။

ဘုန်းဘုန်း မွေးနေ့ အတွက် အမှတ်တရဖြစ်အောင် တစ်ခုခု ရေးမယ်လို့ စိတ်ကူးရင်း ခေါင်းထဲပေါ်လာတာလေးတွေကို ချရေးလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း၊ ခင်မင်ရတဲ့ ဓမ္မမောင်နှမတွေကိုလည်း တွေးစရာလေးတွေပေးရင်းပေါ့ခင်ဗျား။

(ဒီဆောင်းပါးလေးနှင့်ဘဲ ဘုန်းဘုန်းမွေးနေ့ အတွက် တပည့်တော် ဓမ္မပူဇာအနေဖြင့် ပူဇော်ဂါရ၀ပြုပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါဘုရား။ ဘုန်းဘုန်းရေ…Happy Everyday! ပါ။)

ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ

Sunday, May 24, 2009

အရှင်တိက္ခဉာဏာလင်္ကာရ (သို့မဟုတ်) ထွန်းတောက်သောအလင်းနိမိတ်

-သာသနာ့ အာဇာနည်တစ်ဦး
မမြင်ဘူး၊ မတွေ့ဘူး၊ မဖူးမျှော်ဘူးခဲ့ပါ---။

-ဤအရှင်မြတ်ရဲ့စေတနာ…ဒါပေမဲ့မြင်သာနေတယ်။
-ဤအရှင်မြတ်ရဲ့ မေတ္တာ…..ဒါပေမဲ့သိသာနေတယ်..။
-ဤအရှင်မြတ်၏စရဏ……ဒါပေမဲ့- မှန်းဆကြည်ညိုနေမိတယ်။
-ဤအရှင်မြတ်၏ ခံယူချက်(ရိုးသာမှုသာ၊ချစ်စရာ)….နှစ်သက်လေးစားမိနေတယ်။
-ဤအရှင်မြတ်၏ ရဲရင့်ခြင်း၊ ကြောက်ရွံခြင်းပယ်ရှား၊ ဗုဒ္ဓသားတော် ပီပြင်တယ်။
-ဤအရှင်မြတ်ရဲ့ တည်ကြည်မှု၊ ခံ့ညားမှုတွေရှိနေတယ်။

-ကိုယ်တွေ့ စစ်စစ်၊ အနှစ်သာရအမှန် ဘာဝနာမယဉာဏ်ဖြင့်
အလင်းများသယ်ဆောင်၊အမှောင်တစ်ချို့လင်းစေတယ်။
ဉာဏ်ရောင်တစ်ချို့လက်စေတယ်။

-ဤအရှင်မြတ်၏တရား၊နှလုံးသားထဲ မှ အသံလှိုင်းတွေ--
လေထဲမှာစီးဆင်း ၊ရင်နှီးကျွမ်းဝင်။ ဦးတင်ကိုးစား၊တန်ဘိုးထားခဲ့ဘူးပါတယ်။

-သာသနာမထွန်းသစ်ဘူးရယ်လို့
ပစ္စန္တရာဇ်ခံစားမှု၊သက်သာမှုလည်းရခဲ့ဘူးတယ်။

-ဤအရှင်၏မွေးနေ့ အချိန်၊၃၁ကြိမ် ပြည့်မြောက်၊မကြာခင်ကျရောက်တော့မယ်။

-မွေးနေ့ဟုဆိုပါလျင်
မိခင်နွယ်ဖွား မိန်းမသားတစ်ဦးရဲ့ အနာကျင်ဆုံးဝေဒနာခံစားရတဲ့ နေ့တစ်နေ့…
အမေ့ အတွက် ပေါင်းစု၊ဂုဏ်ပြုရမဲ့ ဝိသေသ၊အခါသမယလည်းဖြစ်နေတယ်။

-အနာကျင်ဆုံးဝေဒနာ-----အမေတစ်ကာ----အမေများစွာထဲတွင် ....

-ဤအရှင်မြတ်၏မိခင်
သင်၏နာကျင်ခြင်း၊မြင့်မြတ်ခြင်းများပြည့်နှက်
လောကအတွက် လက်ဆောင် ၊ ဆောင်ယူခဲ့ခြင်း---ပေးဆက်ခြင်း---
အလင်းရောင် ထွန်းတောက်
အာဇာနည်သားတစ်ယောက်အတွက်၊
လေးနက် ညွတ်နူး ကျေးဇူး အထူးတင်ပါရစေ။

၂၇.၅.၂၀၀၉တွင်ကျရောက်မည့်-အရှင်တိက္ခဉာဏလင်္ကာရ (Yaw Community) ၏ (၃၁) နှစ်မြောက်မွေးနေ့ ကိုဂုဏ်ပြုလျက် အရှင်မြတ်၏ သာသနာပြုလုပ်ငန်းများ အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ အပ်ပါသသည်။
သစ္စာအလင်း ရေးသားသည့် မွေးနေ့ပူဇာ စာကဗျာကို အားလုံးအတွက် ပြန်လည်မျှဝေပါသည်။ ။

Thursday, May 21, 2009

မှတ်သားဖွယ်ရာ ဖောင်ဥပမာ

မဇ္ဈိမ နိကာယ် မူလပဏ္ဏာသပါဠိတော်.
အလဂဒ္ဒူပမသုတ္တန် ကောက်နှုတ်ချက်

ရဟန်းတို့ !! သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြားကြကုန်၊ ကောင်းစွာနှလုံးသွင်းကြကုန်။ ဟောကြားအံ့ဟု မိန့်တော်မူ၏ ၊ အရှင်ဘုရား ကောင်းပါပြီ ဟု ထိုရဟန်းတော်တို့သည် မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားကုန်၏။

မြတ်စွာဘုရား သည် ဤတရားကို ဟောကြားတော်မူ၏ ။

ရဟန်းတို့ ဥပမာသော်ကား ခရီးရှည်သွားသော ယောကျာင်္ားသည် ရေပင်လယ်ကြီးကို မြင်ရာ၏၊ ဤဘက် ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းကား အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊

ထိုယောင်္ကျားမှာ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်းမရှိ၊ ‘ ထိုယောင်္ကျားအား ‘ ဤကား ရေပင်လယ်ကြီးတည်း။ ဤဖက်ကမ်းသည် ရွံရှာဖွယ် ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ဟိုဖက်ကမ်းက အေးချမ်း၏၊ ဘေးဘျမ်းမရှိ၊ ဤဖက်ကမ်းမှ ဟိုဖက်ကမ်းသို့ ကူးသွားရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူး တံတားလည်း မရှိပေ၊ ငါသည် မြက် သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြုလျက် လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ ကူးရမူ ကောင်းပေမည်’ ဟု အကြံအစည် ဖြစ်ပေါ်ရာ၏၊

ရဟန်းတို့ ထို့နောက် ထိုယောင်္ကျားသည် မြက်သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ဟိုဖက် ကမ်းသို့ကူးရာ၏၊
ကမ်းတဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘`ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတဖက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ခေါင်းပေါ်၌ တင်ရွက်၍သော်လည်းကောင်း
ပခုံးပေါ်၌ ထမ်း၍သော်လည်းကောင်း အလိုရှိရာ အရပ်သို့ ဖဲသွားရမူ ကောင်းပေမည်ဟု အကြံအစည် ဖြစ်ပြန်ရာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောင်္ကျားသည် ဤသို့ပြုသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသလော ဟု မေးတော်မူ၏။

အရှင်ဘုရား မဖြစ်ပါ ဟု လျှောက်ကြကုန်၏၊ ရဟန်းတို့ ထိုယောင်္ကျားသည် အဘယ်ပုံ ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူ ဖြစ်ရာသနည်း၊ ရဟန်းတို့ ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသော ထိုယောင်္ကျားအား ‘ ဤဖောင်သည် ငါ့အား ကျေးဇူးများ၏၊ ငါသည် ဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဖက်သို့ ကူးခဲ့၏၊
ငါသည် ဤဖောင်ကို ကုန်း၌ဆယ်တင်၍သော်လည်းကောင်း ရေ၌ ပေါလောမျှော၍သော်လည်းကောင်း အလိုရှိသော အရပ်သို့ ဖဲသွားရမူ ကောင်းပေမည် ဟု အကြံအစည် ဖြစ်ရာ၏။

ရဟန်းတို့ ထိုယောင်္ကျားသည် ဤသို့ပြုသည်ရှိသော် ထိုဖောင်၌ ပြုသင့်သော အမှုကို ပြုသူဖြစ်ရာ၏၊ ရဟန်းတို့ ဤအတူပင် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန် အကျိုးငှါ ဖောင် ဥပမာရှိသော တရားကို သင်တို့အား ငါဟောကြား၏၊ ရဟန်းတို့ သင်တို့အား ဟောကြားထားသော ဖောင် ဥပမာရှိသော တရားကိုသိသော သင်တို့သည် တရားမှု ( သမထ ၀ိပဿနာ၌ ဖြစ်သော ဆန္ဒရာဂ )တို့ကို ပယ်သော်လည်း ပယ်စွန့်ရမည်၊ မတရားမှု ( ကာမဂုဏ်၌ ဖြစ်သော ဆန္ဒရာဂ ) တို့ကိုကား ပြောဆိုဖွယ်ပင် မရှိတော့ပေ။

Tuesday, May 19, 2009

ထိုင်းဆရာတော်ဘုရားကြီး ဖရအာဂျန်မန်း သို့မဟုတ် Acariya Mum

သာသနာကို လက်ဆင့်ကမ်း သယ်ဆောင်တော်မူခဲ့ကြသည့် ဆရာတော်သံဃာတော်များ ပရိယတ္တိဝန်ဆောင် ပဋိပတ္တိဝန်ဆောင်သံဃာတော်များစွာ အနက် (1870-1949 ) ကာလမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ထိုင်းဆရာတော်ကြီး ဖရအာဂျန်မန်းအကြောင်းကို ပြောပြလိုပါတယ်.

ထိုင်းနိုင်ငံမှာံ ပရိယတ္တိသံဃာတော်များ မြန်မာနိုင်ငံလောက်ထွန်းပေါက်ခြင်း မရှိခဲ့ပေမယ့် ပဋိပတ္တိသံဃာတော် အတော်များများ နေလိုလလို ထွန်းပေါက်ခဲ့ကြတာကို သမိုင်းမှတ်တမ်းများအရ သိရပါတယ်။

ထိုင်းဆရာတော်ကြီး. ဖရအာဂျန်မန်း အမှုးပြုတဲ့ ရဟန်းမြတ်များဟာ မြန်မာနိုင်ငံတောင်တန်းများပေါ်နှင့် လောနိုင်ငံတောင်တန်းများပေါ်မှာ် နှစ်ပေါင်းများစွာနေပြီး ဂူများစွာ ကျိန်းစက်လျက် တရားများ ပြင်းပြင်းထန်ထန် အားထုတ်ခဲ့ကြပါတယ်၊

ဖရအာဂျန်မန်းဟာ သူရဲ့ လက်ရင်းငယ် သံဃာတစ်ပါးအား သူတွေ့ရှိခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်များကို အမြဲပြောကြားခဲ့ပါတယ်၊ ဒါပေမယ့်လဲ သူ့မှာ စိုးရိမ်စိတ်ကတော့ ရှိနေခဲ့ပါတယ်. သူ့ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြောပြနေရင် မယုံကြည်တဲ့ သူတွေရှိနေမယ်ဆိုတာပါပဲ၊ ( ဘုရားလက်ထက်တော်အခါကလဲ အရှင်မဟာမောဂ္ဂလာန်နဲ့ အရှင်လက္ခဏတို့က သူတို့တွေ့မြင်တဲ့ ဂိဇ္ဈကိုဋ်တောင်စောင်းက ပြိတ္တာတွေ အကြောင်းလျှောက်တဲ့အခါ ငါဘုရား စောစောကပင် မြင်တော်မူကြောင်း သို့သော် မျက်မြင်သက်သေမရှိလို့ မပြောဆိုသေးတာဖြစ်ကြောင်း မြတ်စွာဘုရား ပြန်လည်မိန့်ကြားရတဲ့ သာဓကတွေအများကြီးရှိပါတယ်၊ )

ဒါကြောင့်တပည့်ဖြစ်သူ âcariya Mahà Boowa ¥àõasampannoကိုသူပျံတော်မူရင် သူ့ကိုယ်တွေ့ဖြစ်စဉ်တွေကို စာအုပ်ရေးသားပါလို့ မိန့်မှာတော်မူခဲ့ပါတယ်.. တပည့်ဖြစ်သူကလဲ စာမျက်နှာပေါင်း ၆၈၀ ကျော်ခန့်ရှိ စာအုပ်တအုပ်ကို ရေးသားခဲ့ပါတယ်။.

ဆရာတော်အာဂျန်မန်းကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ မွေးဖွားခဲ့တာပါ။
မိသားစုကိုးယောက်မှာ အကြီးဆုံးသားဖြစ်ပြီး အသက် ၁၅ နှစ်မှာ ကိုရင်ဝတ်ခဲ့ပါတယ်။ ကိုရင်ဝတ်နဲ့ ၂ နှစ်လောက် တရားကျင့်ကြံ အားထုတ်ခဲ့ပြီး မိဘအလုပ်ဖြစ်တဲ့ တောင်သူအလုပ်ကို ကူညီလုပ်ကိုင်ဖို့် သူ့ကို လူထွက်ခိုင်းခဲ့ပါတယ်
အသက် ၂၂ နှစ်အရွယ်မှာ မိဘများကို ခွင့်ပန်ပြီး ရဟန်းဘောင်သို့ ၀င်ခဲ့ပြန်ပါတယ်၊ ရဟန်းဘ၀ကို ရောက်ပြီဆိုတာနဲ့ ကမ္မဋ္ဌာန်း ၀ိပဿနာကို နေ့စဉ်မပြတ်အားထုတ်ခဲ့တယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း တောကလည်းနက် ရေတံခွန်များ ဂူများပေါများတဲ့ နခနရုတ်ဒေသကို သွားရောက်ပြီး သာယာတဲ့ ဂူကြီးတခုကိုတွေ့တော့ ဒီမှာပဲ တရားအားထုတ်တော့မယ်ဆိုပြီး တောင်ခြေမှာ ရှိတဲ့ ဒကာတချို့ကို ပြောပါတယ်.. ဒကာ ဒကာမတွေက ဒီဂူမှာ တရားအားမထုတ်ပါနဲ့ ဒီဂူမှာ တရားအားထုတ်တဲ့ သံဃာတော်တွေ ရုတ်တရက် ပျံလွန်တော်မူကြတယ်ဘုရား အခုဆိုရင် ပျံတော်မူတာ လေးပါးတောင် ရှိနေပါပြီလို့ လျှောက်ထားပြီး ဒီဂူမှာ တရားအားမထုတ်ရန် တားမြစ်ကြပါတယ်.

ဆရာတော် ဖရအာဂျန်မန်းကတော့ သတ္တ၀ါဆိုတာ တနေ့သေရမှာပဲ ရဟန်းဘ၀နဲ့ တရားရှုမှတ်ပြီးသေတာ ပိုပြီးမြင့်မြတ်ပါတယ် လို့ အမိန့်ရှိကာ ဒီဂူမှာပဲ ပထမည ဒုတိယည တတိယည သုံးညလွန်မြောက်ခဲ့ပါတယ်. ဆရာတော်အတွက်လဲ အေးချမ်းသာယာစွာ တ၇ားများ ပွားများအားထုတ်နိုင်ခဲ့တယ်

စတုတ္ထညမှာတောူ့ ဆရာတော့် ၀မ်းတွင်းက ပူလောင်လာပြီး ဓာတ်များမရပ်မနား သွားပါတော့တယ်. ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများနေရာက ဝေဒနာကို ပြောင်းပြီး ရှုမှတ်ခဲ့ရာ ကိုယ်တွင်းမှာတောက်ပြောင်တဲ့ အလင်းရောင်ကို ရှုမြင်ရပြီး ခန္ဓာကိုယ်မှာလဲ ပေါ့ပါးလာကာ. ဝေဒနာလည်း ကင်းပျောက်ပြီး နေထိုင်၍ အလွန်ကောင်း တရားပွား၍ အလွန်ကောင်းလာပါတယ်။

ထိုစဉ်အခါတွင် ဂူကြီးထဲကို ခန္ဓာကိုယ်ကြီးမားတဲ့ သတ္တ၀ါကြီး ၀င်လာပါတယ် နတ်လား ဘီးလူးလား မခွဲခြားနိုင်ပါဘယး ပြီးတော့ ဒီသတ္တ၀ါကြီးက ဆရာတော့်ကို ပြောပါတယ်.. သူဟာ ဒီတောတောင်မှာ တန်ခိုးအာဏာကြီးတဲ့ တောင်စောင့်ဘီးလူးကြီးပါတဲ့..ဒီလိုပြောပြီး သူ့လက်ထဲမှာပါလာတဲ့ တင်းပုတ်ကြီးကို ပြပြီး ဒီတင်းပုတ်နဲ့ ဆင်ကိုတောင် မြေကြီးထဲဝင်သွားအောင် ၀င်သွားအောင် ရိုက်သတ်ခဲ့ဖူးကြောင်း ဒီဂူထဲကို လာပြီးတရားအားထုတ်တဲ့ သံဃာလေးပါးကိုလည်း ဒီတင်းပုတ်နဲ့ ရိုက်သတ်ခဲ့တာ ဖြစ်ကြောင်းလျှောက်ထားပါတယ်......

.အခုလဲ ဆရာတော်အနေနဲ့ ဒီဂူကနေ ချက်ချင်းထွက်သွားပါ..ထွက်မသွားရင် ဒီတင်းပုတ်ကြီးနဲ့ ရိုက်သတ်ပစ်မည် ဖြစ်ကြောင်းလျှောက်ထားပါတယ်… ဆရာတော် အာဂျန်ချမ်းကတော့ ကြောက်ရွံမှုမရှိ တည်ငြိမ်တဲ့လေသံနဲ့… အသင်ဘီလူး… သတ္တ၀ါမှန်ရင် တနေ့သေကြရမှာပါ… ရဟန်းဘ၀နဲ့ မြတ်စွာဘုရားရဲ့ တရားတွေကို ပွာများအားထုတ်ရင်း ကိလေသာစစ်တပ်ကို အောင်နိုင်ဖို့ ဒီဂူကို ရောက်လာခြင်းသာဖြစ်ပါတယ်၊

သင့်ကို နှောင့်ယှက်ဖို့ ရောက်လာတာမဟုတ်ဘဲ ငြိမ်းချမ်းစွာ အားထုတ်ဖို့လာတာဖြစ်ပါတယ်…သင်ပြောသလို သင်ဟာတကယ် တန်ခိုးကြီးတယ်ဆိုရင် သင့်ကိုယ်တွင်းက ကိလေသာတွေကို အောင်နိုင်အောင် ဖြိုခွင်းနိုင်သူ ဖြစ်ပါရဲ့လား…သင် သတ်လိုက သတ်ပါ.. ငါ့အတွက်တရားပွားများရင်း မြတ်သောသေခြင်းနဲ့ သေရမှာမို့ ငါ့မှာ ကြောက်ရွံစရာ လုံးဝမရှိပါဘူး သင်ကသာ ရဟန်းမြတ်ကို သတ်လို့ ဒုက္ခကြီးစွာ ရလိမ့်မယ်. မမိုက်ပါနဲ့ ကောင်းမှုကုသိုလ်များ အားထုတ်ပါဟု တရားဟောလိုက်တော့ ဒီတောင်စောင့်ဘီလူးကြီးဟာ သေးငယ်သွားပြီး ဆရာတော်ကို ဦးချကန်တော့ပါတယ်.

ပြီးတော့ ဒီဂူမှာပဲ ဆက်ပြီးတရားအားထုတ်ပါလို့ လျှောက်ထားပြီး ပျောက်ကွယ်သွားပါတယ်၊ နောက်ပိုင်းမှာတော့ သူ့ရဲ့ တပည့်တပန်းတွေကို ပါခေါ်လာပြီး ဆရာတော်ထံမှာ တရားတွေ နာကြားပါတယ်၊. ရုက္ခစိုးပေါင်း ထောင်သောင်းများစွာလည်း ဆရာတော့်တရားကို နာယူဖို့ လာရောက်ကြပါတယ်၊


ဆရာတော် ကမ္မဋ္ဌာန်းစတင်ပွားများစဉ်က သူ့ဆရာ အာဂျန်စောက ၀င်သက်ရှုသည့်အခါ ဗု ဟူ၍မှတ်ပြီး ထွက်သက်မှာ ဓော ဟုမှတ်ရန် ပြောပြထားလို့ စိတ်ကိုမလွှင့်စေပဲ ဗုဓော ဗုဓော ဟု ပွားများသလို၊ လမ်းလျှောက်ရာတွင်လည်း ဘယ်ခြေတွင် ဗု ဟုမှတ်ကာ ညာခြေတွင် ဓော ဟု မှတ်ကာပွားများအားထုတ်တယ်။ ဒီလို သုံးလလောက် ပြင်းပြင်းထန်ထန် အားထုတ်လိုက်တော့ ပိုးလောက်တွေ လူသေကောင်တွေ အလောင်းကောင်တွေ့မြင်ရတော့ ဆရာဖြစ်သူ အာဂျန်စောကို လျှောက်ဖြစ်ပါတယ်.. ဆရာက
ကာယဂတာ သတိပဋ္ဌာန်ကို ပွားများအားထုတ်ဖို့ လမ်းညွှန်ပြတယ်။ တခါတရံ ဦးခေါင်းမှအောက်သို့ နှလုံး အသည်း အူ စသည်များကို စူးစိုက်ပြီး ပွားများအားထုတ်ပါတယ်၊ တခါတရံ ကျောကိုသာ အာရုံစူးစိုက်လျက်၎င်း တခါတရံ ဆံပင်ကိုသာ အာရုံစူးစိုက်လျက်၎င်းပွားများအားထုတ်ပါတယ်

ဒီကမ္မဋ္ဌာန်းကို ပျံလွန်တော်မူသည်အထိ ပွားများအားထုတ်ပြီး ဘယ်သောအခါမှ စိတ်ကို ကိုယ်တွင်းမှ ထွက်မသွားအောင် စိတ်ကို သတိဖြင့်ထားကြောင်းကို လည်းမိန့်ကြားပါတယ်၊

. နုနယ်စဉ်က စိတ်မှာ စူးစမ်းလိုစိတ်များ ပေါ်ပေါက်ခဲ့ဖူးတယ်၊ တနေ့မှာတော့ စိတ်ပျံလွင့်သွားပြီး ငရဲဘုံသို့ ရောက်သွားခဲ့တယ်။ ငရဲမှာ ခံစားနေရတဲ့ သူတွရဲ့ ဆင်းရဲမှုဝေဒနာတွေကို မြင်တွေ့ရပြီး သံဝေဂရ ငေးမောနေမိခဲ့တယ်။ အဲဒီနေ့မှာ မွန်းလွဲသွားလို့ ဆွမ်းမစားလိုက်ရပါဘူး

တခါမှာလည်းစိတက်ပျံလွင့်ပြီး နတ်ဘုံသို့ရောက်သွားပါတယ်. နတ်ဘုံမှာလည်း နတ်သားများက သူ့အား အရေးတယူ ကြည့်ရှုခြင်းမရှိကြောင်း သွားမြဲ လာမြဲ အလုပ်များ လုပ်ဆောင်နေကြကြောင်း သူတို့ဘာသာ နေကြကြောင်း တွေ့ရှိခဲ့တယ်လို့ မိန့်တော်မူပါတယ်၊

ဤဖြစ်ရပ်များကို သူ၏ဆရာ အာဂျန်စောအား လျှောက်ထားတဲ့အခါ ဆရာတော်က မင်းစိတ်ဟာ မျောက်စိတ်လိုပဲ ဟိုရောက် ဒီရောက်နဲ့ ကိုယ်ထဲက စိတ်ကို ဘယ်တော့မှ အပြင်မထွက်စေနဲ့လို့ ငါပြောထားသားပဲ ဟု မိန့်တော်မူလိုက်ပါတယ်၊
ဖရအာဂျန်မန်းဟာ် ကာယဂတာသတိပဋ္ဌာန်ကို ပွားများလို့ အတော်အတန် အသားကျပြီး မိမိကိုယ်ကို ယုံကြည်အားထားမှု ရှိလာတဲ့အခါ မြောက်ဖက်ဒေသသို့ တပါးတည်းကြွလာခဲ့တယ်

. နောက်ပိုင်း မြန်မာပြည်ဖက်ကိုကူးလာပြီး တောနက်နယ်စပ်တခုတွင် တရားများ ငါးနှစ်တိုင်တိုင် အားထုတ်ခဲ့တယ်။ ထိုစဉ်က မြန်မာကျေးရွာများမှ ဒကာ ဒကာမများနှင့် စကားပင်ပြောကြားနိုင်ခဲ့တယ်၊ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့်အခါ ထိုင်းနိုင်ငံဘက်သို့ ပြန်ကြွလာခဲ့တယ်။ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီးသုံးရက် သုံးည တိုင်တိုင်ကြွလာခဲ့တယ်

. ကျမ်းဂန်များမှာ ရုက္ခစိုးများက ဒီလို ရဟန်းတော်တွေကို ဆွမ်းကပ်ကြောင်းဖတ်ဖူးပေမယ့် ငါ့မှာ တစ်ယောက်မှ မရှိဟု စဉ်းစားလျက် ကျောက်ဖျာ တစ်ခုပေါ်မှာ အနားယူနေခိုက် ဘယ်သူမှန်းမသိရတဲ့ လူရည်သန့်တစ်ဥိးက ဆရာတော့်အား ဆွမ်းကပ်ပါတော့တယ်

. ဆရာတော်ကလည်း ဆွမ်းကို လက္ခံပြီး ဘယ်အရပ်က လာပါသလဲ ဟုမေးရာ မည်သို့မျှ ပြန်မပြောပဲ ခမ်းလှမ်းလှမ်းကို လက်ညှိုးထိုးပြပြီး လမ်းလျှောက်သွားပါတယ်. ဆွမ်းမှာလည်းအလွန်အရသာရှိတယ်. ဆရာတော်ကလည်း တောကြီးမျက်မည်းထဲ အိမ်တွေမရှိပါပဲ ဘယ်ကလာသလဲလို့ သိချင်တာနှင့် ထိုလူသွားရာကို ကြည့်နေရာ ခပ်လှမ်းလှမ်း သစ်ပင်တပင်ရင်းရောက်တော့ ပျောက်ကွယ်သွားပါတော့တယ်၊


ဆ၇ာတော်အာဂျန်ချမ်းဟာ ကမ္မဋ္ဌာန်းနှင့်သာ မွေ့လျော်လေ့ရှိတယ်။ ညဖက်မှာ နတ်ဒေ၀ါများ နဂါးများ လာရောက် တရားနာလေ့ရှိပါတယ်။်။ ဆရာတော်ဟာ် တနေရာ တဒေသတွင် ကြာကြာ သီတင်းသုံးတော်မမူပါဘူး။ ဇင်းမယ်နယ်ဖက်မှာတော့ ကြာကြာသီတင်းသုံးပါတယ်.

ဇင်းမယ်နယ်ဖက်မှာ် ဒေ၀တာများ များပြားစွာလာရောက်တရားနာယူကြသည်ကို သတိပြုမိကြောင်း အရှေ့မြောက်ပိုင်းတွင် ဒေ၀တာများ မများပဲ နဂါးများ လာရောက်သည်ကများပြားကြောင်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ နဂါးတွေဟာ ညဖက် ၁၀ နာရီမှ ၁၁ နာရီခန့်တွင် လာရောက်တရားနာလေ့ရှိသလို ၊ဒေ၀တာများကတော့ ညသန်းခေါင်ယံအချိန်မှ လာရောက်ကြပြီး နံက်မိုးသောက် ၂ နာရီခန့်ရှိမှ ပြန်လေ့ရှိကြောင်း အမိန့်ရှိတော်မူပါတယ်.

နတ်များ နဂါးများဟာ် အလွန်စည်းကမ်းသေ၀ပ်ကြသလို တရားနာယူသည့်အခါမှာ် လူများကဲ့သို့လှုပ်ရှားခြင်းမရှိပဲ နာယူကြပါတယ်။ နတ်များဟာ လာရောက်တဲ့အခါ ဆရာတော်ကို သုံးပတ်လှည့်၍ ကန်တော့ကြတယ်၊ တည်ငြိမ်စွာ တရားနာပြီးသည့်အခါ သာဓု သုံးကြိမ်ခေါ်ကြပြီး နောက်သို့ ရွေ့လျားသွားကြပြီး တခဏချင်းပင်လျှင် ၀ါဂွမ်းပုံလေးကဲ့သို့ဖြစ်ပြီး လျင်မြန်စွာ ကောင်းကင်၌ ပျောက်ကွယ်သွားကြပါတယ်၊

တခါက နဂါးမင်းနှင့် နဂါးပရိသတ်များ နေ့စဉ်ရက်ဆက် တရားနာလာကြပါတယ် လာတဲ့်အခါ နဂါးမင်းက သူ့ရဲ့ ရာဇပလ္လင်ကိုပါ ယူလာပြီ်း သူ၏ ရာဇပလ္လင်ပါ သူ့ပရိသတ်နဲ့ တရားနာယူပါတယ်။ သူသောက်ဖို့ယူလာတဲ့ ရေကို ဆရာတော် အာဂျန်ချန်းကို အရင်ဆက်ကပ်ပြီးမှ သူသောက်လေ့ရှိပါတယ်။သုတ္တန်ဒေသနာတော်နှင့် အောင်ခြင်းရှစ်ပါး တရားကို နတ်များအလွန်နှစ်သက်ကြတယ်လို့ အမိန့်ရှိပါတယ်။ ပဋိပတ်စခန်းကို ကျွမ်းကျင်စွာ ကျင့်ကြံတော်မူတဲ့ ဆရာတော် ဖရအာဂျန်ချမ်းဟာ ၁၉၄၉ခုမှာ လူ့ဘ၀ဇာတ် သိမ်းတော်မူပါတယ်၊။


ဆရာတော်ကြီးရဲ့ ကိုယ်တွေ့ ထူးဆန်းထွေလာ ပရလောကကမ္ဘာကို သိရှိနိုင်ဖို့ ဒီစာအုပ်မူရင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်၊
Ven. Acariya Mun - Spiritual Biography + photos

Thursday, May 7, 2009

ဗုဒ္ဓနေ့မှာ ဂုဏ်တော်ပွားပြီး ပူဇော်မယ်



အရဟံ- လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အ-ရဟံ - ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
အရ-ဟံ- ကိလေသာ ရန်သူတို့ကို သတ်တော်မူပြီးသော မြတ်စွာဘုရား ၊
( အရဟံ......၀င်လေတချက် ။ အရဟံ...ထွက်လေ တချက် စသည်ဖြင့်လဲ ထိရောက်သော ဂုဏ်တော်များကို အာနာပါန ၀င်လေ ထွက်လေဖြင့်ကပ်၍ ပွားများပူဇော်နိုင်ပါသည် )

အပူကင်းစင် ဘုရားရှင် ဦးတင်သူလဲ အပူကွာ၊
ပညာကြီးငြား မြတ်ဘုရား ဆည်းကပ်သူလဲ ဥာဏ်ကြီးပါ၊

Wednesday, May 6, 2009

အလင်းနိမိတ်နဲ့ ဘုရားဖူးခြင်းအပေါ် ပါမေက္ခချုပ်ဆရာတော်၏ သဘောထား အမြင်

မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ ပဓာနပါရဂူကျမ်းကို ဖတ်ရှုကြည့်ပါသည်၊ ဆရာတော်ဘုရားကြီးနှင့် ယောဂီပုဂ္ဂိုလ်တို့ တွေ့ရှိချက်တွေကို မေးဖြေနေတာတွေ့ရှိရသည်။ အချို့အချက် အလက်တွေကို ဆရာတော်ဘုရားကြီးက နည်းလမ်းမှန်အောင် ပြင်ဆင်ပေးသည်ကို တွေ့ရှိရပါသည်.

အာနာပါန ကမ္မဋ္ဌာန်းမှ အနုလောမဥာဏ်အထိ ရှင်းလင်းပြသသည်ကိုတွေ့ရှိရပါသည်၊ ဤစာအုပ်၌ ထူးခြားချက်မှာ အာနာပါနအားထုတ်ပြီး နိမိတ်တွေရလာသည်။ ၎င်းရလာသော နိမိတကို ကြီးထွားအောင် အားထုတ်ပြီး အဝေး အနီးဘုရားစေတီများကို အားထုတ်ခြင်းဖြစ်ပေသည်၊ ဤမျှလောက်အားထုတ်ရုံမျှဖြင့် ဘုရားစေတီများကို ဖူးလို့ရပါသလားဟု မေးဖွယ်ရှိ၏။် ဘုရားဟောကျမ်းစာတွေထဲမှာ ဤလိုနည်းတွေပါ ပါရဲ့လားဟုလည်း မေးဖွယ်ရှိ၏

အောက်ပါ အရုဏ၀တီသုတ္တန် နှင့် အဋ္ဌကထာတို့ကို ကြည့်ရှုလိုက်လျက် ရှင်းသွားပါလိမ့်မည်၊ ဤကမ္ဘာမှ ပြန်၍ရေတွက်သော် ၃၁ ကမ္ဘာအထက်၌ သိခီမြတ်စွာဘုရားပွင့်တော်မူ၏ သိခီမြတ်စွာဘုရားမှာ အဘိဘူ နှင့် သမ္ဘ၀ဟူသော အဂ္ဂသာဝက ရဟန္တာ ၂ ပါးရှိသည်။

တရံရောအခါ သိခီမြတ်စွာဘုရား နှင့် အဘိဘူ လက်ယာတော်ရံတပည့်တို့ ဗြဟ္မာဘုံသို့ ကြွသွားကြသည်။ သိခီမြတ်စွာဘုရား၏ စေခိုင်းချက်အရ အဘိဘူရဟန်းသည် အောက်ပါ နှစ်ဂါထာကို စကြာဝဠာတထောင်အတွင်းရှိ သတ္တ၀ါအားလုံး ကြားအောင် မြင်အောင် ဟောကြားလေသည်၊

အာရမ္ဘထ နိက္ကမထ ယုဉ္ဇထ ဗုဒ္ဓသာသနေ
ဓုနာထ မစ္စုနော သေနံ နဠာဂါရံဝ ကုဉ္ဇရော
ယော မသ္မိ့ ဓမ္မ၀ိနယေ အပ္ပမတ္တော ၀ိဟေဿတိ
ပဟာယ ဇာတိသံသာရံ ဒုက္ခဿန္တံ ကရိဿတိ။ ဟူသော နှစ်ဂါထာကို

ယခုခေတ် ရုပ်မြင်သံကြားဖြင့် အသံကော ရုပ်ကောင် မြင်အောင် ကြားအောင်ထုတ်လွှင့် သကဲ့သို့ အဘိဘူရဟန်းသည် မြင်အောင် ကြားအောင်ထုတ်လွှင့်ခဲ့လေသည်၊ ဒီနေရာ၌ အဋ္ဌကထာဆရာတော်က အဘိဘူရဟန်းထုတ်လွှင့်ပုံကို ဖော်ပြထားသည်မှာ

အဘိဘူရဟန်းသည် ရှေးဦးစွာ နီလကသိုဏ်းဈာန်ကို ၀င်စား၍ နီလကသိုဏ်းနိမိတ်ဖြင့် စကြာဝဠာတထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တထောင်လုံး ညကဲ့သို့ဖြစ်သွားသည် မှောင်သွားသည်၊ ထို့နောက်မှ ဩဒါတကသိုဏ်းဈာန်ဝင်စား၍ ဩဒါတကသိုဏ်းနိမိတ်ဖြင့် စကြာဝဠာ တစ်ထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တစ်ထောင်လုံး နေကဲ့သို့ လင်းထိုင်သွားသည် ထိုအခါမှ အထက်ပါ နှစ်ဂါထာကို ဟောကြားရာ အားလုံးသတ္တ၀ါတို့ အဘိဘူရဟန်း၏ ရုပ်အဆင်းကိုလဲ မြင်ရသည် တရားအသံကိုလည်း ကြားကြရသည်ဟု အဋ္ဌကထာဆရာတော်ဖွင့်ပြသည်။

မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ နည်းသည်လည်း အရုဏ၀တီသုတ် အဋ္ဌကထာ အဖွင့်နှင့် ညီညွတ်သဖြင့် ယုံကြည်စိတ်ချစွာဖြင့် အားထုတ်သင့်ကြပေသည်၊ အကယ်၍ ဘုရားမဖူးချင်လျင်လည်း မိမိ ခန္ဓာရှိ ၃၂ ကောဋ္ဌာသအာရုံများကို အာနာပါန နိမိတ်ဖြင့် ထိုးကြည့်ပြီး ရုပ်နာမ်ဖြစ်ပျက်ကို ရှုလျင်လည်း အလွန်တရာမှကြည်လင်ပြတ်သားစွာ ဖြစ်မှု ပျက်မှုများကို မြင်နိုင်ပါသည်၊

အာနာပါန သမာဓိနှင့် ကသိုဏ်းနိမိတ်တို့၏ အကူအညီဖြင့် ၀ိဿနာရှုလျင်လည်း ၀ိပဿနာ သက်သက်ထက်ပို၍ ကောင်းပါသည်၊ ထို့ကြောင့် မောင်းထောင်မြေဇင်းတောရဆရာတော်၏ ပဓာနပါရဂူကျမ်းကို ကြည့်ရှု၍ အားထုတ်လိုသူများ စိတ်ချလက်ချ ယုံကြည်စွာဖြင့် အားထုတ်သင့်ကြပေသည်။


ဗန်းမော်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်
ဒုတိယပါမောက္ခချုပ်


ပဓာနပါဂူကျမ်း အမှာစာကို ကူးယူဖော်ပြပါသည်။ အဌကထာကို တိုက်ရိုက်ကြည့်ရှုလိုသူများအတွက် သံယုတ္တ အဋ္ဌကထာ ပထမအုပ် စာမျက်နှာ ၂၀၃။ ၂၀၄ မှာ ကြည့်ရှုနိုင်ပါသည်၊ မှန်ကန်သည့် ဓမ္မများကို ကျင့်ကြံခြင်းဖြင့် သိရှိနိုင်ပါစေ။
အရှင်တိက္ခဥာဏာလင်္ကာရ ( ယော )

Monday, May 4, 2009

ကျေးဇူး မင်္ဂလာ

ကိုဝင်းမြင့် ကိုဝိမုတ္တိ တို့ ဦးဆောင်ပြီး ကျင်းပတဲ့ အွန်လိုင်းတရားပွဲလေး ပြီးမြောက် အောင်မြင်သွားလို့ အားလုံးလဲ ပျော်ရွှင်ကြရပါတယ်၊ ပြီးတော့ ဟောပြောခဲ့တဲ့ တရားတွေကို အဖြူရောင်သံစဉ် ရေဒီယိုတဆင့် ထပ်ဆင့်လွှင့်ပေးလို့ တရားချစ်ခင် သူတော်စင်တို့ ရွှင်ပြုံးကြည်နူးကြရသလို ကမ္ဘာတ၀ှန်းဓမ္မချစ်ခင် သူတော်စင်တို့ နာကြားခွင့်ရရှိခဲ့ပါတယ်၊

စာရေးသူဆီကို အီးမေးလ်နဲ့တမျိုး ဖုန်းနဲ့တဖုံ ၀မ်းသာကြောင်း လျှောက်ထားခဲ့ကြတဲ့ သူတွေကို ဦးဇင်းက ကျေးဇူးတင်ပါတယ်။ ဒီလိုဖြန့်ဖြူးခွင့်ရအောင် ကြိုးစားပေးခဲ့တဲ့ ကိုဝင်းမြင့် ကိုဝိမုတ္တိ အဖြူရောင်သံစဉ် အဖြူရောင်မေတ္တာ သစ္စာအလင်း မက်မက် မမေဟန် ကိုအောင်ဆွေဦး ကိုနေဇင်လတ် ကိုမျိုး ကိုနန်းထိုက်လင်း မမြကြေးမုံ ကိုအောင်ကျော်ဆန်း စတဲ့ ကမ္ဘာ့နိုင်ငံ အသီသီးက ဓမ္မမိတ်ဆွေများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်၊

တိုတောင်းတဲ့ လူ့ဘ၀လေးမှာ အချိန်ကို အကျိုးရှိရှိ အသုံးချလို့ ဗုဒ္ဓရဲ့ မင်္ဂလာတရားတော်နဲ့ အညီ ကာလေန ဓမ္မဿဝနံ ဆိုတာကို နှုတ်က ရွတ်ဆိုနေရုံသာမကပဲ လက်တွေ့ အကောင်အထည်ဖော်ကြခြင်းဖြစ်လို့ တကယ့် မင်္ဂလာအစစ် ဖြစ်ရပါတယ်၊ မင်္ဂလာရှိရင် ကြီးပွားမယ်လို့ ဘုရားရှင် လမ်းညွှန်တော်မူတဲ့အတွက် လောကီကြီးပွားရေး လောကုတ္တရာ ကြီးပွားရေးကို ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ကျေးဇူးတင်စကား ဆိုလိုက်ပရစေ၊ ။

Saturday, May 2, 2009

အချစ်ကစိမ်း၍ ဒုက္ခငြိမ်းသည်………

03,05,2009

မပြီးဆုံးနိုင်သော အချစ်အကြောင်းအရာများ……. အချစ်ကြောင့် ဒုက္ခရောက်သူများ ရှိသလို အချစ်ကြောင့် ဘ၀ပျော်ရွှင် ငြိမ်းချမ်းမှု ရရှိခဲ့သူများလည်း ရှိကြပါတယ် ၊ တဖက်သတ်အချစ်ဟာ ဆိုးသလို နှစ်ဖက်မျှ အချစ်ဟာလည်း ပြီးပြည့်စုံတဲ့ ကောင်းမြတ်ခြင်းလို့တော့ ဆိုနိုင်မှာ မဟုတ်ပါဘူး၊ ပေးဆပ်မှုတွေ များသလောက် မျှောင်လင့်ချက်ကလည်း များကြပြန်ပါတယ်၊ မျှောင်လင့်ချက်များတဲ့ အချစ်ဟာလည်း စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ ဝေးနေတတ်ပြန်တယ်……..

ဘုရားရှင်လက်ထက်တော် အခါက ၀ိသာခ ဆိုတဲ့ အမျိုးသား တယောက်ရှိပါတယ် (၀ိသာခါ ကျောင်းအမကြီး မဟုတ်ပါ ) သူ့မှာ အရမ်းချစ်ရတဲ့ ဇနီးချော တယောက်ရှိတယ်၊ သူတို့ ဇနီးမောင်နှံရဲ့ လိုက်ဖက်ညီမှု ဇနီးချော ဓမ္မဒိန္နာရဲ့ ခင်ပွန်းယောကျာင်္း အပေါ် အလိုက်သိမှုတွေက ရာဇဂြိုဟ်မြို့မှာတော့ ပြောစမှတ်တွင်လောက်အောင်ကို ဖြစ်ရပါတယ်၊ လက်ထပ်ပြီးတဲ့ အချိန်ကစလို့ အလုပ်သွားတဲ့ ခင်ပွန်းအပြန်ကို အိမ်ပေါက်ဝမှာ အပြုံးနဲ့ လက်ကမ်းကြိုဆို တတ်ပါတယ်၊ မောမောနဲ့ အလုပ်ကပြန်လာတဲ့ ခင်ပွန်းယောင်္ကျားအတွက် ဖွယ်ဖွယ်ရာရာ ဟင်းတွေကို အမြဲချက်ပြုတ် ကျွေးမွေးတတ်တဲ့ ဇနီးလိမ်မာလည်း ဖြစ်ပါတယ်၊ သူတို့မှာတူညီကြတာကတော့ ရတနာသုံးပါးအပေါ် အထူးသက်ဝင်ယုံကြည်ကြတာပါပဲ၊

ဘုရားကျောင်းကို မကြာမကြာသွားရောက် လှူဒါန်းပြီး တရားနာလေ့ရှိပါတယ်၊ တတ်နိုင်သလောက် အချိန်ရသလောက်လဲ တရားအားထုတ်ကြပါတယ်. ဘ၀များစွာက ဖြည့်စီးလာခဲ့တဲ့ တရားအားထုတ်တဲ့ အလေ့အကျင့်တွေက သူ့တို့အတွက် အထောက်အကူ များစွာဖြစ်စေခဲ့ပါတယ်၊ ဘ၀တိုင်း ဆုံတွေ့ချင်လို့ ကောင်းမှုတွေ စိတ်တူ ကိုယ်တူ ပြုကြတယ်လို့ ပတ်ဝန်းကျင်က တီးတိုးပြောသံကိုလဲ ကြားရပြန်ပါတယ်၊ ( ဇနီးမောင်နှံ သို့မဟုတ် ချစ်သူနှစ်ယောက် ဘ၀တိုင်း ဆုံတွေ့ချင်ရင် ၁.ယုံကြည်မှုတူညီရမယ် ၊ ၂. ကိုယ်ကျင့်တရားတူညီရမယ် ၊ ၃. စွန့်ကြဲပေးကမ်းတာ တူညီရမယ်.၊ ၄. ပညာတူညီရမယ် .ဒီလေးချက်ပြည့်စုံရင် ဘ၀တိုင်းမှာ ဆုံတွေ့နိုင်ပါတယ်လို့ ဗုဒ္ဓမိန့်မှာတဲ့ စကားက ရှိနေတာကိုး)

ဒီနေ့တော့ ၀ိသာခတယောက် အလုပ်နားရက် ဖြစ်တာမို့ ဘုရားရှင် သီတင်းသုံးနေတဲ့ ကျောင်းကိုသွားပြီး တရားနာယူပါတယ်၊ ပြီးတော့ဆိတ်ငြိမ်တဲ့ နေရာလေးမှာ တရားနှလုံးသွင်းနေလိုက်တာ အနာဂါမိ မဂ်ဖိုလ်ကို ရလို့ အနာဂါမ်ဖြစ်သွားခဲ့တယ်. အရင်ကတော့ အိမ်အပြန်လမ်း အိမ်အ၀င်ခြေလှမ်းတွေက အပြုံးတွေဝေပြီး သွက်နေခဲ့သလောက် ဒီနေ့တော့ ငြိမ်သက်တဲ့ခြေလှမ်းတွေနဲ့ အိမ်ထဲကို ၀င်လာပါတယ်၊

ဇနီးချော ဓမ္မဒိန္နာကတော့ နေ့စဉ်ကြိုနေကြ အပြုံးနဲ့ လက်ကမ်းကြိုဆိုတယ်။ ဒီနေ့မှာတော့ လင်တော်မောင် ၀ိသာခတယောက် ဇနီးချောရဲ့လက်ကို လှမ်းမကိုင်ဘဲ အိမ်ထဲကို ခေါင်းငိုက်လို့သာ ၀င်သွားခဲ့တယ်၊ ဒီနေ့.. မောင် ဘာများဖြစ်ပါလိမ့် အရင်နေ့က မောင့်အပြုအမူတွေက ဒီလိုမှ မဟုတ်တာ ဒီနေ့ ဘယ်လိုများဖြစ်တာပါလိမ့် ကျွန်မ ဘာများ အမှားလုပ်မိပါလိမ့်… အတွေးတွေနဲ့ ချာချာလည်နေရသူက ကျွန်မ ဓမ္မဒိန္နာ……

ထမင်းပွဲတွေ သေသေချာချာ ပြင်ဆင်ပြီးတော့ မောင်ရေ ထမင်းစားရအောင် လို့သွားခေါ်တော့.. ငြိမ်သက်တဲ့ ခြေလှမ်းတွေနဲ့သာ လိုက်လာတယ် စကားတခွန်းမှ မပြောခဲ့ …… အရင်တုန်းကဆို…. ကျွန်မချက်တဲ့ ဟင်းတွေကောင်းလွန်းလို့ ချိုသာကြည်မြတဲ့ အသံနဲ့ ချီးမွမ်းစကားတွေ ပြောတတ်တဲ့မောင် … ကျွန်မလည်း မနေနိုင်တော့လို့ မောင့်ကိုဖွင့်ပြီး မေးလိုက်တယ်….

မောင့်အမူအရာတွေ ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ ကျွန်မ ဘာတွေများအမှားလုပ်မိလို့လဲ ကျွန်မအပေါ် မကျေနပ်တာရှိရင် ပြောပါ.. ဆိုတော့…. ရှင်မ ရှင်မမှာ အပြစ်မရှိပါဘူး ဒါပေမယ့် ဒီနေ့ကစလို့ ရှင်မနဲ့ မောင် အတူသွား အတူစား အတူအိပ်ဖို့ မသင့်တော်တော့.. ဒီအိမ်မှာရှိတဲ့ ပစ္စည်းတွေကို ရှင်မကြိုက်သလောက်ယူပြီး နောက်အိမ်ထောင် ပြုလိုက ပြုနိင်ပါတယ်…..
ကျွန်မခေါင်းတွေ ချာချာလည်သွားတယ် မောင့်စကားတွေက အရမ်းကိုထူးဆန်းနေတယ် မဟုတ်လား. ကျွန်မလဲ စိတ်ကို ငြိမ်အောင်ထားပြီး ..မောင် ဘယ်လိုများဖြစ်လို့ပါလဲရှင်…. ဟုတ်ကဲ့.မောင် အနာဂါမိ မဂ်ဖိုလ်ကိုရလို့ အနာဂါမ်းဖြစ်သွားခဲ့ပြီလေ……..

အော် ခုတော့.. အချစ်ဆုံးမောင်က ကျွန်မကို ထားရက်ခဲ့ပြီး ပြီးတော့ မောင်ပြောတဲ့စကားက နောက်အိမ်ထောင်ပြုချင်လဲ ပြုပါတဲ့….. အချစ်ဆုံးမောင်ရဲ့ စိမ်းကားမှုကို ခံခဲ့ရတဲ့ ကျွန်မ.. မောင်စွန့်ပစ်တဲ့ ဒီပစ္စည်းတွေ လောကစီးစည်တွေကို ကျွန်မ ဘာလုပ်ရမှာလဲ ကျွန်မစိတ်မ၀င်စားဘူး မောင်ကိုယ်တိုင်က စိမ်းကားပြီး ထားရစ်မှတော့ ကျွန်မကလဲ မောင်လိုပဲ သာသနာ့ဘောင်ဝင်မယ်လို့ ဆုံးဖြတ်ပြီး……………. မောင်. ကျွန်မကို ဘိက္ခုနီကျောင်း ပို့ပေးပါ ရဟန်းမ( ဘိက္ခုနီမ ) ၀တ်တော့မယ်လို ပြောလိုက်တော့ အနာဂါမ်ဖြစ်တဲ့သူက ၀မ်းသာအားရ လိုက်ပို့ပေးတယ်. အချစ်ရဲ့ အစိမ်းကားခံခဲ့ရတဲ့ ကျွန်မကလဲ သာသနာဘောင်ဝင်ပြီ ဆိုကတည်းက တောရကျောင်းလေးမှာနေပြီး တရားအားထုတ်လိုက်တာ မကြာခင် ရဟန္တာဖြစ်ခဲ့တယ်. အချစ်ရဲ့ စိမ်းကားမှုက ဒုက္ခတွေကို ငြိမ်းစေခဲ့တယ်လေ… စိမ်းကားခြင်းဟာ မှန်မှန်ကန်ကန် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သူအတွက် တန်ဖိုးတွေ မဖြတ်နိုင်အောင်ပါပဲလေ။။။

( ဓမ္မဒိန္နာ ၀တ္ထုကို ခံစားရေးဖွဲ့သည်၊ လူသားတိုင်း ကြုံလာသမျှ လောကဓံကို အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါစေ )

Friday, May 1, 2009

သံသရာရထား

02-05-2009

မနှစ်က ဒီနေ့ ဒီရက် ဒီအချိန်ဟာ မြန်မာပြည်သူ ပြည်သားများအတွက် ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခဲ့ရတဲ့အချိန်, ၀မ်းနည်းဖွယ်အဖြစ်ဆိုးတွေ ရင်ဆိုင်ခဲ့ရတဲ့ကာလ,ဘ၀တကွေ့မှာ ခဏတွေ့ရသူတို့ သေကွဲ ရှင်ကွဲ ကွဲခဲ့ ခွဲခဲ့ရတဲ့နေ့ရက်တွေပါ၊ ဓမ္မရှုဒေါင့်က ကြည့်ရင်တော့ သံဝေဂ ရစရာကောင်းလှပါတယ်၊

မနှစ်က ဒီအချိန် မေလ ( ၂ ) ရက်မှာ စာရေးသူ နဲ့ သူငယ်ချင်း အရှင်မာနိတ တို့ဟာ မလေးရှားနိုင်ငံ ပီနန်းမြို့ကို ဒေသန္တရ ဗဟုသုတလည်ပတ်ဖို့ ရောက်နေကြပါတယ်၊ မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ၀င်ရောက်သွားပြီဆိုတာ မီဒီယာတွေက-ှတဆင့် သိရတော့ သူငယ်ချင်းဖြစ်သူ ငပုတောမြို့နယ်သား အရှင်မာနိတက အိမ်ကိုလှမ်းပြီး ဖုန်းဆက်သွယ်ခဲ့တယ်၊ တယ်လီဖုန်းထဲမှာ နားထောင်လိုက်ရတာက ဆရာဖြစ်သူ ရွာဦးကျောင်း ဘုန်းတော်ကြီးရယ် ရဟန်းဒကာ ရယ် ပြီးတော့ ရဟန်းဒကာ သားရယ်က နာဂစ်မုန်တိုင်းထဲမှာ ပါသွားခဲ့သလို သူငယ်ချင်းရဲ့ မိဘတွေနေတဲ့ အိမ်ကလေးလည်း ရေထဲနစ်မြုပ်သွားပြီ ဆိုတဲ့သတင်းက တကယ့်ကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။

သူငယ်ချင်းလဲ ရေထဲမှာ နစ်မြုပ်နေတဲ့ ဇာတိရွာလေးရယ် ပျံတော်မူသွားတဲ့ ဆရာဘုန်းကြီးရယ် စတာတွေကို ကူညီပေးဖို့ မြန်မာပြည်ကို ချက်ချင်းပြန်သွားခဲ့ပါတယ် ၊ သူမပြန်ခင် တက္ကသိုလ်ကိစ္စတွေ စာတမ်းကိစ္စတွေ ဆောင်ရွက်ပေးဖို့ စာရေးသူကို တဖွဖွမှာနေခဲ့တယ်၊ ဒီတွေ့ဆုံခြင်းဟာ သူနဲ့ စာရေးသူတို့ နောက်ဆုံးတွေ့ဆုံခြင်းလို့ မထင်မိခဲ့တာအမှန်ပါ၊ သေခြင်းတရားဟာ ကိုယ်နဲ့ ဘာမှမဆိုင်သလို တွေးထင်နေခဲ့တယ်၊

သူရွာကို ပြန်ရောက်နေပြီ ရွာပြန်လည်ထူထောင်ရေး ကိစ္စတွေ တတ်နိုင်သလောက် လုပ်ဆောင်နေပြီဆိုတာ သိရတော့ အဆိုးထဲက အကောင်းတခုအနေနဲ့ ၀မ်းသာခဲ့ရပါတယ်၊ ရပ်ရွာကိစ္စကို ၃ လ လောက်လုပ်လိုက်တဲ့ သူငယ်ချင်းဟာ အအိပ်မမှန် အစားမမှန် သန့်ရှင်းတဲ့ရေမရနဲ့ ရောဂါတွေ စတင်ဝင်ရောက်ခဲ့တဲ့အကြောင်း ကြားရတော့ သူငယ်ချင်းအတွက် စိတ်မောမိခဲ့တယ် ၊ နောက်ဆုံးတော့ ဆေးရုံပေါင်းများစွာ တက်ရောက်ကုသပြီး ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားနောက်ကို လိုက်ခဲ့ရတယ်၊သူငယ်ချင်းကောင်း တယောက်ဆုံးရှုံးမှုအတွက် တကယ့်ကို ၀မ်းနည်းခဲ့ရတယ်၊ သူပျံတော်မူချိန်မှာ သူ့အသက်က ၃၁ ပဲ ရှိသေးတာပါ၊

သူလိုပဲ နာဂစ်ကြောင့် သို့မဟုတ် နာဂစ်အကျိုးဆက်ကြောင့် သေဆုံးခဲ့ရတဲ့ အဖိုးတန်လူသားတွေ, ဆုံရှုံးခဲ့ရတာတွေဟာ တကယ့်ကို ကြေကွဲဖွယ်ရာတွေပါ၊ သေခြင်းတရားဆိုတာ လူတိုင်းနီးပါး မကြားချင်ကြပါဘူး ၊မကြားချင်ဆုံးအရာက လူတွေဆီကို အမြအဲရောက်လာနေတာ ကိုတော့ မိမိတို့တတွေ သတိထားဖို့ မေ့နေကြပြန်တယ်၊
ဗုဒ္ဓ မိန့်မှာတဲ့ စကားတော်တခုက ‘ နွားကျောင်းသားက နွားတွေကို စားကျက်ဆီ အရောက်မောင်းနှင် နေသလို အိုခြင်း သေခြင်းတရားတွေက လူတို့ရဲ့အသက်ကို အမြဲမောင်းနှင်နေတယ်’’ လို့ မိန့်တော်မူပါတယ်၊ မွေးဖွားခြင်း က အိုးမင်းရင့်ရော်ခြင်းဆီ အိုးမင်းခြင်းက သေခြင်းတရားဆီအရောက်ပို့နေပါတယ်၊ ဒီသဘာဝ သဘောတရားတွေကို ရင်ဆိုင်နိုင်အောင် မိမိတို့တတွေက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်၊

စာရေးသူတို့တတွေဟာ သံသရထားကို စီးပြီး ခရီးသွားနေကြရပါတယ် ၊ တစ်ဘူတာဝင် တစ်ဘူတာထွက် ကိုယ့်ကိစ္စတွေ မပြီးသေးခင် ကိုယ်ချစ်ရတဲ့သူတွေကို လမ်းခွဲနှုတ်ဆက် ဩအော်ဆွဲပြီး ခရီးဆက်ကြရပြန်ပါတယ်၊ အချိန်စေ့ရင်တော့ သံသရာရထားကြီးက မောင်းနှင်မြဲ မောင်းနှင်နေအုံးမှာ သေချာလှသလို တစ်ဘူတာဝင် တစ်ဘူတာထွက် သွားနေအုံးမှာလဲ သေချာတယ်၊

ရထားမထွက်ခင် ရထားပေါ်မှာ ယူသင့်တာ ဆောင်ထားသင့်တာတွေကို ပါအောင်ယူနိုင်မှ ခရီးသွားတဲ့အခါ ရောက်တဲ့ဘူတာ ရပ်မယ့်ဘူတာမှာ စိတ်ချမ်းချမ်းသာသာနေရမှာပါ၊ အခုလဲ စာရေးသူ စာဖတ်သူတို့ဟာ သံသရာရထားစီးပြီး လူ့ဘ၀ဘူတာမှာ ခဏရပ်နားနေကြပါတယ်၊ ဒါဟာ ကိုယ့်ရဲ့ ဂိတ်ဆုံးဘူတာမဟုတ်သေးပါဘူး အချိန်စေ့ရင်တော့ ဩအော်ဆွဲပြီး လူ့ဘ၀ဘူတာကနေ ဆက်လက်ထွက်ခွါပါလိမ့်မယ် ၊ ကျွန်တော်ကိစ္စလေးတွေ မပြီးသေးလို့ ခဏလောက်ရပ်ပါအုံးဗျာ လို့တောင်းပန်လို့ မရနိုင်ပါဘူး အချိန်စေ့ရင်တော့ သံသရာရထားကြီးက ထွက်မှာပါပဲ၊

မရပ်မနား ခုတ်မောင်းနေတဲ့ ဒီသံသရာ ရထားကြီးနဲ့ သံသရာရထားကြီးပေါ်က သံသရာခရီးသွား ဧည့်သည်တွေ အချင်းချင်းတွေ့ခိုက် စိတ်ကောင်းထား ရိုင်းပင်းကူညီပြီး တယောက်ကို တယောက်ဖေးမ ကိုယ်ရပ်နားခွင့်ရတဲ့ ဘူတာသန့်ရှင်းရေးလေး တတ်နိုင်သလောက်လုပ်ကြရမှာပါ၊ နောက်ဆုံးတော့ အားလုံးရဲ့ ဂိတ်ဆုံးဘူတာ သေခြင်းတရားမရှိရာ သစ္စာနယ်ဆီကို ရောက်အောင် ၀ိပဿနာကြိုးစား အားထုတ်ခြင်းနဲ့ ပြင်ဆင်ထားမယ်ဆိုရင်တော့ ပန်းတိုင်မရောက်ခင် ရောက်လေရာဘူတာတိုင်းမှာလဲ မျက်နှာပန်းလှလှ ပြုံးပြနိုင်ကြပါလိမ့်မယ်။

( လူ့ဘ၀ဘူတာမှ နာဂစ်ကြောင့် ထွက်ခွါခဲ့သူ သွေးချင်းညီအကို မောင်နှမများ တနှစ်ပြည့် သံဝေဂ နဲ့ သူငယ်ချင်း အရှင်မာနိတ သို့ )

Wednesday, April 29, 2009

အမေ့ရဲ့ အချစ်ကို ဥပေက္ခာပြုရက်တဲ့ သားငယ်


30.04.2009

လူသားတိုင်း သတ္တ၀ါတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး။ လူသားတွေက ချစ်ခြင်းအကြောင်းအရာတွေကို ပြောပြီးရင်းပြော ချစ်ပြီးရင် ဆက်ချစ်နေကြအုံးမှာပါ။ သားချစ် အမေချစ် ၊ ဆရာချစ် တပည့်ချစ် ၊မောင်ချစ် နှမချစ် သူငယ်ချင်းအချစ် ချစ်သူများအချစ် ဆိုပြီး အချစ်ကလဲ ပုံစံမျိုးစုံနဲ့ လောကကြီးထဲရှိနေတာပါ။

သမုတိသစ္စာနယ်ပယ်က ချစ်ခြင်းတရားတွေကတော့ အရောင်ခြယ်ထားတဲ့ စွဲလမ်းမှုပေါ်မှာ ရှိနေကြတာ များတယ်လို့ ထင်ပါတယ်။ ဓမ္မရှုဒေါင့် သို့မဟုတ် ပရမတ္ထရှုဒေါင့်ကနေ ကြည့်ရင်တော့ အချစ်မှန်သမျှ ဖြတ်တောက်နိုင်အောင် ကြိုးစားကြရမှာပါ။ သမုတိသစ္စာနယ်ကနေ အချစ်ကြောင့် တရားထူးရခဲ့တဲ့ အမေတယောက်အကြောင်း ပြောပြချင်ပါတယ် …………..

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က …. အိန္ဒိယနိုင်ငံ .. ရာဇဂြိုဟ်မြို့သူ အမျိုးသမီးတယောက်. အရွယ်ရောက်လာပေမယ့် ချစ်ခြင်းတွေကို စိတ်မ၀င်စားခဲ့ဘူး ၊သာသနာဘောင်ဝင်ဖို့သာ စိတ်ထက်သန်ခဲ့သူ ဒါပေမယ့် မိဘတွေခွင့်မပြုလို့ သာသနာဘောင်ဝင်ခွင့်မရခဲ့ပါဘူး . လောကအလယ် ရှင်သန်ရင်း မိဘတွေဆန္ဒကို လိုက်လျော လက်ထပ်ခဲ့ရပေမယ့် စိတ်ဝင်စားမှုမရှိခဲ့ဘူး….. လက်ထပ်ပြီးမကြာခင်မှာ အမျိုးသားကို ခွင့်ပန်ပြီး သာသနာ့ဘောင်အပြီး ၀င်လာခဲ့တယ်။

ဒါပေမယ့် သူ့မှာကိုယ်ဝန်ရလာခဲ့တာကို သူမကိုယ်တိုင် သတိမထားခဲ့မိဘူး .ဘိက္ခုနီကျောင်းရောက်မှ ကိုယ်ဝန်က ရင့်လာခဲ့တယ်… ပတ်ဝန်ကျင်အမြင်မှာ ထူးဆန်းလို့ပေါ့ … ဒီလိုသတင်းတွေကြားတော့ ကျောင်းအမကြီး ၀ိသာခါကိုယ်တိုင် ကျောင်းကိုရောက်လာပြီး အကျိုးအကြောင်းကုန်စင် သိရတော့ ဒီကိုယ်ဝန်ကို မွေးဖွားဖို့ ကူညီခဲ့ပါတယ်။ ဒီလိုနဲ့ သားလေးတယောက်မွေးဖွားခဲ့တယ် ဘိက္ခုနီကျောင်းမှာပဲပေါ့။ အရွယ်ရောက်လာတော့ သားဖြစ်သူလဲ သာသနာဘောင်ဝင် …… နောက်ပိုင်းမှာ ဘုရားရှင်ထံက ကမ္မဋ္ဌာန်းအားထုတ်နည်း သင်ယူပြီး တောထွက်ခဲ့ပါတယ် . တောထဲမှာ (၁၂ ) နှစ်ပတ်လုံး တရားအားထုတ်နေခဲ့တယ်…

သားရဟန်းတောထွက်တဲ့နေ့က စပြီး အမေဖြစ်သူ ဘိက္ခုနီမမှာ သားစိတ်ကြောင့် အမြဲငိုနေခဲ့တယ်၊ သားကိုတွေ့ချင် သားအသံကိုကြားချင်တဲ့ အမေရဲ့ အရောင်ခြတယ်တဲ့ချစ်ခြင်းတွေက စိတ်ကို ပင်ပန်းစေခဲ့တယ်၊ သားရဟန်းလဲ တရားထူးရလို့ ကျောင်းကိုပြန်ကြွအလာ သားကိုမြင်တော့ မျက်ဝန်းက ထွက်ကျနေတဲ့ မျက်ရည်တွေကို ဂရုမစိုက်နိုင်ဘဲ သားရေ သားရေ လို့ အော်ခေါ်ရင်း သားနောက်က ပြေးလိုက်သွားခဲ့တယ်…

သားဖြစ်သူ ရဟန္တာအရှင်မြတ်က .အင်း ငါ့ရဲ့ချိုသာတဲ့ စကားသံကို ကြားရင် ငါ့အမေတော့ ဒီချစ်ခြင်းသံသရာက လွတ်နိုင်မှာ မဟုတ်တော့ဘူး- လို့တွေးမိပြီး လေသံပြတ်ပြတ်နဲ့ ပြောထည့်လိုက်တယ်… အမေ..ဘာလို့ သားနောက်ကို လိုက်နေတာလဲ… ချစ်ခြင်းတရားကို မဖြတ်တောက်နိုင်ဘူးလား..လို့ပြောပစ်လိုက်တော့.. အော် ငါကတော့ သူတောထွက်တဲ့နေ့ကစလို့ ၁၂ နှစ်လုံးလုံး မျက်ရည်နဲ့မျက်ခွက် ငိုနေခဲ့ရတာ…သူကတော့ ငါ့အပေါ် ပြောရက်တယ် …ရက်စက်လိုက်တာ သားငယ်… အမေ့ရဲ့ချစ်ခြင်းကို ဥပေက္ခာပြုရက်တဲ့ သားငယ်.. ဆိုပြီး အရောင်ခြယ်ချစ်ခြင်းကို ဖြတ်ပြီး တရားအားထုတ်လိုက်တာ အဲဒီနေ့မှာပဲ တရားထူးတရားမြတ်ကို ရခဲ့ပါတယ်… သူ့နာမည်ကတော့ ကုမာရကဿပမာတုထေရီတဲ့. သားရဲ့စိမ်းကားခြင်းက အမေ့အတွက် တရားထူးရသလို အရောင်ခြယ်အချစ်ကို စနစ်တကျသုံးလိုက်တော့ သစ္စာတရားဆိုတာကို တွေ့သွားခဲ့ပါတယ်။ အမေရဲ့ အချစ်ကို ဥပေက္ခာပြုရက်တဲ့ သားငယ်ရေ.. ကျေးဇူးအနန္တပါကွယ်...

Thursday, April 16, 2009

မြန်မာ နှစ်သစ်ကူး






ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အနည်းနဲ့ အများ မတူခြားနာပေမယ့် သက္ကရာဇ် ကိုယ်ပိုင်ရှိတဲ့ လူမျိုးတိုင်းကတော့ ကိုယ့်ရဲ့နှစ်သစ်ကူးနေ့ကို တန်ဖိုးထားမြတ်နိုးကြပါတယ်၊ ဒီနေ့ဟာ မြန်မာအမျိုးသားတို့အတွက် မြန်မာကောဇာသက္ကရာဇ် ၁၃၇၀ ခုနှစ်ကနေ ၁၃၇၁ ခုနှစ်ကို ပြောင်းရွှေ့ တဲ့ နေ့ရက် သို့မဟုတ် နှစ်ဆန်းတရက်နေ့ပဲဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ နှစ်သစ်ကူးနေ့ဟာ နက္ခတ် ဗေဒင်ဆရာများရဲ့အလိုအရ ပြောင်းရွှေ့ ကြသလို မြန်မာနှစ်သစ်ကူးဟာလဲ နက္ခတ် ဗေဒင်ဆရာများရဲ့ အလိုအတိုင်းပြောင်းရွှေ့ကြတာတွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကေတအောက်မှာ လျှောက်လှမ်းကြသူများအဖို့ မိမိတို့ရဲ့ ကိုယ်ပိုင်နှစ်သစ်ကူးနေ့မှသည် တနှစ်လုံးအတွက် အကောင်းဆုံးဖြစ်အောင် ပြုပြင်ဖန်တီးကြိုးစားကြမယ်ဆိုတဲ့စိတ်ကလေးတွေကတော့ အရမ်းကိုချစ်မြတ်နိုးစရာ ကောင်းလှပါတယ်။ စာရေးသူအနေနဲ့လည်း ဗုဒ္ဓရဲ့ နှစ်သစ်ကူးမေတ္တာလက်ဆောင်ကို အားလုံးအတွက် ဖြန့်ဝေလိုက်ပါတယ် ။

ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ - ဆင်းရဲခမ်းသိမ်း ငြိမ်းကြပါစေ ။
ဘယပ္ပတ္တာ စ နိဗ္ဘယာ - ကြောက်ရွံခြင်းကင်းကြပါစေ ။
သောကပ္ပတ္တာ စ နိေဿာကာ - စိုးရိမ်ခြင်း ပူဆွေးခြင်းကင်းကြပါစေ၊
လို့သာ နှစ်သစ်လက်ဆောင်အဖြစ် နှုတ်ဆက်ဖြန့်ဝေ ပရစေလား။

Wednesday, April 15, 2009

သီရိလင်္ကာ နှစ်သစ်ကူးနေ့

သီရိလင်္ကာနိုင်ငံ၊ အလုအ၀ုရုဓု (Aluth Avurudhu)လို့ ခေါ်တဲ့ နှစ်သစ်ကူးကာလဟာ နှစ်စဉ် ဧပြီလ ၁၃-ရက်၊ ၁၄-ရက်မှာ ကျရောက်ပါတယ်။ ဆင်ဟာလ(သီရိလင်္ကာ)ဒဏ္ဍာရီအလိုအရ နေမင်း ကြီးဟာ မီးဧနရရှိယ(Meena Rashiya)ကနေ မေရှရရှိယ(Mesha Rashiya)ကို ရွှေ့ပြောင်းသွားတဲ့ အခါ သီရိလင်္ကာနှစ်သစ်ကူးတယ်လို့ ဆိုပါတယ်။

လူမျိုးတိုင်းမှာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိပါတယ်၊ သီရိလင်္ကာနိုင်ငံမှာတော့ နှစ်သစ်ကူးနေ့မှာ အလုပ်မလုပ်ကြပါဘူး။ အဲဒီနေ့မှာ အလုပ်လုပ်ရင် ကျက်သရေမရှိဘူးလို့ယူဆကြပါတယ်၊ နှစ်သစ်ကူးတဲ့နေ့မှာ ဘုရားကျောင်းကန်တွေကို သွားပြီး မင်္ဂလာယူကြပါတယ်။ ဆရာတော် သံဃာတော်များနှင့် လူကြီးသူမများက သစ်ခေါက်တွေ သစ်ရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ဆီတွေနဲ့ လူငယ် လူကြီး အားလုံးကို ဆီသုတ်လိမ်းပေးရပါတယ်၊ မင်္ဂလာရှိတဲ့ ဆီသုတ်လိမ်းပွဲအပြီးမှာတော့ ဆင်ဟာလိ အစားအစာတွေနဲ့ လာသမျှလူတွေကို ဧည့်ခံကျွေးမွေးကြပါတယ်၊

နှစ်သစ်ကူးကာလမှာ ပြုလုပ်တဲ့ ထူးခြားချက်တစ်ခုကတော့ မိဘနှစ်ပါးနှင့် အသက်အရွယ်ကြီး ရင့်သူတို့အား ကွမ်းယာပေးကမ်းကြခြင်းပါပဲ။ ဒီကွမ်းယာဟာ မေတ္တာတရားနဲ့ ကျေးဇူးတရားတွေရဲ့ အမှတ်သင်္ကေတလို့ ဆိုကြပါတယ်။ မိဘတွေနဲ့ ဘိုးဘိုး၊ ဘွားဘွားများကလဲ ကွမ်းယာကို လက်ခံပြီး ဆုမွန်ကောင်းများ ပြန်လည်ပေးကြပါတယ်။
လူမျိုးတိုင်းမှာ နှစ်သစ်ကူး ကိုယ်စီရှိနေကြပါတယ် နှစ်သစ်ကို ကူးတဲ့ပထမဆုံးသော နေ့ရက်မှာ ကောင်းခြင်းမင်္ဂလာတွေ ပြုလုပ်ရင်း ကံကောင်းဖို့ ပြင်ဆင်ကြပါတယ်။ ရေမြေတွေခြားလို့ ယဉ်ကျေးမှုတွေကွဲပြားပေမယ့် ဘ၀အတွက် ကံကောင်းခြင်းတွေ ဖြစ်စေလိုတဲ့ ဆန္ဒကတော့ အားလုံးထပ်တူညီမျှပါပဲ။